Chapter 42
Viewers 8k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch 42


'ကောင်းသောနေ့လေးဖြစ်ပါစေ' ဆိုတာက ဘာကိုပြောတာလဲ။ သူမက အရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲကြား ဝင်ဖျက်ဆီးပြီးတော့ ငါတို့ကိုလည်း စံအိမ်ဆီသို့ လမ်းလျှောက်ပြန်ခိုင်းခဲ့တာလေ။အခုတော့ သူမက ဒီလိုပြုံးပြုံးရွှင်ရွှင်နှင့် ကြိုဆိုနေနိုင်သေးတာလား။

ဒီလို မျက်နှာပြောင်တာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။

သူမ ဒေါသကိုထုတ်ပြပြီးထွက်သွားချင်သော်လည်း မလုပ်နိုင်ပေ။

'ဒီပွဲကို အဖိတ်ခံရဖို့ ဘယ်လောက်တောင်ခက်လိုက်လဲ...! လူတွေအများကြီးထဲကမှ ဘာလို့ သူမ ဖြစ်နေရတာလဲ'

ဖလော်ရီ၏သူငယ်ချင်း ကဲလ်ရန်ပါဝင်သောအဖွဲ့တွင် ချမ်းသာကြွယ်ဝ၊ဂုဏ်သတင်းထင်ရှား ကျော်ကြားသော မြို့စားအနွယ်ဝင်များ ပါဝင်လေသည်။

သူမ၏ ချို့ယွင်းချက်များကို သိရှိသော်လည်း သူမသည် ကဲလ်ရန်အား ဤပွဲကို တက်ရောက်ရာ၌ သူမကိုခေါ်ဖို့ရန် အဆက်မပြတ် ဆွဲဆောင်ခဲ့သည်။ သူမ အခုမှ ထွက်သွားချင်လို့မရပေ။

သို့သော် ဒါက သူမသည် ထိုကောက်ကျစ်စဉ်းလဲသောမိန်းမနှင့် ပေါင်းသင်းလိုသည်ဟု မဆိုလိုပေ။ အားလုံးစု‌ဆုံပြီးကြသည်နှင့် သူမသည် ထိုမိန်းမ၏ သဘာဝအမှန်ကို သိမ်မွေ့စွာ ဖော်ထုတ်ရန် စီစဉ်လိုက်သည်။

သို့တိုင်အောင် ထိုမိန်းမအပေါ် သူမအကြွေးတင်နေဆဲဖြစ်သော ခိုင်းရာလုပ်ရလောင်းကြေးနှစ်ခုကြောင့် တိုက်ရိုက်ရင်မဆိုင်နိုင်တာကြောင့်ကို ကဲလ်ရန်ကို အသုံးပြုရန် တွေးလိုက်သည်။

"…အင်း"

စိတ်ပိုင်းဖြတ်ထားသော ဖလော်ရီသည် ခပ်ပြတ်ပြတ် တုံ့ပြန်ပြီး ကဲလ်ရန်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏အေးစက်သောအပြုအမူကြောင့် ကဲလ်ရန်သည် ကို့ရို့ကားယားရယ်မောပြီး သူမသူငယ်ချင်း၏အပြုအမူကို ရှင်းပြရန်ကြိုးစားလိုက်သည်။

"သူမက စိတ်လှုပ်ရှားနေလို့ပါ။ပါတီပွဲမစခင်ငါတို့ နည်းနည်းလောက် အနားယူလိုက်အုံးမယ်"

ဖလော်ရာယီ၏ ချဉ်တူးနေသောအမူအရာကို သူမက စိတ်လှုပ်ရှားနေလို့ပါဟုဖြေရှင်းလာသောကြောင့် လူနာက သဘောကျစွာ ရယ်မောလိုက်မိသည်။

"ကျေးဇူးပြုပြီး လုပ်ပါ။ အစေခံတွေက နင်တို့ကိုလမ်းပြလိမ့်မယ်"

