Chapter 34
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၄)

"ရှင် ကျွန်မကို ဒီလို လုပ်ခွင့်ပြုရင် ကျွန်မ  ရှင့်ကို ဧကရာဇ်နဲ့ တွေ့ခွင့်ပေးမယ်။"

"ဘာ"

ဆိုဗက်စ်စတာမှာ အံ့ဩသွားသည့် ပုံစံဖြစ်နေသည်။မကြာသေးမီက ဧကရာဇ်မှာ ကျွန်မအပေါ် စိတ်ဝင်စားမှု ရှိနေသည် ဟု ပြောခဲ့စဥ်၌ သူက လက်ဦးမှုယူဖို့ ကြိုးစားခဲ့သူ ဖြစ်သည်။ဧကရာဇ်သည် သူ တွေ့ချင်သည့် ဆန္ဒရှိတိုင်း သွားတွေ့နိုင်သော ပုဂ္ဂိုလ် မဟုတ်ပေ။ဧကရာဇ်သည် သူ့ဘက်မှ ဆင့်ခေါ်မှု မပြုဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမှ အခစားဝင်ခွင့် မပြုသောကြောင့် ဖြစ်သည်။

ယခုတွင် ဆိုဗက်စ်စတာသည် စိတ်ဝင်စားမှု ရှိနေသော အပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက်တွင် ချိတ်ဆွဲ၍ ကျွန်မကို ကြည့်နေသည်။

"ကိုယ်က ဧကရာဇ်ကို ဘယ်လိုမျိုး တွေ့ခွင့်ရမှာလဲ။"

"ဘာကြောင့်လဲဆိုတော့ ဧကရာဇ်အရှင်က ကျွန်မကို အခစားဝင်ဖို့ ဆင့်ခေါ်လာမှာမို့လို့လေ။"

ကျွန်မ လက်ပိုက်လိုက်ပြီး မျက်နှာကို မော်ထားလိုက်သည်။

"ဘယ်လိုလဲ၊မက်လောက်စရာ ကောင်းတယ် မဟုတ်လား။"

ဆိုဗက်စ်စတာမှာ အနည်းငယ် တုံ့ဆိုင်းနေသေးသည်။ဤကိစ္စမှာ ကျွန်မ ပြောသည့်အတိုင်း မက်မောစရာကိစ္စ ဖြစ်သည် မှန်သော်ငြား ကျောင်းဆောက်မည့် ကိစ္စက မိဘမဲ့ဂေဟာထက် ပို၍ ငွေကုန်ကြေးကျ များနိုင်သည့်အတွက် သူ့အဖို့ တစ်ခါတည်း တန်းပြီး လက်ခံလိုက်ဖို့ရာ အနည်းငယ် ခက်ခဲနေပုံရ၏။သူက ကျွန်မ မျက်နှာကို ကြည့်ရင်း နှုတ်ခမ်းကို ဟလိုက်သည်။

"မင်း မအောင်မြင်ရင်ရော။"

"မအောင်မြင်ဘူး ဟုတ်လား။"

ကျွန်မ နှာမှုတ်ရင်း ရယ်မောလိုက်သည်။

"မအောင်မြင်စရာ မရှိပါဘူး။"

ထိုသို့ ဖြစ်လာစရာအကြောင်း မရှိပေ။ဧကရာဇ်က ကျွန်မကို ဆင့်မခေါ်ဘဲ မနေနိုင်မည့် အခြေအနေတစ်ခုကို ကျွန်မ ဖန်တီးမည်။မူလဇာတ်ကြောင်းကဲ့သို့ပင် မအောင်မြင်စရာ အကြောင်း မရှိနိုင်ပေ။

"ဒီလို မျက်နှာပြောင်တိုက်တတ်တဲ့ စရိုက်က ဘယ်နေရာကများ ထွက်လာပါလိမ့်။"

ဆိုဗက်စ်စတာက ညည်းညူလိုက်လျှင် သူ့ဘေးတွင် ရပ်နေသော နေးလ်က စကားတစ်ခွန်း ထပ်ဖြည့်ပေးသည်။

"စုံတွဲတွေက များသောအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် တူတတ်ကြတယ် မဟုတ်လား။"

နေးလ်၏ သိမ်မွေ့သောစကားကြောင့် ကျွန်မနှင့် ဆိုဗက်စ်စတာမှာ မျက်မှောင်ကြုတ်လိုက်ကြသည်။

"ငါတို့က မတူပါဘူး။"

"ကျွန်မတို့က မတူပါဘူး။"

တူညီသော စကားတစ်ခွန်းကို အတူပြောလိုက်မိသူ နှစ်ယောက်မှာ သူ့အလိုလို မျက်လုံးချင်း ဆုံမိသွားကြသည်။

"..."

