ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၂၈)
အိုင်ရင်းသည် စတင်၍ ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့သည်။အိုဖီလီယာ၏ စိတ်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမ မသိနိုင်ပေ။ဘီလူးအသားနှင့် ကြေးစားစစ်သားများထံမှ သတင်းအချက်အလက်များ ဆိုသည်က အဘယ်နည်း။သူမမှာ အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားရသကဲ့သို့ ဖြစ်သွားရသည်။
ငါ ကြောက်တယ်၊ငါ အရမ်းကြောက်တယ်လို့။
သူမ၏စိတ်ကို တင်းထားပြီး အိုဖီလီယာကို ပြန်ပြောလိုက်မိသောကြောင့် အိုဖီလီယာက သူမကို ရိုက်လိမ့်မည်ဟု တွေးမိသဖြင့်သူမ ချက်ချင်းပင် မျက်လုံးမှိတ်ထားလိုက်တော့သည်။ရိုက်တာက နာသည်ဆိုသော်ငြား သူမခံစားနေရသော ကြောက်ရွံ့မှုထက် ပိုကောင်းနေသေးသည်ဟု တွေးလိုက်ပြီး သူမကိုယ် သူမ နှစ်သိမ့်လိုက်မိသည်။
"အိုင်ရင်း"
အိုဖီလီယာက နူးညံ့စွာ ခေါ်သည်။သူမကို မရိုက်လာခဲ့ပေ။
"နင်က ငါ့စကားတွေကို ယုံကြည်နိုင်ဖို့ ငြင်းဆန်နေတုန်းဆိုတာ သိသာလိုက်တာ။ငါက နင့်ကို ထပ်မရိုက်တော့ပါဘူးလို့ ကတိပေးထားတာ အတော်ကြာနေပြီလို့ ထင်တာပဲ။"
"အဲ့ ...အဲ့လိုမဟုတ်ပါဘူး။"
အိုင်ရင်းမှာ မျက်လုံးကို ကျယ်ကျယ်ဖွင့်၍ ကြည့်လိုက်လျှင် အိုဖီလီယာက သူမကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။မဒမ်၏ အသွင်အပြင်မှာ သူမကို အလွန်တုန်လှုပ်ခြောက်ခြားလာအောင် အမြဲလုပ်နိုင်သည်။သူမ၏မျက်နှာသည် ဤမြေကြီးပေါ်တွင် တည်ရှိမှုအားလုံးအနက် ကြောက်စရာအကောင်းဆုံးဖြစ်သည်။အိုင်ရင်းသည် နောက်ထပ်တစ်ကြိမ် လန့်ဖျပ်သွားရပါ၏။သို့သော် ယခု၌ သူမ ဆက်ပြီး တည်ငြိမ်နေအောင် ကြိုးစားလိုက်သည်။သူမသာ မျက်လုံးထပ်မှိတ်လိုက်လျှင် အိုဖီလီယာ ဒေါသထွက်လာမည်ကို သူမ သိသည်။
အိုင်ရင်းက သူမကို သိသိသာသာပင် ကြောက်နေသဖြင့် အိုဖီလီယာသည် သက်ပြင်းချလိုက်ပြီး ပါးစပ်ကို ဖွင့်လိုက်ရသည်။
"ငါ ဒီစကားကို ထပ်ပြောဦးမယ်၊ငါ နင့်ကို ရိုက်မှာ မဟုတ်ဘူး။"
