Chapter 76
Viewers 5k

⛰️Chapter 76



တစ်ဖက်ရှိ ကျန်းရှုဟွားကမူ အနည်းငယ်ရင်တုန်နေ၏။

“အစာကြေဆေးပြားလိုချင်သေးလား”

သူမအတွက် မိန်းမငယ်လေးတစ်ယောက် အများကြီးစားသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။


ယွင်ရုန်က ကျောက်ပုဇွန်ကိုဝါးနေရင်းတန်းလန်း အာရုံပြောင်းသွားသည်။သူမက ရှက်ရှက်ဖြင့်လုဟယ်နျန်ကိုလှမ်းကြည့်လိုက်သည်။


လုဟယ်နျန်ကပြန်ဖြေပေးလိုက်သည်။

“မလိုပါဘူး သူမရဲ့စားနိုင်စွမ်းက တော်တော်လေးကောင်းတယ်”


ကျန်းရှုဟွားက ထိုစကားကိုကြားလိုက်ရပြီးမှ ရုတ်တရက်ပင်သူမသားနှင့်ယွင်ရုန်တို့က အတူတူနေကြသည်ကိုသတိရသွားသည်။သူမကကူကယ်ရာမဲ့စွာရယ်လိုက်မိသည်။


“ကောင်းကောင်းစားနိုင်တာကလည်း ကံကောင်းခြင်းတစ်မျိုးပဲ ရှောင်ယွင်ကအခုမှကြီးထွားနေတုန်းလေ”


သူတို့ညစာစားပြီးသောအခါ ညကိုးနာရီလောက်ရှိနေပြီဖြစ်သည်။ယွင်ရုန်မပြန်ခင်တွင် ကျန်းရှုဟွားက ကားသော့ကိုသူမလက်ထဲထည့်ပေးပြီး တောင်းပန်စကားဆိုလာသည်။


“ရှောင်ယွင် ဒီနေ့ဖြစ်သွားတာတွေအတွက် ဒေါ်လေးကဘဲတောင်းပန်ပါတယ်ကွယ် သမီးကိုဘာမှမဆိုင်ဘဲဆွဲထည့်လိုက်ရသလိုဖြစ်သွားတယ် ဒီကသမီးရဲ့ဦးလေးပေးတာပါ လက်ခံလိုက်နော်ဘာမှရှက်နေစရာမလိုဘူး”


ဘေးမှလုနန်ရှန်းကလည်း ပြုံးပြလာသည်။

“ဟုတ်ပါတယ် အဲ့ဒါကဈေးကြီးတာမျိုးလည်းမဟုတ်ဘူးလေ ‌ပျော်ရအောင်ယူထားလိုက်ပါ”


လုဟယ်နျန်က အိမ်စီးဖိနပ်ကိုချွတ်ကာ ရှူးဖိနပ်ပြောင်းစီးနေရင်းတန်းလန်း ရပ်သွားမိသည်။

သူ့မိသားစုက ကြင်နာတဲ့အပြုံးတွေပြုံးယောင်ဆောင်နေတာကိုကြည့်ရတာ တကယ်ပဲရှက်မိတယ်။ငါးမီလီယမ်၊ခြောက်မီလီယမ်နီးပါးရှိတဲ့ကားကို လွယ်လင့်တကူပေးလာပြီး ဘယ်လောက်မှသိပ်မရှိဘူးလို့ပြောသေးတယ်၊ကျန်းယန်သာသိရင် သေလုမတတ်ငိုသွားလောက်ပြီ။


“ဦးလေးနဲ့ဒေါ်လေး သမီးကကားမမောင်းတတ်ဘူး ပြီးတော့သမီးနဲ့မထိုက်တဲ့ဆုကိုလက်မခံသင့်ဘူးလေ၊ ဘာမှလည်းမလုပ်ပေးရသေးဘဲ ဒီလိုတန်ဖိုးကြီးတာမျိုးကိုလက်မခံနိုင်ဘူး”

ယွင်ရုန်က ရိုးသားစွာပြောပြလာသည်။သူမကလူသားများဆီမှလက်ဆောင်ရသည်ကို နေသားမကျသေးပေ။

 

