🌌Extra 17
ကမ္ဘာမြေ အပိုင်း (၂)
"လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ကမ္ဘာမြေက ကြိုဆိုပါတယ်..."
[မစ္စတာ ဘာသာပြန်ဆရာ... မင်းရဲ့အသံကို ငါအရမ်းကြိုက်တာပဲ...]
လုမော့က သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပရောပရီလုပ်ခံသလို ခံစားခဲ့ရသည်။
ထို့အပြင် ထိုသူက ဂြိုလ်သားတစ်ဦးဖြစ်၍ လူများစွာရှေ့တွင် သူ့ကို ပွင့်ပွင့်လင်းလင်း ပရောပရီလုပ်နေသည်မှာ “ရွှင်မြူးဖွယ်ကိစ္စမဟုတ်သည်မှာ အသေအချာပင်” ဖြစ်၏။
သူက မျက်လုံးမှိတ်လိုက်ပြီး သူ့လည်စည်းပုဝါကို မြင့်အောင်ဆွဲလိုက်သည်။
ပန်းရောင်လက်သည်း၏ အစွန်းကို ငွေရောင်အနားသတ်ဖြင့် ခြယ်သထားသည့် သွယ်လျသော အဖြူရောင်လက်တစ်ဖက်ဖြင့် သူ့အင်္ကျီလက်ကို ဆုပ်ကိုင်ခံလိုက်ရသည်။
နည်းပြ(ဆရာ)က သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။
“သူ ဘာပြောလိုက်တာလဲ...”
လုမော့က အလယ်ဗဟိုတွင်ရှိပြီး အနီးနားရှိလူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းလှည့်၍ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
အဝေးကလူများက မျက်နှာလှည့်လာပြီး သူတို့၏ အကြည့်များက လုမော့ဘက်သို့ တဖြည်းဖြည်းပြောင်းသွား၏။
လုမော့ကို စင်မြင့်ပေါ်မှ ကိုယ်စားလှယ်များက မြင်လိုက်ပြီး အားလုံးက မျက်ခုံးတွန့်၍ လက်များကို ဖြည်းညှင်းစွာ ပွတ်သပ်နေသည်။
နည်းပြက မေး၏။
"လုမော့..."
"...."
လုမော့က နားကြပ်ကို ဖိလိုက်ပြီး ရှေ့တည့်တည့်ကို ကြည့်၍ အသံတိုးတိုးဖြင့် ဘာသာပြန်လိုက်၏။
"ငါလည်း အရမ်းဂုဏ်ယူမိပါတယ်..."
"မင်းရဲ့သဘောကျမှုအတွက် ကျေးဇူးတင်ပါတယ်..."
သူပြောပြီးသည်နှင့် တစ်ခန်းလုံးတွင် စိတ်အေးလက်အေးဖြင့် သက်ပြင်းချသံများ သိသိသာသာ ထွက်ပေါ်လာသည်။
စာရွက်လှန်သံများ၊ အထည်များကို ပွတ်တိုက်သံများ၊ ဖောင်တိန်များ ရေးခြစ်သံများ ထွက်ပေါ်နေ၏။
တိတ်ဆိတ်နေသော ခန်းမထဲတွင် လေထုက ရေခဲမှတ်မှ တဖြည်းဖြည်း ပူနွေးလာသည်။
နည်းပြက ထိုင်ခုံတွင် အားနည်းစွာထိုင်ပြီး တိုးတိုးလေး ညည်းတွားလိုက်၏။
“ကောင်းလိုက်တာ...”
ကပ်ဆိုးဘေးမှ လွတ်မြောက်ပြီးနောက် သူမ၏အသံမှာ သက်သာရာရမှုများနှင့် ပြည့်နှက်နေသည်။
လုမော့က ငွေရောင်ဆံပင်ရှည်နှင့်လူထံမှ ခပ်တိုတို ရယ်မောသံကို ကြားလိုက်ရသည်။
သူ့လည်စည်းပဝါကို ထပ်ဆွဲပြီး ကုလားထိုင်နောက်ကို မှီလိုက်၏။
"မင်းက အဝေးကနေ ကမ္ဘာမြေကြီးကိုဆီကို လာခဲ့တဲ့အတွက် ငါတို့ရဲ့ ရိုးသားမှုကို အပြည့်အ၀ ပေးပါတယ်...အားလုံးကို ဧည့်သည်တွေအနေနဲ့ ကြိုဆိုပြီး မင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်အောင် ငါတို့ အကောင်းဆုံး လုပ်သွားမယ်..."
