👾Chapter 139
"အသင့်ပြင် "
မကြာခင်မှာပင် ဧရာမသဲပိုးကောင်များ ဦးဆောင်သည့် အင်းဆက်အဖွဲ့သည် ဧရာမလက်နက်ကြီးများနှင့် ရဲဝံ့စွာ ရင်ဆိုင်လိုက်ကြသည်။
ပစ်ခတ်မှုများက ကြယ်သင်္ဘောပတ်လည်၌ ထွက်ပေါ်လာ၏။
သို့သော် တိုက်ခိုက်အားကောင်းလှသည့် ဧရာမသဲပိုးကောင်များဖြင့် ရင်ဆိုင်နေရသည့်တိုင် ယဲ့လင်သည် များများစားစား ဂရုစိုက်နေပုံမရချေ။ သူက ဆယ်စင်းပင်မရှိသည့် မက်ခါများကို စေလွှတ်ရင်း စွမ်းအင်ကုန်ခမ်းမှုအနည်းဆုံး လေဆာအမြောက်ဖြင့် တိုက်ခိုက်ခဲ့သည်။
ရုတ်တရက်ဆိုသလို သဲပိုးကောင်များ ဦးဆောင်နေသည့် ဇာ့ဂ်စစ်တပ်သည် နှစ်ပိုင်းကွဲသွား၏။ ဦးဆောင်နေသည့် ဧရာမသဲပိုးကောင် နှစ်ကောင်မှအပ ကျန်ပိုးကောင်များသည် မဟူရာမြှားပုရွက်ဆိတ်များဖြင့် ဝန်းရံခံလိုက်ရသည်။
တစ်ချိန်ထဲမှာပင် အာကာသစခန်းအား တိုက်ခိုက်နေသည့် မဟူရာမြှား ပုရွက်ဆိတ်များသည်လည်း ၎င်းတို့၏ အစစ်အမှန်မျက်နှာကို ပြသလာကြသည်။ ၎င်းတို့က အမှန်စင်စစ် သဲပိုးကောင်များကို ဖုံးကွယ်ထားခြင်းသာ ဖြစ်ကြ၏။
ကြယ်သင်္ဘောများသည် ဇာ့ဂ်များ၏ ပန်းတိုင် မဟုတ်ပုံရသည်။ သူတို့က စွမ်းအင်အရင်းအမြစ်ကိုသာ ဖျက်ဆီးလိုကြခြင်းပင်။
အစစ်အမှန် ဧရာမသဲပိုးကောင်များသည် အာကာသစခန်းသို့ ဝင်ရောက်လာကြ၏။ သူတို့က ကြယ်သင်္ဘောများအား စွမ်းအင်ပေးဝေပုံနှင့် ပင်မစွမ်းအင်ဗဟိုအကြောင်း သိရှိထားကြပုံရသည်။
“ဒါက အကြံကောင်းပဲ …” လုအန်းဟယ်သည် ဆက်သွယ်ရေးစက်အား ကြည့်ကာ ပြုံးလိုက်သည်။
“ပစ်မှတ်ထားထားတဲ့ သဲပိုးကောင်အားလုံး ပစ်ကွင်းထဲကို ရောက်ပါပြီ …”
“အဲဒါက ဆိုရလွယ်တဲ့ မြို့ပျက်ဗြူဟာ မဟုတ်လား … ကပ္ပတိန်ယဲ့ …”
“မဆိုးပါဘူး … ဒါပေမယ့် ရောက်လာတဲ့ ကောင်တွေက နည်းနည်း ပျင်းစရာကောင်းနေတုန်းပဲ …”
ယဲ့လင်က အထင်သေးဟန်ဖြင့် ဆိုသည်။
ဇာ့ဂ်များ၏ ဆက်သွယ်မှုစနစ်အား လူသားတို့ နားလည်ရန် မဖြစ်နိုင်ချေ။ သို့သော်ဧရာမသဲပိုးကောင်များ၏ စိတ်ကမူ ဗလာဖြစ်နေခြင်း မဟုတ်ခဲ့ချေ။
နှစ်ဖက်အင်အားများကို လဲလှယ်ခြင်းသည့် နည်းလမ်းအား လူသားများက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက တစ်နည်းနည်းဖြင့် ရိပ်မိခဲ့ကြ၏။
