👾Chapter 145
—
ဟယ့်ယွင်ထင်သည် M2742 ၏ ပထမစက်ခန်းထဲတွင် ထိုင်ကာ လင်းဟန်အား ဆက်သွယ်လိုက်၏။
တစ်ဖက်လူသည် ဟယ့်ယွင်ထင်၏ မက်ခါထက် များစွာ သေးငယ်သည့် မက်ခါငယ်လေးအား မောင်းနှင်လျက်ရှိသည်။
“မှောင်နေတာ ကြာပြီပဲ … ”
လင်းဟန်က ရုတ်တရက် ပြောလိုက်သည်။
“စိတ်လှုပ်ရှားနေလား … ”
ဟယ့်ယွင်ထင်က တစ်ဖက်လူသည် အမှောင်ထုကို ကြောက်ရွံ့နေခြင်းဟု ထင်လိုက်၍ မေးလိုက်၏။
ဟယ့်ယွင်ထင်သည် မက်ခါ၏ လက်နက်အားလုံးကို ဖွင့်လိုက်ပြီး မက်ခါအား ကြီးမားသော ကိရိယာထက်သို့ ဖိချစေခဲ့၏။ အပူလွန်ကဲမှုကြောင့် M2742 မလှုပ်နိုင်တော့ချိန်၌ ဟယ့်ယွင်ထင်သည် စက်ခန်းကို ဖွင့်ကာ ခုန်ထွက်လာရမည်။ လင်းဟန်က သူ့ကို ဖမ်းထားမည်ဖြစ်၏။
စစ်ဆင်ရေးသည် လေ့ကျင့်ရာ၌ပင် အခက်တွေ့နိုင်သည့် စစ်ဆင်ရေးမျိုး ဖြစ်သည်။
“မဟုတ်ပါဘူး … ”
လင်းဟန်က အပြုံးဖြင့် ပြန်ဖြေလာသည်။
“အပြန်လမ်းကျရင် ကောင်းကင်တစ်ခုလုံး လင်းထိန်နေမှာပဲလို့ ကျွန်တော်တွေးနေတာ … ကြယ်တွေ တွေ့ရလောက်လား … ”
“အတောက်ပဆုံး ညတစ်ည ဖြစ်လာမှာပဲ ...”
သူကပြောလိုက်သည်။
M2742 ၏ အင်ဂျင်များသည် စတင်၍ အသက်ဝင်လာ၏။ အလင်းဓားများသာမက လေဆာအမြောက်များ၊ တာဝေးပစ်ဒုံးများ အားလုံးသည် အသက်ဝင်လာကြသည်။ သို့သော် ဤတစ်ကြိမ်၌ ပစ်မှတ်သည် ၎င်းကိုယ်တိုင် ဖြစ်၏။
“သံလိုက်အမြောက် အသက်ဝင်ပါပြီ … တာဝေးပစ် အမှုန်အမြောက် အသက်ဝင်ပါပြီ … သတိပေးချက် … ပစ်မှတ် မှားယွင်းနေပါသည်။ … လက်နက်အားလုံး အသက်ဝင်လာပါပြီ … သတိပေးချက် … လောင်စာကန်သည် အပူလွန်ကဲနေသည် … ပိုင်းလော့ စစ်ဆေးပြီးကြောင်း အတည်ပြုပါ … သတိပေးချက် …”
လင်းဟန်သည် အချက်ပေးသံများကို ကြားလိုက်ရ၏။ သို့သော် စက်ခန်းအတွင်းရှိ အမျိုးသားကမူ M2742 တစ်ခုလုံး တုန်လှုပ်လာသည့်တိုင် တည်တည်ငြိမ်ငြိမ် ရှိနေဆဲပင်။
“လင်းဟန် … ”
ဟယ့်ယွင်ထင်၏ အသံသည် ထွက်ပေါ်လာ၏။
“အတောက်ပဆုံးကြယ်ပဲ မဟုတ်လား … ”
အမှောင်ထုကိုခွင်းပြီး အလင်းဆောင်ကြဉ်းပေးမယ့် ကြယ်မဟုတ်လား …
လင်းဟန်က ပြုံးလိုက်၏။
“သတိပေးချက် … အရေးပေါ် ယူနစ်သည် ဖြုတ်ခွာသွားပါပြီ … ”
“အင်း … ကျွန်တော့်ရဲ့ အတောက်ပဆုံးကြယ် … ”
လင်းဟန်သည် မောင်းတံကို ဆွဲချလိုက်သည်။ သူက M2742 မှ ပြုတ်ထွက်လာသည့် အစိတ်အပိုင်းထံသို့ ဦးတည်လိုက်ရင်း မက်ခါ လက်မောင်းများကို ဖွင့်လိုက်၏။
သူက ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ဖမ်းထားမယ် … ”