ကိုယ်စားလှယ်များက ဘေးဥပဒ်ဖြစ်စေမည့် အမှားအယွင်းများ နည်းနိုင်သမျှနည်းအောင် ရေခဲပြင်ပါးပါးပေါ်တွင် လမ်းလျှောက်နေကြသည်။
လုမော့က သစ္စာရှိရှိ ဘာသာပြန်နေ၏။
ငွေရောင်ဆံပင်ရှိ အမျိုးသားက အကြည့်ကို ပြန်ရုတ်သ်ိမ်းလိုက်ပြီး တည့်တည့်မတ်မတ်ထိုင်ကာ စိတ်အားထက်သန်စွာ ပြောလိုက်၏။
"ငါတို့က အကြီးမားဆုံး ရိုးသားမှုနဲ့ လာခဲ့တာဖြစ်လို့... ယဉ်ကျေးတဲ့ အပြန်အလှန်ဆက်ဆံမှု အခြေခံမူတွေကို လိုက်နာပါ့မယ်..."
လုမော့က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။
အခွင့်သာပါက မြေအောက်ကို ပျောက်ကွယ်သွားရန် သူရွေးချယ်လိမ့်မည်။
ထိုလူ၏ စကားကို အမှန်အတိုင်း ဘာသာပြန်ပြီးနောက် လူတိုင်း၏မျက်နှာများက ထိန်းမရသော ပျော်ရွှင်မှုကို ပြသလာခဲ့သည်။
လုမော့ နောက်ကျမှ တစ်ခုခုကို သဘောပေါက်သွားသည်။ ဤတွေ့ဆုံမှုက သူထင်ထားသည်ထက် ပိုအရေးကြီးပုံရသည်။
နောက်ဆုံးတော့ သူတို့က ဂြိုလ်သားတွေပဲလေ...
လုမော့က သူ့အတွေးများကို မျိုသိပ်ထားလိုက်ပြီး နောက်ဆုံးတွင် အစည်းအဝေးက လမ်းကြောင်းမှန်ပေါ် ရောက်သွား၏။
ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းအတွက် အချင်းချင်း စူးစမ်းတွေ့ဆုံမှုက ငါးနာရီကြာပြီး အေးဆေးနူးညံ့သော မျက်နှာပြင်အောက်တွင် မရေမတွက်နိုင်သော လျှို့ဝှက်လှည့်ကွက်များနှင့် အလှည့်အပြောင်းများရှိ၏။
တစ်ယောက်တည်း ဘာသာပြန်ခြင်းက လုမော့ကို စိတ်ပင်ပန်းနွမ်းနယ်စေ၏။
အစည်းအဝေး ပြီးဆုံးသွားချိန်မှသာ လုမော့က သူ့ပုခုံးများကို ပင်ပန်းစွာ ဖိလိုက်သည်။ သူ့ဘယ်ဘက်လက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရ၏။
နည်းပြက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
"လုမော့... အရမ်းကောင်းတယ်..."
လုမော့ကို ဤနေရာသို့ ခေါ်ဆောင်ခြင်းက သူမဘဝတွင် လုပ်ဆောင်ခဲ့သည့် အမှန်ကန်ဆုံးနှင့် အရေးကြီးဆုံးအရာ ဖြစ်ကောင်းဖြစ်နိုင်သည်။
လုမော့က ခဏမျှ အံ့အားသင့်သွားပြီး နည်းပြ၏ လက်ကောက်ဝတ်ကိုကိုင်ကာ ညင်သာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
စင်မြင့်ပေါ်ရှိ လူများ တဖြည်းဖြည်း ပြန့်ကျဲသွားပြီး ပရိသတ်ထဲတွင်လည်း မည်သူမျှ မကျန်ခဲ့ပေ။
သူတို့က တစ်ခုခုကို စောင့်မျှော်နေပုံရသည်။
ဂြိုလ်သားနောက်လိုက်နှစ်ဦးနှင့် ဝန်ထမ်းများ ထွက်ခွာသွားသောအခါ အနီးနားရှိလူများ ရုတ်တရက် မတ်တပ်ထရပ်၍ လုမော့ပတ်ပတ်လည်တွင် စုရုံးကာ ပျော်ရွှင်သောအပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်းက ရွှီဝမ်းယုံဆိုတဲ့သူလား... မင်းက ချန်းကျင်းရဲ့ ကျောင်းသားတစ်ယောက်လို့ ငါကြားတယ်...မှတ်သားစရာပဲ... တကယ်ကို မှတ်သားစရာပဲ..."
