Chapter 50
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၅၀)


"ဟူး..."



ပင်မနန်းဆောင်ကြီးထဲမှ ထွက်လာပြီးသည်နှင့် ကျွန်မ သက်ပြင်းမောကြီး ချလိုက်မိတော့သည်။



"အပြင်မှာ ဒီလောက် တိတ်ဆိတ်နေအောင် လုပ်ထားပြီးမှ အခန်းထဲမှာ ငှက်တွေနဲ့ ဆူညံနေအောင် ဘာကြောင့် လုပ်ထားတာလဲ မသိဘူးနော်။ရှင်ရော ဘာကြောင့်လဲဆိုတာ သိလား။"



ဆိုဗက်စ်စတာက ပြန်မဖြေပေ။ငေးကြောင်ကြောင်နှင့် ဒီအတိုင်း မတ်တပ်ရပ်နေလေသည်။



"ဟန်နီ ရေ"



ကျွန်မ ထပ်ခေါ်လိုက်မှသာ သူက စိတ်နှင့်လူ ပြန်ကပ်သွားဟန်ဖြင့် အလျင်အမြန် တုံ့ပြန်လာခဲ့သည်။



"အာ ၊ဒါက ..."



သူက နှုတ်ခမ်းများကို နှေးကွေးစွာ ဖွင့်လိုက်သည်။



"ဧကရာဇ်က ရူးနေတဲ့ လူယုတ်မာကြီး ဖြစ်နေလို့လေ။"



"..."



လူတိုင်း သိနေပြီးသားကိစ္စကို သူက ဘာလို့ လျှို့ဝှက်ချက်လို ပြောနေရသေးတာလဲ။



ကျွန်မလဲ ဧကရာဇ်က အရူးတစ်ယောက်မှန်း သိသည်။



"ကျွန်မ ဒါကို သိတယ်။ အရှင်က နည်းနည်းတော့ ထူးဆန်းတယ်။"



"တကယ်လား"



ဆိုဗက်စ်စတာက ကျွန်မကို ငုံ့ကြည့်လိုက်ပြီး နဖူးကို တွန့်လိုက်သည်။



"ဒါဆို ဘာလို့ မင်းက ဒီလို ထူးဆန်းတဲ့လူနဲ့ ပတ်သက်ဖို့ ကြိုးစားနေရတာလဲ။"



"ဘာ"



သူ ဘာကို ပြောနေသည်မှန်း ကျွန်မ မသိသဖြင့် မျက်လုံးများကို ပြူးကျယ်လိုက်မိသည်။ဆိုဗက်စ်စတာက ဆက်ပြောသည်။



"ကိုယ်က ကယ်လီယန်ကို ဆိုလိုတာပါ။မင်းက ကိုယ့်ကို ပြောတုန်းက ဒီလိုမျိုး မဟုတ်ပါဘူး။ဧကရာဇ်က မင်းကို ကယ်လီယန်နဲ့ နေရာချပေးချင်တယ်လို့ ပြောတာကို မင်း သဘောကျနေတယ်လေ။"



"ဒါဆို ကျွန်မက အဲ့ဒီနေရာမှာ မဟုတ်ပါဘူးလို့ ငြင်းလိုက်ရမှာလား။ကျွန်မ ငြင်းရင် သူက ကျွန်မလည်ပင်းကို ဖြတ်နိုင်တယ်လို့ တွေးမိတယ်။"



"အဲ့လို ဖြစ်လာစရာ မရှိဘူးလို့ ကိုယ် ပြောပြီးပြီ။"



"ဒါပေမဲ့ ကျွန်မ ကြောက်နေတုန်းပဲဟာကို။"