M2742 အစိတ်အပိုင်း၏ ပစ်ဝင်လာသည့် အရှိန်သည် မက်ခါအား နောက်ဆုတ်သွားစေခဲ့သည်။ သို့သော် လင်းဟန်သည် အံကြိတ်လျက် အရှိန်တင်၍ ပေါက်ကွဲမှုမှ ဝေးရာသို့ ဦးတည်လိုက်၏။
ဘုန်း …
မှောင်မဲသော ညသည် လင်းထိန်သွားခဲ့သည်။ မက်ခါကြီးသည် မိမိကိုယ်မိမိ လောင်စာအဖြစ် အသုံးပြုကာ ခုန်မှတ်ထံသို့ ပစ်ဝင်ခဲ့၏။
ဖျက်ဆီးခံလိုက်ရသည့် ခုန်မှတ်မှ ထွက်ပေါ်လာသော အပူလှိုင်းများ၊ တစ်စစီ ပျက်စီးသွားသည့် ကိရိယာနှင့် စွမ်းအင်လှိုင်းများသည် စကြဝဠာတစ်ခုလုံး ပျံ့နှံ့သွား၏။
ကြွေကျသွားသည့် ကြယ်တစ်စင်းနှယ် … ပွင့်လန်းနေသည့် နက်ဗြူလာတစ်ခုနှယ် … အနှိုင်းမဲ့၍ မှော်ဆန်လှသည့် မြင်ကွင်းကို ပုံဖော်လျက် …
—
အကြောက်အလန့်မရှိဆုံး ပူးပေါင်းကြံစည်မှုနှင့် နိုင်ငံ့သူရဲကောင်း ကျဆုံးမှုတို့သည် အင်ပါယာ၏ ထောင်စုနှစ်များအတွင်း ထိတ်လန့်စရာ အကောင်းဆုံး ဖြစ်ခဲ့၏။ အစစ်အမှန် သူရဲကောင်းများသည် အင်ပါယာထံသို့ သုံးရက်အကြာ၌ ပြန်ရောက်လာကြသည်။
ထိုအခါမှသာ အင်ပါယာရှိ လူများသည် ခံတပ်နှင့် ကြယ်ခွဲများ ကျော်ဖြတ်ခဲ့ရသော အန္တရာယ်များကို နားလည်လာကြ၏။ သူတို့က စစ်သားများ၏ အားစိုက်မှုကိုလည်း သိရှိလာကြသည်။ မက်ခါငယ်လေး တစ်စင်းသည် အဓိကနယ်မြေသို့ ရောက်လာခဲ့ပြီး ဧကရာဇ်ရှိနေသည့် နန်းတော်ထံသို့ ဦးတည်သွားခဲ့၏။
အံ့အားသင့်စရာကောင်းစွာပင် နန်းတော်၌ လူနှစ်ဦးသာရှိနေခဲ့သည်။
တစ်ဦးမှာ ဝမ်ကျောက်ကောဖြစ်၏။ ကျန်တစ်ဦးမှာ အားဇယ်ထံမှ ဆက်သွယ်မှုမရခဲ့သဖြင့် ဝိတ်အတော်အတန် ကျဆင်းသွားသည့် ရှုကျစ်ဟန်ဖြစ်သည်။
ဝမ်ကျောက်ကော၏ လက်ထဲ၌ ချက်စ်အပိုင်းအစ တစ်ခု ရှိနေ၏။ သို့သော် ဟယ့်ယွင်ထင်၏ တင်ပြချက်များကြောင့် သူ့မျက်နှာတစ်ခုလုံး အေးစက်သွားခဲ့သည်။
ယခုအခါ အချို့အရာများကို ဖုံးကွယ်ရန် မလိုတော့ပြီဖြစ်သည်။ အချို့အရာများကိုမူ ဖြေပေးရန် လိုအပ်လာ၏။
လင်းဟန်သည် ရှုကျစ်ဟန်ထံသို့ လျှောက်သွားကာ တစ်လုံးချင်း ပြောလိုက်သည်။
“ပရော်ဖက်ဆာရှု … ဒါကိုသိလား … ကျွန်တော်လည်း စိတ်ဖတ်နိုင်တယ်လေ …”
သူက ထိုသို့ပြောပြီးသည်နှင့် တစ်ဖက်လူ၏ အံ့အားသင့်နေသော မျက်ဝန်းများကို လျစ်လျူရှုကာ ထိုသူ၏ လက်အား ဆုပ်ကိုင်လိုက်၏။
တစ်ချိန်ထဲမှာပင် ဝမ်ကျောက်ကော၏ လက်တွင်းရှိ ချက်စ်အပိုင်းအစသည်လည်း လွတ်ကျသွားခဲ့လေသည်။
—
“လင်းဟန် .. လင်းဟန် …”
ဝမ်ကျောက်ကောသည် ထိုအမည်ကို နှစ်ကြိမ်ရေရွတ်ရင်း ခါးသက်သက် ပြုံးလိုက်သည်။
“ကျုပ် တကယ်ကို အိုနေပြီပဲ … ဒါကိုမေ့သွားတာ မယုံနိုင်ဘူး ...”
