Chapter 74
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၇၄


လူနာထွက်သွားပြီးသည့်တိုင် တိတ်ဆိတ်မှုက ပင်မခန်းမထဲရှိနေဆဲဖြစ်သည်။စာအုပ်တစ်အုပ်ကို စိတ်အားထက်သန်စွာဖတ်နေသလိုမျိုး ကို့ရို့ကားယားသရုပ်ဆောင်ချက်ကြောင့် ဘယ်သူကမှ တိတ်ဆိတ်မှုကို အလွယ်တကူ ချိုးဖျက်နိုင်မယ့်ပုံမပေါ်ပေ။

ခဏအကြာတွင် ရယ်ချင်စိတ်ကို ထိန်းထားခဲ့ရသော အိမ်ရှေ့မင်းသားက ရယ်မောလာခဲ့တော့သည်။

"ဟားဟားဟား! ဟားဟား!"

လောကကြီးထဲ ဒီလောက်ရယ်စရာကောင်းတဲ့လူထပ်ရှိပါတော့မလား။

သာမာန်အားဖြင့် လူတစ်ယောက်သည် ပထမအကြိမ်ကြိုးစားမှုမှာ ကျရှုံးသွားပါက ရပ်တန့်သွားတတ်ကြတာကြောင့် ဒီလိုညံ့ဖျင်းသော သရုပ်ဆောင်မှုနဲ့ တစ်စုံတစ်ယောက်ကို မြင်တွေ့ရတာက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သူမသည် မြင့်မြတ်သော ကြောင်ပေါက်လေးတစ်ကောင်လို အသွင်အပြင်ရှိသော်လည်း သူမ၏ အပြုအမူများက တုံးအသော ခွေးပေါက်လေးနှင့်တူလှသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပျော်စရာကောင်းတာကိုကြည့်ရပြီး သူနဲ့တွေ့ချင်နေသူကိုလည်း တွေ့ခဲ့ရသောကြောင့် အိမ်ရှေ့မင်းသားသည် ကျေနပ်စွာ ထွက်ခွာပြီး သူ၏ အဓိကတာဝန်များကို ပြန်ထမ်းဆောင်ဖို့ အချိန်တန်ပြီဟု တွေးလိုက်သည်။

သူ ဘေးတစ်ဝိုက်ကို လှည့်ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သော ရို့စ်မယ်ရီနှင့်ဆုံသွားခဲ့ရသည်။

အဲ့ဒါက မယဉ်မကျေးအကြည့်လို့တော့ ပြောရခက်ပေမယ့် နှစ်လိုဖွယ်ကောင်းသော အကြည့်လည်း မဟုတ်နေပေ။

'ငါ သူမကို အရင်က တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ'

သူ ပြန်တွေးကြည့်လိုက်ရာ လွန်ခဲ့သော တစ်လခန့်လောက်က ကျင်းပခဲ့သည့် အရွယ်ရောက်ခြင်းပါတီကို ပြန်သတိရမိသွားသည်။သူ သူမအတွက် ရင်ထိုးထိုးပေးချိန်တွင် သူမကငြီးငွေ့မှုကို ရှင်းရှင်းလင်းလင်းပြသခဲ့ပြီး မကျေနပ်သလိုမျိုး မျက်လုံးတောင်လှိမ့်ခဲ့သေးသည်။

'သူမက မားကွစ်ဗင်းဆင့်မြို့စားရဲ့သမီး ရို့စ်မယ်ရီမလား'

မတော်တဆမှုများ အမြဲဖြစ်လေ့ရှိသော အန်းသန့်စ်ဗင်းဆင့်၏ညီမ ငယ်ရွယ်သော အမွေဆက်ခံသူဖြစ်သည်။သူတို့ ငယ်ငယ်က တစ်ခါတွေ့ဖူးခဲ့ကြတာကြောင့် ဒီနေ့က သူတို့၏ တတိယမြောက် တွေ့ဆုံမှုဖြစ်သည်။