လူသားတို့၌ လုံလောက်သော စွမ်းအင်မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူတို့က ပင်မစွမ်းအင်နှင့် ကြယ်သင်္ဘောတို့၏ တည်နေရာကို လဲလှယ်ခဲ့ကြသည်။ တစ်ချိန်ထဲမှာပင် စစ်လက်နက် အားလုံးကိုလည်း အာကာသအတွင်း၌ ဖြန့်ကျက်စေလျက် အမှန်တရားကို ဖုံးကွယ်ခဲ့၏။
ယခုအခါ ဧရာမသဲပိုးကောင်များ အရှေ့တွင် မည်သည့် လက်နက်မှ မရှိတော့ချေ။
အဆိုပါ အဖြူရောင်အလင်းများသည် အထူးသဖြင့် ထိုသူတို့ မြင်နိုင်ရန်သာ ပြုလုပ်ထားခြင်း ဖြစ်၏။ လက်ရှိအချိန်၌ အာကာသစခန်းအတွင်းရှိ ပင်မစွမ်းအင်သည် အစားထိုးခံလိုက်ရပြီဖြစ်သည်။ ထိုနေရာ၌ ထောက်ပံ့ရေးသင်္ဘောအနည်းငယ်သာ ကျန်ရှိနေ၏။
သူတို့က အံ့အားသင့်မှုဖြင့် ဟိန်းဟောက်လိုက်ကြရင်း ဤနေရာမှ တတ်နိုင်သမျှမြန်မြန် ထွက်ခွာလိုကြ၏။
သို့သော် နောက်ကျသွားလေပြီ။
“တိုက်ယာဉ်အားလုံး ပစ်ခတ်မယ် … စခန်းရဲ့ အလယ်ဗဟိုကို ပိုပစ်ကြမယ် …”
အမိန့်တစ်ခုက အများသုံးစကားပြောခန်းမှ ထွက်ပေါ်လာသည်။
“ဧကရာဇ်ကို သစ္စာစောင့်သိကြ …”
“မင်းကြီးကို သစ္စာစောင့်သိကြ …”
ဘုန်း …
ကျယ်လောင်လှသည် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကြယ်ဂိတ်ဝအပေါ်ဘက်၌ အနီရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။ အစားထိုးခံလိုက်ရပြီး လစ်လပ်နေသည့် အာကာသစခန်းသည် ကြီးမားသော သင်္ချိုင်းကြီးတစ်ခုနှင့်တူ၏။ ဇာ့ဂ်များသည် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ကရားထဲရှိ လိပ်များသဖွယ် ခုခံမှုတစ်စုံတစ်ရာကိုပင် မပြုလုပ်နိုင်ပဲ သေဆုံးသွားကြရသည်။ အပျက်အစီးများသည် အခေါင်းများနှင့်တူ၏။ သူတို့က ကြယ်စုံသော ကောင်းကင်ထက်ဝယ် ဖုန်မှုန့်များအဖြစ် ပျံ့ကျဲသွားကြသည်။
ဧရာမသဲပိုးကောင်များ ပျံ့ကျဲသွားသည့်နောက် ခံစစ်သာ ပြုလုပ်နိုင်သည့် မဟူရာမြှားပုရွက်ဆိတ်များသည်လည်း ဒယ်ပြားပူပူပေါ်ရှိ ပုရွက်ဆိတ်များအဖြစ်သို့ ရောက်ရှိကုန်၏။
သူတို့က လူသားများသည် သူတို့၏ လုပ်ရပ်များကို သတိပြုမိလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။ သူတို့က အဘယ့်ကြောင့် ကြယ်သင်္ဘောပေါ်၌ လက်နက်အမြောက်အများ ရှိနေခဲ့ကြောင်း နားမလည်နိုင်ခဲ့ကြချေ။ အာကာသစခန်း၌ ရှိနေသင့်သည့် စွမ်းအင်သေတ္တာအား တွေ့သွားသည့်နောက်မှသာ သူတို့က ရုတ်တရက် နားလည်လာခဲ့ကြ၏။
