Chapter 43 - Extra (အတူတကွ နေထိုင်ကြခြင်း)
ယနေ့သည် မဲ့တုန်နှင့် ယန်ရှုမင်တို့ အတူတကွ နေထိုင်ကြသည့် ပထမဆုံးနေ့ ဖြစ်သည်။
မဲ့တုန်၏ ခန္ဓာကိုယ်သည် စက်တစ်ခုကဲ့သို့ အလိုအလျောက် အိပ်ရာပြင်နေသည်။သို့သော် သူ့အတွေးများကမူ တစ်စစီ ကွဲကြေနေခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော ဆယ်မိနစ်ခန့်၌ မီးဖိုခန်းထဲမှ ထွက်လာသော ယန်ရှုမင်က အိပ်ခန်းကျယ်အတွင်းသို့ ဝင်လာပြီး ပေါ့ပေါ့ပါးပါး ပြောသည်။
"မင်း လေးခုပါတဲ့ အိပ်ရာခင်း အစုံလိုက် ယူလာခဲ့လား။မင်း ယူလာတဲ့ တစ်စုံကို သုံးလိုက်။အိပ်ရာပြောင်းသွားလို့ မင်း အိပ်မရမှာ ကိုယ် စိတ်ပူတယ်။"
ဆယ်မိနစ် ကြာပြီးနောက် မဲ့တုန်၏ ခေါင်းက အလုပ်ပြန်လုပ်လာပြီး သဘာဝအလျောက် တုံ့ပြန်လာသည်။
"အာ ၊ခင်ဗျားရဲ့ အိပ်ရာခင်းတွေက ဘယ်မှာလဲ။ ကျွန်တော် ခင်ဗျားအတွက် အရင် ခင်းပေးမယ်။"
ယန်ရှုမင်က စကားမပြောဘဲ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ဗုံးတစ်လုံး ပစ်ချလိုက်သည်။
"ဒီည ကိုယ်နဲ့မင်း နှစ်ယောက်အတူ အိပ်မှာလေ။"
မှန်ပါ၏။ မဲ့တုန်သည် သူတို့နှစ်ယောက် အတူအိပ်မလား၊မအိပ်ဘူးလား ဆိုသည့် မေးခွန်းကို မစဥ်းစားမိပေ။သူက ထူးထူးခြားခြားကို ဖြူစင်၍ အပြစ်ကင်းပါသည်။သူတို့နှစ်ယောက်လုံးက ချမ်းသာကြရာ အိမ် ငှားရမ်းရာတွင် သက်တောင့်သက်သာရှိရန်နှင့် တင့်တယ်လှပရန်ကိုသာ ဦးစားပေးစဥ်းစားခဲ့သည်။သူတို့သည် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသော တိုက်ခန်းကို ငှားရမ်းခဲ့ကြသည်။အဓိကအိပ်ခန်းကျယ်နှင့် ဒုတိယမြောက် အိပ်ခန်းတို့မှာ တစ်ထပ်တည်းကျလုနီးပါး ဖြစ်သည်။ထို့ကြောင့် အိပ်ခန်းနှစ်ခန်း ရှိနေလျက်နှင့် နှစ်ခန်းလုံးကို အသုံးမပြုခြင်းက ဖြုန်းတီးရာ ရောက်ပေသည်။
မဲ့တုန်သည် အိပ်ရာပြင်ဆင်ပြီးသောအခါ လက်ရှိအခြေအနေမှန်သို့ ပြန်လည်ရောက်ရှိလာပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို ကြိုးစား ပြုလုပ်လိုက်သည်။သူတို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူများဖြစ်ပြီး တွဲခဲ့သည်က ယခုဆိုလျှင် ခြောက်လနီးပါး ရှိပြီဖြစ်သည်။
အိပ်ရာမျှသုံးတယ်ဆိုတာ မသင့်တော်တာတော့ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။
မဲ့တုန်၏ခေါင်းထဲတွင် အသံပိစိလေး နှစ်သံက စတင်ပြီး အခြေအတင် ငြင်းခုံကြတော့သည်။
