ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၄၈)
ရထားလုံးထဲသို့ ရောက်သည့်တိုင် ဆိုဗက်စ်စတာက ဘာမှ ပြောမလာပေ။သူက ပြတင်းပေါက် အပြင်ဘက်ကိုသာ ဒီတိုင်း ငေးကြည့်နေသည်။ထို့ကြောင့် ကျွန်မမှာ အံ့ဩနေရ၏။ပုံမှန်အားဖြင့် သူက စကားနိုင်လုရန် ရွေးချယ်တတ်သည်။ထိုသို့လူမျိုးက ဘာတစ်ခွန်းမှ မပြောဘဲ အကြာကြီး တိတ်ဆိတ်နေသည်မှာ ထူးဆန်းသည်။
မနေ့က စကားပြောခဲ့တဲ့ ကိစ္စကြောင့်လား။ငါ မနေ့က ဘာတွေ ပြောမိလို့လဲ။
အမ်း
ကျွန်မ မည်သို့ ပြန်စဥ်းစားမိသည် ဖြစ်စေ ထိုအတွေးက မှန်သည်ဟု မခံစားရပေ။သူ ဒေါသဖြစ်နေရသည့် အကြောင်းရင်းကို ကျွန်မ နားမလည်ပါ။
"ဟန်နီ"
ဆိုဗက်စ်စတာက ပြန်မဖြေပေ။
"ဟန်နီရေ ၊ရှင် နားလေးနေတာလား။"
"မင်း ပြောတာ ကိုယ်ကြားတယ်။ ပြောလေ။"
"ရှင် စိတ်ဆိုးနေတာလား။"
ဆိုဗက်စ်စတာက သူ့ခေါင်းကို အလျင်အမြန် လှည့်လိုက်ပြီး ကျွန််မကို ကြည့်လာသည်။
"ကိုယ် စိတ်မဆိုးပါဘူးလို့ ကိုယ် မင်းကို အကြိမ်တစ်ရာလောက် ပြောပြီးပြီ။"
"အိုး ၊ရှင်က အခု ဘယ်လို ပုံကြီးချဲ့ပြီး ပြောရမလဲဆိုတာ သိသွားပြီပဲ။"
ကျွန်မ၏စကားများကြောင့် ဆိုဗက်စ်စတာက ကျွန်မကို ပို၍ အသေအချာ ကြည့်လာသည်။ကျွန်မ ကြောက်လန့်သွားပြီး မျက်လုံးများကို အဝေးသို့ အကြည့်လွှဲလိုက်မိသည်။
"မဟုတ်ပါဘူး။အဲ့ဒါ ဒီတိုင်း ...ရှင်က စိတ်ဆိုးနေတဲ့ ပုံစံပေါက်နေလို့ပါ။"
"ကိုယ် စိတ်မဆိုးဘူးလို့ မင်းကို ပြောနေတယ်လေ။"
ဆိုဗက်စ်စတာက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
"ကိုယ်က ဒီတိုင်း နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေတာပါ။"
"တွေ့လား၊ ရှင် စိတ်ဆိုးနေတယ်။"
ကျွန်မပြောသည်က မှန်သွားသဖြင့် ကျွန်မ လက်ညှိုးထိုး၍ အော်မိလိုက်လျှင် ဆိုဗက်စ်စတာက ပို၍ပင် မျက်မှောင်ကြုတ်သွားရ၏။
"စိတ်ဆိုးတာနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာက တူတဲ့ကိစ္စမှ မဟုတ်ဘဲ။"
"ဒါပဲလား"
ကျွန််မ နှုတ်ခမ်းဆူ၍ ရှေ့ဘက်သို့ အနည်းငယ် ညွှတ်ကိုင်းလိုက်သည်။
"ရှင်က ဘာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။"
ဆိုဗက်စ်စတာက ကျွန်မကို တည့်တည့် စိုက်ကြည့်လေသည်။ထိုသို့ တိုတောင်းသော အချိန်ခဏ၌ အသံတစ်သံပင် မထွက်ဘဲ တိတ်ဆိတ်သွား၏။ပြီးမှသာ ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း ပြန်ဖြေသည်။