အစေခံ ဦးဆောင်လမ်းပြနေသော မှန်ဥယျာဉ်သို့သွားရာ လမ်းတွင် ကဲလ်ရန်က သူမလက်ကိုဆုပ်ကိုင်ထားဆဲဖြစ်သည့် ‌ဖလော်ရီကို မေးလိုက်သည်-

"ဖလော်ရီ၊ တစ်ခုခုက နင့်ကိုဝမ်းနည်းစေနေလို့လား"

သူမ၏ အသံမှာ စုံစမ်းမေးမြန်းခြင်းထက်မက ကဲ့ရဲ့ရှုတ်ချမှုတစ်ခုလိုဖြစ်နေသည်။ အစေခံနှင့် ခပ်ဝေးဝေးနေ၍ ဖလော်ရီသည် အံကြိတ်ကာ ပြန်ပြောလိုက်သည်-

"ကဲလ်ရန် ၊ အဲ့မိန်းမက ဘယ်သူလဲဆိုတာ သိလား"

"အိုး အဲဒါကို စဉ်းစားကြည့်မှ ငါတို့ ကိုယ့်ကိုကိုယ် ကောင်းကောင်းမမိတ်ဆက်လိုက်ရဘူးပဲ"

ဖိတ်စာပေးပို့ခဲ့သော ရို့စ်မယ်ရီသည် သူမ၏သူငယ်ချင်း နှင်းဆီစံအိမ်ပိုင်ရှင်အသစ်ကို မိတ်ဆက်ပေးမည်ဟုသာ ပြောခဲ့ပြီး သဘာဝအတိုင်းပင် ကဲလ်ရန်သည် သူမ၏နာမည်ကို မသိခဲ့ပေ။

အကယ်၍ စောစောက ဖလော်ရာသာ ထိုသို့မပြုမူပါက သူတို့သည် အချင်းချင်းအမည်များ မိတ်ဆက်ကြမှာဖြစ်သည်။

"နင့်ကို ငါ အရင်ကအကြိမ်ကြိမ်ပြောဖူးတဲ့သူကို မှတ်မိလား။ ငါ့သူငယ်ချင်း ဆိုင်ယာကို ညှင်းဆဲနှိပ်စက်နေတဲ့ မိန်းမတစ်ယောက်ရှိတယ်ဆိုတာ။ သူမက သခင်လေး ရိုဒရီယန်ရဲ့ ငယ်သူငယ်ချင်းဆိုတာလေ"

"အိုး ဟုတ်သားပဲ နင်ပြောဖူးတယ်"

ဒါပေမယ့် မသက်ဆိုင်တဲ့ သူတယောက်ကို ဘာလို့ ဆွဲထည့်ပြောလာရတာလဲ။

ကဲလ်ရန်၏ ရှုပ်ထွေးနေသော မျက်နှာကို မြင်လိုက်ရပြီးနောက် ဖလော်ရီက ပေါက်ကွဲစွာပြောလိုက်သည်။

"သူမက အဲဒီ ကောက်ကျစ်စဉ်းလဲတဲ့မိန်းမ! လူနာပဲလ်ပဲ!"

"…ဘယ်လို"

ကဲလ်ရန်သည် သူမ၏ခြေထောက်များတွင် ရပ်တန့်လိုက်ပြီး ဖလော်ရီမျှော်လင့်ထားသည့် တုံ့ပြန်မှုကို ပြသလာခဲ့သည်။ ဖလော်ရီက ကမန်းကတန်း ဆက်ရှင်းပြလိုက်သည်။

"တစ်ခါကဆို သူမက ငါ့ကို အဝတ်ဆိုင်ကနေ စံအိမ်အထိကိုတောင် လမ်းလျှောက်သွားခိုင်းတာ။ သူက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ မိန်းမပဲ ဟုတ်တယ်လား"

"အိုး ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်သွားတာလဲ"