ထို့နောက်သူမက လုဟယ်နျန်ကိုကြည့်ကာ သူမကို‌ကူပြီးဖြေရှင်းပေးလာနိုင်ရန်မျှော်လင့်လိုက်မိသည်။


လုဟယ်နျန်က ယွင်ရုန်အကူအညီအတွက်အချက်ပြလာသည်ကိုမြင်လိုက်ရသောအခါ မရယ်မိဘဲမနေချေ။သူကကိုယ်ကိုမတ်ပြီးပြောလိုက်သည်။

“မင်းကိုပေးမှတော့ယူထားလိုက်ပါ ကိုယ့်အဖေနဲ့အမေက လက်ဆောင်ပေးပြီးရင် ပြန်မယူတတ်ကြဘူး”


လုဟယ်နျန်စကားကိုကြားသောအခါ ယွင်ရုန်ကအနည်းငယ်တွေဝေနေသော်လည်း အဆုံးတွင်ကားသော့ကိုလက်ခံလိုက်သည်။သူမကရိုးသားစွာပြောလာ၏။

“ကျေးဇူးတင်ပါတယ် ဦးလေး၊အဒေါ်”


သူမ၏ချစ်စရာကောင်းကာ တွေးတောတတ်သည့်ပုံစံက ကျန်းရှုဟွား၏နှလုံးသားကိုပွင့်လန်းလာ‌စေ၏။အနာဂတ်တွင်ဒီလိုမိန်းမငယ်လေးက သူမ၏ချွေးမဖြစ်လာမည်ကိုတွေးကြည့်လိုက်သောအခါ အပျော်များထိန်းမရတော့သလို ပြုံးသည်ကိုလည်းမရပ်နိုင်တော့ချေ။

“ကျေးဇူးတင်စရာဘာလိုလို့လဲကွယ် သမီးမမောင်းတတ်ရင် ဟယ်နျန်ကိုကားမောင်းသင်ခိုင်းလိုက်”


လုဟယ်နျန်က သူမကိုလက်ဆောင်လက်ခံခိုင်းသော်လည်း ယွင်ရုန်ကအားနာမိဆဲပင်။သူမကခနလောက်တွေးကြည့်လိုက်ပြီးနောက် သူမ‌‌အိတ်ထဲရှိနေ့လယ်ကဆွဲခဲ့သည့် အဆင့်မြင့်အဆောင်နှစ်ခုကိုထုတ်ကာ ကျန်းရှုဟွားကိုပေးလိုက်သည်။


“ဦးလေး ဒေါ်လေး သမီးမှာအခြားပေးစရာလည်းမရှိဘူး ဒါကသမီးကိုယ်တိုင်ဆွဲထားတဲ့ဘေးကင်းအဆောင်ပါ ဒါကိုကိုယ်နဲ့မကွာဆောင်ထားရင် ဘေးအန္တရာယ်ကင်းအောင်လုပ်ပေးလိမ့်မယ်”


အခြားပစ္စည်းများဆိုပါက လုမိသားစုတွင်ပြတ်လပ်မနေပေ။သို့သော်ဤအဆောင်များကမူ သူတို့ရင်ထဲထိသွားစေ၏။ခုနလေးတင် ရူပိကိုမောင်းထုတ်လိုက်ကတည်းက သူတို့ကသူမအပေါ်ယုံကြည်နေပြီဖြစ်သည်။ထို့အပြင်သူတို့က သူမအရင်တုန်းကဆွဲပေးသည့် ပိုက်ဆံပေါ်တွင်ဆွဲထားသည့်အဆောင်လည်းရဖူးပေသည်။ထိုအဆောင်ကအတော်လေးအကျိုးရှိ၏။ကျန်းရှုဟွားက ချက်ချင်းပင်အဆောင်များကိုဂရုတစိုက်သိမ်းကာ သူမအပြုံးကလည်းပိုလို့တောင်တောက်ပလာသည်။


“အင်း ရတယ် ရတယ်‌ ဒေါ်လေးတို့ကဒါကိုသဘောကျတယ်”


သူမကအဆောင်များကိုသဘောကျခြင်းမဟုတ်၊ အဆောင်ပေးလာသောသူကိုသာသဘောကျခြင်းဖြစ်သည်။ကျန်းရှုဟွားက တတ်နိုင်သမျှအမြန်ဆုံး ယွင်ရုန်ကို သူမနားတွင်ထားရမည်ဟုဆုံးဖြတ်လိုက်သည်။