"မင်း ကြောင့်လေ"
သူက ကြီးကျယ်ခမ်းနားသည့် ကိစ္စတစ်ခုကို ဖော်ပြနေသကဲ့သို့ပင်။
ရှင် ကျွန်မကို ဘာလို့ စိတ်ဆိုးနေတယ်ဆိုတာ ကျွန်မ သိတယ်။
ကျွန်မ ခေါင်းကို စောင်းလိုက်မိသည်။
"ရှင် ဒီလို ထုတ်မပြောရင်တောင်မှ ကျွန်မ သိပြီးသားပဲ။"
"မင်း သိနေရင်လဲ ဘာဖြစ်လို့ ပါးစပ်ကို ပိတ်မထားရတာလဲ။"
"ကျွန်မက တစ်ခုခုကို ဖြေရှင်းမယ်ဆိုရင် အကြောင်းပြချက်ကို သိဖို့ လိုအပ်တဲ့လူမျိုး ဖြစ်နေလို့လေ။"
"ကျစ်၊ ဘယ်လောက်တောင် ဆိုးသွမ်းလိုက်သလဲ။"
ဆိုဗက်စ်စတာမှာ ရယ်မိသွားလေသည်။
အာ၊သူ ရယ်သွားပြီ။
"ရန်ဖြစ်နေတုန်း ရယ်မိရင် ရှုံးတာပဲ။ရှင် ဒါကို သိပါတယ်၊ဟုတ်တယ်မလား။အခု ရှင် ထပ်ပြီး စိတ်ဆိုးလို့ မရတော့ဘူး။"
"မဟုတ်ဘူး၊ကိုယ် ဒါကို မသိပါဘူး။"
"အခု ရှင် သိသွားပြီဆိုတော့ အဆင်ပြေတာပဲလေ။"
ဆိုဗက်စ်စတာက ထပ်ရယ်လေသည်။မျက်မှောင်ကြုတ်နေသော မျက်နှာမှာ ပြေလျော့သွားလေသည်။
"ကိုယ့်မှာ အတွေးတွေ အများကြီး ရှိနေတာကြောင့်လေ။အခု သွားနေတာက ဧကရာဇ်ကို သွားတွေ့ဖို့ ဆိုတော့ ကြားရတာ စိတ်ဝင်စားဖို့ကောင်းတယ်။"
သူက အနည်းငယ် စိတ်သက်သာရာရသွားသည့် ပုံပေါ်သည်။ထို့ကြောင့် ကျွန်မ တစ်ချိန်လုံး ထိန်းချုပ်ထားရသည့် စပ်စုလိုစိတ်ကို ကျွန်မ လွှတ်ထုတ်ပေးလိုက်မိသည်။
"ဧကရာဇ်အရှင်ကို ရှင် တွေ့ဖူးလား။"
"အင်း၊ကိုယ် မြို့စားကြီးဘွဲ့ နှင်းအပ်ခံရတုန်းက။"
ဆိုဗက်စ်စတာက နောက်ကြောင်းပြန်ပြောပြနေသည်။
"သူက လှည့်စားလို့ မရနိုင်တဲ့ ပထမဆုံး တစ်ယောက်ပဲ။"
"အဲ့လိုလား"
"ကိုယ် နည်းနည်း အရှက်ရသွားခဲ့တယ်။အဲ့ဒီအချိန်တုန်းက ဒီကမ္ဘာမှာ ကိုယ့်ရဲ့အစွမ်းက အကောင်းဆုံးလို့ ထင်နေခဲ့တာ။ဧကရာဇ်က သတိထားမိသွားတယ်။ပြီးတော့ 'မင်းရဲ့အစွမ်းတွေ မပါဘဲနဲ့ ငါ့ဆီက မင်း ဘာရမှာလဲ' ဆိုပြီး ပြောလာခဲ့တာ ။"
"အဲ့ဒီတော့ ရှင်က ဘာပြန်ပြောလိုက်လဲ။"
"ကိုယ် ဘာပြောမယ်လို့ မင်း တွေးမိလဲ။"
ဆိုဗက်စ်စတာက ပြုံးနေသော နှုတ်ခမ်းများကို ပို၍ တွန့်ကွေးစေလိုက်သည်။သူက ကောင်ဆိုးလေးတစ်ယောက်နှင့် တူလေသည်။
"ကိုယ်က ဧကရာဇ်ရဲ့ဘဝကို ရယူနိုင်ပါတယ်လို့ ပြောခဲ့တယ်။"
"ဘာ"
သူက ထိုစကားကို ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်၏ ရှေ့တွင် ပြောရဲခဲ့သည်လား။ကျွန်မ နားကြားမှားသည်ဟု ထင်သဖြင့် နားရွက်ကို တစ်ကြိမ်ခန့် ပုတ်လိုက်မိသည်။ထိုအခါ ဆိုဗက်စ်စတာက ထရယ်လေသည်။