အဟွတ်

ကျွန်မ ရှက်ရွံ့သွားသဖြင့် ချောင်း အနည်းငယ် ဆိုးလိုက်မိသည်၊

ရှင်က ဘာလို့ ကျွန်မပြောသလို လိုက်ပြောနေရတာလဲ။

ကသိကအောက် ဖြစ်စွာဖြင့် ကျွန်မ ဆိုဗက်စ်စတာကို ခပ်လှမ်းလှမ်းမှ ခိုးကြည့်လိုက်လျှင် ဆိုဗက်စ်စတာကလည်း ကျွန်မနည်းတူ အနည်းငယ် ရှက်နေလေသည်။

အဟွတ်

သူလည်း ချောင်းဟန့်လိုက်ပြီး ကျွန်မကို မေးသည်။

"ဒီတော့ ကိုယ်က မင်းကို ပိုက်ဆံပေးရင် မင်း ဒီနေ့ အပြင်ထွက်ဦးမှာ မဟုတ်လား။"

ကျွန်မ ခေါင်းငြိမ့်လိုက်သည်။

"ထွက်ရမှာပေါ့။ပထမတစ်ခါက သီယိုနဲ့ အဖြစ်အပျက်လေးတွေ ဖြစ်သွားတော့ အဆောက်အဦး ဆောက်မဲ့ နေရာကို သေသေချာချာ မစစ်ဆေးလိုက်ရဘူး။"

"တကယ်လား"

ဆိုဗက်စ်စတာက ညည်းလိုက်ပြီး မေးစေ့ကို ပွတ်သပ်လိုက်သည်။

"ဒါဆို ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်။"

"ရှင် အပြင် မသွားတော့ဘူးလား။"

သူက ပခုံးတွန့်ပြလိုက်သည်။

"အဲ့ဒါက ဘာမှမဟုတ်ဘူး။ဖျက်လိုက်ပြီ။"

"အဲ့ဒါက ဘာကိစ္စလဲ။"

"မြို့စားမင်းကြီးက ခေါ်ထားတာ။"

"ဒါပေမဲ့ ကျွန်မကြောင့် ဒီလို ချိန်းဆိုထားတာကို ပေါ့ပေါ့ပါးပါးနဲ့ ဖျက်လိုက်တယ်ပေါ့။"

"အင်း"

ကျွန်မမှာ အလွန် ဂုဏ်ယူစွာဖြင့် ပြောစရာ စကားမရှိ ဖြစ်သွားရသည်။

အိုး၊ငါ သိပြီ။

ကျွန်မ၏ ခင်ပွန်းမှာ ဧကရာဇ်ပြီးလျှင် ဒုတိယ ဩဇာအာဏာအရှိဆုံး ဖြစ်သော မြို့စားမင်းကြီး၏ စကားကိုပင် နားမထောင်သော ယောကျ်ားတစ်ယောက် ဖြစ်သည်။

တစ်နည်းတစ်ဖုံ အံ့ဩစရာကောင်းလှသည်။

"အိုကေလေ၊ဒါဆို ခဏစောင့်ဦး။ကျွန်မ အပြင်ထွက်ဖို့ အဆင်သင့်ပြင်ဆင်လိုက်ဦးမယ်။"

"ကောင်းပြီ"

ဆိုဗက်စ်စတာသည် ကုတ်အင်္ကျီကို ချွတ်၍ နေးလ်ထံ လှမ်းပေးလိုက်ပြီးနောက် စံအိမ်တော်ထဲ ပြန်ဝင်လာခဲ့သည်။

"ဒါနဲ့"

