👾Chapter 141
…..
လင်းဟန်သည် သေနတ်သံများကို ကြားသည်နှင့် မက်ခါကို ထိန်းချုပ်ကာ လက်နက်အား အညှာအတာမဲ့စွာ စတင် ပစ်ခတ်တော့၏။ မီးလျှံများသည် ခန်းမအတွင်းမှ ပြေးထွက်လာကြသည့် ဇာ့ဂ်မျိုးစိတ်သစ်များထံ ပျံ့နှံ့သွားကြသည်။ ထိုမျှသာမက တံခါးအပြင်ဘက်တွင် စောင့်နေသည့် စစ်သားများသည်လည်း စတင်၍ တုံ့ပြန်လာကြ၏။
သူတို့ဂလင်းများ အနောက်ရှိ နက်ရှိုင်းသော အမာရွတ်များမှအပ သူတို့သည် သာမန်လူသားများနှင့် ကွာဟမှုမရှိကြချေ။ မည်သို့ပင်ဖြစ်စေ၊ ဇာ့ဂ်များ၏ မူမမှန်သော လှုပ်ရှားမှုအား အာရုံခံမိသည်နှင့် သူတို့သည်လည်း အေးစက်စက် အလင်းများ ဖြာထွက်နေသည့် မက်ခါပေါ်သို့ ခုန်တက်လိုက်ကြ၏။
ဗွီပရိုတွန်ရှိ ကျရှုံးသော ဘီတာများနှင့် မတူစွာပင် ထိုသူတို့၏ တုံ့ပြန်မှုသည် သာမန်ထက် လွန်ကဲကြ၏။ သူတို့က အလင်းဓားများ၏ လားရာကိုပင် ခန့်မှန်းနိုင်ပြီး သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အရှိန်ဖြင့် ရှောင်တိမ်းကြလေသည်။ သူတို့လက်ဖဝါးထက်ရှိ ကပ်တွယ်အားသည်လည်း ထူးဆန်းလှ၏။ သူတို့က တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသည်နှင့် M2742 အပေါ်သို့ ခုန်တက်လာခဲ့ကြသည်။
၎င်းသည် ဇာ့ဂ်မျိုးစိတ်အား အောင်မြင်စွာ ထိုးသွင်းခံခဲ့ရသည့် သွေးဆူနေသော အိုမီဂါများ ဖြစ်ကြလေသည်။
သူတို့မျက်လုံးထဲတွင် မက်ခါအကာများသည် အရေးမပါလှချေ။ အချို့အိုမီဂါများ၏ လက်များသည် စတင်သန္ဓေပြောင်းနေပြီး ဇာ့ဂ်များ၏ အလွန်ကြီးမားလှသော ခြေလက်များအသွင် ယူနေကြ၏။ သူတို့က မာကျောလှသည့် သံမဏိကိုယ်ထည်အား အဆိုပါလက်များကို အသုံးပြုကာ ထုခွဲရန် ကြိုးစားနေကြလေသည်။
ဟယ့်ယွင်ထင်သည် နန်းတော်အတွင်း၌သာ ရှိနေသေး၏။ ဝမ်ယွီနှင့် လုဟွိုက်ဦးဆောင်သော အဖွဲ့၏ တည်နေရာကိုမူ မသိရသေးချေ။ လင်းဟန်သည် အပြစ်ကင်းသူများကို မတော်တဆ သတ်မိမည်စိုးသဖြင့် ပစ်အား ကောင်းမွန်လှသည့် လက်နက်တို့ကို အသုံးမပြုနိုင် ဖြစ်နေ၏။
သူက မျက်လုံးမှိတ်ကာ လူသားများနှင့် တူညီသည့် အိုမီဂါများကို မကြည့်မိအောင် ရှောင်လိုက်သည်။
မက်ခါပြတင်းပေါက်မှတဆင့် ထိုပိန်ပါးသော အိုမီဂါများသည် မက်ခါမှ ထုတ်လွှင့်သော စွမ်းအင်ရောင်ခြည်များကို ကြံ့ကြံ့ခံနိုင်ကြောင်း တွေ့မြင်နေရ၏။
လင်းဟန်သည် ခလုတ်ကို နှိပ်ကာ မက်ခါအား နန်းတော်ထဲသို့ မောင်းနှင်လိုက်၏။ M2742 သည် အလွန်ကြီးမားသည့် မက်ခါဖြစ်လေရာ ၎င်း၏ လေးလံသော ခြေလှမ်းတိုင်းတွင် နန်းတော်နံရံများ အက်ကွဲသွားသံတို့ ထွက်ပေါ်လာ၏။ မက်ခါသည် ခံစစ်အနေအထားကို ဖွင့်လှစ်လိုက်ရင်း အနီရောင်အလင်းကို ထုတ်လွှင့်လာခဲ့သည်။ မက်ခါတွင် တွဲခိုနေသည့် အိုမီဂါများသည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ အချို့အိုမီဂါများသည် အချိန်မီမရှောင်တိမ်းနိုင်ပဲ လက်မောင်းများ၊ ခြေထောက်များ အဖြတ်ခံလိုက်ရလေသည်။ သွေးများသည်လည်း တခဏချင်း ပန်းထွက်လာ၏။
