Chapter 156
Viewers 49k

💘Chapter 156 

မသမာသောအဖွဲ့အစည်း




ဝေ့ချန် လေဆိပ်သို့ရောက်ပြီးနောက် လေယာဥ်ထွက်ခွာရန် တစ်နာရီခွဲပင် ကျန်နေသေးသည်။ ထိုတစ်နာရီခွဲက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပါစေဟု သူဆုတောင်းမိ၏။ လေယာဥ်စီးချိန်နှစ်နာရီကိုပင် ချက်ချင်း ကုန်ဆုံးသွားစေချင်မိသည်။ သို့မှသာ သူ လီလီနှင့် ပြန်တွေ့နိုင်မှာဖြစ်သည်။ 


လေယာဥ်ပေါ်တက်ရန် ပြင်ဆင်နေချိန်မှာပင် ဝေ့ချန်က လီလီကို ဖုန်းခေါ်လိုက်သေးသည်။ ဖုန်းသံမြည်သွားသည်နှင့် တစ်ဖက်မှ တန်းဖြေလာသည်။ ချန်လီ၏ အနည်းငယ် ငိုက်မျဥ်းနေသော အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ 


“အားချန်…ပြန်လာပြီလား”


ချန်လီ၏အသံကိုကြားပြီးနောက် ဝေ့ချန်၏အမူအရာများ နူးညံ့သွားသည်။ “ကိုယ်အခု ရှန်ဟိုင်းလေဆိပ်ကို ရောက်နေပြီ…မကြာခင်ပြန်လာတော့မယ်”


“အို” ဝေ့ချန်က မြို့တော်သို့ ပြန်မရောက်သေးကြောင်း သိလိုက်ရပြီးနောက် ချန်လီ၏အသံက စိတ်ပျက်မှုများဖြင့် ကြီးစိုးသွားသည်။ 


“လီလီ…အိပ်သင့်နေပြီ…ပြန်လာမှတွေ့ကြမယ်” ဝေ့ချန်က ချန်လီ၏အသံမှ ပင်ပန်းမှုများကို ခံစားမိနိုင်သည်။ ဆယ့်တစ်နာရီပင် ထိုးလုနီးပြီဖြစ်ပြီး ပုံမှန်ဆိုလျှင် ချန်လီက ထိုအချိန်၌ အိပ်နေပြီဖြစ်သည်။ 


ချန်လီမနေနိုင်ဘဲ သမ်းဝေ၍ ပြောလိုက်သည်။ “ကျွန်တော်စောင့်နေမယ်”


၎င်းက ချန်လီ၏ ခေါင်းမာမှုဖြစ်၏။ ပင်ပန်းနေသည့်တိုင် အနားတွင် ဝေ့ချန်မရှိဘဲ သူမအိပ်နိုင်ချေ။ 


“ကောင်းပြီ…ဒါဆို ကိုယ်ပြန်လာမှစောင့်နေနော်” ဝေ့ချန်က ချန်လီကို ဖိအားမပေးချင်ပေ။ အကြောင်းမှာ တစ်ယောက်ယောက်က သူအိမ်ပြန်အလာကို စောင့်နေသည်ဆိုသောအသိက နွေးထွေးမှုများဖြင့် ပွေ့ဖက်ထားသလို ဖြစ်သောကြောင့်ဖြစ်သည်။ ထိုကဲ့သို့ နွေးထွေးမှုက နွေဦး၏အေးစိမ့်မှုတာင်မှ တိုးမပေါက်နိုင်ချေ။ 


ထို့နောက်တွင် သူတို့နှစ်ယောက်က စကားမပြောသလို ဖုန်းလည်းမချကြချေ။ ထိုအချိန်တွင် တစ်ယောက်စီ၏ အသက်ရှူသံများက စကားမပြောဘဲ ငြိမ်သက်နေကြသောကြောင့် ဖုန်းချရန် တွန့်ဆုတ်နေကြသည်။ 