အိမ်ရှေ့စံမင်းသားကို ဒီလိုမျိုးကြည့်ရဲတာက ရဲရင့်တာပဲ။

မှတ်ချက်ပေးသင့်သလား မပေးသင့်ဘူးလား တွေးတောဆင်ခြင်ပြီးနောက် သူသည် သဘောထားကျဉ်းမြောင်းသော တော်ဝင်မိသားစုဝင်များထဲမှ တစ်ဦးမဟုတ်သဖြင့် မကြာမီမှာပဲ လှည့်ထွက်သွားခဲ့လိုက်သည်။

ထို့အပြင် သူက သူမကို စကားအနညငယ်ပြောလိုက်ပါက မလိုအပ်ဘဲ ဒေါသဖြစ်စေလိမ့်မည်ဟုတွေးခဲ့သည်။

၎င်းအပေါ် စကားမပြောဘဲ တောင့်တင်းနေခဲ့သော ရို့စ်မယ်ရီက ပြင်းထန်စွာ တုန်လှုပ်လာခဲ့သည်။

'ဘာလဲ။ ဘာလဲ ။ ဘာလို့ အိမ်ရှေ့စံမင်းသားက လူနာကို စိတ်ဝင်စားဟန်ပြလာရတာလဲ...'

လူနာလို ထူးခြားသော လူတစ်ယောက်ကို ယောက်ျားတော်တော်များများက စိတ်ဝင်စားကြတာ မဆန်းပေ။သို့သော် အဲဒီလူက သူမအလွယ်တကူ မငြင်းနိုင်သောသူဆိုရင်တော့ ကွဲပြားသော ဇာတ်လမ်းတစ်ခုဖြစ်သွားချေပြီ။

လူနာနဲ့အိမ်ရှေ့စံမင်းသား အတူဖြစ်သွားရင် ဘာဖြစ်မှာလဲ။ သူမသာ မင်းသမီးလေးဖြစ်လာရင် သူတို့တွေ့ဆုံနိုင်မယ့်အချိန်တွေ လျော့နည်းသွားလိမ့်မယ်။

သူမက ဘယ်လိုပဲ မြင့်မြတ်သောသူဖြစ်ပြီး သူငယ်ချင်းဖြစ်ပါစေ မင်းသမီးဟူသည် အလွယ်တကူ တွေ့ဆုံနိုင်သောသူ မဟုတ်ပေ။

ထိုအစား အန်းသန့်စ် နှင့် ဆက်လက်အဆင်ပြေသွားပါက သူတို့က မိသားစုတစ်ခုဖြစ်လာနိုင်ပြီး တွေ့ဆုံရန်အခွင့်အရေးများ တိုးကာ အတူတကွနေထိုင်နိုင်မည်ဖြစ်သည်။

ထိုသို့အတွေး ရောက်သွားပြီး ရို့စ်မယ်ရီသည် လျင်မြန်စွာ မျက်တောင်ခတ်လိုက်သည်။ထိုအခါမှပင် အန်းသန့်စ် နဲ့ လူနာ၏ ဆက်ဆံရေးကို မနာလိုဖြစ်ခဲ့သော သူမက ဘယ်လောက်မိုက်ကြောင်းကို သိလိုက်ရသည်။

'ငါ့အစ်ကိုနဲ့ အဆင်ပြေရင် လူနာက ငါ့ယောင်းမ ဖြစ်သွားမှာ!'

သူတို့က မိသားစုအစစ်အမှန်ဖြစ်လာနိုင်ချေရှိတာကို ဘာလို့ စိတ်ပျက်အားလျော့နေခဲ့တာလဲ။ အရူး၊ ငတုံး၊ လူမိုက်ပဲ!