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည့် လူတစ်ဦးရှိသည်။
ဝမ်ကျောက်ကောသည် သူမ အဘယ့်ကြောင့် ရုတ်တရက် ပျောက်ဆုံးသွားရကြောင်း နားမလည်ခဲ့ချေ။ မိန်းကလေးသည် ချက်စ်ကစားရခြင်းကို နှစ်သက်၏။ သူက သူမအတွက် တန်ဖိုးကြီး ကျားကစားခုံတစ်ခု လက်ဆောင်ပေးခဲ့သည်။ မိန်းကလေးသည် သူ့နားနားကပ်ကာ တီးတိုးပြောခဲ့၏။
‘ကျွန်မက စိတ်ဖတ်နိုင်တယ် … ရှင်ကျွန်မကို ညာလို့မရဘူး …’
သူမက ပြောခဲ့သေး၏။ ‘ညက အရမ်းမှောင်နေရင်တောင် အလင်းကို ရှာတွေ့နိုင်မှာပါ …’
ဟန် ဟူသည့် စာလုံးသည် ‘တောက်ပသော ကောင်းကင်’ ဟု အဓိပ္ပာယ်ရ၏။
“လင်းဟန် … ”
ဝမ်ကျောက်ကော၏ အသံသည် တုန်ယင်နေခဲ့သည်။
“မင်းရဲ့ အမေက နာမည်ဘယ်လိုခေါ်သလဲ … ”
လင်းဟန်သည် ကြောင်အသွားကာ အလွန်နူးညံ့၍ လှပမှုများ ကိန်းအောင်းနေသည့် အမည်တစ်ခုကို ပြောလိုက်မိ၏။
ဝမ်ကျောက်ကော၏ အမူအရာသည် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက မြေပေါ်တွင် လဲကျနေသည့် အမျိုးသားထံသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားခဲ့၏။
ရှုကျစ်ဟန်သည် မသက်မသာခံစားနေရသည်။ စိတ်ဖတ်သူနှစ်ဦး ပူးပေါင်းသွားချိန်၌ လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ခံလိုက်ရပြီဖြစ်၏။ သူ့၌ ကလေးတစ်ဦးမှ မရှိခဲ့ချေ။ သူချစ်ရသော နှင်းပန်းလေးသည် သူ့ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့၏။
ဝမ်ကျောက်ကောသည် ရှုကျစ်ဟန်အား ကြည့်လိုက်သည်။ သူက တစ်ဖက်လူ၏ မေးကို ဖျစ်ညှစ်လိုက်၏။
“ပရော်ဖက်ဆာရှု … စိတ်ဖတ်နိုင်တယ်မဟုတ်လား … ကျုပ်ရဲ့စိတ်ကိုဖတ်ကြည့်စမ်းပါ … ကျုပ်ခင်ဗျားကို ဘယ်လိုနည်းနဲ့ သတ်မလဲ သိရအောင် …”
—
နောက်ထပ်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည် အကျိုးအကြောင်းသင့်လှ၏။
လင်းဟန်၏ မိခင်သည် ရှုကျစ်ဟန်၏ ကျောင်းသူတစ်ဦးဖြစ်သည်။ သူမသည် ဝမ်ကျောက်ကောနှင့် လက်ထပ်တော့မည့်အချိန်၌ မတော်တဆဖြစ်ခဲ့၏။
ကံကောင်းစွာဖြင့် သူမသည် သူမကဲ့သို့ နူးညံ့သော ကလေးတစ်ဦးအား ချန်ထားရစ်ခဲ့သည်။
ဧကရာဇ်သည် စည်းလွတ်ဝါးလွတ် နေတတ်သူဖြစ်၏။ သို့သော် သူက အပြစ်ရှိစိတ်ကို ပြသရန် သူ၏ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော ကလေးအတွက် မှတ်တမ်းတင် အခမ်းအနား ကျင်းပပေးခဲ့သည်။
ရိုးရာအခမ်းအနားများသည် အလျင်စလို ပြုလုပ်ခဲ့ရသည်။ ဝမ်ကျောက်ကောသည် ကလေးအား သူ၏ မျိုးရိုးအမည်ကို မဆက်ခံစေခဲ့ပဲ နှစ်ပေါင်းများစွာ မဖြည့်ဆည်းနိုင်ခဲ့သည့် တာဝန်များကိုသာ ဖြည့်ဆည်းပေးခဲ့၏။