အမှန်ပင်။ကယ်လီယန် အကြောင်းပြောချိန်တွင် ဧကရာဇ်၏မျက်လုံးများမှာ အမှန်စင်စစ် ရူးသွပ်နေသကဲ့သို့ ရှိ၏။ထိုနေရာ၌ ကျွန်မ မဟုတ်ပါဟု ဆိုလျှင် သူက ကျွန်မကို ချက်ချင်းလက်ငင်း ကန်ထုတ်ပစ်နိုင်လောက်သည်။ကျွန်မသည် ဧကရာဇ်၏ ယုံကြည်မှုကို ရရှိအောင် လုပ်မည့်သူဖြစ်ရာ ထိုသို့ ဖြစ်ပျက်သွားရသည်။ထို့အပြင် ထိုစကားများက ကျွန်မ၏ အဖြစ်ချင်ဆုံး ရည်မှန်းချက် ပန်းတိုင်နှင့် ကိုက်ညီနေလေရာ ငြင်းပယ်ပစ်ရန် အကြောင်းပြချက် မရှိပေ။



"နောက်ဆုံးတော့ မင်းက သူ့ရဲ့ ယုံကြည်မှုကို ရသွားပြီပဲ။ဒါနဲ့တင် မလုံလောက်သေးဘူးလား။"



"ဒီလောက်နဲ့ မရသေးဘူးပေါ့။"



ဆိုဗက်စ်စတာ၏ ရှေ့ဆံပင်များက ရှုပ်ထွေးနေပြီး သူက တစ်ချက် စုတ်သပ်လိုက်သည်။



"ကိုယ် ခံစားချက် သိပ်မကောင်းဘူး။"



ကျွန်မ အကြိမ်များစွာ မျက်တောင်ခတ်လိုက်မိသည်။



"ရှင် ဘယ်လို ခံစားနေရလဲဆိုတာကို ကျွန်မ အာရုံစိုက်ပေးစရာ လိုလား။"



"ဘာလဲ"



"တောင်းပန်ပါတယ်။ကျွန်မ စိတ်ထဲမှာ တွေးနေတာက လွှတ်ခနဲ ထွက်သွားလို့။"



ဆိုဗက်စ်စတာက မှင်တက်သလို ဖြစ်သွားပြီးနောက် ရယ်ချလိုက်သည်။



"တစ်ခါတစ်လေတော့ ကိုယ် သိချင်မိသားပဲ။"



သူက ကျွန်မ၏နဖူးကို လက်ညှိုးထိုးလိုက်ပြီး ပြောသည်။



"မင်းရဲ့ခေါင်းသေးသေးလေးထဲမှာ ဘယ်လိုအတွေးတွေ ပြည့်နေလဲ ဆိုပြီး။"



ကျွန်မ ဆိုဗက်စ်စတာကို ကြည့်လိုက်မိလျှင် သူ့မျက်နှာမှ ဖြာထွက်နေသော စိတ်မကျေနပ်မှုနှင့် ဒေါသကို ကျွန်မ ခံစားမိသည်။မနက်ကပဲ သူ၏ဒေါသကို ပြေလည်သွားအောင် ကြိုးစားခဲ့သည်။သို့သော် အခုတော့ ထိုသို့ မလုပ်နိုင်ပေ။



ကျွန်မတွင်လည်း ပြောစရာအများကြီး ရှိသည်။



"မဟုတ်ဘူး၊ကျွန်မလဲ မသိဘူး။ကျွန်မ အိမ်ရှေ့စံ အရှင့်သားကို သွေးဆောင်ဖြားယောင်နိုင်ရင် ကျွန်မကို ကွာရှင်းပေးမယ်လို့ ရှင် တစ်ခါက ပြောဖူးတယ်နော်။ကျွန်မလည်း သူ့ကို ကျောက်တုံးလို့ ယုံကြည်ထားပြီး ဖြားယောင်းဖို့ ကြိုးစားနေရတာ။ဒါနဲ့ ဒီနေ့ကိစ္စက ကောင်းကောင်း ဖြစ်သွားတာပဲ မဟုတ်ဘူးလား။"



