ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၄၄)
"ရှင် တော်ဝင်မိသားစုကို သစ္စာစောင့်သိကြောင်း ပြလိုက်ဖို့ပဲ လိုပါတယ်၊ဟုတ်တယ်မလား။"
"ဘာ"
ဆိုဗက်စ်စတာမှာ ကြက်သေသေသွား၏။သူမထံမှ ဆီလျော်သော အကြောင်းပြချက်တစ်ခု ထွက်လာမည်ဟု ထင်နေခဲ့သည်။သို့သော်
ဘာကြီးလဲ။တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိတဲ့ ကိစ္စကို ဖော်ပြရမယ်ဆိုတာက။ဒါက ဘယ်လိုမျိုးလဲကွာ။
"မင်း စိတ်လွတ်သွားပြီပဲ။တကယ်ကို ရူးနေတာပဲကွ။မင်းကို ရူးနေပြီလို့ ပြောရတာနဲ့တင် မလုံလောက်သေးဘူး။ဒီထက် ပိုဆိုးတာ ဘာများ ရှိသေးလို့လဲ။"
ဆိုဗက်စ်စတာက အော်ဟစ်လိုက်ပြီး အခန်းထဲတွင် ဟိုဘက်သည်ဘက် လမ်းလျှောက်နေလေသည်။သို့တိုင် အိုဖီလီယာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။သူမက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလာသည်။
"ကျွန်မ ပြောပြတာကို နားထောင်ကြည့်"
ဆိုဗက်စ်စတာ၏မျက်လုံးများက သူမရှိရာသို့ လှည့်ကြည့်လာသည်။
"ဧကရာဇ်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒက ဘာဆိုတာ ရှင်သိလား။"
"တော်ဝင်မိသားစုရဲ့ ဩဇာအာဏာကို ခိုင်မာတောင့်တင်းအောင် လုပ်ဖို့ပဲ ဖြစ်မှာပေါ့။"
အိုဖီလီယာ ခေါင်းငြိမ့်လိုက်သည်။
"အနာဂတ်မှာ တော်ဝင်မိသားစုက သူတို့ရဲ့ အာဏာကို ခိုင်မာတောင့်တင်းအောင်လုပ်ဖို့ တခြား ပိုင်နက်နယ်မြေတွေကို သိမ်းယူလာလိမ့်မယ်။"
၎င်းမှာ မူလဇာတ်ကြောင်းရှိ ဇာတ်ကွက်တစ်ခု ဖြစ်သည်။သူ့ထက် ဆိုးရွားသော သားတော်နှစ်ယောက်ထံ ထီးနန်းကို မလွှဲပြောင်းပေးခင်၌ ဧကရာဇ်သည် အချုပ်အခြာအာဏာကို ခိုင်မာတောင့်တင်းစေရန် သူ့၏ဩဇာလွှမ်းမိုးမှုကို အသုံးချလာခဲ့သည်။ထိုဖြစ်ရပ်မှာ များမကြာခင် ဖြစ်လာတော့မည် ဖြစ်၏၊
ထိုသို့ ဝေးဝေးလံလံအထိ တွေးခေါ်ပြီးနောက် အိုဖီလီယာသည် ဆိုဗက်စ်စတာကို တည့်တည့်ကြည့်လိုက်ပြီး ဆက်ပြောသည်။
"အင်အားကြီးမားလာတဲ့ တော်ဝင်မိသားစုက အင်အားတစ်ခု ရှိနေတဲ့အပြင် သူတို့ကို သစ္စာမခံတဲ့ အခြားမိသားစုတွေကို ပစ်မှတ်ထားပြီး တစ်ခုပြီး တစ်ခု ရှင်းထုတ်ပစ်ဖို့ ကြိုးပမ်းလာလိမ့်မယ်။"
"ကိုယ့်ရဲ့ မိသားစုက ဒီလို ခြိမ်းခြောက်လာတာကို မဟန့်တားနိုင်ဘူးလို့ မင်း ထင်နေတာလား။"