သူ့အသံကြောင့် လှေကားပေါ်တက်နေသော ကျွန်မ၏ ခြေထောက်များ ရပ်တန့်သွားခဲ့သည်။

"ဒီတစ်ခါ မင်းက ဘယ်လို ပါရမီရှင်မျိုးကို ရှာနေတယ်ဆိုတာတော့ ကိုယ့်ကို ပြောပြမှ ရမယ်။"

ဟမ်

ငါ ရစ်ဗက်ရဲ့ အကြောင်း မပြောလိုက်မိပါဘူး။

ကျွန်မ ထိုကိစ္စကို စိတ်ထဲ၌ တွေးနေသည့်တိုင် အပြင်ကို ထုတ်မပြောမိပေ။သို့သော် ကျွန်မက ပါရမီရှင် တစ်ယောက်ကို ရှာနေသည်ဟု ဆိုဗက်စ်စတာက မည်သို့ သိသွားရပါသနည်း။

"ပထမတစ်ကြိမ်တုန်းကလဲ မင်း သဘောကျတဲ့ တစ်ယောက်ကို ခေါ်လာဖို့အတွက် ဂေဟာဆောက်ချင်နေတာလေ။မင်း ဘာတွေတွေးနေလဲဆိုတာ ကိုယ် ခန့်မှန်းနိုင်မယ်လို့ မင်း မထင်ထားဘူးလား။"

"အမှန်ပဲ၊ ဒါပေမဲ့ အူကြောင်ကြောင်နဲ့ စိတ်တိုစရာကောင်းလိုက်တာ။"

"ဒါက ကိုယ့်ရဲ့ ဆွဲဆောင်မှု တစ်မျိုးလေ။"

ဆိုဗက်စ်စတာ လှောင်ပြုံးလေး ပြုံးလိုက်သည်။

"မင်း ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ သိရဖို့ ကိုယ် စောင့်မနေနိုင်တော့ဘူး။"

ကျွန်မ ရှင့်ကို ဒီကိစ္စ လက်လွှဲပေးမှာ မဟုတ်ဘူး။

ကျွန်မ ပြန်မဖြေဘဲ လျစ်လျူရှုလိုက်ပြီး လှေကားပေါ်သာ တက်သွားလိုက်သည်။

*

အိုဖီလီယာ၏ဝတ်စုံအနားစ ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်ပြီး ဆိုဗက်စ်စတာမှာ မသိမသာ ပြုံးမိ၏။သူ အနည်းငယ် မျှော်လင့်စောင့်စားနေမိသည်။ယခုအကြိမ်တွင် အိုဖီလီယာ၏ ရွေးချယ်မှုမှာ မည်သည့်အမျိုးအစား ဖြစ်မည်နည်း။

ပထမတစ်ခါ အိုဖီလီယာခေါ်လာသော သီယိုဆိုသည့် ကောင်လေးသည် သူမ ပြောခဲ့သည့်အတိုင်း ဓါးရေးအရာ၌ ထူးချွန်ထက်မြက်သည်။

အံ့လောက်စရာပဲ။

သီယိုမှာ အလွန်တိကျပြတ်သားသည်ဟု စစ်သည်တော်တပ်မှူးက ပြောခဲ့သည်။ထို့ကြောင့် ဆိုဗက်စ်စတာသည် အိုဖီလီယာ၏မျက်စိကို ယုံကြည်သည်။တစ်ကြိမ်တိတိ အနိုင်ရရှိသွားသည် ဖြစ်ရာ နောက်ထပ်တစ်ကြိမ်တွင် သူ့အနေဖြင့် အနီးကပ် ကြည့်ရှူရန် လိုသည်။

ဒီတစ်ခါလည်း မင်းက ပါရမီရှင်တစ်ယောက်ကို ထပ်ခေါ်လာမယ် ဆိုရင်တော့ ...