ကံမကောင်းစွာဖြင့် ၎င်းတို့သည် ခံစစ်ကိုသာ ပြုလုပ်နိုင်ကြသည်။ ဧရာမသဲပိုးကောင်များ ပျက်စီးသွားသည့်နောက် မဟူရာမြှားပုရွက်ဆိတ်များသည်လည်း မကြာခင် ဖျက်ဆီးခံလိုက်ရ၏။
ကြမ်းတမ်းသည့် စစ်ပွဲတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည့် ပဉ္စမနေ့သည် အဆက်မပြတ် ဗုံးခွဲသံများဖြင့်သာ အဆုံးသတ်သွားခဲ့သည်။
အဆိုပါနေ့၌ နေဝင်ချိန်သည် အတော်လေးနောက်ကျမှ ရောက်ရှိလာ၏။
သို့သော် ညကောင်းကင်ကမူ အမြဲလိုလို လင်းချင်းလျက်ရှိသည်။ ဇာ့ဂ်များ၏ အလောင်းနှင့် ၎င်းတို့၏ လက်နက်မှ အလင်းများသည် အတန်ကြာသည့်တိုင် ပျောက်ကွယ်မသွားခဲ့ချေ။
၎င်းက စစ်ပွဲကြီးမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုသာဖြစ်၏။ ဘုရင်က သူ၏ ပိုင်နက်ကို အပြီးသတ် အနိုင်ပိုင်းခဲ့လေသည်။
နေဝင်ချိန်သို့ ရောက်လာချိန်တွင် ခံစစ်၏ ခုခံမှုသည်လည်း ဆုံးခန်းတိုင်သွားလေပြီ။
စစ်သည်တော်များသည် စိတ်လှုပ်ရှားမှုအတွင်း နစ်မြုပ်နေခဲ့ကြ၏။ သူတို့၏ မက်ခါများသည် ဇာ့ဂ်များ၏ သွေးများဖြင့် စိုရွှဲနေသည်။ ကြယ်သင်္ဘော၏ အမြောက်ထိပ်တွင်လည်း ရန်သူ၏ ဦးနှောက်များ ပေကျံနေ၏။ သူတို့အားလုံးက သူတို့၏ အောင်ပွဲအတွက် ကြွေးကြော်နေကြသည်။
သို့သော် ဟယ့်ယွင်ထင်ကမူ အချိန်ကို အလဟသတ် မဖြစ်စေခဲ့ချေ။
သူက ဇာ့ဂ်များအား မူလအစီအစဉ်အတိုင်း ငါးရက်အတွင်း ရှင်းလင်းနိုင်ခဲ့၏။
“ကျစ်ရှင်းရဲ့ ဗိုလ်ချုပ် လုဟွိုက်ကို ဆက်သွယ်ပြီးတော့ ခုန်မှတ်ကို ဖောက်ခွဲဖို့ မစ်ရှင်က အဲဒီ့အတိုင်း ရှိနေကြောင်း အတည်ပြုပေးပါ …”
သူက အောင်ပွဲအား ခံစားနှစ်သိမ့်နေခြင်း မရှိပဲ တည်တည်ငြိမ်ငြိမ်ဖြင့် အမိန့်ပေးနေ၏။
အဆုံးသတ်တွင် ဖြေရှင်းရမည့် နောက်ထပ်နေရာတစ်ခု ရှိနေသေးသည်ပင်။
“ဟုတ်ကဲ့ …”
ဟယ့်ယွင်ထင်က နှုတ်ခမ်းတင်းတင်း စေ့လိုက်သည်။ ခံတပ်ရှိ ဇာ့ဂ်များသည် အပြီးသတ် ရှင်းလင်းခံလိုက်ရလေပြီ။ နောက်ဆုံး တစ်ခုအား ဖယ်ရှားလိုက်သည်နှင့် အိပ်ပျက်သည့် နေ့ရက်များသည်လည်း အဆုံးသတ်တော့မည်သာ။
လူများအကြား၌ နားလည်မှုလွဲခြင်းများ ရှိနေဆဲဖြစ်ပြီး ပါလီမန်အနေဖြင့် သူတို့နှင့် ငြင်းခုံခြင်း ပြုနိုင်သည့်တိုင် အဆုံးသတ်တွင် အင်ပါယာ၏ ဆိပ်ကမ်းအားလုံး ကျူးကျော်ခံရခြင်း မရှိခဲ့ချေ။ ခံတပ်သည် ရပ်တည်နေဆဲဖြစ်သည်။ သို့သော် ဇာ့ဂ်များကမူ သူတို့၏ ဘုရင်မအား ဆုံးရှုံးခဲ့ရ၏။