"ရှင့်အနေနဲ့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။"
အိုဖီလီယာက ဆက်ပြောသည်။
"တော်ဝင်မိသားစုမှာ ငွေကြေးနဲ့ အာဏာရှိတယ်။"
ဆိုဗက်စ်စတာမှာ ပါးစပ်ကို ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်မိပြီး တိတ်ဆိတ်စွာ နေလိုက်သည်။သူက သူ့မိသားစုကို ချစ်မြတ်နိုးသည်။သူ့ကိုယ်ပိုင်ခွန်အားဖြင့် တည်ဆောက်ခဲ့ရသော မိသားစုကို ပျက်စီးဆုံးရှုံးသွားစေလိုသော ရည်ရွယ်ချက် မရှိပေ။
အကယ်၍ ဧကရာဇ်ကသာ ထိုသို့ ပြုမူလာပါက စစ်ဖြစ်လျှင် ဖြစ်ရပါစေ သူ့မိသားစုကို ကာကွယ်ရပေမည်။ဆိုဗက်စ်စတာက ထိုသို့ လူမျိုးဖြစ်သည်။ဆိုဗက်စ်စတာက ဧကရာဇ်ကို တွေ့ဆုံချင်သည့်ကိစ္စမှာလည်း ထို့ကြောင့်သာ ဖြစ်သည်။ဧကရာဇ်က သု့မိသားစုအပေါ် မည်သို့ တန်ဖိုးဖြတ်သည်ကို သိရှိအောင် လုပ်၍ တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားနိုင်ရန် ဖြစ်သည်။အကယ်၍ အိုဖီလီယာ ပြောသည့်အတိုင်းသာ ဖြစ်မည်ဆိုလျှင် ၎င်းက ပြဿနာ အကြီးအကျယ် ဖြစ်လာနိုင်မည်ဟု သူ သိသွားလေသည်။
အခုချက်ချင်း ဖြစ်လာမည့် ပြဿနာ မဟုတ်သေးသည့်တိုင် ဧကရာဇ်တွင် အာဏာပိုရှိလာလျှင် ...
နောက်ပြန်ဆုတ်ဖို့က လွဲပြီး ရွေးချယ်စရာ မရှိဘူး။
ဆိုဗက်စ်စတာ အံကြိတ်ထားမိသည်။အိုဖီလီယာကတော့ သူ၏ တိတ်ဆိတ်နေမှုကို အေးဆေးစွာ စောင့်ဆိုင်းပေးနေပြီးမှ သတိထား၍ သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှင်က ဒုတိယမင်းသားကို ပံ့ပိုးပေးမှာ၊ဟုတ်ရဲ့လား။"
ဆိုဗက်စ်စတာ၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။
"ဒါကြောင့် ရှင် ဘာပဲ ပြောနေပါစေ အခုမှာတော့ ကျွန်မက တော်ဝင်မိသားစုအပေါ် သစ္စာရှိကြောင်း ပြဖို့ လုပ်ရမှာပဲ။အဲ့ဒီနောက်ပိုင်းမှ ဒုတိယမင်းသားကို ဧကရာဇ်ဖြစ်အောင် လုပ်ပေးပြီးမှ ဒီလမ်းကြောင်းပေါ်က လွတ်မြောက်လိမ့်မယ်။"
"ဒါပါပဲ"
အိုဖီလီယာ ပြုံးလိုက်သည်။
"ဒုတိယမင်းသားကို ပလ္လင်ပေါ် တင်ပေးလိုက်ရင် အလဲအလှယ်အနေနဲ့ ရှင်က အင်ပါယာလက်အောက်ကနေ တသီးတခြား ရပ်တည်နိုင်ခွင့်ကို တောင်းဆိုလို့ ရနိုင်လိမ့်မယ်။"
