ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၅၉)
ယခု ကျွန်မအတွက် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော အိမ်ရှေ့စံမင်းသား၏ နန်းတော်ထဲသို့ လှည့်ပတ်ကြည့်ရင်း လမ်းလျှောက်လာခဲ့သည်။အစေခံများက ကျွန်မကို ယခင်ကဲ့သို့ စိုက်ကြည့်မနေကြတော့ဘဲ ညင်သာစွာ လမ်းပြပေးနေကြသည်။
ကယ်လီယန်က ကျွန်မကို လာရောက်လည်ပတ်ခွင့် ပြုသည်။
ထိုကိစ္စတစ်ခုတည်းကပင် ကျွန်မတို့ကြားရှိ ဆက်ဆံရေးက ကြီးမားစွာ တိုးတက်လာခဲ့ပြီဟု ကျွန်မကို တွေးမိစေခဲ့သည်။ယခင်ကသာ ဆိုပါက သူက ကျွန်မကို လည်ပတ်ခွင့် ပြုရမည့်အစား ကြိမ်းမောင်းပြောဆိုနေလိမ့်မည်။
ငါ ဒီအတွက် ဆိုဗက်စ်စတာဆီက ပိုက်ဆံတောင်းရမယ်။
ဟိုး ဟိုး ဟိုး
ကျွန်မ ပြုံးရွှင်စွာဖြင့် ပန်းချီခန်းထဲသို့ ဝင်လာခဲ့သည်။
ထင်ထားသည့်အတိုင်း ကယ်လီယန်က ရှိမနေပေ။သူက ကျွန်မကို အမြဲတမ်း စောင့်နေရအောင် လုပ်တတ်သည်။သူက ထိုသို့ တမင်တကာ လုပ်နေမှန်း ကျွန်မ ရိပ်စားမိပါသည်။ကျွန်မတို့၏ ဆက်ဆံရေးကို အသာစီး ရယူရန်ဖြစ်သည်။သို့သော် ထိုအပြုအမူက ကျွန်မကို တားမြစ်ဟန့်တားနေသည်ဟု မဆိုလိုပေ။
ကယ်လီယန်ကိုသာ တွေ့ရမည်ဆိုလျှင် သူ ဆန္ဒရှိသလောက် အကြာကြီး ကျွန်မ စောင့်ဆိုင်းပေးနိုင်သည်။
တစ်ချို့ကတော့ ကျွန်မကို မာနမရှိဟု ပြောလာနိုင်သည်။သို့သော် မာနဆိုသည်မှာ အစကတည်းက စိတ်ခံစားချက် အနည်းငယ်လေး ရှိနေလျှင်ပင် ဖော်ပြနိုင်သည့် အရာဖြစ်သည်။
ကျွန်မမှာ ကယ်လီယန်အပေါ် ခံစားချက် အနည်းငယ်ပင် မရှိပေ။၎င်ယက အမှန်တရား ဖြစ်သည်။ထို့ကြောင့် ကျွန်မ ဤသို့ အဆုံးမရှိသည့်အတိုင်း စောင့်နေနိုင်ခြင်း ဖြစ်သည်။ကျွန်မ ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ဆံပင်ကို ကိုင်တွယ်နေမိသည်။
ထိုသို့ဖြင့် ကယ်လီယန် ရောက်လာမည်ကို ကျွန်မ စောင့်နေခဲ့သည်။
ပန်းချီခန်းထဲသို့ လှည့်ပတ်ကြည့်ရှုလိုက်လျှင် အရင်ကဲ့သို့ တစ်ခုမှ မပြောင်းလဲသွားပေ။ရိုးရှင်းပြီး အသင့်အတင့်ဖြစ်သော ပန်းချီခန်း တစ်ခန်းမျှသာ။၎င်းက ဖလဲရ်၏အကြိုက်မှန်း ကျွန်မ သိပါသည်။သို့သော် ထိုအခန်းက အိမ်ရှေ့စံမင်းသားတစ်ပါး၏ နန်းတော်နှင့် အမှန်ပင် မလိုက်ဖက်ချေ။
ငါတို့ ဒီအကြောင်း ပြောသင့်လား။
