👾Chapter 136
“မစ္စတာလင်း … အသင့်ပဲလား …”
M2742 သည် လေထုထဲသို့ မြင့်တက်သွားခဲ့သည်။ ပစ်မှတ်အား ရှာဖွေနေသည့် ဇာ့ဂ်သူပုန်များသည် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာကြပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အမြန်နှုန်းဖြင့် သူတို့ထံ ဦးတည်လာကြ၏။
သို့သော် တစ်ဖက်လူက သူတို့၏ လှုပ်ရှားမှုကို ခန့်မှန်းခဲ့ပြီး ဖြစ်ဟန်တူသည်။ အင်ဂျင်များသည် အရှိန်မြှင့်တင်ခံလိုက်ရပြီး မက်ခါများက ရှေ့သို့ လျင်မြန်စွာ တိုးလာခဲ့၏။ ၎င်းတို့က နို့နှစ်ရောင်အရာဝတ္ထုများနှင့် ထိတွေ့တော့မည့်အချိန်၌ ချက်ချင်း ပြန်ကန်ထွက်သွားခဲ့သည်။ နောက်တစ်စက္ကန့်၌ ညာဘက်ရှိ မက်ခါများက ချက်ချင်းဆိုသလို အမြောက်များဖြင့် တရစပ် ပစ်ခတ်ကြတော့၏။
ဇာ့ဂ်အချို့သည် မရှောင်တိမ်းနိုင်ပဲ ချက်ချင်း ပေါက်ကွဲသွားခဲ့ကြသည်။ ကျန်ဇာ့ဂ်များကမူ သေးငယ်သော အပိုင်းအစလေးများအဖြစ် ပြိုကွဲကာ လေထုထဲရှိ အသန်မာဆုံးနှင့် အကြီးဆုံး မက်ခါထံသို့ တက်ရောက်ရန် ကြိုးစားကြ၏။
အဆိုပါ မက်ခါသည် ညာဘက်တွင် အလင်းဓားတစ်ချောင်း ကိုင်စွဲထားလေသည်။
အဆိုပါ နို့နှစ်ရောင် ဇာ့ဂ်သူပုန်များသည် မက်ခါ၏ ညာလက်မောင်းထံသို့ ဦးတည်လိုက်ကြသည်။ သူတို့က ထောင်နှင့်ချီသည့် အပိုင်းအစလေးများအဖြစ် စုဝေးလာကာ မက်ခါအား သူတို့၏ လက်တံရှည်များဖြင့် ရစ်ပတ်ရန် ကြိုးစားကြပြန်၏။
ဘန်း …
ကံမကောင်းစွာဖြင့် အဆိုပါ ဇာ့ဂ်သူပုန်များ အပိုင်းပိုင်းအစစ မဖြစ်ခင်မှာပင် ညာလက်မောင်းသည် လက်နက်အပြည့်အစုံ တပ်ဆင်ပြီးဖြစ်သွားခဲ့သည်။ ထိုနို့နှစ်ရောင် အစလေးများက မက်ခါပေါ်သို့ ထပ်မံတက်ရန် ကြိုးစားကြသည့်အခါ လက်နက်များ၏ ပေါက်ကွဲမှုကြောင့် ပြာကျသွားကြ၏။
“ဖျက်ဆီးလိုက် …”
လင်းဟန်၏ ပျော်ရွှင်နေသော အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။
“သတိမလွတ်စေနဲ့ … ဇာ့ဂ်ဘုရင်မက မကြာခင် မျိုးနွယ်အသစ်ကို မွေးဖွားပေးတော့မယ် …”