အိုဖီလီယာသည် မူလဇာတ်ကြောင်းရှိ ဖြစ်ရပ်များကို ပြန်တွေးကြည့်နေမိသည်။ဆိုဗက်စ်စတာအနေဖြင့် ဒုတိယမင်းသားကို မျက်စိစုံမှိတ်၍ ပံ့ပိုးကူညီနေရသည့် အကြောင်းရင်းများကို အပြည့်အစုံ ဖော်ပြထားခြင်း မရှိပေ။သို့သော် အကြောင်းပြချက် တစ်ခုကိုဖြင့် ဖော်ပြထားခဲ့သည်။
အင်ပါယာလက်အောက်မှ လွတ်မြောက်နိုင်ရန်
လက်ရှိ မြို့စားပိုင်နက်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော နိုင်ငံငယ်တစ်ခုအဖြစ် ပြောင်းပစ်နိုင်ရမည် ဆိုသော ရည်ရွယ်ချက် ဖြစ်သည်။ဆိုဗက်စ်စတာ၏စိတ်ဆန္ဒကို ကောင်းစွာ သတိထားမိသော အိုဖီလီယာက ဆိုဗက်စ်စတာကို မသိမသာ တွန်းအားပေးလိုက်သည်။
"ရှင်က ဒီလို မျှော်လင့်ထားတာ မဟုတ်ဘူးလား။"
"ဟား ..."
ဆိုဗက်စ်စတာက ရယ်မောလိုက်ပြီး သူ့ဆံပင်ကို သပ်တင်လိုက်သည်။
"မင်း သိနေမယ်လို့ ကိုယ် တကယ် ထင်မထားမိဘူး။"
သူက အိုဖီလီယာအနားသို့ တိုးကပ်လာ၏။ထို့နောက် သူက သူမ၏မေးစေ့ကို ဖျစ်ညှစ်လိုက်ပြီး အပေါ်ကို မော့ကြည့်စေလိုက်သည်။
"နိုင်ငံရေးကိစ္စတွေကို စိတ်ဝင်တစား မရှိဖူးတဲ့လူတစ်ယောက်က ဒီလောက်များတဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုနည်းနဲ့ ရလာသလဲဆိုတာ ကိုယ်တောင် မသိနိုင်ဘူးပဲ။"
"ကျွန်မက အရမ်းကိုမှ ပါးနပ်ချက်ချာလွန်းလို့လေ။"
"မင်းက ကိုယ်ရဲ့အစီအစဥ်တွေ အားလုံးကို သိနေလို့ ကိုယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီ။"
ဆိုဗက်စ်စတာက အိုဖီလီယာ၏မေးစေ့ပေါ်သို့ ကြမ်းတင်းစွာ ဆုပ်ကိုင်ထားသည့် လက်ကို ပို၍ ဖျစ်ညှစ်လိုက်ရင်း နဖူးကြောများကို တွန့်လိုက်သည်။
"စီစဥ်ထားတဲ့အတိုင်းသာ ဆက်လုပ်ချေ။"
သူက အံကြိတ်လိုက်ပြီး ပြောသည်။
"ကိုယ်က အဲ့ဒီ သောက်ဧကရာဇ်ရဲ့ မျက်နှာကို တွေ့ချင်နေတာကြောင့်ပဲ။"
*
အချိန်အတော်ကြာပြီးမှ အိုဖီလီယာ အနားရသဖြင့် ပျော်ရွှင်နေလေသည်။အလျင်စလိုဖြစ်နေသော ကိစ္စများအားလုံး ပြီးသွားပြီ ဖြစ်ရာ ကျောင်းဆောက်လုပ်ပြီးချိန်အထိ လုပ်စရာတစ်ခုမှ မရှိတော့ပေ။မြို့စားမင်းကြီးအိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကလည်း ရှိနေလေရာ လက်ရှိအချိန်တွင် တည်ငြိမ်အေးချမ်းစွာ နေသည်က ကောင်းလေသည်။
ထို့ကြောင့် အိုဖီလီယာသည် နောက်ကျမှ အိပ်ရာထပြီး သက်တောင့်သက်သာဖြစ်သော အဝတ်အစားများကို ဝတ်ဆင်၍ စိတ်အေးလက်အေးဖြင့် လက်ဖက်ရည်သောက်နေလေသည်။
