ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၈၂)
"အရှင့်သားလား"
ထိုသူမှာ ကယ်လီယန် ဖြစ်သည်။
ကယ်လီယန်သည် အပေါ်ဝတ်ရုံဟောင်းကို ချွတ်ပြီး ခြေထောက်များကို ယှက်၍ ထိုင်လိုက်သည်။
ကယ်လီယန် ကျွန်မကို လာတွေ့လိမ့်မည်ဟု မထင်ခဲ့သဖြင့် ကျွန်မ မျက်လုံးများ ပြူးကျယ်လျက် ငေးကြောင်ပြီး ကြည့်နေမိသည်။
"ဘယ်အရာကများ အရှင့်သားကို ဒီအထိ ခေါ်ဆောင်လာပေးပါသလဲ။"
"ဘယ်အရာက ငါ့ကို ဒီအထိ ခေါ်လာပေးတာလဲ ဟုတ်လား။"
ကယ်လီယန်က ငေါက်ငမ်း၍ ပြန်ဖြေသည်။
"ငါကသာ မင်းကို ဒီလိုမျိုး မေးရမှာ၊မင်းရဲ့ခင်ပွန်း ဘယ်မှာလဲ။"
သူက အော်ဟစ်ရင်း သတင်းစာကို မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ်သို့ လွှင့်ပစ်လိုက်သည်။
"မင်းရဲ့ခင်ပွန်းက ဒီလိုသတင်းမျိုး ထွက်လာအောင် အရမ်းကို ကြိုးကြိုးစားစား လုပ်ထားရမှာပဲ။"
"အိုး ..."
သူ့ရဲ့ဒေါသကို ကြည့်ကြပါဦး။
ဘယ်သူကများ သူ့ကို အမျိုးသားဇာတ်လိုက်လို့ မြင်မှာလဲ။
ငါ့အနေနဲ့တော့ သူကို ကိုယ်ရည်ကိုယ်သွေး ပျက်ပြားနေတဲ့ အမှိုက်ကောင်လို့ပဲ မြင်တယ်။
ကျွန်မ ကျစ်ခနဲ စုတ်သပ်လိုက်ပြီး သူ လွှင့်ပစ်ထားသော သတင်းစာကို ဘေးဖယ်၍ ဆိုဖာပေါ် ထိုင်လိုက်သည်။
"ကျွန်မရဲ့ခင်ပွန်းကို ဒီအကြောင်း ကျွန်မ မေးကြည့်သေးတယ်၊ဒါပေမဲ့ သူက မဟုတ်ဘူးလို့ ပြောပါတယ်။"
"ဘာကို မဟုတ်တာလဲ။"
"ကျွန်မရဲ့ခင်ပွန်းက ဒီသတင်းကို သတင်းစာထဲထည့်လိုက်တာ မဟုတ်ပါဘူး။"
ထိုသတင်းကို ထည့်ခဲ့သူမှာ လက်ထောက်လုပ်သူ နေးလ်ဖြစ်ကြောင်း ဖော်ပြလိုက်လျှင် ပို၍ ဒုက္ခများနိုင်သဖြင့် ကျွန်မ မသိချင်ယောင် ဆောင်နေလိုက်ရသည်။
ဘယ်သူက ဤသတင်းကို သတင်းစားထဲ ထည့်လိုက်မှန်း ကျွန်မ မသိပါ။ကျွန်မ လုံးဝ မသိပါ။
ဟား
ကျွန်မ၏အတွေးများကို မသိသော ကယ်လီယန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျွန်မကို ကြည့်သည်။
"မင်းက ဒါကို ယုံလား။"
"ဒါပေါ့၊ကျွန်မရဲ့ခင်ပွန်းကို ကျွန်မ ယုံကြည်ရမှာပါ။အဲ့လိုမှ မလုပ်ရင် တခြား ဘာလုပ်ရပါ့မလဲ။"
"ရူးချင်စရာပဲ။"
ကယ်လီယန်က ဆံပင်များကို လက်ဖြင့် ကြမ်းတမ်းစွာ သပ်တင်၍ ကျွန်မကို စိုက်ကြည့်သည်။
"ငါ ခေါင်းကိုက်နေပြီ၊ ခေါင်းက ကိုက်ခဲနေတာပဲ။"
"ဟုတ်လား၊ကျွန်မကို အရှင့်သားအတွက် ဆေး ယူလာပေးစေချင်ပါသလား။"
ကျွန်မ၏စကားများကြောင့် ကယ်လီယန်မှာ ပို၍ ဒေါသဖြစ်သွားပြီး မျက်မှောင်ကြုတ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်းကသာ ပြဿနာကွ၊မင်းပဲ ... မင်းကသာ ငါ့ကို ခေါင်းကိုက်အောင် လုပ်နိုင်တဲ့သူ။"
"မဟုတ်တာ ... ကျွန်မအတွက်လဲ အတူတူပါပဲရှင်။"
"ဒီပါးစပ်ကတော့..."
