💘Chapter 197
ပြောမထွက်နိုင်...
" အားချန် မကိုင်ချင် မကိုင်လိုက်နဲ့..."
“ကောင်းပြီ...ကိုယ်မကိုင်တော့ဘူး” ဝေ့ချန်က နံပါတ်ကို ဘလော့၍ ပြောလိုက်သည်။
ဝေ့ချန်ပြောသကဲ့သို့ပင် ဝေ့ချန် ထိုနံပါတ်ကို မကိုင်ချင်ပေ။ အရင်ဘဝတွင် ထိုဖုန်းနံပါတ်ပိုင်ရှင် သူ့ကို တစ်ကြိမ်တစ်ခါလောက် ဖုန်းခေါ်လာမည်ကို စောင့်မျှော်နေခဲ့သော်လည်း ယခုတွင်တော့ သူ ထိုနံပါတ်ကို မဖြေကြားချင်တော့ချေ။
သူတို့မလိုသည့်အခါ ချောင်ထိုး၍ လျစ်လျူရှုထားကြပြီး လိုချင်သည့်အခါ ဖုန်းခေါ်ဆိုမှုအနည်းငယ်လေးက အရာအားလုံးကို အဆင်ပြေသွားစေပြီး သူတို့လိုချင်သည်ကို ရကြမည်ထင်မှတ်ကြသည်။
ဝေ့ချန်က ဝတ္ထုပစ္စည်းမဟုတ်ပေ။ ထို့ကြောင့် သူတို့၏ ဆန္ဒနှင့်အတူ လိုက်ပါကမပေးနိုင်ပေ။ သူ့မိဘများဖြစ်နေသည့်တိုင် အတူတူပင်ဖြစ်သည်။
ယခုတွင်တော့ ဝေ့ချန်၏ ဖုန်းမျက်နှာပြင်တွင် ပေါ်နေသည့်နံပါတ်က သူ့အမေ၊ ဖန်းယွင်၏နံပါတ်ဖြစ်သည်။
စဥ်းစားစရာမလိုချေ။ ဒီနေ့လို ထူးခြားသည့်နေ့တွင် ဝေ့ကျန်းရှုန်းပေါ်လာပြီးနောက်၌ ဖန်းယွင်ဘာကြောင့် သူ့ကိုဖုန်းခေါ်လာမှန်း ဝေ့ချန်သိသည်။ ဖန်းယွင်၏ ရည်ရွယ်ချက်က ရှင်းလင်း၏။
ဝေ့ချန်က ဖန်းယွင်၏ရုတ်တရက် ဖုန်းခေါ်ဆိုရသည့် ရည်ရွယ်ချက်ကိုသိသောကြောင့် ဖန်းယွင်နှင့် စကားမပြောချင်တော့ပေ။
ဝေ့ချန်က ချန်လီ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ပြောလိုက်သည်။ “သွားကြရအောင်” ပြောပြီးနောက် သူက ချန်လီအတွက် ကားတံခါးဖွင့်ပေးလိုက်ကာ ကားထဲသို့အရင်ဝင်စေလိုက်သည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းများရှိမနေချေ။
လာမည့် မရေမတွက်နိုင်သည့်နေ့များတွင် သူ၏ခံစားချက်အားလုံးက ချန်လီအပေါ်တွင်သာ ရှိနေသင့်သည်ဟု ဝေ့ချန် တွေးလိုက်၏။
ချန်လီအတွက် လုံခြုံရေးခါးပတ်ပတ်ပြီးနောက် ဝေ့ချန်က ချန်လီ၏နှုတ်ခမ်းများကို ဖွဖွလေးနမ်းလိုက်သည်။ ထို့နောက် ကားမောင်းသူနေရာသို့ဝင်၍ ရှန့်မိသားစုအိမ်သို့ မောင်းလိုက်သည်။
...