ရလဒ်အနေဖြင့် ၎င်းသည် အောင်ပွဲဟု ဆိုနိုင်ပေသည်။
“ဘော့စ် …”
လုအန်းဟယ်၏ အသံက အေးစက်စက် ထွက်ပေါ်လာ၏။
“ကျစ်ရှင်းနဲ့ အဆက်အသွယ်ပြတ်သွားပါပြီ …”
အများသုံးစကားပြောခန်းက တခဏချင်း တိတ်ဆိတ်သွားခဲ့သည်။
ခံတပ်အား ထိန်းသိမ်းနိုင်ခဲ့သည့် စစ်သားများသည် ပင့်သက်ရှိုက်လိုက်၏။ သို့သော် လုအန်းဟယ်ကမူ ဆက်လက် တင်ပြနေဆဲပင်။
“ဗိုလ်ချုပ် လုဟွိုက်နဲ့ စစ်သားတွေအားလုံးကို ဆက်သွယ်လို့မရပါဘူး …”
အားလုံးက သတင်းကြောင့် ကြောင်အနေကြစဉ် ဆက်သွယ်ရေးစက်မှ အနီရောင်အလင်း လင်းလာ၏။ ကွန်မန်ဒါ၏ အေးစက်၍ တည်ငြိမ်သော အသံသည် တစ်လုံးချင်း ထွက်ပေါ်လာသည်။
“ကြယ်သင်္ဘောက လေယာဉ်တွေကို တင်ပြီး ပြုပြင်ရေးအတွက် အင်ပါယာအထိ ပြန်မယ် … ကြယ်ခွဲရဲ့ ခုန်မှတ်ကိုတော့ …”
“ငါကိုယ်တိုင် ဖျက်ဆီးလိုက်မယ် …”
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ဦးက ဆက်သွယ်ရေးစက်မှ ပြောလိုက်၏။
“ကျွန်တော်လည်း သွားမယ် …”
ယဲ့လင်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“ဘော့စ် … ကျွန်တော် …”
လုအန်းဟယ်သည်လည်း အမိန့်ကို လက်ခံချင်ခဲ့၏။ သို့သော် ဟယ့်ယွင်ထင်က သူ့အား ကြားဖြတ်ပြောလိုက်သည်။
“ကြယ်သင်္ဘောက စွမ်းအင်အရမ်းကုန်တယ် … စွမ်းအင်စက်ကွင်းက နှေးလာပြီ … ပြန်သွားဖို့လိုတဲ့ လူတွေအများကြီး ရှိနေတုန်းပဲ …”
ဟယ့်ယွင်ထင်၏ အသံထဲတွင် အပြစ်တင်မှုများ မပါရှိချေ။ သို့သော် သူ့အား ကောင်းစွာ သိရှိထားသူများကမူ အသံတိတ်ပယ်ချခြင်းဖြစ်ကြောင်း နားလည်ကြ၏။
“ဇုစ်က ခံစစ်အတွက်ပဲ တာဝန်ရှိတယ် … ပစ်အားမလုံလောက်ဘူး … မင်းက လူစုတာနဲ့ စီစဉ်တာကိုပဲ ကိုင်တွယ်ရမှာ …”
အဓိပ္ပာယ်မှာ ၎င်းသည် ခုန်မှတ်အား ဖောက်ခွဲရာ၌ အကူအညီကြီးကြီးမားမား ပေးနိုင်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်၏။
သူက သူနှင့်အတူလိုက်ပါလို့သည့် စစ်သားများအား အတိုချုံး ငြင်းဆန်လိုက်သည်။
ဟယ့်ယွင်ထင် ထောက်ပြလိုက်သည်နှင့် အားလုံးက စွမ်းအင်ပြဿနာအား သဘောပေါက်သွားကြ၏။