"ပိတ်ထားလိုက်ပါပြီ။"
ကျွန်မ ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
ကယ်လီယန်က ရယ်၍ ကျွန်မကို ကြည့်သည်။
'သူမက ဘယ်လိုမိန်းမလဲ'ဟု တွေးနေပုံ ရ၏။
ငါ မသိဘူး၊ငါလဲ ငါ့ကိုယ်ငါ ဘယ်လိုမိန်းမလဲဆိုတာ မသိဘူးလို့။
ကျွန်မ ထိုသို့ ပြောချင်သော်လည်း ကယ်လီယန် ထပ်၍ ဒေါသဖြစ်လာမည်ကို တွေးမိပြီး ဘာမှထပ်မပြောခဲ့ပေ။
"အခုချက်ချင်း အမှားပြင်ဆင်ချက် သတင်းဆောင်းပါးတစ်ခုကို ထုတ်ပြန်ဖို့ သူ့ကို ပြောလိုက်၊ မင်း သဘောပေါက်လား။"
ကျွန်မဆီ သူလာရသည့် ရည်ရွယ်ချက်ကို ကယ်လီယန်က ရှင်းပြသည်။ကျွန်မ ပခုံးတွန့်လိုက်၏။
"မဟုတ်သေးဘူးလေ၊ကျွန်မ ဆိုလိုတာက ဒီသတင်းကို ထုတ်ပြန်တာ အစကတည်းက ကျွန်မခင်ပွန်း မဟုတ်ပါဘူး လို့ပါ။"
ကျွန်မ ထိုသို့ ထပ်ပြောလိုက်သည်။
"အရှင့်သားက အမှားပြင်ဆင်ချက် သတင်းဆောင်းပါး ထည့်ချင်တယ်ဆိုရင် သတင်းထောက်ဆီသွားပြီး ငြင်းခုံဆွေးနွေးရမှာပါ။အရှင့်သားက ကျွန်မတို့ကို ဘာလို့ ဒီကိစ္စ လုပ်ခိုင်းရပါသလဲ။"
"အိုဖီလီယာ ရိုင်ဇန်!"
"ကျွန်မ နားမကန်းဘူး၊အော်နေတာကို ရပ်လိုက်ပါတော့။"
ကျွန်မ၏စကားများကြောင့် ကယ်လီယန်မှာ တုန်လှုပ်သွားသော မျက်နှာထားဖြင့် ဆိုဖာကို မှီချလိုက်သည်။
မဟုတ်ပါဘူး။ဒီမှာ တုန်လှုပ်စရာကိစ္စတွေ ဘာလို့ အများကြီး ရှိနေရတာလဲ။
ကျွန်မ ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မ အရှင့်သားကို ပြောပြနေတာပါ။ဒါက ကျွန်မတို့ တာဝန်ယူရမဲ့ကိစ္စ မဟုတ်ပါဘူး။အကယ်၍ ကျွန်မတို့ ထည့်လိုက်တဲ့ သတင်းသာဆိုရင် ကျွန်မရဲ့နာမည်ကို ထည့်မရေးဘဲ ဖယ်ထားမှာပဲလေ၊အရှင့်သား ဒီလို မတွေးမိပါဘူးလား။"
"..."