သူက သူ၏ ကလေးအား အင်ပါယာရှိ လူများသည် သူ့အပေါ် ချစ်ခင်ကြလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ တစ်ချိန်ထဲမှာပင် ထိုသူ လုပ်ချင်သည့် ကိစ္စတိုင်းကို ဆက်လက်လုပ်ဆောင်စေခဲ့၏။
နောက်ပိုင်းတွင် လင်းဟန်က ထိုနေ့သည် သူ၏ အတောက်ပဆုံးနေ့ရက်များအကြား၌ သာမန်နေ့တစ်နေ့သာ ဖြစ်ကြောင်း နားလည်လာခဲ့၏။
သူက နန်းတော်၏ ခမ်းနားပုံကို တွေ့ခဲ့ရသည်။ လှပသော ဂုဏ်ပြုတေးများကို နားထောင်ခဲ့ပြီး လေထဲတွင် ပျံ့လွင့်နေသည့် မွှေးပျံ့သော ရနံ့ကို ရှူရှိုက်ခဲ့၏။
လင်းဟန်သည် လှပသော ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ခါးလိုင်းသည် သေသပ်စွာ ထွက်ပေါ်နေသည်။ သူ့ပခုံးထက်၌ လှပသော ပခုံးကာများ ရှိနေပြီး ကော်လာများကိုမူ ဇာဖြင့် အနားကွပ်ထား၏။ ကော်လာနှစ်ခု၏ အဆုံး၌မူ ဧကရာဇ်အပေါ် သစ္စာရှိမှုနှင့် ဂုဏ်ကျက်သရေကို ကိုယ်စားပြုသည့် မြစိမ်းရောင် ရင်ထိုးက နေရာယူလျက်ရှိသည်။
သူက တစ်စုံတစ်ဦး သူ့ထံသို့ လျှောက်လာကြောင်း သတိပြုလိုက်မိ၏။
ဟယ့်ယွင်ထင်သည် သူ့အား မမှိတ်မသုန် စိုက်ကြည့်လျက် သူ့ထံသို့ လျှောက်လာနေခဲ့သည်။
သူ၏ ဗိုလ်ချုပ်သည် ယခင်အချိန်များကဲ့သိုပင် သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လာနေခဲ့သည်။ ထိုသူက မေ့လျော့ခံရသည့်တိုင် ဖျက်မပစ်နိုင်ခဲ့သော မှတ်ဉာဏ်များကို ဖြတ်သန်း၍ လျှောက်လာနေခဲ့၏။
လင်းဟန်၏ မျက်ဝန်းထောင့်လေ့များ ကွေးညွှတ်သွားသည်။ သူက ဟယ့်ယွင်ထင်ထံသို့ လက်ဆန့်လိုက်၏။
သူ၏ သူရဲကောင်းသည် သူ့အား ဒူးတစ်ဖက်ထောက်လျက် တော်ဝင်အလေ့အထအတိုင်း အလေးပြုခဲ့သည်။ ထို့နောက် မျက်ဝန်းများကို မှိတ်ကာ သူ၏ လက်ကို ဆွဲယူနမ်းရှိုက်လိုက်၏။
ထိုသူ ခေါင်းမော့လိုက်ချိန်၌ လင်းဟန်သည် သူ့ထံသို့ လှမ်းလာရန် အလင်းနှစ် ကုဋေကဋာ ဖြတ်သန်းခဲ့ပုံရသည့် တောက်ပသော နက်ဗျူလာအား မျက်ဝန်းပြာများထဲတွင် တွေ့လိုက်ရသည်။
ဟယ့်ယွင်ထင်သည် သူ့အား ပြုံးပြလာခဲ့၏။
ထိုသူ၏ မျက်ဝန်းများထဲ၌ ကြွေကျသွားသော ကြယ်တစ်စင်း၏ နွေးထွေးမှုများ ရှိနေသည်။
ထို့နောက် လင်းဟန်သည် ထိုသူ၏ စကားသံကို ကြားလိုက်ရသည်။
“ကြင်နာမှုအတွက် ဝမ်းမြောက်မိပါတယ် … အရှင့်သား … ”
ဝမ်ကျောက်ကောသည် အတိတ်အကြောင်း စဉ်းစားလိုက်မိသည်။
သူက အတိတ်ကို တွေးတောကာ နောင်တရတတ်သည့် လူစားမျိုး မဟုတ်ချေ။ သို့သော် ဤကာလအတွင်း ယခင်အချိန်များကို မကြာခဏ တွေးမိနေခဲ့၏။
သို့သော် သူက အမည်တစ်ခုကို အတည်ပြုရန် လိုအပ်သည့်အလျောက် ထုတ်ပြောခဲ့ရ၏။ ထိုအချိန်မှသာ သူသည် ထိုအမည်အား တခဏလေးပင် မမေ့ခဲ့ဖူးကြောင်း နားလည်လာခဲ့သည်။
