Chapter 126
Viewers 49k

💘Chapter 126 

ဇာတ်လမ်းတစ်ပုဒ်



စင်မြင့်​ပေါ်မှ အသံထွက်လာသည်နှင့်အမျှ အောက်ရှိ ဂျာနယ်လစ်များသည် 

စင်​မြင့်ဆီသို့ ၎င်းတို့၏ အကြည့်များကို ဦးတည်ကာ ရင်းနှီးသော သို့မဟုတ် မရင်းနှီးသောပုံရိပ်များကို ရှာဖွေကြသည်။


စင်မြင့်ပေါ်သို့ ပထမဆုံး တက်လာသူမှာ အိပ်မက်ဖလား​ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ဥက္ကဋ္ဌဖြစ်ပြီး ပန်းချီနှင့် လက်ရေးလှ အသင်း ဥက္ကဋ္ဌလည်း ဖြစ်သည့် ကျောက်လီယို ဖြစ်သည်။ သူ့နောက်တွင်လိုက်လာသည်က အိပ်မက်ဖလား၏ အကဲဖြတ်ဒိုင်များဖြစ်သည်။ဒိုင်အားလုံး ရှိမနေပါချေ။၎င်းတို့ထဲမှ ခြောက်ဦးသာ ရှိပြီး ကျန်လေးဦးမှာ တက်ရောက်ရန် စီစဉ်ထားသော်လည်း ရုတ်တရက် အချို့သော ပြဿနာများကြောင့် မတက်နိုင်ခဲ့ပေ။


ဒိုင်ခြောက်ယောက် ပေါ်လာသောအခါတွင် အရပ်ရှည်ရှည် နိုင်ငံခြားသားတစ်ဦး ရောက်လာပြီး သူ့ကို မှတ်မိသော သတင်းထောက်အချို့က အံ့ဩသွားကြသည်။ ၎င်းသည် ​မော်ဒန်စိတ္တဇပန်းချီ၏ ဖခင်ကြီး ဆေးလ်ဗတ်စ်တာဖြစ်သည်။


အင်တာဗျူးစင်မြင့်ပေါ်တွင် ဆေးလ်ဗတ်စ်တာပေါ်လာခြင်းက သတင်းထောက်များကြားတွင် ချက်ချင်းပင် ပွက်​လောရိုက်သွားစေသည်။ သူသည် အများအားဖြင့် အလွန်သိုသိုသိပ်သပ်​နေတတ်ပြီး မီဒီယာရှေ့တွင် ပေါ်လာခဲသည်။ဤသတင်းစာရှင်းလင်းပွဲမှာ သူရောက်ရှိလာရသည့် အကြောင်းရင်းကို ဘယ်သူမှ မသိခဲ့ကြပါချေ။


သတင်းစာရှင်းလင်းပွဲမစခင်မှာပင် ဂျာနယ်လစ်များက ဆေးလ်ဗတ်စ်တာ၏ပေါ်လာမှုကြောင့် ရူးသွပ်သွားကြပြီး ၎င်းတို့၏ကင်မရာများကို အ​လောတကြီး နှိပ်လိုက်ကြသည်။ သူရောက်ရှိနေခြင်းနှင့် ပတ်သက်၍ လူအများကြားတွင် ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။


စင်မြင့်ပေါ်သို့ ​နောက်ဆုံးတက်လာသူမှာ သတင်းထောက်များ မမှတ်မိသော မျက်နှာတစ်ခုဖြစ်သည်။ အချို့က ဤသာမန်ပုံစံ၊ခပ်ပိန်ပိန် ခါးကုန်းကုန်းလူငယ်က မည်သူဖြစ်နိုင်သည်ကို စတင်တွေးတောလာကြသည်။ "အလင်းရောင်" ရဲ့နောက်ကွယ်က ပန်းချီဆရာများလား...