အာ၊ပျော်စရာကောင်းလိုက်တဲ့ ဘဝပါလား။
အိုဖီလီယာသည် သူမ၏ လက်ရှိဘဝကို အလွန်စိတ်ကျေနပ်နေသည်။ထို့ကြောင့် သူမ၏ဇက်ကို ဟိုဘက်သည်ဘက် အကြိမ်အနည်းငယ်ခန့် လှည့်လိုက်မိသည်။သို့သော် အချိန်ခဏတာမျှသာ ဖြစ်သည်။
လက်ရှိခန္ဓာကိုယ်မှာ အချိန်အများစုတွင် ဤသို့ တည်ငြိမ်အေးဆေးနေမြဲဖြစ်သည်။သူမ အကျင့်ဖြစ်နေသည့် အတိုင်း နာကျင်မနေခဲ့ပေ။ထို့ကြောင့် အိုဖီလီယာသည် သူမ၏တစ်နေ့တာကို အားရကျေနပ်စွာဖြင့် စတင်ခဲ့သည်။ယနေ့သည် ဘာပြဿနာမှ မရှိသော သာယာအေးချမ်းသည့်နေ့ တစ်နေ့ဖြစ်လိမ့်မည်ဟု သူမ မျှော်လင့်မိသည်။
သို့သော် ထိုသို့ ဖြစ်မလာပေ။
"မဒမ်၊ မဒမ့်အတွက် စာတစ်စောင် ရောက်နေပါတယ်ရှင့်။"
အိုင်ရင်းက အပြေးအလွှားနှင့် ရောက်လာပြီး အိုဖီလီယာထံသို့ စာကို လှမ်းပေးလေသည်။
"ငါဆီကို လာတဲ့စာလား။"
အိုဖီလီယာ အံ့ဩသွားသည်။
ဘယ်သူက သူမဆီသို့ စာပို့ရပါသနည်း။မြို့တော်တွင် ရှိသမျှ ကတော်များနှင့် သူမက အဆင်မပြေကြပေ။အိမ်ရှေ့စံမင်းသားနှင့် သူမမှာ ဆက်ဆံရေးကောင်းလာသော်ငြား သူက သူမကို စာတစ်စောင် ပို့လာမည်ဟု မထင်ပေ။
ဒါဆို ဘယ်သူ ဖြစ်မလဲ။
အိုဖီလီယာလည်း ပေးပို့သူ မည်သူမည်ဝါဖြစ်သည်ကို အလျင်အမြန် ကြည့်လိုက်မိသည်။
"ဂျက်စမင် လား။"
သူမ မှတ်မိသွားလေသည်။ကောင့်မြို့စားကတော်ကာဒယ်လ်၏ လည်ဆွဲကို လုယက်ခဲ့စဥ်က ရှိနေသော လေဒီငယ် တစ်ယောက် ဖြစ်သည်။ထို့နောက် သူမက ကျေးဇူးတင်ကြောင်း စာလွှာပို့ခဲ့ပါသေး၏။၎င်းမှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ရာ သူမ မေ့နေခဲ့မိသည်။
"နင်က ငါ့ကို ဘာကြောင့်များ စာ ထပ်ရေးရတာလဲ။"
သူမက သဘောကောင်းသူတစ်ယောက်ဖြစ်သည်။အိုဖီလီယာက စာအိတ်ကို ဖောက်လိုက်ပြီး စာကို ယူထုတ်၍ ဖွင့်ဖတ်လိုက်သည်။
[ဟယ်လို ၊ မြို့စားကြီးကတော်ရှင့်
ကျွန်မ ဒီလို စာရေးမိတာက ရိုင်းပြသွားမလား ဆိုပြီး ကျွန်မ အရမ်း ဂရုထားမိပါတယ်။ဒါပေမဲ့ ကျွန်မက မြို့စားကြီးကတော်ကို အမှန်တကယ်ပဲ ကျေးဇူးတင်ကြာင်း ထပ်ပြီး ပြောချင်ပါတယ်။ဒါကြောငိ့ ကျွန်မ ကျင့်ဝတ်နဲ့အညီ စာတစ်စောင် ထပ်ရေးလိုက်ရပါတယ်ရှင်။ရှင်ရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ကျွန်မကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။]
"..."