"ကိုယ် မင်းကို ပြောတယ်လေ။အဲ့ဒီအချိန်တုန်းက ဒီကမ္ဘာမှာ ကိုယ်က အကောင်းဆုံးလို့ ထင်နေခဲ့တာပါ ဆိုပြီး။"
မဟုတ်ဘူး၊ရှင့် အသက်အရွယ်ကို ထည့်မစဥ်းစားရင်တောင်မှ ရှင်က ချင့်ချင့်ချိန်ချိန်နဲ့ လုပ်သင့်တာပေါ့။အတိတ်က ဆိုဗက်စ်စတာသည် ယခုလက်ရှိအချိန်ထက် ပိုဆိုးသွမ်းမည်ဟု ကျွန်မ ရိုးသားစွာ ယုံကြည်ပါသည်။အရင်က ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် ခက်ခဲအောင် မလုပ်ခဲ့ကြသည့်အတွက် ကျွန်မ ပျော်ရွှင်မိသည်။
"ရှင် မသေခဲ့လို့ ကျွန်မ ဝမ်းသာပါတယ်။"
"ကိုယ်က ဘာလို့ သေရမှာလဲ။"
ဆိုဗက်စ်စတာက ရယ်ချင်နေသော ပုံစံဖြင့် ကျွန်မကို ကြည့်လာသည်။
"မဟုတ်ဘူး။ဧကရာဇ်အရှင်က သန်မာတာကြောင့် မို့လို့။"
"ကိုယ်လဲ သန်မာတာပဲလေ။"
သူက မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
"မင်းက တစ်ခါတစ်လေကျရင် ကိုယ့်ကို အသုံးမကျတဲ့ လူတစ်ယောက်လို မြင်နေတယ်လို့ ကိုယ် ထင်မိတယ်။"
"တစ်ခါတစ်လေ မဟုတ်ဘူး၊မကြာခဏ ပါ။"
"စကားကို လိုက်ပြင်ပြောမနေနဲ့။"
ဆိုဗက်စ်စတာက ထိုင်ပုံထိုင်နည်းကို ပြုပြင်လိုက်သည်။သူက ပေါင်ပေါ်သို့ တံတောင်ဆစ်များတင်၍ ကိုယ်ကို ကွေးညွှတ်လိုက်ပြီး ကျွန်မကို ကြည့်လာခဲ့သည်။
"ကိုယ်က မင်းထင်ထားတာထက် ပိုပြီး သန်မာတယ်။"
သူ၏ မျက်ဝန်းပြာများက အေးစက်စွာ တောက်ပနေလေသည်။
"မြောက်ပိုင်းက ဘီလူးတွေကို ရင်ဆိုင်ခဲ့တဲ့သူက ဘယ်သူလို့ မင်း ထင်လဲ။"
"စစ်သည်တော်တွေလား"
"ကိုယ်လေ"
သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကို ပင့်လိုက်ပြီး ခေါင်းငြိမ့်ပြသည်။ဆိုဗက်စ်စတာနှင့် ဘီလူးများ။ထိုသို့ တွေးမိမှ မူလဇာတ်ကြောင်းမှ အကြောင်းအရာတစ်ချို့က ခေါင်းထဲမှ ထွက်လာတော့သည်။မြောက်ပိုင်းနယ်မြေရှိ ဘီလူးများကို တိုက်ခိုက်နှိမ်နင်းခဲ့သူက ဆိုဗက်စ်စတာဖြစ်သည်။သူ့ဓါးတစ်လက်ဖြင့် ခုတ်ပိုင်းသတ်ဖြတ်ခဲ့သော ဘီလူးအကောင်ရေကို ရေတွက်၍ပင် မရခဲ့ပေ။သို့သော်
"ရှင် ဓါးကိုင်ထားတာကို ကျွန်မဖြင့် စိတ်ကူးကြည့်လို့ကို မရဘူး။"
ကျွန်မ ထိုသို့ အမှန်ပင် စိတ်ကူးယဥ်မကြည့်ဖူးပေ။ဆိုဗက်စ်စတာသည် များသောအားဖြင့် ခေါင်းသုံးတတ်သော ဇာတ်ကောင်ဖြစ်လေရာ သူက ဘီလူးတွေကို တိုက်ခိုက်ခဲ့သည်ဟု ဆို၏။၎င်းမှာ နေးလ်က ဖောင်တိန်အစား ကြမ်းတိုက်တံကို ကိုင်ထားသည်နှင့် တူလှသည်။ကျွန်မ မြင်ယောင်ကြည့်၍ မရသဖြင့် နဖူးကြောများကို တွန့်လိုက်မိသည်။