ယခုအချိန်မှစ၍ သူမ ဘယ်တော့မှ ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ပေ။ မဟုတ်ဘူး သူတို့ကို ပိုအဆင်ပြေအောင် ကူညီပေးရမည်။သူတို့မိသားစုဖြစ်လာတာနဲ့ နေ့တိုင်းအတူတူ အချိန်ဖြုန်းဖို့ ဆင်ခြေမျိုးစုံရှာလို့ရလောက်သည်။

အချိန်တိုလေးအတွင်း အတွေးအမြောက်အများရှိလာခဲ့သော ရို့စ်မယ်ရီသည် လေးနက်သော အမူအရာတစ်ခုပြန်ပေါ်လာခဲ့သည်။

သူမ၏ ပြောင်းလဲနေသော အမူအရာများကို ကြည့်ရှုနေခဲ့ကြသော မားကွစ်စုံတွဲသည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့သည် အန်းသန့်စ် နှင့် ရို့စ်မယ်ရီ နှစ်ယောက်လုံး ဘာတွေဖြစ်နေလဲဆိုတာ သေချာမသိသော်လည်း မှောင်မိုက်နေခဲ့သော ဗင်းဆင့်အိမ်တော်တွင် ကောင်းမွန်တာ တစ်ခုခုဖြစ်ခဲ့မှန်း ရှင်းပေသည်။

* * *

"သခင်မလေး သခင်ငယ်လေး အန်းသန့်စ် ရောက်လာပါတယ်"

အပြင်မှ လော်ရာ၏ အသံကို ကြားလိုက်ရချိန်တွင် လူနာသည် မျက်မှောင်ကြုတ်ပြီး တုံ့ပြန်လိုက်သည်။

"သူ့ကို ထွက်သွားဖို့ ပြောလိုက်။ငါ သူ့မျက်နှာတောင် မမြင်ချင်ဘူး"

"တကယ်လား။ အနည်းဆုံး လက်ဖက်ရည်တစ်ခွက်လောက် တူတူသောက်သင့်တယ်မလား…"

လော်ရာက ဝမ်းနည်းနေဟန်ရှိသော်လည်း လူနာကတော့ စိတ်ပြောင်းရန် ရည်ရွယ်ချက်မရှိပေ။

အခြေအနေသာ ကွဲပြားခဲ့မယ်ဆိုရင်တော့ ရထားပေါ်က မဆင်းခင်အထိ စိုးရိမ်ပူပန်နေခဲ့သော သူမကိုယ်သူမ လှောင်ပြောင် ပြောဆိုမိလိမ့်မည်။

"ဟင့်အင်း!ငါ သူ့ကို နောက်တစ်နှစ်ကျမှတွေ့မယ်လို့ပြောလိုက်"

တစ်နှစ်ခန့်အကြာတွင် အရှက်၊ ရှက်ရွံ့မှုနှင့် ဒေါသများက လျော့ပါးလာပေလိမ့်မည်။ လူနာက အလွန်ပြတ်သားနေသဖြင့် လော်ရာသည် သက်ပြင်းတစ်ချက်ချကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

သူမသည် လူနာ၏နောက်လိုက်ခဲ့သောကြောင့် နှစ်သစ်ပါတီ၌ဖြစ်ခဲ့သမျှကို မျက်မြင်တွေ့ကာကြားသိခဲ့ရသော်လည်း သခင်လေးအန်းသန့်စ်အား ထွက်သွားရန် ပြောရမှာကို စိတ်မကောင်းဖြစ်မိသည်။

တိတ်ဆိတ်မှုကိုပြန်လည်ရရှိလာသော လူနာသည်မနေ့ကအဖြစ်အပျက်ကိုသတိပြန်ရလာခဲ့သည်။ထိုအဖြစ်အပျက်က သူမအား ဟင်းလင်းထဲ ကန်ချင်စိတ်ဖြစ်စေခဲ့သဖြင့် ပြန်မမှတ်မိချင်သော်လည်း ရွေးချယ်စရာမရှိနေပေ။

- ကိုယ်ပြောဖို့နောက်ကျသွားပေမယ့် တကယ်တော့... အိမ်ရှေ့မင်းသားက ဒေါသမထွက်သွားခဲ့ဘူး။သူက မင်းရဲ့ သရုပ်ဆောင်မှုကြောင့် အံ့ဩသွားပြီး မရယ်မောမိအောင် သူ့ပါးစပ်ကိုသူ လက်နဲ့ အုပ်ထားလိုက်သေးတယ်။ဒါကြောင့် မလိုအပ်ဘဲ စိတ်ပူနေစရာ မလိုဘူး..