ရှန်ဟိုင်းတွင်တော့ ဖန်းယွင်က မျက်မှောင်ကြုတ်၍ ဖုန်းကိုချလိုက်သည်။ ဝေ့ချန်က သူမဖုန်းကို မကိုင်ဘဲနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက ဖုန်းမျက်နှာပြင်ကို တိတ်ဆိတ်စွာဖြင့် ခဏလောက်ကြည့်နေပြီးနောက် ဝေ့ချန်ကမှားနှိပ်မိ၍ ချမိသွားတာဖြစ်လိမ့်မည်ဟု သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ ထို့နောက် သူမ ဝေ့ချန်နံပါတ်ကို ထပ်ခေါ်လိုက်သည်။
သို့သော်လည်း ဒီတစ်ခေါက်၌ ဖုန်းဝင်သွားသည့်အသံပင်မကြားရဘဲ ချက်ချင်း ချသွားလေသည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် ဝေ့ချန်က သူမနံပါတ်ကို ဘလော့ထားကြောင့် ဖန်းယွင် သဘောပေါက်သွားသည်။
ဝေ့ချန်က သူမနံပါတ်ကို ဘလော့ထားတယ်...။
ဖန်းယွင် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ သေချာထိန်းသိမ်းထားသည့်မျက်နှာက အရေးအကြောင်းများ ပေါ်လာတော့သည်။ သူမက ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။
သူမ မယုံနိုင်ဘဲ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။ ဘာမှဖြစ်မလာခဲ့ချေ။ ညင်သာသည့်အမျိုးသမီးအသံက သူမ၏နံပါတ်မှာ သူ့သား၊ဝေ့ချန်၏ ဘလော့ခံထားရကြောင်းသာ ပြောနေလေသည်။
တစ်ခဏလောက် ဖန်းယွင် သူမဘာခံစားနေရသည်လဲ မဖော်ပြနိုင်ဖြစ်သွားသည်။ ဝေ့ချန် သူမဖုန်းကို ဘာကြောင့်မကိုင်လဲ သူမသေချာသိသည်။ သူမ၏ လုပ်ရပ်များကြောင့်ဖြစ်၏။
အရင်က ဝေ့ချန်မည်သို့တွေးသည်နှင့် သူမည်မျှနာကျင်ရမည်ကို ဂရုမစိုက်ခဲ့ချေ။ အကြောင်းမှာ ဘာပဲဖြစ်နေပါစေ၊ ဝေ့ချန်က နှလုံးသားထဲတွင် အမေတစ်ယောက်၏ အချစ်ကိုတမ်းနေသည်ကို သူမသိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမမည်မျှ ဘက်လိုက်နေပါစေ၊ မည်မျှပဲ လျစ်လျူရှုနေပါစေ၊ ဝေ့ချန်က သူမကို အမေတစ်ယောက်လိုပင်မြင်ကြောင်း သူမနှလုံးသားထဲတွင် သေချာသိသည်။
သို့သော် ယခုတွင်တော့ ဖန်းယွင် ဝေခွဲမရဖြစ်နေ၏။ ထို့ကြောင့် သူမ စတင်ထိတ်လန့်လာတော့သည်။ ဝေ့ချန်က အမေ့မေတ္တာနဲ့ ဂရုစိုက်မှုတွေကို သူမဆီက မလိုချင်တော့တာလား...။
ဖန်းယွင် ဝန်မခံချင်သော်လည်း အမှန်တရားက သူမအရှေ့တွင် ရှိနေလေသည်။
ဤရလဒ်၏ အရင်းအမြစ်က သူမကိုယ်တိုင်သာဖြစ်သည်။ သူမနှင့် ဝေ့ချန်ကြား သားအမိဆက်ဆံရေး မတည်ဆောက်ခဲ့သည်မှာ ဖန်းယွင်သာဖြစ်၏။
“တီ...တီ...တီ...တီ”