ဆိုဗက်စ်စတာမှာ အိုဖီလီယာနှင့် လေးလေးနက်နက် စကားပြောဖို့လိုသည်ဟု ခံစားမိ၏။သူမက ထိုပါရမီရှင်များကို ဆိုဗက်စ်စတာထံ ပေးမည်ဟူ၍ မဖြစ်နိုင်ပေ။သူမက ကွာရှင်းဖို့ တောင်းဆိုနေသည် ဖြစ်ရာ ကွာရှင်းပြီးသည်နှင့် သူတို့ကို သူမက ခေါ်ထုတ်သွားလိမ့်မည်။သို့သော် ဆိုဗက်စ်စတာသည် သူ့လက်ထဲ တစ်ခါ ရောက်လာပြီးသား လူများကို လက်လွှတ်ပေးလိုခြင်း မရှိပေ။

အထူးသဖြင့် ထိုသူများကို ခေါ်လာသော အိုဖီလီယာကို ဖြစ်၏။ 

ပျော်စရာပဲ။

အချိန်အတော်ကြာမှ ပျော်စရာကောင်းသည့် ကိစ္စများ ဖြစ်လာခဲ့သည်။သူ့အနေဖြင့် ရှေ့လျှောက်လည်း ပျော်စရာကောင်းသည့် ကိစ္စများ လုပ်နိုင်လာမည်ဟု တွေးပြီး ဆိုဗက်စ်စတာမှာ အတောမသတ်နိုင်အောင် ရယ်နေမိလေသည်။

"အဆင်ပြေပါ့မလား ခင်ဗျာ။"

ဆိုဗက်စ်စတာကို စောင့်ကြည့်နေသော နေးလ်က ထိုသို့ ပြောလာသည်။

"မြို့စားမင်းကြီးက သခင့်ကို အကြာကြီး စောင့်မျှော်နေပါလိမ့်မယ်။"

"သူတို့ကို ငါ နေမကောင်းဘူးလို့ ပြောဖို့ တစ်ခုခု ပို့လိုက်ချေ။ငါ အခု အအေးမိနေတယ်။ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်နေလို့ ငါ လာမတွေ့နိုင်ဘူးလို့ သူ့ကို ပြောလိုက်တယ် ဆိုပြီး။"

"ဒါက အရမ်းကို ယုတ္တိရှိပါတယ်။ကျွန်တော် နားလည်ပါပြီ။" 

နေးလ်က ခေါင်းငြိမ့်လိုက်သည်။သူက ဆိုဗက်စ်စတာအနားသို့ တဖြည်းဖြည်း တိုးလာလိုက်ရင်း အသံနိမ့်နိမ့်ဖြင့် မေးသည်။

"မဒမ်ပြောတာကို သခင်က ယုံကြည်ပါသလား။"

"ဘာကိုလဲ"

"သခင့်ကို အရှင်မင်းကြီးနဲ့ တွေ့ခွင့်ပေးမယ်လို့ သူမ ပြောခဲ့တာလေ။"

"ငါ သူမကို တစ်ဝက်လောက်ထိတော့ ယုံပါတယ်။"

ဆိုဗက်စ်စတာက အခိုင်အမာ ဆိုသည်။နေးလ်မှာ နဖူးကြောများ တွန့်သွားတော့သည်။

"မသေချာ မရေရာတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်တာကမှ လှည့်ကွက်တစ်ခု မဟုတ်လားဗျာ။"

"ပျော်စရာကောင်းတဲ့ ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံမှုကို လျှော့ပေါ့လိုက်လို့ မရဘူးဆိုတဲ့ စည်းမျဥ်းတစ်ခုလဲ ရှိပါတယ်။"

သူက လေချွန်ရင်းဖြင့် ပြန်ဖြေလိုက်သည်။ပျော်ရွှင်ဖို့ တစ်ခုအတွက်နှင့် ငွေအမြောက်အမြား ရင်းနှီးခြင်းသည် အနုတ်သဘောဆောင်သည့် ရလဒ်တစ်ခု ဖြစ်လာဟန်ရှိသည်။နေးလ်က ထိုသို့ ပြောလိုက်ချင်ပါသည်။သို့သော် သူ့အနေဖြင့် သခင်ဖြစ်သူကို မဆန့်ကျင်လိုရကား တိတ်ဆိတ်စွာသာ နေလိုက်၏။

နေးလ်ကို ပခုံးပုတ်လိုက်ရင်း ဆိုဗက်စ်စတာက ပြောလိုက်သည်။

"ဒါက တကယ် ပျော်စရာကောင်းမှာပါကွာ။"