မဟူရာမြှားပုရွက်ဆိတ်များ မည်မျှအားနည်းသည်ဖြစ်စေ၊ သူတို့၏ အရေအတွက်နှင့် တိုက်စစ်သည် လျှော့တွက်၍မရချေ။ သူတို့အား ကြယ်သင်္ဘောသို့ ဦးဆောင်သွားခြင်းနှင့် သုတ်သင်ခြင်းတို့က ခံတပ်၏ စွမ်းအင် အမြောက်အများ ကုန်ခမ်းစေလိမ့်မည်။ ထို့အပြင် ကြယ်ခွဲသို့ စစ်ကူများ ပို့ပေးရန်မှာလည်း မဖြစ်နိုင်ချေ။
သို့သော် မည်သူမှ ရှေ့ထွက်မလာခင် ဗိုလ်ချုပ်ကိုယ်တိုင် ဦးဆောင်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။
“အချိန်က အရမ်းကျပ်တယ် … တခြားပြဿနာမရှိဘူးဆိုရင် ကျန်တဲ့လူတွေက ကပ္ပတိန်ယဲ့နဲ့ လက်ထောက်လုကို ကူညီပေးလိုက်ပါ …”
ဟယ့်ယွင်ထင်က ထပ်မပြောလိုတော့ချေ။
“အခြေအနေကို ဆက်သွယ်ရေးစက်ကနေ အမြဲတင်ပြပါ …”
“ဗိုလ်ချုပ် …”
လုအန်းဟယ်က အံကြိတ်လိုက်၏။
“ဒါဆို မစ္စတာလင်းက …”
သူက အလေးအနက် အာမခံလိုက်၏။
“ကျွန်တော်တို့ မစ္စတာလင်းကို သေချာပေါက် ကာကွယ်ပေးမှာပါ …”
“မစ္စတာလင်း …”
ဟယ့်ယွင်ထင် အသံသည် စောစောကကဲ့သို့ အတက်အကျမရှိချေ။ သို့သော် သူက ထိုစကားစုအား ပြောပြီးသည်နှင့် နောက်ထပ်ပြောလာသည့် စကားသံသည် ပို၍ နူးညံ့နေသည်။
“သူ့ကိုလည်း မသွားစေချင်ဘူး …”
“ဒါပေမယ့် သူသဘောမတူလောက်ဘူး …”
ဟယ့်ယွင်ထင်က အသံကို မြှင့်ကာ ပြောလိုက်၏။
“ဟုတ်တယ်မလား … မစ္စတာလင်း …”
ဤတစ်ကြိမ်သည် နောက်ဆုံးတစ်ကြိမ်ကနှင့် မတူချေ။
နယ်စပ်၌ အန္တရာယ်ကြုံတွေ့ခဲ့ရစဉ်က စစ်သင်္ဘောများပင်လျှင် သူတို့ ဘေးကင်းစွာ ပြန်ရောက်လာနိုင်မည်ဟု မသေချာခဲ့ကြချေ။ ထို့ကြောင့် ဟယ့်ယွင်ထင်သည် လင်းဟန်အား သူ ကိုယ်တိုင် ကာကွယ်မည်ဟု ဆိုကာ ခေါ်ဆောင်လာခဲ့၏။ သို့သော် ယခုမူ …
လင်းဟန်၏အပြုံးစွက်နေသော အသံသည် တူညီသော စကားကို ဆိုလာခဲ့သည်။
“ကျွန်တော် ပင်မနယ်မြေကိုပဲ တိုက်ရိုက်ပြန်သွားချင်ပါတယ် … ဒါပေမယ့် M2742 မှာ ပိုင်းလော့မရှိဘူးဆိုတော့ ကျွန်တော် နေရဦးမှာပေါ့ …”
အကယ်၍ သူသာ ဤနေရာ၌ မရှိလျှင် ထိုသူသည် အထီးကျန်နေပေတော့မည်။
လင်းဟန်က ဟယ့်ယွင်ထင် အပြုံးနှင့်ပြောလိုက်သည့် အသံကို ကြားလိုက်ရသည်။
“ကောင်းပြီလေ …”
အဆုံးသတ်တွင် သူသည်လည်း အဖော်ပြုမှုအား လိုအပ်သော သာမန်လူတစ်ဦးသာဖြစ်၏။ မည်သူကမှ သူတို့၏ ရွေးချယ်မှုနှင့်ပတ်သတ်၍ တစ်စုံတရာ မပြောရဲကြချေ။ အဆုံးသတ်တွင် ဗိုလ်ချုပ်၏ အမိန့်ကို မည်သူက လွန်ဆန်ရဲမည်နည်း။