အနက်ရောင်လေးက ပြောသည်။
"ဒါက လူ့သဘာဝပဲ။မင်း သူနဲ့ မအိပ်ချင်လို့လား။မင်း မအိပ်ချင်ဘူးဆိုရင် အစထဲက ဘာလို့ သူနဲ့အတူ အိမ်ငှားခဲ့သေးလဲ။"
အဖြူရောင်လေးက ပြောသည်။
"ငါ သူနဲ့ အိပ်ချင်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အတူအိပ်တယ်ဆိုတာက ဟိုလိုမျိုး အတူအိပ်တာနဲ့ လုံးဝမတူဘူး။အိပ်ရာဖုံးအောက်ထဲ အတူဝင်ပြီး စကားစမြည်ပြောကြတာလည်း အတူအိပ်တာပဲလေ၊ ဟုတ်တယ်မလား။"
အနက်ရောင်လေးက ပြောသည်။
"အပြစ်ကင်းချင်ယောင်ဆောင်နေတာကို ရပ်လိုက်တော့။မင်းမှာ နှလုံးသား မရှိဘူးလား။မင်းမှာ အတွေးတွေနဲ့ စိတ်ဆန္ဒတွေ ရှိရင် အဲ့ဒါတွေကို သတ္တိရှိရှိနဲ့ ထုတ်ပြရဲရမှာပေါ့။မင်းတို့နှစ်ယောက်လုံးက ဆန္ဒရှိနေတယ်ဆိုရင် ဘာကြောင့် ဒါကို ရှက်နေရဦးမှာလဲ။"
အဖြူရောင်လေးက ပြောသည်။
" ငါ ငါ ငါ ဘာမှားလို့လဲ။ဘာမှားလို့လဲလို့။ငါက ဒီတိုင်း ရှက်သွားတာပါ။"
မဲ့တုန်သည် အိပ်ရာပေါ်တွင် လှဲလိုက်ပြီး သူ့မျက်နှာကို စောင်ထဲတွင် နှစ်မြှုပ်ထားလိုက်သည်။သူ့မျက်နှာမှ အပူတွေ ဖြာထွက်နေသည်ကို သိရှိဖို့ ထိကြည့်ရန် မလိုအပ်ပေ။သူ ယန်ရှုမင်နှင့် အတူအိပ်ချင်သည် ကို ဝန်ခံပါသည်။
ဒါပေမဲ့ အဲ့ဒါက ဖြည်းဖြည်းချင်း သွားဖို့ လိုအပ်တဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလား။ဖြည်းဖြည်လေး သွားဖို့ လိုအပ်တယ်။ မှန်တယ်မလား။
သူ အိပ်ခန်းထဲက ထွက်လာချိန်တွင် ယန်ရှုမင်က မီးဖိုခန်းကို သန့်ရှင်းပြီးသွားပြီ ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက မချက်ပြုတ်တတ်ပေ။အရင်တစ်ခါက ယန်ရှုမင်သည် သူ ဟင်းချက်သင်ယူနေဆဲ ကာလဖြစ်သည် ဟု ပြောခဲ့သော်လည်း သင်ယူဆဲကာလမှာ ဘယ်အတိုင်းအတာအထိ ရောက်နေသည်ကို ဘယ်သူမှ မသိနိုင်ပေ။အိမ်ပြောင်းရွှေ့ဖို့ ပြင်ဆင်ချိန်တွင် မဲ့တုန်သည် စိတ်အားထက်သန်တက်ကြွစွာဖြင့် မီးဖိုချောင်သုံးပစ္စည်းကိရိယာ အစုံလိုက်၊ အိုးများ၊ ဒယ်ပြားများနှင့် အသေးအမွှား အသုံးအဆောင်များကို အွန်လိုင်းမှ ဝယ်ယူခဲ့သည်။
ယန်ရှုမင်က အရာရာတိုင်းကို စေ့စေ့စပ်စပ် သန့်ရှင်းနေသည်မှာ အိမ်ရှင်တစ်ယောက်နှင့် အတော်တူသည်။သူနှင့် ယှဥ်ကြည့်လျှင် ကသိကအောက်ပုံစံဖြင့် မတ်တပ်ရပ်နေသော မဲ့တုန်မှာ အိမ်ရှင်နှင့် သိပ်မရင်းနှီးသော ဧည့်သည်တစ်ယောက် ဖြစ်နေသည်။
"ကျွန်တော် ခင်ဗျားကို ကူညီပေးသင့်လား ..."