"သူပဲဖြစ်ရမယ် ဟုတ်တယ်မလား... ဂနာမငြိမ်ဖြစ်နေတဲ့ မျက်လုံး​တွေကို ကြည့် ...သူ့ပုံစံက ကူးချမဲ့သူနဲ့တူတယ်"

သတင်းထောက်အချို့က ၎င်းတို့အချင်းချင်း တိုးတိုးပြော​ကြသည်။


သတင်းထောက်များက သူ့ကိုမသိပေမဲ့ အနှီသူခိုးမျက်လုံးနှင့်သူက ဘယ်သူလဲဆိုသည်ကို ပရိသတ်ထဲက တစ်ယောက်မှ မသိဘူးဟု မဆိုလိုပါ​ချေ။


လုရှို့ရန်က သတင်းစာရှင်းလင်းပွဲမစတင်မီ မိနစ်သုံးဆယ်အလိုကတည်းက သတင်းထောက်များနှင့် ရောနှော​နေခဲ့သည်။ သူက စိတ်အားထက်သန်စွာဖြင့်

 ပွဲစမည့်အချိန်ကို ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ထိုင်စောင့်နေသည်။


ဤအဖြစ်အပျက်၏ နောက်ဆက်တွဲသက်ရောက်မှုက အတော်လေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပေမဲ့ အိပ်မက်ဖလား၏တရားဝင် Weibo အကောင့်က သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်လေသည်။လုရှို့ရန် အိမ်ကနေပင် သတင်းစာရှင်းလင်းပွဲ၏ရလဒ်ကို ​ကြည့်နိုင်​​ပေသည်။


သို့သော်လည်း၊လုရှို့ရန်က ချန်လီကိုစီရင်ချက်ချမည်အား ဖန်သားပြင်မှ ကြားနာရသည်မှာ ကျေနပ်အားရစရာမကောင်းဟု ခံစားရသည်။ သူရှိနေရန် လိုအပ်ပြီး၊ပန်းချီလောကတွင် ချန်လီ၏ ကျဆုံးမှုကို ကိုယ်တိုင်ကိုယ်ကျသက်သေ​ခံကာ ပွဲကြီးပွဲကောင်းကို ကိုယ်တွေ့ရှုစားရန် လိုအပ်သည်။ထိုမှသာ ပိုစိတ်လှုပ်ရှားစရာကောင်းမှာဖြစ်သည်။


သူခိုးမျက်လုံးနှင့်လူကို တွေ့လိုက်ရသောအခါ လုရှို့ရန် သူ့ကို ချက်ချင်းမှတ်မိသွားသည်။ချန်လီရဲ့ "အလင်းရောင်" ကို အခြေခံပြီး "ပြန်လည်မွေးဖွားခြင်းကို တောင့်တခြင်း" ဖန်တီးဖို့ သူလာဘ်ထိုးခဲ့တဲ့ ဟွမ်ဟမ်ယဲ့မဟုတ်ဘူးလား...


လုရှို့ရန်၏ နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု တိုးဝင်လာသော်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ဟွမ်ဟမ်ယဲ့ ဤနေရာတွင် ပေါ်လာရခြင်း၏ အကြောင်းအရင်းကို သူ သိရှိထားပြီးဖြစ်သည်။ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဟွမ်ဟမ်ယဲ့ကိုတရားမျှတမှုပေးလိုခြင်း ဖြစ်နိုင်သည်။ထိုမှသာ ယင်းဖြစ်ရပ်အပြီးမှာကျဆင်းသွားသည့် ၎င်းတို့၏ ဂုဏ်သိက္ခာကိုပြန်လည်​မြင့်တက်အောင်လုပ်နိုင်မည်ဖြစ်သည်။ 


ဤသည်က လူ့သဘာဝဖြစ်၍

ထိုသို့လုပ်ဆောင်ခြင်းက နားလည်နိုင်လေသည်။


ဤအတွေးဖြင့် လုရှို့ရန် စိတ်သက်သာရာရသွားကာ သတင်းစာရှင်းလင်းပွဲကို အေးအေးဆေးဆေး နားဆင်ရန် သက်တောင့်သက်သာရှိသော နေရာတစ်ခုကို ရှာလိုက်သည်။