ထို့သို့ပြောပြီး အန်းသန့်စ်က သူမဆံပင်များကို ဆွဲဖွကာ စံအိမ်ကြီးမှ ထွက်ခွာသွားခဲ့သည်။

သူထွက်သွားပြီးမှ နောက်ဆုံးတွင် အဓိပ္ပါယ်ကိုနားလည်သွားသော လူနာသည် အော်ဟစ်ရင်း သူမကိုသူမ အခန်းထဲမှာပဲပိတ်နေခဲ့လိုက်သည်။နှစ်သစ်ပါတီပွဲပြီးတာနဲ့ ခဏအလည်လာခဲ့သော ရို့စ်မယ်ရီကိုပင် မျက်နှာထွက်မပြခဲ့ချေ။

၎င်းကို ပြန်သတိရမိသွားတော့ သူမ အန်းသန့်စ်ကို ကန်ကျောက်ပြီး ထိုးကြိတ်ချင်လာခဲ့သည်။ဒုက္ခရောက်အောင်နှိုးဆော်ပြီး ကူညီဖို့ကြိုးစားခြင်းက တကယ့်ကိုရူးနေတာပဲဖြစ်ရမည်။

အန်းသန့်စ် နှင့် သူမ၏ စိတ်မြန်မှုကို ကျိန်ဆဲနေစဉ်တွင် တံခါးအပြင်ဘက်မှ အန်းသန့်စ်၏ အသံကို ကြားလိုက်ရသည်။

"လေဒီ ဒါက သိပ်ရက်စက်လွန်းတာ မဟုတ်ဘူးလား။ကိုယ်က အဝေးကြီးကနေလာခဲ့ရတာလေ။ကိုယ့်ကို လက်ဖက်ရည်တစ်ခွက်လောက်တောင် မတိုက်ချင်ဘူးလား"

သူ၏ သနားစရာကောင်းအောင် ဟန်ဆောင်သံကို ကြားလိုက်တော့ လူနာ၏ မျက်လုံးများထဲ ခြိမ်းခြောက်သော အကြည့် ပေါ်လာခဲ့သည်။

"လက်ဖက်ရည်။ လက်ဖက်ရည် ဟုတ်လား! ရှင် အခု လက်ဖက်ရည်လို့ပြောလိုက်တာလား"

သူမကို ဒီလိုမျိုး နောက်ပြောင်ပြီး လက်ဖက်ရည်အကြောင်း လာပြောနေတာလား။

"ကောင်းပြီ ဒါဆို ရှင်ရွေး။ ကျွန်မ ရှင့်ကို 'ကန်ထုတ်' ရမှာလား ဒါမှမဟုတ် ရှင့်မျက်နှာကို လက်ဖက်ရည်ပူပူနဲ့ ပက်ပေးရမှာလား"

၎င်းက ပြင်းထန်သော တုံ့ပြန်မှုတစ်ခု ဖြစ်သော်လည်း မနေ့ကအကြောင်း ပြန်သတိရသွားသော အန်းသန့်စ်ကတော့ ခိုးခိုးခစ်ခစ်ရယ်မောသံနှင့်အတူ ပြန်ဖြေခဲ့သည်။

"အစတုန်းကတော့ လေဒီပဲ ကိုယ့်ကို တော်ဝင်အစောင့်တွေလက်ကနေ ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာမဟုတ်ဘူးလား"

"အဲဒါ ဘာလို့ဆို ကျွန်မက အရှင့်သား ဒေါသ ထွက်နေတယ် ထင်လို့လေ!!"