ငါက သူတို့ကို သတ်စားမှာ ကျနေတာပဲ။
အိုဖီလီယာ နှုတ်ခမ်းစူလိုက်လေသည်။
[အထူးတလည်ကိစ္စတော့ မဟုတ်ရပါဘူး။ဒီတစ်ခေါက် ကျွန််မတို့ရဲ့ မိသားစုက အရမ်းကောင်းတဲ့ ရွဲ ကျောက်မျက်ရတနာ(opal)ကို ရှာတွေ့ထားပါတယ်။၎င်းရဲ့ထိုက်သင့်တဲ့ အရည်အသွေးကြောင့် ဒီကျောက်မျက်ရတနာကို အသုံးအဆောင် ပစ္စည်းတစ်ခုအနေနဲ့ သုံးဖို့အရမ်းသင့်တော်တယ်လို့ ပြောကြပါတယ်။
ကျွန်မ အဲ့ဒီကျောက်ကို မြင်တော့ မြို့စားကြီးကတော်ရဲ့ ရွဲရတနာလို လှတဲ့ ဆံနွယ်တွေကို တွေးမိပြီး မြို့စားကြီးကတော်ကို လက်ဆောင်ပေးချင်ခဲ့ပါတယ်။ကျွန်မရဲ့ဖခင်ကလဲ သဘောတူပြီးသား ဖြစ်ပါတယ်။
အစကတော့ ကျောက်ကို ဒီစာနဲ့အတူ တစ်ခါထဲ ထည့်ပေးလိုက်မလို့ပါ။ဒါပေမဲ့ ကျွန်မ လူကိုယ်တိုင် လာရောက်လည်ပတ်ပြီး ပေးတာကမှ ယဥ်ကျေးမှုရှိမယ်လို့ တွေးမိတာကြောင့် ကျွန်မ ရှင့်ကို အရင် ဆက်သွယ်လိုက်ရပါတယ်။
ရှင်သာ စိတ်မရှိရင် ကျွန်မ ရှင်နဲ့ တွေ့ဆုံချင်ပါတယ်။ရှင်ရဲ့သဘောထားက ဘယ်လိုပါလဲ။]
သူမက ကျောက်မျက်ရတနာတစ်ခုကို တွေ့ပြီးနောက် ကျွန်မကို အမှတ်ရသွားခဲ့သည်။သူမက ထိုကျောက်ကို ကျွန်မထံ ပေးချင်သဖြင့် ကျွန်မဆီ လာရောက်လည်ပတ်နိုင်ရန် ခွင့်တောင်းခဲ့သည်။
"နင် လာလို့ရတာပေါ့။"
အိုဖီလီယာက ထိုသို့ ရေရွတ်လိုက်လျှင် အိုင်ရင်းမှာ ထိတ်လန့်တကြားဖြင့် ရပ်တန့်သွားသည်။
"မဒမ် ဒီလို လုပ်လို့ မရပါဘူး။လေဒီဂျက်စမင်က ဗိုင်းကောင့်မြို့စားရဲ့ သမီးပါ။ဗိုင်းကောင့်မြို့စားရဲ့သမီးတစ်ယောက်က မြို့စားကြီးထံ အရင် ခွင့်မပန်ဘဲ မြို့စားကြီးအိမ်တော်ကို လာရဲရတယ်လို့။ဒီလိုသာ ဖြစ်ရင် သခင် အရမ်း ဒေါသဖြစ်နေမှာပါ။"
"ငါကတော့ ဆိုဗက်စ်စတာ ဒေါသဖြစ်မှာကို မကြောက်ပါဘူး။"
