Chapter 153
Viewers 49k

💘Chapter 153

 ရှန့်မိသားစု၏ ကိုယ်စားပြုများ




ထိုကျောင်းသားလေးကလည်း ဝေ့ချန်ကို မှတ်မိပုံပေါ်သည်။ သူက ဝူကျန်းနှင့် စကားမပြောခင် သူ့ကို ခေါင်းညိတ်ပြလာ၏။ 


“ဘာလဲ...သူနဲ့သိတာလား” လူငယ်လေးနှင့်အတူပါလာသည့် လူက သူ့အမူအရာကို သတိထားမိပြီး မေးလာသည်။ 


“ကျောင်းက စီနီယာပါ” လူငယ်လေးက ပြန်ဖြေလိုက်သည်။ တကယ်တမ်းတွင် သူက ဝေ့ချန်ကို အထင်ကြီးလေးစားသည်။ အတန်းထဲတွင် ရှိခဲ့သည့် မှတ်ဉာဏ်က ကြာမြင့်စွာ စွဲမြဲကျန်ရစ်သည်။ 


“တကယ်လား” တစ်ဖက်ရှိ လူငယ်လေးက ဝေ့ချန်ကိုကြည့်ရင်း ရင်းနှီးသလို ခံစားလာရသည်။ ခဏနေပြီးနောက် သူ့ကို ယခင်ကမြင်ဖူးကြောင်း သတိရသွားသည်။


 “သူက အရင်လစီးပွားရေးမဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာပါတဲ့ တစ်ယောက်မဟုတ်လား...ရည်မှန်းချက်မြင့်မားပြီး အရည်အချင်းရှိတဲ့တစ်ယောက် သူက ငါ့ဦးလေး လက်အောက်မှာ အလုပ်လုပ်တဲ့ပုံပဲ...ဦးလေးက သူ့အကြောင်း ပြောပြနေကျ”


တကယ်တမ်းတွင် သူက ဝေ့ချန်ကို ရှန့်ကျီငွေရောင်အိမ်တော်တွင် တွေ့ဖူးသည်။ ထိုအချိန်တွင် စီးပွားရေးမဂ္ဂဇင်း မျက်နှာဖုံးတွင် ပါလာသည့် လူငယ်လေးက ဒီဇိုင်းဆွဲထားသည့် လက်ထပ်လက်စွပ်တစ်စုံ လာလုပ်ခဲ့၏။ လက်စွပ်နှစ်ကွင်းလုံးက ယောက်ျားလေးများအတွက်ဖြစ်သောကြောင့် သူဝင်ပြီး ကူညီပေးခဲ့ရသည်။ ထိုအမှာက သူ့ဦးလေး၏ အဆက်အသွယ်များ အကူအညီဖြင့် ဆိုင်၏ ကျွမ်းကျင်သည့် လက်မှုပညာသည်များပြုလုပ်ပေးခဲ့သည်။ 


ရှန့်မိသားစုဝင်များက သူ့မွေးနေ့ပွဲတွင် ပေါ်လာလိမ့်မည်ဟု ဝူကျန်း ဘယ်တော့မှ မတွေးထားခဲ့ပေ။ သူ၏ ပျော်ရွှင်နေသည့် အမူအရာများက ရှင်းလင်းနေကာ အံ့ဩမှုများနှင့် တောက်ပနေသည်။ 


အဓိကဧည့်သည်ရောက်မလာသေးသော်လည်း အပေါက်ဝတွင် ရပ်၍ နှုတ်ဆက်ခဲ့သည့်အချက်က ‌ထောက်ပံ့မှုကို သေချာ ပြခဲ့လေသည်။ ၎င်းက ရှန်ဟိုင်းရှိ သူ့အလုပ်ကို မြှင့်တင်ပေးလိမ့်မည်။ 


