Chapter 1
Viewers 18

👨‍❤️‍👨Chapter 1 – တ

တိယဇာတ်လိုက်....မင်းကို အခွင့်အရေးပေးလိုက်မယ်....



သွမ့်လုပ်ငန်းစု၏ အထွေထွေဌာနချုပ် ရုံးအဆောက်အဦး


လူ့စွမ်းအားရင်းမြစ်ဌာနမှ လီလိလိက လက်ထဲတွင် စာရွက်စာတမ်းများ အထပ်လိုက် ကိုင်ထားပြီး ရုံးခန်းထဲ ပြေးဝင်လာသည်။ သူမက သူမ၏ထိုင်ခုံနား ရောက်သွားသည်နှင့် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်နေသည့် မျက်နှာဖြင့် ဖုန်းကောက်ကိုင်လိုက်သည်။ ထို့နောက် သူမက သွမ့်မင်းဆက် ပြည်သူပြည်သားနှင့် တပ်အရာရှိများ ဆိုသည့် စကားပြောဂရုကို ဖွင့်လိုက်လေသည်။ 


[ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေက သူတို့ဘော့စ်တွေကို အတင်းတုပ်ဖို့ ဂရုထောင်ထားပြီး သွမ့်မိသားစုဝင်တွေကို တော်ဝင်မျိုးနွယ်တွေနဲ့ ခိုင်းနှိုင်း စနောက်ထားတဲ့ နာမည်ပါ....အဲ့ဒါကြောင့် သွမ့်မိသားစုခေါင်းဆောင်ကို ဧကရာဇ်...သားတွေကတော့ မင်းသားတွေလို့ သုံးနှုံးထားပါတယ်...]


လူ့စွမ်းအားရင်းမြစ်ဌာန- ရှောင်လီ : သတင်းထူး....ဧကရာဇ်ကြီးက ဒုတိယမင်းသားလေးကို မာကတ်တင်းဌာနရဲ့ လက်ထောက်ဒါရိုက်တာရာထူးကနေ ဖယ်ပြီး နယ်စပ်ဒေသကို ပို့တော့မှာတဲ့ဟေ့.....


[အရင်ခေတ်တုန်းက အပြစ်သားတွေကို ပြစ်ဒဏ်ချတဲ့အနေနဲ့ နယ်စပ်ဒေသဆီ ပို့လေ့ရှိတယ်.....ဒါကြောင့်မို့ သူမသုံးလိုက်တဲ့ " နယ်စပ်ဒေသ" က သွမ့်လုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲတစ်ခုကို ပြောတာဖြစ်လိမ့်မယ်]


ဤသတင်းထူးက လုပ်ငန်းစုတစ်ခုလုံး၏ အဆင့်ဆင့်ကိုဖြတ်ပြီး လှိုင်းထန်သွားခဲ့လေသည်။ ဝန်ထမ်းပေါင်းရာချီက စိတ်ရှုပ်ထွေးသွားကြသည်။


ထောက်ပံ့ပို့ဆောင်ရေး- ရှောင်ကျောက်: တကယ်ကြီးလား.....နယ်စပ်ဒေသက အေးစက်ပြီး ခါးသီးမှုပြည့်နေတဲ့ နေရာနော်.....တော်ဝင်မင်းသားလေးရဲ့ နူးနူးညံ့ညံ့ ခန္ဓာကိုယ်လေးက အဲ့ဒီဒဏ် ခံနိုင်ပါ့မလား သိချင်မိသေးရဲ့....ဟီးဟီးဟီး....


စီမံဘဏ္ဍာရေး- ရှောင်ချန်:  ဒီသတင်းက ရုတ်တရက်ဆန်လိုက်တာ....ရှောင်လီဇီ....ငါတို့နား မြင်းလို လာခုန်ပေါက်မနေနဲ့ဦး.....


[ရှောင်လီဇီက လီလိလိရဲ့ nicknameလေးပါ.....သူတို့က အင်ပါယာမိသားစုလိုမျိုး ကစားနေကြတဲ့အတွက် အသုံးအနှုန်းတစ်ခုကို ခေါ်လိုက်တာဖြစ်ပါတယ်....အရင်ခေတ်တုန်းက မိန်းမစိုးတွေကို "ရှောင်.....ဇီ" လို့ ခေါ်ကြတယ်....ရှောင်က သေးသေးလေးကို ပြောတာ...ဇီက သားလေး ကလေးလေးလို့ အဓိပ္ပါယ်ရတယ်....ဒါပေမယ့် သေးသေးငယ်ငယ်လေးကိုလည်း ခေါ်တတ်ကြပါတယ်....]