"မင်းအကူအညီကောင်းတစ်ခု ပေးခဲ့တာပဲ.... မင်း ဘယ်လိုဘာသာပြန်လိုက်တာလဲ..."
"ဒါကို ဘယ်ကသင်ယူခဲ့လဲ မေးလို့ ရမလား..."
“...”
လုမော့ခေါင်းထဲတွင် မူးဝေသွားသည်။
ဤလူများ အားလုံးက လျှို့ဝှက်ရေး သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြပြီး သူတို့အားလုံးက အတွင်းလူများဖြစ်ကြသော်လည်း "ဂြိုလ်သား" ဟူသော စကားလုံးကို မပြောခဲ့ကြပေ။
သို့သော် ထိုတောက်ပသော မျက်လုံးများက သူတို့၏ စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့ပေ။
မူးဝေနေပြီဖြစ်သော သူ့ခေါင်းက ပို၍ပင် ရှုပ်ထွေးလာပြီး အသက်ရှူရအလွန်ခက်ခဲလာသည်။
နည်းပြချန်းကျင်းက သူ့အသားအရေမှ အရောင်ဖျော့ဖျော့သွားသည့် အကွက်သေးသေးလေးကို မြင်ပြီး အလျင်အမြန် ပြောလိုက်၏။
"သူ့ကို နေရာနည်းနည်းလောက်ပေးကြပါဦး... သူနေမကောင်းဘူး...သူ့ကို ခဏလောက် အနားယူခွင့်ပေးကြဦး..."
သို့သော် သူမ၏ ပျော့ပျောင်းသော အသံက စိတ်လှုပ်ရှားနေသော လူအုပ်ကြားတွင် နစ်မြုပ်သွားခဲ့ပြီး လုံးဝ ထိရောက်မှု မရှိပေ။
လုမော့၏ အမြင်အာရုံများ မည်းမှောင်ကာ ပြိုကျလုနီးပါးဖြစ်နေစဉ် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လူအုပ်ကြားထဲ တွန်းဝင်လာ၍ လေကောင်းလေသန့်များ ပြေးဝင်လာစေသည်။
သန်မာသောလက်တစ်ဖက်က သူ့ခန္ဓာကိုယ်ကို ဖေးကူထား၏။
"မင်း လဲသွားလို့မဖြစ်ဘူး...အားလုံးထဲ မင်းကသာ ဒီငှက်နဲ့တူတဲ့ လူတွေ ဘာပြောနေလဲ နားလည်နိုင်တဲ့သူပဲ..."
လုမော့ မော့ကြည့်လိုက်ရာ စစ်ဝတ်စုံဝတ် လူငယ်တစ်ယောက်က သူ့ကို ပြုံးပြနေ၏။
အိုး...ဒီကိစ္စက မပြီးသေးဘူးပဲ...
သူခေါင်းကိုက်ကာ တွေးလိုက်သည်။
သူက သူဌေးကိုယ်စား အတန်းမော်နီတာဖြစ်လာရန် အမှတ်မထင် မဲဆွယ်ခံနေရပုံပင်။
အရူးလိုပဲ....
လူငယ်က တော်တော်ငယ်သော်လည်း သူ့ရာထူးက မနိမ့်ချေ။ လုမော့က သူ့ပုခုံးပေါ်က တံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောဘဲ သူ့နောက်ကို လိုက်သွား၏။
"ကျုပ်က ချန်ရှိုပါ...အားရှိုလို့ ခေါ်လို့ရပါတယ်..."
"ကျွန်တော်က လုမော့ပါ..."