ည၏ အလင်းရောင်အောက်တွင် အနက်ရောင် အရိပ်များသည် စတင်၍ ပေါက်ကွဲလာကြသည်။ ဇာ့ဂ်များက ဇာ့ဂ်ဘုရင်မအား အလွှာအထပ်ထပ်ဖြင့် ဖုံးကာထားကြ၏။ သူတို့က လူသားများ နားမလည်နိုင်သည့် ကြိမ်နှုန်းများဖြင့် အချင်းချင်း ဆက်သွယ်နေကြသည်။
“နောက်ပြန်မဆုတ်နဲ့ …”
ယဲ့လင်သည် အံကြိတ်လျက် သူ့အရှေ့ရှိ လီဗာအား အောက်ချေအထိ တွန်းလွှတ်လိုက်သည်။
“အခုပဲ … တာဝေးပစ်ဒုံးတွေကို ပစ်ကြ …”
သူ့စကားဆုံးသည်နှင့် အာကာသစခန်းသည်လည်း အရှိန်မြှင့်စက်များအား အသက်သွင်းလိုက်၏။ များပြားလှသည့် အင်းဆက်များက အာကာသစခန်း၏ တိုက်ခိုက်မှုသည် ဘယ်ဘက်မှလာမည်ဟု ယူဆကြပုံပေါ်သည်။ မဟူရာမြှားပုရွက်ဆိတ်များက ၎င်းတို့၏ ထူထဲမာကျောသော ဒိုင်းကာများကို တပြိုင်နက် ထောင်လိုက်ကြ၏။ ကြယ်သင်္ဘော၏ အနီရောင်အလင်းသည်လည်း ကောင်းကင်တစ်ခွင်လုံးကို လင်းထိန်သွားစေခဲ့သည်။
“လိမ်လိမ်မာမာနဲ့ မိဘမဲ့အနေနဲ့ ငရဲကိုသွားကြ …”
ယဲ့လင်က ထပ်မံ၍ ကျိန်ဆဲလိုက်၏။ ကြယ်သင်္ဘော၏ တိုက်ခိုက်မှုသည် တစ်နေရာထဲသို့ ဦးတည်သွားခဲ့သည်။ ၎င်းက ထိုးဖောက်၍မရအောင် ထူထဲလှသည့် အပေါက်အား ခေါက်လိုက်သကဲ့သို့ပင်။
“ကြယ်စုဝေးဗဟိုချက် အသင့်ဖြစ်ပါပြီ …”
အချိန် ပြည့်လေပြီ။ ဟယ့်ယွင်ထင်က အာကာသစခန်းသည် အမိန့်အားလုံးကို နာခံမည်ဖြစ်ကြောင်းနှင့် အဓိကလက်နက်အား အသက်သွင်းမည်ဖြစ်ကြောင်း သိရှိထား၏။ သူက တုံ့ဆိုင်းခြင်းမရှိ အမိန့်ပေးလိုက်သည်။
“ငါးစက္ကန့်ရေတွက်ပါ …”
“၅ …”
ကြယ်သင်္ဘောအတွင်းရှိ စစ်သားများက သူတို့၏ အမြောက်များကို အသက်သွင်းကာ ကျယ်လောင်စွာ တုံ့ပြန်ကြသည်။
“၄ …”
အာကာသစခန်းရှိ ဆာဂျင်များ၏ အကြည့်သည် သူတို့အရှေ့ရှိ အမှတ်စဉ်ထံ၌ ကော်လိုကပ်နေ၏။
“၃ …”
လုအန်းဟယ်သည် ဇုစ်၏ ဒိုင်းကာအား လှည့်ပြောင်းကာ နောက်ဆုံးစက္ကန့်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မတော်တဆမှုများကို ကာကွယ်ရန် အဖွဲ့နှင့် ပူးပေါင်းလိုက်၏။
“၂ …”
ဤမျှကြီးမားလှသည့် အမြောက်အား ပထမဆုံးအကြိမ် မြင်ဖူးသည့် လင်းဟန်သည် မနီးမဝေးရှိ ညကောင်းကင်၌ တောက်ပနေသော စွမ်းအင်များနှင့် စတင်ပွင့်အာလာသည့် ထိပ်ဖူးကို ကြည့်နေ၏။
“၁ …”