"ဟု...ဟုတ်ကဲ့"
"ဒီတော့ နင်က ငါ့ကို တကယ် မယုံသေးဘူးပဲ။"
အိုဖီလီယာမှာ ကျစ်ခနဲ စုတ်သပ်လိုက်ပြီး အိုင်ရင်း၏ လက်မောင်းကို ဆွဲလိုက်သည်။
"ငါကတော့ နင့်ကို ယုံတယ်။"
အိုင်ရင်းမှာ သက်ပြင်းမောကြီး ချလိုက်သည်။
"ဒါကြောင့် ငါ နင့်ကို ဒီနေရာအထိ ခေါ်လာခဲ့တာ၊ပြီးတော့ ငါက သူတို့ကို နင်ကနေ တစ်ဆင့် ဆက်သွယ်ဖို့ လုပ်ခဲ့တာ။"
အိုင်ရင်းသည် အိုဖီလီယာ သဘောအကျဆုံးသူ ဖြစ်သည်။သူမက အိုဖီလီယာကို ကြောက်ရွံ့သည့်တိုင် သူမ ပြောဖို့လိုအပ်သည့် အရာအားလုံးကို ပြောပြတတ်မြဲဖြစ်သည်။သူမအနေဖြင့် ထိုသို့ လူစားမျိုးကို သဘောမကျရန် မဖြစ်နိုင်ပေ။ထို့ကြောင့် အိုဖီလီယာသည် အိုင်ရင်းအပေါ် ဘယ်လောက်အထိ ယုံကြည်ကိုးစားမှုရှိသည်ကို ပြရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် သူမကို ဤတာဝန် ပေးခဲ့ခြင်းဖြစ်သည်။
အိုင်ရင်း၏ မျက်လုံးများမှာ ဟိုဒီ ဝေ့ဝဲကြည့်နေပြီး အိုဖီလီယာ၏စိတ်ထဲတွင် မည်သည့်အရာရှိသည်ကို သိသွားသည့်နှယ် သူမ၏ တစ်ကိုယ်လုံးတွင် စိုးရိမ်ပူပန်စိတ်များ တိုးလာသည်ကို ခံစားလာရသည်။
အဲ့လိုတော့ မဟုတ်ဘူးပေါ့။
အိုဖီလီယာသည် ထိုသို့တွေးမိသဖြင့် အိုင်ရင်း၏ မျက်နှာကို လက်ဖြင့် ညင်သာစွာ ကိုင်လိုက်သည်။
"နင်လည်း ငါ့ကို ယုံကြည်ပေးလို့ မရဘူးလား။"
အိုင်ရင်း၏ပါးစပ်မှာ ပွင့်ဟသွားသည်။မဒမ်သည် သူမကို ထိုသို့ ဘယ်တုန်းကမှ မပြောဖူးပေ။
မဒမ်က ကျွန်မကို ယုံကြည်တာလား။
မဟုတ်တာ မဒမ်ရေ၊ကျွန်မက အဲ့လောက်ထိ ယုံကြည်အားထားလို့ မရပါဘူး။
သို့သော်လည်း သူမ ထိုသို့ မပြောနိုင်ခဲ့ပေ။မဒမ်၏ မျက်လုံးများမှာ အလွန် ရိုးသားနေပြီး သူမ၏နှလုံးသားကလည်း တဒိတ်ဒိတ် ခုန်ပေါက်နေခဲ့သည်။သူမက မဒမ်၏ လက်များနှင့်ခြေထောက်များ ဖြစ်လာလိမ့်မည်ဟု စိတ်ကူးပင် မယဥ်ဖူးပေ။ထိုကိစ္စထက် မည်သည့်အရာကမှ ကြောက်စရာမကောင်းသလို မည်သည့်အရာကမှ ထိုကိစ္စလောက် အစွမ်းမထက်ပေ။
အဲ့ဒီလို လုပ်ပေးရင်ရော တကယ် အဆင်ပြေလာမှာလား။ပြီးတော့ ငါ တစ်ခုခု အမှားအယွင်း လုပ်မိရင် သူမက ငါ့ကို သတ်ပစ်မယ်ဆိုရင်ရော။
