Chapter 78
Viewers 5k

⛰️Chapter 78

ဒေါင်းမိစ္ဆာ



ဤတလောတွင် သူမကအားဟယ်ဆိုသည့်ယောက်ျားတစ်ယောက်ကိုဆက်တိုက်အိပ်မက်မက်နေခဲ့၏။


သူကတကယ်ပဲ ဘယ်သူလဲ။သို့သော်ယွင်ရုန်ကသူ့ကိုလုံးဝမမှတ်မိပေ။


သို့သော် ယွင်ရုန် ဆက်မတွေးနိုင်တော့ပေ။အကြောင်းမှာလုဟယ်နျန်ပြင်ထားပေးသည့် မနက်စာကအလွန်ခမ်းနားကာ အရသာရှိလွန်းသောကြောင့်ဖြစ်သည်။ထို့အပြင်သူမကဘာကိုမှဖုံးကွယ်စရာမလိုသဖြင့် လွတ်လွတ်လပ်လပ်စားနိုင်၏။သူမက အစားအသောက်ကောင်းများထဲတွင်သာ နစ်မြုပ်သွားပြီး အိပ်မက်အကြောင်းကိုအလွန်လျင်မြန်စွာမေ့ပျောက်သွားသည်။


သူမသာ တန့်ချိုးတောင်သို့ပြန်သွားပါက ဒုတိယအစ်ကိုလုပ်ပေးသည့်အရသာရှိသည်များကိုစားနိုင်တော့မည်မဟုတ်ပေ။ထိုအကြောင်းတွေးလိုက်မိသောအခါ ယွင်ရုန်ကစိတ်ဓာတ်ကျသွားသည်။


သူတို့နှစ်ယောက်မနက်စာစားပြီးသောအခါ ကုမ္ပဏီသို့ဦးတည်လိုက်ကြသည်။မသွားခင်တွင် လုဟယ်နျန်က လက်တလောတာဝန်မရှိနေသည့်အိမ်အကူဒေါ်လေးအား အထူးတလည်ဆက်သွယ်ပြီး ဧည့်သည့်ခန်းကိုသန့်ရှင်းရေးလုပ်ပေးထားရန်ပြောလိုက်သည်။သူ‌ပြောသည်ကိုကြားသောအခါ အိမ်အကူဒေါ်လေးကသူမချက်ချင်းလာနိုင်မှာမဟုတ်ကြောင်းအကြောင်းကြားလာ၏။လုဟယ်နျန်သာ သူမကို မဆက်သွယ်လာပါက သူမကိုယ်သူမအလုပ်ပြုတ်သွားပြီဟုထင်မိတော့မှာဖြစ်သည်။


ဝန်ထမ်းများက လုဟယ်နျန်နှင့်ယွင်ရုန်တို့ ရုံးအတူတူလာသည်ကိုမြင်ရသည်အား နေသားကျနေပြီဖြစ်သည်။ကျန်းချုံမင်က ဒီနေ့အတွက်အချိန်စာရင်းကိုတင်ပြရင်း မှတ်တမ်းယူနေ၏။ဝမ်ကျင်းက ဒီနေ့တွင်အသုံးပြုရမည့်ပစ္စည်းများကိုစီစဉ်သည့်အလယ်၌ရောက်နေသည်။ယွင်ရုန်က သူမကူညီနိုင်တာမရှိသဖြင့် သူမရုံးခန်းထဲသို့သာသွားလိုက်သည်။


သူမလုပ်နေကျဖြစ်သည့် ချမ်းသာမှုကိုဖိတ်ခေါ်ပြီးနောက် ယွင်ရုန်ကနည်းနည်းပျင်းလာကာ ပုံနှိပ်စာအုပ်ထုတ်ပြီးခနလောက်ကြည့်လိုက်သည်။သိပ်မကြာခင်မှာဘဲ သူမရုံးခန်းထဲသို့ဝင်လာသည့် ကျိုးယွီဖုန်း၏ပျော်ရွှင်နေသောမျက်နှာကိုမြင်လိုက်လေသည်။


ကျိုးယွီဖုန်းက ယွင်ရုန်ကိုမြင်သည်နှင့်တောက်ပစွာပြုံးပြလာသည်။သူမက သူမအိတ်ထဲမှစားစရာဘူးကိုထုတ်ပြီး ယွင်ရုန်ကိုပေးလာသည်။


