Chapter 65
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၅) သူက သူမကို နှစ်သက်သဘောကျနေမိသည်။ ငါ အိုဖီလီယာကို သဘောကျနေမိပြီ။ နောက်ဆုံးတွင် ဆိုဗက်စ်စတာသည် သူ့စိတ်သူ နားလည်သွားခဲ့၏။သူ ဝန်မခံချင်သော်လည်း မတတ်သာသဖြင့် ဝန်ခံရတော့မည်။သူ အိုဖီလီယာကို သဘောကျသည်။အများကြီး သဘောကျရသည်။ ဒီလို ဖြစ်လို့ မရဘူးလေ။ သူ တစ်ဖက်လှည့်လိုက်ပြီး မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်မိ၏။ ဟုတ်တယ်၊ဒီလိုမျိုး ဖြစ်လို့ မရဘူး။ ဒါက အဓိပ္ပါယ် မရှိဘူး။ ငါက တစ်စုံတစ်ယောက်ကို နှစ်သက်သဘောကျမိလိမ့်မယ်လို့ ငါ မယုံဘူး။ ဆိုဗက်စ်စတာ၏ ခေါင်းထဲတွင် အတိတ်အကြောင်းအရာများက မြင်ကွင်းကျယ်တစ်ခုအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။အတိတ်က သူ့အမေနှင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သူ ပြန်သတိရသွားမိသည်။ ဆိုဗက်စ်စတာ၏မိခင်သည် မှော်နက်စုန်းမတစ်ယောက် ဖြစ်ပြီး သူမက သူမ၏ခံစားချက်များကို စတေးယဇ်ပူဇော်ခြင်း မပြုဘဲ ထိုအစား ဆိုဗက်စ်စတာ၏စိတ်ခံစားချက်များကို အသုံးချခဲ့သည်။ ထိုခံစားချက်များမှာ ချစ်ခြင်းမေတ္တာ ဖြစ်လေသည်။ ကလေး၊မင်း အမေ့ကို ချစ်တယ်မလား။ မင်း အမေ့ကို ခြွင်းချက်မရှိဘဲ အမြဲ ချစ်နေရမယ်နော်။ သူမက သူမကို ချစ်လာစေရန် ဆိုဗက်စ်စတာကို တွန်းအားပေးခဲ့သည်။ သူမ၏စွမ်းအားများ အနည်းငယ် အားနည်းလာလျှင်ပင် သူမက ဆိုဗက်စ်စတာကို ဆူပူကြိမ်းမောင်း၍ ရိုက်နှက်တတ်လေသည်။သူ အသက် အလွန်ငယ်စဥ်က သူ့အမေကို အမှန်ပင် ချစ်ခဲ့သည့်တိုင် သူ အသက်ကြီးလာချိန်တွင် တစ်ခုခု ထူးဆန်းနေသလို ခံစားရသဖြင့် ချစ်မြတ်နိုးပေးရန် ကြိုးစားခဲ့ရသည်။တစ်ချိန်တည်းမှာပင် သူ့အမေအပေါ် ထားရှိသော သူ၏ချစ်ခြင်းမေတ္တာများမှ တစ်စတစ်စ လျော့နည်းလာရသည်။ ချစ်ခြင်းမေတ္တာများ မှေးမှိန်သွားချိန်တွင် သူ့အမေက သူ့ကို ထားပစ်ခဲ့သည်။ မင်းက အသုံးမဝင်တော့ဘူး။ ထိုသို့ ပြော၍။ ဆိုဗက်စ်စတာသည် သစ္စာဖောက်ခံရသဖြင့် အကြီးအကျယ် ထိတ်လန့်သွားခဲ့ရသည်။ထိုအချိန်တွင် သူ့အမေက