လုမိသားစုအိမ်မှထွက်လာပြီးမှသာ ယွင်ရုန်ကသက်ပြင်းချလိုက်တော့သည်။သူမက လုဟယ်နျန်ကိုနေရခက်စွာပြောလာ၏။


“ဒုတိယအစ်ကို ‌ဦးလေးနဲ့ဒေါ်လေးက ဒီနေ့မှာအထူးကိုစိတ်အားထက်သန်နေကြတယ်လို့ မခံစားမိဘူးလား”

အရင်တုန်းကဆို ဒီလိုမဟုတ်တာအသိသာကြီးဘဲလေ။


ယွင်ရုန်၏စိတ်ရှုပ်ထွေးနေသောပုံစံကိုမြင်သောအခါ လုဟယ်နျန်ကရယ်လိုက်မိသည်။သူကသူမခေါင်းကိုပွတ်ကာ ပြောပြလာသည်။

“မင်းကအရမ်းချစ်ဖို့ကောင်းနေလို့ သူတို့ကမင်းကို အရမ်းချစ်သွားတာနေမှာပေါ့”


ထိုစကားကိုကြားသောအခါ ယွင်ရုန်၏မျက်နှာပူတက်လာသည်။သူမကခနလောက်တွေးနေပြီးမှ မေးလာသည်။


“ကျွန်မကူညီပေးနိုင်တာ တစ်ခုခုရှိလား”


အခုဆိုလျှင် ယွင်ရုန်ကလူသားများအပေါ်အနည်းငယ်နားလည်လာပြီဖြစ်သည်။သူတို့ကအကူအညီတောင်းစရာရှိပါက အထူးပင်စိတ်အားထက်သန်စွာ ဆက်ဆံတတ်ကြသည်။တကယ်ဆိုလျှင် သူတို့ကထိုသို့လုပ်စရာမလိုပေ။သူတို့ကလုဟယ်နျန်၏မိဘများဖြစ်သဖြင့် သူမကူညီနိုင်တာရှိပါက သေချာပေါက်ကူညီပေးမှာပင်။


သူတို့ကမင်းကို သူတို့ရဲ့ချွေးမဖြစ်စေချင်နေတာ။


လုဟယ်နျန်ကရင်ထဲတွင်ကြိတ်ကာ သက်ပြင်းချလိုက်သည်။ယွင်ရုန်နေရာတွင် အခြားမိန်းကလေးတစ်ယောက်ဆိုပါက နားမလည်နိုင်လျှင်တောင် ရင်ထဲတွင်တော့ခန့်မှန်းနိုင်ပြီးသားဖြစ်နေလိမ့်မည်။သို့သော်ယွင်ရုန်ကမူ တကယ်ကိုနားမလည်နေခြင်းဖြစ်သည်။

သူက သူမပါးပေါ်မှဆံပင်စလေးကိုဖယ်ပေးလိုက်ပြီး အလိုလိုက်စွာပြုံးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး မင်းစိတ်ထဲနေရခက်နေရင်လည်း သူတို့ကို‌ကောင်းချီးအများကြီးပေးပြီးကာကွယ်ပေးလိုက်ပေါ့”


သူမ၏အထူးစွမ်းရည်က လူများကိုကောင်းချီးပေးခြင်းပင်။ယွင်ရုန်ကအလေးအနက်ခေါင်းငြိမ့်ပြလာသည်။


“ဒုတိယအစ်ကို စိတ်ချ ကျွန်မကဦးလေးနဲ့ဒေါ်လေးရဲ့ဘဝကံကြမ္မာကိုကြည့်ပြီးသား သူတို့ဘဝမှာ ပျော်ရွှင်မှု၊သက်ရှည်ကျန်းမာမှုနဲ့ပြည့်နေတယ် သူတို့ကသေချာပေါက်အသက်အရှည်ကြီးနေသွားရမှာ ”


ထိုစကားကိုကြားသောအခါ လုဟယ်နျန်ကစိတ်အေးသွားသည်။သူ၏ကံကြမ္မာကမကောင်းသဖြင့် သူ့မိဘများဘေးကင်းလုံခြုံရန်ကိုသာဆုတောင်းမိသည်။