“မစ်ယွင် မစ်ယွင်ပေးလိုက်တဲ့အသီးကြောင့်ကျွန်မသမီးကနားပြန်ကြားနိုင်သွားပြီ ခေါင်းကဒဏ်ရာတောင်မှ တော်တော်လေးသက်သာလာတယ် ဒါကကျွန်မကိုယ်တိုင်လုပ်ထားတဲ့ဖက်ထုပ်တွေပါ မစ်ယွင်မြည်းကြည့်လို့ရအောင် အထူးယူလာပေးတာ သေးနုတ်တယ်လို့တော့ မထင်လိုက်ပါနဲ့”


“မထင်ပါဘူး”


ယွင်ရုန်ကဘာကိုမှမလိုအပ်ဘဲ အရသာရှိသည်များစားရသည်ကိုသာသဘောကျလေသည်။ဖက်ထုပ်များလာပို့ခြင်းက သူမရင်ထဲထိသွားစေပြီး ပျော်ရွှင်စွာလက်ခံလိုက်သည်။သူမကရိုးသားစွာပြောပြလိုက်သည်။


“ကျိုးကျဲရဲ့သမီးက ကံကောင်းမှုတွေနဲ့ဘဝကိုကောင်းချီးပေးခံထားရတာပါ ဒီအချိုးအကွေ့ကိုကျော်ပြီးတာနဲ့ အနာဂတ်မှာငြိမ်းချမ်းလုံခြုံတဲ့ဘဝမျိုးမှာနေရလိမ့်မယ်”


ကျိုးယွီဖုန်းက ယွင်ရုန်တစ်ယောက်အလွန်ယုံကြည်ချက်ရှိရှိပြောလာသည်ကိုမြင်သောအခါ သက်ပြင်းချလိုက်မိသည်။

“မစ်ယွင်ပြောသလိုသာဖြစ်မယ်ဆို ကောင်းပါတယ် ကျွန်မကသမီးလေးအေးချမ်းလုံခြုံတဲ့ဘဝမှာနေရဖို့ဘဲမျှော်လင့်တာပါ”


သူတို့ကစကားနည်းနည်းလောက်ဆက်ပြောလိုက်ကြသည်။ထို့နောက်ဓာတ်လှေကားတံခါးပွင့်လာပြီး တစ်ယောက်ယောက်ထွက်လာဝောာ့မည်ကိုမြင်သောအခါ ကျိုးယွီဖုန်းကချက်ချင်းပင် စကားစဖြတ်ပြီး သန့်ရှင်းရေးအလုပ်ကိုဆက်လုပ်လိုက်သည်။


ကျိုးယွီဖုန်းထွက်သွားသဖြင့် ယွင်ရုန်လည်းရုံးခန်းထဲပြန်ရန်လုပ်လိုက်သောအချိန်တွင် မိစ္ဆာနံ့ဖျော့ဖျော့ကိုရသွားသည်။သူမမော့ကြည့်လိုက်သောအခါ အနားရှိဓာတ်လှေကားမှလူလေးယောက်ထွက်လာသည်ကိုမြင်သွားသည်။


လီမင်းဟိုင်ကအရှေ့မှဦးဆောင်လာပြီး သူ့နောက်မှ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး၊ နောက်ဆုံးတွင်အရပ်အရမ်းရှည်သည့်ယောက်ျားတစ်ယောက်ထွက်လာသည်။ထိုအမျိုးသားက အဖြူရောင်ရှပ်၊အဖြူရောင်ဂျင်းကို အဖြူရောင်ရှူးဖိနပ်နှင့်ဝတ်ဆင်ထားသည်။ခေါင်းပေါ်တွင်ဘေ့စ်ဘော့ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားလေသည်။သူ့ပါးစပ်နှင့်နှာခေါင်းကို မက်ခ်ဖြင့်အုပ်ထားပြီး ကြည့်ကောင်းလှသည့်ဖီးနစ်မျက်ဝန်းအစုံကိုသာမြင်နိုင်လေသည်။