ဖုန်းသံက ရုတ်တရက်မြည်လာကာ ဖန်းယွင်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ ဝေ့ချန် ပြန်ဆက်သည်ဟု ထင်လိုက်သော်လည်း ခေါ်ဆိုသူအမည်ကို မြင်သောအခါ သူမမျက်လုံးထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သို့သော်လည်း ခဏနေပြီးနောက် ဖန်းယွင်က ခံစားချက်အားလုံးကို ဖိနှိပ်ကာ ဖုန်းကိုင်လိုက်သည်။
“ကျန်းရှုန်း”
“မင်းကို ဝေ့ချန်ကို ဖုန်းခေါ်ဖို့ ပြောခဲ့တယ်လေ...ခေါ်ပြီးပြီလား...ဘာတွေဖြစ်နေလဲ ပြောပြလိုက်လား...သူ ဘာပြောလဲ” ဝေ့ကျန်းရှုန်းက စိုးရိမ်တကြီးဖြစ်နေကာ ခေါ်ဆိုမှုချိတ်ဆက်သွားသည်နှင့် ချက်ချင်း မေးခွန်းများကို တရစပ်မေးလာတော့သည်။
“သူ ကျွန်မဖုန်းကို မကိုင်ဘူး” ဖန်းယွင်က တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်၏။ သူမ၏အသံတွင် အတက်အကျများရှိမနေပေ။
“သူက ဘယ်လိုလုပ် မင်းဖုန်းကို မကိုင်ရတာလဲ” ဝေ့ကျန်းရှုန်းက အသံတွင် ဒေါသများပြည့်နေလျက် မေးလိုက်၏။
“ရှင်ဒေါသထွက်နေတာက အမှန်တရားကို ပြောင်းလဲမသွားစေဘူး...ကျွန်မကို သူဘလော့ထားတယ်”
“မင်းဘာလို့ တခြားဖုန်းကို သုံးပြီးမခေါ်တာလဲ” ဝေ့ကျန်းရှုန်းမေးလိုက်သည်။
“သူမသိလောက်ဘူးလို့ ရှင်ထင်နေတာလား” ဖန်းယွင်လှောင်ပြောင်လိုက်သည်။
ခဏလောက် ဝေ့ကျန်းရှုန်းပြောစရာစကားမရှိဖြစ်သွားရသည်။ တစ်အောင့်လောက်နေပြီးနောက် သူပြောလာ၏။ “နံပါတ်ပြောင်းပြီး ခဏနေရင်ထပ်ခေါ်ကြည့်လိုက်”
“ရှင်ကိုယ်တိုင် ဘာလို့မခေါ်တာလဲ” ဖန်းယွင်ဆက်ပြောလိုက်သည်။
ဖန်းယွင်၏မေးခွန်းက ဝေ့ကျန်းရှုန်းကို အရှိုက်ထိသွားစေသည်ထင်သည်။ သူချက်ချင်း ပေါက်ကွဲတော့၏။ “ငါခေါ်လို့ရရင် မင်းကိုခေါ်ခိုင်းပါဦးမလား” ပြောပြီးနောက် ဖန်းယွင်အား တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ ဒေါသတကြီးဖြင့် ဖုန်းချသွားလေသည်။
ထိုအခါမှသာ ဝေ့ချန်က နှလုံးသားမဲ့စွာဖြင့် အရွယ်ရောက်သွားကြောင်း ဖန်းယွင် နားလည်သွားရသည်။ မိဘနှင့် အမေမေတ္တာတို့ကို တောင့်တခြင်းက ဝေ့ချန်၏နှလုံးသားထဲတွင် ပျောက်ကွယ်သွားသည့်ပုံပင်။
မျက်ရည်များက သူမမျက်နှာပေါ်သို့ အတားအဆီးမရှိကျဆင်းလာတော့သည်။
သူမနှင့် ဝေ့ချန်ကြားတွင် တစ်ခုခုကျိုးပျက်သွားသည်ကို သူမခံစားလိုက်ရသည်။
သူမက မိခင်မေတ္တာပေးရန် ပြင်ဆင်ခဲ့သော်လည်း ဒီနေ့ကိုရောက်လာသည့်အခါ သူမနှလုံးသားက အစိမ်းလိုက် အခွဲခံလိုက်ရသလိုပင် သွေးစိမ်းရှင်ရှင်ထွက်၍ မခံမရပ်နိုင်အောင်နာကျင်လွန်းသည်။
ထိုအချိန်တွင် တစ်ရှူးစလေးက ဖန်းယွင်အရှေ့သို့ ရောက်လာခဲ့သည်။