ထိုသို့ တွေးနေစဥ် ကယ်လီယန် ဝင်လာသဖြင့် ကျွန်မ ပါးစပ်ကို ဖွင့်လိုက်သည်။
"အရှင့်သား ပန်းတွေ ဘာလို့ မယူလာတာလဲ။"
"ဘာဖြစ်လို့လဲ"
ကျွန်မ၏ ကျပန်းဆန်သော မှတ်ချက်ကြောင့် ကယ်လီယန်က မျက်
မှောင်ကြုတ်ပြီး ပြန်မေးလိုက်သည်။
"ဒီနေရာမှာ ပန်းရောင်စုံနဲ့ ပန်းအိုးလေးတစ်လုံး ထားပြီး အလှဆင်ရင် ကောင်းမယ်လို့ ကျွန်မ တွေးမိပါတယ်။ကျွန်မ အရှင့်သားကို လက်ဆောင်ပေးလို့ ရပါတယ်။"
"ဒါက ဘာကို ပြောချင်တာလဲ။မင်းက ဒီအတိုင်း စိတ်ကူးရသလို ပြောလိုက်တာမလား။မင်း ဘာတွေ လုပ်မလို့လဲ။"
"အရှင့်သား ဘာကို ဆိုလိုချင်တာပါလဲ။ကျွန်မ ပြောချင်တာ ဒီလို မဟုတ်ပါဘူး။"
ကျွန်မ ပခုံးတွန့်ပြီး ပြောလိုက်သည်။
"ပန်းချီခန်းက အရမ်း မှောင်မိုက်နေပါတယ်။ဒီနေရာက အိမ်ရှေ့စံမင်းသားနန်းတော်နဲ့ မလိုက်ဖက်လို့ပါ။"
ကယ်လီယန် ဘာမှ မပြောရသေးခင် ကျွန်မ ဆက်ပြောလိုက်သည်။
"နန်းတော်ကို ပထမဆုံး လာရောက်တဲ့သူတွေကို ဒီနေရာမှာ ပထမဆုံး လက်ခံတွေ့ဆုံတာ မဟုတ်ပါလား။ဒါပေမဲ့ ဒီနေရာက ဒီလောက်အထိ ရိုးရှင်းလွန်းပါတယ်။ကျွန်မ ဘယ်လိုပြောရမလဲ။ဒီနေရာက ဒီလိုပုံစံ ဖြစ်မနေသင့်ဘူး လို့ပါ။"
"မင်းက ငါ့ရဲ့ အလှအပအပေါ် ရှုမြင်မှုကို ထောက်ပြနေတာလား။"
"အာ၊ ဒီအခန်းက အရှင့်သားရဲ့အလှရသခံစားမှု အကြိုက်နဲ့ နည်းနည်းလေးတောင် မတူဘူးဆိုတာ ကျွန်မ သိပါတယ်။"
ကျွန်မ မျက်လုံးကို မှေးစင်း၍ ကြည့်လိုက်သည်။
"ကောင့်မြို့စားကတော်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။"
ကယ်လီယန်က ပြန်မဖြေပေ။ထိုအစား ကျွန်မကို စူးစိုက်ကြည့်နေခဲ့သည်။
အိုး၊ကြည့်လွန်းလို့ အပေါက်ဖြစ်တော့မှာပဲ။
ကျွန်မ သူ့အကြည့်ကို ရှောင်ရှားပြီး ဟိုသည် ကြည့်နေခဲ့သည်။
"ရိုးရိုးကုပ်ကုပ် ဖြစ်တာတော့ ကောင်းပါတယ်၊ဒါပေမဲ့ မသင့်တော်ပါဘူး။အရှင့်သားရဲ့ ဂုဏ်သိက္ခာ ကျဆင်းနိုင်ပါတယ်။"
"ငါ သိတယ်"
ကယ်လီယန်က ရှေ့ဆံပင်များကို သပ်တင်လိုက်ပြီး ကျစ်ခနဲ စုတ်သပ်လိုက်သည်။
"ဒီတော့ မင်း ဒီအကြောင်းကို ထပ်မပြောနဲ့တော့။"
သူသည်လည်း ပန်းချီခန်းအကြောင်း ကျွန်မအတိုင်း တွေးမိပုံရသည်။သို့သော် သူက ဖလဲရ်၏ဆန္ဒကို လျစ်လျူမရှုနိုင်သဖြင့် ဤနေရာကို သည်အတိုင်း ထားလိုက်ရခြင်း ဖြစ်သသည်။
အင်း