သူ၏ပုံစံကိုသေချာမမြင်ရသော်လည်း ထိုမျက်လုံးများကတင် သူ၏ခန့်ညားသောအသွင်အပြင်ကိုဖော်ပြနေ၏။


မိစ္ဆာအရောင်အဝါက ထိုယောက်ျားဆီမှလာနေခြင်းပင်။


ယွင်ရုန်ကတစ်ချက်ကြည့်လိုက်ရုံဖြင့်တင် သဘောပေါက်သွားသည်။


လက်စသတ်တော့ သူကဒေါင်းဖြူမိစ္ဆာဖြစ်နေတာဘဲ။ဒေါင်းမိစ္ဆာရဲ့အရောင်အဝါကအရမ်းကွာခြားတယ်။အရမ်းရိုးစင်းအောင်ဝတ်ထားပေမယ့် အရမ်းကိုကြည့်ကောင်းနေတုန်း ဒီမိစ္ဆာမျိုးနွယ်ရဲ့စွမ်းရည်ကမနာလိုလောက်စရာဘဲ။


ဒီနေ့တွင်ဘရန်းambassadorကိစ္စဆွေးနွေးရန်အတွက် နာမည်ကြီးတစ်ယောက်ရောက်လာမည်ဟု ကျန်းချုံမင်ပြောခဲ့သည်ကိုသူမကြားထားသည်။အဲ့ဒီနာမည်ကြီးက သူ‌တော့မဟုတ်လောက်ပါဘူးနော်။


နာမည်ကြီးဆယ်လီများကပိုက်ဆံရှာနိုင်သည်ကိုသူမကြားဖူး၏။


ယွင်ရုန်က ထိုအကြောင်းကိုတွေးမိသွားသောအခါ မနေနိုင်ဘဲသူ့ကိုအကြိမ်အနည်းငယ်လောက်ထပ်ကြည့်လိုက်သည်။လူသားတွေကို တော်တော်လေးစိတ်ရှုပ်ထွေးအောင်လုပ်ထားနိုင်တယ်ဆိုတော့ အရည်အချင်းရှိတဲ့မိစ္ဆာလို့ပြောရမယ်။


ပိုင်မော့က လက်ထဲမှဖုန်းကိုစိတ်လွင့်လျက်ကစားနေ၏။သူကယွင်ရုန်ဘေးမှဖြတ်သွားသောအခါ မွှေးကြိုင်လွန်းသည့်ပန်းရနံ့များကိုရသွားသည်။သူက မျိုးနွယ်တူမိစ္ဆာတစ်ယောက်ယောက်နှင့်ဆုံမိပြီဟုထင်သွားသည်။သူမော့ကြည့်လိုက်သောအခါ ကျက်သရေရှိကာနူးညံ့လှပသည့်မိန်းကလေးတစ်ယောက်က ရုံးခန်းတစ်ခုရှေ့တွင်ရပ်ပြီး သူ့ကိုအကဲခတ်နေသည်ကိုမြင်လိုက်ရသည်။ချက်ချင်းဆိုသလိုပင် ပိုင်မော့၏မျက်လုံးများကတောက်ပသွားလေသည်။


သူက မျက်စိမှေးလျက် သူမကိုအကဲခတ်ကြည့်လိုက်ရာ ဘာမိစ္ဆာအရောင်အဝါမှမခံစားရသဖြင့် ပြုံးလိုက်သည်။လူသားတစ်‌ယောက်မှာလည်း ဒီလိုအရသာမျိုးရှိနေမယ်လို့ မထင်ထားမိဘူး။


သူကယွင်ရုန်ဘေးမှဖြတ်သွားသောအချိန်၌ ရုတ်တရက်ပင်သူ့လက်ချောင်းကိုဆန့်ထုတ်ပြီး ယွင်ရုန်၏နှာခေါင်းထိပ်ကိုထိလိုက်သည်။သူကမိစ္ဆာအရှိန်အဝါနှင့်ဆွဲဆောင်မှုအပြည့်ရှိသောအပြုံးကိုပြုံးပြလိုက်သည်။


“ကျွန်တော့်အတွက် ရေခဲရေတစ်ခွက်လောက်ယူလာပေးဖို့ မင်းကိုပဲဒုက္ခပေးရတော့မယ် အဆင်ပြေတယ်မလား”


