Chapter 37
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၇)


"ဘယ်သူလဲ။"



"ရိုင်ဇန်မြို့စားကြီးနဲ့ မြို့စားကြီးကတော်တို့ လား။"



"ဘာ၊ဒါဆို အဲ့ဒီမိန်းမက သူနဲ့အတူ လာခဲ့တာပေါ့ ဟုတ်လား။"



"အိုဖီလီယာ ရိုင်ဇန် ဒီနေရာကို ရောက်နေပြီ။"



အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။



လူများမှာ စိတ်လှုပ်ရှားသွားကြသည်။'အဲ့ဒီ' အိုဖီလီယာ ရိုင်ဇန်က သည်နေရာ ရောက်လာခြင်းကြောင့် ဖြစ်လေသည်။မြို့စားမင်းကြီးနှင့် အိုဖီလီယာတို့ကြားမှ ဆက်ဆံရေးအကြောင်းကို လူတိုင်း သိကြသည်။



အိုဖီလီယာသည် မြို့စားမင်းကြီးကတော်ကို 'ရှင်က ကြွက် မစားတဲ့ ဆန်စေ့နဲ့ တူတယ်' ဟု ပြောခဲ့ပြီးနောက် မြို့စားမင်းကြီးကတော်မှာ လည်ကုပ်ကို ကိုင်၍ မေ့လဲသွားခဲ့သည်။ထိုသို့ ဖြစ်ခဲ့သည့်တိုင် မြို့စားကြီးရိုင်ဇန်မှာ ခေါင်းငုံ့မခံခဲ့ဟု လူတိုင်း သိကြသည်။အိုဖီလီယာကလည်း တောင်းပန်ခြင်းပင် မပြုခဲ့သောကြောင့် ရလဒ်အနေဖြင့် မြို့စားမင်းကြီးကတော်နှင့် အိုဖီလီယာမှာ မသင့်မြတ်ကြတော့ပေ။



အဲ့ဒီ အိုဖီလီယာက ဒီနေရာကို ရောက်လာခဲ့တာလား။



မြို့စားမင်းကြီးကတော်က သူမကို ဖိတ်ကြားစာ ပို့ခဲ့တယ်လား။



ဒါ မဖြစ်နိုင်ဘူးလေ။



လူအချို့မှာ ဂိတ်တံခါးအစောင့်ရှိရာသို့ အပြေးအလွှား သွားကြပြီး အိုဖီလီယာ၏ ဖိတ်ကြားစာကို စစ်ဆေးကြည့်ကြသည်။ထို့နောက် သူတို့ ဤသို့ တွေ့ရှိခဲ့သည်။



"သူမက ကောင့်မြို့စားကတော်ကာဒယ်လ်ဆီက ဖိတ်ကြားစာ ရလာတာပဲ။"



"သူမက ဒါကို လုယက်လာတာလား။"



"သူမ ခိုးယူလာခဲ့တာလား။"



"နှစ်ခုလုံး ဖြစ်နိုင်တယ်။"



သူတို့ မှန်ပေသည်။၎င်းကို ခိုးလာခဲ့ခြင်းဖြစ်ပါသည်။ဆိုဗက်စ်စတာ၏ လက်ချက် ဖြစ်ပါ၏။



သို့တိုင် လူတိုင်းမှာ အိုဖီလီယာ လုပ်သည်ဟုသာ ထင်ကြသည်။သူမ၏ နာမည်ဆိုးမှာ မြို့စားကြီးဆိုဗက်စ်စတာ ရိုင်ဇန်ထက်ပင် ပို၍ နာမည်ကျော်ကြားလှပါ၏။ထို့အပြင် သူတို့သည် မြို့စားကြီး ဆိုဗက်စ်စတာကို ပေါ်ပေါ်ထင်ထင် ဆဲရေးခြင်း မပြုရဲကြပေ။ဥပမာအားဖြင့် သူတို့ တစ်စုံတစ်ခု ပြုလုပ်သည်ကို အိုဖီလီယာက ဖမ်းမိသွားလျှင် သူတို့ အရိုက်ခံလိုက်ရရုံဖြင့်သာ ပြီးဆုံးသွားလိမ့်မည်။သို့တိုင် သူတို့၏လုပ်ရပ်ကို မြို့စားကြီး ဆိုဗက်စ်စတာသာ မိသွားမည်ဆိုပါက သေဒဏ်ကျမည် ဖြစ်ပါ၏။