လေဆိပ်မှကြေညာသံထွက်လာမှသာ ဝေ့ချန်က ဖုန်းကို မချချင်၊ချချင်နှင့် ချလိုက်ရသည်။ သူကလက်မှတ်ကိုယူ၍ လေယာဥ်ပေါ်သို့ တက်ရန်ပြင်လိုက်သည်။ 


ကျူးကောယွီက မီးဖိုခန်းမှ နွားနို့တစ်ခွက်ယူလာပေးပြီး ဧည့်ခန်းဆိုဖာတွင် ထိုင်နေသည့် ချန်လီဆီသို့ ယူလာပေး၍ ပြောလိုက်သည်။ “လီလီ…အိပ်တော့လေ…နိုးလာတဲ့အချိန်ကျရင် ဝေ့ချန်ပြန်ရောက်နေလိမ့်မယ်” ချန်လီက နွားနို့ခွက်ကိုကိုင်၍ ခေါင်းခါ၍ သမ်းဝေလိုက်သည်။ 


ချန်လီက တကယ်ကို ပင်ပန်းနေတာဖြစ်သည်။ မျက်လုံးထောင့်မှသည် မျက်ရည်များက စီးကျလာပြီး ပုံမှန်တွင် လုံးဝိုင်းနေသည့် မျက်ဝန်းများက မှေးစင်းနေသော်လည်း အိပ်ချင်နေသည့်စိတ်ကို တိုက်ခိုက်နေသည်။ သူကတကယ်ကို ခေါင်းမာလေသည်။ 


ကျူးကောယွီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ သူ ချန်လီကို အိပ်ရန် ဖျေိာင်းဖျနေသည်မှာ ဘယ်နှကြိမ်ရှိပြီလဲ သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။ သိုသော်လည်း ချန်လီက မည်မျှပင်ပန်းနေပါစေ၊ ဝေ့ချန်ပြန်လာသည်အထိ စောင့်ချင်နေလေသည်။ 


ကျူးကောယွီက နံရံပေါ်ရှိ နာရီကိုကြည့်လိုက်သည်။ မနက်တစ်နာရီပင် ထိုးလုနီးပြီဖြစ်၏။ သူကတော့ အိပ်ချင်နေပြီဖြစ်သည်။ 


“ရှောင်လီ…ကိုယ့်ဘာသာဆက်စောင့်နိုင်လား…ငါအပေါ်တက်ပြီး သွားအိပ်တော့မယ်” ကျုူးကောယွီ သမ်းဝေလိုက်သည်။ သူထပ်၍ မနေနိုင်တော့ပေ။ အသက်အရွယ်က သူ့ကို နှိပ်စက်လာ၏။


ချန်လီက ခေါင်းညိတ်လိုက်ပြီး နွားနို့က သူ့ကိုနိုးကြားစေရန်မျှော်လင့်နေသည့်အလား တစ်ငုံသောက်လိုက်သည်။ 


ကျူးကောယွီက ဆက်မနေနိုင်တော့သော်လည်း ချန်လီ နွားနို့တစ်ခွက်လုံးကုန်အောင်သောက်သည်ကို ကြည့်ပြီးမှ အခန်းထဲသို့ ပြန်သွားလိုက်သည်။ ခေါင်းအုံးနှင့် ခေါင်းထိလိုက်သည်နှင့် ကျူးကောယွီ အတွေးများရပ်သွားပြီး ချက်ချင်း အိပ်ပျော်သွားတော့သည်။ 


ကျူးကောယွီ အခန်းထဲသို့ ပြန်သွားပြီး သိပ်မကြာခင်တွင် ချန်လီ၏ဖုန်းမြည်လာခဲ့သည်။ ၎င်းက ဝေ့ချန်ခေါ်ဆိုလာခြင်းဖြစ်ပြီး ခေါ်ဆိုသူအိုင်ဒီကိုတောင်မကြည့်တော့ဘဲ ချန်လီ ချက်ချင်းဖုန်းကိုင်လိုက်သည်။ 