သူတို့က M2742 ၏ စွမ်းအင်နှင့် အခြားအရာများ လုံလောက်ခြင်းရှိမရှိ စစ်ဆေးပြီးသည့်နောက် ကြယ်သင်္ဘောသည် ခံတပ်၏ ပတ်လမ်းမှ ဆုတ်ခွာလာသည်။ ၎င်းလာရောက်စဉ်ကနှင့် နှိုင်းယှဉ်ပါက စွမ်းအင်ဗဟိုချက်သည် ထိုစဉ်ကဲ့သို့ တောက်ပနေခြင်း မရှိတော့ချေ။ သို့သော် ကံကောင်းစွာဖြင့် မည်သည့်မတော်တဆမှုမှ မရှိခဲ့။
မက်ခါတစ်စင်းသည် မူလအင်အားစုမှ ခွဲထွက်ကာ နောက်ဆုံးဂိတ်ထံသို့ ဦးတည်လိုက်လေသည်။
ဟယ့်ယွင်ထင်သည် ယာဉ်မောင်းနှုန်းကို အလိုအလျောက်စနစ်သို့ ပြောင်းလဲလိုက်သည်။ သူတို့က ခံတပ်၏ အမြင့်ဆုံးအပိုင်းကို ဖြတ်ကျော်လိုက်ပြီးနောက် အရှိန်တင်လိုက်ကြ၏။ ထို့နောက် သူတို့သွားလိုသည့်နေရာသို့ ဦးတည်လိုက်ကြသည်။
“အမြန်ဆုံးနှုန်းနဲ့သွားရင် ဘယ်လောက်ကြာနိုင်လဲ …” လင်းဟန်သည် ကူးလုလုကို ပိုက်ထားလျက် မေးလိုက်သည်။
ကူးလုလုသည် စစ်ပွဲအား မတွေ့ကြုံဖူးသည့်တိုင် ကမ္ဘာကြီးကို မြင်ဖူးခဲ့သည့် ခုကောမျိုးနွယ်ဝင်ဖြစ်၏။ ၎င်းက ဇာ့ဂ်ဘုရင်မ သေဆုံးသည်ကို ကိုယ်တိုင် တွေ့ခဲ့ရပြီး မဟူရာမြှား ပုရွက်ဆိတ်များနှင့် ဧရာမသဲပိုးကောင်များကိုလည်း တွေ့ဖူးခဲ့၏။
ဇီဝမျိုးကွဲ သားရဲများသည် နှစ်လိုဖွယ် ကောင်းသည့် မျိုးစိတ်ဖြစ်ပြီး ကြောက်မက်ဖွယ် ကောင်း၍ အန္တရာယ်များသည့် ဇာ့ဂ်များကို မုန်းတီးကြ၏။ စစ်ပွဲအား မုန်းတီးသည့် စိတ်အခြေအနေသည် ကူးလုလုအပေါ် အနည်းအကျဉ်း သက်ရောက်ပုံပေါ်သည်။ ယခုအခါ မက်ခါအား မြင့်မြင့်ခုန်လိုက်သည်နှင့် ကူးလုလုသည်လည်း ဖြူဖျော့သွားလျက်ရှိ၏။
“တစ်ရက်ပဲ …”
ဟယ့်ယွင်ထင်သည် လူနှင့်အကောင်ပေါက်လေးကို အတူတကွ ပွေ့ဖက်လိုက်သည်။
၎င်းက သူ၏ အပန်းဖြေနည်းဖြစ်သည်။
လင်းဟန်သည် လက်ဆန့်ကာ သူ့ချစ်သူ၏ ဆံစများကို ပွတ်သပ်ပေးလိုက်သည်။
“ခင်ဗျားက ကျွန်တော် လုအန်းဟယ်၊ တခြားလူတွေနဲ့ သွားမှာကို ကန့်ကွက်မယ်ထင်တာ …”
ထိုသူ့ထံမှ အလွယ်တကူ သဘောတူညီချက် ရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဟယ့်ယွင်ထင်၏ မျက်နှာသည် အနည်းငယ် ရဲသွား၏။ လင်းဟန်သည် ယခုအခါ သူ့မျက်နှာအား မမြင်ရ၍သာ တော်သေးသည်ဟု သူတွေးလိုက်မိသည်။ သူက ခဏအကြာ၌ ပြန်ဖြေလိုက်၏။
“ကိုယ် မင်းငိုမှာစိုးလို့ ..”