ဟယ့်ယွင်ထင် အကြည့်ကိုရွှေ့လိုက်သည်။ သူ၏ အကြည့်က အနက်ရောင်အရိပ်များထဲရှိ မကောင်းဆိုးဝါးထုကြီးထံ ကျရောက်သွား၏။
ဘုန်း … ဘုန်း …
ကြယ်ဂိတ်ဝသည် ပင်မအမြောက်၏ ဖွင့်လှစ်ခြင်းခံလိုက်ရ၏။ မူလသံချပ်ကာက တန်ပြန်တိုက်ခိုက်ခြင်း ထိန်းညှိစက်ကို အသက်ဝင်စေခဲ့၏။ ဒုံးစက်များသည် ခရမ်းရောင်မီးလျှံအမြောက်အများကို ပစ်လွှတ်လိုက်ကြပြီးနောက် အလုံခြုံဆုံးနေရာသို့ ပြန်ရောက်လာကြသည်။ တောက်ပသော အလင်းတန်းကြီးသည် အနက်ရောင်အရိပ်များထံသို့ ဦးတည်သွား၏။ ပေါက်ကွဲသံက အဆက်မပြတ် မျိုးပွားနိုင်သည့် ဇာ့ဂ်ဘုရင်မအတွက် သေမင်းခေါ်သံကဲ့သို့ ရှိနေသည်။ ၎င်းက ခံတပ်၏ ကြယ်ဂိတ်ဝ၌ အပြီးအပိုင် ပျောက်ကွယ်သွားရပေတော့မည်။
အလွန်ကျယ်လောင်လှသည့် ပေါက်ကွဲမှု၏နောက်တွင် အဆုံးမဲ့ တိတ်ဆိတ်မှုက ကပ်ပါလာ၏။
ထို့နောက် ငယ်ရွယ်သော ကပ္ပတိန်တစ်ဦး၏ အသံထွက်ပေါ်လာသည်။
“ဟားဟားဟား … မိဘမဲ့တွေဖြစ်လိုက်စမ်း … အပုပ်ကောင်တွေ …”
“…”
“…”
သို့သော် ဤတစ်ကြိမ်၌ မည်သူကမှ သူ့အား မတားကြတော့ချေ။
သို့သော် ဇာ့ဂ်ဘုရင်မအား ဖြုတ်ချခြင်းသည် ခံတပ်အား ထိန်းထားနိုင်ရန် ပထမဆုံးခြေလှမ်းသာဖြစ်သည်။
ဇာ့ဂ်အသစ်များ မွေးဖွားခြင်းမရှိတော့သည့်တိုင် စစ်ပွဲသည် ထိုထက်ပို၏။
သံမဏိပိုးကောင် ဒုတိယလှိုင်းနှင့်အတူ မဟူရာမြှားပုရွက်ဆိတ်များနှင့် ဧရာမ သဲပိုးကောင်များသည် ရှင်းလင်းခံလိုက်ရ၏။ သို့သော် ဇာ့ဂ်များက လက်လျှော့မည့်ပုံမရချေ။ ဇာ့ဂ်ဂြိုဟ်မှ ဇာ့ဂ်လှိုင်းအသစ်များ ထပ်မံထွက်ပေါ်လာကြပြန်၏။
“မင်းတို့ ရူးနေလား … queen မရှိတာတောင် ဘာလို့ဆက်ချီတက်နေကြတာလဲ …”
သုံးရက်မြောက်နေ့၌ ယဲ့လင်က ထပ်မံဆဲရေးရပြန်သည်။
မည်သူကမှ သူ့အား တုံ့ပြန်စကားမဆိုခဲ့ကြချေ။ အဘယ့်ကြောင့်ဆိုသော် သုံးရက်ကြာ တိုက်ခိုက်ပြီးသည့်တိုင် ဇာ့ဂ်များက ဆက်လက်ထွက်ပေါ်လာဆဲဖြစ်သောကြောင့်ပင်။ သူတို့က အင်ပါယာသို့ သွားနိုင်ရန်အတွက် ကြယ်ဂိတ်အား ဖြတ်သန်းရမည်ဖြစ်၏။ ဇာ့ဂ်ဘုရင်မအား ဆုံးရှုံးရသည့်တိုင် သူတို့ မရပ်နိုင်ကြချေ။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်၌ ထောက်ပံ့ရေးသင်္ဘောများက ပြင်ဆင်ထားပြီးဖြစ်၏။ ၎င်းတို့ကြောင့် အရင်းမြစ်များ မရှိတော့သည့် အခြေအနေမှ ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော် ၎င်းမှာလည်း ဖြေရှင်းနည်းမဟုတ်ချေ။