“ဒါပေမယ့်。。。。”


ယွင်ရုန်ကမျက်မှောင်ကြုတ်ကာ တစ်ခုခုပြောချင်သော်ငြားတုန့်ဆိုင်းနေလေသည်။


“ဒါပေမယ့်ဘာဖြစ်လို့လဲ”

လုဟယ်နျန်ကမေးလိုက်သည်။


“ညနေတုန်းက အဲ့ဒီကောင်မလေးလေ ချင်ချင်ဆိုတဲ့တစ်ယောက်၊ သူ့ကိုယ်ကအနက်ရောင်အငွေ့တွေနဲ့ရစ်ပတ်ခံနေရတာကို ကျွန်မမြင်လိုက်တယ် လဝက်အတွင်းမှာဘဲ သူမက ကံဆိုးမှုကိုကြုံရလိမ့်မယ် သူမမျက်နှာကလည်းမကြည်လင်ဘူး မဲမှောင်ပြီးမှုန်ကုပ်နေတယ် အနက်ရောင်မျဉ်းတစ်ခုက သူမအပေါ်နက်နက်ရှိုင်းရှိုင်းကိုဖုံးအုပ်နေတာ ဒီကံမကောင်းမှုကနေတစ်ဆင့် သူမရဲ့အသက်ပါ ပါသွားမှာကိုစိုးရိမ်မိတယ်”


ယွင်ရုန်က ရူပိနှင့်လုယွင်ချင်ကိုသဘောမကျပေ။သူတို့နှစ်ယောက်၏အသွင်အပြင်က ပြောင်းလဲလွယ်ကာ ကျက်သရေမရှိပေ။သူတို့အတွေးများက မသင့်တော်ဘဲလူကောင်းများမဟုတ်ပေ။သို့သော် သူတို့က လုဟယ်နျန်၏ဆွေမျိုးများဖြစ်နေ၏။လူသားများကမိသားစုဆွေမျိုးများကိုအလွန်အလေးထားတတ်ကြသည်။ထို့ကြောင့်သူမက အနည်းငယ်သတိပေးလိုက်ခြင်းပင်။


လုဟယ်နျန်က ရူပိကိုမုန်းသော်လည်း လုယွင်ချင်ကိုမူ ဘာခံစားချက်မှမရှိပေ။အဆုံးတွင်သူမက သူ၏တူမဖြစ်နေဆဲပင်။ယွင်ရုန်၏စကားများကိုကြားသောအခါ သူကမျက်မှောင်ကြုတ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။


“ကိုယ်သိပြီ ဒီအကြောင်းကိုအခြားဘယ်သူကိုမှမပြောနဲ့နော်”


လုယွင်ချင်သာတကယ်ဘဲတစ်ခုခုဖြစ်သွားပြီး ရူပိကယွင်ရုန်သည်အစောကြီးကတည်းက ထိုသို့ပြောထားသည်ကိုသိသွားပါက သူမကဒေါသတကြီးသောင်းကျန်းမှာစိုးသည်။ရူပိက သာမာန်လူလိုအသိရှိသည့်သူတစ်ယောက်မဟုတ်ပေ။


“ကျွန်မသိပါတယ်”

ယွင်ရုန်ကခေါင်းငြိမ့်ပြသည်။သူမကနှုတ်မလုံသောသူမဟုတ်ပေ။


သူတို့နှစ်ယောက်ကအပြန်လမ်းတွင် စကားပြောသွားကြသည်။လုဟယ်နျန်၏ကားက ဗီလာဧရိယာထဲမှထွက်လာခဲ့သည်။ယွင်ရုန်ကရင်းနှီးနေသောလမ်းကိုမြင်သောအခါ ကမန်းကတန်းပြောလာ၏။