လူ့စွမ်းအားရင်းမြစ်ဌာန - ရှောင်လီ:  အဲ့ဒါအမှန်ပါနော်.....ကျွန်မ အခုလေးတင် ဥက္ကဌသွမ့်ရဲ့ ရုံးခန်းနားကနေ ဖြတ်ခဲ့လို့ သခင်လေးသွမ့်ကို နယ်စပ်ပို့ပြီး အချိုးပြေအောင် လုပ်ပစ်မယ်ဆိုပြီး ကြိမ်းနေတာ ကြားခဲ့တယ်.... 


ထုတ်လုပ်ရေးဌာန- ရှောင်စွင်း : ရေး....ဒုတိယမင်းသားလေးက အစွန်အဖျားဆီ ပို့ခံရတော့မှာဆိုတော့ ပထမမင်းသမီးလေးအတွက် ပုလ္လင်ဆက်ခံဖို့ မျှော်လင့်လို့ရပြီ မဟုတ်လား...


ထောက်ပံ့ပို့ဆောင်ရေး - ရှောင်ကျောက်: ဖွဟဲ့ ဖွဟဲ့...ဧကရာဇ်ကြီးက ငုတ်တုပ်ကြီး ရှိနေသေးတာလေ....အဲ့ဒီအကြောင်းပြောဖို့က အရမ်းစောလွန်းနေသေးတယ်...


စျေးကွက်ဖြန့်ဖြူးရေး - ရှောင်ကျိုး : ပြောမယ်ဆို ပထမမင်းသမီးလေးရဲ့ လုပ်ရည်ကိုင်ရည်က လုံးဝ သာမန်ထက်ပိုတယ်....ဒုတိယမင်းသားလေးကတော့ စိတ်အပြောင်းအလဲမြန်ပြီး စည်းမျဥ်းတွေကို ဂရုမစိုက်ဘူး....အဲ့ဒီတော့ ဧကရာဇ်ကြီးက သွမ့်လုပ်ငန်းစုအကျိုးအတွက် လုပ်ခဲ့တာပဲ.... 


လူ့စွမ်းအားရင်းမြစ်ဌာန - ရှောင်ဝူ : ငါတော့ ဒုတိယမင်းသားလေးက အဲ့လောက်ကြီး သည်းမခံနိုင်စရာ လူစားမျိုး မဟုတ်ဘူးလို့ ထင်တယ်....သူက ရုပ်ချောပြီး ပညာရေးနောက်ခံလည်း ကောင်းတယ်....သူက အခြေခံမရှိတဲ့သူမျိုး မဟုတ်ဘူး....ကုမ္ပဏီကိစ္စတွေကို စိတ်မဝင်စားရုံလောက်ပဲ....စိတ်အပြောင်းအလဲမြန်ပြီး စည်းမျဥ်းတွေကို ဂရုမစိုက်ဘူးဆိုတာက အနည်းဆုံးတော့ အိမ်နီးချင်းတိုင်းပြည်က မင်းသားလေးထက် ပိုကောင်းပါသေးတယ်.... 


လူ့စွမ်းအားရင်းမြစ်ဌာန - ရှောင်လီ : ရှောင်ဝူ ပြောတာ မမှားဘူး....မင်းသမီးလေးက စီမံကိန်းရေးဆွဲတာကို သင်ခဲ့ပြီးတော့ မင်းသားလေးက ဆေးပညာကို သင်ခဲ့တယ်....သွမ့်လုပ်ငန်းစုက ဆေးသုတေသနပိုင်းကို စလုပ်နေပြီ....ဒါပေမယ့် အခုခေတ်က တော်တော်လေး နယ်ပယ် ကျယ်ပြန့်နေပြီမို့လို့ ဒုတိယမင်းသားလေးက ဆေးပညာသင်ရင်း ပိန်ကျသွားတော့မှာပဲ..... 