ထို့အပြင် ဒီတစ်ကြိမ်တွင် ရှန့်မိသားစုက လူနှစ်ယောက်ကို လွှတ်ခဲ့သည်။ ထိုလူများက သိပ်မထင်ရှားသည့် လူများဖြစ်၏။ တစ်ယောက်က ရှန့်ထျန်းချီဖြစ်ပြီး ရှန့်မိသားစု၏ မြေးအကြီးဖြစ်သည်။ နိုင်ငံရေးများတွင် မပါခဲ့သော်လည်း သူက ရှန့်ကျီငွေရောင်အိမ်တော်ကိုဦးစီးခဲ့သည်။ သံတမန်ရေးရာ လက်ဆောင်များမှ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာများနှင့် အဆင့်မြင့်အရာရှိများအတွက် အဆင်တန်ဆာများအထိ အရာရာအားလုံးငည် သူတို့၏လက်ဝတ်ရတနာဆိုင်မှဖြစ်သည်။ ဆိုင်၏ မန်နေဂျာအဖြစ် ရှန့်ထျန်းချီ၏ အဆက်အသွယ်များကို အထင်သေး၍မရချေ။ 


နောက်တစ်ယောက်ကတော့ ကျန်းယဲ့ဖြစ်ပြီး ရှန့်မိသားစု၏ မြေးအငယ်ဖြစ်သည်။ သူက ရှန့်ထျန်းချီ မျက်လုံးထဲမှ ပန်းသီးလေးဖြစ်သည်။ လက်ရှိတွင် တက္ကသိုလ်ကျောင်းသားဖြစ်နေသော်လည်း သူ၏ ကျက်သရေရှိသည့် အပြုအမူများက အလားအလာရှိသည့် အနာဂတ်ကို ဖော်ပြနေသည်။ 


သူ့မွေးနေ့တွင် သူတို့နှစ်ယောက်၏တည်ရှိမှုက ရှန့်မိသားစုမှ ထင်ရှားသည့် ဂုဏ်ပြုမှုပင်ဖြစ်သည်။ ဝူကျန်း ဝမ်းသာပီတိဖြစ်မိသည်။ 


ရှန့်ထျန်းချီနှင့် ကျန်းယဲ့တို့က လက်ဆောင်အဖြစ် သေချာရစ်ပတ်ထုတ်ပိုးထားသည့် ပန်းချီကားကို ယူလာကြသည်။ ပန်းချီကားက ဘယ်အရာကို သရုပ်ဖော်လဲ မသိကြသော်လည်း ရှန့်မိသားစုမှ လာသည်ဖြစ်ရာ ထူးခြားသည့် အရည်အသွေးဖြစ်မှာ သေချာလေသည်။ 


ဝူကျိုက်လင်က ရှန့်ထျန်းချီနှင့် ကျန်းယဲ့တို့ကို ဧည့်ခံရင်း အလုပ်များနေသည်။ ထို့ကြောင့် သူက ဝေ့ချန်နှင့် ဝေ့ယန်တို့ကို တောင်းပန်ပြီး ဧည့်သည်များဆီသို့ ထွက်သွားတော့သည်။ 


ဝေ့ချန်နှင့် ဝေ့ယန်တို့က အခြေအနေကို နားလည်ကြသည်။ ထိုနှစ်ယောက်၏ သရုပ်မှန်များကို မသိရသေးခင်ကတည်းက ရှန့်မိသားစုနှင့် ဆက်ဆံရေးတစ်ခုရှိသည်မှာ ထင်ရှားလွန်းသည်။ 


သိပ်မကြာခင်တွင် ဧည့်သည်များ ထပ်ရောက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ ချန်မိသားစုဖြစ်၏။ ချန်မိသားစု၏ ဘိုးဘေးကြီးက ဂုဏ်ပြုရန် သူ့မြေးနှင့်တက်ရောက်လာခဲ့သည်။ သူတို့ကလည်း ရှန့်မိသားစုလိုပင် ပိတ်စနှင့် ထုတ်ပိုးထားသည့် ပန်းချီကားတစ်ချပ်ယူလာသည်။


“အတွင်းရေးမှူးဝူ... အရှေ့ပင်လယ်ရဲ့ ရှည်လျားစွာ စီးဆင်းနေတဲ့ ‌ရေတွေလို ကံကောင်းခြင်းများကို ခံစားရပြီး နန်ရှန့်တောင်ရဲ့ ထင်းရှူးပင်တွေလို အသက်ရှည်နိုင်ပါစေ” ချန်ရှီဟွိုက်က ဝူကျန်းကို အပြုံးလေးနှင့် ပြောလိုက်သည်။ ချန်ချင်းကလည်း အနောက်မှနေ၍ လေးစားသည့် အပြုအမူဖြင့် ခါးကိုင်း၍ ဦးညွှတ်လိုက်သည်။ 