ရှေ့မှသွားနေသောလီမင်းဟိုင်က စကားသံကိုကြားသောအခါလှည့်ကြည့်လာသည်။


ပိုင်မော့ကယွင်ရုန်အား သူ့အတွက်ရေယူလာပေးရန်ခိုင်းနေသည်ကိုကြားလိုက်ရသောအခါ ကမန်းကတန်းဝင်ပြောလိုက်၏။


“မစ္စတာပိုင် ကျွန်တော်နဲ့လိုက်‌လာပေးပါ ကျွန်တော်တို့ဧည့်ခန်းထဲမှာရေခဲရေရှိပါတယ် ကျွန်တော်ယူပေး。。。”


“ငါမင်းကိုပြောနေလို့လား”


ပိုင်မော့ကလှည့်ကြည့်ပြီး အမူအရာမဲ့စွာဖြတ်ပြောလိုက်သည်။ထို့နောက်သူကယွင်ရုန်ကိုပြန်ကြည့်ကာပြုံးပြလိုက်သည်။


“မင်းကို ငါ့အတွက်ရေတစ်ခွက်လောက်ပဲ ယူပေးစေချင်တာပါ လုပ်ပေးနိုင်မလား”


ပိုင်မော့၏မျက်လုံးများက နီညိုရောင်အသွေးရှိကာ အလွန်ကြည့်ကောင်းလှသည်။ယွင်ရုန်က သူ့မျက်လုံးများကိုကြည့်နေရင်း ရင်းနှီးသည့်ခံစားချက်တစ်ခုကိုရလာသည်။သူမကအံ့ဩသွားကာ လွှတ်ခနဲပြန်ဖြေလိုက်သည်။


“ရပါတယ် ဘာမှမဖြစ်ပါဘူး”


“ကျေးဇူးပါ”


ဤလူသားမိန်းကလေးကသူ၏ပုံရိပ်ယောင်ထဲ နစ်ဝင်လာသည်ကိုမြင်သောအခါ ပိုင်မော့ကသူ့ကိုယ်သူဂုဏ်ယူသွားပြီး သူမကိုကျေးဇူးတင်စကားပြောကာ လီမင်းဟိုင်နောက်သို့ဆက်လိုက်သွားသည်။


လီမင်းဟိုင်ကဧည့်ခန်းထဲမှပြန်ထွက်လာပြီးနောက် ယွင်ရုန်ကအပြင်တွင်ရပ်နေဆဲဖြစ်သည်ကိုမြင်သောအခါ သူမကိုပြောလိုက်သည်။


“မစ်ယွင် ရေကိုကျွန်တော်ဘဲယူသွားပေးလိုက်ပါ့မယ် သူဒီတစ်ခေါက်လာတာက ထုတ်ကုန်အသစ်အတွက် ဘရန်းambassadorအဖြစ်ဖိတ်ကြားခံရလို့လေ ပိုင်မော့ကနာမည်ကြီးတစ်ယောက်ဖြစ်နေပြီဆိုတော့ သူရဲ့အပြုအမူတွေက နည်းနည်းတော့。。。မစ်ယွင်စိတ်ထဲအရမ်းကြီးအလေးနက်မထားလိုက်ပါနဲ့”


ရုံးမှာ မစ်ယွင်နဲ့ဒါရိုက်တာကြားကဆက်ဆံရေးကိုဘယ်သူမသိလို့လဲ။ဒါရိုက်တာသာ မစ်ယွင်ကရေယူပေးဖို့အခိုင်းခံရသည်ကိုသိသွားပါက ပိုင်မော့ကိုအလွန်ပေါ့ပြက်ပြက်နိုင်သည်ဟုဆိုပြီး ပထမဆုံးဓားကောက်ကိုင်လာလိမ့်မည်။နာမည်ကြီးဖြစ်ပြီးတော့ ပါပါရာဇီရဲ့ဓာတ်ပုံရိုက်ခံရမှာတောင်မကြောက်ဘဲ ရုံးမှာမိန်းကလေးတွေကိုလိုက်ကြောင်ချင်နေသေးတယ်။