“ဒုတိယအစ်ကို အတော်ပဲ ဒီနေရာကဟိုင်ကျင်းဟိုတယ်နဲ့နီးတယ် ကျွန်မကိုဟိုတယ်ကိုဘဲတစ်ခါတည်းလိုက်ပို့ပေးပါလား ဒီနေ့မနက်တုန်းကလည်း ဒုတိယအစ်ကိုရဲ့မျက်ကွင်းတွေမဲနေတာကို ကျွန်မမြင်တယ် ကျွန်မတို့သာတစ်နေရာထဲဆက်အိပ်နေမယ်ဆိုရင် ဒုတိယအကိုကောင်းကောင်းမအိပ်နိုင်လောက်ဘူး ကျွန်မကဘယ်နေရာမှာမဆိုဝိဉာဉ်စွမ်းအင်ကိုစုပ်ယူနိုင်ပါတယ် ဟိုတယ်မှာနေလည်းအတူတူဘဲ”


ယွင်ရုန်၏စကားကိုကြား‌သောအခါ စတီယာရင်ဘီးအပေါ်တင်ထားသည့် လုဟယ်နျန်၏လက်များကချက်ချင်းပင်တင်းကြပ်သွားသည်။သူကနှုတ်ခမ်းကိုစေ့လိုက်ကာ ရှေ့ကိုသာတည့်တည့်ကြည့်နေပြီး အလွန်ရိုးသားစစ်မှန်စွာပြောလိုက်သည်။


“အဲ့လိုဆိုမှ ကိုယ်ကုန်တချင်ဆီကဖုန်းရတယ် ဒီတလောအတွင်းမှာ ဟိုတယ်မှာ ဧည့်သည်တွေအရမ်းများလာတယ်တဲ့ မင်းနေတဲ့အခန်းကို ဧည့်သည်တစ်ယောက်ကယူလိုက်ပြီ ကိုယ်ကတော့မင်းကိုယ်နဲ့အတူလိုက်ပြန်တာကပိုကောင်းမယ်လို့ထင်တယ်”


“အဲ့လိုလား 。。。。”


ယွင်ရုန်က တစ်ခုခုထူးဆန်းသလိုခံစားမိသော်လည်း ဘယ်အရာဟူ၍မထောက်ပြနိုင်ဖြစ်နေသည်။


“ဒါဆိုလည်း အရင်ဆုံး‌စကားပြောရအောင် အိမ်ပြန်ရောက်ရင်ကျွန်မဆိုဖာပေါ်မှာအိပ်မယ် ဒုတိယအစ်ကိုရဲ့ကိုယ်က အဲ့ဒီနိမိတ်မကောင်းတဲ့စွမ်းအင်တွေကိုသယ်ထားရတာ ကောင်းကောင်းအနားမယူရဘူးဆိုရင် အခြေအနေဆိုးလာနိုင်တယ်”


“ကိုယ်တို့ပြန်ရောက်မှဘဲ ဆက်ပြောကြတာပေါ့”


သူမက သူ့အတွက်စဉ်းစားပေးနေသည်ကိုကကြားလိုက်ရသောအခါ နွေးထွေးမှုတစ်ခုက လုဟယ်နျန်ရင်ထဲဖြစ်ပေါ်လာကာ ပြုံးလိုက်မိသည်။


ကားလေးက ဆောင်းဦးမေပယ်ဗီလာသို့ ပြန်ရောက်လာခဲ့သည်။ဒါရိုက်တာကိုမရင်းနှီးသောအမျိုးသမီးတစ်ယောက်နှင့်အတူထွက်သွားသည်ကိုမြင်လိုက်ရပြီးနောက်တွင် လုံခြုံရေးများက သူတို့နှစ်ယောက်အတူပြန်လာကြသည်ကိုနေသားကျသွားပြီဖြစ်သည်။


ရှောင်လော့က သက်ပြင်းချလိုက်သည်။

“ငါကတော့ ဒါရိုက်တာရဲ့ပျော်ပွဲရွှင်ပွဲက မကြာခင်ဖြစ်လာတော့မယ်လို့ထင်တယ်”


“မင်းကအခုမှသိတာလား မနက်တုန်းကငါအဲ့ဒီမိန်းကလေးကို မဒမ်လို့ခေါ်လိုက်သေးတယ် သူတို့ကပြန်မငြင်းလာဘူး ချက်ချင်းဆိုသလိုသူမက အနာဂတ်မှာငါတို့ရဲ့မဒမ်ဖြစ်လာမှာကိုသိလိုက်တာပဲ”