ကျွန်မပြောသည့် စကားတွင် အမှန်တရားတစ်ချို့ ရှိသည်ဟု ကယ်လီယန် တွေးမိသွားပုံရ၏။သူ ပါးစပ်ပိတ်သွားသည်။
သူက လက်သီးကို ဆုတ်လိုက် ဖြန့်လိုက် ထပ်တလဲလဲ လုပ်နေပြီး မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားသည်။
"သေစမ်း၊ငါ ဘယ်သွားသွား ငါ့ဘက်မှာ ဘယ်သူမှ မရှိဘူး။"
ကယ်လီယန်က ညည်းညူသလို ရေရွတ်လိုက်သည်။ထိုစကားကို ကျွန်မ အလွတ်မခံလိုက်ပေ။
"အရှင့်သားမှာ ကျွန်မ ရှိပါတယ်။"
ကျွန်မ တွန်းအားပေးသည့်အနေဖြင့် ရှေ့သို့ ကိုင်းညွှတ်ပြီး ပြောလိုက်သည်။
"အရှင့်သားရဲ့ဘက်မှာ ကျွန်မ ရှိနေမှာပါ။"
ကျွန်မ ပြုံးလိုက်သည်။
"ဒါပေါ့၊ကျွန်မက အရှင့်သားရဲ့ဘက်မှာ ရှိနေဆဲပါပဲ။"
"..."
ကယ်လီယန်က စူပုတ်ပုတ်နှင့် ကျွန်မကို ကြည့်လေသည်။ကျွန်မက သူ့မျက်လုံးထဲတွင် ရှိသည်။ကျွန်မ သူ့ဘက်တွင် ရပ်တည်မည်ဟု ပြောခဲ့သည်။
"မင်း ..."
ကယ်လီယန် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ငါ့ကို ဘယ်အချိန်ထိ သဘောကျနေမှာလဲ။"
"ကျွန်မ မသိပါဘူး။"
ဒါပေမဲ့ ငါ နင့်ကို မကြိုက်ဘူးနော်။
ကျွန်မ ထိုသို့ မပြောနိုင်သဖြင့် လှည့်ပတ်၍ ပြောလိုက်ရသည်။
"အရှင့်သား ခန့်မှန်းကြည့်ချင်ပါသလား။"
ကျွန်မ၏စကားကြောင့် ထိုခဏ၌ ကယ်လီယန် ရယ်မောသွားခဲ့သည်။၎င်းမှာ ဟာသတစ်ခုသာ ဖြစ်သော်လည်း မတိုင်ခင်က သူ အလွန် ဒေါသထွက်နေလေရာ ယခု ကျွန်မ ကောင်းကောင်း အကွက်ရွေ့လိုက်မိခြင်း ဖြစ်သည်။
"ငါ့နှယ် ဒေါသတောင် မထွက်နိုင်တော့ဘူး။"
ကြည့်လေ။
နင် ဒီလိုမျိုး မပြောဘူးလား။
"မှန်ပါတယ်၊ကျွန်မ အရှင့်သားကို ဒေါသမဖြစ်ဖို့ ပြောနေတာပါ။"
ကျွန်မ နူးညံ့စွာ ပြုံးပြ၍ ဆံပင်ကို နားအနောက်သို့ သပ်တင်လိုက်သည်။
"ကျွန်မ ဒီသတင်းကို ဂရုစိုက်ပေးလိုက်ပါမယ်၊ အများကြီး စိုးရိမ်မနေပါနဲ့ရှင်။"
ကယ်လီယန်က ကျွန်မကို ထပ်ကြည့်သည်။
သူ ဘာတွေ တွေးနေတာလဲ။
အခြေအနေက နက်နဲလာချိန်တွင် ကယ်လီယန်၏နှုတ်ခမ်းများ ပွင့်ဟလာသည်။
"အင်း"
သူက ခေါင်းတစ်ချက်ငြိမ့်၍ တုံ့ပြန်သည်။
"ငါ မင်းကိုပဲ ယုံကြည်လို့ရတယ်။"
အိုး
တစ်နည်းတစ်ဖုံဖြင့် လေထုက ပြန်လည်ကောင်းမွန်သွားခဲ့သည်။
ကျွန်မ ထိုကိစ္စကို အကြောင်းပြ၍ ဆိုဗက်စ်စတာထံမှ ပိုက်ဆံတောင်း၍ ရမည်လောဟု သိချင်နေခဲ့သည်။
ဘန်း!