သူက လင်းဟန် ငိုကြွေးသည်ကို ထပ်မံမတွေ့လိုချေ။ ဟယ့်ယွင်ထင်သည် လင်းဟန်အား ခပ်တင်းတင်း ပွေ့ဖက်လိုက်၏။ သူက စောစောက လင်းဟန်၏ ပုံရိပ်ကို အမှတ်ရနေဆဲဖြစ်သည်။ ထိုသူ၏ ရှိုက်သံတိုင်းသည် သူ့နှလုံးသားကို လက်ကြီးကြီးတစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်သည့်နှယ် ခံစားရစေ၏။
ဟယ့်ယွင်ထင်က အားသုံးလိုက်၍ထင့်၊ သူတို့နှစ်ဦး၏ ပွေ့ဖက်မှုအကြားရှိ အကောင်ပေါက်လေးသည် မကျေမနပ်ဖြင့် တွန့်လိမ်လာသည်။
“အဲဒါကို မတွေးပါနဲ့တော့ …”
လင်းဟန်သည် ကူးလုလု၏ အသံကြောင့် အဆိုပါ အနက်ရောင်လုံးလေးအား အပြင်ထုတ်ကာ ဦးခေါင်းကို အသာပွတ်ပေးလိုက်၏။
“ရှက်စရာကြီး …”
သို့သော် ထိုသို့ နောက်တစ်ကြိမ် ထပ်မံဖြစ်ပျက်ပါက သူ ထပ်၍ငိုမိဦးမည်သာ။
သို့သော် ရလဒ်သည် ကောင်းမွန်လှသည်။ ဉပမာအားဖြင့် ဟယ့်ယွင်ထင်သည် ယခုအခါ သူ၏ ပင်ပန်းမှုကို ပြသသည့်အနေဖြင့် ပွေ့ဖက်ခြင်းအား ပြုလုပ်တတ်လာပြီဖြစ်၏။
ထိုသူနှင့် ပတ်သတ်၍ အချိန်ယူရဦးမည်ဖြစ်သည်။ သို့သော် လင်းဟန်သည် အတော်လေး ကျေနပ်နေမိ၏။
“သဲပိုးကောင်တွေ အဲဒီ့လိုလုပ်မယ်လို့ ဘယ်လိုတွေးမိခဲ့တာလဲ …”
လင်းဟန်က မေးလိုက်သည်။
ထို့အပြင် ဘုရင်မ ကြွေလွင့်သွားမှသာ ထိုအစီအစဉ်က ဖြစ်ပေါ်လာခြင်းဖြစ်၏။ ထောက်ပို့ သင်္ဘောများကို စစ်ပွဲတွင်း၌ အစားထိုးခဲ့ကြပြီး အာကာသစခန်းကိုမူ ရန်သူအား အပြင်းအထန် ခုခံနေရသည့်နှယ် ပုံဖမ်းစေခဲ့ကြသည။
“မှန်းကြည့်တာ …”
ဟယ့်ယွင်ထင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“သူတို့က စွမ်းအားအကြီးဆုံး သဲပိုးကောင်တွေကို ကိုယ်တို့ကို တိုက်ခိုက်ဖို့ သုံးကြမှာလေ … ဒါပေမယ့် သဲပိုးကောင်တွေက အကြင်နာမဲ့ရုံတင်မဟုတ်ဘူး ဦးနှောက်လည်း သုံးတတ်သေးတယ် …”
သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။
“သူတို့က ကြယ်ဓားပြတွေနဲ့ တနည်းတဖုံဆင်တယ် ပြောရမယ် …”
လင်းဟန်သည် တစ်ဖက်လူအား ပထမဆုံး စတင်တွေ့ခဲ့ချိန်ကို ပြန်လည် စဉ်းစားလိုက်သည်။ ထိုစဉ်က ဟယ့်ယွင်ထင်သည် လုအန်းဟယ်နှင့်အတူ ကြယ်ဓားပြများအား တိုက်ခိုက်ခဲ့၏။ လူသိရှင်ကြား ဖြစ်ခဲ့သည့် ကိစ္စမဟုတ်သည့် အလျောက် လူနည်းစုသာလျှင် ဟယ့်ယွင်ထင်၏ ပခုံးထက်ရှိ ဒဏ်ရာအကြောင်း သိကြလေသည်။
“ဒီတော့ ကြယ်ဓားပြတွေကို တိုက်ခိုက်တုန်းက သတင်းမှာ ဖော်ပြသလို လွယ်ကူခဲ့တာမျိုး မရှိဘူးမဟုတ်လား …”
ဟယ့်ယွင်ထင်သည် ခဏတွေးပြီးနောက် ပွင့်လင်းစွာ ပြောပြလာသည်။
“ဟုတ်တယ် … ဒါပေမယ့် သူတို့က ကောင်းကောင်း မတိုက်ခိုက်နိုင်ပါဘူး … သိပ်မကြာခင် အညံ့ခံလာကြတာပဲ …”