သူ၏အပြာရောင် မျက်ဝန်းများမှာ ရွှန်းလက်နေလေသည်။

"ဒုတိယမင်းသား ပြန်မလာခင်အထိ အပျော်လေးတွေ လုပ်ကြစို့။"

*

ထို့နောက် ဆိုဗက်စ်စတာမှာ ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားရပါ၏။ဝတ်စားပြင်ဆင်ပြီး ထွက်လာသော အိုဖီလီယာကို ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းသည်။ပုံမှန်အားဖြင့် အိုဖီလီယာသည် သာမန်ပန်းရိုင်းများအလယ်၌ ငွားငွားစွင့်စွင့် ပွင့်လန်းနေသော နှင်းဆီတစ်ပွင့်သဖွယ် ကျက်သရေရှိပြီး အရောင်အသွေးတောက်ပသော အဝတ်အစားများကိုသာ ဆင်မြန်းလေ့ရှိသည်။ခေါင်းအစ ခြေအဆုံး အလှဆင်ထားလိုက်သည်မှာ အလှဆင်ထားခြင်း မရှိသည့် နေရာကိုပင် ရှာရန် ခက်ခဲသည်အထိ ပြင်ဆင်တတ်သည်။

သို့သော် ယနေ့တွင်မူ ...

"ဒါက ဘယ်လိုပုံစံကြီးလဲ။"

၎င်းမှာ အလွန်ရိုးစင်းလွန်းသည်။ဝတ်စုံမှာ ထင်ရှားပေါ်လွင်ခြင်း ကင်းမဲ့သည့်အပြင် လည်တိုင်နှင့် လက်များတွင်လည်း ဘာမှ မဝတ်ထားချေ။သူမ၏ ကိုယ်ပိုင် အမှတ်သင်္ကေတဖြစ်သော ငွေဖြူရောင်ဆံနွယ်များကိုလည်း သေချာစည်းနှောင်ပြီး ဦးထုပ်ဖြင့် ဖုံးအုပ်ထား၏။

ဒီနေရာမှာ ဘယ်လို သောက်ကျိုးနည်းတွေ ဖြစ်နေတာလဲဟေ။

ဆိုဗက်စ်စတာမှာ အံ့ဩသွားရ၏။

"ကျွန်မလား၊ဘာဖြစ်လို့လဲ။"

မျက်နှာထက်တွင် ဘာပြဿနာမှန်းမသိသော ပုံစံဖြစ်နေသည့် အိုဖီလီယာက ဆိုဗက်စ်စတာကို ပို၍ အံ့ဩသွားအောင် လုပ်နေခဲ့သည်။

"အကျယ်ချုပ်ပြစ်ဒဏ်မှ မရှိတော့ဘဲ။မင်းက ဘာဖြစ်လို့ ဒီလိုတွေ ဝတ်ထားရပြန်တာလဲ။မင်း ရူးနေတာလား။"

"ရှင့်ရဲ့ ဇနီးကို ရူးနေတယ်လို့ ပြောရအောင် ရှင့်ရဲ့ အကျင့်စရိုက်ကလဲ တော်တော်ထူးခြားနေတယ် ဆိုတော့လေ။"

"မင်းက ဒီလိုပုံစံဝတ်ပြီး ကိုယ်နဲ့အတူ အပြင်ထွက်မယ်လို့ ပြောတာကမှ ပိုထူးခြားနေတာပါကွ။"

ဆိုဗက်စ်စတာ မျက်လုံးကို မှေးကျဥ်းလိုက်သည်။

"မင်းက ရိုင်ဇန်မြို့စားကြီးအိမ်တော်ရဲ့ သခင်မပါ။မင်းက အခြားသူတွေထက်တော့ ပိုပြီး အာရုံစိုက်ခံရဖို့ ထိုက်တန်ပါတယ်။"

"ဒါပေမဲ့ ..."

သူ ပြောတာ မှန်ပါသည်။သို့သော် ယခု အိုဖီလီယာမှာ သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။သူမ အမြဲတမ်း ဝတ်စားနေသကဲ့သို့ ဝတ်သွားပါက သူမကို ချက်ချင်း အာရုံစိုက်မိလာကြမည် ဖြစ်သည်။ယခုကဲ့သို့ သူမ ဝတ်စားထားချိန်တွင် ပို၍ သက်တောင့်သက်သာ ဖြစ်နေသည်။

ထို့ကြောင့် အိုဖီလီယာ ရှင်းပြဖို့ ကြိုးစားသည်။သို့သော်...