"အဲ့ဒါက မဒမ် ဖြစ်နေလို့လေ။ဒါပေမဲ့ ကျွန််မကတော့ တကယ်ကြောက်ပါတယ်။"
"တကယ်လား"
အိုဖီလီယာက သူမကို မော့ကြည့်လိုက်သည်။
"ဒါဆို နင်က ငါ့ကို ကြောက်တာလား၊ ဆိုဗက်စ်စတာကို ကြောက်တာလား။"
အိုင်ရင်း၏ မျက်လုံးဝိုင်းများမှာ ပြူးကျယ်သွားလေသည်။ပြီးမှ သူမက ရယ်မောလိုက်ပြီး ခေါင်းခါတော့သည်။
"ကျွန်မက မဒမ့်ကို နောက်ထပ် မကြောက်တော့ပါဘူး။"
သူမက စိတ်ရင်းနှင့် ပြောလာလေသည်။
"အခု မဒမ်က လူကောင်းတစ်ယောက်ဆိုတာ ကျွန််မ သိနေပါပြီ။"
အိုဖီလီယာက ဟင်းခနဲ ညည်းတွားလိုက်ပြီး သူမ၏ ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။တစ်ချက် ကြည့်ရုံမျှဖြင့် သူမ၏နားရွက်များ နီရဲနေသည်ကို မြင်နိုင်လေသည်။
မဒမ်က အမှန်ပင် ချစ်စရာကောင်းသည်ဟု အိုင်ရင်း တွေးမိသည်။သူမက ချစ်စရာကောင်းအောင် ဆက်ပြောရင် မဒမ်က ပို၍ စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်မည်လော။ထို့ကြောင့် အိုင်ရင်းက သူမ၏ ပါးစပ်ကို အမြန် ပိတ်လိုက်မိသည်။
"ဘာပဲဖြစ်ဖြစ် ဂျက်စမင်ကို ပြောလိုက်ပါ။ဒီနေ့ အဆင်ပြေတာကြောင့် သူမ ငါ့ကို လာတွေ့လို့ ရတယ်လို့။"
အိုဖီလီယာက အိုင်ရင်းကို စာတစ်စောင်ပေးလိုက်ပြီး ပြောသည်။
"ငါက မိန်းမလှလေးတစ်ယောက်ကို ငါ့ဘေးနားမှာ ထားချင်တာပေါ့။"
အိုင်ရင်း ခေါင်းငြိမ့်လိုက်မိသည်။လေဒီငယ်လေး ဂျက်စမင်က အတော် လှပသည်။သို့သော် သူမ ဘာကြောင့် ဝမ်းနည်းသွားရပါသနည်း။အိုင်ရင်း နှုတ်ခမ်းစူလိုက်မိသည်။
အိုင်ရင်း ခံစားနေရတာကို သူမ သတိထားမိမှာလား။
အိုဖီလီယာက ပြုံးလိုက်ပြီး အိုင်ရင်း၏နှာခေါင်းကို တို့လိုက်သည်။
"ဒါပေါ့ ၊နင်လည်း လှပါတယ်။ဒါကြောင့် ငါ့ဘေးနားမှာ နင့်ကို ထားရတာပေါ့။"
"..."