စကားပြောဂရုထဲတွင် အမျိုးမျိုး ထင်မြင်ချက် ပေးနေကြသည်။ သတင်းက မကြာခင် 99+ထိ ရောက်တော့မည် ဖြစ်သည်။ အထွေထွေဌာနချုပ်ရုံးက ဝန်ထမ်းများအားလုံးနီးပါး အကြောင်းအရာတစ်ခုကိုတော့ သိသွားကြသည်။ ယင်းက သခင်ငယ်လေးသွမ့်က သွမ့်လုပ်ငန်းစု ဌာနချုပ်ရုံးမှ ထွက်သွားပြီး ပုလ္လင်မဆက်ခံနိုင်တော့ဟူသည့် အကြောင်းပင်။ 


လှိုင်းထန်အောင် လုပ်သွားသည့် ကာယကံရှင်ကဖြင့် ယခုအချိန်တွင် မျှော်လင့်မထားသည့် ကိစ္စကို ကြုံလိုက်ရသလို ဗလာသက်သက် မျက်နှာနှင့် ဖြစ်နေသည်။ သူက ရှေ့က မျက်နှာနီမတတ် ဖြစ်နေသည့် သက်လတ်ပိုင်းလူကြီးကို ကြည့်နေမိသည်။ သူ့အကြည့်က အတန်ငယ် မရင်းနှီးသည့်ပုံ ပြနေသည်။ 


သွမ့်ရှူးထုံက အိပ်မက်မက်နေသည်ဟု ထင်နေသော်လည်း မြင်သမျှအရာတိုင်းက စစ်မှန်လွန်းနေ၏။ တစ်ချိန်တည်းဆိုသလို လက်ရှိအခြေအနေနှင့် မည်သို့ လိုက်လျောညီထွေ နေရမလဲ မသိအောင် အလွန်ထူးဆန်းနေမိသည်။ 


သွမ့်ရှန်ယဲ့က အသက်ပြင်းပြင်းရှူနေရသည်။ ထုံးစံအတိုင်း ပြန်မပြောနားမထောင်သည့် သားတစ်ယောက်ကြောင့် ကြိမ်းရင်းမောင်းရင်း မျက်နှာက နီလာပြီဖြစ်သည်။


သူက စားပွဲပေါ်က ဘောပင်တစ်ချောင်း ကောက်ကိုင်လိုက်ရင်း သူ့သားဆီ ပစ်ပေါက်ရန် ပြင်လိုက်စဥ် စကားနားမထောင်သည့်သားက ရုတ်တရက် မေ့လဲကျသွားခဲ့သည်။ သူက တစ်စက္ကန့်မျှ ထိတ်လန့်သွားပြီး ဘာမှစဥ်းစားမနေတော့ပဲ အပြေးသွားလိုက်မိသည်။ သူက လုံခြုံရေးကို အော်ခေါ်ရန်ပြင်လိုက်ချိန် သူ့သားက မျက်လုံးပြန်ဖွင့်လာသည်။


အပြင်ကမ္ဘာတွင် တစ်စက္ကန့်သာ ကြာသွားသည် ထင်ရသော်လည်း သွမ့်ရှူးထုံ၏ ခေါင်းထဲတွင်ဖြင့် ယခုခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဥာဏ်ပေါင်းများစွာကို မြင်လိုက်ရလေသည်။ ယင်းက မြင်းကုန်းနှီးပေါ်မှ ပန်းကြည့်နေရသလိုပင်။


[ သူက မှတ်ဥာဏ်တွေအကုန်လုံးကို တွေ့လိုက်ရတော့ အပေါ်ယံလောက် နားလည်သွားပေမယ့် အသေးစိတ် မကြည့်နိုင်သလို ဖြစ်သွားတာမျိုးပါ]


မူလပိုင်ရှင်၏ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုစာထိ ကြုံတွေ့ခဲ့သမျှကို အကျဥ်းချုပ်ကြည့်လိုက်မှ သူက စာအုပ်လောကထဲ ကူးပြောင်းသွားမှန်း ခန့်မှန်းမိလေသည်။ 


သွမ့်ရှန်ယဲ့က သူ့သား မျက်လုံးဖွင့်လာသည်ကို တွေ့လိုက်၍ တိတ်တဆိတ် စိတ်အေးသွားသော်လည်း မျက်လုံးလိမ့်လိုက်မိသည်။ " ဒီအကောင်ကတော့ လောင်ဇီကို ခြောက်လန့်ချင်လို့ မေ့လဲချင်ယောင်ဆောင်ပြန်တာပေါ့လေ...." 