"အိုး၊ကိုယ် အခု သဘောပေါက်ပြီ။"

ဆိုဗက်စ်စတာက သူမကို နှောင့်ယှက်လိုက်၏။

"မင်းက ကိုယ့်ကို ဆန္ဒပြနေတာ မဟုတ်လား။"

"ဘာကိုလဲ"

"ကိုယ်က မင်းကို ဝတ်စားပြင်ဆင်ဖို့တောင် ပိုက်ဆံမပေးဘူးလို့ ဆန္ဒပြနေတာလေ။ကိုယ် ပြောနေတာကို မင်း မသိဘူးလား။"

အင်း၊ကျွန်မ မသိဘူး။

အိုဖီလီယာသည် မှင်တက်နေမိကာ အဝေးသို့ ထွက်ပြေးသွားချင်စိတ် ဖြစ်နေပါ၏။သို့သော် ဆိုဗက်စ်စတာကမူ အကြီးအကျယ် နားလည်မှု လွဲနေလေသည်။

"လူတွေ ....အာ ၊ရပါတယ်လေ။ဘာပဲဖြစ်ဖြစ် ကိုယ်တို့ သွားဖို့ ဆုံးဖြတ်ခဲ့ပြီးပြီပဲ။ဒါကြောင့် အပြင်ထွက်ပြီး ဟိုဒီ လျှောက်ကြည့်ရအောင်။အဆင်ပြေလား။မင်း ကျေနပ်ပြီလား။"

"မဟုတ်ပါဘူး။ကျွန်မ ဒီလို ဝတ်ပြီး သွားလာနေရင် အာရုံစိုက်မခံရလို့လေ။"

"ရိုင်ဇန်မြို့စားကြီးအိမ်တော် သခင်မက အပြင်မှာ အာရုံစိုက်ခံရအောင် မဆွဲဆောင်နိုင်ဘူးပေါ့။ မင်းက ကိုယ့်ကို လာနောက်နေတာလား။"

ဆိုဗက်စ်စတာသည် သူ့မိသားစုနှင့် ပတ်သက်လျှင် အလွန်တရာ ဂုဏ်ယူဝင့်ကြွားတတ်သော ယောကျ်ားတစ်ယောက် ဖြစ်သည်။အိုဖီလီယာက ဒီလိုပုံစံမျိုးနှင့် အပြင်ထွက် သွားလာနေသည်ကို သူ ဘယ်တော့မှ လက်ခံခွင့်လွှတ်ပေးမည် မဟုတ်ပေ။

"မင်း ဆန္ဒပြနေတာကို ကိုယ် မသိသလို ဟန်ဆောင်နေလိုက်မယ်။ဒါကြောင့် ကိုယ်နဲ့ လိုက်ခဲ့။"

"ဒီနေ့ ကျွန်မတို့က ကျောင်းဆောက်မဲ့ နေရာကို သွားကြည့်ရမှာလေ။"

"မင်း အဲ့ဒီကိစ္စကို နေးလ်နဲ့ လွှဲထားလိုက်။"

နေးလ်သည် ပိုများလာသော ကိစ္စများကြောင့် အလွန် စိတ်ပျက်နေပြီ ဖြစ်သည့်တိုင် ဆိုဗက်စ်စတာက လုံးဝ ဂရုမထားပါချေ။

သူက အိုဖီလီယာ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

"ဘာမှ ထပ်မပြောဘဲ ကိုယ်ခေါ်တဲ့နောက်ကိုသာ လိုက်ခဲ့။"

အိုဖီလီယာမှာ မူးဝေစွာဖြင့် ဆိုဗက်စ်စတာကို ကြည့်နေမိသည်။ပိုက်ဆံက အရောင်အဆင်းကို တောက်ပစေသည်ဟု သူမ တွေးနေမိသည်။