ရှောင်ကျင်းက ရှောင်လော့အား မင်းကတကယ်‌အသိနှေးတာဘဲဟူသောပုံစံဖြင့်ကြည့်လာသည်။


လုဟယ်နျန်နှင့်ယွင်ရုန်က တစ်နေ့တာကိစ္စများပြီးဆုံးသည့်နောက် ပင်ပန်းလာကြသည်။အိမ်ပြန်ရောက်သောအခါ နှစ်ယောက်လုံးကအိပ်ချင်လာကြသဖြင့် ငြင်းခုံဖို့တောင်အင်အားမရှိတော့ဘဲ တစ်အိပ်ရာတည်းအိပ်လိုက်ကြသည်။အိပ်ရာပေါ်တွင် နာရီဝက်လောက်လှဲနေပြီးနောက် ထုံးစံအတိုင်းအိပ်မပျော်သည့်လုဟယ်နျန်က ကုတင်အလယ်သို့လှိမ့်လာသည့် မိန်းကလေးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာရယ်လိုက်လေသည်။

မနက်ဖြန်ကျရင် လူခေါ်ပြီးဧည့်သည်ခန်းကို သန့်ရှင်းရေးလုပ်ခိုင်းမှဖြစ်တော့မယ်။ဒီလိုက ယောက်ျားတစ်ယောက်ရဲ့ခံနိုင်စွမ်းကို အရမ်းစမ်းသပ်လွန်းတယ်။


လုဟယ်နျန်က အိပ်ရာပေါ်မှ ညင်သာစွာထလာပြီး အတတ်နိုင်ဆုံးယွင်ရုန်နိုးမလာအောင်ကြိုးစားလိုက်သည်။အခန်းထဲမှထွက်လာပြီးနောက် သူကဖုန်းထုတ်ကာ သူ့အစ်ကိုကြီးကိုဖုန်းခေါ်လိုက်သည်။လုယွင်ချင်၏ကိစ္စကိုသူပြောပေးရဦးပေမည်။


တစ်ဖက်ကလျင်မြန်စွာဖုန်းကိုင်လာပြီး လုစုန့်နျန်၏ပင်ပန်းနေသောအသံထွက်လာသည်။


“ဟယ်နျန်လား နောက်ကျနေပြီကို ဖုန်းခေါ်လာတယ်ဆိုတော့ တစ်ခုခုဖြစ်လို့လား”


“အခုထိရုံးမှာရှိနေတုန်းဘဲလား”

လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်သည်။


“လုပ်စရာကိစ္စနည်းနည်းရှိသေးလို့ နည်းနည်းလောက်ပိုနေလိုက်တာ”

လုစုန့်နျန်က မတွေးဘဲပြန်ဖြေလိုက်သည်။တကယ်တမ်းတွင်သူက အိမ်မပြန်ချင်ပေ။အိမ်ပြန်ရောက်သည်နှင့် ရူပိကမရပ်မနားပြသနာရှာလိမ့်မည်။ရုံးမှာနေရသည်က သူ့အတွက်ပိုသက်တောင့်သက်သာရှိပေသည်။


လုဟယ်နျန်ကလည်း သူ့အစ်ကိုကြီးတို့လင်မယားကြားဆက်ဆံရေးကိုသိထား‌သည်။၎င်းကပိုပိုပြီးဆိုးလာခဲ့မည်ဟု မထင်ထားပေ။သူကခနလောက်ရပ်သွားပြီးမှ ပြောလိုက်သည်။


“ရူပိက ဘာကောင်းတာမှမရှိပေမယ့် ချင်ချင်ကတော့ အကိုကြီးရဲ့သမီး‌ဘဲ သူမရဲ့ပညာရေးကိုပိုပြီးအာရုံစိုက်ပေးသင့်တယ်”


“ချင်ချင်ကဘာဖြစ်လို့လဲ”