လင်းဟန်၏ မျက်ဝန်းအိမ်၌ အိုမီဂါတို့၏ သွေးများ ထင်ဟပ်လျက်ရှိသည်။ သို့သော် သူက တုံ့ဆိုင်းခြင်းမရှိပဲ ထိုသူတို့အား လက်နက်များဖြင့် ဆက်လက်တိုက်ခိုက်နေ၏။
သို့သော် အိုမီဂါအချို့သည် ခြေလက်များ ကျိုးပဲ့သွားသည့်တိုင် လိမ်ဖယ်ဖယ်ဖြင့် မတ်တပ်ရပ်လာကြ၏။ ထိုသူတို့၏ ကျိုးပဲ့သွားသော ခြေလက်များနေရာတွင် ပို၍မာကျော၍ သန်မာသော ဇာ့ဂ်များနှင့် ဆင်တူသည့် ခြေလက်များသည် မျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ပြန်လည်ထွက်ပေါ်လာကြ၏။
ထို့ကြောင့် သင်သည် သူတို့အား ဖျက်ဆီးလိုပါက သူတို့အား သတ်ဖြတ်ရပေလိမ့်မည်။
လင်းဟန်သည် နှုတ်ခမ်းထောင့်လေးများ ကွေးညွှတ်သွားသည်အထိပြုံးကာ အပြင်သို့ ထွက်လာသည့် ဖက်ထုပ်လုံးလေးအား ကြည့်၍ ညှင်ညှင်သာသာ ဆိုလိုက်၏။
“အပြင်ကို မကြည့်နဲ့နော် …”
ကူးလုလုသည် နာခံမှုရှိစွာဖြင့် လင်းဟန်၏ လည်တိုင်အကြား သူ၏ခေါင်းလေးကို မြှုပ်လိုက်၏။ ထိုအချိန်တွင် လင်းဟန်၏ မျက်နှာထက်ရှိ အပြုံးသည် သူ၏ နူးညံ့သော အမူအရာနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သူက မောင်းတံကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် ပစ်ခတ်မှုများ မတိကျမည်ကို စိုးရိမ်စွာဖြင့် စိတ်စွမ်းအားကိုပင် ပေါင်းထည့်လိုက်၏။ နောက်တစ်စက္ကန့်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့သည်။ မက်ခါ၏ လက်သီးသည်လည်း ခြေလက်များ ကြီးထွားလာသည့် အိုမီဂါများထံသို့ တုံ့ဆိုင်းခြင်းမရှိ ဦးတည်သွားလေသည်။
တန်ချီသည့် အလေးချိန်နှင့် သန့်စင်လှသည့် စိတ်စွမ်းအားတို့သည် အဆိုပါ ဂြိုဟ်သားများအား အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ အဆုံးသတ်တွင် မီးလျှံသွေးအိုမီဂါတို့သည် မည်မျှသန့်စင်သည့် စွမ်းအားရှိသည်ဖြစ်စေ ထိုမျှများပြားလှသည့် စွမ်းအင်အား တောင့်မခံနိုင်ကြတော့ချေ။ မက်ခါ တစ်ချက်လှုပ်ရှားလိုက်တိုင်း သူတို့၏ ဦးနှောက်များသည် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားကြ၏။
M2742 သည် ရှေ့တန်းတိုက်စစ်မှူး အနေဖြင့် အသွင်ပြောင်းလိုက်ရင်း မီးလျှံသွေး အိုမီဂါ သို့မဟုတ် သားလောင်းတို့အား တစ်ကောင်ပြီးတစ်ကောင် နှိမ်နင်းလိုက်၏။ ထို့နောက် အက်ကွဲနေသည့် မြေပြင်ကို နင်းကာ အဓိက ခန်းမထံသို့ ဦးတည်သွားလေသည်။