"မင်း မေ့သွားပြီလား၊ကိုယ်က သွေးနှောလူသားတစ်ယောက်လေ။ ကိုယ့်မှာ နတ်ဆိုးသွေးတစ်ဝက် ရှိတယ်။"
"ကျွန်မ သိပါတယ်။ဒါပေမဲ့ ရှင်က ခွန်အားကို အသုံးပြုလိမ့်မယ်လို့ ကျွန်မ မတွေးမိဘူး။"
"ဘာဖြစ်လို့လဲ"
"ရှင်က ကျွန်မရဲ့အရှေ့မှာ ရှင့်ခွန်အားကို တစ်ခါမှ အသုံးမပြုဖူးလို့ နေမှာပေါ့။"
"ကိုယ် အခု လုပ်ပြရမလား။"
"ကျွန်မ မကြိုက်ဘူး။"
ဆိုဗက်စ်စတာမှာ ကြောင်အစွာဖြင့် ကျွန်မကို ကြည့်လေသည်။
"မင်းက ကိုယ့်ဒေါသကို တကယ်ကြီး ဆွပေးနေတာပဲ။ကိုယ် ဒေါသထွက်လိုက်ရမလား။"
"ရှင် ဒေါသမထွက်ရဘူး။ကျွန်မ ကြောက်တတ်တယ်။"
"မင်းက ဒီလိုမျိုး ဖြေတဲ့နေရာမှာ တော်တာပဲ။"
"ဒါက ကျွန်မရဲ့ ဆွဲဆောင်မှုလေ။"
ကျွန်မ မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။
"မင်းက တကယ်ကို ...ရူးနေတာပဲ။"
"ကျွန်မကို ရူးနေတယ်လို့ ပြောတာကို ရှင် ဘယ်အချိန်မှ ရပ်ဖို့ စိတ်ကူးရှိမှာလဲ။"
"မင်း မရူးတော့တဲ့ အချိန်မှ။"
"ကျွန်မ အခု စိတ်မှန်နေပါတယ်နော်။"
ဟွန့်
ကျွန်မ နှာမှုတ်လိုက်ပြီး ခေါင်းကို လှည့်ပစ်လိုက်လျှင် ဆိုဗက်စ်စတာ၏ရယ်သံကို ကြားလိုက်ရသည်။
"မကြာခင် အမဲလိုက်ပြိုင်ပွဲ ကျင်းပတော့မှာ၊အဲ့ဒီအခါကျရင် ကိုယ့်ရဲ့အရည်အချင်းကို သက်သေပြပေးမယ်။"
အမဲလိုက်ပြိုင်ပွဲ။စဥ်းစားကြည့်လျှင် ထို့သို့ ပြိုင်ပွဲက အမှန်ပင် ရှိလေသည်။၎င်းပြိုင်ပွဲသည် ဖလဲရ်နှင့် ကယ်လီယန်ကြားရှိ ချစ်ခြင်းကို ကြီးမားစွာ ပံ့ပိုးပေးခဲ့သော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။
"ဒီတစ်ခေါက် မင်းလဲ တက်ရောက်ရလိမ့်မယ်။"
အိုး၊ ငါ သွားသင့်လား။ငါ သွားလိုက်ရင် တစ်ခုခု ရှုပ်ထွေးသွားအောင် လုပ်မိမယ်ထင်တယ်။
သို့သော် ဆိုဗက်စ်စတာက အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသည့် ပုံစံဖြစ်နေသဖြင့် ကျွန်မလည်း မတတ်သာဘဲ ခေါင်းငြိမ့်လိုက်ရသည်။
*
ကျွန်မတို့ ပင်မနန်းတော်ကြီးကို ရောက်ရှိလာခဲ့သဖြင့် ကျွန်မနှင့် ဆိုဗက်စ်စတာ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ထို့နောက် အစေခံတစ်ယောက်က ကျွန်မတို့ကို စောင့်ဆိုင်းနေသည့်အလား အပြေးအလွား ရောက်လာခဲ့သည်။
"ဒီနေရာကနေစပြီး ကျွန်တော် လမ်းပြပေးပါ့မယ် ခင်ဗျာ။"