စင်မြင့်ပေါ်ရှိလူတိုင်း ထိုင်ခုံမှာနေရာယူပြီးသောအခါ သတင်းထောက်များ၏အကြာကြီးဖိနှိပ်ထားသော စွမ်းအားများက ပေါက်ကွဲထွက်လာသည်။မေးခွန်းများက အစီအစဥ်မကျဘဲ ပရမ်းပတာဖြစ်လာသည်။ လူတိုင်းက သူတို့၏မေးခွန်းများကို အဖြေရရန့ မျှော်လင့်​နေ​ကြပြီး သူတို့၏ မိုက်ခရိုဖုန်းများကို သူတို့ရှေ့ကလူရှေ့မှာ ထိုး​​ပေးချင်​​​နေကြသည်။


"ဥက္ကဋ္ဌကျောက် 'အလင်းရောင်'ရဲ့ရွှေတံဆိပ်ဆုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလား"


"ဥက္ကဋ္ဌကျောက် ဒီခိုးကူးမှု ဖြစ်ရပ်အတွက် အိပ်မက်ဖလားက 'အလင်းရောင်'ရဲ့ဖန်တီးသူကို ဘယ်လို ပြစ်ဒဏ်ချမှတ်မှာပါလဲ"


"ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုက ဆိုးရွားလွန်းတယ်...ဥက္ကဋ္ဌကျောက် ပြိုင်ပွဲကျင်းပရေး ကော်မတီက ဘယ်လို ဆက်လုပ်မှာပါလဲ"


"လူ​ကြီးမင်းဆေးလ်ဗတ်စ်တာ ဒီသတင်းစာရှင်းလင်းပွဲမှာ ဘာလို့ပေါ်လာရတာပါလဲ...တရားမျှတမှု ကြောင့်လား"


"ချန်ဖုန်းအုပ်စုရဲ့ ဒါရိုက်တာဝေ့ချန်က ဒီသတင်းစာရှင်းလင်းပွဲမှာ ဘာကြောင့် မပါဝင်တာလဲ... သူလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်လေ"


ဂျာနယ်လစ်များ၏ မေးခွန်းများသည် အဆက်မပြတ်လိုလိုဖြစ်နေသော်လည်း ဂျာနယ်လစ်တိုင်းနီးပါးက အဆိုပါကိစ္စရပ်၏ ရလဒ်ကို ကောက်ချက်ချပြီး​နေ​ပြီဖြစ်သည်— "အလင်းရောင်"က "ပြန်လည်မွေးဖွားခြင်းကို တောင့်တခြင်း" ဟု ကူးချခဲ့ပြီး အိပ်မက်ဖလားက ခိုးကူသူကို အပြစ်ပေးလိမ့်မည်ဟု သူတို့ မျှော်လင့်​နေခဲ့ကြသည်။


ကျောက်လီယိုက မတ်တပ်ထရပ်ပြီး မိုက်ခရိုဖုန်းကိုယူကာ လည်ချောင်းရှင်းလိုက်သည်။

"ဒီနေ့ဒီမှာ ရောက်ရှိနေတဲ့ သတင်းထောက် တော်တော်များများမှာ မေးခွန်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်​တော်သိပါတယ်...ကျေးဇူးပြုပြီး ခဏလောက် ငြိမ်ပြီး ကျွန်​တော်ပြောမဲ့ ဇာတ်လမ်းတိုလေးကို နားထောင်​ပေးလို့ရလား...ဇာတ်လမ်းပြီးရင် လူ​ကြီးမင်းတို့ရဲ့မေးခွန်းတွေကို တစ်ခုပြီးတစ်ခု ဖြေပေးမှာပါ"


ဂျာနယ်လစ်များက တဖြည်းဖြည်း ငြိမ်သက်သွားပြီး ကျောက်လီယိုကို စူးစိုက်စိုက်ကြည့်နေကြသည်။


အခြေအနေကို ထိန်းလိုက်နိုင်သည်ကို မြင်လိုက်ရသဖြင့် ကျောက်လီယိုက တဖြည်းဖြည်းချင်းပြောလိုက်သည်။ "ကလေးဘဝကတည်းက မှောင်မိုက်နေတဲ့ နေရာတစ်ခုမှာ နေထိုင်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ အော်တစ်ဇင်ရောဂါသည် တစ်ယောက်ရှိတယ်...သူ့မိသားစုက သူ့ကို မစွန့်လွှတ်ပေမဲ့ ချစ်ခြင်းမေတ္တာကိုလည်း မပြသခဲ့ကြဘူး... သူတို့က သူ့ကို လျစ်လျူရှုပြီး လှောင်ပြောင်ကြပြီး အစေခံတွေကိုတောင် သူ့ကို ရိုက်နှက်ခွင့်ပြုထားခဲ့တယ်"