"ငါ နင့်ကို လစာလဲ တိုးပေးမယ်လေ။နင့် အခုလက်ရှိလစာရဲ့ သုံးဆဆိုရင် ဘယ်လိုလဲ။"
"ကျွန်မ မဒမ့်ကို ယုံကြည်ပါတယ်။"
အိုင်ရင်းသည် အိုဖီလီယာ၏ လက်ကို အခိုင်အမာ ဆွဲထားလိုက်၏။
"မဒမ်က ratatouille ဟင်းပွဲကို သခွားသီးတစ်မျိုးထဲ သုံးပြီး ဖန်တီးထားတယ် ဆိုရင်တောင်မှ ကျွန်မ ဒါကို ယုံမှာပါ။ခြွင်းချက်မရှိဘဲပေါ့။"
[ratatouille ဟင်းပွဲ - ခရမ်းချဥ်သီး၊ငရုတ်ပွ၊ကြက်သွန်နီ၊သခွားဖရုံသီး(zucchini)၊ခရမ်းသီး၊ကြက်သွန်ဖြူ တို့ဖြင့် ချက်ထားသော ပြင်သစ်ရိုးရာဟင်းပွဲ တစ်မျိုး ဖြစ်ပါတယ်။ Ratatouille (2007) animated movie ထဲမှာ ကြွက်စားဖိုမှူးလေး Remy ချက်ပေးတဲ့ ဟင်းလျာပါ။နာမည်ကျော် အစားအသောက် Review ရေးသူ Ego က ဒါကို စားပြီးတော့ သူရဲ့ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားလိုက်ရတဲ့ ဟင်းပွဲလေးပါ။]
အိုင်ရင်း၏ မျက်လုံးများသည် စိတ်အားထက်သန် တက်ကြွမှုများဖြင့် တောက်ပနေခဲ့သည်။ထင်ထားသည့်အတိုင်းပင် ပိုက်ဆံကသာ အကောင်းဆုံး ဖြစ်သည်။အိုဖီလီယာသည် ပိုက်ဆံဖြင့် မက်လုံးပေးပြီး ဖန်တီးထားသော ကြောက်မက်ဖွယ် သတ္တဝါကြီးကို ကျေနပ်အားရနေတော့သည်။သူမ အိမ်ပြန်ရောက်သည်နှင့် ဆိုဗက်စ်စတာကို လစာတိုးပေးသင့်ကြောင်း အကြံပေးသင့်သည်ဟု တွေးနေမိသည်။
အကယ်၍ သူ နားမထောင်ခဲ့လျှင် ...
ကောင်းပြီလေ၊သူမ မူးလဲပြလိုက်မည်။
*
အိုဖီလီယာနှင့် အိုင်ရင်းသည် ဆိုင်မှ ထွက်လာပြီးနောက် မြို့ထဲသို့ လမ်းလျှောက်ထွက်လာကြသည်။သူမသည် သူမ၏နောက်ခံကို ဖုံးကွယ်ရန်အတွက် မြို့စားကြီးမိသားစုပိုင် ရထားလုံးကို အသုံးမပြုဘဲ သာမန် ရထားလုံးတစ်ခုကိုသာ ငှားရမ်းလာခဲ့သည်။ထို့ကြောင့် သူမတို့ ပြန်သောအခါ၌လည်း ထိုသို့ ငှားရမ်းရမည် ဖြစ်သည်။
သို့သော်
"မဒမ်တို့ နည်းနည်း ထပ်စောင့်ရလိမ့်မယ်။အခု ဘယ် ရထားလုံးမှ မအားသေးလို့ပါ။"
အိုင်ရင်း၏ မျက်နှာထက်တွင် စိုးရိမ်မှုများ ပြည့်နှက်သွား၏။
"အာ၊ ဒီလို ဖြစ်လို့ မရ..."