ယွင်ရုန်က ပိုင်မော့၏အကြည့်များကိုတွေးနေဆဲဖြစ်ပြီး သူမတစ်နေရာရာတွင်မြင်ဖူးသလိုခံစားမိနေ၏။လီမင်းဟိုင်စကားသံကိုကြားသောအခါ ယွင်ရုန်ကသတိပြန်ဝင်လာပြီး ပြောလိုက်သည်။


“ရပါတယ် ကျွန်မပဲ ယူသွားပေးလိုက်မယ်လူတိုင်းက ကွယ်ရာမှာဆို နာမည်ကြီးတွေကမောက်မာတတ်တယ်လို့ ပြောနေကြတာ အခုကသူ့ကိုကျွန်မတို့ထုတ်ကုန်အသစ်ကိုကြေညာပေးဖို့ဖိတ်ခေါ်ထားတာ‌ဆိုတော့ သူ့ကိုထိပါးလိုက်လို့မဖြစ်ဘူး အခြားလုပ်စရာရှိတာတွေကိုဘဲသွားလုပ်လိုက်ပါ ဟုတ်ပြီလား”


လုဟယ်နျန်က မနက်ခင်းတွင်အစည်းအဝေးတစ်ခုတက်နေရသည်။ကျန်းချုံမင်နှင့်ဝမ်ကျင်းတို့ကလည်း အစည်းအဝေးထဲရောက်နေ၏။အတွင်းရေးမှူးဟူ၍ လီမင်းဟိုင်တစ်ယောက်တည်းသာရှိနေရာ အမှန်ပင်လက်မလည်အောင်လုပ်နေရပေသည်။ယွင်ရုန်က သူမသည်လည်း အတွင်းရေးမှူးရာထူးယူထားသဖြင့် ဒီတစ်ကြိမ်ကူလုပ်ပေးရသည်ကိုစိတ်မရှိပေ။


လီမင်းဟိုင်က ယွင်ရုန်စကားကိုကြားသောအခါ သူမကိုပိုင်မော့၏ဖန်ဟုထင်သွားကာ သဘောပေါက်သွားသည်။အနုပညာအသိုင်းအဝိုင်းထဲတွင်တောင်မှ ပိုင်မော့ကသူ၏စိတ်မြန်ကာမောက်မာတတ်သောပုံစံအတွက်လူသိများပြီး အဓိကအချက်မှာခန္ဓာကိုယ်ပုံစံကောင်းကောင်းနှင့်ချောမောနေဖို့သာဖြစ်သည်။ထို့ကြောင့်သူ့ဆီတွင်မိန်းကလေးပရိသတ်အများအပြားရှိ၏။ယွင်ရုန်က ပိုင်မော့၏ပရိသတ်ဆိုသည်မှာလဲ မဖြစ်နိုင်တာတော့မဟုတ်ပေ။


ထိုသို့တွေးမိပြီးနောက် သူကပြုံးကာပြန်ဖြေလိုက်သည်။

“ဒါဆိုကျွန်တော် ဖုန်းဆက်စရာလေးရှိလို့ရုံးခန်းထဲအရင်ပြန်နှင့်လိုက်မယ်နော် မစ်ယွင် ပိုင်မော့ရဲ့ရုံးကလည်းပိုစတာတစ်ချို့ပို့ထားသေးတယ် ပြီးရင်မစ်ယွင်ရဲ့ရုံးခန်းထဲပို့ပေးလိုက်ပါ့မယ်”


ရေယူသွားပေးရုံပဲဟာကို ဘာလို့ပိုစတာတွေလာပေးနေတာလဲ။ယွင်ရုန်ကနားမလည်နိုင်တော့ပေ။သူမမေးကြည့်တော့မည့်အချိန်မှာဘဲ လီမင်းဟိုင်ကသူ့ရုံးခန်းဆီသို့လျင်မြန်စွာပြန်သွားပြီဖြစ်သည်။


‌နောက်လုပ်ရမယ့်ကိစ္စက ပိုစတာတွေသုံးဖို့လိုနေလို့များလား။


ယွင်ရုန်က သိပ်တွေးမနေတော့ဘဲ ရေတစ်ခွက်ထည့်ကာ ဧည့်ခန်းဆီသို့ယူသွားလိုက်သည်။


ဧည့်ခန်းထဲတွင် ပိုင်မော့က ခြေထောက်တစ်ဖက်ထောင်ကာ ဆို‌ဖာပေါ်တွင်ထိုင်ပြီး ခပ်တည်တည်ဖြင့်ဖုန်းဆော့နေသည်။ဘေးမှလက်ထောက်ကတစ်ခုခုပြောချင်သော်လည်း တွေဝေနေပြီး နောက်ဆုံးတွင်မှသူကမနေနိုင်တော့ဘဲစည်းရုံးလာသည်။