"သူမဘက်က လောင်းကြေးစခဲ့တာ။ငါ အဲ့မိန်းမလှည့်စားတာခံရပြီး သူမနဲ့လောင်းကြေးထပ်ခဲ့မိတာ။ အနိုင်ရတဲ့သူက လုပ်ချင်တာ လုပ်ခိုင်းလို့ရတယ်တဲ့။အဲ့ဒါကြောင့် ငါက ဆိုင်ယာကို ထပ်မနှိပ်စက်ဖို့အတွက်တောင်းပန်ချင်လို့ သဘောတူခဲ့မိလိုက်တာ။အာ...ငါ နောက်မှလောင်းကြေးအကြောင်းထပ်ပြောပြမယ်။အဲ့တာက နည်းနည်း ရှုပ်ထွေးတယ်"

ဖလော်ရီက ဖြစ်ပျက်ခဲ့သောအခြေအနေများကို အပျက်သဘောဆောင်သော ပုံစံဖြင့်ရှင်းပြခဲ့ပြီး အသေးစိတ်အချက်အလက်များကို တော့ ချန်လှပ်ထားခဲ့သည်။

"ဒါဆို နင်ကလောင်းကြေးရှုံးပြီး သူခိုင်းတဲ့အတိုင်း အိမ်ကို လျှောက်သွားရတာလား"

"ဟုတ်တယ်! သူမက ဘာလို့ဒီလိုမျိုးခိုင်းနိုင်ရတာလဲ ။ သူမ လုံးဝ ရူးနေတာပဲ မဟုတ်ဘူးလား။သူမက အဲ့လိုလုပ်ပြီးတော့ လူတွေရှေ့မှာ ဘယ်လိုမျက်နှာနဲ့နေနိုင်ရတာလဲ!"

မယုံနိုင်စရာပဲ။သူမက ဒီလိုအရာမျိုးကို ဘာလို့လုပ်နိုင်ရတာလဲ။

သူမက ဆိုင်ယာနှင့် ဖယ်ဆန်၏ဆက်ဆံရေးကိုဝင်ရောက်စွက်ဖက်ရုံသာမက သူမ၏သက်တမ်းရှည်သူငယ်ချင်း ဖလော်ရီကိုလည်း နှိပ်စက်ညှဉ်းပန်းခဲ့သည်ဟုကြားသိရတော့ ကဲလ်ရန်မျက်မှောင်ကြုတ်မိလိုက်သည်။

"အဲဒီမိန်းမကို နင်တို့အဖွဲ့ထဲဝင်ဖို့ ဘယ်တော့မှ ခွင့်မပြုသင့်ဘူး"

ဖလော်ရီ၏ အသနားခံချက်ကြောင့် ကဲလ်ရန်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ ဖလော်ရာမတောင်းဆိုလာရင်တောင်မှ သူမစိတ်ထဲ ရှိနေခဲ့ပြီးသားဖြစ်သည်။

"စိတ်မပူပါနဲ့။ ငါ မပြောခင်ကတည်းစ လူတိုင်း သူမကို ဆန့်ကျင်ကြလိမ့်မယ်"

ရို့စ်မယ်ရီက အဲလိုမျိုး မိန်းမတစ်ယောက်ကို သူငယ်ချင်းအဖြစ် ဘာလို့ မိတ်ဆက်ပေးတာလဲ။သူမ အရင်တုန်းကတော့ မာနကြီးတဲ့ကြောင်လို ပိုင်းခြားတတ်ခဲ့တာကို...

သံသယဖြစ်ဖွယ်ရှိသော်လည်း ထိုမိန်းမသည် ကောလဟာလများထဲက လူနာပဲလ်အစစ်အမှန်ဖြစ်ပါက အကြောင်းပြချက်အမျိုးမျိုးကြောင့် သူမအား အဖွဲ့ထဲမှ ထုတ်ပယ်ရန် လိုအပ်ပေသည်။

* * *

ကဲလ်ရန် နှင့် ဖလော်ရီတို့ မှန်ဥယျာဉ်ဆီသို့ သွားရောက်ပျောက်ကွယ်သွားပြီးနောက်၊ အကြောင်းတစ်ချို့ကြောင့် ရို့စ်မယ်ရီ ၏အမူအရာမှာ ပျက်သွားခဲ့ရသည်။