“ကျွန်တော် ကျောင်းသားဘဝတုန်းက …”
လင်းဟန်၏ မျက်ဝန်းများက ကျီစယ်ရိပ်ဖြင့် တောက်ပလာ၏။
“မက်ခါဌာနမှာ စကားပုံတစ်ခု ရှိခဲ့ဖူးတယ် …”
ဟယ့်ယွင်ထင် မျက်ခုံးပင့်လိုက်သည်။
“ကွင်းဆက်က ထူးဆန်းတယ်သိလား …”
မျက်စိရှေ့ရှိ လူ၏ အမူအရာကြောင့် လင်းဟန်၏ အပြုံးသည်လည်း ပို၍ နက်ရှိုင်းလာ၏။ “ထုတ်လုပ်ရေးဌာနက အကောင်းဆုံးလက်နက်နဲ့ အကောင်းဆုံး မက်ခါတွေကို ထုတ်လုပ်သင့်တယ်လို့ ယူဆထားတာလေ … တစ်ခါတစ်လေ တချို့ ဆွေကြီးမျိုးကြီးထဲက ပရော်ဖက်ဆာတွေက ကျွန်တော်တို့ကို ပြောလေ့ရှိတယ် … ကျွန်တော်တို့က လေ့ကျင့်ရုံလေ့ကျင့်တာမျိုး မဟုတ်ပဲ ခင်ဗျားလိုမျိုး မည်းနက်တဲ့ နှလုံးသားနဲ့ နည်းဗျူဟာတွေ ချမှတ်တတ်အောင်လည်း လုပ်သင့်တယ်တဲ့ …”
လင်းဟန်သည် ပြုံးလျက် တစ်ဖက်လူအား စနောက်လိုက်၏။ သူက လက်တစ်ဖက်ကို ဟယ့်ယွင်ထင်၏ နှလုံးသားနေရာ၌ တင်လိုက်သည်။
“ဒီတော့ ဗိုလ်ချုပ်ကြီးရဲ့ နှလုံးသားက မည်းနက်နေတာလား …”
သူက သူတို့၏ လျှို့ဝှက်အစီအစဉ်အား တွေးကာ ဆက်ပြောသည်။
“ကျွန်တော်လည်း အဲဒီ့လို ဖြစ်သွားမှာများလား …”
“ဟုတ်လား …”
ဟယ့်ယွင်ထင်၏ နှုတ်ခမ်းထောင့်များက ခပ်ယောင်ယောင် မြင့်တက်လာသည်။ သူက လင်းဟန်၏ လည်တိုင်ကို ညှင်သာစွာ ပွတ်သပ်ရင်း တစ်ဖက်လူ၏ နားရွက်ထောင့်စွန်းလေးအား လက်ချောင်းထိပ်များဖြင့် ဆော့ကစားလိုက်သည်။
“ကိုယ်ကတော့ နှလုံးသား မည်းနက်နေမယ့်အစား ကိုယ့်ဇနီးကိုပဲ အိမ်ကို လုံလုံခြုံခြုံ ပြန်ခေါ်သွားချင်မိတယ် …”
လင်းဟန်၏ ကြွေဖြူရောင် နားသံသီးလေးသည် ချက်ချင်းရဲလာကာ ပူနွေးလာသည်။
ချဉ်စူးစူးရနံ့အား ရလိုက်သည့် အကောင်ပေါက်လေးသည် လင်းဟန်၏ လက်မောင်းအတွင်းမှ မြေပေါ်သို့ ခုန်ဆင်းလိုက်၏။ သူက ထောင့်တစ်နေရာသို့ လိမ့်သွားရင်း နားရွက်များအား သားမွှေးများဖြင့် ဖုံးအုပ်ထားလိုက်သည်။
လင်းဟန်သည် သူ့ကိုယ်သူ ဗိုလ်ကတော်ဟု စတင်ခေါ်ဆိုခဲ့သူဖြစ်သည်။ သို့သော် ဟယ့်ယွင်ထင်ကိုယ်တိုင် ပြောလာသည့်အခါ ခံစားချက်က တစ်မျိုးကွဲလွဲသွားလေသည်။
လင်းဟန်သည် ဗိုလ်ချုပ်ကြီး၏ စိတ်တွင်းရှိ အသံကို ကြားလိုက်ရသည်။
[မစ္စတာလင်း ရှက်နေတာလား]
သူက လူငယ်လေး၏ စိတ်အပြောင်းအလဲကြောင့် ပီတိဖြစ်သွားလေသည်။ ကူးလုလုသည် ခုန်ဆင်းသွားပြီဖြစ်ရာ လင်းဟန်၏ လက်များက လွတ်လပ်နေ၏။
သူက ထပ်မေးလိုက်သည်။
“ဘယ်လိုထင်လဲ … ဇနီးလေး …”
ဤတစ်ကြိမ်၌မူ ဗိုလ်ချုပ်ကတော်၏ နားရွက်ကလေးများသာမက မျက်နှာတစ်ခုလုံး နီရဲလာလေသည်။ သူက ဟယ့်ယွင်ထင်၏ ပခုံးထက်သို့ မျက်နှာအား မြှုပ်နှံထားလိုက်သည်။
ခဏအကြာ၌ သူက ဗလုံးဗထွေး ပြန်ဖြေလာသည်။
“ခင်ဗျား သဘောပဲ …”
👾