၎င်း၏ အနောက်ဘက်တွင် ရွံရှာဖွယ် အလောင်းနှင့် ခြေပြတ်လက်ပြတ်များ ပျံ့ကျဲနေ၏။ ထိုအလောင်းများအား ဇာ့ဂ်နှင့်လူသားဟူ၍ပင် ကွဲကွဲပြားပြား မပြောနိုင်တော့ချေ။ အိုမီဂါများ၏ မျက်နှာများကို မည်သည့်နေရာတွင် မှ မတွေ့ရတော့ပဲ အဖြူရောင်နှင့် အနီရောင် များသာလျှင် မြေပြင်ပေါ်၌ စွန်းထင်းကျန်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ထိုနည်းလမ်း တစ်ခုထဲသာလျှင် သန္ဓေပြောင်းမီးလျှံသွေးများအား အပြီးအပိုင် သုတ်သင်နိုင်မည်ဖြစ်၍ပင်။
ရှုကျစ်ဟန်သည် အပြင်ဘက်ရှိ ဆူညံသံများကြောင့် မျက်ဝန်းများကို မှေးကျဉ်းလိုက်၏။ M2742 အား ဟယ့်ယွင်ထင်အပြင် နောက်ထပ်လူတစ်ဦးက ထိန်းချုပ်နိုင်ခြင်းအပေါ် သူ အံ့အားသင့်သွားခဲ့ရသည်။
“ဒီတော့ ဗိုလ်ချုပ်က တခြားလူကို မက်ခါမောင်းဖို့ တကယ်ပဲ ခွင့်ပြုပေးခဲ့တာလား …”
“အဲဒါက နောက်ဆုံးတစ်ခေါက်က တွေ့ခဲ့တဲ့ အိုမီဂါမဟုတ်လား … သူက အံ့အားသင့်စရာပဲ …”
“ကျွန်တော် အမြဲအံ့အားသင့်နေခဲ့တာ … ကျွန်တော်တို့က အရည်အသွေးမြင့် အိုမီဂါတွေရဲ့ အချက်အလက်အားလုံးကို စုစည်းခဲ့တယ်လေ … သူက ဘယ်ရှုထောင့်ကကြည့်ကြည့် အကောင်းဆုံး ရွေးချယ်မှုပဲ … ဒါပေမယ့် သူက ပျောက်ဆုံးသွားခဲ့တယ် …”
“နှမြောစရာပဲ …”
ရှုကျစ်ဟန်က ပြောသည်။
“မဟုတ်ရင် ဗိုလ်ချုပ်ရဲ့ ရတနာလေးက ဗိုလ်ချုပ်ကို တိုက်ခိုက်နေမှာပဲ …”
သူ့မျက်ဝန်းများက ပြောင်မြောက်သည့် အနုပညာလက်ရာကို ကြည့်နေရသည့်အလား မျှော်လင့်သည့် အလင်းများဖြင့် လက်ဖြာသွားသည်။
“သူ့ကိုသာ သေချာ ကျွေးမွေးလိုက်ရင် သူက သေချာပေါက် အကောင်းဆုံး မီးလျှံသွေးဖြစ်လာမှာ …”
ဟယ့်ယွင်ထင်၏ မျက်နှာသည် မှောင်မဲနေ၏။ သူက သူ့ကိုယ်ပေါ်သို့ ခုန်တက်လာသည့် သားလောင်းများကို ရှောင်တိမ်းလျက် သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ သူ၏ ရှောင်တိမ်းရသော အနေအထားမှာ ကျဉ်းမြောင်းလှလေရာ သူ့လက်မောင်းထက်တွင် သားလောင်းတစ်ကောင်၏ ထက်မြသော ခြေထောက်များကြောင့် ရှည်လျားသော သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့၏။
သူက ထိုဒဏ်ရာအား သတိမပြုမိသကဲ့သို့ ခပ်မြန်မြန် လှုပ်ရှားလိုက်၏။ တခဏချင်းမှာပင် အဖြူရောင်နံရံထက်၌ သွေးစက်များ ဖြန့်ကျက်သွားခဲ့လေသည်။
ရှုကျစ်ဟန်သည် လက်ကို ဝေ့ယမ်းကာ လူသားများ နားမလည်နိုင်သည့် ကြိမ်နှုန်းဖြင့် သားလောင်းများအား ညွှန်ကြားလိုက်၏။ မကြာခင် အင်းဆက်များသည် ဟယ့်ယွင်ထင်အား တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ ရှုကျစ်ဟန်ထံသို့ လေးဘက်တွားသွားကြလေသည်။
သူက ဟယ့်ယွင်ထင်အား ပြုံးပြကာ ပြော၏။
“ဒီကလေးတွေက ငယ်သေးတော့ စိတ်မရှည်ဖြစ်နေတာပါ … စိတ်မရှိပါနဲ့ …”
“ကလေးတွေတဲ့လား … ခင်ဗျားက ဒီမကောင်းဆိုးဝါးတွေကို ကလေးတွေလို့ ခေါ်နေတာလား ..”