"သူ့ဘ၀မှာ နွေးထွေးမှုနဲ့ အလင်းရောင်ကို တစ်ခါမျှ မကြုံဖူးခဲ့ဘူး... ပန်းချီကိုသာ ဝါသနာမပါရင် ဟိုးအရင်ကတည်းက သူ့ဘဝကို လက်လျော့အရှုံးပေးခဲ့တာမျိုး ဖြစ်နိုင်တယ်... ပန်းချီက သူရဲ့ခိုလှုံရာဖြစ်လာပြီး ပန်းချီကြောင့် ဒီလောကထဲမှာ ကြိုးစားပြီးရှင်သန်ခဲ့တယ်"


"တစ်နေ့မှာ နွေးထွေးတဲ့လက်တစ်စုံက သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်​​​ပေးလာပြီး အေးစက်တဲ့အိမ်ကနေ အဝေးကို ခေါ်သွားပေးခဲ့တယ်...သူနဲ့အတူတူ နွေးထွေးတဲ့အိမ်လေးတစ်လုံးကိုဖန်တီးပေးခဲ့တယ်...သူက ဘယ်အရာကိုမှ နားမလည်ဘဲ၊ အခြေခံအကျဆုံးစိတ်ခံစားချက်တွေကိုတောင် နားမလည်ခဲ့ဘူး... ထုံထိုင်းပြီး ကြောက်ရွံ့မှုတွေပြည့်နေတဲ့ဘဝမှာ နေထိုင်ခဲ့တယ်... နွေးထွေးတဲ့အိမ်လေးရှိလာပြီး သူ့နှလုံးသားက တဖြည်းဖြည်း နွေး​ထွေးလာပေမဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းရဲ့ အဓိပ္ပါယ်ကို သူ မသိမြဲမသိဆဲ...အဲဒီအချိန်ထိ သူက ထုံထိုင်းနေဆဲပဲ..."


"တစ်နေ့မှာတော့ အရှိန်ပြင်းပြင်းနဲ့ ကားတစ်စီးက သူ့ကို ဝင်တိုက်တော့မဲ့အချိန်မှာ သူ့ကို နွေးထွေးမှုပေးတဲ့သူက သူ့ကို အသက်ပေးပြီး ကာကွယ်ခဲ့တယ်... ကံကောင်းထောက်မစွာပဲ သူဟာ ဘာအန္တရာယ်မှ မရှိဘဲ လွတ်မြောက်ခဲ့ပြီး သူ့ကို ကယ်တင်ခဲ့သူလည်း အသက်အန္တရာယ်ကနေ လွတ်မြောက်ခဲ့တယ်... အဲဒီအချိန်မှာ အသက်ရှင်ခြင်းရဲ့အဓိပ္ပါယ်ကို နောက်ဆုံးမှာ နားလည်လာပြီး ဘဝ(အသက်)ကိုတန်ဖိုးထားတတ်လာတယ်"


ဤသည်က တကယ့်ကို ဇာတ်လမ်းတိုလေးဖြစ်၏။ဤဇာတ်လမ်းကို ပြောပြ​နေချိန်မှာ ကျောက်လီယို၏အသံက အပြောင်းအလဲမရှိသလို စိတ်ခံစားချက်ပိုင်းဆိုင်ရာ ချဲ့ကားမှုလည်း မရှိပါချေ။ သို့သော် စကားလုံးတိုင်းက သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသူတိုင်း၏ နှလုံးသားထဲသို့  နက်နက်ရှိုင်းရှိုင်း ရောက်သွားခဲ့သည်။ မြင်ကွင်းက တိတ်ဆိတ်သွားပြီး လူတိုင်းက ဇာတ်လမ်းထဲမှာ နစ်မျောနေကြသည်။


ပိုပြီး စိတ်ခံစားလွယ်သော အမျိုးသမီး သတင်းထောက်တစ်ယောက်၏ ငိုကြွေးသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ချိန်မှပဲ သတင်းစာရှင်းလင်းပွဲမှာ အသံတချို့ ပြန်ထွက်လာခဲ့လေသည်။