“လီလီ…ကိုယ်ပြန်ရောက်နေပြီ…တံခါးပေါက်မှာ”


ထိုအချိန်တွင် အားလုံးအိပ်နေကြလိမ့်မည်ဟု တွေးမိသောကြောင့် ဝေ့ချန် လူခေါ်ခေါင်းလောင်းမတီးလိုက်ဘဲ ချန်လီကိုသာ ဖုန်းခေါ်လိုက်ခြင်းဖြစ်သည်။ ချန်လီက သူပြန်ရောက်လာသည်အထိ စောင့်နေလိမ့်မည်ဟု သူသိနေသည်။ 


ဝေ့ချန်၏အသံကိုကြားပြီးနောက် ချန်လီ ချက်ချင်း ဆိုဖာပေါ်မှ ထလိုက်သည်။ ဖိနပ်ပါးများကိုပင် မစီးဘဲ ဝေ့ချန်ရှိရာ တံခါးဆီသို့ ပြေးသွားလေသည်။ တံခါးကိုဖွင့်လိုက်သည့်အခါ ဝေ့ချန်က အပြင်တွင် ရပ်နေ၏။ သူ့မျက်နှာက အမူအရာကင်းမဲ့နေသော်လည်း မျက်လုံးနှင့်မျက်ခုံးများကတော့ နူးညံ့ညင်သာနေသည်။ 


ခရီးတစ်လျှောက် ကြယ်တာရာနှင့် ဖုန်မှုန့်များကို ဖြတ်၍ လာခဲ့ပြီး ချန်လီကို တွေ့လိုက်ရသည့်အခါ ပင်ပန်းနွမ်းနယ်မှုများ အာလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး ဝေ့ချန်မှာ အားအင်အပြည့်ဖြင့် ဖြစ်လာတော့သည်။ 


“လီလီ..ကိုယ်ပြန်ရောက်ပြီ” ဝေ့ချန်က အထဲသို့ ဝင်လာကာ အပြင်ဘက်မှလေအေးဝင်လာမည်ကို စိုးသောကြောင့် တံခါးကို မြန်မြန်ပြန်ပိတ်လိုက်သည်။


“အင်း” ချန်လီ ခေါင်းညိတ်ပြီးနောက် ဝေ့ချန်၏ရင်ခွင်အတွင်းသို့ ပစ်ဝင်လိုက်သည်။ တစ်ရက်ပင်ဖြစ်သော်ငြား ရာစုနှစ်တစ်ခုလိုပင် ခံစားရ၏။


ဝေ့ချန်က ချန်လီ၏ကျောလေးကို ပွတ်သပ်ပေးနေပြီး သူ့အား တင်းကြပ်စွာ ပွေ့ဖက်လိုစိတ်များကို တွန်းလှန်နေရသည်။ သိပ်မကြာခင်တွင် ချန်လီက သူ့ရင်ခွင်ထဲ၌ အိပ်ပျော်သွားတော့မည်ကို သူသိသည်။ တကယ်ကိုပင် ခဏကြာပြီးနောက် ချန်လီ၏ တည်ငြိမ်သည့် အသက်ရှူသံက ဝေ့ချန်၏ပွေ့ဖက်မှုကားမှ ထွက်ပေါ်လာတော့သည်။ 


ခေါင်းခါရင်း ဝေ့ချန်က ချန်လီကို ပွေ့ချီလိုက်ကာ ဧည့်သည်အခန်းထဲသို့ ခေါ်သွားလိုက်သည်။ ချန်လီကို ကုတင်ပေါ်သို့ တင်ပြီးသည်နှင့် ဝေ့ချန်က ချန်လီ၏ ခြေဖျားများကို ကိုင်လိုက်သည်။ သူ၏ အလျင်လိုမှုကြောင့် ချန်လီ၏ခြေဖျားများက အေးစက်နေသောကြမ်းပြင်ကို ထိထားခဲ့ရသည်။ ယခုတော့ ချန်လီ၏ခြေဖျားများမှာ အေးစက်နေပြီဖြစ်သည်။ 