ဟယ့်ယွင်ထင်က နှာခေါင်းရှုံ့လိုက်၏။
“ဗွီပရိုတွန်ဂြိုဟ်မှာတုန်းက ကိတ်မုန့်ကိုင်ထားတဲ့ ဂြိုဟ်သားကိုလည်း အဲဒီ့လိုခေါ်ခဲ့တယ်နော် …”
ရှုကျစ်ဟန်သည် အမူအရာတစ်ချက် မပြောင်းပဲ ပြန်ဖြေလိုက်၏။
“လူသားဖြစ်ဖြစ် … သားလောင်းဖြစ်ဖြစ် … သန့်စင်တဲ့ကလေးပါပဲ …”
ဟယ့်ယွင်ထင်၏ လက်မောင်းမှသွေးများသည် လက်ချောင်းထိပ်မှတဆင့် မြေပေါ်သို့ စီးကျကုန်၏။ အစိမ်းရင့်ရောင် စစ်ဝတ်စုံသည် သွေးများကြောင့် ပို၍ အရောင်ရင့်သွားရသည်။
ဟယ့်ယွင်ထင်သည် သူပစ်ချခဲ့သည့် သားလောင်းကို ကြည့်ကာ ခေါင်းမော့လိုက်၏။ သူက ခပ်ထေ့ထေ့ ပြောလာသည်။
“ပရော်ဖက်ဆာရှုက ကျီမုန့်ကိုရော သတိရသေးလား … သူက ခင်ဗျားအတွက် ဘယ်လိုမျိုးလဲ ..”
ဤတစ်ကြိမ်၌ ရှုကျစ်ဟန်၏ အမူအရာသည် အတန်ကြာ တောင့်တင်းသွားလေသည်။
“သူက … လိမ္မာတဲ့ကလေးဖြစ်ခဲ့ပါတယ် … နာခံမှုအရှိဆုံးနဲ့ အသိတတ်ဆုံးပေါ့ …”
“အလိမ်အညာတွေပဲ ပြောတတ်တဲ့ ကလေးဖြစ်သွားတာ နှမြောစရာပဲ …”
ရှုကျစ်ဟန်သည် ခေါင်းမော့လိုက်၏။ သူ့မျက်နှာထက်တွင် ရက်စက်သည့် အရိပ်အငွေ့များ ရှိနေသည်။
“ဘာလို့ ဒီနေရာကိုလာခဲ့တာလဲ … လူမိုက်ကလေး …”
“ဘုန်း ….”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်များ ထွက်ပေါ်လာ၏။ M2742 သည် ဂိတ်ဝအား ဖျက်ဆီးပစ်ခဲ့သည်။ သွေးများစွန်းထင်းနေသည့် သတ္တုကိုယ်ထည်ကြီးသည် ၎င်း၏ ညာလက်အား လူသားနှစ်ဦး ထိပ်တိုက် တွေ့ဆုံနေသည့် နေရာသို့ ဆန့်တန်းလိုက်၏။ ထို့နောက် ဟယ့်ယွင်ထင် အရှေ့တွင် ဖြည်းဖြည်းချင်း လက်ဝါးဖြန့်ပြလိုက်သည်။