ဆိုဗက်စ်စတာက ပြန်မဖြေပေ။သူ၏ တိတ်ဆိတ်နေမှုမှာ တစ်မျိုးထူးဆန်းနေသည်။



ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။



"မဖြစ်နိုင်တာ။ရှင်က ကျွန်မဆီ ပေးထားတဲ့ကတိကို ဖျက်ပစ်ဖို့ ကြိုးစားနေတာလား။"



ဆိုဗက်စ်စတာက ခေါင်းကို တစ်နေရာသို့ လှည့်လိုက်သည်။ထို့နောက် ကျွန်မ၏အနောက်ဖက်ကို ညွှန်ပြသည်။



"ကယ်လီယန် ဒီဘက်ကို လာနေတယ်။"



"ရှင် စကားလမ်းကြောင်း မလွှဲပစ်နဲ့။" 



"ဒါပေမဲ့ သူက ကိုယ်တို့ကို တွေ့ပြီး ရှောင်ထွက်သွားတော့မလိုပဲ။"



"ကျစ်"



ကျွန်မသည် ကယ်လီယန်နှင့် ဆုံတွေ့ရမည် အခွင့်အရေးကောင်းကို လက်မလွှတ်ချင်ပေ။



"နောက်မှ စကားဆက်ပြောကြမယ်။"



ကျွန်မ ဆိုဗက်စ်စတာ၏ပခုံးကို ပုတ်လိုက်ပြီး ကယ်လီယန်ရှိရာသို့ လက်ကို ဝှေ့ယမ်းလိုက်သည်။



"အရှင့်သား!"



ကယ်လီယန်က ကျွန်မကို မြင်သည်နှင့် ပို၍ မြန်မြန် လမ်းလျှောက်တော့သည်။



"မဟုတ်ဘူး။အရှင့်သား ဒီလို ထွက်မပြေးနဲ့လေ။"



ကျွန်မ ကယ်လီယန်ကို ဖမ်းရန် ပြေးထွက်လာမိသည်။



ထို့ကြောင့် ဆိုဗက်စ်စတာ၏မျက်နှာအမူအရာက မည်သို့ ဖြစ်နေသည်ကို ကျွန်မ မသိခဲ့ပေ။



*


"ထပ်ပြီးတော့ ဘာလဲ။မင်း ဒီနေရာကို ဘာကြောင့် ထပ်လာတာလဲ။"



ကျွန်မကို မြင်လျှင် ကယ်လီယန်မှာ မျက်ကလူးဆန်ပျာ ဖြစ်သွားသည်။



ဘာကြောင့်လဲ။ငါတို့ရဲ့ ဆက်ဆံရေးက ကောင်းလာပြီလို့ ငါ ထင်နေတာ။ငါပဲ အထင်မှားသွားတာလား။နာကျင်သွားပြီနော်။



"ဘာကြောင့် ဖြစ်မှာလဲ။ကျွန်မက အရှင့်သားကို လာနှုတ်ဆက်တာပါ။အရှင့်သား အဆင်ပြေပါရဲ့လား။"



"အရမ်းပဲ။ကောင်းပါတယ်။ထူးထူးခြားခြားပါပဲ။ဒါဆို ငါ သွားပြီနော်။"



ကယ်လီယန်က ကျွန်မကို အတင်း နှင်ထုတ်ရန် ကြိုးစားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ပုံမှန်အားဖြင့် ဤသို့ မဖြစ်နေသင့်။ယခုကဲ့သို့ စိတ်သဘောထားကို ပြလာခြင်းမှာ သံသယဝင်စရာ ကောင်းသည်။အရာအားလုံးကို သိနေပါသည်ဟူသော မျက်နှာထားဖြင့် ကျွန်မ သူ့ကို ကြည့်လိုက်သည်။



"အရှင့်သားက ကောင့်မြို့စားကတော်ကို တွေ့ဖို့ ဒီနေရာကို လာရတာ မဟုတ်ပါလား။"



ကယ်လီယန်၏မျက်လုံးများ ပြူးကျယ်သွားလေသည်။



"မင်း ဘယ်လို သိတာလဲ။"



"ကျွန်မ ဒီအတိုင်း သတိထားမိသွားတာပါ။"



ကျွန်မ ပြုံးလိုက်ပြီး ကယ်လီယန်၏ အနားကို တိုးကပ်သွားလိုက်သည်။



"ကျွန်မ အခုပဲ ဧကရာဇ်အရှင်ထံ အခစားဝင်လို့ ပြီးတာပါ။"



"ဘာ!"