သတင်းထောက်တစ်ယောက်က သူ့လက်ကိုမြှောက်လိုက်သည်။


ကျောက်လီယိုက သတင်းထောက်ကို ကြည့်ပြီး "မေးပါ" ဟု ပြောလိုက်သည်။


သတင်းထောက်ကမေးလေသည်။

"ဥက္ကဋ္ဌကျောက် ခင်ဗျားရဲ့ဇာတ်လမ်းထဲက အော်တစ်ဇင်ရောဂါသည်က 'အလင်းရောင်' ကို ဖန်တီးသူလို့  ကျွန်တော် နားလည်လို့ရမလား... 'အလင်းရောင်' အတွက် ဉာဏ်ကွန့်မြူးမှုက ဒီကားမတော်တဆမှုကနေ လာခဲ့တာလား"


ကျောက်လီယိုက အခိုင်အမာပြန်ဖြေသည်။

"ဟုတ်ပါတယ်"


"ဒါဆို ဥက္ကဋ္ဌကျောက်ပြောချင်တဲ့ အဓိပ္ပါယ်က 'အလင်းရောင်' က ကူးချထားခြင်းမဟုတ်ပဲ၊ သူ့ရဲ့ဖန်တီးသူက အနုပညာလက်ရာရဲ့ မူရင်းဖန်တီးသူအစစ်လို့ အဓိပ္ပါယ်ဖော်ရမှာပါလား" သတင်းထောက်က ဆက်မေးသည်။


"အဲဒီလို အဓိပ္ပါယ်ဖော်လို့ရပါတယ်"

ကျောက်လီယိုက သံသယဖြစ်စရာနေရာမရှိအောင် တည်ငြိမ်စွာတုံ့ပြန်ခဲ့သည်။


"ကောင်းပြီ...ကျွန်​တော်မေးလို့ပြီးသွားပါပြီ...ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကျောက်"

ထို့နောက် သတင်းထောက်က နေရာရာ​ပြန်ထိုင်လိုက်သည်။


ပထမမေးခွန်းကို ဖြေလိုက်သည်နှင့် တခြားသတင်းထောက်များက ပိုစိတ်​စောလာ​ကြသည်။ သို့သော် သူတို့က ယခုနကလို ကျွတ်ကျွတ်စီမနေ​ကြဘဲ ယင်းအစား သူတို့က မေးခွန်းများမေးချင်ပါက လက်မြှောက်ပြီး မေးကြသည်။


သို့ပေမဲ့ လက်ရှိအချိန်မှာ သူတို့အားလုံး အံ့ဩနေကြသည်။အိပ်မက်ဖလားက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ခိုးကူးသူအား ပြစ်ဒဏ်ကြေညာလိမ့််ည်ဟု သူတို့က  မျှော်လင့်ထား​​ကြသည်။ သို့သော်၊မျှော်လင့်မထား​စွာပဲ "အလင်းရောင်" ကိုဖန်တီးသူက ကူးချခြင်းမပြုခဲ့ကြောင်း အိပ်မက်ဖလားက အခိုင်အမာယုံကြည်​နေသည်။ယင်းအစား၊ သူတို့က ဤမျှရင်ထဲထိ​စေ​သောဇာတ်လမ်းတစ်ပုဒ်ကို တင်ပြခဲ့ကြသည်။


သို့တိုင်၊ ဤဇာတ်လမ်း၏ စစ်မှန်မှုကို သူတို့ပဟေဠိမဖြစ်ဘဲမနေနိုင်ကြပေ။


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အင်တာနက်သုံးစွဲသူများကလည်း သံသယများနှင့် ပြည့်နေကြသည်။စိတ်မြန်သော လူအချို့က "အလင်းရောင်"၏ ဖန်တီးသူကို သိက္ခာဆယ်ရန် ကျောက်လီယိုက ဇာတ်လမ်းကိုလုပ်ကြံဖန်တီးထားသည်ဟု စွပ်စွဲကာ မှတ်ချက်ဘားတန်းကို လွှမ်းမိုးလာကြသည်။