"ဖြစ်နိုင်တာပဲ။ကိုယ် ပြန်သွားပြီး အေးအေးဆေးဆေး စဉ်းစားခဲ့ကြည့်မှ သူဒေါသထွက်ခဲ့တာဖြစ်နိုင်တယ် သိလား"

"ရှင် ဒါကို ရှင်းပြချက်လို့ ခေါ်တာလား"

ဘာပဲဖြစ်ဖြစ် လူနာသည် ဆက်မတုံ့ပြန်တော့ဘူးဟု ဆုံးဖြတ်ပြီး ခေါင်းကို အဝေးသို့အမြန်လှည့်လိုက်သည်။

ဒါပေါ့ အခန်းအပြင်ဘက် အန်းသန့်စ် မမြင်နိုင်ခဲ့ဘူးဆိုပမယ့် စကားဆက်ရန် ဆန္ဒမရှိခြင်းကို သူမ၏လေသံထဲ ခံစားခဲ့ရတာကြောင့် အန်းသန့်စ်သည် ပါးစပ်ထပ် ဖွင့်ခဲ့လိုက်သည်။

"အဲ့ဒါက ရယ်စရာကောင်းတယ်ထင်လို့ ကိုယ် မင်းကိုစခဲ့မိလိုက်တာပါ။ကိုယ် အဲဒါကို ကြားမှာထုတ်ပြဖို့ စိတ်ကူးမိပေမယ့် ကိုယ့်ရဲ့လိမ်ညာမှုနဲ့လိုက်ဖို့ ဖျားချင်ယောင်ဆောင်ခဲ့မင်းက အရမ်းချစ်ဖို့ကောင်းလို့ ဆက်နောက်မိသွားတာပါ"

"တကယ်ပါပဲ။ ရှင် ကျွန်မကို ချစ်ဖို့ကောင်းတယ်လို့ ပြောတာနဲ့ အားလုံးအဆင်ပြေသွားမယ်လို့ထင်နေတာလား။ ပြီးတော့ ရှင် အစထဲစ ကျွန်မက နေလို့မကောင်းလို့ လိမ်ခဲ့တာလဲ။ စကားလုံးအနည်းငယ်နဲ့တင် လုံလောက်တာကို"

ထို့အပြင် အိမ်ရှေ့မင်းသားသည် လူတိုင်းရှေ့မှာစကားပြောလာတာကြောင့် အဲ့ဒါကပုံမှန်စကားစမည်ပြောချင်းသာဖြစ်လိမ့်မည်။သူတို့ နှစ်ယောက်စလုံး ရွှေကို ကြိုက်တာကြောင့် ရွှေအကြောင်းဇာတ်လမ်းတွေ ဝေမျှချင်တာလည်းဖြစ်နိုင်လောက်သည်။

"လေဒီကို တခြားယောက်ျားတွေက ညစ်ညမ်းတဲ့ ရည်ရွယ်ချက်နဲ့ စကားလာပြောတာကို ကိုယ်မကြိုက်ဘူး"

"…"

အခြေအနေကို ရှောင်ရှားဖို့ ဆင်ခြေမျိုးစုံပြုလုပ်နေပုံရသည်။ လူနာ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ သူတို့သည် တကယ့် ချစ်သူများဖြစ်ကြပါက ၎င်းကို ချစ်စရာ သဝန်တိုမှုအဖြစ် လက်ခံနိုင်သော်လည်း လူနာနှင့် အန်းသန့်စ်အကြားတွင်မူ ထိုသို့သောကိစ္စမျိုးက မရှိနိုင်ပေ။

"-ကိုယ် အဲလိုပြန်ဖြေရင် လေဒီက မျက်မှောင်ကြုတ်မှာမလား... ဒါပေမယ့် အဲဒါကအမှန်ပဲဖြစ်နေတော့ ကိုယ့်မှာတခြားထပ်ပြောစရာဘာမှမရှိတော့ဘူး"

၎င်းက ရိုးသားပြီး လေးနက်သော တုံ့ပြန်မှုလို့ တွေးရန် မဆန်းပေ။ အဖော်မဲ့နေဆဲဖြစ်တာကြောင့် စွန့်ပစ်ခံလိုက်ရမှာကို ကြောက်နေတာများ ဖြစ်နိုင်လောက်လား။