မဲ့တုန်က မေးသည်။
"မင်း ကိုယ့်အဝတ်တွေ ချိတ်ပေးလို့ရမလား။"
ယန်ရှုမင်က ဆိုဖာပေါ်တွင် ထိုင်နေရင်းဖြင့် အထုပ်အပိုးတစ်ခုကို ဖြည်နေသည်။ထိုပါဆယ်ဘူးထဲတွင် ပေါင်မုန့်လေးများ ဖုတ်ရန်အတွက် မဲတုန်ဝယ်ယူထားသော ပုံစံခွက်များ၊ဘရပ်ရှ်များ၊ကြက်ဥခလောက်တံများ နှင့် အခြားတိုလီမုတ်စလေးများ ထည့်ထားခဲ့သည်။
မဲ့တုန်သည် အလုပ်တာဝန်တစ်ခုကို ယူပြီးနောက် အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။အိပ်ခန်းထဲတွင် တစ်ယောက်တည်း တံခါးပိတ်နေသည်က ပိုပြီး သက်တောင့်သက်သာ ဖြစ်သည်ဟု ခံစားရသည်။
သူ့မှာ တခြားအကြောင်းပြချက် မရှိပါ : သူ အရမ်း ရှက်ရွံ့နေသောကြောင့်သာ ဖြစ်သည်။
ယန်ရှုမင်၏ခရီးဆောင်အိတ်ကို ဖွင့်လိုက်လျှင်၊တွဲလာသည့် ဆက်ဆံရေးက အချိန်တစ်ခု ကြာခဲ့ပြီ ဖြစ်၍ ထိုသူ့ထံတွင် မည်သည့် အဝတ်အစားများ ရှိသည်ကို သူ သိနေခဲ့သည်။အများစုကို သူမြင်ဖူးပြီးသား ဖြစ်သည်။သေသပ်စွာ ခေါက်ထားသော အဝတ်အစားများကို ခရီးဆောင်အိတ်မှ ထုတ်ယူရချိန်နှင့် ယန်ရှုမင်၏ကိုယ်ပေါ်တွင် ဝတ်ဆင်ထားချိန်တို့ကို နှိုင်းယှဥ်ကြည့်ပါက ခံစားချက်က လုံးဝ ကွဲပြားသည်။ဒုတိယတစ်ခုမှာ အရမ်းကို အားကောင်းတဲ့ ... နေ့စဥ်ဘဝ မြင်ကွင်းတစ်ခု ဖြစ်သည်။
မဲ့တုန်သည် မီးခိုးရောင် ရှပ်အင်္ကျီတစ်ထည်ကို လက်ထဲတွင် ကိုင်ထားရင်း သူ့မျက်နှာကို ထိုအင်္ကျီပေါ်သို့ မသိမသာ ဖိကပ်လိုက်မိသည်။အဝတ်ပေါ်တွင် ယန်ရှုမင်၏ ကိုယ်သင်းရနံ့ဟု ဆိုရမည့် အနံ့တစ်ခု ရှိမနေဘဲ အဝတ်လျှော်ဆပ်ပြာ၏ ခပ်ဖျော့ဖျော့ ရနံ့တစ်ခုသာ ရှိသည့်တိုင် မဲ့တုန်၏ စိတ်ကို အေးချမ်းငြိမ်သက်သွားအောင် လုပ်ပေးနိုင်ခဲ့သည်။ယန်ရှုမင်နှင့် အတူတကွ နေထိုင်ရန် ပြင်ဆင်နေခြင်းကြောင့် သူ့နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများ အနည်ထိုင်သွားခဲ့သလိုပင်။သူတွေးမိသည်။
အာ ၊သူက ယန်ရှုမင်နဲ့ တကယ်ပဲ အတူတူ နေထိုင်ရတော့မှာပဲ။
သူတို့သည် မနက်စောစောတွင် အိမ်ပြောင်းလာခြင်းဖြစ်သော်လည်း ညနေ ၅နာရီ ကျော်သည်အထိ အထုပ်အပိုးများ ဖြည်၍ မပြီးပေ။
သခင်ငယ်လေးနှစ်ယောက်သည် အတူတကွ နေထိုင်ရန် ဆုံးဖြတ်လိုက်ချိန်တွင် နှစ်ဦးစလုံးက အသုံးဝင်သော၊အသုံး မဝင်သော အရာများကို အွန်လိုင်းမှ အများအပြား ဝယ်ခဲ့ကြသည်။အိပ်ခန်း နှစ်ခန်း၊ဧည့်ခန်း တစ်ခန်းပါသော ငှားထားသည့် တိုက်ခန်းလေးသည် အိမ်၏ အသွင်အပြင်နှင့် အတော်လေး တူနေပြီ ဖြစ်သည်။