“လူကြီးမင်းချန်...ကိုယ်တိုင်လာရတာ အဆင်ပြေရဲ့လား...” ဝူကျန်း၏ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ ချန်ရှီဟွိုက်ကို မြင်ပြီးနောက် သူ့အပြုအမူများက လေးနက်သွားကာ အပေါ်ယံဖော်ရွေမှုများ မရှိတော့ပေ။ 


ချန်ရှီဟွိုက်က စိတ်ထဲမထားချေ။ သူက ဝူကျန်းဘေးတွင် ရပ်နေသည့် လူငယ်လေးနှစ်ယောက်ကို မှတ်မိလိုက်သည်။ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း ဘာတွေးနေသည်ကိုတော့ သေချာမသိနိုင်ပေ။ ထို့နောက် သူက ပြုံး၍ နှုတ်ဆက်လာသည်။ 


“တွေ့ရတာဝမ်းသာပါတယ်” ရှန့်ထျန်းချီနှင့် ကျန်းယဲ့တို့က ခေါင်းညိတ်၍ တုံ့ပြန်လိုက်ကြသော်လည်း ဘာမှတော့ပြောမလာခဲ့ချေ။ 


ဧည့်သည်များလည်း တော်တော်များများ ရောက်ရှိနေပြီး ပွဲစရန် အချိန်နီးကပ်လာသောကြောင့် ဝူကျန်းက အရာအားလုံးကို ရိုးရှင်းစွာ လုပ်‌ဆောင်ရန် ဆုံးဖြတ်ထားသည်။ ပွဲကလည်း သေးသေးလေးသာဖြစ်ပြီး ဟင်းလျာများမှာလည်း ရိုးရိုးရှင်းရှင်းပင်ဖြစ်သည်။


ဧည့်သည်များနှင့် ဝူမိသားစုများအားလုံးပေါင်းကိုတောင် စားပွဲက ငါးဝိုင်းသာရှိသည်။ ဟင်းလျာများက ရိုးရိုးရှင်းရှင်း ဖြစ်ပြီး သာမန်လူတစ်ယောက် မွေးနေ့ပွဲတွင် ကျွေးသည့်အတိုင်းပင်။ 


ရှန့်ထျန်းချီနှင့် ကျန်းယဲ့တို့ ရောက်နေသည့်တိုင် ဝူကျန်းက အခြားထူးခြားသည့်ဟင်းလျာများ ထပ်ထည့်မထားချေ။ သူစီစဥ်ထားသည့်အတိုင်းပင်။


ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်နှင့် ကျင်းပခဲ့ပြီး တစ်နာရီလောက်ကြာပြီးနောက် ပြီးစီးသွားခဲ့သည်။ ဝူကျန်းက ဧည့်သည်များကို ဧည့်ခံရန် ဝူကျိုက်လင်ကို ထားခဲ့ပြီး ရှန့်ထျန်းချီနှင့် ကျန်းယဲ့တို့ကို စာကြည့်ခန်းသို့ ခေါ်သွားခဲ့သည်။ 


စာကြည့်ခန်းက ဧည့်သည်များ ယူလာသည့် လက်ဆောင်များဖြင့် ပြည့်နေသည်။ ဝေ့ချန်ပေးထားသည့် သက်ရှည်ကျန်းမာသည့်ရုပ်ထုက သူတို့ဆိုင်မှဖြစ်ကြောင်း ရှန့်ထျန်းချီချက်ချင်း သိလိုက်သည်။ သူက ဤကျောက်စိမ်း၏ ရှားပါးမှုနှင့် တန်ဖိုးကို ကောင်းကောင်းသိထားသောကြောင့် ဝေ့ချန်က သူ့လက်ဆောင်ကို အမှန်တကယ် စဥ်းစားဆင်ခြင်ခဲ့ကြောင်း နားလည်လိုက်သည်။ 