ဆိုဗက်စ်စတာကို လမ်းမပေါ်တွင် တစ်ယောက်တည်း စွန့်ပစ်ခဲ့သဖြင့် သူ သန္နိဋ္ဌာန် ချခဲ့သည်။ သူ ဘယ်သူ့ကိုမှ မချစ်ဘူး။သူ ဘယ်သူ့ကိုမှ နောက်ထပ် မချစ်တော့ဘူး။ သို့သော် ယခု အိုဖီလီယာအပေါ်၌ ... ဖြစ်နိုင်စရာအကြောင်း မရှိဘူး။ ၎င်းမှာ အဓိပ္ပါယ် မရှိပေ။ထိုသို့ ဖြစ်မလာသင့်။ ဆိုဗက်စ်စတာ သူ့ကိုယ်သူ ထိန်းချုပ်ထားရန် ဆုံးဖြတ်လိုက်သည်။သူ အိုဖီလီယာကို နှစ်သက်သဘောကျမည် မဟုတ်ပေ။ဘယ်သော အခါမှ။ "ဟန်နီ!" ဆိုဗက်စ်စတာ ဆုံးဖြတ်ချက်ချရန် ကြိုးပမ်းနေချိန်တွင် အိုဖီလီယာက သူ့အနား ရောက်လာခဲ့သည်။ "ရှင် ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ။အဆင်ရော ပြေရဲ့လား။" ထိုအခါတွင် ဆိုဗက်စ်စတာက မျက်လုံးလှန်၍ အိုဖီလီယာကို ကြည့်လိုက်သည်။ဆိုဗက်စ်စတာ အံကြိတ်ထားမိ၏။ "ကိုယ် အဆင်ပြေတယ်။" သူက အိုဖီလီယာ၏မျက်ဝန်းများကို ရှောင်ရှား၍ ပြောလိုက်သည်။ "မင်းရော ဘယ်လိုလဲ။ထိခိုက်မိသွားသေးလား။" "ကျွန်မရဲ့မျက်လုံးတွေ ထိခိုက်သွားပြီလို့ ရှင့်ကို ပြောခဲ့တယ်လေ။အခုထိ စိတ်ထဲ မသက်မသာ ဖြစ်နေရတုန်းပဲ။" ငါ့မျက်လုံးတွေ အိုဖီလီယာက တဖွဖွ ညည်းတွားလိုက်လေသည်။ သူမမှာ ချစ်စရာကောင်းလွန်းသဖြင့် ဆိုဗက်စ်စတာမှာ သူ့ကိုယ်သူပင် သတိမထားမိဘဲ ပြုံးလိုက်မိသည်။သို့သော် သူ ထိုအကြောင်းကို မြန်မြန်ဆန်ဆန် မေ့ပစ်လိုက်ရသည်။ ဒီလိုဖြစ်လို့ မရဘူး။သူ့ကိုယ်သူ ထိန်းချုပ်ရမယ်။ "ပထမဆုံး ကိုယ်တို့ တောအုပ်ထဲက ထွက်သွားရင် ပိုကောင်းလိမ့်မယ်။ဘီလူးတွေ ထပ်မရောက်လာခင်။" "ကျွန််မ သဘောတူတယ်။" အိုဖီလီယာ၏စကားများကို ကြားလျှင် ဆိုဗက်စ်စတာသည် အိုဖီလီယာ၏မျက်နှာကို မကြည့်ဘဲ ရှေ့ကနေ ဦးဆောင်၍ လမ်းလျှောက်သွားခဲ့၏။ထို့ကြောင့် အိုဖီလီယာ အနည်းငယ် သိချင်သွားသည်။ သူမကို ပြုံးပြနေခဲ့သူက ချက်ချင်းဆိုသလို အေးစက်သွားရသည်။သို့သော် ဆိုဗက်စ်စတာက အမြဲတစေ ခန့်မှန်း၍ မရနိုင်သော လူတစ်မျိုးပင်။ထို့ကြောင့် လက်ရှိ စိတ်အပြောင်းအလဲဖြစ်သွားခြင်းကို စိုးရိမ်နေစရာမလိုဟု သူမ ဆုံးဖြတ်လိုက်သည်။ သူမလည်း ဆိုဗက်စ်စတာနောက်သို့ လိုက်၍ တောအုပ်ထဲမှ ထွက်လာခဲ့သည်။ "ဟူး" ရေကန်ကို မြင်ရမှသာ သူမ စိတ်အေးသွားတော့သည်။ ဘီလူးများကို နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့သည့်တိုင် ကြောက်လန့်နေသော ခံစားချက်က ပျောက်ပျက်မသွားခဲ့ပေ။ အိုဖီလီယာမှာ ဘီလူးများကို ကြောက်လန့်နေဆဲ ဖြစ်သည်။သူမ၏ပခုံးများက တုန်ယင်နေပြီး အသက်ကို လေးပင်စွာ ရှူနေရလေသည်။ "ဘာဖြစ်လို့လဲ" ဆိုဗက်စ်စတာက မေးသည်။ "ကျွန်မ ကြောက်လို့။" အိုဖီလီယာ၏အဖြေစကားကြောင့် ဆိုဗက်စ်စတာက ခေါင်းကို စောင်းငဲ့လိုက်မိသည်။ "မင်း ကောင်းကောင်းကြီး တိုက်ခိုက်နိုင်ခဲ့တာကို ပြန်တွေးကြည့်လေ။" "တိုက်ခိုက်တာက တစ်ခု၊ကြောက်တာက တစ်ခု ၊သပ်သပ်စီပဲ။" "အဲ့လိုမျိုးလား။" ဆိုဗက်စ်စတာမှာ အိုဖီလီယာအတွက် စိတ်မကောင်းဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။သို့သော် သူ ခေါင်းခါလိုက်သည်နှင့် ထိုခံစားချက်က လွင့်ပြယ်သွားသည်။ သူ အိုဖီလီယာအပေါ် ခံစားချက်များ ထား၍ မရပေ။သူ ထိုသို့ လုပ်၍ မရနိုင်။ သူ ညည်းညူလိုက်ပြီး စိတ်ကို ပြန်လည် ပြင်ဆင်လိုက်သည်။ "ကြောက်စရာကောင်းတယ်ဆိုတာ သိနေရင် မင်း ဘာကြောင့် ဒီရေမွှေးကို ဆွတ်ပြီး ဘီလူးတောအုပ်ထဲ ဝင်လာရသေးတာလဲ။မင်း ရူးနေလား။" "ရေမွှေး ဟုတ်လား။" အိုဖီလီယာက ပြန်မေးရင်း နဖူးတွန့်လိုက်လေသည်။ "ဒီရေမွှေးက ဘာဖြစ်လို့လဲ။ပြဿနာ ရှိလို့လား။" "ရှိတာပေါ့။" အိုဖီလီယာ ဘာတစ်ခုမှ မသိမှန်း ဆိုဗက်စ်စတာ ရိပ်စားမိသွားပြီး ကျစ်ခနဲ စုတ်သပ်လိုက်ရသည်။ "ဒီအနံ့က ကာဘန်ပန်းနံ့လေ။" "အဲ့ဒါက ဘာလဲ။" "ဘီလူးတွေ အရမ်းကြိုက်တဲ့ အနံ့တစ်မျိုးလေ။ဒါက ငါးမန်းအပြည့်နဲ့ ပင်လယ်ထဲကို သွေးအိတ်ခုနစ်အိတ် လောင်းပြီး ခုန်ချလိုက်သလိုပဲ။မင်း နားလည်လား။" "..." အိုဖီလီယာမှာ မသိလိုက်ပါပဲ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ ဒီတော့ ငါဆီက ထွက်နေတဲ့ အနံ့ကြောင့် ဘီလူးတွေက ငါ့နောက် လိုက်လာတာပေါ့။ငါသာ မှော်နက်သုံးနည်းကို မသိခဲ့ရင် သေသွားမှာ ကျိန်းသေပဲ။ငါ သေချာပေါက် သေသွားရတော့မလို့။ဖလဲရ်က