မျှော်လင့်သည့်အတိုင်း သူ တုန်ယင်သွားပြီး အော်ဟစ်လိုက်သည်။



"အ ...အရှင်က ငါ့ကိုတောင် မကြာခဏ ခေါ်တွေ့တတ်တဲ့သူ မဟုတ်ဘူး။ဒါပေမဲ့ မင်းက အရှင့်ကို တွေ့ခဲ့တယ်ဆိုတော့။ဘာကြောင့်လဲ။ဘယ်လိုလုပ်ပြီးတော့။"



"ကျွန်မလဲ သေချာ မသိပါဘူး။"



ကျွန်မ တမင်တကာ ပခုံးကို မြှင့်လိုက်သည်။



"အရှင့်သားက ဘာလို့ အရှင့်ကို ဒီအကြောင်း မမေးကြည့်ရတာလဲ။"



ကယ်လီယန်က စိတ်ဆိုးနေသည့်နှယ် နှုတ်ခမ်းကို ကိုက်လိုက်သည်။



"မင်း အခု တမင်တကာ လုပ်နေတာ မဟုတ်လား။အရှင်က ငါ့ကို ခဏခဏ ခေါ်မတွေ့တတ်တာ မင်း သိနေတယ်လေ။"



"မဖြစ်နိုင်တာရှင်။ကျွန်မက ဒီလောက် ဆိုးလို့လား။"



"အင်း"



"ဘုရားရေ"



ထိုသို့ ပြောလိုက်ခြင်းက ကျွန်မကို ပို၍ ကစားချင်စိတ် ဖြစ်လာစေသည်။



"...ဒါကိုလဲ စောစောက အရှင် ပြောခဲ့သေးတယ်။"



အခန်းထဲမှ မထွက်ခင် ဧကရာဇ် ပြောလိုက်သည်ကို ကျွန်မ သတိရသွားသည်။



ဒီကို မကြာခဏ လာခဲ့ချေ။မင်း အခစားဝင်မှာကို အမြဲတမ်း ကြိုဆိုနေမှာပါ။



"အရှင်က ကျွန်မကို ကြိုဆိုနေမယ်လို့ ပြောသေးတယ်။ဒါဆို နောက်လဲ ကျွန်မတို့ အချင်းချင်း မကြာခဏ တွေ့နိုင်မယ် ထင်တယ်။"



"..."



ကယ်လီယန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။သူ အင်မတန်မှ အံ့အားသင့်သွားလေသည်။ထိုစကားကို ကျွန်မ ကြားခဲ့စဥ်ကလည်း ထိုသို့ အံ့ဩခဲ့ရသည် ဖြစ်ရာ ကယ်လီယန်ဆိုလျှင် ပို၍ပင် အံ့ဩမည် ဖြစ်သည်။



ကျွန်မ ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။



"မင်း ဘာတွေ လုပ်နေတာလဲ။"



ကယ်လီယန်၏မျက်လုံးများ ကျဥ်းမြောင်းသွားလေသည်။



"မင်း မှော်နက်ကို သုံးခဲ့တာလား။ဒါကြောင့် မင်း အရှင့်ကို ဖြားယောင်းလိုက်နိုင်တာ၊ဟုတ်တယ်မလား။" 



"ကျွန်မသာ အဲ့လို လုပ်နိုင်စွမ်း ရှိရင် အရှင့်သားအပေါ်မှာ အရင်ဆုံး အသုံးပြုလိုက်မိမှာပဲ၊ မှန်ပါရဲ့လား။"



အာ



ကယ်လီယန်က နောက်ကို ဆုတ်လိုက်ပြီး သူ့ရင်ဘတ်ကို လက်များဖြင့် ရစ်ပတ်ကာကွယ်ထားလိုက်သည်။



မဟုတ်သေးဘူး၊ဒီလို အရူးကောင်ကတော့ ...