ကျန်းယဲ့နှင့် ရှန့်ထျန်းချီတို့က ဝူကျန်းနှင့်  A Zone ပရောဂျက်အကြောင်း ဆွေးနွေးရန် အချိန်ရောက်လာခဲ့သည်။ ကျန်းယဲ့က ကောလိပ်တက်ခါစရှိသေးသော်လည်း ဤပရောဂျက်အား အတော်လေးစိတ်ဝင်စားသည်။ သူက ပရောဂျက်များစွာတွင် ရင်းနှီးမြှုပ်နှံထားကြပြီး အမြတ်များစွာကိုလည်း ရရှိထားခဲ့သည်။


ကျန်းယဲ့၏ ရည်ရွယ်ချက်များကို ကြားပြီးနောက် ဝူကျန်းအံ့ဩသွားသည်။ A Zone ပရောဂျက်က လက်ရှိတွင် ရှန်ဟိုင်းရှိ များစွာသော လုပ်ငန်းစုများ စောင့်ကြည့်နေကြသည့်အရာဖြစ်သည်။ ဝူကျန်းက အလုပ်အတွက် အကောင်းဆုံးသူများကို ရှာဖွေနေတာဖြစ်သည်။ သို့သော်လည်း ကျန်းယဲ့သာ ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုလာပါက သူ့ကိုလည်း ပရောဂျက်အတွက် ထည့်သွင်းစဥ်းစားပေးမှာဖြစ်သည်။ ရှန့်မိသားစုနှင့် ကျန်းယဲ့၏ ပူးပေါင်းမှုက သူ၏စီမံခန့်ခွဲမှုအောက်တွင် ပရောဂျက်က အကောင်းဆုံးအခြေအနေတွင် ရှိလိမ့်မည်။ 


“ဦးလေးဝူ...နားလည်မှုလွဲနေပြီ...ကျွန်တော် ဒီပရောဂျက်ကို မစီမံချင်ပါဘူး...ရင်းနှီးမြှုပ်နှံချင်တာပါ” ကျန်းယဲ့ ရှင်းပြလိုက်သည်။ 


ယခုတွင် ဝူကျန်း အတွေးများသွားရသည်။ “ဒါပေမယ့် ဒီပရောဂျက်အတွက် ငါ ဘယ်သူ့ကိုမှမရွေးရသေးဘူး...သခင်လေးကျန်း မကြာခင် ကျောင်းပြန်ဖွင့်တော့မှာမလား...အချိန်ပေးနိုင်ပါ့မလား”


“ကျွန်တော့်ကို ယုံမယ်ဆိုရင် ဦးလေးဝူ...ကျွန်တော်ပရောဂျက်အတွက် လူရှာပေးပါ့မယ်...ကျွန်တော်က ဦးလေးထက် ဒီနေရာမှာ ပိုပြီး အတွေ့အကြုံပိုများတယ်” ကျန်းယဲ့က အပြုံးလေးနှင့် ပြောလိုက်ရာ ပါးချိုင့်လေးများ ပေါ်လာသည်။ သူ၏ ယုံကြည်ချက်ပြည့်နေသည့် အပြုအမူများက အထင်ကြီးစရာကောင်းလေသည်။ 


ဝူကျန်းက ချက်ချင်း မတုံ့ပြန်လိုက်ဘဲ ခဏလောက် တွေးနေလိုက်သည်။ “ကောင်းပြီ...ငါမင်းကို ယုံတယ်...သခင်လေးကျန်း”


ဤသို့နှင့် အခြားသူများ သတိမထားမိခင်မှာပင် A Zone ပရောဂျက်အတွက် ဆုံးဖြတ်ချက်ချနိုင်သည့် အာဏာမှာ ဝူကျန်း၏လက်ထဲမှ မြို့တော်မှလာသည့် ကျန်းယဲ့ဆီသို့ ရောက်သွားလေသည်။ 