“ဘော့စ် ကျွန်တော်တို့ကဒီကိုလုကော်ပိုရေးရှင်းနဲ့ ပူးပေါင်းမယ့်ကိစ္စဆွေးနွေးဖို့ရောက်လာတာနော် ဘော့စ်နည်းနည်းလောက်ထိန်းချုပ်ဖို့လိုတယ် ကျွန်တော်တို့တွေလုကော်ပိုရေးရှင်းကဝန်ထမ်းကိုထိလို့မဖြစ်ဘူး”


“လုကော်ပိုရေးရှင်းကဘာဖြစ်နေလို့လဲ”


ပိုင်မော့ကခေါင်းတောင်မော့မလာဘဲ သူ၏အေးစက်စက်အသံသာထွက်လာသည်။


‌လက်ထောက်ကရင်ထဲထိတ်သွားကာ သူကဘယ်လိုများဒီလိုပြသနာရှာတတ်သည့်အနုပညာရှင်အတွက် အလုပ်လုပ်ပေးနေရတာလဲဟုတွေးလိုက်မိသည်။ကောင်းမွန်တဲ့အနုပညာရှင်ဖြစ်ရတာ မကောင်းလို့လား။


သူက လူသားရောနတ်ဘုရားတွေပါမနာလိုရလောက်တဲ့မျက်နှာကြီးရှိနေတာကို၊ သူလိုချင်ရင်မိန်းမလှတွေအများကြီးကိုရနိုင်ပေမယ့် အကြောင်းရင်းတစ်ချို့တွေကြောင့် သူကမလိုချင်ပြန်ဘူး။သူတို့ကိုယ်သူတို့အိပ်ရာဖော်အဖြစ်ကမ်းလှမ်းလာတဲ့သူမှန်သမျှကို တစ်ချက်တောင်မကြည့်ဘူး။ဒါပေမယ့်သူ့ကို ရမ္မက်ကာမ မရှိတဲ့သူလို့လည်းပြောလို့ရမနေဘူး။သူက မိန်းမငယ်လေး‌‌တွေကို ကျီစယ်ရတာသဘောကျတယ်။ဒီနှစ်တွေမှာ မိန်းကလေးငယ်လေးတွေ ဘယ်လောက်များများနဲ့တောင်အိပ်ပြီးသွားပြီလဲ မသိနိုင်ဘူး။အချိန်နဲ့အမျှ ကုမ္ပဏီဘက်ကဝင်ပြီးကိုင်တွယ်ပေးနေရတယ်။သူသာသူတို့အတွက်ပိုက်ဆံရှာပေးနေနိုင်လို့ မဟုတ်ရင်ကုမ္ပဏီဘက်က သူ့ကိုအစောကြီးကတည်းက မလိုချင်လောက်တော့ဘူး။


လက်ထောက်က သူ့ဒေါသကိုမျိုသိပ်ကာထပ်ပြောလိုက်သည်။


“သခင်ကြီးရယ် နိုင်ငံအတွင်းကစီးပွားရေးနယ်ပယ်မှာ လုကော်ပိုရေးရှင်းရဲ့အနေအထားက အရှင်းဆုံးပြောရရင် တုန်လှုပ်စရာတည်ရှိမှုတစ်ခုဘဲ ကျွန်တော်တို့ကုမ္ပဏီက ခက်ခက်ခဲခဲနဲ့ဒီအခွင့်အရေးကိုရလာခဲ့တာ ဒီတစ်ခေါက်တော့ ဘော့စ်မဖျက်စီးပစ်တာကောင်းမယ်နော် ဒီကြော်ငြာရိုက်ဖို့ကို လူအတော်များများကလိုချင်နေကြတာ ဘော့စ်မလုပ်နိုင်ရင် အခြားတစ်ယောက်ကအမြန်ဆုံးထိပ်ရောက်သွားမှာဘဲ အဲ့ဒီလူသစ်တွေအားလုံးက ဘော့စ်ရယ်စရာဖြစ်မှာကိုစောင့်ကြည့်နေကြတာနော်”