ထို့ကြောင့် လူများသည် အိုဖီလီယာကိုသာ ဆဲရေးပြစ်တင်ကြသည်။၎င်းက ပို၍ အဆင်ပြေလွယ်ကူ၍ပင်။



ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမ၊ ယုတ်မာရိုင်းစိုင်းတဲ့ မိန်းမ၊အရှက်မရှိတဲ့ မိန်းမ စသဖြင့်။



ထိုစကားများမှာ တီးတိုးကပ်ပြောခြင်းမဟုတ်ဘဲ မသိမသာ ပြောဆိုနေကြခြင်းသာ ဖြစ်ရာ အိုဖီလီယာမှာ ပြောသမျှအားလုံးကို ကြားနေရလေသည်။



ထိုအခါ သူမ တွေးလိုက်သည်။



ခွေးတွေ ဟောင်နေတယ်။



သူမ၏ နားရွက်ကို ပွတ်သပ်လိုက်သည်။လူတွေ မည်မျှပင် ဆဲဆိုကြိမ်းမောင်းသည်ဖြစ်စေ အရေးမပါပေ။သူမက ထိုလုပ်ရပ်များကို အမှန်တကယ် ပြုလုပ်ခဲ့သူ မဟုတ်ပေ။သူမ ဤခန္ဓာထဲသို့ ကူးပြောင်းမလာခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် ဆဲဆိုခံနေရခြင်း ဖြစ်ရာ မည်သို့ပင် ဖြစ်စေကာမူ သူမ စိတ်ပျက် ဒေါသဖြစ်ခြင်း မဖြစ်ခဲ့ပေ။



ထို့ကြောင့် အိုဖီလီယာမှာ တည်ငြိမ်နေမြဲ ဖြစ်သည်။မရေမတွက်နိုင်သော စကားကြမ်းကြမ်းများ ကြားတွင် သူမသည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ရပ်တည်နေခဲ့သည်။



သူမ၏ ပခုံးများမှာ စိုးရိမ်သောက တစ်စုံတစ်ရာ မရှိဘဲ အလွန် ယုံကြည်မှုရှိနေဟန်ဖြင့် ခိုင်မာဖြောင့်တန်းနေသည်။သူမ၏ခါးမှာ တစ်ကြိမ်မှ ကိုင်းညွှတ်ဖူးခြင်း မရှိသကဲ့သို့ ဖြောင့်မတ်နေသည်။သူမ၏ ချောမွေ့သော မျက်နှာတွင် အမူအရာ တစ်ခုတစ်လေပင် မရှိဘဲ အေးဆေးတည်ငြိမ်နေလေသည်။သူမသည် တည်ငြိမ်အေးချမ်းလှသော ရေကန်ထဲတွင် တစ်ကောင်တည်း မျောပါနေသော ငန်းတစ်ကောင်နှင့် တူ၏။



ထို့ကြောင့် လူများက ပို၍ ဒေါသဖြစ်လာကြသည်။သူတို့၏စကားများကို အိုဖီလီယာကို အထိနာစေခြင်း မဖြစ်နိုင်၍ပင်။ထို့ကြောင့် သူတို့၏ စကားသံများမှာ ပိုမို ကျယ်လောင်လာပြီး လျစ်လျူရှု၍ နေနေသော ဆိုဗက်စ်စတာ၏ နားထဲအထိပင် ရောက်လာတော့သည်။ဆိုဗက်စ်စတာက အိုဖီလီယာကို ငုံ့ကြည့်လိုက်လေသည်။



"မင်း သူတို့ကို သွားမရိုက်ဘူးလား။"



"ကျွန်မ လူတွေကို ထပ်မရိုက်တော့ဘူး ဆိုပြီး ရှင့်ကို ပြောခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူးလို့ ထင်တာပဲ။"



"မင်း လေးခါပဲ ပြောခဲ့တာပါ။"



"ဒါဆို ငါးခါ ပြည့်အောင် ကျွန်မ တစ်ခါ ထပ်ပြောပေးဦးမယ်။ကျွန်မ သူတို့ကို မရိုက်တော့ဘူး။"



အိုဖီလီယာ၏ စိတ်ပိုင်းဖြတ်ထားမှုကြောင့် ဆိုဗက်စ်စတာ၏ ပခုံးများ မြင့်တက်သွားတော့သည်။



"မင်းသဘောပါ။အပြစ်ပြောခံနေရတာက မင်းပဲလေ၊ကိုယ်မှ မဟုတ်တာ။"



"ငတုံး လိုပဲ။"