တံခါးက ပွင့်လာသည်။
ထို့နောက် ဆိုဗက်စ်စတာက အထဲသို့ ဝင်လာခဲ့၏။
"ဒီကို ဘယ်သူများ ရောက်နေတာလဲလို့ ကျွန်တော် သိချင်နေခဲ့တာ၊လက်စသတ်တော့ အရှင့်သား ဖြစ်နေတာပါလား။"
ဆိုဗက်စ်စတာက စူးရှသောလေသံဖြင့် ပြောသည်။
"အရှင့်သားက ဘာကြောင့် ကျွန်တော့်ဇနီးနဲ့ အချစ်ဇာတ်လမ်းခင်းနေရတာပါလဲ။"
သူက ဒေါသထွက်နေပုံ ရလေသည်။
ဘာကြောင့်လဲ။
*
"နေးလ်!"
စံအိမ်တော် ပြန်ရောက်၍ အိုဖီလီယာနှင့် လမ်းခွဲပြီးသည်နှင့်တစ်ပြိုင်နက် ဆိုဗက်စ်စတာသည် ရုံးခန်းရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။
နေးလ်ကို ရှာဖွေရန် ဖြစ်သည်။
"ဘုရားရေ၊ကျွန်တော့်ကို ဘယ်သူကများ ဒီလိုခေါ်နေလဲလို့ သိချင်နေတာ၊ သခင်ဖြစ်နေတာကိုး၊ ဘာဖြစ်လို့လဲ ခင်ဗျ။"
နေးလ်က ရေးကြီးခွင်ကျယ်လုပ်၍ ဆိုဗက်စ်စတာကို နှုတ်ဆက်သည်။လက်ရှိအခြေအနေ၏ ဆိုးရွားပြင်းထန်မှုကို သူ သိပုံမရပေ။
ဆိုဗက်စ်စတာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီသတင်းကို မင်းဘာသာ ထည့်လိုက်တာလား။
"ဗျာ"
နေးလ်က မှင်တက်နေ၏။
"အာ ... ဒါကလေ ...သခင်။"
သူက ဆင်ခြေပေးရန် ပြင်နေပုံရသည်။
ဆိုဗက်စ်စတာ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ဆင်ခြေပေးမနေနဲ့၊ဒါကို မင်း လုပ်လိုက်တယ်ဆိုတာ ငါ သိပြီးသား။"
နေးလ်က ပါးစပ်ပိတ်၍ မျက်လုံးလှိမ့်လိုက်သည်။
"ဒါက သခင့်အတွက်ပါ။"
ဟား
ဆိုဗက်စ်စတာ ဗလာသက်သက် ရယ်မောလိုက်သည်။
"ငါ မင်းကို ဒီလိုမလုပ်ဖို့ သေချာပေါက် ပြောခဲ့တယ်။ဒါပေမဲ့ မင်းက မင်းသဘောအတိုင်း ဒီကိစ္စကို လုပ်ပြီးသွားမှ ငါ့အတွက်ပါဆိုပြီး လာပြောနေသေးတယ်။မင်း ငါ့ကို နောက်နေတာလားကွ။"
"ဒါပေမဲ့ ဒီသတင်းကြောင့် အိမ်ရှေ့စံအရှင့်သားရဲ့နာမည်ဂုဏ်သတင်းတွေ ကျဆင်းသွားတယ်လေ ခင်ဗျာ။"
"တစ်ချိန်တည်း ငါ့ဇနီးရဲ့ ဂုဏ်သတင်းပါ ကျဆင်းသွားရတာလေ၊ မင်း ဒါကို ဘယ်လိုမျိုး တာဝန်ယူပေးမလဲ။"
နေးလ်က ပါးစပ်ကို ဖွင့်ပြီးမှ နှေးကွေးစွာ ပြန်ပိတ်လိုက်သည်။သူက အသံကို အနည်းငယ် မြှင့်လိုက်သေး၏။
"သခင်က မဒမ့်အတွက် တကယ်ပဲ ဂရုစိုက်တယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။"
ဆိုဗက်စ်စတာ တွန့်ဆုတ်သွားသည်။
ငါကလား၊ ဘယ်သူ့ကိုလဲ။
သူ ခေါင်းကို အမြန်အဆန် ယမ်းလိုက်မိသည်။
"ငါ ဂရုစိုက်နေလို့ မဟုတ်ဘူး။"
"ဒါဆို တခြားအကြောင်းပြချက်များ ရှိသေးလို့လား ခင်ဗျာ။"
နေးလ်က မေးသည်။
"ဥပမာ- သခင့်ရဲ့အစီအစဥ်ကို ဖျက်လိုဖျက်ဆီး လုပ်မိသွားတာမျိုး။"
အစီအစဥ်
ဖျက်လိုဖျက်ဆီး လုပ်မိသွားတယ်။
ထိုသို့ မဟုတ်သော်လည်း ဆိုဗက်စ်စတာသည် သူ၏အပြုအမူအတွက် အကြောင်းပြချက်ပေးစရာ ရသွားသည်ဟု တွေးမိ၏။
"ဟုတ်တယ်... ဒီသတင်းဆောင်းပါးကြောင့် ငါ့ရဲ့အစီအစဥ်က လွဲကုန်ပြီ၊ ဒီတော့ အမှားပြင်ဆင်ချက် သတင်းတစ်ခု ထည့်ဖို့လုပ်တော့၊အခုချက်ချင်း!"