ထိုအချိန်တွင် အောက်ထပ်ရှိ ဧည့်ခန်း၌ ချန်ရှီဟွိုက်၏ ညွှန်ကြားချက်အောက်တွင် ချန်ချင်းက ဝေ့ချန်နှင့် ဝေ့ယန်တို့ ရှိရာသို့ လာလိုက်သည်။ မြေးအဘိုးနှစ်ယောက်က ဝင်လာသည့်အချိန်မှစ၍ ဝေ့မိသားစုမှ ညီအစ်ကိုနှစ်ယောက်ကို သတိထားမိခဲ့ကြ၏။ ထိုအချိန်တွင် ဝေ့မိသားစုက ဝူကျန်း၏ မွေးနေ့ပွဲ ဖိတ်ကြားလွှာကို မည်သို့ရရှိခဲ့ကြောင်း သိချင်စိတ်များဖြင့် အံ့ဩသွားကြသည်။   


ချန်ချင်းက ဝေ့ချန်အနားသို့ ရောက်လာ၍ ပြောလိုက်သည်။ “ဒီမှာ တွေ့ရမယ်လို့ ထင်မထားဘူး” သူ့စကားလုံးများက အဓိပ္ပာယ်လေးနက်နေကာ ဖိတ်ကြားလွှာကို ဝေ့ချန်မည်သို့ ရခဲ့ကြောင်း မေးခွန်းထုတ်နေသလိုပင်။ 


ထိုမေးခွန်းကချန်ချင်းအတွက်သာမက ချန်ရှီဟွိုက်အတွက်လည်း အရေးပါသည်။ 


အကယ်၍ ဝေ့ချန်သာ ဝူမိသားစုကိုယ်တိုင် ပေးတဲ့ ဖိတ်ကြားလွှာကို ရခဲ့တာဆိုရင် ဝူကျန်းက A Zone ပရောဂျက်အတွက် ဝေ့ချန်ကို မျက်နှာပေးနေတယ်လို့ ဆိုလိုတာလား…။ ဝူမိသားစုနဲ့ အဆက်အသွယ်မရှိတဲ့ ဝေ့ချန်လိုလူကို သူတို့က ဘာလို့ ဖိတ်ကြားလွှာပို့ရတာလဲ…။


ချန်ရှီဟွိုက်အတွက်ကတော့ အဖြေက ပရောဂျက်ကို အပ်နှံရန် ရည်ရွယ်ထားသည့် ဝူကျန်း၏ သဘောထားကို ထုတ်ဖော်ပြလိမ့်မည်။ ထို့ကြောင်း ၎င်းက အရေးပါ၏။


ဝေ့ချန်က မဖော်မရွေနှင့် ပြန်ဖြေလိုက်သည်။ “ငါလည်း ထင်မထားဘူး” 


သူကဘာကို ထင်မှတ်မထားတာလဲ…။ ဝူကျန်းရဲ့ မွေးနေ့ပွဲအတွက် ဖိတ်ကြားလွှာရခဲ့တာကိုလား…။ ဒါမှမဟုတ် သူနဲ့ ဒီမှာ တွေ့တာကိုလား။


ချန်ချင်းက မေးခွန်းထုတ်ရန် ပြင်လိုက်သော်လည်း စကားလုံးများက နှုတ်ခမ်းဝတွင် ရပ်တန့်သွားသည်။ အဖြေပြန်မရမည်ကို သူသိနေသောကြောင့်ပင်။ 


“ချန်လီ ဘာလို့ လိုက်မလာတာလဲ” ဝေ့ချန်နှင့် ချန်လီတို့က လက်ထပ်ပြီးသည့်အချိန်မှစ၍ မခွဲမခွာဖြစ်နေကြသည်ကို တွေးရင်း အကြောင်းအရာပြောင်းပြောလိုက်သည်။ အခုလိုအချိန်မှာ ဝေ့ချန်က ဘယ်လိုလုပ် ချန်လီကို ထားခဲ့နိုင်တာပါလိမ့်…။