ပင်မအမြောက်အား ဝမ်ကျောက်ကော၏ အမိန့်အတိုင်း အသက်သွင်းပြီးပြီဖြစ်၏။ ယခုအခါ ကျန်ကိစ္စအားလုံးက အဖွဲ့၏ ခေါင်းပေါ်သို့ ကျရောက်လာသည်။ သို့သော် လင်းဟန်သည် ဝမ်ယွီ၏ ကြယ်ခွဲနှင့် ပတ်သက်သည့် အမိန့်ကို သတိရနေဆဲပင်။
ငါးရက်ဟူသည်မှာ ကန့်သတ်ချိန်ကာလဖြစ်သည်။ ထိုငါးရက်ကုန်လွန်သည်နှင့် ဝမ်ယွီ၏ ခုန်မှတ်သည် ပေါက်ကွဲသွားပေလိမ့်မည်။ ၎င်းက ဟယ့်ယွင်ထင် သူ့အတွက် ပေးထားသည့် အချိန်လည်းဖြစ်၏။
သို့သော် ယခုမူ …
ယနေ့သည် လေးရက်မြောက်နေ့ဖြစ်၏။
ငါးရက်မြောက်နေ့သည် မည်သို့ရှိမည်နည်း။
ဤရက်များအတွင်း လင်းဟန်၏ အနားယူချိန်သည် ပုံမှန်ရှိနေသည်။ သူက အကောင်ပေါက်လေးကိုပင် မက်ခါမူးဝေခြင်းရှိမရှိ မေးခဲ့၏။
ဗဟိုစက်ကွင်းရှိ စွမ်းအင်များသည် ကုန်ဆုံးသွားခဲ့သည်။ သို့သော် ဇာ့ဂ်အရေအတွက်ကမူ တိုးလာနေဆဲပင်။ သူတို့က ခြေချုပ်မိနေသည့်တိုင် ထွက်ပေါက်အား ရှာမတွေ့နိုင်ပဲ ဖြစ်နေကြသည်။ ဟယ့်ယွင်ထင်၏အဖွဲ့က အရေအတွက် အတိအကျ မသိရသည့် သံမဏိပိုးကောင်များကို ထပ်မံ ဖောက်ခွဲခဲ့သည်။ နောက်ထပ် ပိုးကောင်လှိုင်း သုံးလှိုင်းအထိ ဖောက်ခွဲပြီးသည့်နောက် သူတို့ အနားယူကြ၏။
“ဗဟိုစက်ကွင်းမှာ စွမ်းအင် ဘယ်လောက်ကျန်သေးလဲ …”
“အများကြီးမကျန်တော့ဘူး … ငါးပုံတစ်ပုံလောက်ပဲ …”
ငါးပုံတစ်ပုံသည် သူတို့အား နောက်ဆုံးနေ့အထိ တောင့်ခံနိုင်ရန် လုံလောက်လေသည်။
သို့သော် စိတ်လှုပ်ရှားနေသည့် မျိုးစိတ်များအား မရှင်းလင်းပါက ကြယ်သင်္ဘောနှင့်အဖွဲ့ထံ ပြန်သွားနိုင်လျှင်ပင် ပြဿနာဖြစ်နေဦးမည်သာ။ ဝမ်ယွီ၏ ကြယ်ခွဲရှိ အခြေအနေသည် ပုံမှန်အတိုင်း ရှိနေ၏။ လုဟွိုက်သည်လည်း ငါးရက် အကန့်အသတ်ကို စိတ်ထဲမှတ်သားထားလျက်ရှိ၏။
ဤသို့ဖြင့် တစ်ရက်သာ ကျန်ရှိတော့သည်။