“ဟယ်လို … ပရော်ဖက်ဆာ ရှု …”
လင်းဟန်၏ ကြည်လင်သော အသံ ထွက်ပေါ်လာ၏။ သူက ဟဲလ်မက်ကို ချွတ်ကာ မြင့်မားသည့် ဓာတ်လှေကားထက်တွင် ရပ်လိုက်သည်။
“ဒီတော့ ပရော်ဖက်ဆာရှုက ဗွီပရိုတွန်ဂြိုဟ်ကို ကျဆုံးသွားတဲ့ ကလေး အနေနဲ့ မှတ်ယူထားတာလား …”
“ရှီးယွမ်က သနားစရာပဲ … သူက ခင်ဗျားနောက်ကို လိုက်ဖို့အတွက် ဗွီပရိုတွန်ဂြိုဟ်ကိုတောင် တစ်ယောက်ထဲသွားခဲ့တာ … ဒါပေမယ့် ဘာရလဒ်မှ ပြန်မရခဲ့ဘူး … ဒါ့အပြင် သူက ခင်ဗျားရှေ့မှာ သေသွားခဲ့တာတောင် ခင်ဗျားက သူ့အတွက် စိတ်မကောင်းမဖြစ်ခဲ့ဘူး …”
“မစ္စတာ လောချီလည်း သနားစရာပဲ …”
လင်းဟန်က ခဏတွေးကာ ဆက်ပြော၏။
“တကယ်တမ်းကျတော့ အစက ကျွန်တော်တို့လည်း ရှီးယွမ်ကို အဓိကအကြောင်းရင်းလို့ ထင်ခဲ့တာပဲလေ … ပရော်ဖက်ဆာရှုက တော်တာပဲ … အပြစ်အားလုံးကို လူတစ်ယောက်ထဲကိုပဲ ပုံမချခဲ့ဘူး …”
“လောချီက ငါ့ကို ပြန်ကိုက်ခဲ့တာလေ … သူက အမြင့်ဆုံးရာထူးရထားတာလေ … ငါ့မှာ ငြိမ်းချမ်းရေးကို ထောက်ခံတဲ့ သူငယ်ချင်း တစ်ယောက်ပဲရှိတာ … သူ မဟုတ်ရင် ဘယ်သူ့ကို ရှာရမလဲ …”
ရှုကျစ်ဟန်သည် ဆက်ပြောလိုက်၏။
“ရှီးယွမ်ကတော့ … ငါသူ့ကို အဓိကမြို့တော် အကြောင်းပဲ မေးခဲ့တာပါ …”
ရှုကျစ်ဟန်သည် ပရိုတွန်ဂြိုဟ်အကြောင်း ပြောချိန်တွင် ကျရှုံးခဲ့သည့် သုတေသနအကြောင်း ပြောနေသကဲ့သို့ ယုံကြည်ချက် ကင်းမဲ့သွားပုံပေါ်၏။
“ငါ အဲဒါကို တကယ်ပဲ တိုးတက်စေချင်ခဲ့တာပါ … ဘီတာတွေက ဒီလောက် အသုံးမကျဖြစ်နေမယ်လို့ ငါမထင်ထားခဲ့ဘူး …”
“ဒါပေမယ့် ..”