မောပန်းစွာဖြင့် သူတို့နှစ်ယောက်လုံး ဆိုဖာပေါ်တွင် ပျော့ခွေနေကြသည်။မဲ့တုန် မနက်ခင်း၌ စိုးရိမ်ပူပန်ခဲ့ခြင်းမှာ တစ်နေကုန် မောပန်းခဲ့ခြင်းကြောင့် မေ့ဖျောက်ခံလိုက်ရသည်မှာ ကြာပြီဖြစ်၏။
ယန်ရှုမင်က ပါဆယ်မှာစားဖို့ အကြံပြုသည်။သူတို့နှစ်ယောက်လုံး အလွန်ပင်ပန်းနေသဖြင့် ချက်ပြုတ်နိုင်ခြင်း မရှိသကဲ့သို့ အပြင်ထွက်စားရန် အဆင်မပြေနိုင်ဟု ပြောသည်။ထိုစဥ် မဲ့တုန်က ဆိုဖာပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး စိတ်အားထက်သန်စွာဖြင့်
"ကျွန်တော် ချက်မယ်။"
အမှန်တွင် သူသည်လည်း အတော်ပင်ပန်းနေခဲ့ပြီ ဖြစ်၏။သူက ချစ်သူကို ချက်ပြုတ်ကျွေးမွေးရန် တစ်နေ့လုံး တွေးနေခဲ့ရသည်ဖြစ်ရာ ဤအခွင့်အရေးကို လက်မလွှတ်နိုင်ပေ။
ယန်ရှုမင်က သူ့ကို ကြည့်သည်။
"မင်းက ချက်တတ်လို့လား။"
မဲ့တုန်က ဖုန်းကို ဆွဲထုတ်လိုက်သည်။
"အရင်ရက်ထဲက ကျွန်တော် ချက်ပြုတ်နည်းတွေ အများကြီး save ထားတယ်။အခုဆို ကျွန်တော်က တကယ် တော်ပါတယ်နော်။"
ယန်ရှုမင်မှာ အော်ရယ်မိလု နီးပါးပင်။
"တကယ်လား။ဒါဆို ပါဆယ်မှာစားမဲ့အစား ချက်ပြုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေပဲ မှာလိုက်တော့မယ်။ စားဖိုမှူးကြီးမဲ့ရဲ့ သင်ယူထားမှုက ဘယ်လောက်အောင်မြင်နေပြီလဲ ဆိုတာ ကိုယ်တို့ မြင်တွေ့ရတော့မှာပဲ။"
အနီးဆုံး ဈေးဝယ်စင်တာသည် သူတို့နေထိုင်ရာ တိုက်ခန်းဧရိယာ၏ အပြင်ဘက်နား၌ ရှိသည်။ထို့ကြောင့် ပစ္စည်းလာပို့သူက ဆယ်မိနစ်ဝန်းကျင်၌ ရောက်ရှိလာခဲ့သည်။ယန်ရှုမင်က ပါဝင်ပစ္စည်းများကို ပါးနပ်စွာဖြင့် ရွေးချယ်ပြီး ချက်ပြုတ်ရမည့် ဟင်းသီးဟင်းရွက်များကို အိုးထဲသို့ တစ်မျိုးပြီး တစ်မျိုး ပစ်ထည့်နေခဲ့သည်။သို့သော် မဲ့တုန်ကတော့ မီးဖိုချောင် ဝင်ခါစ လူသစ်လေးမျှသာ ဖြစ်လေရာ၊ယန်ရှုမင်၏ ပါးနပ်လိမ္မာသော လှောင်ပြောင်သရော်မှုကို လုံးလုံးလျားလျား မသိပေ။သူက အင်္ကျီလက်များကို ခေါက်တင်၍ မီးဖိုခန်းထဲသို့ ဝင်သွားသည်။
မဲ့တုန်သည် ပေါင်မုန့် ဖုတ်ရန်အတွက် ဒစ်ဂျစ်တယ်ချိန်စက် တစ်ခုကို အစကတည်းက ဝယ်ထားပြီး ဖြစ်သည်။သူ၏ လတ်တလော သင်ယူထားမှုများအရ ပေါင်မုန့်ဖုတ်ခြင်းသည် ဟင်းချက်ခြင်းကဲ့သို့ 'အသင့်အတင့် ပမာဏ' ၊ 'အနည်းငယ်မျှ' ဆိုသော အတိအကျမရှိသည့် အတိုင်းအတာများဖြင့် ပြုလုပ်၍ မရပေ။မုန့်ဖုတ်ခြင်းသည် ဂရမ် အလေးချိန်အထိ တိကျစွာ အချိုးအစား တွက်ချက်ရန် လိုအပ်သည်။သို့မဟုတ်ပါက ပျက်စီးသွားနိုင်သည်။ယခုတွင် မဲ့တုန်သည် ဆော့စ် လုပ်ရန် ဒစ်ဂျစ်တယ်ချိန်စက်ကို အသုံးပြုနေသည်။ဆား၊သကြားနှင့် ပဲငံပြာရည်ကို ဂရမ်အတိအကျ ချိန်တွယ်လိုက်သည်။ယခုကဲ့သို့ ပြုလုပ်ပါက လွဲမှားစရာ နည်းလမ်းမရှိဟု သူ့ဘာသာ အခိုင်အမာ ယုံကြည်နေသည်။