"ကျွန်မက ဒီလို မလုပ်နိုင်ဘူးလို့ ဆိုလိုချင်တာပါ။အရှင်က အရမ်းသန်မာလွန်းပါတယ်။အရှင့်ကို မှော်နက်သုံးပြီး ဘယ်လို ချုပ်ကိုင်နိုင်ပါ့မလဲရှင်။"



"ကောင်းပြီ၊ဒါက အမှန်ပဲ။အရှင်က မှော်နက်ကို မဖြုံတဲ့ သူတစ်ယောက်ပဲ။အရှင်က မြို့စားကြီးရဲ့ လှည့်စားမှုကိုတောင် ကျော်လွှားနိုင်တဲ့ သူလေ။"



သူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလေသည်။



"စကားမစပ် အရှင့်သားကရော ကျွန်မခင်ပွန်းရဲ့ လှည့်စားမှုကို ခံစားခဲ့ဖူးပါသလား။"



"ဘယ်တော့မှပဲ"



ကယ်လီယန်က အခိုင်အမာ တုံ့ပြန်၏။



"ထူးဆန်းတယ်၊သူက ငါ့အပေါ် ဒီလို မလုပ်ဖူးဘူး။ဒါက ပိုပြီး စိတ်တိုစရာကောင်းသေးတယ်။"



ထိုစကားများထဲတွင် ထူးဆန်းသော စိတ်ပျက်နေမှုတစ်ခု ရှိလေသည်။ထို့ကြောင့် ကျွန်မ ညင်ညင်သာသာ မေးလိုက်သည်။



"အရှင့်သား နည်းနည်းလေး စိတ်ပျက်နေတယ်လို့ ကျွန်မ ထင်တယ်။"



"မဟုတ်ပါဘူး"



"အိုင်း ၊ကျွန်မကို ရိုးရိုးသားသား ပြောလို့ရပါတယ်။အရှင့်သား နည်းနည်း စိတ်ပျက်နေပါတယ်၊မှန်ရဲ့လား။"



"ငါက မဟုတ်ဘူးလို့ ပြောနေတယ်လေ။"



"အခု ချက်ချင်း ပြန်သွားတော့။မကြာခင် ဖလဲရ် ရောက်လာတော့မယ်။"



"ဘုရားရေ၊ ကျွန်မ ဒါကို ဘယ်လို လုပ်ရပါ့မလဲ။"



ကျွန်မ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။



"သူမ ဒီနေရာကို ရောက်နေပြီလေ။"



"ဘာ"



ကယ်လီယန်က ဘေးဘီကို ကြည့်လိုက်စဥ်တွင် ကျွန်မ သူ့အနားကို အမြန် တိုးသွားပြီး သူ့လက်မောင်းကို ကျွန်မ၏လက်များဖြင့် ကိုင်ထားလိုက်သည်။ပြီးနောက် ကျွန်မ ဖလဲရ်ကို နှုတ်ဆက်လိုက်၏။



"တွေ့ရတာ ဝမ်းသာပါတယ်၊ကောင့်မြို့စားကတော်"



တောက်ပသော အပြုံးတစ်ပွင့်နှင့် အတူ။



*



ဖလဲရ်မှာ လက်ရှိအခြေအနေကို နားမလည်နိုင်ပေ။



ကယ်လီယန်နဲ့ အိုဖီလီယာက ဘာလို့ အတူ ရှိနေရတာလဲ။သူမက သူ့လက်မောင်းကို ဘာလို့ ကိုင်ထားရတာလဲ။



"လွှတ်လိုက်စမ်း"