“သိပြီ သိပြီ လေမရှည်နေနဲ့တော့ ငါအခြေအနေကိုသဘောပေါက်ပါတယ်”


ပိုင်မော့ကစိတ်မရှည်တော့ပေ။သူကလုကော်ပိုရေးရှင်းရဲ့ပူးပေါင်းမှုက ဘယ်လိုအရေးကြီးလဲဆိုတာကို မသိဘဲနေမလား။


ဒီအတိုင်း အဲ့ဒီမိန်းကလေးက သူ့အကြိုက်နဲ့အရမ်းကိုက်နေလို့၊ ပြီးတော့ သူမ‌ဆီမှာဝိညာဉ်စွမ်းအင်တွေနဲ့ပြည့်နေတယ်။


အရေးကြီးဆုံးက သူမကလူသားတစ်ယောက်ဖြစ်နေတာဘဲ။


၎င်းက လုံးဝကိုသူ့အတွက် သီးသန့်ပြင်ပေးထားသလိုပင်။

  

သူအရင်တစ်ခါမိန်းမတစ်ယောက်နှင့် ဟိုတယ်သွားခဲ့စဉ်က ပါပါရာဇီဓာတ်ပုံရိုက်သည်ကိုခံခဲ့ရ၏။


ထိုကိစ္စကိုငြိမ်သွားစေရန်အတွက် သူမိန်းကလေးမရှာရသည်မှာ တော်တော်ကြာသွားပြီဖြစ်သည်။လူသားတွေရဲ့ကိုယ်ပေါ်က မစို့မပို့ဝိညာဉ်စွမ်းအင်တွေသာမရှိရင် သူ့ရဲ့ခန့်ညားတဲ့ပုံစံကိုဘယ်လိုများထိန်းသိမ်းနိုင်မှာလဲ။သူကကျင့်ကြံဆင့်တက်ဖို့ဘယ်လိုလုပ်ရတော့မှာလဲ။


ဒီတစ်ခေါက်မိန်းကလေးရဲ့ ကိုယ်ပေါ်ကဝိညာဉ်စွမ်းအင်တွေက ဆယ်ဆလောက်ပိုများတယ်။သူသာသူမနဲ့တစ်ညလောက်အိပ်နိုင်ခဲ့ရင် ဝိညာဉ်စွမ်းအင်ဘယ်လောက်တောင်စုပ်နိုင်မှာလဲ။

 

ပိုင်မော့ကတွေးလေလေ စိတ်လှုပ်ရှားလာလေပင်။ဒီလိုအခွင့်ကောင်းမျိုးကို သူကဘယ်လိုများအလွှတ်ပေးနိုင်မှာလဲ။


သူကဝိညာဉ်စွမ်းအင်ကိုစုပ်ရုံလေးဘဲလုပ်မှာ၊ သူမအသက်ကိုမလိုချင်ပါဘူး။ဘာများဖြစ်နိုင်မှာလဲ။အဆိုးတကာ့အဆိုးဆုံးဆိုလည်း ပိုက်ဆံများများပိုပေးလိုက်ရုံပေါ့။လူသားတွေအတွက် ပိုက်ဆံနဲ့ဖြေရှင်းလို့မရတဲ့ကိစ္စဆိုတာမရှိဘူး။


ပိုင်မော့ကအတွေးထဲနစ်နေချိန်တွင် ယွင်ရုန်ကရေအေးတစ်ခွက်ကိုယူကာရောက်လာသည်။သူမက ရေခွက်ကိုစားပွဲပေါ်သို့တင်ပေးပြီး ပြုံးပြကာပြောလာသည်။


“မစ္စတာပိုင် ဒီမှာရှင်တောင်းတဲ့ရေအေးပါ”


ပို‌င်မော့က ရေခွက်ချပြီးပြန်ဆုတ်သွားသည့် ယွင်ရုန်၏လက်သွယ်သွယ်လေးကိုကြည့်လိုက်မိသည်။

ထို့နောက်သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာ၏။


“မင်းက ကိုယ့်ကိုသိတာလား”