ငါတို့ရဲ့ မဒမ်က စိတ်လှုပ်ရှားစရာ စကားတွေ ပြောတဲ့နေရာမှာ ဘာလို့ ဒီလောက် တော်နေရတာလဲ။
ဒုတ် ဒုတ် ဒုတ် ဒုတ်
အိုင်ရင်းသည် ခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်သွားရန် ကြိုးစား၍ အခန်းအပြင်သို့ မြန်မြန်ဆန်ဆန် ထွက်လာခဲ့သည်။
*
ဂျက်စမင် စမစ်မှာ ကမန်းကတမ်း တံတွေးမြိုချလိုက်မိသည်။
မြို့စားကြီး ရိုင်ဇန် မိသားစု
ငိုနေသောကလေးပင် အငိုတိတ်သွားရသည်အထိ ကြောက်စရာကောင်းသော မိသားစု ဖြစ်သည်။သူမ ဤအိမ်တော်ထဲသို့ ရောက်နေသည်ကို ယုံပင် မယုံနိုင်ပေ။သို့သော် ...
ငါက မြို့စားကြီးကတော်နဲ့ ရင်းနှီးခင်မင်လာဖို့ လိုတယ်။
ဂျက်စမင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ စိတ်ကို အသင့်ပြင်ဆင် ထားလိုက်၏။ဤကမ္ဘာပေါ်တွင် အဆိုးရွားဆုံး၊ကြောက်စရာအကောင်းဆုံးဟု သိကြသည့် မြို့စားကြီးရိုင်ဇန်နှင့် ဆက်ဆံရေးတစ်ခု ရရှိဖို့ ဆန္ဒရှိနေရခြင်းမှာ အကြောင်းပြချက် တစ်ခုသာ ရှိလေသည်။
အကူအညီ ရနိုင်ရန်
ဗိုင်းကောင့်မြို့စား စမစ်တို့ မိသားစုမှာ ပြိုလဲလုနီးနီး အခြေအနေသို့ ရောက်ရှိနေလေသည်။သူမတို့မိသားစုပိုင် မိုင်းတွင်း သုံးခုကို အလုံအလောက် တူးဖော်ထုတ်ယူထားပြီး ဖြစ်ရာ မည်သည့် တွင်းထွက်မှ ထွက်မလာတော့၍ ဖြစ်မည်။
သူမက မိုင်းတွင်းအလုပ်သမားများကို ပိုက်ဆံပေးရန်ပင် မတတ်နိုင်တော့ပေ။အလုပ်သမားများမှာ ဒေါသတကြီး ဖြစ်လာကြပြီး သူတို့က ဗိုင်းကောင့်မြို့စားကို အပြေးအလွှား သွားတွေ့ကြမည်ဟူ၍ ကောလာဟာလများပင် ပျံ့နှံ့လာတော့သည်။
ချွတ်ခြုံကျပြီး ဒေဝါလီ ခံရလုဆဲဆဲ အနေအထားဖြစ်နေလေသည်။
ဂျက်စမင်သည် သူမ၏ မိသားစုကို ပြိုလဲမသွား စေချင်ပေ။ထို့ကြောင့် မြို့စားကြီးရိုင်ဇန်၏ လက်အောက်ခံမိသားစုတစ်စု ဖြစ်လာနိုင်ရန် သူမ အစီအစဥ်တစ်ခု ဆွဲလိုက်တော့သည်။ထို့နောက် သူမက ပုံမှန် ငွေကြေး ရလာနိုင်မည် ဖြစ်ပြီး မြို့စားကြီးရိုင်ဇန်၏ စီးပွားရေးကို လွှဲပြောင်းရယူနိုင်လာလိမ့်မည်။
အကယ်၍ ထိုသို့ ဖြစ်လာပါလျှင် သူမ နောင်တရလာလိမ့်မည်ဟု မထင်ပေ။
ဖြစ်နိုင်ပါ့မလား။
သူမလည်း အခုထိ မသိနိုင်သေးပေ။ထို့အပြင် ဤကိစ္စမှာ အလွန် ကြောက်စရာကောင်းသည်။
ဘာပဲဖြစ်ဖြစ် ငါ အရင်ဆုံး ကြိုးစားကြည့်ရမယ်။