“သူမလာဘူး” ဝေ့ချန်ပြောလိုက်သည်။ ချန်ချင်းနှင့် စကားများများပြောခြင်းက သူ့ကို စိတ်ညစ်စေသည်။ ရှန်ဟိုင်းသို့ ချန်လီအား သူနှင့်အတူ ခေါ်မလာခဲ့သည့် အကြောင်းအရင်းမှာ ပထမတစ်ချက်၊ ချန်လီကို အသွားအပြန်မလုပ်စေချင်၍ဖြစ်သည်။ အရေးအကြီးဆုံးက ချန်လီသာ မွေးနေ့ပွဲကို လိုက်ခဲ့လျှင် ချန်မိသားစုမှ လူများနှင့် မဖြစ်မနေ တွေ့ဆုံရလိမ့်မည်။ 


ဝေ့ချန်က ချန်လီအား စိတ်ဖိအားများစေသည့် မည်သည့်အရာမျိုးနဲ့မဆို မထိတွေ့စေချင်ပေ။ 


ထိုအချိန်တွင် ဝေ့ချန်၏ ဖုန်းမြည်လာခဲ့သည်။ ဖုန်းကိုင်လိုက်သည့်အခါ ဝေ့ချန်၏ အမူအရာများကို နူးညံ့သွားသည်ကို ကြည့်လိုက်ရင်း ဖုန်းတစ်ဖက်မှ ခေါ်ဆိုသူက မည်သူဖြစ်ကြောင်း ချန်ချင်းသိလိုက်သည်။ 


၎င်းက ချန်လီဆီမှ ဖုန်းဖြစ်သည်။ ဝေ့ချန်က တစ်နေ့လုံး ချန်လီ၏အသံကိုမကြားရသေးချေ။ ယခုတွင်တော့ ဖုန်းကိုင်လိုက်သည့်အခါ ဝေ့ချန်က တံခါးဆီသို့သွား၍ တိတ်ဆိတ်သည့်နေရာကိုရှာလိုက်သည်။ 


“လီလီ” ဝေ့ချန်က ချန်လီ၏အမည်ကို ခေါ်လိုက်သည်။ သူ့အသံက တိုးတိုးလေးဖြစ်သော်လည်း နူးညံ့နေ၏။ ချန်လီ၏ အသံကလည်း ပထမဆုံးစကားပြောတုန်းကကဲ့သို့ အက်ရှမနေဘဲ နူးညံ့စွာဖြင့် ဖုန်းတစ်ဖက်မှ ထွက်လာသည်။ “အားချန်...ကျွန်တော်ခင်ဗျားကိုလွမ်းတယ်”


ချန်လီက ခံစားချက်များကို ဖော်ပြရာ၌ တည့်တိုးဆန်သည်။ သူက စိတ်ထဲတွင် ရှိနေသည်များကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်၏။


“ကိုယ်လည်းမင်းကိုလွမ်းတယ်...ကိုယ်မကြာခင် ပြန်လာခဲ့မယ်” ဝေ့ချန် ကောင်းကင်ကိုကြည့်၍ ပြောလိုက်သည်။ နောက်ကျနေပြီဖြစ်သည်။ 


“ကောင်းပြီ...ကျွန်တော်စောင့်နေမယ်” ချန်လီက နာနာခံခံဖြင့် ပြန်ပြောလိုက်၏။ ဝေ့ချန်၏အသံကို ကြားလိုက်ရခြင်းက သူ၏ ပင်ပန်းနွမ်းနယ်နေသည့်နှလုံးသားကို တည်ငြိမ်စေသည်။


သူတို့နှစ်ယောက်လုံးက ဖုန်းမချချင်ကြပေ။ တစ်ယောက်စီ၏ အသက်ရှူသံကို နားထောင်နေရခြင်းကပင် သူတို့ကို စိတ်ကျေနပ်စေသည်။ 


ဝေ့ယန်က ဝေ့ချန်၏အမည်ကိုခေါ်လာမှသာ ဝေ့ချန်ပြောလိုက်သည်။ “ကိုယ်အမြန်ဆုံး ပြန်လာခဲ့မယ်နော်” ထို့‌နောက် ဖုန်းချလိုက်သည်။ 


ထိုအချိန်တွင် မွေးနေ့ပွဲက ပြီးဆုံးသွားခဲ့သည်။ ဆင်နွှဲရန်ရောက်လာကြသည့် ဧည့်သည်များကလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ ဝေ့ယန်နှင့် ဝေ့ချန်တို့လည်း ပြန်ရန် ပြင်လိုက်ကြ၏။