[လောင်ဇီက " မင်းအဖေ ငါ...." လို့ပြောမှာကို ဒေါသထွက်တဲ့အချိန်မှာ ပြောင်းသုံးလိုက်တာမျိုးပါ....]


သို့သော်လည်း သူ့အသံက ဒေါသသံပါနေဆဲပင် " မင်း သဘောတူတူမတူတူ မနက်ဖြန် ယန်မြို့တော်ကို ထွက်ရမယ်....အဲ့ဒီကလူတွေကို သတင်းပေးထားပြီးပြီ....မင်းက အောက်ခြေအဆင့်ကနေပြီး အလုပ်စလုပ်ရမယ်....ဌာနကိုတော့ ကိုယ်တိုင် ရွေးလို့ရတယ်...."


သွမ့်ရှူးထုံက အခြေအနေကို သဘောပေါက်သွားပြီဖြစ်၍ ကြမ်းပြင်မှ ဖြေးဖြေးချင်း ထရပ်လာသည်။


မူရင်းစာအုပ်ထဲတွင်လည်း ယခုဖြစ်နေသော အခြေအနေမျိုးက ဖြစ်ခဲ့သော်လည်း မူလဇာတ်ကောင်က သူ့အဖေစီစဥ်သည့်အတိုင်း လိုက်မလုပ်ခဲ့မှန်း အမှတ်ရသွားသည်။


သွမ့်ရှူးထုံက သူသေပြီး ဤလောကသို့ ကူးပြောင်းလာရသည့် အကြောင်းရင်းကို မသိသေးသော်လည်း မူလဇာတ်ကောင်လိုမျိုး မိန်းမတစ်ယောက်အတွက် အခြားယောက်ျားနှစ်ယောက်နှင့် ရန်မဖြစ်ချင်ပေ။


သူက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည် " အိုကေလေ....သွားတာပေါ့....ဒါပေမယ့်...."


အဖေသွမ့်က သူ့ကို စိုက်ကြည့်လာသည် " ဒါပေမယ့်.....ဘာဒါပေမယ့်လဲ...."


“ ကျွန်တော့် ယဥ်မောင်းလိုင်စင်က လောလောဆယ် ဆိုင်းငံ့ခံထားရတယ်....ဒါကြောင့် အဲ့ဒီကို ကိုယ်တိုင်ကားမောင်းသွားလို့ မရဘူး...." သွမ့်ရှူးထုံက မျက်နှာအရေထူထူနှင့် အပေးအယူလုပ်လိုက်သည် " ဒရိုင်ဘာစီစဥ်ပေးမယ်ဆိုရင်တော့...."  


မူလဇာတ်ကောင်က အရက်မူးပြီး ကားမောင်းသည့်အတွက် ဒဏ်ကြေးတပ်ခံလိုက်ရပြီး ချက်ချင်းပင် အင်တာနက်ပေါ် သတင်းမွှေးသွားခဲ့သည်။ အင်တာနက်သုံးစွဲသူတော်တော်များများက အနှီဖုအာသိုက်က ယဥ်စည်းကမ်းလမ်းစည်းကမ်း မရှိပဲ သူထင်ရာလုပ်တတ်ကြောင်း အပြစ်တင်ဝေဖန်ခဲ့ကြသည်။


[ ၁၉၈၀ခုနစ်များက သန့်ရှောင်ပင်းရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအောက်မှာ ကြွယ်ဝချမ်းသာလာကြတဲ့ စွန့်ဦးတီထွင်သူတွေရဲ့ ကလေးတွေကို ဖုအာသိုက်လို့ ခေါ်ပါတယ်....]


ထိုကိစ္စကြောင့်လည်း အဖေသွမ့်က ဤသို့ ဒေါသထွက်နေရခြင်းဖြစ်သည်။ အရမ်း ရှက်စရာကောင်းတာပဲ....


“ကုမ္ပဏီဆိုတာမျိုးက အားယားနေတဲ့သူ မရှိဘူးကွ...."