သူမ အိုဖီလီယာ၏ မျက်လုံးများကို တစ်ချက်ကြည့်လိုက်ပြီး မဒမ် ဒေါသထွက်တော့မည်ဟု သေချာနေခဲ့သည်။
ဒါဆို နင်က ငါ့ကို ဒီနေရာမှာ ရပ်ပြီး စောင့်နေခိုင်းမလို့လား။
မဒမ်က ထိုသို့ တုံ့ပြန်လာလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။သို့သော် သူမ၏ အထင်နှင့် အမြင်က လွဲမှားစွာဖြင့် အိုဖီလီယာမှ ဘာမှ မဖြစ်သည့်နှယ် တည်ငြိမ်အေးဆေးနေခဲ့သည်။
"ဒါဆို ငါတို့ အချိန်ရတုန်း လက်ဖက်ရည်တစ်ခွက်လောက် သွားသောက်သင့်လား။"
သူမက ထိုသို့ ပြောလာလေသည်။
မဒမ်က အများကြီး ပြောင်းလဲသွားတယ်။
ဟုတ်ပါ၏။မဒမ်သည် အလွန် ပြောင်းလဲသွားခဲ့ပါသည်။ကောင်းသော ပြောင်းလဲခြင်း ဖြစ်သည်က အံ့ဩစရာပင်။သိပ်မကြာသေးမီက သူမသည် သူမ၏ အလုပ်သမားများကို ဂရုတစိုက် ရှိမနေပေ။' တစ်နေ့မှာ မဒမ်က ငါတို့အပေါ် ကြင်နာတတ်လာမှာလား'၊သူမ ထိုသို့ တွေးကြည့်လေ့ရှိသည်။ယခုတော့ သူမသည် အိုင်ရင်းကို ပြောဖူးသကဲ့သို့ အလျင်အမြန် ပြောင်းလဲလာခဲ့သည်။သူမကို ပိုက်ဆံပမာဏ အများအပြား ပေးရန်ပင် ရည်ရွယ်လာခဲ့သည်။အိမ်မက်လား၊အစစ်အမှန်လား ခွဲခြား၍ မရအောင်ပင်။သူမ နှလုံးသား၏ တဒိန်းဒိန်းဖြင့် ခုန်ပေါက်နေခြင်းက အစစ်အမှန်ဖြစ်ပါသည်ဟု ပြောနေသကဲ့သို့ပင်။အိုင်ရင်းတွင်လည်း တောက်ပသော အနာဂတ်တစ်ခု ရှိလာပြီ ဖြစ်သည်။မဒမ်၏ အထူးသီးသန့်အစေခံ အဖြစ် အလုပ်လုပ်ရင်း ပိုက်ဆံအများအပြား စုဆောင်းကာ လူကောင်းတစ်ယောက်နှင့် လက်ထပ်ပြီး အနာဂတ်တွင် ပျော်ရွှင်စွာ နေထိုင်သွားရတော့မည်။ထို့ကြောင့် သူမက မဒမ်နှင့် ရင်းရင်းနှီးနှီး နေရမည်။
ထို့ကြောင့် သူမ ကြောက်မနေသင့်တော့ပေ။
"အကြံကောင်းတစ်ခုပါ မဒမ်။"
အိုင်ရင်းသည် အပြုံးကြီးကြီး ပြုံး၍ အိုဖီလီယာအနားကို တိုးလာခဲ့သည်။
"ဒီနားမှာ ဇိမ်ကျတဲ့ လက်ဖက်ရည်ဆိုင်ကောင်း တစ်ခုရှိပါတယ်။ကျွန်မတို့ အဲ့ဒီကို သွားကြမလား။"
"အဲ့လို ရှိတယ်လား။"
အိုဖီလီယာသည် အိုင်ရင်း၏ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အံ့ဩသွားသည့်တိုင် သူမ၏ အရင်းရှင်စိတ်ဓါတ်ကို လက်ခံပေးလိုက်သည်။
"ကောင်းပြီ၊ သွားကြစို့။"
*