ဇာ့ဂ်အသစ်များသည် မျိုးစိတ်သစ် တစ်ခုကို သယ်ဆောင်လာခဲ့၏။ နှစ်ဖက်အမြင်အရ အဆိုပါ စစ်ပွဲသည် မသေနိုင်သည့် အနိုင်ယူပွဲဖြစ်သည်။ သို့သော် ယနေ့ပြဿနာမှာ ဇာ့ဂ်ဘုရင်မသည် ကြယ်ဂိတ်အား ဖြတ်မလာနိုင်သလို တစ်ဖက်သည်လည်း စွမ်းအင် ကုန်ခမ်းခြင်းအား စောင့်နေရသည်။
သို့သော် အဆိုပါ မဆုတ်သာ မတိုးသာ အခြေအနေသည် ချိုးဖျက်ရန် ခက်ခဲလှသည်။
ခံတပ်တစ်ခုလုံး၌ လက်ရှိအချိန်တွင် စစ်အင်အား အမြောက်အများ စုဝေးနေကြ၏။ ဗဟိုစက်ကွင်းသည် ၎င်း၏ စွမ်းအင်အများစုကို အသုံးပြုပြီးပြီဖြစ်သည်။ လျော့ပါးသွားသည့် စွမ်းအင်များမှာလည်း အချိန်အတန်ကြာမှသာ ပြန်လည် ဖြည့်တင်းလာပေလိမ့်မည်။
သို့သော် အဆိုပါအချိန်သည် နှစ်ပေါင်းများစွာ ကြာညောင်းနေသကဲ့သို့ပင်။
လက်ရှိအခြေအနေအရ ကြယ်မြစ်၏ဗဟိုချက်သည် ပစ်လွှတ်ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းအား ပြန်လည်အားဖြည့်ရန်မှာ မဖြစ်နိုင်တော့ချေ။ ဇာ့ဂ်များသည် နေရာအနှံ့ပျံ့ကျဲနေကြသည်။ သင်က ဝမ်ကျောက်ကောထံမှ သော့ကို ရခဲ့လျှင်ပင် စွမ်းအင်ကုန်ခမ်းမှုသည် ထိရောက်မှုရှိမည်မဟုတ်ပေ။ ဒုတိယအနေဖြင့် လက်ရှိတွင် ကြယ်သင်္ဘောများနှင့် အာကာသစခန်းအတွက် စွမ်းအင်မလုံလောက်ပဲဖြစ်နေ၏။ ထို့ကြောင့် ထိုမျှများပြားလှသည့် စွမ်းအင်များကို ဖြည့်တင်းရန် အချိန်အတော်ကြာ ယူရပေလိမ့်မည်။
သို့သော် မတိုးသာမဆုတ်သာ အခြေအနေက ဖြည်းဖြည်းချင်း ပြိုလဲလာ၏။
စတုတ္ထမြောက်ညတွင် မက်ခါများ၊ အာကာသစခန်းများနှင့် ကြယ်သင်္ဘောများသည် ခံတပ်၌ ရှိနေကြဆဲဖြစ်သည်။ အဆုံးသတ်တွင် ဇာ့ဂ်ဘုရင်မ သေဆုံးသွားသည့်တိုင် အသိဉာဏ်ရှိ ဇာ့ဂ်အမြောက်အများ ရှိနေသေးသည်ပင်။
ထို့ကြောင့် ဤညတွင် မည်သည့်အရာများ ဖြစ်ပျက်လာနိုင်ကြောင်း မည်သူမှ မသိနိုင်ကြချေ။
ညအလယ်၌ သိသာထင်ရှားခြင်း မရှိသည့် သင်္ဘောအနည်းငယ်နှင့် သေနတ်သံအချို့ ထွက်ပေါ်နေ၏။
……
ပဉ္စမနေ့သည် မကြာခင်မှာပင် ရောက်လာခဲ့သည်။
“ဟယ့်ယွင်ထင် …”
လင်းဟန်က အားလပ်ချိန်၌ တာဝန်ယူစောင့်ကြပ်ပေးနေခဲ့သည်။ သူက ခန္ဓာကိုယ်ထဲရှိ ခွန်အားနှင့် စိတ်စွမ်းအားတို့ ကျဆင်းလာသည်ကို ခံစားမိလိုက်သဖြင့် ခေါ်လိုက်သည်။