ဝေ့ချန်၏လက်များက နွေးထွေးနေသည်။ သူက ချန်လီ၏ ခြေဖဝါးများကို ဆုပ်ကိုင်ပေးရင်း နွေးထွေးအောင် လုပ်ပေးနေလိုက်သည်။ ယားယံသောကြောင့်ဖြစ်နိုင်သည်။ ချန်လီက အိပ်ပျော်နေရင်းနှင့်တောင် သူ့ခြေထောက်များကို ဝေ့ချန်၏ လက်ထဲမှ ဆွဲထုတ်လာလေသည်။ ဝေ့ချန်က စနောက်ချင်သောကြောင့် ချန်လီ၏ ခြေထောက်များကို တင်းကြပ်စွာ ကိုင်ထားလိုက်သည်။ 


ချန်လီက စိတ်မသက်မသာဖြင့် ရေရွတ်လာ၏။ “အားချန်”


ငိုက်မျဥ်းနေချိန်၌ ချန်လီ၏ အသံက အနည်းငယ်အက်ရှနေကာ ပျော့ပျောင်းနူးညံ့နေသည်။ ဝေ့ချန်၏ နှလုံးသားမှာ နွေးထွေးလာရပြီး ချန်လီ၏ ခြေဖဝါးများမှာ နွေးလာကြောင်း သတိထားမိသွားသည်။ ထိုအနွေးဓာတ်က သူ့လက်မှသည် တစ်ကိုယ်လုံးသို့ လျှပ်စီးကြောင်းကဲ့သို့ ပျံ့နှံ့သွားသည်။ ဝေ့ချန်က တွန့်ဆုတ်စွာနှင့် ချန်လီ၏ ခြေထောက်ကို လွှတ်ပေးလိုက်ပြီး သူ့အကြည့်များက အလိုဆန္ဒများနှင့် တောက်လောက်လာခဲ့သည်။ အဆုံးတွင်တော့ ရွေးချယ်စရာမရှိဘဲ ရေချိုးခန်းထဲသို့ ပြေးရတော့သည်။ 


သူ့၏နောက်ကျောမြင်ကွင်းက အေးစက်နေသည့် ရေပြင်ကို ဖြတ်တိုက်လာသည့် လေကဲ့သို့ ကဗျာဆန်သည့် အငွေ့အသက်များ ရှိနေသည်။ 


ဝေ့ချန် ရေအေးဖြင့် စိတ်တည်ငြိမ်အောင်လုပ်၍ ထွက်လာချိန်တွင် မနက်နှစ်နာရီပင်ရှိပြီဖြစ်သည်။ သူက ချန်လီဘေးတွင် ဝင်လှဲလိုက်၏။ တစ်ခုခုကို ခံစားမိသောကြောင့် ချန်လီက လှိမ့်လာကာ ဝေ့ချန်၏ ရင်ခွင်ထဲသို့ တိုးလာခဲ့သည်။ အိပ်နေရင်းနှင့် သူက ဝေ့ချန်၏လည်ပင်းကို ခေါင်းဖြင့် တိုးဝှေ့လာသေးသည်။ 


ဝေ့ချန်က ချန်လီကို အနားသို့ ပို၍ဆွဲကပ်လိုက်သည်။ အိပ်ရာထဲသို့ မဝင်ခင် ဝေ့ချန်က ပင်ပန်းမှုကို မခံစားရချေ။ သို့သော်လည်း ယခုတွင်တော့ ချန်လီကိုဖက်တွယ်ထားရင်း ရုတ်တရက် ပင်ပန်းမှုများ လှိမ့်တက်လာသည်ကို ခံစားလာရသည်။ သို့သည့်တိုင် သူက အိပ်ပျော်မသွားခင် ချန်လီ့နဖူးပေါ်သို့ အနမ်းခြွေလိုက်ပြီး တီးတိုးပြောလိုက်သေးသည်။ “ကောင်းသောညပါ”