ကျွန်မ ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ကျွန်မက လက်ဆောင်အဖြစ်နဲ့ ပန်းအိုးတစ်လုံး ယူလာပေးလို့ ရနိုင်မလား။"
ကယ်လီယန်၏တင်းမာနေသော မျက်နှာထားက အနည်းငယ် နူးညံ့သွားသည်။
"ငါနဲ့ ကောင်းကောင်း သင့်တော်ရင် ငါ လက်ခံမှာပါ။"
"ကျွန်မက အရှင့်သား လက်ခံလာအောင် ဆွယ်တရားဟောနိုင်တာပါလား။"
ကျွန်မ ရယ်မောပြီး ပြောလိုက်သည်။
ကယ်လီယန်၏ နဖူးက ပို၍ တွန့်သွားသော်လည်း သူက ဘာမှ ထပ်မပြောပေ။၎င်းက ခွင့်ပြုချက် ပေးလိုက်သည်ဆိုသော အဓိပ္ပါယ်ဖြစ်၏။
ငါ ရွှေနဲ့ လုပ်ထားတဲ့ ပန်းအိုး ယူလာရမလား။
ကျွန်မ အိမ်တော်ကနေ အလွယ်တကူ ခိုးလာနိုင်လိမ့်မည်ဟု တွေးမိသည်။
အိမ်တော်ထဲတွင် ထိုသို့ ပစ္စည်းများ အများအပြား ရှိလေရာ တစ်ခု ပျောက်သွားလျှင်ပင် သူ သိမည်မဟုတ်ဟု ကျွန်မ စဥ်းစားမိသည်။ကျွန်မ၏ စိတ်ကျေနပ်စရာ အစီအစဥ်ကြောင့် ညည်းလိုက်မိသည်။ကယ်လီယန်က ပါးစပ်ကို ဖွင့်ပြီး ပို၍ သဘောကျသလို ပြုံးလိုက်သည်။
"မင်း ဒါကို ပြောဖို့ ဒီအထိ လာခဲ့တာလား။"
"မဖြစ်နိုင်တာ၊ ဒါအတွက်ကြောင့်ပဲ မဟုတ်ဘူးပေါ့။"
ကျွန်မ အရှေ့ဘက်သို့ ငုံ့ကိုင်းလိုက်သည်။
"ကျွန်မ အရှင့်သားအတွက် အချက်အလက်ကောင်းတစ်ခု ယူလာပါတယ်။"
ကယ်လီယန်၏ မျက်ခုံးများ တွန့်သွားလေသည်။သူက ထိုအရာကို ပြောပြစေချင်သည်ဟု ဆိုလို၏။ကျွန်မ ဂုဏ်ယူစွာဖြင့် မျက်နှာကို မော်လိုက်သည်။
"မားကွစ်မြို့စား ရစ်ချယ်"
မနေ့က ကျွန်မကို ဒုက္ခပေးရဲသော အန်ဂျလာ ရစ်ချယ်၏ ဖခင်ဖြစ်သူ မားကွစ်မြို့စား ရစ်ချယ်က သူလျှိုလုပ်နေခဲ့သည်။
အစကတော့ ကျွန်မ ထိုကိစ္စကို ကယ်လီယန်ထံသို့ မပြောလိုခဲ့ပေ။သိုသော် မနေ့က ထိုအတွေးမှာ ပျောက်ကွယ်သွားခဲ့သည်။ကျွန်မက သူမအပေါ် သင့်လျော်အောင် မဆုံးမလိုက်နိုင်သဖြင့် ဤသို့ ပြန်လည် ပေးဆပ်စေရမည်။
ကျွန်မ ခံစားရသည်ထက် ပို၍ ပြန်လည်ပေးဆပ်စေရမည် ဆိုသည်က ကျွန်မ၏ ယုံကြည်ချက်ဖြစ်သည်။
ကျွန်မ ပြုံးလိုက်သည်။
"အရှင့်သား မားကွစ်မြို့စားကို စောင့်ကြည့်နေတာ မဟုတ်ပါလား။"
"မင်း ဘယ်လို သိတာလဲ။"
ကယ်လီယန်က အမှန်တကယ် အံ့ဩနေဟန်ဖြင့် ကျွန်မကို မေးလေသည်။
ငါ ဘယ်လိုသိတာလဲ။အစထဲက စာအုပ်ထဲမှာ ပါနေလို့ ငါသိတာပဲ။
သို့သော် ကျွန်မ ထိုသို့ ပြော၍ မရသဖြင့် တစ်ခြားနေရာများသို့ လျှောက်ကြည့်နေခဲ့သည်။
"ဒါက အရေးမကြီးပါဘူးရှင်။"