ငါ့ကို သတ်ပစ်ဖို့ ကြိုးစားခဲ့တာပဲ။ ဒီ မိန်းမယုတ်ကတော့ ... "ကျွန်မ ရေမွှေးဆွတ်လာခဲ့တာ မဟုတ်ဘူး။" အိုဖီလီယာက မကျေမချမ်းနှင့် အော်လိုက်သည်။ "ကောင့်မြို့စားကတော် ဖလဲရ်က ကျွန်မအရှေ့မှာ ရေမွှေးပုလင်း ကျကွဲသွားတာ။" "ဘာ" ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက အမှားတစ်ခုလား။" "ကျွန်မလဲ မသိဘူး။" "မတော်တဆ အမှား မဖြစ်နိုင်ဘူး။" သူက မေးစေ့ကို ပွတ်သပ်ရင်း ပါးစောင်ကို လျှာဖြင့် ထိုးလိုက်မိသည်။ ကောင့်မြို့စားကတော် ဖလဲရ် သူမက အလွန်အပြစ်ကင်းသော မိန်းမဟု အိုဖီလီယာထံမှ သူ ကြားဖူးခဲ့သည်။သို့သော် ယနေ့ သူမက ထိုကိစ္စကို လုပ်ခဲ့သည်။ အတော်လေး အန္တရာယ်ရှိတယ်။ ဆိုဗက်စ်စတာက ညည်းညူရင်း မျက်လုံးများ တဖျတ်ဖျတ်လက်သွားသည်။ပြီးနောက် ဒေါသထွက်နေသော အိုဖီလီယာကို သူ ကြည့်လိုက်သည်။ "မှန်တာပေါ့။အမှားလုပ်တာ မဟုတ်ဘူး။ဘုရားရေ၊သူမက တစ်စုံတစ်ယောက်ကို သတ်ဖို့ ကြိုးစားနေပါလား။သူမက ယုတ်မာရက်စက်တဲ့ မိန်းမပဲ။" ဆိုဗက်စ်စတာ ရယ်မောလိုက်မိသည်။ "မင်းလဲ အရင်တုန်းက လူငှားပြီး ကောင့်မြို့စားကတော်ကို သတ်ပစ်ဖို့ ကြိုးစားခဲ့သေးတာကို မေ့သွားပြီနဲ့ တူတယ်။" "တကယ်လား" "မင်းက သူမကို အဆိပ်ခတ်ထားတဲ့ လက်ဖက်ရည်တောင် အတင်းအကြပ် သောက်ခိုင်းသေးတယ်လေ။မင်း မမှတ်မိဘူးလား။" "..." အတိတ်မှ အိုဖီလီယာ သူမက အရူးမတစ်ယောက်ပဲ။ အိုဖီလီယာမှာ သူမ၏မျက်နှာကို လက်ဖြင့် အုပ်ထားမိလေသည်။ "ဘာပဲဖြစ်ဖြစ်ပါ၊ဒီနေ့ မင်းအတွက် တကယ်ပဲ အန္တရာယ်များခဲ့တယ်။မင်း သေသွားတော့မလို့ပဲ။" "ကျွန်မ သိတယ်။" "ဒါဆို ကိုယ်တို့ လက်စားချေဖို့ လိုတယ်။" "ဒါပေမဲ့ ခဏစောင့်ဦး။သက်သေမှ မရှိသေးတာ။" ဆိုဗက်စ်စတာက အိုဖီလီယာကို တည်ငြိမ်သွားစေလိုသဖြင့် ဖော်ရွေသော လေသံဖြင့် ပြောလိုက်သည်။ "မစိုးရိမ်နေနဲ့။ဒါကို ကိုယ့်ဘာသာပဲ ဂရုစိုက်ပေးလိုက်မယ်။" ထိုသို့ ရက်ရောမှုမျိုး ပေးသင့်သည်ဟု သူ တွေးမိသည်။ သူက အိုဖီလီယာကို နှစ်သက်သဘောကျနေ၍ မဟုတ်ဘဲ သူမအပေါ် ထိခိုက်အောင် လုပ်ဖို့ ကြိုးစားခဲ့သည့် တစ်စုံတစ်ယောက်ကို