"ဘာအစီအစဥ်လဲဗျ။"
"နေးလ်!"
ချက်ချင်းပင် ဆိုဗက်စ်စတာက နေးလ်ကို အေးစက်စွာ စိုက်ကြည့်လာသည်။
"ငါ ဘာပြောလိုက်လဲ။"
"သခင်က ကျွန်တော့်ကို အမှားပြင်ဆင်ချက် သတင်းတစ်ခု ထည့်ဖို့ ပြောပါတယ်။"
"ဒီတော့ မင်း ဘာလုပ်သင့်လဲ။"
"ကျွန်တော် အခုပဲ လှုပ်ရှားသင့်ပါတယ်၊တောင်းပန်ပါတယ် ခင်ဗျာ။"
နေးလ်က ခေါင်းညွှတ်လိုက်ပြီး သူ၏စားပွဲရှိရာသို့ အလျင်အမြန် ပြေးသွားသည်။
"အာ၊ ဒါနဲ့ ..."
ထို့နောက် သူ့စိတ်ထဲတွင် တစ်ခုခုကို သတိရသွားဟန်ဖြင့် နေးလ်က လက်ခုပ်တီး၍ ပြောသည်။
"အရှင့်သားက ပန်းချီခန်းထဲမှာ ရောက်နေပါတယ်။သခင် အခုချက်ချင်း သွားတွေ့လိုက်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။"
"ဘာ!"
ဆိုဗက်စ်စတာ အံ့ဩသွားပြီး ပြန်မေးလိုက်မိသည်။
"မင်း ဒါကို အခုမှ ဘာလို့ ပြောရတာလဲကွ။"
"သခင်က ရောက်လာလာချင်း ကျွန်တော့်ကို ဒေါသဖြစ်နေတာကြောင့်ပါ။"
ဘုရားရေ
ဆိုဗက်စ်စတာ အံကြိတ်၍ နေးလ်ကို စိုက်ကြည့်လိုက်သည်။
"မင်းက တကယ်ကို နာခံမှုမရှိတဲ့ လက်ထောက်ပဲ။"
နေးလ်က ပခုံးတွန့်လိုက်၏။ဆိုဗက်စ်စတာလည်း နေးလ်ကို ရိုက်နှက်ပြီးနောက် ရုံးခန်းထဲမှ အလျင်အမြန် ထွက်လာခဲ့သည်။
*
သူ ပန်းချီခန်းသို့ ရောက်လာချိန်တွင်
အနည်းငယ်ပွင့်ဟနေသော တံခါးကြားမှ အသံတစ်သံ ထွက်လာခဲ့သည်။
"သေစမ်း၊ငါ ဘယ်သွားသွား ငါ့ဘက်မှာ ဘယ်သူမှ မရှိဘူး။"
၎င်းက ကယ်လီယန်၏အသံ ဖြစ်သည်။
အင်း
နည်းနည်းလေးပဲ ထပ်ပြီး နားထောင်လိုက်ရအောင်။
ဆိုဗက်စ်စတာက လက်ပိုက်၍ နံရံကို မှီထားလိုက်သည်။
သူ ပြောသည့်အတိုင်း တော်ဝင်မိသားစုထဲတွင် ကယ်လီယန်၏ဘက်တော်သား တစ်ယောက်မှ မရှိပေ။
ရုတ်တရက် လှိမ့်ဝင်လာသော ကျောက်တုံးမှာ အထဲတွင် နစ်မြုပ်နေပြီးသား ကျောက်တုံးများနှင့် တူစရာ ဘာအကြောင်းမှ ရှိမနေပေ။
ထိုကြောင့် ကယ်လီယန်မှာ အမြဲလိုလို စိုးရိမ်ပူပန်နေရသည်။
သူက သူ၏အားနည်းသော တည်ရှိမှုကို အပြစ်တင်နေပြီး ဩဇာအာဏာ ဖြန့်ကျက်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။
သို့သော် ...