ယန်ရှုမင်သည် မီးဖိုခန်းမှ သုံးကြိမ်မြောက် ကန်ထုတ်ခြင်း ခံလိုက်ရသည်။
ပထမ အကြောင်းပြချက်မှာ "ကျွန်တော်က ခင်ဗျားရဲ့ အကူအညီ မလိုဘူး၊ကျွန်တော် ဒါကို တကယ် လုပ်နိုင်တယ်" ဟူ၍ ဖြစ်သည်။
ဒုတိယ အကြောင်းပြချက်မှာ "နည်းနည်းလေးပဲ စောင့်ပေး၊ခဏနေရင် အဆင်သင့်ဖြစ်တော့မယ်။ခဏလေးပဲ အာ။" ဟု ဖြစ်ပြန်၏။
ယခုအချိန်အတွက် အကြောင်းပြချက်မှာတော့ "မရဘူး။မရဘူး။ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတာ။ခင်ဗျားက ကျွန်တော့ဘေးမှာ ရှိနေရင် ကျွန်တော် ပိုပြီး စိတ်လှုပ်ရှားတယ်။ခင်ဗျား အပြင်ထွက်ပေး။" ဟု ဖြစ်သွားလေသည်။
စားဖိုမှူးကြီးမဲ့သည် မီးဖိုထဲတွင် တစ်နာရီခွဲခန့် ချက်ပြုတ်နေခဲ့ပြီး ယန်ရှုမင်မှာလည်း ဗိုက်ဆာလွန်းသောကြောင့် ဝိတ်အနည်းငယ်ပင် ကျသွားတော့သည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက် ညစာ စားဖြစ်ချိန်မှာ ည၈နာရီခွဲ ၌ ဖြစ်သည်။
မဲ့တုန်သည် ဟင်းလျာသုံးမျိုး ချက်ပြုတ်ခဲ့သည်။ လောလောလတ်လတ်မှ မီးဖိုက ချထားသဖြင့် ပူနွေးနေသော ပန်းပွင့်စိမ်းမွှေကြော်မှ လွဲ၍ ကျန်ဟင်းလျာနှစ်မျိုးမှာ အေးစက်နေခဲ့ပြီ ဖြစ်သည်။သူ မီးဖိုချောင် စဝင်ချိန်၌ ရှိနေသော ထက်သန်တက်ကြွမှုလေးများမှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပြီး ယခုတွင် စိုးရိမ်ပူပန်မှုဖြင့် စိတ်ဓါတ်ကျနေသော ခွေးပေါက်လေးနှင့်သာ တူနေ၏။ဟင်းပွဲများ ချက်ပြုတ်ပြီးသည်နှင့် မဲ့တုန် မြည်းကြည့်ခဲ့သည်။ဟင်းချက်နည်း အဆင့်ဆင့်နှင့် ပါဝင်ပစ္စည်းများကို အတိအကျ ချိန်တွယ်တိုင်းတာပြီး ချက်ပြုတ်ခဲ့သော်ငြား အစားအစာများက သာမန်အဆင့်မျှသာ ထွက်လာခဲ့သည်က ဘာကြောင့်ဆိုတာ သူ နားမလည်နိုင်ပေ။ဆိုးဆိုးရွားရွား မဖြစ်ဘဲ စား၍ ရရုံမျှသာ ဖြစ်၏။
မဲ့တုန်က ယန်ရှုမင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေရင်း ထိုသူက အမူအရာ မပြောင်းပဲ တည်ငြိမ်စွာ စားနေသည်ကို ကြည့်နေခဲ့သည်။ခဏကြာအောင် တွန့်ဆုတ်နေပြီး နောက်ဆုံးတော့ မဲ့တုန် ပြောလိုက်သည်။
"ကျွန်တော်တို့ ပါဆယ် မှာစားသင့်လား။"