အပြစ်ပေးရမည် ဖြစ်သည်။ "ကိုယ့်ကို ယုံ။မင်း လိုချင်သလောက် ကိုယ် များများ လက်စားချေပေးမယ်။" သူက အိုဖီလီယာ၏ပခုံးပေါ်သို့ လက်တင်၍ ပြောလိုက်သည်။ "ကိုယ်က မင်းထင်ထားတာထက် ပိုပြီး ရူးသွပ်နေတဲ့ လူလေ။" သူမ ဒါကို သိသည်။ သူက သူမရဲ့ အတွေးတွေကို အများကြီး လျှော့တွက်ထားခဲ့သည်လော။ အိုဖီလီယာမှာ သူမ ပြော၍မရသည့် အရာများကို ခက်ခဲစွာ မြိုချလိုက်ရပါ၏။ * ကျွန်မ ဆိုဗက်စ်စတာနှင့်အတူ တောအုပ်ထဲမှ ထွက်လာပြီး စုရပ်နေရာသို့ ရောက်ရှိချိန်တွင် ထိုနေရာ၌ လူအများအပြား ပြန်လည် ရောက်ရှိနေကြ၏။ ကယ်လီယန်ကို ကျွန်မ လှမ်းမြင်လိုက်သည်။ သူက မျက်နှာပေါ်တွင် အောင်ပွဲ ရရှိသော မျက်နှာထားဖြင့် အခိုင်အမာ မတ်တပ်ရပ်နေခဲ့သည်။သူ့လက်ထဲရှိ အိတ်မှာ လေးလံနေသည်ကို ကြည့်ရခြင်းဖြင့် သူက ဘီလူးအများအပြား သတ်ပစ်ပြီး ပြန်လာခဲ့ပုံ ရသည်။ ကျွန်မ ဆိုဗက်စ်စတာကို ကြည့်လိုက်မိသည်။ ဆိုဗက်စ်စတာသည် ကျွန်မကို ကယ်တင်ပေးခဲ့သောကြောင့် ဘီလူးအများကြီး မဖမ်းနိုင်ခဲ့ပေ။သူက ဤပြိုင်ပွဲကို မျှော်လင့်နေခဲ့သူ ဖြစ်၏။သူ အဆင်ပြေပါရဲ့လော။ ကျွန်မ ထိုသို့ တွေးမိသဖြင့် ကျွန်မ သူ့ကိုကြည့်၍ သတိထားကာ ပါးစပ်ကို ဖွင့်လိုက်သည်။ "ရှင် အဆင်ပြေရဲ့လား။" "ကိုယ်လား။" ကျွန်မ၏မေးခွန်းကို ကြားလျှင် ဆိုဗက်စ်စတာက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။ "မင်း ဘာကို မေးနေလဲတော့ ကိုယ် မသိဘူး။ဘာက အဆင်မပြေရမှာလဲ။" "ရှင်က ဒီပြိုင်ပွဲကို အများကြီး မျှော်လင့်ထားတာ မဟုတ်လား။ဒါပေမဲ့ ကျွန်မကို ကယ်တင်နေရလို့ ရှင် ပြိုင်ပွဲမှာ အနိုင်မရတော့ဘူးလေ။" "အာ ၊ဒါက ..." ဆိုဗက်စ်စတာက ရယ်လိုက်သည်။ "စောစောက ကိုယ် ဘီလူးတွေကို နှိမ်နင်းနေတာ မင်း မြင်တယ်မလား။" "အဲ့ဒါလား။" "မင်းက ကိုယ့်ကို အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်အဖြစ် မြင်သွားပြီ။မှန်ရဲ့လား။" "ဘာကိုလဲ..." ကျွန်မ သူပြောနေသည်ကို နားမလည်ပေ။ထို့ကြောင့် ငေးကြောင်၍ ကြည့်နေမိသည်။ "ကိုယ် မင်းကို အဲ့လို လုပ်ပြဖို့ကသာ..." ဆိုဗက်စ်စတာက