“မဒမ်...မျက်ရည်တွေကို သုတ်လိုက်ပါ”
မျက်ရည်ဝိုင်းနေသည့် မျက်လုံးများဖြင့် ဖန်းယွင်မော့ကြည့်လိုက်ရာ အိမ်တော်ထိန်းကျန်းက တစ်ရှူးကမ်းပေးနေကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း သူမ မယူလိုက်ပေ။ ထိုအစား မျက်လုံးတွင် အမုန်းတရားများပြည့်လာလျက် သူမက ဒေါသတကြီးဖြင့် အိမ်တော်ထိန်းကျန်း၏လက်ကို ပုတ်ထုတ်လိုက်သည်။
“ရှင့်ကြောင့်သာမဟုတ်ရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး” ဖန်းယွင်က အိမ်တော်ထိန်းကျန်းအား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာက မျက်ရည်များဖြင့် ပေပွနေ၏။
“မဒမ်...ကိစ္စတွေအတွက် ကျွန်တော် နောင်တတွေကိုပဲ ဖော်ပြနိုင်စွမ်းရှိပါတယ်” အိမ်တော်ထိန်းကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ပြောပြီးနောက် သူက ဖန်းယွင်ကို ဦးညွှတ်လိုက်သည်။
ဝေ့ယန်က တံခါးဝတွင်ရပ်နေ၍ အိမ်တော်ထိန်းကျန်းနှင့် ဖန်းယွင်ကြားမှ စကားများကို နားထောင်နေလိုက်သည်။ သူ့အမူအရာများ မည်းမှောင်သွား၏။ ပထမတွင်တော့ သူက အဖိုးနှင့် A Zone ပရောဂျက်အကြောင်း ဆွေးနွေးချင်ခြင်းဖြစ်သည်။ သို့သော် ယခုတွင်တော့ အာရုံပျက်သွားခဲ့သည်။ သူ ကားပင်မပါဘဲ ပြေးထွက်သွားခဲ့၏။
ဝေ့ယန် ဘယ်လောက်ဝေးဝေးပြေးခဲ့လဲမသိချေ။ သူ့ခြေထောက်များလေးလံလာပြီး နောက်ထပ်မလှမ်းနိုင်တော့မှ ရပ်လိုက်သည်။
အရှေ့သို့ ကြည့်လိုက်ရာ ကျယ်ပြန့်သည့်ပင်လယ်ကြီးကို မြင်လိုက်ရသည်။ မနေ့က မိုးရွာထားသောကြောင့် ပင်လယ်တွင် မြူခိုးများဆိုင်းနေရာ အဝေးသို့မမြင်နိုင်ဖြစ်နေသည်။
သူ့ဘဝလိုပင်...။ အလှမ်းကျယ်သည်မြင်ကွင်းမျိုးမရှိဘဲ အပြစ်နှင့်အတူ မွေးဖွားလာခဲ့၏။ ဒီဘဝက အပြစ်ကြွေးဆပ်ရန်သာ နေနေရတာဖြစ်သည်။
ဝေ့ယန်က ပင်လယ်အနားတွင် အချိန်အကြာကြီးရပ်နေမိ၏။ ရင်ထဲမှ ဝုန်းဒိုင်းကြဲနေသည့် ခံစားချက်များ တဖြည်းဖြည်း ငြိမ်သွားမှသာ ဖုန်းကိုထုတ်၍ ဝေ့ချန်၏နံပါတ်ကိုရှာကာ စာပို့ရန်တွေးလိုက်သည်။ သို့သော်လည်း ပို့မည်ခလုတ်ကို နှိပ်မည့်အချိန်တွင် သူတွန့်ဆုတ်နေသည်။ အဆုံးတွင်တော့ ယခင်နှစ်များအတိုင်းပင် သူ စာမပို့နိုင်လိုက်ချေ။
ဒီနေ့က ဝေ့ချန်၏မွေးနေ့ဖြစ်သည်။ သို့သော်လည်း ဝေ့ယန်၏နှလုံးသားထဲတွင်တော့ ဒီနေ့က ဝေ့ချန် ခံစားရုန်းကန်ရသည်နေ့ရက်များ၏ အစဖြစ်ကြောင်း သူခံစားမိသည်။ “ပျော်ရွှင်စရာမွေးနေ့ပါ” ဟု သူ ဝေ့ချန်ကို မပြောနိုင်ပေ။
...