ယန်ရှုမင်က ပြန်ဖြေသည်။
"မင်း မြည်းမကြည့်ရသေးဘူးလား။ကိုယ်ကတော့ မဆိုးဘူးလို့ ထင််တယ်။"
မဲ့တုန်မှာ ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။
"ကျွန်တော် မြည်းကြည့်ပါတယ်။ဒါက သာမန်လောက်ပါပဲ၊ ဟုတ်တယ်မလား။"
ယန်ရှုမင်က ပြုံးလိုက်သည်။
"မင်း တဖြည်းဖြည်းနဲ့ တိုးတက်လာမှာပါ။မင်းရဲ့ ပထမဆုံး ချက်ပြုတ်တာက ဒီအနေအထားအထိ ရှိတယ်ဆိုထဲက အထင်ကြီးလောက်စရာ ဖြစ်နေပြီ။"
မဲ့တုန်က သူ့ကို ကြည့်လိုက်သည်။
"တကယ်လား"
ယန်ရှုမင်က ခေါင်းငြိမ့်သည်။
"တကယ်ပေါ့။နောက်တစ်ခါဆို ကိုယ် ချက်ပေးမယ်။ကိုယ် ချက်တာက မင်းချက်တာလောက် ကောင်းချင်မှ ကောင်းမှာ။"
မဲ့တုန် ရယ်မောလိုက်သည်။
"ဒါဆို ကျွန်တော် ခင်ဗျားကို သင်ပေးမှာပေါ့။"
*
အမှန်စင်စစ် မဲ့တုန်သည် အနာဂတ်အကြောင်း စိတ်ကူးယဥ်လေ့ မရှိသူ တစ်ယောက် ဖြစ်သည်။လူအများစုမှာ ချစ်သူစုံတွဲဆက်ဆံရေး၏ ပထမဆုံးနေ့ကတည်းက အတူတကွ နေထိုင်ရန် စတင် စိတ်ကူးယဥ်နေစဥ်တွင် ၊ မဲ့တုန်က ထိုသို့ မစဥ်းစားချေ။သူသည် လက်ရှိအခြေအနေနှင့်ပင် အလွန်တင်းတိမ်ရောင့်ရဲတတ်သည်။ထိုသို့ မျှော်လင့်ချက် မထားရှိရခြင်းသည် အတွေ့အကြုံ မလုံလောက်မှုကိုာတိုက်ရိုက် ဖြစ်ပေါ်လာစေသည်။သူ့တွင် လက်တွေ့ အတွေ့အကြုံမရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုမှာလည်း လုံလောက်အောင် ရှိမနေပေ။
သူက ဆံပင်ကို သေချာခြောက်သွေ့အောင် မပြုလုပ်လာသဖြင့် ဆံပင် ရေစက်များ တစက်စက် ကျနေခဲ့သည်။ငှားရမ်းထားသော တိုက်ခန်း၌ ပြင်ဆင်ခင်းကျင်းဖို့သာ တွေးနေခဲ့သဖြင့် သူ့ဆံပင်ကို အတော်ကြာသည်အထိ မညှပ်ဖြစ်ခဲ့ပေ။သူ့ဆံပင်မှာ အလျင်အမြန်ပဲ ရှည်လာခဲ့သည်။လွန်ခဲ့သော ရက်အနည်းငယ်ကပင် ယန်ရှုမင်သည် သူ့ကို ဆံပင် အရှည်ထားချင်သလားဟု မေးခဲ့သေးသည်။
မဲ့တုန်သည် မှန်ရှေ့တွင် မတ်တပ်ရပ်နေပြီး ဆံပင် အဖျားလေးများကို ဆွဲကြည့်ကာ သူ နည်းနည်းလောက် ဆံပင်ပိုရှည်လာလျှင် ဘယ်လို ပုံစံ ဖြစ်မည်ကို စိတ်ကူးကြည့်နေသည်။စိတ်ကူးကြည့်ဖို့ပင် ခက်သည်။ရုတ်တရက်ကြီး သူက comfort zone မှ ခြေတစ်လှမ်း ထွက်ချင်စိတ်ပင် မရှိသည့် တစ်စုံတစ်ယောက် ဖြစ်သည်ကို သူ နားလည်သွားခဲ့သည်။ဥပမာ - သူ သည် ယန်ရှုမင်ကို အထက်တန်းကျောင်းမှစ၍ ကောလိပ်ရောက်သည်အထိ တိတ်တခိုး ကြိုက်နေခဲ့သည်။ဥပမာ - သူတို့တွဲလာသည်က ခြောက်လသက်တမ်းရှိပြီ ဖြစ်သော်လည်း လက်ရှိထက် အဆင့်ပိုတိုးဖို့ကို သူ့ဘက်က ဘယ်တုန်းကမှ အစပြုခဲ့ခြင်း မရှိပေ။ဥပမာ- သူတို့သည် အခု အတူတကွ နေထိုင်ကြပြီ ဖြစ်သော်လည်း ယနေ့ညတွင် အိပ်ရာဖုံးအောက်ထဲ ဝင်၍ စကားစမြည် ပြောခြင်းလောက်သာ ဖြစ်လိမ့်မည်ဟု တွေးတောနေခြင်း ဖြစ်သည်။