ကယ်လီယန်သည် အိုဖီလီယာကို အလျင်အမြန် တွန်းဖယ်ပစ်လိုက်သည်။သို့တိုင် သူတို့နှစ်ယောက် ပူးကပ်နေကြသော ပုံရိပ်မှာ ဖလဲရ်၏စိတ်ထဲတွင် စွဲထင်သွားလေသည်။



"ဖလဲရ် ၊ဒါက အထင်လွဲနေတာပါ။"



"ဟုတ်ကဲ့၊ကျွန်မ သိပါတယ် အရှင့်သား။"



ဖလဲရ် တည်ငြိမ်စွာ အသက်ရှူလိုက်သည်။အိုဖီလီယာက သူ့ကို အရင် တွယ်ကပ်လိုက်မှန်း သူမအနေဖြင့် သေချာသည်။ကယ်လီယန်က မတော်တဆ လက်ခံမိသွားခြင်းသာ ဖြစ်ရမည်။



သို့သော်



သူမ အရာအားလုံးကို သိနေလျှင်တောင်မှ



သူမ ဒေါသဖြစ်နေပြီး လက်များ တုန်ယင်နေခဲ့ရသည်။ဖလဲရ်သည် သူမ၏လက်များကို ပူးကပ်ဆုပ်ကိုင်ပြီး အသက်ရှူမြန်နေသည်ကို ထိန်းထားရန် ကြိုးစားခဲ့သည်။သူမ ထိုသို့ ဖြစ်နေသည်ကို အိုဖီလီယာအား မြင်ခွင့်မပေးနိုင်ပေ။



"ဟယ်လို၊မြို့စားကြီးကတော်ရှင့်၊ရှင်လဲ အတူရှိနေမှန်း ကျွန်မ မသိလိုက်ဘူး။"



အိုဖီလီယာက ပြန်မဖြေပေ။သူမက ခေါင်းကို တစ်ဖက်စောင်းငဲ့ရင်း  ဖလဲရ်ကို ငုံ့ကြည့်လိုက်သည်။သူမတို့ကြားရှိ အရပ်ကွာခြားမှုကြောင့် မျက်လုံးခြင်း တန်းတန်းမတ်မတ် မဆုံနိုင်သည်ကို ဖလဲရ် သိပါသည်။သို့သော်လည်း အိုဖီလီယာက သူမကို ဘယ်အချိန်၊ဘယ်နေရာမှာ ဖြစ်ဖြစ် ငုံ့ကြည့်လေ့ရှိသည်ဟု ဖလဲရ် တွေးမိသည်။သူမက ထိုင်နေရင်း ဖြစ်စေ၊လှေကားအောက်တွင် ဖြစ်စေ သူမက ဖလဲရ်ကို အမြဲ နိမ့်ချတတ်သည်။ဖလဲရ်က သူမ နေရာသို့ မရောက်နိုင်ဟု ပြောချင်နေသကဲ့သို့ ဖြစ်၏။



ဖလဲရ်မှာ အံကို တင်းတင်းကြိတ်ထားမိသည်။



"ကျွန်မက အရှင့်သားကို ခဏလေးပဲ စကားလာပြောတာ။မကြာခင် ကျွန်မ ပြန်တော့မှာပါ။"



အိုဖီလီယာ ပြန်ဖြေလိုက်သည်။



"တွေးမိမှပဲ မြို့စားမင်းကြီးအိမ်တော်မှ တွေ့ပြီးနောက်ပိုင်း ကျွန်မနဲ့ ကောင့်မြို့စားကတော်တို့ အခုမှ ပထမဆုံး ပြန်ဆုံရတာနော်။"



"ဟုတ်ကဲ့၊ မှန်ပါတယ်ရှင့် ။"



"ရှင် ဘယ်လိုနေလဲ။"



သူမကို အိုဖီလီယာက ဟယ်လိုဟု ပြောမည်ကို မမျှော်လင့်ထားမိပေ။အစ၌ သူမက ဖလဲရ်ကို မြင်တိုင်း ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းနေတတ်သည်။ထို့ကြောင့် ဖလဲရ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး သင့်လျော်အောင် ပြန်မဖြေနိုင်ခဲ့ပေ။ထို့နောက် အိုဖီလီယာက ဆက်ပြောသည်။