၎င်းက မိုးသောက်အချိန်တွင် ကျဆင်းသည့် နှင်းရည်စက်ပမာ ကြည်လင်သန့်ရှင်းသော နှင်းပန်း၏ မွှေးရနံ့ကိုပင် လွမ်းဆွတ်လာစေခဲ့၏။
ငါ သူမကို ဘယ်လိုသိခဲ့ပါလိမ့် …
ဝမ်ကျောက်ကောသည် အသက်ပြည့် အခမ်းအနားမှအပ အဆိုပါ ရိုးရာပွဲတော်များ၌ ပါဝင်လေ့မရှိချေ။ သူ မင်းသားအဖြစ် ရှိခဲ့စဉ်က သူသည် လူထုရှေ့၌ ထွက်ပေါ်လာခဲ့ခြင်း မရှိသလောက် ရှားပါး၏။
သူက ထိုသို့ ဖြစ်စေခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က သူသည် ပေါ့ပါး၍ လွတ်လပ်၏။ သူ့အား မည်သူမှ မသိကြခြင်းသည် သတင်းထဲ၌ နေ့စဉ်ပါဝင်၍ လူများ၏ ဦးညွှတ်ခြင်း ခံရသည်ထက် ပိုမိုကောင်းမွန်၏။
ဤသို့ဖြင့် သူသည် သူ့ဘဝထဲတွင် ပွင့်လန်းလာခဲ့သည့် နှင်းပန်းကလေး တစ်ပွင့်နှင့် တွေ့ဆုံခဲ့ရသည်။
သူသည် သူမနှင့် ကျောင်းမတူသည့်တိုင် ကျောင်းသားကဒ်ကို ငှားရမ်း၍ ထိုကျောင်းသို့ သွားရောက်လည်ပတ်ခဲ့၏။ သူ့၌ အခြားအတွေးများမရှိချေ။ သူသည် ငယ်စဉ်ကလေးဘဝကပင် အဆိုပါ ဆင်စွယ်ရောင် အဆောက်အဦးအကြောင်း သိလိုခဲ့ခြင်းဖြစ်၏။
မိန်းကလေး၏ အမူအရာသည် ဝင့်ကြွားခြင်းမရှိသည့်တိုင် သူမသည် တောက်ပလျက်ရှိ၏။ ဝမ်ကျောက်ကောသည် သူမထံမှ အကြည့်မလွှဲနိုင်ဖြစ်ခဲ့ရသည်။
သူက ရှက်တတ်သည့် လူတစ်ဦးမဟုတ်ချေ။ သူမနှင့် ရက်အနည်းငယ်ကြာ အတန်းတက်ပြီးသည့်နောက် သူမ၏ နံဘေးတွင် ထိုင်ခဲ့၏။ သို့သော် မိန်းကလေး၏ အာရုံသည် သူ့ထံသို့ ရောက်မလာခဲ့ချေ။
ဝမ်ကျောက်ကောသည် အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။ သို့သော် မကြာခင်မှာပင် မိန်းကလေးသည် ချက်စ်ကစားရသည်ကို နှစ်သက်ကြောင်း သူသိလာ၏။
၎င်းအချက်က ဝမ်ကျောက်ကောအား တစ်ဖက်လူထံ ချဉ်းကပ်နည်း အသစ်များ စဉ်းစားမိစေခဲ့သည်။
သူက အနီးရှိ ကျောင်းတစ်ခုမှ ချက်စ်ကစားသူ တစ်ဦးအနေဖြင့် သူမထံ ချဉ်းကပ်ခဲ့၏။ သူက ကိုယ်ရံတော်များကို အနည်းငယ် သရုပ်ဆောင်စေခဲ့သည်။ ထို့နောက် မိန်းကလေးနှင့် စကားပြောခွင့် ရလာခဲ့၏။
မိန်းကလေးသည် ချက်စ်ကစားရခြင်းကို အလွန်နှစ်သက်လေသည်။ ဝမ်ကျောက်ကောက သူမအား မေးခဲ့၏။
“မင်း ကိုယ့်အကြောင်း မသိချင်ဘူးလား …”
“ရှင်လား …”
တစ်ဖက်လူသည် ချက်စ်ကစားနည်းထက်၌ မြဲမြံစွာ ကျရောက်နေသည့် မျက်ဝန်းအကြည့်အား သူ့ထံသို့ ပြောင်းရွှေ့လိုက်၏။
“ရှင်ကျွန်မကို စိတ်ဝင်စားနေလို့ တခြားပုံစံနဲ့ ထပ်ပြီးချဉ်းကပ်လာခဲ့တာလေ …”
သူမသည် မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ပြုံးလိုက်၏။
“မဟုတ်ဘူးလား … စီနီယာ …”
ဝမ်ကျောက်ကောသည် စကားအရှည်ကြီး ပြင်ဆင်ထားခဲ့၏။ သို့သော် တစ်ဖက်လူက အရာအားလုံးကို သိနေခဲ့သည်။
“…”