သူမက မှန်ဥယျာဉ်ဘက်သို့ ခဏလောက် စိုက်ကြည့်ပြီးနောက် အနည်းငယ် စိတ်ပျက်နေသော မျက်နှာဖြင့် လူနာဘက်သို့ လှည့်ကြည့်လိုက်သည်။

"နင် ဖလော်ရီ ဖလော်ရာကို သိတာလား။နင်တို့ ရင်းနှီးတာလား"

"…ဟင်"

ဒါက ဘယ်လို ရုတ်တရက်ဆန်တဲ့မေးခွန်းမျိုးလဲ...

လူနာသည် မမျှော်လင့်ထားသောမေးခွန်းကြောင့် တခစ်ခစ်ရယ်ကာ ခေါင်းခါလိုက်သည်။

"ဟင့်အင်း တကယ်တော့မဟုတ်ဘူး"

"တကယ်လား...နင်တို့ကြား တစ်ချို့အရာတွေတော့ ရှိခဲ့တဲ့ပုံပဲ"

"အင်း... ဟုတ်တယ်"

ဒါပေမယ့် ကောင်းသည့်ဘက်ကတော့ မဟုတ်ပေ။၎င်းက ရန်ဖြစ်ခြင်း၊ သတိပေးချက်များနှင့် ခြိမ်းခြောက်ခြင်းများ သို့မဟုတ် ပြိုင်ဘက်ကို အပြီးသတ်ရန် ရည်ရွယ်ချက်ဖြင့် လောင်းကြေးစားကြေးထပ်ခြင်းတို့ဖြစ်လေသည်။

လူနာ၏တုံ့ပြန်ချက်ကြောင့် ရို့စ်မယ်ရီသည် မှိုင်းညို့နေသောမျက်နှာဖြင့် ပြတင်းပေါက်ကို စိုက်ကြည့်ပြီး သတိကြီးစွာထပ်မေးလာပြန်သည်။

"နင် သူမကိုသိတာကြာပြီဆိုတော့ သူနဲ့ပိုရင်းနှီးကြတာပေါ့နော်"

"လူတစ်ယောက်ကို အချိန်အကြာကြီး သိရုံနဲ့ ရင်းနှီးတယ်ဆိုရင် ဖယ်ဆန်က ငါ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်နေမှာပေါ့"

"အာ...."

ထိုရိုးရှင်းရှင်းလင်းသောအဖြေက ရို့စ်မယ်ရီ၏အတွေးများကို လေးနက်သောသိမြင်မှုပေးခဲ့ပုံရသည်။

"ပြီးတော့၊နင်... လေဒီရို့စ်မယ်ရီက ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေ။ ဒီတော့ နင်က ငါ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းပဲပေါ့"

အန်းသန့်စ်သည် သူငယ်ချင်းမဟုတ်ပေ။ အမ်မာ နှင့် လော်ရာတို့က မိသားစုများဖြစ်ကြသည်။ ထို့ကြောင့် ရို့စ်မယ်ရီသည် လူနာနှင့် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည်။

နှိုင်းယှဉ်စရာတောင် မရှိနေပေ။ လူနာသည် သူမကလွဲပြီး မည်သူကိုမှမသိပေ။

"တကယ်လား!"

သူမကသာ လူနာ၏တစ်ဦးတည်းနှင့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ရို့စ်မယ်ရီ၏ မျက်လုံးများ တောက်ပလာပြီး အစောပိုင်းရှိ မှိုင်းညို့နေသောမျက်နှာကို ချက်ချင်းဖယ်ရှားပစ်လိုက်သည်။

"ငါရောပဲ ငါက လူနာနဲ့ အရင်းနှီးဆုံးလို့ ခံစားရတယ်။ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိတာမကြာသေးဘူးဆိုပေမယ့်လည်း အဲဒီလိုခံစားရတယ်။ ငါတို့ ပိုရင်းနှီးလာဖို့မျှော်လင့်နေပြီ။ သင်္ချိုင်းတွင်းထဲကိုတောင် လက်ချင်းချိတ်ပြီးဝင်ကြတဲ့အထိ ငါတို့အရင်းရင်းနှီးကြမယ် !"