သူ၏ comfort zone ဆိုသည့်နေရာမှာ စိတ်ကူးယဥ်မှုတစ်ခု ဟု မဲ့တုန် တွေးနေခဲ့သည်။ထိုနေရာမှ ခြေတစ်လှမ်းထွက်ခြင်းသည် လုံးဝ ထွက်ခွာသွားခြင်း ဟု မဆိုလို။အပြင်ဘက်တွင် စောင့်နေသူက ယန်ရှုမင်ဖြစ်ပြီး သူ့ကို ချွင်းချက်မရှိဘဲ သေချာပေါက် ဖမ်းဆွဲပေးထားမည် ဖြစ်သည်။
ဤညတွင် အရင်ဆုံး ရေချိုးသူက မဲ့တုန်ဖြစ်သည်။သူက ညစာပြင်ပေးခဲ့သည်ဖြစ်ရာ သဘာဝကျစွာဖြင့် ယန်ရှုမင်က တစ်လှည့် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ရမည် ဖြစ်သည်။
သဘက်တစ်ထည်ကို ပခုံးပေါ်တွင် လွှမ်းခြုံရင်း ဆံပင်ရေစက်လက်ဖြင့် မဲ့တုန် ရေချိုးခန်းမှ ထွက်လာခဲ့သည်။ထိုစဥ် သူ့ချစ်သူကောင်လေးက ဆိုဖာပေါ်တွင်ထိုင်ရင်း စတော်ဘယ်ရီသီး အညှာများကို ခြွေနေလေသည်။
"ခင်ဗျား ဘာဖြစ်လို့ ရေသွားမချိုးသေးတာလဲ။"
မဲ့တုန် သူ့ကို လှမ်းပြောလိုက်သည်။
ယန်ရှုမင်က လှည့်ကြည့်လာပြီး စတော်ဘယ်ရီသီးတစ်လုံးကို ယူ၍ မဲ့တုန်ကို ကျွေးလိုက်သည်။သူ့ပါးစပ်ထဲတွင် အေးမြမြ အချိုဓါတ်လေးတစ်ခု ပေါက်ထွက်လာသဖြင့် ရေချိုးခန်း၌ ချိုးခဲ့သော ရေပူ၏ အနွေးဓါတ်ကို ပြေပျောက်သွားစေခဲ့သည်။မဲ့တုန်ကို စတော်ဘယ်ရီ ကျွေးပြီးနောက် ယန်ရှုမင်က သူ့လက်ကိုဆန့်၍ မဲ့တုန်၏ ပခုံးထက်မှ သဘက်ကို ဆွဲယူ၍ ဆံပင်များ ခြောက်သွေ့စေရန် သုတ်ပေးသည်။
"မင်းရဲ့ဆံပင်ကို ခြောက်အောင်မလုပ်ဘဲ မလာခဲ့နဲ့။ မင်းကို အအေးမမိစေချင်ဘူး။"
မဲ့တုန်၏ခေါင်းမှာ အသေအချာ ပွတ်သုတ်ပေးခြင်း ခံနေရသည်။
"အခုက ဆောင်းတွင်းလိုမှ မဟုတ်တော့တာ။"
ယန်ရှုမင်က တီးတိုးပြောသည်။
"မင်းက နွေရာသီမှာလည်း အအေးမိတတ်တယ်လေ။"
မဲ့တုန် သူ့ကို တစ်ချက် ခိုးကြည့်လိုက်သည်။ယန်ရှုမင်ကတော့ လေးနက်စွာဖြင့် သူ့ဆံပင်များကို ခြောက်သွေ့သည်အထိ သုတ်ပေးရန် တာဝန်ယူထားသည်။
သူ့ဒိုင်ယာရီကို ယန်ရှုမင် မတွေ့ခင်က၊ယန်ရှုမင်သည် သု့ကိုယ်ပိုင်ဘဝနှင့် အလွန်ခြားနားသော ဘဝတစ်ခုတွင် ရှင်သန်နေထိုင်နေသည့် တစ်စုံတစ်ယောက်ဟု မဲ့တုန် အမြဲတမ်း ခံစားခဲ့ရသည်။ထိုသို့ တွေးမိရခြင်းမှာ အထက်တန်းကျောင်းမှာကတည်းက မဲ့တုန်သည် ယန်ရှုမင်၏ခြေလှမ်းများ နောက်တွင် ထပ်ကြပ်မကွာ လိုက်ပါခဲ့ခြင်းကြောင့် ဖြစ်သည်။အသက်ကွာခြားမှုနှင့် မတူညီသည့် ပညာရေးလမ်းကြောင်းများ ရှိသည်မှတပါး မဲ့တုန်သည် သူတို့၏ စာမေးပွဲရမှတ်များကို အချိန်တိုင်း တိတ်တဆိတ် နှိုင်းယှဥ်ကြည့်နေမိပြီး အမြဲလိုလို နိမ့်ကျနေမြဲ ဖြစ်ခဲ့ရသည်။