"မင်းပြောတာ ကိုယ်ကြားတယ်။မင်း ပိုပြီး ကျယ်ကျယ် ပြောလေ။"



အိုဖီလီယာသည် တဒုတ်ဒုတ် ရင်ခုန်သံနှင့်အတူ ခေါင်းကို လှည့်လိုက်သည်။ထို့နောက် သူမအပေါ် ဆဲဆို ပြစ်တင်နေသော လူများကို တစ်ယောက်ချင်းစီ လိုက်ကြည့်နေခဲ့သည်။ထိုသူများမှ တစ်ခုခု ဖြစ်သွားသည့်အတိုင်း ပါးစပ်ပင် မဖွင့်နိုင်ကြတော့ပေ။



သို့သော် ဤနေရာမှာ မြို့စားမင်းကြီး၏ နယ်မြေ ဖြစ်သည်။ ဤနေရာမှာ မြို့စားမင်းကြီးကတော်၏ ဩဇာအာဏာက မြို့စားကြီးကတော်ထက် ပို၍ ပြင်းထန်သော နေရာဖြစ်သည်။ထို့အပြင် မြို့စားမင်းကြီးကတော်နှင့် အိုဖီလီယာတို့က မသင့်မြတ်ကြပေ။အကယ်၍ အိုဖီလီယာသာ သည်နေရာတွင် ကိုယ့်ဒုက္ခ ကိုယ် လာရှာပါက မြို့စားမင်းကြီးကတော် ထွက်လာပြီး သူမကို အပြစ်ပေးလိမ့်မည်။ထို့ကြောင့် လူများက အိုဖီလီယာကို ပြင်းပြင်းထန်ထန် ဆဲဆိုကြိမ်းမောင်းနေကြခြင်း ဖြစ်၏။



သူမကလည်း ယခုအချိန်မှ လွဲ၍ သူမတွင် အခွင့်အရေး မရနိုင်ကြောင်း သိနေသောကြောင့် ဖြစ်သည်။ 



မူးယစ်ဆေးလိုပဲ။



အိုဖီလီယာသည် လူများ၏ မျက်နှာများကို သူမ၏မျက်လုံးများဖြင့် ကြည့်ရင်း ရေရွတ်လိုက်သည်။သူမ တစ်ယောက်ကိုမှ မမေ့ပေ။သူတို့ကို နောက်မှ အဆတစ်ရာ ပြန်ပြီး ပေးဆပ်ခိုင်းရမည်။အိုဖီလီယာက ထိုသို့ တွေးလိုက်ပြီး ဆိုဗက်စ်စတာ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်လေသည်။



"ရှင်က မြို့စားမင်းကြီးကို လာတွေ့တာ မဟုတ်လား။"



"အင်း"



"ဒါဆို ကျွန်မတို့ အတူသွားရအောင်။ကျွန်မလဲ လုပ်စရာလေး ရှိတယ်။ခန်းမအပြင်ဖက်ကို ထွက်ပြီး စောင့်မနေချင်ဘူး။"



"ဘာဖြစ်လို့လဲ၊မင်း ဒီမှာ ဆက်နေရင် သူတို့ကို ရိုက်မိတော့မယ်လို့ တွေးမိသွားလို့လား။"



"ကျွန်မ ခြောက်ကြိမ်မြောက် ထပ်ပြောဦးမယ်။ကျွန်မ ဘယ်သူ့ကိုမှ မရိုက်တော့ဘူးလို့။"



အိုဖီလီယာ သက်ပြင်းချလိုက်မိသည်။ထို့နောက် သူမက ပခုံးတွန့်လိုက်ပြီး အသံကို မြှင့်လိုက်သည်။



"ဒါက ဒီတိုင်း ကျွန်မ ဆက်နေလိုက်ရင် သူတို့ရဲ့ နှလုံးသားထဲကို ကျိန်စာ တိုက်မိတော့မှာမို့လို့လေ။"



သူမသည် လူတိုင်း ကြားနိုင်လောက်သည့် အသံဖြင့် ပြောလိုက်သည်။



"ရှင်လဲ သိပါတယ်။ကျွန်မရဲ့ ကျိန်စာက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို။"