“ကျွန်မ ဘယ်သူ့ကိုမှ မပြောပြပါဘူး …”
မိန်းကလေးက ချက်ချင်း တောင်းပန်လိုက်သည်။
“ကျွန်မကို စိတ်မဆိုးပါနဲ့ …”
ဝမ်ကျောက်ကောသည် သေချာပေါက် စိတ်မဆိုးခဲ့ချေ။
သူက နောက်ထပ် ဘာလုပ်ရမှန်း မသိတော့ရုံသာဖြစ်၏။
ကံကောင်းစွာဖြင့် သူတို့နှစ်ဦးသည် အတန်ကြာ အတူတကွ ရှိနေခဲ့သည်။ တစ်ဖက်လူသည်လည်း သူ့အား အခက်တွေ့အောင် မလုပ်ဆောင်ခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် သူမသည် ချက်စ်ကစားနည်းကို အလွန်နှစ်သက်၏။ ဝမ်ကျောက်ကောသည်လည်း ထိုကစားနည်း၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လေသည်။
ဝမ်ကျောက်ကောသည် စတင်၍ ကိစ္စကြီး ကိစ္စငယ်များကို ကိုင်တွယ်လာရ၏။ သူက အားလပ်ချိန် များများစားစား မရှိသည့်တိုင် တစ်ဖက်လူအား အချိန်ပေးနိုင်အောင် ကြိုးစားခဲ့သည်။ သူသည် ပုံမှန်အားဖြင့် ပျော်ပျော်နေတတ်ပြီး အလေးအနက် မရှိချေ။ သို့သော် ဤကိစ္စ၌မူ အထူး ဂရုစိုက်၍ ပြုမူနေမိ၏။
ထိုစဉ်က အင်ပါယာသည် အေးချမ်းနေခဲ့သည်။ သို့သော် ဝမ်ကျောက်ကောကမူ ပို၍ ခက်ခဲပြင်းထန်သည့် လေ့ကျင့်မှုများအား ရယူလိုဆဲပင်။ သူက ပိုင်းလော့များနှင့် လက်တွေ့လေ့ကျင့်ရေး ခရီးတစ်ခုသွားခဲ့၏။ ထိုခရီးသည် သုံးလကျော် ကြာမြင့်သွားခဲ့သည်။
သူက ထိုသို့သော ကိစ္စရပ်များ၌ ပေါ့ပေါ့ဆဆ တစ်ခါမှ မလုပ်ခဲ့ချေ။ သူက သူ၏ တာဝန်အကြောင်း ကောင်းစွာနားလည်၏။
အဆိုပါ သုံးလအတွင်း သူသည် အထီးကျန်မှုနှင့် လွမ်းဆွတ်မှုတို့အား ခံစားခဲ့ရသည်။
ဖြစ်နိုင်ပါက သူသည် ထိုအမည်အား နှလုံးသားတွင်း၌ ရေးထွင်း၍ ထားချင်မိ၏။
အဆိုပါ သုံးလပြီးသည့်နောက် ဝမ်ကျောက်ကောသည် စခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ ရုတ်တရက် သူက ထပ်မံ၍ မစောင့်ဆိုင်းလိုတော့ချေ။
သူ ငြင်းဆန်ခြင်းခံရလျှင်ပင် ကိစ္စမရှိချေ။ ရလဒ်က မည်သို့ ဖြစ်ပေါ်လာသည်ဖြစ်စေ၊ လက်ရှိနေရာ၌ ရပ်တန့်နေခြင်းထက် ပို၍ ကောင်းမွန်နေမည်သာ။
သူက ပြောသည့်အတိုင်း လုပ်ခဲ့သည်။ သူ့ကိုယ်သူ အနားယူပြင်ဆင်ခြင်းပင် မလုပ်တော့ပဲ လေ့ကျင့်ရေးကြောင့် ပင်ပန်းနေသည့်ခန္ဓာကိုယ်ဖြင့် သူမထံသို့ ဦးတည်ခဲ့၏။
တစ်ဦးနှင့်တစ်ဦး သုံးလကြာ ခွဲခွာခဲ့ရပြီးနောက် မိန်းကလေး၏ အကြည့်သည်လည်း ပြောင်းလဲသွားကြောင်း ဝမ်ကျောက်ကော သိခဲ့၏။ သို့သော် မည်သည့်အရာ ပြောင်းလဲသွားကြောင်း သူ မသိချေ။
တစ်ဖက်လူက သူ၏ လက်ကို ခပ်ဖွဖွထိကာ ပြောလိုက်သည်။
“ကျွန်မတို့ ချက်စ် ကစားကြမလား … ရှင်နိုင်ရင် ကျွန်မ ရှင်ပြောမယ့်အရာကို သဘောတူပေးမယ် ..”
ဝမ်ကျောက်ကောသည် ထိုအရာကို ကြားရသည့်နောက် အတန်ကြာ ကြောင်အသွားခဲ့၏?