သို့သော်လည်း ဇာတ်လမ်းကို ယုံကြည်သူများလည်းရှိကြပြီး ထိုဇာတ်လမ်းကြောင့် မျက်ရည်ကျမိသည်ဟု ပြောကြသည်။


ခိုင်လုံသော အထောက်အထားမရှိသဖြင့် "အလင်းရောင်" က အငြင်းပွားဖွယ်ရာများနှင့် ပြည့်နှက်နေသည့် ပန်းချီကားတစ်ချပ်အဖြစ် ဆက်လက်ရှိနေခဲ့သည်။


ဇာတ်လမ်းကို နားထောင်ပြီးနောက် လုရှို့ရန်က မျက်ခုံးပင့်သွားသည်။ စောစောက ခံစားခဲ့ရသော ဆိုးရွားသော ကြိုတင်သတိပေးချက်က ပြန်ပေါ်လာပြီး ဤတစ်ကြိမ်မှာ ပို၍ပင် ပြင်းထန်လာသည်။ စင်ပေါ်ကိုကြည့်ရင်း သူ့လက်များက သူ့အင်္ကျီအနားစွန်းများကို အလိုလို ဆုပ်ကိုင်ထားမိလိုက်သည်။လုရှို့ရန် အံကြိတ်ကာ ပရိသတ်ထဲရှိ အခြားသတင်းထောက်တစ်ဦးဆီသို့ လှမ်းကြည့်လိုက်သည်။


ထိုသတင်းထောက်ကလုရှို့ရန်၏အကြည့်ကို ဖမ်းမိပြီး ကျောက်လီယိုက သူ့ကို မခေါ်ပါဘဲ ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည်။


"ဥက္ကဋ္ဌကျောက်လီယို ကျွန်တော်တို့က အမှန်တရားကိုရှာ​ဖွေဖို့နဲ့ အိပ်မက်ဖလားက ခိုးကူးသမားကို ဘယ်လိုအပြစ်ပေးမယ်ဆိုတာ သိဖို့ ဒီသတင်းစာရှင်းလင်းပွဲကို လာခဲ့တာပါ...လက်ရှိအချိန်မှာ အိပ်မက်ဖလားကို ကျွန်​တော်တို့နိုင်ငံမှာ စံပြပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရတာပါ... အကယ်၍ ခင်ဗျားက ခိုးကူးသမားကို အကာအကွယ်ပေးနေမယ်ဆိုရင် ကျွန်​တော်တို့နိုင်ငံရဲ့ အနာဂတ်ပြိုင်ပွဲတွေရဲ့ ဂုဏ်သိက္ခာအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲ... ခိုးကူးသမား​တွေ သောင်းကျန်းလာမှာလား... ခိုးကူးသမားတိုင်းက ပန်းနုသွေးပြဇာတ်ကနေသရွေ့ လွတ်မြောက်သွားပြီး မူရင်းဖန်တီးသူတွေက တရားမျှတမှုမရဘဲကျန်နေခဲ့မှာလား..."

သတင်းထောက်၏လေသံမှာ ကြမ်းတမ်းပြီး သူ့အသံက အဆုံးရောက်လာလေလေ ပိုပိုကျယ်လာပြီး ကျောက်လီယိုထံမှ တိုက်ရိုက်အဖြေကိုမရမချင်း ဖိအားပေးရန် စိတ်ပိုင်းဖြတ်ထားပုံရလေသည်။


ကျောက်လီယိုက ခွင့်ပြုချက်မရဘဲ မတ်တပ်ရပ်နေသော သတင်းထောက်ကို ကြည့်ကာ ပြောလိုက်၏။

"သတင်းထောက်တွေက ပွဲရဲ့အမိန့်ကို လိုက်နာကြမယ်လို့ မျှော်လင့်ပြီး ဒီသတင်းစာရှင်းလင်းပွဲကို ကျွန်တော် ဖိတ်ကြားခဲ့တာပါ... မလုပ်နိုင်ရင် ထွက်သွားပေးပါ"


"ဥက္ကဋ္ဌကျောက်လီယို ခင်ဗျား ကျွန်တော့်မေးခွန်းကို ရှောင်နေတာလား...အိပ်မက်ဖလားက ခိုးကူးသမားကိုကာကွယ်ဖို့ကြိုးစားနေတာလား...အိပ်မက်ဖလားက ဝေ့ချန်ဆီက လာဘ်ယူထားတာလား"