"သင်္ချိုင်းလား..."

ရုတ်တရက်ပင် စကားလမ်းကြောင့် သူတို့ကြားရှိ ရင်းနှီးမှုကို ဝန်ခံသောဘက်ရောက်သွားတော့သည်။ လူနာက ၎င်းကို ကျေးဇူးတင်သော်လည်း ဖော်ပြချက်မှာ အနည်းငယ် ပိုလွန်းနေက သူမကို ကို့ရို့ကားယား ရယ်မောစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရို့စ်မယ်ရီ ဘာမှထပ်မပြောနိုင်ခင်မှာပဲ ရထားများရောက်လာကြသည်။ တစ်ခုထဲမဟုတ်‌ဘဲ သုံးခုတောင်ဖြစ်သည်။

အမျိုးသမီးများသည် ရထားလုံးပေါ်မှဆင်းလာကြကာ တခစ်ခစ်ရယ်မောကြရင်း ရို့စ်မယ်ရီနှင့် နွေးထွေးစွာ နှုတ်ဆက်ကြတော့သည်။

သဘာဝအတိုင်း သူတို့နှင့် ပထမဆုံးအကြိမ် တွေ့ဖူးသော လူနာကို ရို့စ်မယ်ရီက မိတ်ဆက်ပေးလိုက်သည်။

"သူမက ဒီနေ့ ပါတီရဲ့ကြယ်ပွင့် လူနာလေ ဘယ်ရွန်ပဲလ်မိသားစုက ပြီးတော့အခုနှင်းဆီစံအိမ်ရဲ့ ပိုင်ရှင်လေ"

"…"

ရို့စ်မယ်ရီမိတ်ဆက်ပြီးပြီးချင်းပင် ကောင်မလေး သုံးယောက်စလုံး အေးခဲသွားကြပြီး အဓိပ္ပါယ်မရှိတာကို ကြားလိုက်ရတာလားဟု မေးခွန်းထုတ်နေသော မျက်နှာများ ဖြစ်လာကြသည်။

ဒါကိုမျှော်လင့်ထားပြီးဖြစ်သော လူနာက ဖျော့ဖျော့လေးပြုံးပြီး သူမ၏ဝတ်စုံကို ပြင်ဆင်ကာ တတ်နိုင်သမျှ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ငါ့နာမည် လူနာပဲလ်ပါ။အစကတော့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် အခြားသူတွေနဲ့တွေ့ဆုံဖို့ တုံ့ဆိုင်းနေခဲ့ပေမယ့် အတင်းအဖျင်းတွေဆီကနေ နားလည်မှုလွဲနေတာလေးတွေရှိနေကြမှန်းသိလိုက်ရတယ်။ အဲ့ဒါကြောင့်ပဲ ဒီပွဲကို ကျင်းပဖို့ သတ္တိတွေ စုဆောင်းခဲ့တာ"

နားလည်မှုလွဲမှားတာမှန်သမျှကို ရှင်းပစ်ရန်မျှော်လင့်ရင်း ပထမဆုံးအနေနှင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုမိန်းမများသည် အနည်းငယ်ရှက်ရွံ့နေသေးပုံရသော်လည်း သူမ၏ရည်ရွယ်ချက်များကို နားလည်ပုံရသည်။

သို့သော် ဒါက သူတို့၏သံသယများကို ရှင်းပစ်နိုင်ပြီဟု မဆိုလိုပေ။ သူတို့ထဲမှ တစ်ယောက်က သူမသိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ လူနာအား တိုက်ရိုက်မေးလိုက်သည်။