"မင်းနာမည်ကို ငါ အကြိမ်ကြိမ် ကြားဖူးလို့ နားရည်ဝနေပြီ... လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ငါတို့မျက်လုံးလုနီးပါးဖြစ်သွားမှန်း မင်းမသိဘူးမဟုတ်လား... အာ ထားလိုက်ပါတော့ ထပ်ပြောနေလည်း မထူးပါဘူး…"
သူ့အသံက တော်တော်စိတ်ပျက်သွားပုံရ၏။
လုမော့: "မင်း ငါ့ကို ဆက်ပြီး ဘာသာပြန်ဖို့အတွက် ရှာနေတာလား..."
ချန်ရှို နောက်ပြန်လှည့်လာသည်။
"မင်းကလွဲပြီ ဘယ်သူမှမရှိဘူးလေ..."
လုမော့က ပြင်ဆင်ထားသော်လည်း သူ ရင်တွင်းထဲ သက်ပြင်းချမိသေးသည်။
ဒုက္ခပဲနော်...
ချန်ရှိုက အေးအေးဆေးဆေးလေသံဖြင့် ပြော၏။
" ကူညီပါ ညီအစ်ကိုရယ်... ဒါက သာမာန်အလုပ်ပဲလေ... သူပြောတဲ့အခါ မင်းက ဘာသာပြန်တယ်... ငါတို့ပြောတဲ့အခါ...မင်းဘာသာပြန်တယ်...ဟုတ်တယ်ဟုတ်... အေးဆေးပါ..."
လုမော့:"ဂြိုလ်သားတစ်ယောက်အတွက် ဘာသာပြန်ရတာက ပုံမှန်ပဲလား..."
“အိုး...ရှူး...ရှူး…”
ချန်ရှိုက မျက်ခုံးပင့်ပြလိုက်သည်။
"ဘာဂြိုလ်သားလဲ...သူတို့နှစ်ယောက်က တော်တော်ချောတာကို..."
လုမော့: "..."
ဆက်မငြင်းနိုင်တော့ဘူး…
ချန်ရှိုခေါင်းပေါ်ရှိ သူ့စစ်ဦးထုပ်တွင် တစ်စုံတစ်ခုကို ချိတ်ဆွဲထားပုံရပြီး တံဆိပ်ကို တန်းလန်းချည်နှောင်ထားသည်။ သူက ၎င်းကို ယနေ့မနက်တွင်မှ တွဲခဲ့ပုံရပြီး သတိထားမိပုံ မပေါ်သေးချေ။
လုမော့က မတတ်နိုင်ဘဲ မသက်မသာ ခံစားရသည်။
"ပြီးတော့... သူတို့နှစ်ယောက်က မောက်မောက်မာမာနဲ့ လှည့်ပတ်သွားလာနေကြသေးတယ်..."
ချန်ရှိုက မကျေမနပ်ဖြင့် လက်သီးချက်များကို လေထဲမှာ ဆုပ်လိုက်သည်။
"သူတို့က ဘယ်လောက်တောင် စွမ်းနိုင်လို့လဲ...အရမ်း မောက်မာလွန်းတယ်... ငါတို့အားလုံး ဒီမှာ ကြောက်နေကြတာကို...သူတို့က လမ်းလျှောက်နေတယ်တဲ့လား...”
လျှော့တွက်ခြင်းခံရသောကြောင့် ချန်ရှိုဒေါသထွက်သွားသည်ကို လုမော့မြင်နိုင်သည်။
သူက ချန်ရှို၏ ခေါင်းကို စိုက်ကြည့်ပြီး ပြောလိုက်၏။
"ငါ့လစာကို ပေးဖို့တော့ သတိရပေးပါ... ငါက စျေးကြီးတယ်နော်..."
ချန်ရှို ဝမ်းသာသွားသည်။
"စိတ်မပူပါနဲ့ အစ်ကိုရေ... လစာက သေချာပေါက် လုံလောက်မှာပါ...ငါ လစာရရင်လည်း မင်းကို ထမင်းလိုက်ကျွေးဦးမယ်..."
လုမော့: "အဲ့ဒါမလုပ်ခင် မင်းဦးထုပ်က်ိုပြင်လိုက်ပါဦး..."
ချန်ရှို: "ဟမ်..."