သူက စကားခဏရပ်လိုက်၏။
“ထားလိုက်တော့ … ဘာလို့ပြောနေဦးမှာလဲ … တကယ်တမ်းတော့ အဲဒီ့မှာ အဓိကမြို့တော် အပါအဝင် တစ်ယောက်မှ မကျန်တော့ဘူးလေ … ငါ့အကြံအစည် ရှေ့တိုးသွားရုံပါပဲ …”
“အဓိကမြို့တော်လား …”
လင်းဟန်က ရှက်ရွံ့စွာ မျက်တောင်ခတ်လိုက်ရင်း ရယ်လိုက်၏။
“ပရော်ဖက်ဆာရှု … ခင်ဗျား အဲဒီ့မှာ ဗွီပရိုတွန်ဂြိုဟ်မှာတစ်ခုမှ မရှိတော့ဘူးလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော် …”
ရှုကျစ်ဟန်၏ မျက်နှာထက်တွင် တုံ့ဆိုင်းသော အမူအရာ ထွက်ပေါ်လာသည်။ သူက ထိုသို့ဖြစ်လာလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမှ မျှော်လင့်မထားခဲ့ချေ။
လင်းဟန်သည် သူ့အား တွေးတောရန်ပင် အချိန်မပေးပဲ ချက်ချင်းဖြေပေးလိုက်၏။
“ခုခံနိုင်စွမ်းမရှိတဲ့ ဂြိုဟ်လေးတစ်ခုကိုရှင်းလင်းဖို့သာဆို ကျွန်တော်တို့က ဘာလို့ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေဦးမှာလဲ …”
ရှုကျစ်ဟန်မျက်နှာထက်ရှိ သွေးရောင်သည် ဖျော့တော့သွား၏။ သူက မြို့များတွင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အတည်ပြုခဲ့သည်။ ကျရှုံးခဲ့သော သုတေသနများ၏ အလောင်းများသည် မြို့အနှံ့ ပျံ့ကျဲနေခဲ့ပြီး လေထုသည်လည်း သွေးနံ့များ ဖုံးလွှမ်းနေခဲ့၏။
အဓိကမြို့တော် တစ်ခုထဲသာလျှင် သူ ကိုယ်တိုင် မမြင်ခဲ့ရခြင်းဖြစ်သည်။
ထိုစဉ်က ကြယ်သင်္ဘောသည် အဓိကမြို့တော်တွင် ဆိုက်ကပ်ထားခဲ့ပြီး M2742 ကမူ ရှင်းလင်းရေးအတွက် တာဝန်ကျခဲ့ခြင်းပင်။ ရှေ့တန်းရှိ လူနှစ်ဦးသာလျှင် ဖြစ်ပျက်သွားခဲ့သည့် အရာများကို တွေ့နိုင်ခဲ့သည်။ နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှမရှိကြောင်း ကင်းထောက်များက သတင်းပို့ခဲ့၏။ ထို့ကြောင့် မြို့အား ရှင်းလင်းပြီးပြီဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။
ရှုကျစ်ဟန်သည် ရုတ်တရက် နားလည်သွားကာ ဟယ့်ယွင်ထင်အား စိုက်ကြည့်လိုက်၏။
“ခင်ဗျား … အဓိကမြို့တော်က လူအားလုံးက …”
“သူတို့အားလုံး အသက်ရှင်ကြတယ် …”
လင်းဟန်သည် ပြုံးလျက် လက်ခုပ်တီးလိုက်သည်။
“ကျွန်တော်တို့ အဲဒီ့တုန်းက ဘာလို့ ကြယ်သင်္ဘောကို ပို့ခဲ့တယ်ထင်လဲ …”
“ကြယ်သင်္ဘောလား …”
ရှုကျစ်ဟန်က ပြောလိုက်၏။
အားလုံး လူစုပြီးချိန်၌ ဟယ့်ယွင်ထင်သည် မြို့တော်အား ရှင်းလင်းပြီးပြီဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူ မရှိတော့ကြောင်း ပြောခဲ့သည်။ အခြားမြို့များ၏ သနားစဖွယ် အခြေအနေကြောင့် အားလုံးသည် ဗိုလ်ချုပ်၏ စကားကို ယုံခဲ့လေသည်။ ကြယ်သင်္ဘော၏ ဝမ်းဗိုက်အတွင်း၌ သောင်းနှင့်ချီသည့် လူများ ရှိနေလိမ့်မည်ဟု မည်သူမှ မတွေးခဲ့ကြချေ။