မည်သို့ပင်ဆိုစေ မည်သူမျှမရှိသည့်အတွက်ကြောင့် အထှးကျန်မှုသည် ခံစားရဆိုးဝါးလှသည်။လူနာ တွေးတောကာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မလိုအပ်ဘဲ စိတ်မပူနဲ့လေ။ ကျွန်မ ရှင့်ကို ပြောခဲ့ပါတယ်။ရှင် တခြားတစ်ယောက်ကို ရှာမတွေ့မချင်း ကျွန်မတို့က လမ်းခွဲမှာမဟုတ်ဘူးလို့။ရှင် ဘာလို့သံသယဝင်နေရတာလဲ။ပြီးတော့ ကျွန်မကို အရူးနဲ့တူအောင် လုပ်တာက မိုက်မဲလွန်းတယ်"

၎င်းက သူ့ရည်ရွယ်ချက် လုံးဝမဟုတ်သော်လည်း သူမယုံကြည်တယ်ဆိုရင်တော့ သူဟန်ဆောင်နိုင်ပေသည်။ အနာဂတ်တွင် အသုံးဝင်နိုင်စေမည့် လမ်းမခွဲစေရန် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သည်။

တဖြေးဖြေးစိတ်ငြိမ်လာသော လူနာကိုမြင်လိုက်ရတော့ အန်းသန့်စ်လည်း စိတ်တည်ငြိမ်မှုပြန်ရလာပြီး မေးလိုက်သည်။

"ကိုယ် အဲ့လို ထပ်မလုပ်တော့ပါဘူး။ ဒါဆို မင်း တံခါးဖွင့်လို့ရမလား။မင်း ကိုယ့်ကို ကန်တာပဲဖြစ်ဖြစ် လက်ဖက်ရည်နဲ့ပက်တာပဲဖြစ်ဖြစ် မင်း စိတ်အေးသွားတဲ့အထိလုပ်လို့ရတယ်"

"အိုး တကယ်လား"

သူမက ထိုသို့ပြောလိုက်သော်လည်း ၎င်းကကောင်းမွန်သည့် အတည်ပြုချက်တစ်ခုလိုပင်။လူနာသည် တံခါးကိုဖွင့်မည့်အစား အပြင်ကိုပဲထွက်လာခဲ့လိုက်သည်။

"မှန်ဥယျာဉ်ထဲမှာ လက်ဖက်ရည်သောက်ကြရအောင်"

"အဲ့လိုလုပ်ကြမယ်"

သူမ စိတ်မအေးသေးဘူးဆိုတာကို ပြချင်သလိုမျိုး လူနာသည် လက်နှစ်ဖက်ကိုပိုက်ကာ လမ်းကို ဦးဆောင်ခဲ့သည်။

သူတို့ အပြင်ထွက်လာခဲ့ပြီး အခြေအနေက ပြီးဆုံးသွားသော်လည်း အန်းသန့်စ်သည် အမှတ်သညာမရှိသလိုမျိုး ပြုမူကာ သူမဘေးနားမှာ နေခဲ့သည်။

"ဒါပေမယ့် သူတကယ် စိတ်မဆိုးဘူးမလား"

"အင်း။ သူသာ တကယ်အစောင့်တွေကို လွှတ်လာရင် အဲ့ဒါရူးနေတာပဲဖြစ်ရမယ်။ ပြီးတော့ ကိုယ်သိတဲ့ အိမ်ရှေ့မင်းသားက အဲ့လိုလုပ်မှာမဟုတ်ဘူး။ အဲ့ဒီအစား..."