ချန်လီနှင့် ဖုန်းပြောပြီးနောက် ဝေ့ချန်က ဝူအိမ်ရှိ ခန်းမကြီးဆီသို့ ပြန်လိုက်သည်။ ဝူကျိုက်လင်က ဧည့်သည်များကို နှုတ်ဆက်နေ၏။ ဝေ့ချန်ပြန်တော့မည်ကို ကြားသောအခါ သူကဝေ့ယန်နှင့် ဝေ့ချန်တို့ကို လိုက်ပို့ပေးသည်။ 


တိုက်ဆိုင်သလားမသိသော်လည်း ထိုအချိန်တွင် ချန်မိသားစုမှ မြေးအဖိုးနှစ်ယောက်ကလည်း ပြန်တော့မည်ဖြစ်၍ နှုတ်ဆက်နေကြသည်။ ဝူကျိုက်လင်က သူတို့ကိုလည်း လိုက်ပို့ပေး၏။ 


ဝူကျိုက်လင်က ဧည့်သည်များကို နှုတ်ဆက်နေချိန်တွင် ရှန့်ထျန်းချီနှင့် ကျန်းယဲ့တို့က အိမ်ထဲမှ ထွက်လာကြသည်။ ဝူကျန်းက သူ့ဒရိုင်ဘာအား သူတို့နှစ်ယောက်ကို တည်းခိုရာဟိုတယ်ဆီသို လိုက်ပို့ပေးခိုင်းလိုက်၏။


သို့သော်လည်း ကျန်းယဲ့က ငြင်းဆိုလိုက်သည်။ သူက ဝေ့ချန်ဆီသို့ လျှောက်သွား၍ ပြောလိုက်၏။ “အစ်ကိုဝေ့...ကျွန်‌တော်တို့ တစ်လမ်းတည်းကိုသွားရမှာ...ကျွန်တော်လိုက်လို့ရမလား”


“ရတာပေါ့” ကျန်းယဲ့၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ဝေ့ချန်က တုံ့ဆိုင်းမှုမရှိဘဲ သဘောတူလိုက်သည်။ 


ဝူကျန်းက ကျန်းယဲ့ကိုကြည့်နေပြီး ကျန်းယဲ့က သူ့ကိုခေါင်းညိတ်ပြလိုက်သည်။ အခြေအနေကရှင်းလင်း၏။ ကျန်းယဲ့က ဝေ့ချန်ကိုစိတ်ဝင်စားကာ သူနှင့် အတူ A Zone ပရောဂျက်ကို လက်တွဲလုပ်ဆောင်စေချင်သည်။ 


ဝူကျန်းက ဝေ့ချန်အပေါ် အထင်အမြင်ကောင်းများ ရှိနေသော်လည်း ကျန်းယဲ့၏ ရွေးချယ်မှုက စိတ်လိုက်မာန်ပါဖြစ်သည်ဟု ထင်မိသည်။ သို့သော်လည်း သူက ကျန်းယဲ့၏ တောင်းဆိုချက်ကို သဘောတူပြီးပြီဖြစ်၏။ ယခုတွင် ကျန်းယဲ့ကိုသာ ဦးဆောင်ခိုင်းရ‌တော့မည်။ ‌နောက်ဆုံးတော့လည်း ကျန်းယဲ့၌ အခက်အခဲအားလုံးကို ကိုင်တွယ်နိုင်သည့် ရှန့်မိသားစု၏ နောက်ခံရှိနေသည်။ 


နှစ်ပေါင်းများစွာကြာပြီးနောက် ဤဆုံးဖြတ်ချက်ကိုပြန်တွေးသည့်အခါ ဝူကျန်း စိတ်ကျေနပ်မှုကို ခံစားရလိမ့်မည်။ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေခဲ့သည့် ဤပရောဂျက်က သူ၏ရာထူးကာလအတွင်း ပြီးစီးခဲ့သည့် ပရောဂျက်တစ်ခုဖြစ်ကာ သေချာချခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်ခဲ့ပေသည်။




💘