"ကျွန်မကို ယုတ်မာတဲ့ အပြစ်သားတစ်ယောက် ဖြစ်အောင် လုပ်ထားပြီးတော့မှ ရှင်က ခြေထောက်တွေ ဆန့်ပြီး ကောင်းကောင်းကြီး အိပ်နေခဲ့တာလား။"



ဖလဲရ်၏မျက်လုံးများ တုန်ယင်သွားလေသည်။



သူမဘေးရှိ ကယ်လီယန်မှာလည်း အသက်ရှူအောင့်ထားမိလေသည်။သူက ဖလဲရ်၏မျက်လုံးထဲသို့ ကြည့်လိုက်မိသည်။အသိစိတ်ဝင်လာသော ဖလဲရ်က တလေးတစားနှင့် အလျော်ကန်ဆုံး တုံ့ပြန်လိုက်၏။



"မဒမ်က ကျွန််မရဲ့ အိပ်စက်မှုကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ရှင့်ကျေးဇူးကြောင့် ကျွန်မ ကောင်းစွာ အိပ်ရပါတယ်။"



"ကျွန်မ သိပြီ"



အိုဖီလီယာက နှုတ်ခမ်းကို တွန့်လိုက်သည်။



"ရှင် နောက်တစ်ကြိမ်အတွက် စိတ်လှုပ်ရှားနေရင် ပိုကောင်းလိမ့်မယ်။" 



"ရှင် ၊ဘာကို "



"ကျွန်မက ရှင့်ခြေထောက်တွေ ဆန့်ထုတ်လို့ မရတဲ့အထိ အိပ်ရာကို သေးသေးလေးဖြစ်အောင် လုပ်ပေးမလို့လေ။"



"အိုဖီလီယာ!"



ကယ်လီယန်က အိုဖီလီယာ၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။



"မင်း ဘာတွေ ဖြစ်နေတာလဲ။"



"ဒါဆို ကျွန်မ သွားပါတော့မယ် အရှင့်သား။"



အိုဖီလီယာက ကယ်လီယန်၏စကားကို ထိုသို့ ဖြတ်တောက်လိုက်သည်။



ထို့နောက် အလွန်တိုးညှင်းသည့်တိုင် ဖလဲရ်ကြားနိုင်လောက်သည့် လေသံဖြင့် 



"အရှင့်သားကို ပြောဖူးပါတယ်၊ကျွန်မက အပြစ်ကင်းပါတယ်လို့။" 



ထိုအခိုက်အတန့်တွင် ကယ်လီယန်မှာ အသက်ရှုရပ်တန့်သွားပြီး သူ၏မျက်လုံးများက ဖလဲရ်ဆီသို့ ကြည့်နေလေသည်။



ထိုအခါမှ ဖလဲရ် သဘောပေါက်သွားတော့သည်။



အား



ကယ်လီယန် ငါ့ကို သံသယဝင်နေပြီ။



သူမ၏နှလုံးသားမှာ တဒိန်းဒိန်း ခုန်ပေါက်နေသည်။ခန္ဓာကိုယ်မှာလည်း အန္တရာယ်ကို အာရုံခံမိသော အရွက်စားသတ္တဝါငယ်လေးအလား စတင် တုန်ယင်လာတော့သည်။



ဒါက ဒီလို မဖြစ်သင့်ဘူး။ဒါကို ဒီအတိုင်း ထားလိုက်လို့ မရတော့ဘူး။



အိုဖီလီယာ ရိုင်ဇန်



ထိုကိစ္စကို မြန်မြန်ဆန်ဆန် ကိုင်တွယ်မှ ပိုကောင်းလိမ့်မည်ဟု သူမ တွေးမိသည်။



ဖလဲရ် သူမကိုယ် သူမ ကတိပေးလိုက်သည်။



TK Team
++++++++