ဟစ်



ထိုအချိန်၌ လူများသည် ဘာတစ်ခုမှ မပြောကြတော့ပေ။သူတို့၏ မျက်လုံးများကို ကြည့်လိုက်ချိန်၌ သူတို့ကို အိုဖီလီယာက ကျိန်စာတိုက်လေမလားဟု ကြောက်ရွံ့နေမှု တစ်စွန်းတစ်စကို မြင်လိုက်ရသည်။ယခုတွင် အိုဖီလီယာသည် မှော်နက်ကို အသုံးမပြုနိုင်ပေ။သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအကြောင်းကို မသိလေရာ သူမ ထိုသို့ ခြိမ်းခြောက်၍ ရလေသည်။



"ကျွန်မ အမှတ်တမဲ့နဲ့ ကျိန်စာ မတိုက်မိခင် ဒီလို ဆူညံတဲ့နေရာမျိုးက ထွက်သွားမှ ရမယ်။တစ်ခါတစ်လေ ကျွန်မကိုယ် ကျွန်မ ထိန်းချုပ်လို့ရတာ မဟုတ်ဘူး။"



ဖြည်းဖြည်းချင်း



လူများသည် အိုဖီလီယာ၏ အဝေးသို့ ထွက်ခွာသွားကြသည်။ထိုအခါမှက အချိန်ကြာသည်အထိ ပေါက်ပေါက်ဖောက်နေသော စကားများက ရပ်တန့်သွားလေသည်။အိုဖီလီယာက သူတို့ကို ကြည့်ပြီး ရယ်မောလိုက်သည်။



ယုတ်မာလိုက်တဲ့လူတွေ ။နင်တို့က ကြောက်တတ်သေးတယ်ပေါ့။



*



မြို့စားမင်းကြီးမှာ ခန်းမထဲသို့ ခဏမျှသာ ထွက်လာပြီး မျက်နှာပြပြီးနောက် အလျင်အမြန် ပြန်သွားခဲ့သည်ဟု ပြောနေကြသည်။၎င်းမှာ သူ၏ ကျန်းမာရေးအပေါ် အလွန်အကျွံ စိုးရိမ်ပူပန်တတ်မှုကြောင့် ဖြစ်လေသည်။



မြို့စားမင်းကြီး ငယ်ရွယ်စဥ်က အနောက်ပိုင်းနယ်မြေတွင် စစ်တိုက် ထွက်ခဲ့သည်။ထိုစဥ်က အနောက်ပိုင်းနယ်မြေတွင် ကူးစက်ရောဂါ တစ်ခုက ပြန့်ပွားလျက်ရှိရာ သူ့မှာ ကူးစက်ရောဂါကြောင့် သေလုမျောပါး နာမကျန်းဖြစ်ခဲ့ရသည်။ထိုသို့ ဖြစ်ပြီးနောက်ပိုင်း သေခါနီးဆဲဆဲမှ ပြန်လည် နာလန်ထူလာပြီးနောက် သူသည် ကျန်းမာရေးအပေါ် အလွန်အကျွံ စိုးရိမ်ပူပန်တတ်ခဲ့လေသည်။



အလွန်ပင် ရယ်စရာကောင်းလှပါ၏။



သို့သော်လည်း မြို့စားမင်းကြီး၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးအဆင့်အတန်းကြောင့် သူ့ကို မည်သူကမှ မျက်ကွယ်မပြုရဲကြပေ။မြို့စားမင်းကြီးသည် သူ့အတွက် ကောင်းသည့် အရာများဖြင့်သာ နေထိုင်ပြီး သူ့အတွက် မကောင်းဟု ထင်သည့် အရာတိုင်းကို ငြင်းပယ်တတ်သည်။ယနေ့ကဲ့သို့ လူအများအပြား စုဝေးရာ နေရာကိုလည်း ရှောင်ကြဥ်တတ်၏။



ရောဂါတစ်ခုခု ရှိကောင်း ရှိနေနိုင်သည့် လူများနှင့် တွေ့ဆုံဖို့မှာ သူ့အတွက် ခက်ခဲလှသည်။ထို့ကြောင့် မြို့စားမင်းကြီးနှင့် တွေ့ဆုံနိုင်ဖို့ရာ အလွန်ခက်ခဲသည်ဟု ကျွန်မ ကြားခဲ့သည်။



သို့သော် ဆိုဗက်စ်စတာအတွက်မူ ထိုသို့ မဟုတ်ချေ။သူ့ကို မြို့စားမင်းကြီးက အမြဲလိုလို ဖိတ်ခေါ်တတ်သည်။မြို့စားမင်းကြီး စိတ်အေးချမ်းစွာဖြင့် တွေ့ဆုံနိုင်သော လူနည်းစုထဲတွင် သူ အပါအဝင် ဖြစ်သည်။