အိုင်ရင်း အကြံပြုလာသော လက်ဖက်ရည်ဆိုင်ခန်းမှာ ကျွန်မ မျှော်မှန်းထားသည်ထက်ပင် သာလွန်နေခဲ့သည်။အခန်းမှာ ဖြူဖွေးသန့်စင်နေပြီး ရှေးဟောင်းအလှဆင်ပစ္စည်းများဖြင့် တန်ဆာဆင်ထားသဖြင့် အထက်တန်းလွှာ လေဒီများ ကျက်စားရာ စံပြနေရာတစ်ခုသဖွယ် ဖြစ်နေ၏။ဟိုတစ်စု သည်တစ်စုဖြင့် စကားဝိုင်းဖွဲ့နေကြသော အထက်တန်းလွှာ လေဒီများရှိနေကြသည်။အိုဖီလီယာသည် သူမ၏ ခုံတွင် ထိုင်ပြီးနောက် မီနူးကို အလျင်အမြန် တစ်ချက် ကြည့်လိုက်ပြီး လက်ဖက်ရည် မှာလိုက်သည်။
"လူဝီဘို့စ် လက်ဖက်ရည် အပူတစ်ခွက်။"
[Louibos/Rooibos tea-တောင်အာဖရိကတွင် ပေါက်သော ချုံပင်၏အရွက်များဖြင့် ပြုလုပ်ထားသော လက်ဖက်ခြောက်ကို နှပ်ထားသည့် ကဖိန်းဓါတ်မပါသော ဆေးဖက်ဝင် လက်ဖက်ရည်တစ်မျိုး။သူ့ချည်းသက်သက် သောက်သုံးကြသလို နို့၊ပျားရည်၊သကြားတို့ဖြင့် ပေါင်းစပ်၍ သောက်သုံးကြသည်။ ]
ထို့နောက် ကျွန်မ အိုင်ရင်းဆီသို့ မီနူးကို ပေးလိုက်သည်။ကျွန်မက သူမကိုလည်း တစ်ခွက်လောက် မှာစေချင်ခဲ့သည်။
"ကျ...ကျွန်မလည်း မှာရမှာလား။"
အိုင်ရင်းမှာ အံ့ဩသွားပြီး မျက်လုံးပြူး မျက်ဆန်ပြူးနှင့် မေးလာသည်။အိုဖီလီယာက သူမ၏ ခေါင်းကို စောင်းပြီး ကြည့်လိုက်သည်။
တစ်ယောက် တစ်ခွက်စီလေ။မှန်တယ် မဟုတ်ဘူးလား။
အိုဖီလီယာ သွားလေ့ရှိသော လက်ဖက်ရည်ဆိုင်ခန်းများတွင် လက်ဖက်ရည်တစ်ခွက်မှ မမှာပဲ ထိုင်၍ မရပေ။အိုင်ရင်းက လက်ဖက်ရည်ဆိုင်ခန်း၌ တစ်ခါမှ မထိုင်ဖူးသောကြောင့် ထိုသို့ ပြုမူနေသည်ဟု သူမ ထင်လိုက်သည်။
"အင်း၊ နင်လည်း တစ်ခုခုသောက်လေ။တစ်ခုရွေးလိုက်။"
အိုင်ရင်းသည် သူမ၏စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားသည့်နှယ် နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်၏။လက်ဖက်ရည်ဆိုင်ခန်းသို့ လာကြသော လေဒီများနှင့် အတူပါလာသော အစေခံများသည် လေဒီများ၏ ထိုင်ခုံဘေးတွင် မတ်တပ်ရပ်နေကြရသည်။ထို့ကြောင့် တစ်စားပွဲထဲ အတူတကွ ထိုင်၍ လက်ဖက်ရည်သောက်သုံးခြင်း လုပ်လေ့မရှိကြပေ။သို့သော် အိုဖီလီယာကမူ သူမကို ထိုင်စေသည့်အပြင် သူမကို မီနူးထဲမှ တစ်ခု ရွေးခိုင်းခဲ့သည်။တခြားဘယ်သူက ဤမျှ ကြင်နာတတ်ပါသနည်း။အိုင်ရင်းမှာ သူမအပေါ် မှားယွင်းယူဆမိသွားသည်ဟု အံ့ဩနေလေသည်။အိုင်ရင်းသည် အိုဖီလီယာ၏ရိုက်နှက်ခြင်းကို အကြိမ်များစွာ ခံစားခဲ့ရသောကြောင့် ဖြစ်မည်။သို့သော် အတိတ်တွင် ဖြစ်ပျက်ခဲ့သမျှမှာ မှတ်ဥာဏ်တစ်ခုမျှသာ ဖြစ်ရာ အတိတ်တွင် အိုဖီလီယာ လုပ်ခဲ့သမျှ အရာအားလုံးထံမှ သူမ လွတ်မြောက်လာခဲ့ပြီ ဖြစ်၏။
"မဒမ် ..."