မဲ့တုန် နန်ကျင်းတက္ကသိုလ် ရောက်လာချိန်တွင် ယန်ရှုမင်သည် လူသိများသော စီနီယာတစ်ယောက် ဖြစ်နေခဲ့ပြီး သူ့နာမည်ကို နန်ကျင်းတက္ကသိုလ်ရှိ လူတိုင်းက သိသည်။မဲ့တုန်ဆိုပါက သူတို့အတွက်နောက်ထပ် ကျောင်းသားသစ်လေးတစ်ယောက်မျှသာ ဖြစ်သည်။
ဒါပေမဲ့ အရာအားလုံးက ဒီအခြေအနေရောက်တဲ့အထိ ဘယ်လိုများ တိုးတက်လာခဲ့ရတာလဲ။သူက အခု ယန်ရှုမင်နဲ့ အတူတူ နေထိုင်နေပြီး ယန်ရှုမင်က သူ့ဆံပင်ကို သေချာခြောက်သွေ့အောင် သုတ်ပေးနေတယ်။
မဲ့တုန် ခေါင်းမော့လိုက်ပြီး ယန်ရှုမင် လက်ထဲက သဘက်ကို ဆွဲယူလိုက်ကာ ထိုသူကို စတော်ဘယ်ရီအနံ့အရသာ အနမ်းတစ်ခု ပေးလိုက်သည်။
ယန်ရှုမင်က နူးညံ့သော "အမ်" တစ်ခုဖြင့် တုံ့ပြန်သည်။
မဲ့တုန်က တခစ်ခစ်ရယ်လိုက်ပြီး ယန်ရှုမင်ကို ညင်ညင်သာသာ တွန်းလိုက်သည်။
"ရေသွားချိုးတော့လေ။ကျွန်တော့်ဆံပင်ကို ကျွန်တော့်ဘာသာ သုတ်လို့ရတယ်။ခင်ဗျား ပြန်ထွက်လာရင် ကျွန်တော်တို့ အတူတူ အိပ်ရာဝင်ကြမယ်။"
ယန်ရှုမင်က သူ့ကို ကြည့်လိုက်သည်။
"ထပ်ပြီး ရှက်မနေတော့ဘူးပေါ့။"
မဲ့တုန် တွန့်ဆုတ်နေလျက်
"ကျွန် ... ကျွန်တော် မရှက်ဘူး။"
ယန်ရှုမင်က ရယ်လိုက်သည်။
"တကယ် မရှက်ဘူးလား။"
မဲ့တုန်၏မျက်နှာက အနည်းငယ် နီရဲလာသည်။
"လုံးဝပဲ။ နောက်ထပ် မရှက်တော့ဘူးလို့။ သွားတော့။"
ယန်ရှုမင်က ခေါင်းငုံ့၍ ညင်သာနူးညံ့စွာ နမ်းလိုက်ပြီး အဆိုပါစကားလုံးများကို ချန်ထားခဲ့သည်။
"ကိုယ့်ကို စောင့်နေ။"
မဲ့တုန်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ရေချိုးခန်းတံခါး ပိတ်သွားသည်ကို ကြည့်နေခဲ့သည်။သူ့နှလုံးသားထဲတွင် ဤသို့တွေးနေ၏။
ငါ ခန့်မှန်းထားတဲ့အတိုင်းပါလား။ ငါ စိတ်ကူးယဥ်နေသလို comfort zone ဆိုတာက တကယ်မရှိတာပဲ။အပြင်ကို ခြေတစ်လှမ်းတိုးလိုက်လည်း အဆင်ပြေတယ်။ယန်ရှုမင်က ငါ့ကို သေချာပေါက် ဖမ်းဆွဲထားခဲ့မှာ။
ဒါ တကယ်ကို ကောင်းတာပဲ။
TK Team
++++++++
စာရေးသူ၏ မှတ်စု
ဒီမှာ extra တစ်ပိုင်း လာတင်ပေးရင်းနဲ့ အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ် ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။