အစေခံက ခေါင်းကို ညွှတ်၍ ပြောလေသည်။
"ကျွန်တော့်မှာ မြို့စားကြီးနဲ့ မြို့စားကြီးကတော်တို့ကို တောင်းဆိုစရာတစ်ခု ရှိပါတယ်။ဒါကလည်း ပင်မနန်းတော်ရဲ့ စည်းမျဥ်းစည်းကမ်းတစ်ခု ဖြစ်တာကြောင့် လိုက်နာပေးရပါ့လိမ့်မယ် ခင်ဗျာ။"
"ပြောပါ"
ဆိုဗက်စ်စတာက ခေါင်းငြိမ့်ပြီး ပြောသည်။
"ပင်မနန်းတော်ကြီးက တိတ်ဆိတ်နေရပါမယ်။"
အစေခံက ထိုသို့ ပြောရင်း တစ်မျိုးတစ်ဖုံ မှုန်မှိုင်းမှိုင်းဖြစ်နေသော ပင်မနန်းတော်ကို ညွှန်ပြလိုက်သည်။
"ကျယ်လောင်တဲ့ ဆူညံသံတွေ လုပ်လို့မရပါဘူး ခင်ဗျ။စကားပြောတာကို ရှောင်ကြဥ်ပြီး ခြေသံတွေကိုလည်း ဂရုတစိုက် ရှိရပါမယ်။"
"ဒီတော့ ငါတို့ရဲ့ ပါးစပ်တွေကို ပိတ်ထားရမယ်လို့ မင်းက ဆိုလိုတာလား။"
"မှန်ပါတယ် ခင်ဗျာ။"
ဆိုဗက်စ်စတာ၏မျက်နှာမှာ စိတ်အလိုမကျမှုများနှင့် ပြည့်နှက်သွား၏။
"အရင်တုန်းကလဲ ဒီအတိုင်းဘဲ။အခုလဲ ဘာမှ ပြောင်းလဲမသွားဘူး။"
သူက မေးစေ့ကို မော့လိုက်ပြီး စုတ်တစ်ချက် သပ်လိုက်သည်။အဓိပ္ပါယ်မှာ သူတို့ကို ရှေ့က လမ်းပြပေးတော့ ဟူ၍။အစေခံက ခေါင်းတစ်ခါ ထပ်ညွှတ်လိုက်ပြီး အလွန်နှေးကွေးသောနှုန်းဖြင့် ရှေ့က လျှောက်လေသည်။ကျွန်မတို့နှစ်ယောက်လည်း ထိုသို့ သွားနေသည့် အစေခံ၏နောက်သို့ လိုက်လာခဲ့သည်။ပင်မနန်းတော်ကြီးမှာ အမှန်ပင် တိတ်ဆိတ်နေ၏။
တစ်ခုခု တည်ရှိနေသည်ဟု ကျွန်မ မခံစားရပေ။လေတိုးသံကိုပင် မကြားရဘဲ ရှိလေသည်။
ဒီနေရာမှာ လူရော ရှိရဲ့လား။
အလွန် တိတ်ဆိတ်လွန်းနေသဖြင့် ကျွန်မ သိချင်သွားမိသည်။ကျွန်မ တံတွေးကိုသာ မြိုချလိုက်ရသည်။
"အရင်ကတည်းက ဒီလိုမျိုးပဲလား။"
ကျွန်မ အလွန်တိုးဖွသော အသံဖြင့် ပြောလိုက်သည်။ဆိုဗက်စ်စတာကလည်း တီးတိုးပြောလာလေသည်။
"ဒီနေရာက အစထဲက ရူးနေတဲ့နေရာ မဟုတ်လား။အမှန်ပဲပေါ့။"
"ဒါပေမဲ့ ဘာကြောင့်လဲ။"
"ဧကရာဇ်က ရူးနေတဲ့ လူယုတ်မာကြီး မို့လို့လေ။"
ဆိုဗက်စ်စတာက ဘာမှမဖြစ်သည့်အတိုင်း ထိုသို့ ပြန်ဖြေလေသည်။
"ဒါကြောင့် မင်း ပြောမဲ့စကားကို သေချာ ဂရုစိုက်သင့်တယ်။မင်း ကိုယ့်ရှေ့မှာ လုပ်သလိုတွေ မလုပ်သင့်ဘူး။"
"ကျွန်မက စကားပြောတဲ့နေရာမှာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။"
"မင်း ဒီလိုမျိုး တကယ် မတွေးထားပါဘူးနော်၊ဟုတ်ရဲ့လား။"
သူက အမှန်ပင် စိတ်ရှုပ်ထွေးနေသော မျက်နှာထားနှင့် ကျွန်မကို ငုံ့ကြည့်လာခဲ့သည်။