လုမော့က သူ့လက်များကိုဖြန့်ကာ တောက်ပနေသော သတ္တုတံဆိပ်တစ်ခုကို သူ့လက်ဖဝါးပေါ်တွင် တင်ထားသည်။
ချန်ရှိုက သူ့ဦးထုပ်ကို ချွတ်လိုက်ပြီးနောက် ၎င်းက ဗလာဖြစ်နေသည်ကို သေချာစစ်လိုက်၏။ သူက လုမော့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
''မင်း... အရင်က ခါးပိုက်နှိုက်လား..."
လုမော့က ပခုံးတွန့်လိုက်သည်။
"ငါ မှော်ပညာလေးတစ်ခု သိတယ်..."
ချန်ရှိုက အံ့သြစွာဖြင့် မျက်လုံးပြူးသွားသည်။
"စောင့်ကြည့်ကင်မရာတွေမှာ မင်းကို ရှာမတွေ့တာ အံ့သြစရာ မဟုတ်တော့ဘူးပဲ...ဒါကြောင့် မင်းက..."
မှော်လှည့်ကွက်များဖြင့် လူသားများကြားတွင် ပုန်းအောင်းနေသော မှော်ဆရာတစ်ဦး။
အရာအားလုံးက အခုမှ အဓိပ္ပါယ်ရှိသွားပြီ...
ချန်ရှိုက လေးလေးစားစား အလေးပြုလိုက်သည်။
"ငါ နားလည်ပြီ...ငါ အဲဒါကို လျှို့ဝှက်ထားလိုက်မယ်... အခု ငါ့နောက်ကို လိုက်ခဲ့ပါ..."
ချန်ရှိုက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး လုမော့က သူ့လက်ကိုမကြည့်မီ သူ့နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။
သူ့လက်ထဲသို့ တံဆိပ်က မည်သို့ရောက်လာသည်ကို သူနားမလည်ချေ။
တကယ့်ကို ထူးဆန်းတယ်...
—————
ပန်းနှစ်ပွင့် ပွင့်နေပြီး တစ်ခုစီတွင် အကိုင်းအခက်လေးတစ်ခုစီ ပွင့်နေသည်။
လင်းနှင့် ကျန်းတို့က ဝန်ထမ်းများနောက်မှ လိုက်သွားကြ၏။
ကျန်းက ခေါင်းလှည့်ကာ သူ့ဘော့စ်ကို ကြည့်လိုက်သည်။
လင်း: "မင်းမှာ ပြောစရာရှိရင် ပြောပါ..."
"ကျစ်..."
“ကျစ်...ကျစ်...”
"ငါ မပြောနိုင်ဘူး..."
ကျန်းက တတိယစစ်တပ်၏ ဗိုလ်မှူးကို ပထမဆုံးအကြိမ်တွေ့ဖူးသလိုပင် သူ့ကို အပေါ်အောက် ဆုံချည်ဆန်ချည် ကြည့်လိုက်သည်။
"မင်း လုမော့ကိုရှာမယ်လို့ ပြောတုန်းက... ဒီလုမော့ကို ပြောတာလား..."
"ဘော့စ်...သူတို့က နာမည်တူပေမယ့် ဒီလူက ကမ္ဘာမြေပေါ်က သတ္တဝါပါ... မင်းက နာမည်ကိုပဲကြိုက်လို့လား..."
သူက ဒေါသအပြည့်ဖြင့် လင်းကို စိုက်ကြည့်နေသည်။
ဒီလိုလုပ်တဲ့အတွက် ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးက မင်းကို ကြိမ်းမောင်းလိမ့်မယ်ဆိုတာ မင်းသိလား...
လင်းက သူ့လက်ကို ပင့်၍ ပျင်းရိစွာ ဆန့်တန်းပြီး ပျင်းရိစွာ ပြောလိုက်၏။
“မင်းသိလား...ငါ သိပ်မကြာသေးခင်က Heat ဝင်နေတာကို..."
ကျန်း:" ဟမ်…"
ကျန်း:"ဒါ ဘယ်တုန်းကဖြစ်တာလဲ..."
လင်းက ခေါင်းလှည့်ပြီး သူ့လက်ထောက်ကို စေ့စေ့ကြည့်လိုက်၏။
"အခုပဲ..."