 á€Ąá€–္သွမ်အက သူ၏ စိတ်ကြီးဝင်နေသည့်ပုံစံကို သဘောမကျသော်လည်း ထိုနေရာတွင် သွားလေ့ကျင့်ရန်ဟုလည်း မပြောရက်ပေ။ သူက လက်ခါပြလိုက်ရင်းသာ သတိပေးလိုက်သည် " တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှီမိသားစုက ရှောင်ရှူးလည်း စစ်ဆေးစရာရှိလို့ အဲဒီကို သွားမှာ.....ငါ သူ့ကို ပြောထားလိုက်မယ်....မင်း သူနဲ့လိုက်သွားပြီးတော့ သူ့ဆီကနေ ကောင်းကောင်းသင်ယူ...."    


[ရှောင်ရှူးက ယောက်ျားရဲ့ညီ မတ်ကို ပြောတာပါ...]


ရှီမိသားစုနှင့် သွမ့်မိသားစုက နှစ်တော်တော်ကြာသည်ထိ ရင်းနှီးခဲ့ကြသော မိတ်ဆွေများ ဖြစ်သည်။လက်ရှိ ရှီမိသားစုခေါင်းဆောင်က အဖေသွမ့်နှင့် မျိုးဆက်အတူတူပင်။သွမ့်ရှူးထုံက ရှီမိသားစုခေါင်းဆောင်ကို ဦးလေးဟု ခေါ်ရသည်။


သွမ့်ရှူးထုံက တစ်ခဏမျှ စဥ်းစားကြည့်လိုက်ရင်း တစ်သက်လုံး အိမ်ထောင်မပြုပဲ နေသွားသည့် တတိယဇာတ်လိုက်ကလည်း ရှီမျိုးရိုးဖြစ်ကြောင်း အမှတ်ရသွားလေသည်။ ထို့အပြင် အဖေသွမ့်က ချီးကျူးရသည်ထိ လုပ်နိုင်စွမ်းရှိသောသူကလည်း တတိယဇာတ်လိုက်မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။


သွမ့်ရှူးထုံက သူ စိတ်မရှိကြောင်း ပြောလိုက်သည်။ သူကားပေါ် တက်စီးလိုက်ရုံနှင့်ပင် အဆင်ပြေပြေဖြစ်သွားလိမ့်မည်ပင်။


“ သွားတော့....ဂဂျီဂဂျောင်ကောင်ရဲ့...." အဖေသွမ့်က သူ၏ အရူးလိုသားကို ထပ်မကြည့်ချင်တော့ပေ။


သွမ့်ရှူးထုံက ရုံးချုပ်အဆောက်အဦးထဲမှ ထွက်လာခဲ့သည်။ ဂျွန်လတွင် လေပူများက ခေါင်းနောက်အောင် တိုက်ခတ်နေသည်။ သူက အဆောက်အဦးအပြင်ဘက်တွင် တစ်မိနစ်မျှ ရပ်နေမိသည်။ သူက မူလဇာတ်ကောင်၏ မှတ်ဥာဏ်များအားလုံးကို သေချာကြည့်ပြီးသည်နှင့် ထွက်သွားရန် အဆင်သင့်ဖြစ်နေသည်။


လုံခြုံရေးဂိတ်ထဲမှ အစောင့်လူငယ်လေးက တက်စီပေါ် တက်သွားသည့် သူ့ကို ကြည့်နေရင်း ချက်ချင်း ဖုန်းဖွင့်လိုက်သည်။ သူက စကားပြောဂရုထဲသို့ ပျော်ပျော်ကြီး စာပို့လိုက်လေသည်။


လုံခြုံရေး - ရှောင်ကျန့် : ပထမဆုံး လက်ဦးယူလိုက်ပြီကွ....ဒုတိယမင်းသားလေး ထွက်ခွာပြီ...


အလုပ်ချိန်အတွင်း ရုံးခန်းထဲမှ ထွက်သွားသည်က အထုတ်ခံရခြင်း မဟုတ်လျှင် အခြားဘာများ ဖြစ်နိုင်မည်နည်း။ အမှန်တွင်ဖြင့် ယခုအချိန်တွင် စျေးကွက်ဖြန့်ဖြူးရေးဌာန၌ အပြင်ထွက်လုပ်ရမည့် အလုပ်မျိုး ရှိမနေချေ။


စကားပြောဂရုထဲတွင် မီးရှူးမီးပန်းဖောက်ပြီး အောင်ပွဲခံနေကြသည့်သူများ ရှိနေသလို အသံတိတ်နေသူများလည်း ရှိသည်။