လင်းဟန်က ဟယ့်ယွင်ထင်အား မက်ခါထံမှ ဆေးပုလင်း တစ်ပုလင်း ထုတ်ပေးလိုက်၏။ ထို့နောက် ရှုကျစ်ဟန်ဘက်မှ တုံ့ပြန်လာမည်ကို စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
“မဖြစ်နိုင်တာ …”
တစ်ဖက်လူက တည်ငြိမ်စပြုလာသည်နှင့် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလာ၏။
“အဓိကမြို့တော်ကို ထည့်မတွက်ရင်တောင် ရှီးယွမ်က ဗွီပရိုတွန် ရပ်နားစခန်းကို ရောက်ခါစပဲရှိသေးတာ … အဓိကမြို့တော်က ဘာလို့ ကူးစက်မခံရမှာလဲ …”
လင်းဟန်က မဖြေပဲ ရှုကျစ်ဟန်ကိုသာ ပြုံးလျက် ကြည့်နေ၏။
သူ့အသံက ယုံကြည်ချက် လွန်ကဲလျက် ရှိနေ၏။
“မစ္စတာလင်းရဲ့ နောက်ပြောင်မှုက စိတ်ဝင်စားစရာပဲ …”
ဟယ့်ယွင်ထင်က ဆေးကို ယူကာ သွေးထွက်နေသည့် ဒဏ်ရာအား ကုသလိုက်၏။
“ကျုပ် အဲဒါကိုသိတာကြာပြီ …”
သူက ရှုကျစ်ဟန်အား ကနဦးကတည်းကပင် အမြင်ကောင်းမရှိခဲ့ချေ။
နယ်စပ်ဒေသ၌ ရှိခဲ့စဉ်က လင်းဟန်ထံမှ ရှုကျစ်ဟန်၏ လက်ချာများအကြောင်း သိခဲ့ရ၏။ ၎င်းက ရှုကျစ်ဟန်အပေါ် တဖြည်းဖြည်း အာရုံစိုက်လာစေခဲ့သည်။ နယ်စပ်ဒေသမှပြန်လာချိန်၌ ဟယ့်ယွင်ထင်အား သူ၏ ညီငယ်ကို ကယ်တင်ပေးရန် တောင်းဆိုခဲ့သည့် ချီကျားမူကြောင့် ဟယ့်ယွင်ထင်သည် ရှုကျစ်ဟန်အပေါ် ပို၍ အာရုံစိုက်မိခဲ့၏။
အဆုံးသတ်တွင် အခြားလူများနှင့် ပတ်သက်လေ့မရှိဟု လူသိများသည့် ရှုကျစ်ဟန်သည် လင်းဟန်အား ကိုယ်တိုင်ကိုယ်ကျ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး သူတို့၏ ပြန်အလာကိုလည်း ကြိုဆိုခဲ့လေသည်။
ဟယ့်ယွင်ထင်သည် လုအန်းဟယ်အား ထိုသူ့အပေါ် ကာကွယ်ပေးရန် ပြောခဲ့သည်။
လုအန်းဟယ်နှင့် အဆက်အသွယ် ပြတ်သွားသည့်နေ့၌ ပြောင်းလဲမှု စတင်လာခဲ့၏။
ထိုစဉ်က ရှုကျစ်ဟန်သည် ပုံမှန်အတိုင်း လက်ချာပေးနေခဲ့သည်။ သို့သော် ထိုနေရာ၌ မတော်တဆမှု ဖြစ်ခဲ့ပြန်၏။
မည်သို့မည်ပုံ ဖြစ်ပျက်သည်က အရေးမကြီးချေ။ အဆုံးသတ်တွင် ရှုကျစ်ဟန်၏ တည်ရှိမှုသာလျှင် အထင်ရှားဆုံးဖြစ်၏။ မီးလျှံသွေးနှင့် တိုက်ရိုက်ဆက်နွယ်နေသော လူတစ်ဦးအနေဖြင့် ရှီးယွမ်သည် စင်ပေါ် တွန်းတင်ခြင်း ခံခဲ့ရသည်။ ထို့အပြင် လော့ချီ၏ လူများသည်လည်း သင်ခန်းစာပို့ချသည့် အခန်းတွင်း၌ ရှိနေခဲ့သည်ဖြစ်ရာ သူတို့နှစ်ဦးအား အတူတကွ ဆက်စပ်မိရန် လွယ်လှ၏။