အန်းသန့်စ်က တစ်ခုခုကို သိနေသလိုမျိုး စကားပြောနေရာကနေ ရုတ်တရက် ရပ်သွားခဲ့သည်။

"အဲ့ဒီအစားဘာလဲ။ရှင် တစ်ခုခုသိထားလို့လား"

လူနာက သူ့ကို ဆက်ပြောဖို့ တိုက်တွန်းလာတာကြောင့် အန်းသန့်စ်သည် ခဿလောက်တုံ့ဆိုင်းပြီး စကားဆက်ပြောခဲ့သည်။

"…အဲ့ဒီအစား စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းတစ်ခု ပြောင်းသွားလိမ့်မယ်။ကိုယ် ရွှေရောင်းဝယ်ရေးတုန်းက တွေ့ခဲ့ရသလောက်တော့ သူက အဲဒီလိုပဲ"

လူနာသည် အရောင်းအဝယ်ကြောင့် တစ်ကြိမ်တွေ့ဆုံခဲ့ခြင်းဖြင့် ထိုသူ၏ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်နိုင်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း အန်းသန့်စ်ကို ယုံကြည်ရန်မှတပါး သူမမှာ တခြားရွေးချယ်စရာမရှိပေ။

'ဝတ္ထုကနေ အိမ်ရှေ့မင်းသားအကြောင်း လေ့လာခဲ့ရသလောက်တော့ သူက 'သတ်ပစ်' လို့ အမိန့်ပေးတာနဲ့ မြို့စားအနွယ်ဝင်တွေ အားလုံးက သေကြရလိမ့်မယ်လို့ထင်ခဲ့တာ'

အဲ့ဒါက အသေးအဖွဲကိစ္စလို့ သူမသိခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် အကြောင်းရင်းအားလုံးက အန်းသန့်စ်နှင့် သက်ဆိုင်သည်။ လူနာသည် အန်းသန့်စ်အား ဒေါသမျက်လုံးများဖြင့်စိုက်ကြည့်ပြီး လက်ဖက်ရည်များပြင်တင်ထားသော စားပွဲတစ်ဖက်ရှိ ထိုင်ခုံပေါ်‌တွင် ထိုင်လိုက်သည်။

ထိုအချိန်တွင် အခြားဧည့်သည်တစ်ဦးက စံအိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့သည်။

"သခင်မလေး! လေဒီရို့စ်မယ်ရီ ရောက်နေပါတယ်။ကျွန်မတို့ ဘယ်လိုလုပ်လိုက်သင့်လဲ"

လော်ရာသည် မနေ့က သူမကိုပြန်ခိုင်းခဲ့သော အခြေအနေရှိခဲ့တာကြောင့် လူနာကို ဘာလိုလုပ်ရမလဲဟု မေးလာခဲ့သည်။

သူမကို စိတ်ဆိုးအောင်လုပ်ခဲ့သူမှာ အန်းသန့်စ်ဖြစ်ပြီး သူမသူငယ်ချင်းဖြစ်သော ရို့သ်မယ်ရီကို ငြင်းလွှတ်ရန် အကြောင်းပြချက်မရှိပေ။

"သူမကို ဝင်လာဖို့ ပြောလိုက်ပါ"

ရို့စ်မယ်ရီသည် သိပ်မကြာခင်မှာပဲ မှန်ဥယျာဉ်အဝင်ဝတွင် ပေါ်လာခဲ့တာကြောင့် ကြည့်ရတာ အရေးတကြီးဖြစ်နေပုံရသည်။

လူနာသည် သူမက လူနာ၏လက်ကို ချက်ခြင်းဆွဲကိုင်ပြီး 'မနေ့က ပြန်ဖို့ပြောခဲ့တဲ့အတွက်က အရမ်းဝမ်းနည်းမိတယ်' ဆိုပြီး ငြီးငြူလာရန် မျှော်လင့်ထားသော်လည်း မမျှော်လင့်စွာပင် ရို့စ်မယ်ရီသည် အဝင်ဝမှာပဲ ရပ်လိုက်ပြီး လူနာ နဲ့ အန်းသန့်စ် ကို တလှည့်စီကြည့်လာကာ ဘာမှ မလှုပ်မရှားလာခဲ့ချေ။

"လေဒီရို့စ်မယ်ရီ"

အလွန်ထူးဆန်းသော မြင်ကွင်းကြောင့် လူနာသည် သူမ၏အမည်ကို ခေါ်ပြီးနောင် ရုတ်တရက် သူမ၏အမှားကို သဘောပေါက်သွားခဲ့သည်။

TK Team ( အပိုင်း 74)