ပေကျင်း.ရှန့်မိသားစု ဗီလာတွင်...။
ဝေ့ဟွား၏ကားက အိမ်ရာဝင်ပေါက်သို့ ရောက်လာသောအခါ လုံခြုံရေးက သူ့ကိုဝင်ခွင့်မပေးချေ။ လုံခြုံရေးက ရှန့်မိသားစုမှ သခင်လေးကို ကားထဲတွင် တွေ့သည့်တိုင် သူတို့ကို ဝင်ခွင့်ပေးရန် တွန့်ဆုတ်နေလေသည်။
တိုက်ဆိုင်စွာပင် လုံခြုံရေးမှာ ထိုနေ့က ဝေ့ဟွား ကွတ်ကီးကို လာတွေ့သည့်နေ့တွင် တွေ့ခဲ့သည့် လုံခြုံရေးဖြစ်နေသည်။ ထိုနေ့က နောက်ကျနေပြီဖြစ်သောကြောင့် သူက အပြင်တွင်စောင့်နေရန် ဆုံးဖြတ်ခဲ့ပြီး လုံခြုံရေးက သူ့ကို စောင်ပါးလေးပေးလာခဲ့သေးသည်။
“ကျွန်တော်ဘာလို့ ဝင်လို့မရတာလဲ” ဝေ့ဟွားက တားဆီးခံလိုက်ရသည့်အခါ ရှုပ်ထွေးသွားသည်။
လုံခြုံရေးက စိတ်မသက်မသာဖြစ်နေပုံပင်။ “သခင်လေးဝေ့...ကျုပ်တောင်းပန်ပါတယ်...သခင်လေးရှန့် ကားထဲမှာ ရှိနေရင်တောင် လူကြီးမင်းရှန့်က မင်းကိုဝင်ခွင့်ပေးမှာမဟုတ်ဘူး”
“လူကြီးမင်းရှန့်က ကျွန်တော့်ကို ဝင်ခွင့်မပေးဘူး” ဝေ့ဟွားက နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။ စိတ်ထဲတွင်တော့ ဘာဖြစ်နေလဲ သေချာသိသွား၏။ သူ၏ အနာဂတ်ယောက္ခလောင်းက သူ့ကို ဘဝင်မကျသေးပေ။
ဝေ့ဟွားက ကွတ်ကီးကိုကြည့်၍ သနားစဖွယ်လေးပြောလိုက်သည်။
“ကိုယ် မင်းနဲ့ဘီစကစ်လေးကို ဒီမှာပဲ ချပေးခဲ့တော့မယ်...ကိုယ် ဝေ့ချန်အတွက်ပြင်ထားတဲ့ လက်ဆောင်ကို ပေးဖြစ်အောင်ပေးလိုက်နော်”
ကွတ်ကီးက ဝေ့ဟွား၏ သနားစဖွယ်ပုံစံအား ကြည့်၍ ကရုဏာစိတ်များ ပေါ်မလာချေ။ ထိုအစား ရယ်ချင်စရာပင်ကောင်းနေ၏။
“ကောင်းပြီလေ...မင်းအခုဆင်းတော့”
“ဆင်းရမယ်?” ဝေ့ဟွားက ကွတ်ကီးကို ပို၍ သနားကမားဖြင့် ကြည့်လာခဲ့သည်။
“ရှောင်ချီချီ...ကိုယ့်ကို ဒီမှာတစ်ယောက်တည်း စောင့်နေခိုင်းတာလား...ရှောင်ချီချီ...ဘာလို့ ဒီလောက်တောင် နှလုံးသားမဲ့ရတာလဲ”