သူက သူ့ကိုယ်သူ ကောင်းမွန်စွာ ဖယ်ထုတ်ခဲ့ပြီး ဟယ့်ယွင်ထင်၏ အရှေ့၌ ကောင်းမွန်သည့် ပုံရိပ်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
“ပြဿနာက ကျုပ်ဗွီပရိုတွန်ဂြိုဟ်ကို ပထမဆုံးအကြိမ် ရောက်သွားတုန်းက လူတွေက သူတို့ရဲ့ မျိုးနွယ်တူကို တုန့်ပြန်ကြတယ်လေ … ကျုပ်တို့နဲ့ တစ်ချိန်လုံး ခရီးသွားနေတဲ့ ခင်ဗျားအပါအဝင်ပေါ့ … ပရော်ဖက်ဆာရှု …”
“ခင်ဗျားက အိုမီဂါတစ်ယောက်ဆီက ပြင်းပြင်းထန်ထန် တွန်းဖယ်ခံခဲ့ရတာပဲ …”
ဟယ့်ယွင်ထင်က ပြောသည်။
“ဒါက ကျုပ်အထင်ပဲလို့ထင်ခဲ့တာ … နောက်ပိုင်း ခင်ဗျားကို သေချာသတိထားကြည့်တော့ ထူးဆန်းတဲ့ ကိစ္စတစ်ခုကို မမျှော်လင့်ပဲ သိသွားခဲ့တယ် …”
ရှုကျစ်ဟန်က ဤသို့သော ကိစ္စကြောင့် သူ၏ လျှို့ဝှက်ချက်များ ဖော်ထုတ်ခံလိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။
“အကယ်၍ ဗိုလ်ချုပ်က ကျုပ်ကို အိုမီဂါဟုတ်မှန်း သိပြီးသားဆိုရင် ဘာလို့အဲဒီ့တုန်းက မဖော်ထုတ်ခဲ့တာလဲ …”
“ကျုပ် ခင်ဗျား အဲဒီ့လိုလုပ်ရတဲ့ အကြောင်းရင်းကို သိချင်ခဲ့ရုံပါ …”
ဟယ့်ယွင်ထင်က အေးစက်စက် ပြောသည်။
“ဒါ့ကြောင့် ကျုပ်က ခင်ဗျားလုပ်သမျှ ပြောသမျှ ဘယ်အရာကိုမှ မယုံခဲ့တာ ဆိုပါတော့ … စိတ်မရှိပါနဲ့ …”
သူက စိတ်ရင်းတစ်ဝက်ဖြင့် တောင်းပန်လိုက်သည်။
“ဒါပေမယ့် ခင်ဗျား ဗွီပရိုတွန်ဂြိုဟ်ကို ကယ်လိမ့်မယ်လို့ ကျုပ် ခဏတွေးမိခဲ့သေးတယ် …”
ရှုကျစ်ဟန်က ထူးဆန်းစွာ ပြုံးလိုက်၏။
“ကျွန်တော် ခင်ဗျားအတွေးတွေကို အမြဲကြားချင်ခဲ့တာ … အခွင့်အရေးမရှိခဲ့တာ နှမြောစရာပဲ …”
ထိုစဉ်က ဟယ့်ယွင်ထင်သည် ချန်းလင်အား လျှို့ဝှက်ပြောခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်လာသည်ဖြစ်စေ၊ မည်သည့်ရလဒ် ထွက်ပေါ်လာသည်ဖြစ်စေ၊ ပင်မမြို့တော်၏ တံခါးများကို အလွယ်တကူ ဖွင့်မပေးသင့်ကြောင်းနှင့် ပြန်လည် ကောင်းမွန်လာပြီဟု အတည်ပြုပြီးသည့် သံသယရှိလူနာများကို မြို့တွင်းသို့ ပေးမဝင်သင့်ကြောင်း သူက ပြောခဲ့၏။
ချန်းလင်သည် ဟယ့်ယွင်ထင်အပေါ် အကြွင်းမဲ့ ယုံကြည်၏။ သူက ပင်မမြို့တော်အား ဆက်တိုက် ပိတ်ဆို့ထားခဲ့ပြီး ထိုအကြောင်းအရာကိုလည်း အပြင်သို့ မပေါက်ကြားစေခဲ့ချေ။
သူက သူ၏ လူများကို ချစ်မြတ်နိုး၏။ သို့သော် အရေးကြီး အခိုက်အတန့်များ၌ မည်သည့်အရာအား ရွေးချယ်ရမည် ဖြစ်ကြောင်းကိုလည်း ကောင်းစွာ သိလေသည်။
ဂြိုဟ်တစ်ခုလုံးကို ဆုံးရှုံးရှသည်ထက် မြို့တစ်မြို့ ကျန်ရှိနေခြင်းက ပို၍ ကောင်းမွန်၏။
မကြာခင်မှာပင် စိတ်ပူနေခဲ့ရသည့် ကိစ္စသည် အမှန်တကယ် ဖြစ်လာခဲ့လေသည်။
👾