*

မဒမ်အယ်လာမှာ လာလည်သော ဧည့်သည်များကို ကြိုဆိုရင်း အလုပ်များနေခဲ့သည်။အမှန်တွင် သူမ စိတ်နှင့် ကိုယ် မကပ်ဟု ဆိုပါက ပို၍ မှန်လိမ့်မည်။

အမှန်ပင် ဖြစ်ပေ၏။ သူမနှင့် တွေ့ဆုံနေသော သူမှာ 'အဲ့ဒီ' အိုဖီလီယာ ရိုင်ဇန် ဖြစ်လေသည်။

"ဒါ ...ဒါလေးကရော ဘယ်လိုနေပါသလဲ။ဒါလေးက ဒီရာသီကမှ အသစ်ထုတ်ထားတာ ဖြစ်ပြီးတော့ မဒမ်နဲ့ဆို အရမ်းကြည့်ကောင်းမယ်လို့ ကျွန်မ ထင်ပါတယ်။"

အယ်လာသည် ခယဝယဖြင့် အိုဖီလီယာကို ပြောလိုက်သည်။အိုဖီလီယာကတော့ အယ်လာဆီ တစ်ချက်သာ ကြည့်လာ၏။

ဟစ်

အယ်လာသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူမ၏ ပခုံးများကို တွန့်လိုက်သည်။

ငါ ဒီမျက်နှာကို ကြောက်တယ်။

ဒီလို ကြည့်နေတာကိုလဲ ကြောက်တယ်လို့။

အိုဖီလီယာက သူမကို ဘယ်အချိန်တွင် မည်သို့မည်ပုံ အပြစ်ပေးလာမည်ကို သူမ မသိနိုင်ပေ။အယ်လာသည် အသက်လုရှူလိုက်ရပြီး ထွက်ကျမတတ် ဖြစ်နေသည့် နှလုံးသားကို ဖိထားလိုက်ရသည်။လက်ရှိ အခြေအနေမှာ ငရဲကျနေသလိုပင်။သို့သော် ရောင်းရမည့်ကိစ္စကို တွေးလိုက်လျှင်ဖြင့် ကောင်းကင်ဘုံအလား။

ရိုင်ဇန်ဇနီးမောင်နှံက တစ်ခုခု ဝယ်မည်ဟု ဆိုလာလျှင် ရွှေဒင်္ဂါး ရာနှင့်ချီ၍ သုံးစွဲတတ်သည်။၎င်းမှာ ထီဆုကြီး ပေါက်သလိုပင်။ထို့ကြောင့် အယ်လာမှာ ဖော်ရွေသော အပြုံးလေးဖြင့် အိုဖီလီယာကို မျက်နှာချင်းဆိုင်နေရလေသည်။ငွေမျက်နှာက အကြောက်တရားကို ကျော်လွှားနိုင်စေသည်။အိုဖီလီယာသည် တဖြည်းဖြည်း လှည့်ပတ်ကြည့်လိုက်ပါ၏။

သူမသည် အဝတ်များ ချွတ်ထားသော လူပုံစံအရုပ်များကို မြင်နေရသည်။၎င်းတို့၏ ဘေးတွင် တောင်ပို့တစ်ခုကဲ့သို့ အပုံလိုက် ဖြစ်နေသော အဝတ်အစားများကို မြင်ရသည်။၎င်းတို့မှ ယခုပင် ဆိုဗက်စ်စတာ ဝယ်လိုက်သော ဝတ်စုံများ ဖြစ်ပါသည်။

အား ...အရမ်းများတာပဲ။

သူမကဲ့သို့ သာမန်ပြည်သူလေးတစ်ယောက်အတွက် အလွန်တန်ဖိုးကြီးသော အဝတ်အစားများကို တစ်ကြိမ်တည်းနှင့် အများကြီး ဝယ်ချပစ်လိုက်သည်က ရင်ကွဲပက်လက် ဖြစ်စရာကောင်းလှသည်။

သို့သော် ဆိုဗက်စ်စတာက ...