လုစုန့်နျန်က ချက်ချင်းမေးလာသည်။အမှန်တိုင်းဆိုရလျှင် လုယွင်ချင်မွေးလာသောအခါ သူပျော်ခဲ့ပေသည်။သူမက သူ၏သမီးဦးလေးပင်ဖြစ်သည်။ကလေးကအပြစ်ကင်းသဖြင့် သူကကလေးအပေါ်အငြိုးမထားခဲ့ပေ။သို့သော်ဤနှစ်များတွင်လုယွင်ချင်၏ပုံစံက တဖြည်းဖြည်းချင်းရူပိနှင့်ဆင်လာခဲ့ပြီး အလွန်အမင်းတစ်ကိုယ်ကောင်းဆန်စွာကြီးပြင်းလာခဲ့သည်။သူမက သူ့အပေါ်တွင်တွယ်တာလိုစိတ်မရှိသောကြောင့် သူအနေဖြင့်လည်း လုယွင်ချင်၏ဘဝကို လိုက်မစီမံပေးလိုတော့ပေ။


လုဟယ်နျန်က လုမိသားစုတွင်ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။


“ကျွန်တော်တို့လုမိသားစုရဲ့သမီးက ငယ်ငယ်ကတည်းက ဘာကိုမှလိုလေးသေးမရှိခဲ့ဘူး အခုသူက ရူပိဆီကနေ အမြင်ကျဉ်းအောင်ပျိုးထောင်ခံခဲ့ရတော့ အနာဂတ်မှာ လူ့အသိုင်းအဝိုင်းနဲ့ဆက်ဆံတဲ့အချိန်ကျရင် ဒုက္ခတွေ့လိမ့်မယ်နော်”


လုစုန့်နျန်က အကြောင်းစုံကိုကြားလိုက်ရသောအခါ ဒေါသထွက်သွားသည်။သူက‌လေးနက်စွာပြန်ပြောလိုက်သည်။


“ငါသိပြီ နောက်ကျရင်ချင်ချင်ရဲ့ကိစ္စကို ပိုပြီးအာရုံစိုက်လိုက်ပါ့မယ်”


“ဒါနဲ့အမေပြောတာတော့ မင်းသဘောကျတဲ့မိန်းကလေးတစ်ယောက်ရှိလာပြီဆို မင်းသဘောကျမှတော့ သူမအပေါ်ကောင်းကောင်းဆက်ဆံနော် အကိုကြီးလိုမဖြစ်စေနဲ့”


“ကိစ္စတွေကအခုမှ အလုံးအထည်တောင်မပေါ်သေးပါဘူးဗျာ”


လုဟယ်နျန်ကဘာမှသိပ်မပြောလိုပေ။သို့သော်သူ့လေသံကနူးညံ့နေလေသည်။


“အစ်ကိုကြီးကိုပြောချင်တာတစ်ခုရှိသေးတယ် အခုကစပြီးလဝက်အတွင်းမှာ ချင်ချင်က ကံအပြောင်းအလဲတစ်ခုကိုကြုံရလိမ့်မယ် ပြင်းထန်ရင်ချင်ချင်က အသက်အန္တရာယ်ပါရှိလာနိုင်တယ် ဒီလဝက်အတွင်းမှာသူ့ကိုပိုပြီးဂရုစိုက်နော် ဟုတ်ပြီလား”


“မင်းကဘယ်အချိန်ကစပြီး အဲ့လိုကိစ္စတွေကိုယုံသွားတာလဲ”


လုစုန့်နျန်က အံ့ဩသွားပြီးရယ်လိုက်မိသည်။သူ့ညီလေးသည် ဘဝကံကြမ္မာကမကောင်းဘူးဆိုသော်လည်း သူကထူးခြားဆန်းကြယ်သည့်စွမ်းအားများကိုတစ်ခါမှမယုံခဲ့ဖူးပေ။


ပုံမှန်အားဖြင့်ကုမ္ပဏီတစ်ခုစဖွင့်သောအခါ လူများကချမ်းသာခြင်းနတ်ဘုရားကိုဖိတ်ခေါ်လေ့ရှိကြသည်။မယုံလျှင်တောင်မှ ကံကောင်းစေရန်အတွက်လုပ်ဆောင်တတ်ကြသည်။သို့သော်သူ၏ညီငယ်ကမူ ထိုအစီအစဉ်များကိုလုံးဝမလုပ်ခဲ့ပေ။ထိုအချိန်တုန်းက ထိုကိစ္စကြောင့် ရှယ်ယာရှင်များကပွက်လောရိုက်ခဲ့ဖူးသည်။