ကျွန်မ လက်ဖြောက်တစ်ချက် တီး၍ ပြောလိုက်သည်။
"ကျွန်မမှာ မားကွစ်မြို့စား ရစ်ချယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ကောင်းကောင်း ရှိပါတယ်။"
"အဲ့ဒါက ဘာလဲ။"
"မားကွစ်မြို့စား ရစ်ချယ်ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်တဲ့အထိ ကောင်းပါတယ်။"
"ငါ့ကို ပေးလေ"
ကယ်လီယန်က လက်ဖဝါးဖြန့်၍ ကျွန်မဘက်သို့ လက်ဆန့်လိုက်သည်။ကျွန်မ ယပ်တောင်ဖြင့် ပါးစပ်ကို အုပ်ပြီး ပြောလိုက်မိသည်။
"အိုး ၊ဘုရားရေ၊အရှင့်သား ကျွန်မကို ဒီလောက်အထိ ယုံကြည်ပါသလား။"
ကယ်လီယန်က အမှားလုပ်မိသွားဟန်ဖြင့် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
အဟမ်း
သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး တမင်သက်သက် ခြေထောက်ချိတ်ထိုင်၍ လက်ပိုက်လိုက်သည်။
"မင်း သက်သေရတဲ့အခါကျရင် ငါ့ကိုပြော၊ကျန်တာ ငါ လုပ်မယ်။"
မည်သည့်သက်သေကို မဆို တွေ့နိုင်ပေ၏။ထို့ကြောင့် ကျွန်မက ပို၍ သိက္ခာရှိသော သဘောထားကို ထုတ်ပြလိုက်သည်။
"အရှင့်သားသာ သက်သေကို မြင်ရင် ဒီလို ပြောနိုင်မှာ မဟုတ်ဘူး။ကျွန်မကို အရှင့်သားက ကျေးဇူးတင်ပါတယ်လို့ ပြောရပါလိမ့်မယ်။"
"သူမကို ကျေးဇူးတင်လာရမယ်လို့ ငါ့ကို ဂုဏ်ယူဝံ့ကြွားပြီး ပြောလာတတ်တဲ့ သူမျိုးကို ငါ တစ်ခါမှ မတွေ့ဖူးပါဘူး။"
"ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ကျွန်မက ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရှိတာပါ။"
"ဒါဆို သက်သေသာ ရှာခဲ့ချေ။ငါ စစ်ဆေးကြည့်လိုက်မယ်။"
"ကောင်းပါပြီ"
ကျွန်မ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
ထိုအခါ ကယ်လီယန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ကျွန်မက အပြစ်ကင်းစွာ ပြောနေသည့်အတွက် သံသယ ရှိနေသကဲ့သို့ပင်။သဘာဝကျပေသည်။ကျွန်မက ထိုသို့ ကောင်းသောကိစ္စတစ်ခုကို ဒီအတိုင်း ပြောပြပေးတတ်သော သူမျိုး မဟုတ်ပေ။
ကျွန်မ လက်ဖဝါးတစ်ဖက်ဖြင့် မေးထောက်လိုက်ပြီး ကယ်လီယန်ကို ကြည့်လိုက်သည်။
"ဒါဆိုရင် အရှင့်သားက ကျွန်မအတွက် ဘာလုပ်ပေးမှာပါလဲ။"
"ဘာကိုလဲ"
"ကျွန်မက အသုံးဝင်မဲ့ အချက်အလက်ကို အရှင့်သားဆီ ပေးမယ်ဆိုရင် အရှင့်သားက ကျွန်မအတွက် ဘာလုပ်ပေးမှာပါလဲ။"
"..."