ဘဝထဲတွင် အရေးအကြီးဆုံးလူက အနားတွင် ရှိနေသည့်အခါ နှစ်ယောက်လုံးက နှစ််ခြိုက်စွာ အိပ်မောကျသွားတော့သည်။ 



ညက အိပ်မက်များနှင့် ကုန်ဆုံးသွားပြီး မသိလိုက်ခင်မှာပင် မနက်ခင်းသို့ ရောက်သွားတော့သည်။ 


ကျူးကောယွီက နောက်ကျမှ အိပ်ပျော်သွားသော်လည်း ဆယ်စုနှစ်များစွာကြအောင် အကျင့်ပါနေသည့် သူ၏သဘာဝနာရီက မနက်ခြောက်နာရီခွဲတွင် နိုးလာစေသည်။ နိုးလာပြီး ပထမဆုံးလုပ်သည့်အရာက မျက်နှာသစ်ခြင်းနှင့် သွားတိုက်ခြင်းမဟုတ်ဘဲ ဧည့်ခန်းသို့သွား၍ ချန်လီအိပ်နေလား သွားကြည့်ခြင်းပင်ဖြစ်သည်။ 


ဧည့်ခန်းတွင် လူမရှိသည်ဘဲ ခရီးဆောင်အိတ်တစ်ခုသာ ကြမ်းပြင်ပေါ်တွင် ရှိနေသည်ကို တွေ့သောအခါ ကျူးကောယွီ စိတ်သက်ရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ ဝေ့ချန် မနေ့ညက ပြန်ရောက်သည့်ပုံပင်။ 


ချန်လီအိပ်သွားကြောင်း အတည်ပြုပြီးသည်နှင့် ကျူးကောယွီက အခန်းထဲသို့ ပြန်သွားကာ အိပ်ရာထဲသို့ ဝင်၍ ထပ်အိပ်လိုက်သည်။ 


နောက်ဆုံးတော့လည်း ဒီနေ့က ပိတ်ရက်ဖြစ်သည်။ သူကြိုက်သလောက် အိပ်နိုင်လေသည်။ 



ဇီဝသဘာဝနာရီနှင့် ပတ်သက်လာလျှင် ကျူးကောဖုန်းကတော့ ကျူကောယွီလို မဟုတ်ပေ။ ပိတ်ရက်မဟုတ်သည့် ရက်များတွင် ကျူးကောဖုန်းက အချိန်မှန်ထသော်လည်း ပိတ်ရက်များတွင်တော့ အနည်းငယ် ပျင်းရိပြီး နောက်ကျသည်အထိ အိပ်နေတတ်သည်။  


ထို့ကြောင့် နေက ကောင်းကင်ပေါ်သို့ မြင့်တက်လာသည့်တိုင် ကျူးကောအိမ်ကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်သည်။ 


မအိပ်ခင်က ဝေ့ချန်က ခန်းဆီးများကို ချထားခဲ့သည်။ ကံကောင်းစွာနှင့် ခန်းဆီးများက အလင်းမထိုးဖောက်နိုင်ပေ။ ထို့ကြောင့် မနက် ကိုးနာရီ၊ ဆယ်နာရီလောက်ထိ အိပ်နေသည့်တိုင် အခန်းက မနက်ငါးနာရီ၊ ခြောက်နာရီကဲ့သို့ မှောင်နေဆဲဖြစ်သည်။ 