အိုင်ရင်းက နှာခေါင်းကို ကုတ်နေသည်။
"ကျ ...ကျွန်မ တစ်ချိန်လုံး အထင်မှားနေခဲ့တယ်လို့ ထင်ပါတယ်... နောက်ဆို ကျွန်မ ပိုပြီး ကောင်းကောင်းလုပ်ပါမယ်။"
အိုဖီလီယာသည် ရုတ်တရက် ထငိုနေသော အိုင်ရင်းကို နားမလည်ခဲ့ပေ။
သူမက ဘာလို့ ချက်ချင်းကြီး ငိုသွားရတာလဲ။သူမ တစ်ခုခု ဖြစ်သွားလို့လား။ဒါမှ မဟုတ် ငါကပဲ အမှားတစ်ခုခု လုပ်မိသွားတာလား။
ထိုအခြေအနေအတိုင်း တဝဲလည်လည် ဖြစ်နေပြီးနောက် နောက်ဆုံးတွင် အိုဖီလီယာက ဤသို့ ကောက်ချက်ချလိုက်သည်။အိုင်ရင်းသည် အရင်က သည်လို နေရာမျိုးကို တစ်ခါမှ မရောက်ဖူးသဖြင့် ဘာကို မှာရမလဲ မသိ ဖြစ်သွားကာ အရှက်ရသွားခြင်း ဖြစ်မည်ဟု။အိုဖီလီယာလည်း ကောင်တာသို့ အမြန်သွားလိုက်ပြီး နောက်တစ်ခု ထပ်မှာလိုက်သည်။
"ဗနီလာ လက်ဖက်ရည် အပူ တစ်ခွက် ထပ်ပေးပါ။"
ပထမဆုံး လက်ဖက်ရည် စသောက်မည့်သူအတွက် ဗနီလာ လက်ဖက်ရည်ထက် ပိုသင့်တော်သည်က မရှိပေ။အိုဖီလီယာက ဂုဏ်ယူဝင့်ကြွားနေဟန်ဖြင့် အိုင်ရင်းကို ကြည့်လိုက်သည်။
"ဘုရားသခင်!"
အိုင်ရင်းမှာ စိတ်မထိန်းထားနိုင် လုနီးနီး ဖြစ်သည်အထိ အလွန် ခံစားသွားရသည်။ဗနီလာလက်ဖက်ရည်မှာ လူဝီဘို့စ်လက်ဖက်ရည်ထက် ပို၍ ဈေးကြီးသည်။အစေခံတစ်ယောက်သည် သခင်ထက် ပို၍ ဈေးကြီးသော တစ်စုံတစ်ခုကို မည်သို့ဖြင့် သုံးဆောင်ခွင့် ရနိုင်ပါမည်နည်း။သူမသည် ထိုသို့ ကိစ္စမျိုးကို ကြားပင် မကြားဖူးပေ။သူမ၏ အရှေ့တွင် ရှိသော မဒမ်မှာ ဘာကိုမှ ဂရုမထားသည့်နှယ် တည်ငြိမ်အေးဆေး နေပါသည်။
မဒမ်က နတ်သမီးလေးများလား။
အိုင်ရင်းသည် စိတ်လွတ်သွားကာ အိုဖီလီယာကို အတော်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ အသိစိတ် ပြန်ဝင်လာခဲ့သည်။မဒမ်မှာ နတ်သမီးတစ်ပါးသာ ဖြစ်ပေမည်။သူမ၏ ခန္ဓာကိုယ်အတွင်း၌ နေထိုင်ခဲ့သော နတ်ဆိုးတစ်ကောင်ကြောင့် သူမက မကောင်းသောကိစ္စများကို ပြုလုပ်မိခဲ့သည်။ယခုတော့ ထိုနတ်ဆိုးက ထွက်ခွာသွားပြီ ဖြစ်သည်။ထို့ကြောင့် ယခုတွင် မဒမ်က ဘယ်သူဖြစ်မည်နည်း။သူမသည် နတ်သမီးလေး ဖြစ်ပါ၏။
အိုင်ရင်းသည် အိုဖီလီယာ၏လက်ကို ကိုင်လိုက်သည်။
"ကျွန်မ အကောင်းဆုံး လုပ်ပါ့မယ် မဒမ်။"
သူမ၏ မျက်လုံးများမှာ တဖျတ်ဖျတ် လက်နေသည်။