"အိုး ၊ မင်း လာပြီပဲ။"



ပန်းချီခန်းထဲသို့ သူဝင်လာသည်နှင့် မြို့စားမင်းကြီးက ဆိုဗက်စ်စတာကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။ဆိုဗက်စ်စတာက ဟယ်လိုဟု ပြောလိုက်ပြီး သူ့လက်ကို ပေါ့ပါးစွာ မြှောက်လိုက်သည်။



"မတွေ့ရတာ ကြာပါပြီ။ခင်ဗျား ဘယ်လိုနေလဲ။"



"သေချာတာပေါ့။ငါက အမြဲတမ်း အတူတူပါပဲ။အာ မဟုတ်ဘူး။သိပ်မကြာခင်က အစေခံတစ်ယောက် အအေးမိနေသေးတယ်။ဒါကြောင့် ငါလဲ အဖျားကူးမှာစိုးလို့ တစ်ချိန်လုံး အခန်းထဲ အောင်းနေလိုက်ရသေးတယ်။ဒါကို တွေးမိမှ မင်းလဲ အအေးမိသေးတယ်ဆို။အခုရော ပြန်ကောင်းသွားပြီလား။"



မြို့စားမင်းကြီးက ထိုသို့ ပြောလိုက်ပြီး ဆိုဗက်စ်စတာ၏ အသားအရောင်ကို စစ်ဆေးကြည့်နေ၏။ ဆိုဗက်စ်စတာသည် ကြည်လင်သော မျက်နှာဖြင့် ပြုံးပြလိုက်သည်။

"ခင်ဗျား မြင်တဲ့အတိုင်းပါပဲ။ကျွန်တော် နေကောင်းပါတယ်။စိုးရိမ်နေဖို့ မလိုပါဘူး။"



"မင်း နေကောင်းသွားလို့ ငါ ဝမ်းသာပါတယ်ကွာ။"



မြို့စားမင်းကြီးသည် အမှန်တကယ် ဝမ်းသာနေသော အမူအရာဖြင့် အားရပါးရ ပြုံးနေလေသည်။ထို့နောက် သူက ဆိုဗက်စ်စတာ၏ နောက်ဖက်တွင် ရပ်နေသော အိုဖီလီယာကို မြင်သွားသည်။ထိုအခိုက်အတန့်တွင် မြို့စားမင်းကြီး၏မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားတော့သည်။ 



"ဒါပေမဲ့ ..."



မြို့စားမင်းကြီးက မျက်မှောင်ကြုတ်၍ ပြောသည်။



"မြို့စားကြီးကတော်က ငါတို့နဲ့အတူ ဒီနေရာမှာ ရှိနေပါလား။"



သူက အိုဖီလီယာကို မုန်းတီးကြောင်း မည်သူမဆို ပြောနိုင်လေသည်။



သို့သော် အိုဖီလီယာက ပြုံးလိုက်ပြီး သူမ၏ဂါဝန်ကို ဆုပ်ကိုင်လျက် သိမ်မွေ့စွာဖြင့် ဒူးကို ကွေးညွှတ်လိုက်လေသည်။



"မတွေ့ရတာ ကြာပါပြီ အရှင်မြို့စားမင်းကြီး ရှင့် ။ဘယ်လို နေပါသလဲ။"



"အဟမ်း"



မြို့စားမင်းကြီးသည် သူမ နှုတ်ဆက်သည်ကိုပင် လက်မခံခဲ့ပေ။သူက ခေါင်းကို လှည့်လိုက်ပြီး ချောင်း အနည်းငယ် ဟန့်လိုက်သည်။



စည်းကမ်းတင်းကြပ်တဲ့ လူအိုကြီးနဲ့ တူလိုက်တာ။



အိုဖီလီယာသည် အတွေးထဲတွင် ညည်းညူလိုက်သည့်တိုင် ဘာမှ ထုတ်မပြောခဲ့ပေ။သူမက ပြုံးလျက်သားဖြင့် မြို့စားမင်းကြီးကို ကြည့်နေခဲ့သည်။



"ငါက မြို့စားကြီး တစ်ယောက်ထဲ လာမယ်လို့ ထင်ထားတာ။"



၎င်းက ထူးဆန်းသော လှည့်ကွက်တစ်ခုပါသည့် စကားဖြစ်လေသည်။ဆိုဗက်စ်စတာက ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။