သူမတို့ မိသားစု၏ နောက်ဆုံးမျှော်လင့်ချက်ကို သူမ၏ ကျောပေါ်၌ ထမ်းပိုးထားရသည်။ထို့ကြောင့် သူမ ကောင်းစွာ ပြုမူရန် လိုအပ်သည်။ဂျက်စမင်သည် သူမစိတ်ကို နောက်တစ်ကြိမ် ပြင်ဆင်လိုက်ပြန်၏။
ထို့နောက် အစေခံ၏ လမ်းညွှန်ပြသမှုနှင့်အတူ ပန်းချီခန်းရှိရာသို့ သူမ လျှောက်လာခဲ့သည်။
ဒေါက် ဒေါက်
"မဒမ် ခင်ဗျာ့ ၊ဧည့်သည် ရောက်နေပါပြီ။"
ခဏကြာပြီးနောက် သူမကို အထဲဝင်ခွင့်ပြုကြောင်း ပြောနေသည့် အသံတစ်ခုကို သူမ ကြားလိုက်ရသည်။အစေခံက တံခါးကို ဖြည်းညှင်းစွာ ဖွင့်ပေးသည်။သူက တံခါးကို ဖွင့်လိုက်သည်နှင့် ထိုးထွက်လာသော အလင်းရောင်များကြောင့် ဂျက်စမင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက်မှ သူမ၏မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်မိသည်။
ထိုနေရာတွင် အလင်းရောင်ရှိနေသည့်တိုင် ကောက်ကြောင်းတစ်ခုကိုသာ အကြမ်းဖျဥ်း မြင်နေရသည်။
ဆန်းပြားလှသော အခန်းတစ်ခန်းဖြစ်ပြီး အခန်း၏အလယ်တွင် ထိုင်နေသူက ...
"ရောက်လာပြီလား။"
ခမ်းနားထည်ဝါလှသော မြို့စားကြီးကတော် ဖြစ်ပေသည်။ထိုအခိုက်အတန့်တွင် ဂျက်စမင်မှာ သူမ၏မျက်လုံးများ ကန်းသွားသည်ဟု ခံစားလိုက်ရသည်။လူတစ်ယောက်သည် အဘယ်ကြောင့် ထိုမျှ လှနိုင်ရက်သနည်း။
သူမသည် အိုဖီလီယာ၏ ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရသည့်အတိုင်း ငေးကြည့်နေမိသည်။ပြီးမှ သက်ပြင်းတစ်ချက်နှင့် အမြန်အဆန် ဦးညွှတ်ဂါရဝ ပြုလိုက်ရလေသည်။
"ဟ ...ဟယ်လို ၊မြို့စားကြီးကတော် ရှင့်။"
အိုဖီလီယာက နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ပြီး သူမနှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာကို ညွှန်ပြလိုက်သည်။
"ထိုင်ပါ"
"ကျေး ... ကျေးဇူးတင်ပါတယ်ရှင့်"
ဂျက်စမင် ထိုင်လိုက်သည်။ သူမ ထိုင်လိုက်သည်နှင့် အိုဖီလီယာက တံခါး ပိတ်လိုက်ရန် အမိန့်ပေးလိုက်သည်။
ဂျလောက်
တံခါးပိတ်သွားလျှင် အခန်းထဲတွင် အထိုက်အလျောက် တိတ်ဆိတ်သွားခဲ့သည်။
"ကောင်းပြီ၊ဒီတော့ ..."
အိုဖီလီယာသည် သူမ၏ ရှည်သွယ်သော ခြေတံများကို ခြေချိတ်ထိုင်လိုက်ပြီး ဂျက်စမင်ကို ကြည့်လိုက်သည်။
"ရှင်က"
အိုဖီလီယာသည် ဂျက်စမင်၏ တုန်ယင်နေသော လက်များကို ငုံ့ကြည့်လိုက်ပြီး ပြောသည်။
"ကျွန်မဆီကို ဘာအတွက်နဲ့ လာခဲ့တာလဲ။"
အစ်
ဂျက်စမင်မှာ အသက်ပြင်းပြင်း ရှူလိုက်မိလေသည်။
TK Team
++++++++