ကယ်လီယန်က မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။
"မင်း ဘာလိုချင်လဲ။"
ကျွန်မ ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး မျက်တောင်ခတ်လိုက်မိသည်။
"ကျေးဇူးပြုပြီး လာမဲ့ ရက်အနည်းငယ်မှာ ကျင်းပမဲ့ တော်ဝင်ကပွဲမှာ ကျွန်မရဲ့အမျိုးသားအဖော် ဖြစ်လာပေးပါ။"
"မင်း ရူးနေလား။"
ကယ်လီယန်က ချက်ချင်း ပြန်ဖြေလေသည်။ထိုသို့ ပြန်ဖြေလာမည်ကို ကျွန်မ မှန်းဆထားပြီး ဖြစ်သောကြောင့် မတုန်လှုပ်သွားခဲ့ပေ။ထို့ကြောင့် အရှေ့ဘက်သို့ ညွှတ်ကိုင်းနေမိသော ကျွန်မ၏ကိုယ်ကို ပြန်မတ်ပြီး ပခုံးတွန့်လိုက်သည်။
"အရှင့်သား ဒီလို လုပ်ပေးရမှာ မုန်းတယ်ဆိုလဲ ရပါတယ်ရှင်။ကျွန်မ ဒီကိစ္စကို ဧကရာဇ်အရှင်ထံကိုပဲ တိုက်ရိုက် လျှောက်ထားလိုက်ပါတော့မယ်။"
"အိုဖီလီယာ ၊ မင်း ..."
"ဟုတ်ကဲ့၊ ဘာများပါလဲ ရှင်။"
ကျွန်မ တမင်တကာ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်၍ ကယ်လီယန်ကို ကြည့်နေလိုက်သည်။ကယ်လီယန်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တုန်ယင်နေလေသည်။သို့သော် သူ ဒီထပ် တင်းမခံနိုင်လောက်ပေ။
ကျွန်မ ပြောခဲ့သလို ကျွန်မက ဧကရာဇ်ထံ အခစားဝင်၍ မားကွစ်မြို့စား ရစ်ချယ်အကြောင်း အချက်အလက်နှင့် သက်သေများကို တင်ပြလိုက်ပါက သူ အကြာကြီး ကြိုးပမ်းစုံစမ်းထားရသည့် ကိစ္စကို လက်လွှတ်လိုက်ရနိုင်လေသည်။ကယ်လီယန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ အသက်ရှူထုတ်၍ ကျစ်ခနဲ စုတ်သပ်လိုက်လေသည်။
"အမျိုးသားအဖော် အနေနဲ့တော့ မရဘူး၊တခြား တစ်ခုပြော။"
ထိုစကားကို ကျွန်မ စောင့်စားနေရသကဲ့သို့ ဖြေလိုက်သည်။
"ဒါဆို ကျေးဇူးပြုပြီး ကျွန်မနဲ့ ပထမဦးဆုံး တွဲကပေးပါ။"
"ဟူး ..."
ကယ်လီယန်က နဖူးကို ပွတ်သက်နေသည်။သူ၏ ရှုံ့တွနေသော မျက်နှာမှာ အလွန် စိတ်တိုလာသည့် ပုံပေါ်သည်။သို့သော် ကျွန်မက ကမ်းလှမ်းမှုကို နောက်ဆုတ်ပေးရန် အစီအစဥ် မရှိပါ။ဤနည်းဖြင့် ကျွန်မ ဖလဲရ်ကို ထိရောက်စွာ ဒုက္ခပေးနိုင်လိမ့်မည်။ကျွန်မ ပြောသကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်ထက် ပို၍ ပြန်လည်ပေးဆပ်ရမည် ဖြစ်၏။
ကျွန်မ ပြုံးလိုက်လျှင် ကယ်လီယန်က မျက်လုံးပင့်၍ ကျွန်မကို ကြည့်လေသည်။
"မင်းက ငါ့အပေါ်မှာ ဘာလို့ လက်မလျှော့ရသေးတာလဲ။"