"မင်း ဒီလိုမျိုး တွေးထားရင်တော့ မင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု တကယ်ကြီး ရှိနေလောက်ပြီ။"
"ကျွန်မ အော်ပစ်လိုက်ချင်တာနော်။ဒါပေမဲ့ ဒီနေရာကို ရောက်နေလို့ ကျွန်မ ထိန်းချုပ်ထားရတယ်။"
"လူတိုင်းပဲလေ"
ရှေ့က သွားနေသော အစေခံက နောက်ပြန်လှည့်လာပြီး သူ့နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းတင်၍ ရှူး တိုးတိုး ဟူသော အမူအရာ လုပ်ပြသည်။
"တိတ်တိတ်နေပေးပါ ခင်ဗျ။"
ကျွန်မနှင့် ဆိုဗက်စ်စတာ နှစ်ယောက်လုံးမှာ ပါးစပ် ကိုယ်စီ ပိတ်လိုက်ရလေ၏။သိပ်မကြာခင်၌ အစေခံသည် အလွန်တရာ ဂုဏ်သိက္ခာကြီးမားပုံရသော တံခါးကြီးတစ်ချပ်၏ အရှေ့၌ ရပ်တန့်လိုက်သည်။
မဖြစ်နိုင်တာ၊တံခါးတစ်ချပ်လုံး ရွှေသားနဲ့ လုပ်ထားတာလား။
ကျွန်မမှာ ပါးစပ် ဟောင်းလောင်းပွင့်သွားရသည်။၎င်းက မယုံနိုင်စရာ ဖြစ်သည်။ထိုမျှ ကြွယ်ဝခြင်းကို ပိုင်ဆိုင်သော တော်ဝင်မိသားစုနှင့် ထိုတံခါးကို ပြုလုပ်ခဲ့သော ဧကရာဇ်မှာ အလွန်ဂုဏ်ယူဝံ့ကြွားနေလိမ့်မည်။
မူရင်းဇာတ်ကြောင်းတွင် ဧကရာဇ်သည် ကြီးမားသည့် အခန်းမှ ပါဝင်သည့်တိုင် မကြာခဏ ပေါ်ထွက်လာလေ့မရှိပေ။သူ့ကို အလွန်ဩဇာအာဏာ ကြီးမားသော လူတစ်ယောက်အဖြစ် ဖော်ပြထားသဖြင့် စာဖတ်သူတို့က သူ့အပေါ် အာရုံစိုက်မိနေခြင်းဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်မှာ ကြီးမြတ်သော ဇာတ်ကောင်တစ်ခု ဖြစ်သည်ကလွဲ၍ ကျွန်မလည်း ဧကရာဇ်အကြောင်း အများကြီး မသိပေ။
ဒုတ် ဒုတ် ဒုတ် ဒုတ်
ကျွန်မ၏နှလုံးသားမှာ ခုန်ပေါက်နေလေသည်။ဤနေရာတွင် စကားမှားပြီး ကျွန်မ၏လည်ပင်း ပြတ်သွား၍ မရပေ။သူ့ကို ကျွန်မဘက်သို့ ပါလာအောင် ကြိုးပမ်းရဦးမည်။ကျွန်မ အခိုင်အမာ ဆုံးဖြတ်လိုက်ပြီး ကျောကို မတ်ထားလိုက်သည်။
"ကျွန်တော် တံခါးဖွင့်ပါတော့မယ် ခင်ဗျာ။"
အစေခံက တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။တံခါး၏ အခြားတစ်ဖက်တွင် ပြတင်းပေါက်တစ်ခုရှိနေ၍ ဖြစ်မည်၊တံခါး ဖွင့်လိုက်သည်နှင့် အလင်းရောင် အများကြီး ထွက်ကျလာသည်။ကျွန်မလည်း မျက်စိကို လက်ဖြင့် ကာထားမိရင်း မျက်မှောင်ကြုတ်မိသွားသည်။ကျွန်မ ထိုအလင်းကို ကျင့်သားရသွားမှသာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရသည်။
ထိုနေရာ၌ အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ရှိနေသည်။
TK Team
++++++++