အဘယ့်ကြောင့်ဆိုသော် သူတို့၏ အရည်အချင်းအရ တစ်ဖက်လူ မည်မျှ ထက်မြက်သည်ဖြစ်စေ၊ ဝမ်ကျောက်ကောသည် သူမအား အလွယ်တကူ အနိုင်ပိုင်းနိုင်၍ ဖြစ်၏။
“ကောင်းပြီ …”
ချက်စ်ကစားနည်း၏ စည်းမျဉ်းများမှာ ရိုးရှင်း၏။ သို့သော် သူတို့နှစ်ဦးလုံး စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကစားပွဲအစ၌ပင် ဝမ်ကျောက်ကောသည် အသာစီးရခဲ့သည်။ သူလုပ်ရမည်မှာ တစ်ဖက်လူ၏ စစ်တပ်ကို တစ်ဆင့်ချင်း ရှင်းလင်း၍ ဘုရင်အား စားရန်သာ ဖြစ်၏။
ဝမ်ကျောက်ကော ဘုရင်အား စားတော့မည်ဟု တစ်ဖက်လူ တွေးနေစဉ်မှာပင် သူက သူ၏ ဘုရင်အား တစ်ဖက်လူ၏ ကွန်ရက်အတွင်းသို့ ချလိုက်၏။
စည်းမျဉ်းများအရ မိမိ၏ ဘုရင်ကို တစ်ဖက်လူ၏ ကွန်ရက်အတွင်းသို့ မပို့သင့်ချေ။ ကစားသူသည် ထိုအတိုင်း လုပ်ဆောင်ပါက ရှုံးနိမ့်သွားပေလိမ့်မည်သာ။
မိန်းကလေးက အံ့အားသင့်နေစဉ်မှာပင် ဝမ်ကျောက်ကောသည် ဘုရင်ကို ဘုရင်မအနီးသို့ တိုးကပ်စေလိုက်သည်။
စည်းမျဉ်းများအရ ဝမ်ကျောက်ကောသည် မိမိ၏ နိုင်ကွက်အား ဖျက်ဆီးလိုက်သူသာ ဖြစ်လေသည်။
သို့သော် သူက တည်ငြိမ်စွာဖြင့် သူတို့နှစ်ဦးသာ ကြားနိုင်မည့် အသံဖြင့် ပြောလိုက်၏။ : “ဘုရင်မ … ကိုယ်မင်းရှုံးမှာကို မကြည့်ရက်ဘူး …”
“မင်းက အရမ်းညှို့ယူနိုင်လွန်းတယ် …”
သူက ချက်စ်ဘုတ်အား လက်ချောင်းများဖြင့် ထိခေါက်နေခဲ့သည်။ သို့သော် ထိုလက်ချောင်းများသည် တစ်ဖက်လူ၏ နှလုံးသားအား ထိတွေ့နေသည့်နှယ် ရှိ၏။
မိန်းကလေးသည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူမ၏ လက်ကို ဆန့်ကာ ဝမ်ကျောက်ကော၏ လက်အား အုပ်ကိုင်လိုက်သည်။
“ကျွန်မ ဆုံးဖြတ်ချက်ချမယ် …”
ဘန်း …
အနိုင်ရသူ ထွက်ပေါ်လာပြီ ဖြစ်သည့် ချက်စ်ဘုတ်သည် အမှောက်ခံလိုက်ရ၏။ ချက်စ်ရုပ်များသည် ပုလဲနှင့် ကျောက်စိမ်းများသဖွယ် မြေပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းကုန်ကြသည်။
ထိုအသံများအကြားတွင် ဝမ်ကျောက်ကောသည် တစ်ဖက်လူ၏ မေးဖျားကို ဆုပ်ကိုင်လျက် တုံ့ဆိုင်းခြင်းမရှိ ထိုသူအား နမ်းရှိုက်လိုက်လေသည်။
မိန်းကလေးသည် ယခင်ကဲ့သို့ တည်ငြိမ်မနေနိုင်တော့ချေ။ တိတ်ဆိတ်နေသော လေထုအတွင်း၌ သူတို့၏ နှလုံးခုန်သံများကမူ ထပ်တူကျသွားခဲ့သည်။
ဝမ်ကျောက်ကောသည် မျက်လုံးများကို မှိတ်ကာ ခံစားချက်များကို နှလုံးသွင်းလိုက်သည်။ သူက လက်သီးတင်းတင်း ဆုပ်လိုက်မိသည့်တိုင် အနမ်းကိုနက်ရှိုင်းလိုက်ဆဲပင်။ ဝမ်ကျောက်ကောအတွက် သုံးလဟူသည့် အချိန်ကာလသည် ရှည်ကြာလွန်းသည်ဟု ခံစားလိုက်ရ၏။ သူက ဤအရာကို စောစော လုပ်ဆောင်ခဲ့သင့်ပေသည်။