"မင်း ဘာလုပ်နေတာလဲ။ဒီမှာ ရွေးစရာလဲ ဘာမှ မရှိတော့ဘူး။"

သူက ထိုသို့ ထိုင်ကြည့်နေ၏။

ကျစ်

သူမ ထပ်ပြီး မဝယ်ချင်တော့ပေ။သို့သော် သူကတော့ လျှောက်ကြည့်နေပြီး ထပ်ဝယ်ချင်နေသေးသည်။

သူက ဒီလိုမျိုး ကိုးလို့ကန့်လန့်တွေ လုပ်လေ့မရှိပါဘူး။

အိုဖီလီယာမှာ နှာခေါင်းရှုတ်လိုက်မိသည်။

"ဒါဆို နင်ပြောနေတဲ့ဟာပဲ ငါ့ကို ပေးလိုက်ပါ။"

"ဟုတ်ကဲ့။ကျွန်မ ဒီဝတ်စုံကို မဒမ့်ရဲ့ ကိုယ်တိုင်းနဲ့ ပြန်ပြင်ပေးပါ့မယ်ရှင်။"

"အင်း၊ပြီးတော့ နောက်တစ်ခုက ..."

ထိုအချိန်တွင် တစ်စုံတစ်ခုက အိုဖီလီယာ၏ အမြင်အာရုံထဲသို့ ဝင်လာခဲ့သည်။အပြင်ဖက်တွင် ကောင်လေးတစ်ယောက် ထိုင်နေသည်ကို လိုက်ကာများကို ဖြတ်၍ သူမ မြင်လိုက်ရသည်။သူမ ဒီနေရာကို စပြီး ရောက်လာစဥ်ကတည်းက ထိုကလေးသည် ဆိုင်အပြင်ဖက်တွင် ရှိနေခြင်း ဖြစ်သည်။လိမ္မော်ရောင် ဆံပင်နှင့် ကောင်လေးသည် ဆိုင်အတွင်းသို့ ငေးကြည့်နေပြီး သစ်ကိုင်းတစ်ခုဖြင့် ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ရာကို ရေးခြစ်နေလေသည်။

ဒီလောက် အေးနေတာကို နင်က အပြင်မှာ ထိုင်ပြီး ဘာတွေ လုပ်နေတာလဲ။

ရုတ်တရက် အိုဖီလီယာမှာ သိချင်စိတ် ပြင်းပြလာခဲ့သည်။သူမက အဝတ်အစားဝယ်ရသည်ကို ပင်ပန်းနေ၍ ထိုသို့ လုပ်မိခြင်း မဟုတ်ပေ။

"အဲ့ဒီကလေးက ဘယ်သူလဲ။"

အိုဖီလီယာက မေးလိုက်သဖြင့် အယ်လာမှာ ကမန်းကတမ်း ပြန်ဖြေလိုက်သည်။

"အိုး၊အဲ့ဒီကလေး မနက်ထဲက အပြင်မှာ ထိုင်နေတာပါ။သူ့ကို ထွက်သွားဖို့ ကျွန်မ ပြောပေမဲ့ သူက မသွားဘူးရှင်။မဒမ် သွားကြည့်ချင်လို့လား။စီးပွားရေးလုပ်နေတဲ့အပေါ် သူက ဆွဲငင်နေတော့တာပဲ။"

သူ မနက်ထဲက ထိုင်နေတာလား။

အိုဖီလီယာမှာ ပိုသိချင်လာ၏။

"မဒမ် ဘယ်ကို သွားမလို့ပါလဲ။"

"အိုဖီလီယာ!"

အယ်လာနှင့် ဆိုဗက်စ်စတာကို အတိုက်အခံပြု၍ အိုဖီလီယာ အပြင် ထွက်လာခဲ့သည်။ထို့နောက် သူမက ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ရာ လျှောက်ခြစ်နေသော ကလေးဆီသို့ ချဥ်းကပ်သွားလိုက်သည်။

"နင် ဘာတွေလုပ်နေတာလဲ။"

အိုဖီလီယာ၏စကားသံကို ကြားရသဖြင့် ကလေးက ခေါင်းမော့ကြည့်လာသည်။ထို့နောက် သူက အိုဖီလီယာကို ပြုံးပြသည်။

"ရွှေဒင်္ဂါး ၃၂၅ပြား"

"ဟင်"

"မဒမ် ဝယ်လိုက်တဲ့ ဝတ်စုံတွေရဲ့ စုစုပေါင်း ကုန်ကျငွေပါ။"


TK Team
++++++++