ချန်လီ နိုးလာသည့်အခါ မနက်ငါးနာရီ၊ ခြောက်နာရီလောက်သာ ရှိသေးကြောင်း ထင်လိုက်သည်။ သူက မျက်လုံးများကို ဝေ့ချန်၏ မေးနှင့် ပွတ်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် မျက်တောင်များခတ်၍ ပြောလာသည်။ “အားချန်…ဂွတ်မောနင်း”


“မောနင်း” 


ဝေ့ချန်က နူးညံ့နေသည့်အသံဖြင့် ပြောလိုက်သည်။ သူက ချန်လီကို ပွေ့ဖက်ထားချင်ပြီး အိပ်ရာထဲမှ မထွက်ချင်သေးပေ။ ချန်လီလည်းထရန် စိတ်ကူးမရှိသေးချေ။ သူ ဝေ့ချန်ကို မတွေ့ရသည်မှာ ကြာသွားပြီဖြစ်သည်။ ဝေ့ချန်ကို ခဏလောက် ဖက်ထားချင်သေးသည်။


သူတို့နှစ်ယောက်က အိပ်ရာထဲတွင် တစ်နာရီခွဲလောက်ကြာအောင် ဆက်နေခဲ့ကြပြီး ချန်လီ၏ အစာအိမ်မှ ဗိုက်ဆာကြောင်း အသံပေးလာမှသာ အိပ်ရာထဲမှ ထလာကြပြီး ကိုယ်လက်သန့်စင်ကြသည်။ ထို့နောက် အခန်းထဲမှ ထွက်လာကာ မနက်စာရှာလိုက်ကြသည်။


ထိုအချိန်တွင် ကျူးကောယွီနှင့် ကျူးကောဖုန်းတို့လည်း နိုးနေပြီဖြစ်သည်။ သူတို့နှစ်ယောက် လက်ချင်းတွဲ၍ ထွက်လာသည်ကို ကြည့်ရင်း “မောနင်း” ဟု နှုတ်ဆက်လိုက်ကြသည်။ မနက်စာက စားပွဲပေါ်တွင် ပြင်ဆင်ထားပြီးဖြစ်သညိ။ ကျူးကောယွီက သူတို့ကို မနက်စာစားရန် ခေါ်လိုက်သည်။ 


ဆန်ပြုတ်နှင့် ဟင်းလျာများက သာမန်မနက်စာသာဖြစ်သော်လည်း ကျူးကောညီအစ်ကိုများအတွက်ကတော့ ပုံမှန်မနက်စာဖြစ်သည်။ 


ဆန်ပြုတ်ကနွေးရုံလေးသာဖြစ်သောကြောင့် ချက်ချင်း စားနိုင်လေသည်။ ချန်လီ တော်တော်လေး ဗိုက်ဆာနေပြီဖြစ်သည်။ သူက အလုတ်နည်းနည်းလေးနှင့်တင် ဆန်ပြုတ်ကို ပြောင်နေအောင် စားလိုက်သည်။ 


ကျူးကောယွီမနေနိုင်ဘဲ ရယ်လိုက်၏။ “ဖြေးဖြေးစားပါ…လီလီရဲ့…ဘယ်သူမှ မင်းနဲ့ပြိုင်မနေပါဘူး”


ဆန်ပြုတ်၏ နောက်ဆုံးအလုတ်ကိုစားပြီးနောက် ချန်လီက နာနာခံခံနှင့် ပြောလာသည်။ “ကျွန်တော် ဗိုက်ဆာနေလို့ပါ”


စကားတစ်ခွန်းမှမပြောဘဲ ဝေ့ချန်က တူများကိုကိုင်၍ ချန်လီကြိုက်သည့် ဟင်းများကို ယူ၍ ကျွေးလာသည်။


ချန်လီက ပုံမှန်အတိုင်း ပါးစပ်ဟ၍ စားလိုက်ပြီး ပြုံး၍ ဝေ့ချန်ကို မျက်ခုံးပင့်ကြည့်လိုက်သည်။ 