"ကျွန်တော်လဲ ဒီလို လုပ်မလို့ပါပဲ။ဒါပေမဲ့ ကျွန်တော် သိတဲ့ တစ်စုံတစ်ယောက်က အရှင်မြို့စားမင်းကြီးကို တစ်စုံတစ်ရာ ပေးဖို့ ရှိပါသတဲ့ ခင်ဗျာ။"



ဆိုဗက်စ်စတာက အိုဖီလီယာကို ငုံ့ကြည့်ပြီး ပြောသည်။



"မှန်ရဲ့လား"



"ဟုတ်ကဲ့၊အမှန်ပါပဲ ရှင်။"



အိုဖီလီယာက လက်ခုပ်တီးလိုက်သည်။ထိုအခါ မြို့စားမင်းကြီး၏အသံက ဒေါသတကြီးနှင့် ထွက်ပေါ်လာလေသည်။



"အရင်တစ်ခါကလို မင်း ငါ့အပေါ် စနောက်တာမျိုး ထပ်လုပ်ရင် ငါ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။"



သူ့မှာ ကြောက်စရာကောင်းသော အသံရှိသည်။အိုဖီလီယာမှာ တံတွေး မြိုချလိုက်မိ၏။ထို့နောက် သူမက မြို့စားမင်းကြီးအနားသို့ တစ်လှမ်း တိုးကပ်လိုက်လေသည်။



"ကျွန်မ အရင်တစ်ခါ လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်ရှင့်။"



"ဘာ"



"ကျွန်မက မရင့်ကျက်ခဲ့လို့ပါ။ကျွန်မက အရှင် မြို့စားမင်းကြီးကို အရမ်းသဘောကျတာကြောင့် ပိုပြီး ရင်းနှီးချင်တာနဲ့ပဲ စနောက်ချင်စိတ် ဖြစ်သွားရတာပါ။ကျွန်မ တောင်းပန်ပါတယ်ရှင်။"



မြို့စားမင်းကြီးမှာ ရှက်သွားရ၏။သူက အိုဖီလီယာ တောင်းပန်လာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။သူမသည် ဆားများနှင့် လှည့်ကွက်လေးတစ်ခု ကစားပြီးသည့်တိုင် အဆုံးအထိ ဆောရီး တစ်ခုပင် မပြောခဲ့သော မိန်းမတစ်ယောက် ဖြစ်သည်။သို့သော် ဤသို့ စိတ်ရင်းနှင့် တောင်းပန်လာမှုက အဘယ်ကြောင့်နည်း။



မြို့စားမင်းကြီးမှာ အမှန်တကယ်ပင် အံ့ဩသွားရပါ၏။



"ဒါကြောင့်မို့လို့ ကျွန်မရဲ့တောင်းပန်မှုအပြည့်နဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်ရှင်။"



အိုဖီလီယာက ထိုသို့ ပြောလိုက်ပြီး မြို့စားမင်းကြီးကို ကြည့်နေလိုက်သည်။



ထို့နောက် သူမက အိုင်ရင်းကိုင်ထားသော သေတ္တာကို လှမ်းယူလိုက်ပြီး မြို့စားမင်းကြီးထံ ကမ်းပေးလိုက်သည်။



"ဒါက နဂါးလက်သည်းပါ။"



"ဘာ!"



မြို့စားမင်းကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ထို့အပြင် ဆိုဗက်စ်စတာမှာလည်း အတူတူပင် ဖြစ်သည်။နဂါးလက်သည်းဖြင့် ပြုလုပ်ထားသော ဆေးရည်သည် ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်သည်ဟု အလွန် နာမည်ကျော်ကြားသည်။သို့သော် ၎င်းကို ရရှိနိုင်ဖို့မှာ မိုးပေါ်က ကြယ်ကို ခူးဆွတ်ရသည်နှင့် အလားတူပေသည်။



"ဘ ...ဘယ်လိုလုပ်ပြီး ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ အရာက !"



မြို့စားမင်းကြီးသည် အလွန် စိတ်လှုပ်ရှားနေရာ သွေးများ ဆောင့်တိုးလာသည်ဟုပင် ခံစားနေရသည်။



"ကျွန်မလဲ အံ့ဩမိပါရဲ့။"



သူ့ကို စောင့်ကြည့်နေသော အိုဖီလီယာ၏ နှုတ်ခမ်းများမှာ စောင်းပါးရိပ်ခြည် ပြောချင်သည့်ဟန်ဖြင့် ပွင့်ဟလာသည်။



"ကျွန်မ ဒါကို ဘယ်လို ရလာပါလိမ့်။"



TK Team
++++++++