“လောကမှာ ရှင်းပြလို့မရနိုင်တဲ့ကိစ္စတွေအများကြီးရှိတယ် အထူးသဖြင့်ကျွန်တော်ရဲ့ကံကြမ္မာလိုကိစ္စမျိုးပေါ့ အခုကျွန်တော်စပြီးယုံချင်လာတယ်”


လုဟယ်နျန်က တည်ငြိမ်စွာပြောလာသည်။သူ့အစ်ကိုကြီးကမယုံသည်ကိုသိသဖြင့် သူကအလေးအနက်ထပ်ပြောလိုက်သည်။


“အစ််ကိုကြီး ဒီကိစ္စက ကျိန်းသေနီးပါးဘဲ ဘာမှမဟုတ်သလိုမနေလိုက်နဲ့”


လုဟယ်နျန်၏အလေးအနက်လေသံကိုကြားသောအခါ လုစုန့်နျန်ကလည်းလေးနက်လာသည်။သူက သူ့ညီသည်အကြောင်းရင်းမရှိဘဲ ဤသို့ပြောမှာမဟုတ်ကြောင်းသိသည်။သူပြောလာပြီဆိုကတည်းက တစ်ရာရာခိုင်နှုန်းသေချာနေလို့ပင်။


“ဟုတ်ပြီ ငါသတိထားလိုက်မယ်”


လုစုန့်နျန်၏အဖြေကိုကြားသောအခါ သူကသေချာနားထောင်မှာဖြစ်ကြောင်း သဘောပေါက်သွားသည်။လုဟယ်နျန်ကထွေထွေထူးထူးထပ်ပြောမနေတော့ဘဲ ဖုန်းချလိုက်သည်။


ညလယ်တွင်ဤသို့သော ဖုန်း‌ဝင်လာခဲ့ပြီးနောက် လုစုန့်နျန်ရင်ထဲတွင် မတည်ငြိမ်တော့ပေ။သူကအချိန်ကြည့်လိုက်သောအခါ ဆယ့်တစ်နာရီထိုးနေပြီဖြစ်သည်။သူကခနလောက်ထိုင်လိုက်ပြီးနောက် အဆုံးတွင်သက်ပြင်းတစ်ချက်ချလိုက်ပြီး ကားကိုအိမ်သို့ဦးတည်လိုက်သည်။


လုစုန့်နျန်အိမ်ပြန်ရောက်သောအခါ ဆယ့်တစ်နာရီခွဲနေပြီဖြစ်သည်။သူအိမ်ထဲဝင်လာသောအခါ ရူပိကကွာစေ့ကိုက်ရင်း တီဗီကြည့်နေ၏။ရူပိကသူပြန်လာသည်ကိုမြင်သောအခါ အံ့ဩသွားပြီး တစ်ချိန်တည်းတွင်ပျော်လည်းပျော်သွားသည်။ထို့နောက်တွင်မှ သူမကဒေါသထွက်လာပြီး မဲ့ပြုံးပြုံးကာပြောလာသည်။


“ဥက္ကဌကြီးလုက အိမ်ပြန်လာတတ်သေးတာလား တကယ်ကိုရှားပါးဧည့်သည်ပါလားနော် ကျွန်မကရှင့်မိန်းမမှန်းမသိတဲ့သူတွေဆိုရင် ကျွန်မကိုရှင်အပြင်မှာ‌‌သိမ်းထားတဲ့အပျော်မယားလို့ထင်နေကြတော့မှာဘဲ အမြဲတမ်းဆယ်ရက်၊ဆယ့်ငါးရက်လောက်နေမှ ပြန်လာတယ် အပြင်မှာရှင့်စိတ်ကိုဆွဲဆောင်ထားတဲ့သူများရှိနေလို့လား”


“ရူပိ ငါမင်းနဲ့မငြင်းချင်ဘူး”


လုစုန့်နျန်က ရှင်းပြဖို့တောင်ပျင်းနေ၏။သူကပတ်ပတ်လည်ကိုတစ်ချက်ကြည့်ပြီး အေးစက်စွာမေးလိုက်သည်။


“ချင်ချင်ဘယ်မှာလဲ သူ့ကိုလာတွေ့ဖို့ပြောလိုက် ငါသူနဲ့ပြောစရာရှိတယ်”



⛰️