“ကျွန်တော့်ကို အာဟာရဓာတ်စာ ယူပေးဦး …”
အဆုံးသတ်တွင် လက်ရှိအချိန်သည် အဆိုပါ သောက်ရခက်လှသည့် ဓာတ်စာအား ဖယ်ထားရန် အချိန်ကောင်းမဟုတ်ပေ။
လင်းဟန်က သူ၏ မျက်လုံးအကာကို ချွတ်ကာ စက်ခန်းထဲမှ ထွက်လာ၏။ ထို့နောက် ဟယ့်ယွင်ထင်၏ လက်ထဲရှိ အဖုံးဖွင့်ထားသော ဓာတ်စာဘူးကို ယူလိုက်သည်။
“ကျေးဇူး …”
သူက မျက်ဝန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။ ထို့နောက် အာဟာရဓာတ်စာအား မျိုချလိုက်၏။
ဟယ့်ယွင်ထင်က ဓာတ်စာကုန်သွားသည်ကို အတည်ပြုလိုက်သည်။ ထို့နောက် လင်းဟန်ဘက်သို့ ခေါင်းစောင်းကာ မေးလိုက်၏။
“မစ္စတာလင်း တရေးတမော အိပ်ချင်သေးလား …”
လင်းဟန်က ဓာတ်စာများကို မျိုချရင်း ခေါင်းယမ်းလိုက်၏။
“ရတယ် … ကျွန်တော် မနေ့က အိပ်ထားတယ် …”
မနေ့ညက ဟယ့်ယွင်ထင် အာကာသစခန်းရှိ သင်္ဘောထံ သွားရောက်ခဲ့ချိန်က လင်းဟန် အိပ်ငိုက်လာပြီး အိပ်မောကျသွားခဲ့၏။ သူနိုးလာသည့်အခါ သင်္ဘောသည် သေနတ်သံများ လွှမ်းခြုံလျက် ရွှေ့ပြောင်းခံလိုက်ရလေပြီ။ ထို့အပြင် အပြင်ဘက်တွင်လည်း ဇာ့ဂ်များရှိနေဆဲဖြစ်၏။
လင်းဟန်က ရုတ်တရက် ထိုအရာကို သတိပြုမိသွား၏။ အရာအားလုံး အဆင်ပြေပြေ ရှိနေခဲ့သည်ဖြစ်ရာ ဟယ့်ယွင်ထင် မနေ့က မအိပ်ခဲ့ရခြင်းသည် ပို၍ သေချာသွားခဲ့၏။
သူ့နှလုံးသားက နာကျင်မှုတို့ဖြင့် ပြည့်နှက်လာလေသည်။ စွမ်းအားအကြီးဆုံး အယ်လ်ဖာပင်လျှင် ထိုမျှအထိ တောင့်မခံသင့်ချေ။ သူက အစမှအဆုံးအထိ လင်းဟန် သူ့လက်ကို တိတ်တဆိတ် ထိထားသည့် ဆယ့်ငါးမိနစ်သာ အိပ်စက်ခဲ့ရ၏။ သူ၏ စိတ်အစဉ်၌ စစ်ပွဲတစ်ခုထဲသာ ရှိနေခဲ့သည်။ သို့သော် သူ နားထောင်နေလျှင်ပင် ဟယ့်ယွင်ထင်သည် မည်သို့မှ မပြောခဲ့ချေ။
လင်းဟန်က ဓာတ်စာဘူးကို လွှင့်ပစ်ကာ စက်ခန်းသို့ ပြန်လာခဲ့၏။ သူ တံခါးမပိတ်နိုင်ခင်မှာပင် ဖန်သားပြင်အား နှစ်ကြိမ်ထိ၍ ဆေးထိုးအပ်တစ်ခုကို ထုတ်ယူလိုက်သည့် ဟယ့်ယွင်ထင်အား တွေ့လိုက်ရသည်။
ဆေးထိုးအပ်လား …
လင်းဟန်၏ အတွေးက တစ်နေရာ၌သာ ရှိနေရာ ဆေးထိုးအပ်နှင့် ပတ်သတ်၍ များများစားစား မတွေးနိုင်ခဲ့ချေ။ သို့သော် တံခါးကို ကိုင်ထားသည့် သူ၏ လက်ကမူ တောင့်တင်းသွား၏။ သူက ဟယ့်ယွင်ထင်အား မေးလိုက်သည်။