သို့သော်လည်း သွမ့်ရှူးထုံ အထုတ်ခံရခြင်းက ကုမ္ပဏီဝန်ထမ်းများအဖို့ စိတ်အားတက်ကြွလာစေသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အလုပ်ကြိုးစားသည့်သူများ ဖြစ်ကြ၍ လုပ်ရည်ကိုင်ရည်ရှိသော သူဌေးတစ်ယောက်အတွက် ရန်သူမှန်သမျှ တိုက်ထုတ်ပြီး လုပ်ဆောင်ပေးရသည်က အဆင်ပြေသော်လည်း သွမ့်ရှူးထုံလို ဘာမှမလုပ်သည့်သူမျိုး အတွက်ကမူ သိပ်ပြီး ခံစားချက် မကောင်းလှပေ။


ပြောကြသည်က သွမ့်ရှူးထုံမှာ နေ့တိုင်းလိုလို စျေးကွက်ဖြန်ဖြူးရေးဌာနတွင် လုပ်စရာရေရေရာရာမရှိပဲ မိန်းကလေးများနှင့်သာ ဖုန်းပြောရင်း အချိန်ကုန်နေတတ်သည် ဟူ၍ပင်။


ကုန်လွန်ခဲ့သည့် ခြောက်လအတွင်း အသုံးအဖြုန်းကြီးလှသော သားဖြစ်သူက အမျိုးသမီးငယ်လေးတစ်ယောက်ကို စိတ်ကူးယဥ်နေပြီး နေ့စဥ်နေ့တိုင်း လိုက်ပိုးပန်းနေကာ အချစ်စစ်ကို တွေ့ရသလိုမျိုး အချစ်ပြိုင်ဘက်များနှင့်ပင် အတိုက်အခံဖြစ်နေသည်။ 


သေချာပေါက် ကောလဟာလများ သက်သက်သာ ဖြစ်၍ အကြောင်းအရာတိတိကျကျ သိဖို့ အတည်ပြုရန် လိုသေးသည်ပင်။


စကားပြောဂရုထဲ မုန်တိုင်းဝင်နေစဥ် သွမ့်ရှူးထုံကဖြင့် စိတ်လေချောက်ချားနေသည်။


သူက ပြာဘဝထိ ရောက်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မိုးနတ်မင်းကြီးက ကုစားပေးပြီး အသစ်ပြန်လည်မွေးဖွားခွင့်ပါ ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။


သူ့ အရင်ဘဝတုန်းက လူ့အသက်ကို ကယ်ခဲ့လို့များ ဆုချပေးလိုက်တာလား.... 


“ သခင်လေး.....ဘယ်သွားမလို့ပါလဲ...." တက်စီဒရိုင်ဘာက သူ့ကို မေးလာသည်။ သခင်လေးခေါ်လိုက်သည်က သူ့ပုံစံက ထင်းနေ၍ ဖြစ်မည်။


သွမ့်ရှူးထုံက မှတ်ဥာဏ်များကို ပြန်ဖြေချကြည့်ရင်း မူလလိပ်စာကို ပြောပြရန်ပြင်လိုက်ချိန် ရုတ်တရက်ဆိုသလို ဖုန်းမြည်လာခဲ့သည်။ သူက ဖုန်းကိုင်လိုက်သည်။ 


စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက မျက်မှောင်ဖွဖွကြုပ်လိုက်ရင်း တက်စီဒရိုင်ဘာကို ပြောလိုက်သည် " ဒုတိယဆေးရုံကို မောင်းပါ...." 


လက်ရှိအချိန်က လုပ်ငန်းခွင်ဝင်နေကြသည့် အချိန်ဖြစ်၍ လမ်းပေါ်တွင် ကားသိပ်မရှိပေ။ ထို့ကြောင့် တက်စီဒရိုင်ဘာက ရှောရှောရှူရှူ မောင်းနိုင်ပြီး သွမ့်ရှူးထုံကို ဆေးရုံသို့ အမြန်မောင်းပို့နိုင်ခဲ့သည်။


သူက ဖုန်းထဲမှ သူနာပြုပြောခဲ့သည့် လူနာဆောင်ကို ရှာလိုက်ပြီးနောက် တံခါးတွန်းဖွင့်ဝင်သွားလိုက်သည်။ အချိန်ကိုက်ပင် သူနာပြုကလည်း လူနာ၏ အကြောဆေးပိုက်ကို ချိန်ညှိပေးနေသည်။ 


သူဝင်လာသည့် အသံကို ကြားလိုက်၍ သူနာပြုက မော့ကြည့်လာရာ မျက်လုံးများက ချက်ချင်းပင် လက်ခနဲဖြစ်သွားလေသည်။ ဒီလိုမျိုး ဆွဲဆောင်မှုပြင်းတဲ့ ကောင်ချောလေးတွေဆိုတာ တော်တော်လေး ရှားတယ်ဟဲ့....