ကျန်း:"အမ်..."
"ငါ အခုပဲ သူစကားပြောနေတာကို ကြားလိုက်ရတယ်လေ..."
လင်းက အသက်ရှုထုတ်လိုက်ပြီး သူ့ရင်များက တဖျပ်ဖျပ်ခုန်နေ၏။
"မင်း...နားလည်သား..."
ကျန်းက ခဏတာမျှ အံသြသွားပြီး ကျိန်ဆဲကာကမန်းကတန်း ဆက်ပြော၏။
"မင်းကို စောင့်ကြည့်နေမယ် ဘော့စ်...ငါ မင်းကို ဖောက်ပြန်ခွင့် မပေးဘူးနော်..."
မာနကြီးပြီး လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ အမျိုးသားဇာ့ဂ်က ပိုချောတာ သိသာနေတာကို...
"ငါ့ကို မနှောင့်ယှက်နဲ့..."
"မင်းလည်း ဖောက်ပြန်ဖို့မစဉ်းစားနဲ့..."
...................
လုမော့ နှာချေလိုက်မိသည်။
ချန်ရှိုက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"အဆင်ပြေရဲ့လား..."
လုမော့ ခေါင်းယမ်းလိုက်သည်။
"ပိုသက်သာလာပါပြီ..."
ဇိမ်ခံဟိုတယ်ကြီးတစ်ခု၏ အခန်းတံခါးအပြင်ဘက်တွင် သူတို့ရပ်နေကြ၏။
"ဒီနေရာက ဟိုနှစ်ယောက်..."
ချန်ရှို၏ အကြည့်အောက်တွင် လုမော့က အဆင်သင့်ဖြစ်သလို ပြန်ဖြေ၏။
"အဲဒီ အရမ်းကိုချောတဲ့ လူချောလေးနှစ်ယောက် တည်းနေတဲ့နေရာလား..."
ချန်ရှိုက ဉာဏ်အလင်းရသလို ပြန်ဖြေလိုက်၏။
"အထဲမှာ... အသေးအမွှားလေးနှစ်ကောင်ရှိတယ်..."
လုမော့: "ဟမ်…"
ချန်ရှို: "မင်းဝင်သွားတဲ့အခါ သိလိမ့်မယ်..."
ထို့နောက် သူ တံခါးခေါက်လိုက်၏။
တုံ့ပြန်သံတစ်ခုနှင့်အတူ တံခါးပွင့်လာ၏။
တံခါးအက်ကွဲကြောင်းက တဖြည်းဖြည်းကျယ်လာပြီး လုမော့က အတွင်းမြင်ကွင်းကို မြင်လိုက်ရ၏။
အရာအားလုံးကို ရှင်းရှင်းလင်းလင်းမမြင်ရသေးမီတွင် ပြတ်သားပြီး ကလေးဆန်သောအသံကို သူကြားလိုက်ရ၏။
[ အိုး… တခြားကမ္ဘာက ငါ့ရဲ့အစေခံ… ဘာလို့ ဒီလောက်နောက်ကျမှ ငါ့ကို ဖူးမျှော်ဖို့လာတာလဲ… ငါ့ဒေါသတွေကို အပြည့်အဝ ဖွင့်ထုတ်လိုက်မယ်ဆိုရင် လောကကြီးတစ်ခုလုံး အသူရာချောက်ကြီးဖြစ်သွားနိုင်တာကို မသိတာများလား… ]
အနက်နီရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုက အနက်ရောင် ဆံပင်ရှည်များကို ခြေကျင်းဝတ်အထိ ချထား၏။
ကျယ်ဝန်းသော အခန်းထဲတွင် နူးညံ့သိမ်မွေ့သော မျက်နှာနှင့် ကလေးငယ်လေးက မျက်လုံးမှိတ်ထားကာ အလယ်ဗဟို၌ ရပ်နေ၏။
သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သောအခါ နီရဲတောက်ပ သော မျက်ဝန်းတစ်စုံက လင်းလက်လာ၏။
[ငါ့ရဲ့နာမတော်ကို ချီးမွမ်းကြပါ...]