“ခင်ဗျားလည်း အာဟာရဓာတ်စာ သွင်းနေတာလား …”
“ဟမ် …”
“ကူညီပေးရဦးမလား …”
ဟယ့်ယွင်ထင်က လင်းဟန်၏ စိုးရိမ်မှုကို သတိပြုမိခဲ့သည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် အထုပ်ကို ဖွင့်ကာ ပြန်ပြောလိုက်၏။
“အဆင်ပြေပါတယ် …”
လင်းဟန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ …”
ဓာတ်စာအချို့သည် မျိုချခြင်းဖြင့် စုပ်ယူ၍မရကြောင်း သူသိလေသည်။ အထူးသဖြင့် အယ်လ်ဖာများအတွက် အာဟာရဓာတ်စာများသည် ပို၍ သက်ရောက်မှု ကောင်းရန်အတွက် ထိုးသွင်းသည့် ပုံစံဖြင့် ပြုလုပ်ထား၏။ ၎င်းတို့က အိုမီဂါ၏ အာဟာရဓာတ်စာထက် ပို၍များပြားသော စွမ်းအင်များ ပါဝင်သည်။
သူက ဟယ့်ယွင်ထင် စက်ခုံအား မှီလိက်သည်ကို ကြည့်နေမိသည်။ ထိုသူက အပြာရောင်သွေးကြောများအား ပို၍ထင်ရှားလာစေရန် လက်ကို ကွေးလိုက်၏။ လင်းဟန်က အပ်ကိုတွေ့လိုက်သည်နှင့် မျက်လုံးမှိတ်ချလိုက်မိသည်။ ဟယ့်ယွင်ထင် နာကျင်သွားခြင်းရှိမရှိ သူသိချင်နေမိသည်။ ထို့အပြင် တစ်ဖက်လူအား လက်ရှိအချိန်၌ ထိုမေးခွန်းမေးခြင်းသည် အပိုလုပ်ရာကျသည်ဟုလည်း ခံစားလိုက်ရ၏။
လင်းဟန်က တစ်ဖက်လူ ပုံမှန်ပြန်ဖြစ်သွားသည်အထိ ကြည့်နေမိသည်။ သို့သော် ဟယ့်ယွင်ထင်က နောက်ထပ်ဆေးထိုးအပ်တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် မသိစိတ်ဖြင့် သူ့အား လှည့်ကြည့်လာခဲ့လေသည်။
သူက ဟယ့်ယွင်ထင်၏ တုံ့ဆိုင်းမှုနှင့် အားနည်းမှုများကို တွေ့လိုက်ရသည်။
အာဟာရဓာတ်စာများသည် ထိုးသွင်းရခြင်းဖြစ်၏။ အဘယ့်ကြောင့် နောက်ထပ်တစ်ခုအား ထပ်မံထိုးသွင်းရန် လိုအပ်နေသနည်း။ အဘယ့်ကြောင့် ဟယ့်ယွင်ထင်က သူ့အား ကြည့်လာရသနည်း။ သူက လင်းဟန် တစ်စုံတစ်ခုအား သတိပြုမိသွားမည်ကို ကြောက်ရွံ့နေခြင်းပင်။
လင်းဟန်၏ နှလုံးသားသည် တင်းကျပ်သွားခဲ့ရသည်။ သူက စက်ခန်းကို ဖွင့်ကာ ဟယ့်ယွင်ထင်ထံသို့ လျှောက်သွားလိုက်၏။ တစ်ဖက်လူက အံ့အားသင့်သွားကာ ဆေးထိုးအပ်အား အနောက်ဘက်သို့ ဖွက်ရန် ကြိုးစားလိုက်လေသည်။
👾