" မစ္စတာသွမ့်များလား မသိဘူး...." သူနာပြုက ယဥ်ယဥ်ကျေးကျေး ပြောလာသည် " ဒီမိန်းကလေးက လမ်းပေါ်မှာ ရုတ်တရက် မေ့လဲသွားလို့ ဆေးရုံကို ခေါ်လာခဲ့ကြတာပါ....သူမဖုန်းမှာ လတ်တလော ဆက်သွယ်ထားတာက ရှင်ဖြစ်နေလို့....အဲ့ဒါကြောင့်...."


သူမက လူနာ၏ ဖုန်းမှ မိဘဆွေမျိုးများကို ရှာမကြည့်ထားခြင်းမျိုး မဟုတ်ပဲ အမှန်ပင် ဆက်သွယ်ရန်နံပါတ်ထဲတွင် တစ်ယောက်မှ ရှာမတွေ့ခြင်းကြောင့် ခေါ်လိုက်ရခြင်းဖြစ်သည်။ 


သွမ့်ရှူးထုံက ခေါင်းငုံ့ပြလိုက်သည် " ကျေးဇူးပါဗျာ.... ဆေးရုံခ ဘယ်မှာ ရှင်းရမလဲ မသိဘူးဗျ...." 


သူနာပြု၏ ညွှန်ကြားချက်အတိုင်း သူက လူနာဆောင်ထဲမှ လှည့်ထွက်ခဲ့သည်။ သူက အမှန်ပင် ဒုတိယဇာတ်လိုက် ဖြစ်နေမှန်း မနေနိုင်ပဲ တွေးမိသွားလေသည်။ ဇာတ်လိုက်မက မတော်တဆဖြစ်သွား၍ ဒုတိယဇာတ်လိုက်က ချက်ချင်း ဆက်သွယ်ခံရပြီး သူမကို စောင့်ကြည့်ပေးဖို့ အမြန်ပြေးသွားခဲ့သည်။


မူလဇာတ်ကောင်သာ ရှိနေဦးမယ်ဆိုရင် သူမဘေးနားမှာ ရှိနေပေးပြီး ဝမ်းနည်းနေတော့မှာ....


သွမ့်ရှူးထုံက ထိုသို့ လုပ်ပေးချင်စိတ် မရှိပေ။ ဇာတ်လိုက်မဖြစ်သည့် ဖိန်ရော့ဝိန်းကို ကူညီပေးသည့်အနေနှင့် ဆေးရုံခရှင်းပေးပြီးပြီ ဖြစ်သည်။ ဇာတ်လိုက်မအနား နေပေးဖို့ကတော့ ဇာတ်လိုက်ကိုသာ လုပ်ခိုင်းလိုက်....မဖြစ်သေးဘူး....မဖြစ်သေးဘူး...အခုလောလောဆယ် ဒီလိုလုပ်လို့ မကောင်းသေးဘူး....   


ဇာတ်လိုက်မှာ စေ့စပ်ထားတဲ့သူ ရှိတယ်....သူက သူများအတွဲကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ မဖြစ်ချင်ပါဘူး....


ဒါဆိုရင် တတိယဇာတ်လိုက်ပဲ ကျန်တော့တယ်....


မူရင်းဝတ္ထုထဲမှာ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ လက်ထပ်သွားတော့ တတိယဇာတ်လိုက်က ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်....ဒီလိုမျိုး နက်ရှိုင်းလှတဲ့ အချစ်မျိုးက သွမ့်ရှူးထုံအတွက် တတိယဇာတ်လိုက်ဘက်က နေပေးချင်စိတ် ဖြစ်စေတယ်....


သူက တတိယဇာတ်လိုက်ကို ဖုန်းဆက်ရန်ပြင်လိုက်ချိန် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့လေသည်။


👨‍❤️‍👨