စားပွဲတွင်ရှိနေသည့် စင်ဂယ်ခွေးနှစ်ကောင်ကတော့ ချိုအီနေသည့် မြင်ကွင်းကို မြင်လိုက်ရပြီး ချိုမြိန်လွန်း၍ သည်းမခံနိုင်လုနီးပါးပင် ဖြစ်လာကြသည်။ သူတို့က မျက်နှာလွှဲလိုက်ကြသော်လည်း ဝေ့ချန်နှင့်ချန်လီတို့၏ နွေးထွေးသည့် အပြုအမူများက နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ 


မနက်စာစားပြီးနောက် ကျူးကောဖုန်းက ဒီနေ့၏ သတင်းစာကိုကိုင်၍ သေချာဖတ်လိုက်သည်။ ကျူးကောယွီကလည်း သူ့ကိုစိတ်ဝင်စားစေသည့် ခေါင်းစီးတချို့ကို ဖတ်ရန် ခေါင်းငုံ့လိုက်သည်။ ထိုကဲ့သို့ပင် ကျူးကောဖုန်းကလည်း စိတ်ဝင်စားဖွယ်ကောင်းသည့် သတင်းကိုတွေ့တိုင်း ကျူးကောယွီကို ခေါ်ပြတတ်သည်။ ညီအစ်ကိုနှစ်ယောက်လုံးမှာ ထူးထူးခြားခြား ခြားနားမှုမရှိကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြပြီး ဘဝကို ပျော်ရွှင်ဖွယ်ကောင်းစေသည်။


“ကျူးကောယွီ…ဒါကိုလာကြည့်” ကျူးကောဖုန်းက စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ခုကို တွေ့သောကြောင့် ကျူးကောယွီကိုခေါ်လိုက်သည်။ 


ကျူးကောယွီလည်း ကြည့်ရန် ချက်ချင်း သွားလိုက်သည်။ 


သတင်းစာ၏ အရှေ့ဘက်စာမျက်နှာတွင် ပါလာသည့် ထိုသတင်းက ရဲတပ်ဖွဲ့မှာ မသမာသည့် အဖွဲ့အစည်းအား ဖမ်းဆီးလိုက်သည့်သတင်းဖြစ်သည်။ ထိုအဖွဲ့အစည်းက ကွဲပြားသည့် အခန်းကဏ္ဍများရှိသည့် အဖွဲ့ဝင်များ၏ ရှုပ်ထွေးသည့် ကွန်ရက်တစ်ခုရှိသည်။ ရဲများက သူတို့ကို နှစ်နှစ်ကြာ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ဖမ်းဆီးနိုင်ခဲ့သည်။ 


သို့သော်လည်း ကျူးကောဖုန်း ကျူးကောယွီကို ပြချင်သည်က ထိုအဖွဲ့အစည်းသုံးသည့် မသမာသည့် နည်းလမ်းများဖြစ်သည်။ 


သူတို့၏ အဖွဲ့အစည်းအတွင်းတွင် ပန်းချီပညာကျွမ်းကျင်သူများရှိကာ နိုင်ငံတကာမှလူသိများသည့် ပန်းချီဆရာများ၏ ပန်းချီကားများကို တုပ၍ ဆွဲနိုင်ကြသည်။ နည်းလမ်းအမျိူးမျိူးဖြင့် အတုအပလက်ရာများကို လိုအပ်သူများထံ ငွေအမြောက်အမြားဖြင့် လိမ်လည်ရောင်းချခဲ့သည်။ 


ယနေ့အထိ သူတို့က အကြိမ်ပေါင်းများစွာ အောင်မြင်ခဲ့ပြီး များပြားလှသော ငွေကြေးပမာဏများကို စုဆောင်းခဲ့ကြသည်။ ခိုးယူခံရသော ငွေစုစုပေါင်းမှာ တစ်ဘီလီယံကျော်သွားပြီဖြစ်ပေသည်။




💘