"ဒါဆို ကောလဟာလတွေ အမှားတွေလို့ နင်ပြောချင်တာလား"

"ဟုတ်တာပေါ၊ လုံးဝအသေချာပဲ။ ငါ့ကံကြမ္မာ တစ်ခုလုံးကိုတောင် လောင်းကြေးထပ်ပြီးပြောနိုင်တယ်"

သူမသာ ဘဝနှင့်လောင်းကြေးထပ်လိုက်ပါက ဇာတ်လမ်းအမျိုးအစားတစ်ခုလုံး ပြောင်းလဲသွားနိုင်တာကြောင့် ကံကြမ္မာကိုသာ လောင်းကြေးထပ်လိုက်နိုင်သည်။ အခြားအမျိုးသမီးက လူနာကို ထပ်မေးလာခဲ့သည်။

"ဒါဆို ဘာလို့ သခင်လေး ရိုဒရီယန်ကို တစ်ချိန်လုံး ခေါ်နေတာလဲ"

"ငါ အဲ့လိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး။နောက်ပြီး သူ့ကို တစ်ချိန်လုံး ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကံမကောင်းစွာနဲ့ပဲ ငါတို့ အရင်က ဆင်းရဲနွမ်းပါးတဲ့မိသားစုမလို့ ရထားလေးတစ်စင်းပဲရှိတာ။ အဲဒီရထားကိုလည်း ငါ့အဖေက အလုပ်အသွားအပြန်အတွက် အသုံးပြုခဲ့တာ"

"ဒါဆို လမ်းလျှောက်သွားလို့မရဘူးလား"

"ရထားနဲ့တောင် နာရီအနည်းငယ်လောက်ကြာတဲ့ အကွာအဝေးကို ဘယ်လိုလမ်းလျှောက်နိုင်မှာလဲ။ ပြေးသွားရင်တောင်မှ နာရီပေါင်းများစွာ ကြာလိမ့်မယ်"

"အိုး…! နားလည်ပြီ"

အမျိုးသမီးများသည် ကောလဟာလများ၏ ယုတ္တိမတန်သော သဘောသဘာဝကို နားလည်သွားကြပြီး အံ့ဩဟန်ဖြင့် ပါးစပ်များကို ယပ်တောင်များနှင့်ကာလိုက်ကြသည်။

ဒါက ဝမ်းနည်းစရာကောင်းသော်လည်း ဆင်းရဲနွမ်းပါးသော အတိတ်က သူမ၏ အပြစ်ကင်းစင်မှုကို သက်သေပြခဲ့သည်။

သူတို့ကြည့်ရသည်မှာ လူနာနှင့်ပတ်သက်ပြီးနောက်ထပ်မေးခွန်းတွေ အများကြီးရှိနေသေးပုံရသည်။ သူတို့တွင် သူမနှင့် ပတ်သက်ပြီး မရေမတွက်နိုင်သော သံသယအများအပြားရှိနေတာအမှန်ပင်ဖြစ်သည်။

"ငါတို့ နားလည်မှုလွဲတာတွေကို နောက်မှပြောလို့ရတယ်။ သူမက မှားယွင်းစွပ်စွဲခံခဲ့ရတယ်ဆိုတာ ငါအာမခံနိုင်တယ်။ ငါ ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ။ ဒီတော့ လူနာကို သူမရဲ့အစစ်အမှန်အတိုင်း နင်တို့တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ သူမက အရမ်းအံ့သြစရာကောင်းတဲ့သူပဲ"

အခြေအနေအရက သူတို့သည် ဆက်မေးချင်နေပုံရသော်လည်း ရို့စ်မယ်ရီက ကြားဝင်စွက်ဖက်လာခဲ့သည်။

လူတိုင်းကို တစ်နေရာတည်း စုစည်းပြီးသည်နှင့် အားလုံးရှင်းပြမှာဖြစ်သည်။

"ဒါက နင့်အတွက် ခက်ခဲခဲ့မှာပဲ။ကြင်နာစွာ ဖြေကြားပေးခဲ့လို့ ကျေးဇူးပါ"

"ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာတင် ငါ့ရဲ့အရမ်းသိချင်စိတ်ကြောင့် ရိုင်းရိုင်းစိုင်းစိုင်းပြောမိတဲ့အတွက် တောင်းပန်ပါတယ်"

ချက်ချင်းလက်ခံပြီး တောင်းပန်လာသည်ကြောင့် ရို့စ်မယ်ရီ၏သူငယ်ချင်းများမှာလည်း ရို့စ်မယ်ရီနှင့်‌တူပေသည်။ လူနာက ပြုံးပြီး တောင်းပန်တာကို လက်ခံလိုက်သည်။

"ရိုင်းမိသွားခဲ့တာအတွက်တော့ ရပါတယ်။ နင်ပြော‌လာခဲ့တာကိုတောင် ငါကကျေးဇူးတင်ရမှာပါ"

"နင့်ရဲ့အိမ်က အရမ်းလှတာပဲ။ လှည့်ပတ်ကြည့်ရှုဖို့ တောင်းဆိုလို့ရမလားဟင်"

"တကယ်တော့ ငါလည်း နင့်ကို ဒီလိုပဲ မေးတော့မလို့"

ရို့စ်မယ်ရီ၏ကျေးဇူးကြောင့် သူတို့သည် အိမ်ကြီးကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပြီးဖြစ်သည်။သူတို့၏ ယခုတောင်းဆိုချက်မှာ ဖော်ရွေမှုကိုပြခြင်းသာဖြစ်သည်။

"ရတာပေါ့" လူနာက ကျေကျေနပ်နပ် သဘောတူလိုက်သည်။

"ဒါဆို ဒီခန်းမကနေစကြတာပေါ့။ ဒါက သာမန်စံအိမ်တွေထက် ပိုမိုမြင့်မားစွာ တည်ဆောက်ထားတာမို့လို့ အရွယ်အစားနှင့် နှိုင်းယှဉ်မယ်ဆိုရင် ကျယ်ဝန်းတယ်လို့ ခံစားရမှာ။ အလင်းရောင်အတွက်လ်း မျက်စိထိခိုက်မှုကို အတတ်နိုင်ဆုံးအထိ လျှော့ချနိုင်အောင် ဒီဇိုင်းထုတ်ထားခဲ့တာ"

"…?"

ဒါက သူတို့မျှော်လင့်ထားသော လှည့်ပတ်ကြည့်ရှုခြင်းမျိုးတော့ မဟုတ်ပေ။

သူတို့က စံအိမ်ကြီးကို ပေါ့ပေါ့ပါးပါး သဘောကျဟန်ဖြင့် လှည့်ပတ်ချင်ကြသော်လည်း လူနာက ဗိသုကာနည်းပညာများနှင့် အလင်းအမှောင်ပစ္စည်းများကို ရုတ်တရက် ရှင်းပြလာခဲ့သဖြင့် မျက်လုံးပြူးသွားခဲ့ရသည်။

သို့တိုင် သူတို့က မကျေမနပ် မဖြစ်ခဲ့ကြပေ။ လူနာက စံအိမ်ကြီးအကြောင်း စိတ်အားထက်သန်စွာ ရှင်းပြနေတာကို ကြည့်ရသည်မှာ တစ်နည်းတစ်ဖုံ ကြည်နူးဖွယ်ကောင်းလှပေသည်။

သူတို့သည် နည်းပညာဆိုင်ရာအသေးစိတ်အချက်အလက်များကို စိတ်မဝင်စားသော်လည်း လူနာက သူတို့အား မှန်ဥယျာဉ်သို့ပို့လာသည်အထိ စေ့စေ့စပ်စပ်နားထောင်ခဲ့သည်။

* * *

"ဒါက မှန်ဥယျာဉ်လေ။ မျက်နှာကျက်အထိ မှန်တွေနဲ့ ချည်းပဲလုပ်ထားတာကြောင့် ရာသီဥတု ဘယ်လိုပဲ ဖြစ်ဖြစ် ရှုခင်းတွေကို ခံစားလို့ရတယ်"