 သတင်းထောက်၏စွပ်စွဲချက်မှာ ပိုပိုပြင်းထန်လာပြီး သူ၏ရန်လိုသောအမူအရာကလည်း ပိုပိုခက်ထန်လာကာ ထိပ်တိုက်ရင်ဆိုင်သည့်သဘောထားကို တပ်ဆင်လာခဲ့သည်။


ကျောက်လီယိုက တည်ငြိမ်သည့်သဘောထားကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကာ သူကပြောလိုက်သည်။

"အိပ်မက်ဖလားက ဘက်မလိုက်မှုနဲ့ တရားမျှတမှုဆိုင်ရာ အခြေခံမူ​တွေကို အမြဲတမ်း လက်ကိုင်ပြုထားတာပါ... ဒီမူ​တွေကို ချိုးဖောက်သူတိုင်းကို အိပ်မက်ဖလားက လက်ခံမှာမဟုတ်ပါဘူး... ဒါကို အာမခံနိုင်ပါတယ်"


"ဒါဆိုရင် ဥက္ကဋ္ဌကျောက်လီယို 'အလင်းရာင်'က ခိုးကူးလို့ ဘာကြောင့် မကြေငြာတာလဲ...'အလင်းရောင်' အတွက် ရွှေတံဆိပ်ဆုက တရားမဝင်ကြောင်း ဘာကြောင့် မကြေညာတာလဲ" သတင်းထောက်က ဆက်လက်၍ သတင်းယူသည်။


"'အလင်းရောင်' က ခိုးကူးလို့ချည်းပဲ ဘာကြောင့် ဆက်တိုက်​​ပြောနေရတာလဲ... 'အလင်းရောင်'က ခိုးကူးပါလို့ ဆုံးဖြတ်ဖို့ မင်းကို ဘာကလုပ်ပိုင်ခွင့်ပေးလိုက်လို့လဲ"

ကျူးကောယွိယီက မတ်တတ်ထရပ်လိုက်သည်။ သူဘာမှမပြောရန်ရည်ရွယ်ထားပေမဲ့ သတင်းထောက်၏ သဘောထားက စိတ်တိုစရာကောင်းနေသည်။


"ရှင်းပြစရာလိုသေးလို့လား...ခိုးကူးမှုဆိုင်ရာ အထောက်အထားတွေက ရှေ့တည့်တည့်မှာရှိနေတာပဲကို" သတင်းထောက်က ခေါင်းမာမာနှင့် ခုခံနေမှုအတွက် အိပ်မက်ဖလားကို နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။


"ဟုတ်လား...အင်တာနက်ကနေ ထုတ်နှုတ်ထားတဲ့ မ​ဖြစ်စလောက် သက်သေအထောက်အထားတွေကို အခြေခံပြီး ဒါက အမှန်တရားတစ်ခုပါလို့ သေချာနေပြီ​ပေါ့​"

ကျူးကောယွီက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်ပြီး ဒေါသထွက်နေသော အရိပ်အယောင်များပြလာသည်။


"ဒါဆို ဘာလဲ...လူ​ကြီးမင်းကျူးကောမှာ အကောင်လိုက်ကြီးရှိနေတဲ့ အထောက်အထား​တွေကို ငြင်းဆိုနိုင်တဲ့ အထောက်အထားကြီးကြီးမားမားရှိတာလား...ကျုုပ်ကိုနောက်ထပ်အမှန်တရားတစ်ခုပြ​ပေးနိုင်လို့လား" သတင်းထောက်က ခက်ထန်သော အမူအရာဖြင့် ပြန်ပက်သည်။


"သိလား...ငါ တကယ်ပြပေးနိုင်​တယ်"

ကျူးကောယွီက သတင်းထောက်ကို တုံ့ပြန်လိုက်ပြီး သူ၏ ဒေါသထွက်​နေ​သောအမူအရာက ရုတ်တရက် ပျောက်ကွယ်သွားပြီး လုပ်ပြုံးတစ်ခုဖြင့်အစားထိုးခြင်းခံလိုက်ရသည်။ 


<< >>


💘