မင်း ဒီလို လုပ်စရာ မလိုပါဘူး။
လူများက တော်ဝင်မျိုးဆက်ကို တန်ဖိုးထားကြသည်။
ကယ်လီယန်မှာ သင့်တော်သော အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြစ်ပြီး အကြီးအကျယ် ပြောင်းလဲမှုများ မဖြစ်ခဲ့ပါလျှင် လူအများ၏ထောက်ခံမှုကို ရရှိလာပြီး ဩဇာအာဏာ ပိုမိုကြီးမားလာလိမ့်မည်။
သို့သော် ကယ်လီယန်က ထိုသို့ ရပ်တည်နိုင်ပုံမရပေ။
ကောင်းတာပေါ့။
လက်ရှိတွင် သူက လာဂိုကို အထောက်အကူပေးနေသည်။
သို့သော် ဤအချိန်တွင်
"အရှင့်သားမှာ ကျွန်မ ရှိပါတယ်။"
ရင်းနှီးနေသော အသံတစ်ခုကို ကြားရသည်။
၎င်းမှာ အိုဖီလီယာ ဖြစ်၏။
"အရှင့်သားရဲ့ဘက်မှာ ကျွန်မ ရှိနေမှာပါ။"
ဆိုဗက်စ်စတာမှာ သူ့ကိုယ်သူပင် မသိလိုက်ပဲ နံရံမှ ဆတ်ခနဲ ခွာလိုက်မိသည်။
သူမက အခု ဘာပြောလိုက်တာလဲ။
"ဒါပေါ့၊ကျွန်မက အရှင့်သားရဲ့ဘက်မှာ ရှိနေဆဲပါပဲ။"
ဆိုဗက်စ်စတာ၏မျက်လုံးများ လှုပ်ခတ်သွားရသည်။
သူ သိသည်။
အိုဖီလီယာ ကယ်လီယန်ကို သဘောကျမှန်း သူ သိသည်။
သို့သော် ခေါင်းထဲတွင် သိနေပြီးသားအရာကို နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည့် ခံစားချက်က အလွန်ကွာခြားသည်။
ပြီးတော့ အခု ဘာလဲ။
ဒါက တကယ်ကို ...
ဆိုးရွားလိုက်တာ
ဆိုဗက်စ်စတာသည် အောက်နှုတ်ခမ်းကို ပြတ်ထွက်လုမတတ် ကိုက်ထားမိ၏။
"ကျွန်မ ဒီသတင်းကို ဂရုစိုက်ပေးလိုက်ပါမယ်၊အများကြီး စိုးရိမ်မနေပါနဲ့ရှင်။"
"အင်း၊ငါ မင်းကိုပဲ ယုံကြည်လို့ရတယ်။"
မင်းက ဘာကို ယုံကြည်ချင်တာလဲ။
သူမကို မယုံနဲ့။
ဆိုဗက်စ်စတာသည် တမြေ့မြေ့ လောင်ကျွမ်းနေသော ခံစားချက်များကို မရပ်တန့်နိုင်တော့ပေ။
ထို့ကြောင့် သူ အခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။
"ဒီကို ဘယ်သူများ ရောက်နေတာလဲလို့ ကျွန်တော် သိချင်နေခဲ့တာ၊လက်စသတ်တော့ အရှင့်သား ဖြစ်နေတာပါလား။"
သူက မျက်လုံးကျယ်ကျယ်ဖွင့်၍ ပြောလိုက်သည်။
"အရှင့်သားက ဘာကြောင့် ကျွန်တော့်ဇနီးနဲ့ အချစ်ဇာတ်လမ်းခင်းနေရတာပါလဲ။"
TK Team
++++++++