"ကျွန်မရဲ့ ကျန်နေတဲ့ ဘဝတစ်လျှောက်လုံးပါ။"
အိုဖီလီယာသည် အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်လိုက်မိ၏။
မဟုတ်တာ။နင် တစ်ဘဝလုံး မလုပ်ရပါဘူး ...ငါက ကွာရှင်းတော့မှာ။
သို့သော် အိုင်ရင်း၏ မျက်လုံးများထဲမှ စိတ်ပိုင်းဖြတ်မှုမှာ အားကောင်းလှသည်။ဗနီလာလက်ဖက်ရည်တစ်ခွက်နှင့် သစ္စာရှိမှုကို လဲလှယ်လိုက်ရသည်။ခန့်မှန်းထားသကဲ့သို့ ပိုက်ဆံသည် လူများကို ဆွဲဆောင်ရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။အိုင်ရင်း၏ အသစ်ပြန်လည် ဖြစ်ပေါ်လာသော သစ္စာစောင့်သိမှုကို ရရှိလာစေသည့် ပိုက်ဆံ၏အစွမ်းကို နောက်ထပ်တစ်ကြိမ် တွေ့ကြုံခံစားလိုက်ရသည်။
ထို့နောက်
"မကြာခင်က သတင်းစာထဲမှာ ပါလာတဲ့ သတင်းတစ်ခုကို ရှင်တို့ ဖတ်ခဲ့ပြီးပြီလား။"
"မြို့စားကြီးကတော် အကြောင်းလား။"
သူမ ထိုအသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်။သူတို့၏ ဘေးနားရှိ စားပွဲတွင် ထိုင်နေကြသော လေဒီများက ပြောနေကြခြင်း ဖြစ်သည်။သဘာဝကျစွာဖြင့် အိုဖီလီယာနှင့် အိုင်ရင်းမှာ သူမတို့ဆီ ကြည့်လိုက်မိသည်။
"အာ ...အဲ့ဒီ သတင်းကို ရှင်ပြောနေတာပေါ့၊ဟုတ်လား။"
"ဒါက ရယ်စရာမဟုတ်ဘူးနော်။အလိမ်အညာတစ်ခုပဲ ဖြစ်ရမယ်။သူမက ဒီလိုမျိုး သူတို့ကို ရေးခိုင်းတယ်ဆိုတာ ကျွန်မဖြင့် သေချာတယ်။"
"အမှန်ပဲပေါ့၊ဒီသတင်း မထွက်ခင်က ကောင့်မြို့စားကတော်ကာဒယ်လ်ကို သူမက ရိုက်နှက်ပြီး ငိုအောင်လုပ်ခဲ့တယ်လို့ သူတို့ပြောကြသေးတယ်လေ။သူမက ကောလဟာလတွေ ငြိမ်သက်သွားအောင် ကြိုးစားနေတာဖြစ်မယ်။"
"ဘယ်လိုတောင် ကြောက်စရာကောင်းပြီး သေချာအကွက်ချတတ်တဲ့ မိန်းမပါလိမ့်။"
လေဒီများသည် ရယ်မောလိုက်ကြပြီး အိုဖီလီယာ၏ဂုဏ်သိက္ခာကို တစစီ ဆုတ်ဖြဲ၍ အဆက်မပြတ် ဝါးစားနေကြသည်။
"အဲ့ဒီ မိန်းမက ဘယ်အချိန်မှ အသိစိတ်ကပ်မှာလဲ။"
သူမတို့နှင့် အိုဖီလီယာမှာ အဆင့်အတန်းချင်း မတူကြသည့်တိုင် အိုဖီလီယာကို 'အဲ့ဒီ မိန်းမ' ဆိုသော အသုံးအနှုန်းဖြင့် အဆင့်နှိမ့်ချ သုံးစွဲလိုက်ကြသည်။