ကျွန်မ၏ခေါင်းပေါ် လက်တင်လိုက်ပြီး ဆံပင်များကို ဆွဲဖွပစ်လိုက်သည်။ "ဒီနေ့အတွက် ကိုယ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲလေ။" သူက ပေါ့ပါးသော မျက်နှာထားဖြင့် ထိုသို့ ပြောလေသည်။ သူက ဘာလိုလုပ်ပြီး ဒီလိုချိုမြိန်တဲ့စကားကို ပြောနိုင်ရတာလဲ။ သူက အရမ်းပဲ မိုက်တယ် မဟုတ်လား။ ကျွန်မ အသက်ကို ခဲရာခဲဆစ် ရှူရင်း လှုပ်ခတ်နေသော နှလုံးသားကို ဖိထားရသည်။ "နောက်ဆုံးတော့ မင်း လာပြီပဲ။" ကယ်လီယန်က ကျွန်မတို့ကို မြင်လျှင် အပြုံးလေးတစ်ခုဖြင့် အပြေးအလွှား ရောက်လာသည်။ သူက ဘာလို့ ပြုံးနေရတာလဲ။ အညှီနံ့ တစ်ခုခု ရသလိုပဲ။ ကျွန်မ ထိုသို့ တွေးမိစဥ် ကယ်လီယန်က ပါးစပ်ဟလာသည်။ "ဒီနေ့ အမဲလိုက်ပြိုင်ပွဲမှာ ငါ အနိုင်ရမယ် ထင်တယ်။" သူက ပြောရင်း စွမ်းအင်ရင်းမြစ် အမြုတေအပြည့်နှင့် အိတ်ကို မြှောက်ပြသည်။သူက ဆိုဗက်စ်စတာကို ကြွားဖို့သက်သက်ဖြင့် သည်နေရာသို့ ရောက်လာခဲ့သည်။ အာ ကျွန်မမှာ ဆူးပုံပေါ်တွင် မတ်တပ်ရပ်နေရသလို ခံစားမိသည်။ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာ၏မျက်လုံးများကို မော့ကြည့်လိုက်မိသည်။သို့သော် ဆိုဗက်စ်စတာမှာ အမှန်တကယ်ပင် တည်ငြိမ်နေခဲ့ပါ၏။ "ဒါက ကျွန်တော့်အတွက် အရေးမပါပါဘူး။" သူက ကယ်လီယန်၏မျက်နှာထက်တွင် ဖြတ်ပြေးနေသော ဘဝင်မြင့်နေခြင်းကို ခံစားမိသဖြင့် ရယ်မောရင်း ပြောလိုက်သည်။ "ဒီကိစ္စထက် ပိုပြီး အရေးကြီးတဲ့ တစ်စုံတစ်ရာကို ကျွန်တော် သင်ယူနိုင်ခဲ့တယ်လေ။" "ဒါထက် အရေးကြီးတယ်ဆိုတာက မင်း ဘာကို ဆိုလိုချင်တာလဲ။ပြိုင်ပွဲကို အနိုင်ရတာထက် ပိုပြီး တန်ဖိုးကြီးတာ ရှိသေးလို့လား။" အသံက စူးရှနေသည်ကို ကြည့်ခြင်းဖြင့် ကယ်လီယန်၏မာနက အနည်းငယ် ထိခိုက်သွားပုံရသည်။ "ကောင်းပြီ" ဆိုဗက်စ်စတာက မေးစေ့ကို ကုတ်ရင်း ခေါင်းကို စောင်းလိုက်သည်။ ပြီးနောက် သူက ကယ်လီယန်၏အနောက်ဖက်တွင် ရပ်နေသော ဖလဲရ်ကို စိုက်ကြည့်လိုက်သည်။ "ဒီအကြောင်းကို ကောင့်မြို့စားကတော်က ပိုပြီး ကောင်းကောင်း သိမယ်လို့ ထင်ပါတယ်။" TK Team ++++++++