မိန်းကလေးသည် သူ့ အနမ်းခံရပြီး သူ့လက်မောင်းအကြား ခိုဝင်နေခဲ့သည်။ ခေါင်းလောင်းပန်း ရနံ့သင်းသင်းသည် ထိုအနမ်းကြား၌ ပျံ့လွင့်လျက်ရှိသည်။
“မကြောက်ပါနဲ့ …”
ဝမ်ကျောက်ကောသည် မိန်းကလေး၏ ဆံစများကို ပွတ်သပ်ပေးကာ ပြောလိုက်၏။
“ကိုယ်မင်းအလိုအတိုင်း ဖြည့်ဆည်းပေးမှာပါ …”
တစ်ဖက်လူက ခေါင်းမော့ကာ သူ့အား ကြည့်လိုက်၏။ ခဏအကြာ၌ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။
နောက်ပိုင်းတွင် ဝမ်ကျောက်ကောသည် ထိုနှစ်ကာလများမှာ အလွတ်လပ်ဆုံး ကာလများ ဖြစ်သည်ဟု တွေးမိလာခဲ့သည်။
သူ့အား သိရှိသူ များများစားစား မရှိချေ။ သူ့အတွေးများသည် လွတ်လပ်နေပြီး လုပ်ချင်သည့် ကိစ္စတိုင်းကို လုပ်ဆောင်နိုင်၏။ သို့သော် သူ့အရှေ့ရှိလူကမူ ထိုစဉ်ကတည်းက အရာအားလုံးကို သိရှိနေခဲ့သည်။
သူ၏ နှင်းပန်းကလေးသည် သူမ၏ ကျောင်းပညာကို ဆက်လက်တက်ရောက်လို၏။ ထို့ကြောင့် သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့သည်။ သူမ ကျောင်းပြီးချိန်၌ အရာရာသည် သူတို့စိတ်ကူးယဉ်ထားသကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူထင်ခဲ့သည်။
သူက တစ်ဖက်လူအား ရာထူး၊ ဂုဏ်ကျက်သရေနှင့် ထာဝရတည်မြဲမည့် အချစ် အရာရာကို ပေးဆပ်ချင်မိသည်။
ချမ်းသာခြင်းကို သူမ မမက်မောသည့်တိုင် ထိုအရာသည် သူမ၏ အမည်နောက်၌ ကပ်ပါနေပေလိမ့်မည်။ သူက သူမ တစ်ဦးထဲ ပိုင်ဆိုင်သည့် စက်ပစ္စည်းတိုင်းတွင် သူမ၏ အမည်ကို လျှို့ဝှက်ကုဒ်အဖြစ် ထားပေးခဲ့သည်။ သူမသည် အင်ပါယာထဲတွင် ရှိနေသရွေ့ သူက စိုးရိမ်ခြင်းမရှိချေ။ဝမ်ကျောက်ကောသည် သူ၏ အမည်ကို အားလုံးရှေ့တွင် ကြေငြာရန် ညပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူမ ဘွဲ့ရသည်နှင့် သူသည် သူ၏ ပွင့်လန်းနေပြီဖြစ်သော နှင်းပန်းကလေးအကြောင်း အားလုံးကို ကြေငြာမည်ဖြစ်သည်။ သူမအား အားလုံးက လေးစားကြရမည်။
ဘွဲ့မယူခင် တစ်ညအလို၌ ဝမ်ကျောက်ကောသည် သူမအား အလွန် အမှတ်အသားပေးချင်ခဲ့သည်။ သို့သော် သူက မနက်ဖြန်၌ သူမ အားအင်ကုန်ခမ်းနေမည်ကို စိတ်ပူနေရပြန်၏။ သူက သူမ၏ လည်တိုင်အနောက်ဘက်ကို လျက်ကာ နှင်းပန်းရနံ့အား စုပ်ယူနေခဲ့သည်။
သူက သူ၏ နောက်ကျောထက်ရှိ တစ်ဖက်လူ၏ လက်ကို ခံစားမိလိုက်သည်။
“မင်း ဘာကြားလဲ ..”
တစ်ဖက်လူသည် ရှက်သွေးဖြာသွားကာ စကားပင် မပြောနိုင်တော့ချေ။ ဝမ်ကျောက်ကောက သူ့အတွေးများကို သူမ ကြားနိုင်ကြောင်း သိလိုက်၏။ သူ၏ သက်ပြည့်အခမ်းအနားသည် စတင်၍ စီစဉ်နေပြီဖြစ်သည်။
သူက ထိုနေ့ရက်၌ သူမ၏ လက်ကို ဆုပ်ကိုင်လျက် ကော်ဇောနီထက်တွင် လျှောက်လှမ်းရလိမ့်မည်။ သူက အရာအားလုံးကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။
👾