သူ့လက်ကို မြှောက်လိုက်သည်နှင့် ဝတ်ရုံအောက်တွင် ဆန်းပြားပြီး လှပသော ယူနီဖောင်းတစ်ခု ပေါ်လာသည်။ သူ့မျက်လုံးများတွင် လုမော့၏ မျက်နှာက ရောင်ပြန်ဟပ်နေ၏။
[ငါ့နာမည်က...]
ကလေးက လုမော့ကိုတွေ့သည့် အခိုက်အတန့်တွင် သူ့မျက်လုံးများ ပြူးကျယ်လာပြီး စကားထစ်သည့် ပုံစံဖြင့် ပြောလာ၏။
[ငါ့နာမည်... ငါ့နာမည်... ငါ့နာမည်က...]
[လုချန်းရှန်...တိတ်တိတ်နေစမ်း...]
ကလေးဆန်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာ၍ အခန်းထဲတွင် နောက်ထပ် ကလေးတစ်ယောက်ရှိနေသည်ကို လုမော့သတိပြုမိလိုက်သည်။
ကလေးက ကုတင်ပေါ်တွင်ထိုင်၍ ဖွင့်လျက်သား စာအုပ်ကို လက်ထဲတွင် ကိုင်ထားသည်။ သူ၏ ငွေရောင်ဆံပင်အောက်တွင် နူးညံ့သိမ်မွေ့သော မျက်နှာထားရှိပြီး စိမ်းမြမြမျက်ဝန်းတစ်စုံက သူ့ကို အလွန်ကျက်သရေရှိသော ရုပ်ရည်မျ်ိုး ဖြစ်စေသည်။
သူက စာအုပ်ကိုချ၍ ကုတင်ပေါ်မှ ဆင်းကာ လုမော့ဆီသို့ လျှောက်သွားသည်။
ငွေရောင်ဆံပင်နှင့် ကလေးက လုမော့နှင့် မီတာဝက်ခန့်အကွာတွင်ရပ်ပြီး အနည်းငယ် ဦးညွှတ်အလေးပြုလိုက်သည်။
[ ကျွန်တော်... ကျွန်တော်က လုဟွားမင်ပါ...]
သူ့အသံက မသိမသာ တုန်လှုပ်နေသည်။
လုမော့ အံ့အားသင့်သွားသည်။ အခန်းက နွေးထွေးနေ၍ လည်စည်းပုဝါက သူ့ကို အနည်းငယ် ပူစေသည်။
သူက လည်စည်းပုဝါကို သူ့လက်ဖြင့် ဖိထားပြီး ပြောလိုက်၏။
[ငါက လုမော့ပါ...]
[ဟမ်... ကျွန်တော် သိပါတယ်...]
ကလေးက လက်လှမ်း၍ လုမော့၏ အင်္ကျီလက်စကို ဖမ်းကိုင်လိုက်ပြီး သူ့နားရွက်လေးများ နီရဲလာ၏။
[ပါပါး...]
တစ်ဖက်မှ ချန်ရှို: “...”
ဟင်...
ကလေးနှစ်ကောင်၏ ဤသို့ လိမ္မာပြီး အကျင့်စာရိတ္တကောင်းမွန်သော အသွင်အပြင်ကြောင့် သူ့ကို ယခင်က လျစ်လျူရှုခဲ့သော အဖြစ်အပျက်က အိပ်မက်ထဲမှ မြင်ကွင်းတစ်ခုဟု ထင်မှတ်လုနီးပါး ဖြစ်စေခဲ့သည်။
သူက လုမော့ကိုကြည့်ပြီး ခေါင်းငုံ့၍ သူ့ကိုယ်သူထပ်ကြည့်ကာဦးထုပ်ကို ဖိချရန်မှတစ်ပါး မတတ်နိုင်တော့ပေ။
သူတို့က ရုပ်ရည်ကိုကြည့်ပြီး ခွဲခြားဆက်ဆံကြတာနေမယ်…
..................
စာရေးသူ၏ မှတ်ချက်-
ဟွားမင်...တစ်ကိုယ်တည်းနေတတ်တာကို အမွေဆက်ခံထားတယ်...
ချန်းရှန်- သူ့မှာ သဘာဝလွန်စွမ်းအားရှိတယ်ဆိုပြီး လက်ခံထားတယ်...
🌌🌌🌌