"သူမလား၊ သူမရဲ့ အသိစိတ် ကပ်ဖို့လား။နေက အနောက်အရပ်ကနေ ထွက်တယ်လို့ ရှင်ပြောရင်တောင် ကျွန်မက ယုံမိဦးမယ်။အဲ့ဒီလို ဘယ်တော့၊ဘယ်တော့များမှ ဖြစ်လာမှာ မဟုတ်ဘူး။သူမက အတွင်းထဲအထိ ယုတ်မာရက်စက်မှု အပြည့် ဖြစ်နေမှာ။"
"ဒါတော့ အမှန်ပဲ။ပွဲဦးထွက်ကတည်းက သူမက ဒီလိုတွေ လုပ်နေကျလို့ သူတို့က ပြောကြတယ်။မြို့စားကြီး ရိုင်ဇန်က ဒီလို မိန်းမမျိုးကို ဘယ်လိုဖြစ်ပြီး လက်ထပ်ခဲ့တာပါလိမ့်နော်။"
"သူက တော်ဝင်ကပွဲအခမ်းအနားမှာ ဖွင့်ဟဝန်ခံတာကို လုပ်ခဲ့တာ မဟုတ်လား။ဟား ၊မြို့စားကြီးရယ် ၊ရှင် ဘာတွေများ တွေးနေတာပါလိမ့်။"
ယခု သူမတို့က ဆိုဗက်စ်စတာအကြောင်းကိုပင် ထည့်ပြောနေလေသည်။အိုဖီလီယာအတွက်တော့ သူမတို့က ပါးလွှာသော ရေခဲပြင်ပေါ်၌ ဒယိမ်းဒယိုင် လမ်းလျှောက်နေကြသည်။
"ကျွန်မ မှန်းကြည့်ရသလောက်တော့ ..."
လေဒီတစ်ယောက်က ပြောသည်။
"သူမက မြို့စားကြီးကို ထိန်းချုပ်ဖို့ မှော်နက်ပညာကို အသုံးပြုခဲ့တာ ဖြစ်နိုင်မလားလို့။"
"ဘုရားရေ"
"အဲ့ဒါလည်း ဖြစ်နိုင်ချေရှိတာပဲ။"
"သူမကို ဘုရားကျောင်းမှာ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်။"
"သူမက အန္တရာယ်ပေးနိုင်တယ် ဆိုကတည်းက ဘုရားကျောင်းက သူမကို စောင့်ကြည့်နေမှာ ကျွန်မတော့ သေချာတယ်။"
"ကျွန်မတို့ ဒီကိစ္စကို တိုင်ကြားကြမလား။အဲ့ဒီမိန်းမက မြို့စားကြီးကို မှော်နက်သုံးပြီး ဖြားယောင်းသွေးဆောင်ထားပါတယ် လို့လေ။"
"ဒါက အကြံကောင်းပဲ။"
လေဒီများသည် လက်ခုပ်တီးကာ ရေးကြီးခွင်ကျယ်လုပ်ရင်း အလုပ်များနေကြသည်။ထို့နောက် သူမတို့က ဆိုင်ဝန်ထမ်းကို စာရွက်များနှင့် ဖောင်တိန်တစ်ချို့ ယူလာစေခဲ့သည်။သူမတို့က ဘုရားကျောင်းသို့ အိုဖီလီယာအကြောင်း တိုင်ကြားရန် အမှန်ပင် စဥ်းစားနေခဲ့ကြလေသည်။
သူမတို့ကို စောင့်ကြည့်နေသော အိုဖီလီယာက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။အိုင်ရင်းကပင် သူမကို မတားမြစ်ခဲ့ပေ။သူမ၏ မျက်လုံးထဲရှိ အကြည့်များမှာ စူးရှပြင်းထန်နေ၏။အိုဖီလီယာကို တားမြစ်ရန် ကြိုးစားမည့်အစား အိုင်ရင်းသည် လက်အုပ်ချီရင်း ဆုတောင်းလိုက်သည်။
ဘုရားသခင်ရယ်၊ကျေးဇူးပြုပြီး နောက်ထပ်တစ်ခါလောက် မဒမ့်ကို နတ်ဆိုးဝင်ပူးခိုင်းပြီး သူမတို့ကို သင်ခန်းစာပေးခွင့် ပြုတော်မူပါ။
TK Team
++++++++