ထို့နောက် သူက ဘီစကစ်လေးကို ပြောလိုက်သည်။ “ဘီစကစ်လေး..ဦးဦးဝေ့ ဘယ်လောက်တောင်သနားဖို့ ကောင်းနေလဲ ကြည့်ပါဦး...အခု မင်းတစ်ယောက်ပဲ ဦးဦးဝေ့အပေါ် ကောင်းတော့တယ်...ပြောပါဦး...ဦးဦးဝေ့ ကားပေါ်ကဆင်းသင့်လား”
ဘီစကစ်လေးက မျက်တောင်ခတ်၍ ခေါင်းညိတ်လိုက်ကာ ရယ်မောလာသည်။ သူက ဝေ့ဟွားကို စနောက်နေခြင်းပင်။ ကွတ်ကီးက ဝေ့ဟွားကိုသည်းမခံနိုင်တော့သောကြောင့် ခေါင်းငုံ့၍ သူ့ဖုန်းဖြင့် တစ်ခုခုလုပ်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အိမ်ရာ၏ဝင်ပေါက်တံခါးက ပွင့်ဿွားသည်။ လုံခြုံရေး၏မျက်နှာမှာ အံ့ဩခြင်းများနှင့် ပြည့်နှက်သွားတော့သည်။
“ဘာကိုစောင့်နေတာလဲ...မောင်းတော့လေ” မောင်းရမလား၊ မမောင်းရမလားမသိဖြစ်နေသည့် ဝေ့ဟွားကို ကွတ်ကီးက အလျင်စလိုဖြင့် ပြောလိုက်သည်။
လုံခြုံရေးဦးလေးကြီး အံ့ဩမဆုံးနိုင်သေးခင်မှာပင် ဝေ့ဟွားက ချက်ချင်း ကားစက်နှိုး၍ အိမ်ရာထဲသို့ မောင်းဝင်လိုက်သည်။
သို့သော်လည်း ဝေ့ဟွား၏ကားက အတားခံရသော်လည်း ဝင်သွားနိုင်ပါက လိုက်ဖမ်းစရာမလိုကြောင်း လူကြီးမင်းရှန့်ကပြောထားသောကြောင့် လုံခြုံရေးက သူတို့ကို လိုက်မဖမ်းလိုက်ချေ။
လုံခြုံရေးက လူကြီးမင်းရှန့်၏ စကားများကိုပြန်တွေးလိုက်ပြီး ရုတ်တရက် လူကြီးမင်းရှန့်မှာ အံ့ဩစရာကောင်းကြောင်း ခံစားလိုက်ရသည်။ သူ အခု ဂိတ်ပေါက်ကို ဖွင့်မပေးလိုက်ပေ။ ထို့အပြင် သူတို့၌ ဝင်ခွင့်ကတ်လည်းမရှိချေ။ ဒါဆို ဘယ်လိုပွင့်သွားတာလဲ...။ ဘာလို့ ဒီလောက်တောင် ထူးဆန်းရတာလဲ...။ ဂိတ်က ဘယ်လိုလုပ်ပွင့်သွားတာလဲ...။
ထိုမေးခွန်းများစွာက တာဝန်ချိန်မပြောင်းခင်အထိ လုံခြုံရေး၏ စိတ်ထဲတွင် ရှိနေခဲ့၏။ ဝေ့ဟွားထွက်လာသည့်အခါ လုံခြုံရေးက ဘာကြောင့်လဲဟုမေးလိုက်သည်။
ဝေ့ဟွားက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလာ၏။ “ကျွန်တော့်ရဲ့ အနာဂတ်မိန်းမလေးကို ပိုးပန်းဖို့ ကောင်းကင်ဘုံက ကူညီပေးလိုက်တာလေ”
💘