"ကျွန််မက အရှင့်သားကို နှစ်သက်သဘောကျတာကြောင့်ပါ။"
ထိုစကားကို ချက်ချင်း ပြန်ဖြေလိုက်သည်။စိတ်ခံစားချက် တစ်စုံတစ်ရာ မရှိ၍သာ ထိုသို့ လွယ်လင့်တကူ ပြောထွက်ခြင်း ဖြစ်သည်။
ဟား
ကယ်လီယန်က ကျယ်လောင်စွာ ရယ်လိုက်သည်။
"မင်းရဲ့ အမူအရာမပါတဲ့ မျက်နှာနဲ့ ငါ့ကို သဘောကျပါတယ်လို့ ပြောလာတာကို ငါက ယုံကြည်ပေးမယ်လို့ မင်း ထင်နေတာလား။"
"ကျွန်မက ဒီလို မဟုတ်လို့ ဘယ်လိုပုံစံ ဖြစ်နေရမှာပါလဲ။ကျွန်မရဲ့ အသွင်အပြင်ကို အရှင့်သား ဝေဖန်ထောက်ပြ မနေပါနဲ့လား။"
ကယ်လီယန်က ကျွန်မ၏မျက်နှာကို ကြည့်လိုက်သည်။ထို့နောက် သူက ကျွန်မ၏စကားကို သဘောတူသည့်အနေဖြင့် ခေါင်းမော့လိုက်သည်။
ကျွန်မ၏မျက်နှာက ကြောက်စရာကောင်းသည်ကို ကျွန်မ သိနေသောကြောင့်ပင်။
"ကောင်းပြီ"
ကယ်လီယန်က နှေးကွေးစွာ ပြန်ဖြေသည်။
"ငါ မင်းနဲ့ အရင်ဆုံး တွဲကပေးမယ်၊ဟုတ်ပြီလား။"
"ဟုတ်ကဲ့"
ကျွန်မ ပြုံးလိုက်ပြီး သူ့ဆီသို့ လက်တစ်ဖက် ကမ်းပေးလိုက်သည်။ဆိုလိုသည်က လက်ဆွဲနှုတ်ဆက်ရန် ဖြစ်၏။
"ဒီလက်က ဘာလုပ်တာလဲ။"
လက်ကို ဆန့်ထုတ်ပေးထားရသည်က ရှက်စရာကောင်းလှသည်။ထို့ကြောင့် ကျွန်မ လက်ပြန်ရုပ်၍ လက်ခုပ်တီးပြီး ပြောလိုက်သည်။
"ရင်းနှီးခင်မင်မှု သင်္ကေတ မဟုတ်ပါလား။"
ကယ်လီယန်က ရယ်မောလိုက်သည်။
"မင်းက ရူးနေတာပဲ။"
"ကျွန်မ သိပါတယ်။"
ထိုစကားကို အကြိမ်ပေါင်းများစွာ ကြားပြီး ဖြစ်ရာ ဘာမှ မခံစားရတော့ပေ။
မဟုတ်ပေ။ကျွန်မ၏ခင်ပွန်းထံမှ ရူးနေသည်ဟု အကြိမ်များစွာ အပြောခံရသည့်အတိုင်း ကယ်လီယန်က ကျွန်မကို ပြောလျှင် နာကျင်မည်လောဟု ကျွန်မ သိချင်ခဲ့သည်။ကျွန်မ ခေါင်းငြိမ့်ပြီး ကယ်လီယန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"အရှင့်သားက ရူးနေတဲ့ မိန်းမတွေကို ပိုသဘောကျမှန်းလဲ ကျွန်မ သိပါတယ်ရှင်။"
"ငါ လား ၊မဟုတ်ပါဘူး"
"အိုင်း ..."
"ငါ မဟုတ်ဘူးလို့ ပြောနေတယ်လေ။"
"အသည်းအသန် ငြင်းနေတယ်ဆိုတော့ မှန်ကန်ကြောင်း အတည်ပြုပေးနေသလိုပါပဲ။"
"ထွက်သွား"
ကယ်လီယန်က အော်ဟစ်ပြီး ကျွန်မကို မောင်းထုတ်လိုက်သည်။သို့သော် ကျွန်မ လိုချင်သည့် အရာတိုင်းကို ရသွားသဖြင့် ကျွန်မ၏ ခံစားချက် ကောင်းနေခဲ့သည်။
အိမ်ရှေ့စံမင်းသား နန်းတော်ထဲသို့ ဖလဲရ် ဝင်လာသည်ကို ကျွန်မ မတွေ့ခင်အထိသာ ဖြစ်၏။
TK Team
++++++++