"အိုး မိုင်..။ အရမ်းလှတာပဲ"

အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်ဖူးသည့်တိုင် မှန်ဥယျာဉ်ကြီးသည် ဘယ်အချိန်ကြည့်ကြည့် ရင်သပ်ရှုမောဖွယ်ကောင်းနေသေးသည်။

လူနာက သူတို့၏ တုံ့ပြန်မှုကို ကျေနပ်သွားပြီး နောက်ထပ် အသေးစိတ် ရှင်းပြချက်တစ်ခုကို စခဲ့လိုက်သည်။

"ဥယျာဉ်ရဲ့ မျက်နှာကျက်အမြင့်က တခြားအိမ်တွင်းဥယျာဉ်တွေထက် ငါးမီတာမြင့်တယ်။ Croix က လက်မှုပညာ ရှင်တွေ တီထွင်ဖန်တီးထားတဲ့ ဖန် လုပ်နည်း နည်းပညာကို အသုံးပြုပြီး တည်ဆောက်ထားခဲ့တာပဲ"

အကြောင်းအရာများမှာ နည်းပညာပိုင်းအရ လူနာ အလွတ်ကျက်မှတ်ထားသော အချက်အလက်များကို ရွတ်ဆိုနေပုံရသော်လည်း အမျိုးသမီးများသည် ဘာမှမညီးညူဘဲ နားထောင်ခဲ့ကြသည်။ ထိုနှစ်ယောက်ကလွဲရင်ပေါ့...

"ဘာတွေဖြစ်နေတာလဲ။ သူမ ဘယ်သူလဲဆိုတာ သူတို့ မသိသေးဘူးလား"

ကဲလ်ရန်က အံသြစွာ မေးလာခဲ့သည်။ ဖလော်ရာက ပြတ်ပြတ်သားသား အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"မဖြစ်နိုင်ဘူး။ သူတို့နာမည်တွေကို မိတ်ဆက်ပြီးသားဖြစ်ရမယ်။အဲ့ဒါက..."

"အဲဒါက..."

"အဲ့မိန်းမက လိမ်နေတယ်ဆိုတာ သေချာတယ်။ သခင်လေး ရိုဒရီယန်နဲ့ လေဒီ ဆိုင်ယာကြားကို အရင်ကလည်း ဒီပုံစံနဲ့ဝင်ရောက်စွက်ဖက်ခဲ့တာဖြစ်မယ်"

သူမသည် နားလည်မှုလွဲမှားအောင် နှိုးဆော်ပေးပြီးဒုက္ခပေးကာ ပွဲကြီးပွဲကောင်းဖန်တီးနေမှန်း ထင်ရှားသည်။

ကဲလ်ရန်သည် အပြည့်အဝသိမ်းသွင်းခံလိုက်ရပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။

"ငါတို့ ဘာလုပ်သင့်လဲ။ အမှန်တကယ်တော့ ငါ့မှာ သူ့ကိုပေးရမယ့်လောင်းကြေးနှစ်ခု ရှိနေလို့ ငါကိုယ့်တိုင်ဝင်ပါလို့မရဘူး။ အဲ့မိန်းမက အရမ်းကြောက်ဖို့ကောင်းတယ်"

ဖလော်ရီသည် အကြောက်တရားများအပြည့်ဖြင့် ကဲလ်ရန်၏လက်ကို ဆုပ်ကိုင်ထားကာ သနားစရာကောင်းနေသည်။

ဖလော်ရီ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ကဲလ်ရန်က မတ်တပ်ထရပ်ကာ မည်သည့်အရာကမှ ဒီအဖိုးတန်စုဝေးမှုကို မဖျက်စီးစေနိုင်ရန် ဆုံးဖြတ်လိုက်သည်။

"ခဏလေး အားလုံးပဲ သူမလှည့်စားတာမခံကြနဲ့!"

TK Team