“ဒါပေါ့ မစ္စတာပိုင်ကနာမည်ကြီးသရုပ်ဆောင်ဘဲလေ”


ယွင်ရုန်က ပိုင်မော့ကိုတီဗီစီးရီးတစ်ခုထဲတွင်မြင်ဖူး၏။သူကခန့်ညားကာအာဏာကြီးပြီး လိုတာရရန်အတွက်ဘာနည်းလမ်းကိုမဆိုအသုံးပြုသည့် ဒါရိုက်တာနေရာမှသရုပ်ဆောင်ထားသည်။ယွင်ရုန်ကနှစ်ပိုင်းလောက်ကြည့်ပြီးနောက် ဆက်မကြည့်နိုင်တော့ပေ။ဒါရိုက်တာကအဲ့လိုမှမဟုတ်တာ။လုဟယ်နျန်က တစ်ခါမှအဲ့လိုမလုပ်ဖူးဘူး။ကြည့်လိုက်ရုံနဲ့တင် သူ့သရုပ်ဆောင်စကေးမကောင်းဘူးဆိုတာကို သိသွားပြီ။


သို့သော်ထိုစဂာားများကို ထုတ်မပြောလိုက်ပေ။

သူတို့ကပူးပေါင်းလုပ်ဆောင်ရန်လာခြင်းဖြစ်ရာ ထိုစကားများကိုထုတ်ပြော၍မဖြစ်ပေ။


ပိုင်မော့က ယွင်ရုန်၏အဖြေကိုကြားသောအခါ သူမကသူ့ပရိသတ်ဟု ထင်သွားသည်။သူကဂုဏ်ယူသွားသည်။ပိုင်မော့က maskကိုချွတ်ကာ ရှေ့သို့ကိုင်းသွားလိုက်သည်။


“ဒါဆို ကိုယ်ကတီဗီပေါ်မှာပိုကြည့်ကောင်းလား အခုအပြင်မှာပိုကြည့်ကောင်းလား”


ယွင်ရုန်‌ပြန်မဖြေရသေးခင်မှာဘဲ ပိုင်မော့ဘေးမှလက်ထောက်က ပြင်းထန်စွာချောင်းဆိုးပြလာသည်။သူ့ပုံစံက အဆုတ်ကြီးတစ်ခုလုံးထွက်လာ‌သည်အထိ ချောင်းဆိုးထုတ်ချင်သလိုဖြစ်နေ၏။


“အဆင်ပြေရဲ့လား ကျွန်မရှင့်အတွက်ရေယူပေးရမလား”

ယွင်ရုန်က ကမန်းကတန်းမေးလိုက်သည်။


“သူဘာမှမဖြစ်ပါဘူး ဒီအတိုင်းရောဂါဟောင်းပါ တစ်နေ့တစ်ခါချောင်းမဆိုးရရင် သူကနေလို့မကောင်းတော့ဘူး”


ပိုင်မော့အပြုံးက ယိုယွင်းလာကာ သူ့လေသံမှတစ်ဆင့်ဒေါသအရိပ်အယောင်ကိုခံစားနိုင်၏။

“နောက်မှ သူအိမ်မှာကောင်းကောင်းနားလို့ရအောင် ကိုယ်သူ့ကိုအားလပ်ရက်ပေးလိုက်မယ်”


ပိုင်မော့နောက်မှလက်ထောက်က ထိုစကား၏အဓိပ္ပါယ်ကိုနားလည်သွားသည်။သူကထပ်ပြီးချောင်းမဟန့်ရဲတော့ပေ။


“နေမကောင်းရင် ကောင်းကောင်းနားဖို့လိုတာပေါ့”


ယွင်ရုန်က တစ်ခုခုထူးဆန်းသည်ဟုခံစားမိသော်လည်း ပြန်ပြောလိုက်ဆဲပင်။ထို့နောက်သူမကပိုင်မော့မေးထားသည်ကို သတိရသွားပြီး‌ ခနလောက်တွေးကြည့်ကာ ပြန်ဖြေလိုက်သည်။

“ဘယ်လိုဘဲဖြစ်နေပါစေ မစ္စတာပိုင်ကအမြဲတမ်းကြည့်ကောင်းနေတာ”


ဟုတ်တယ်မလား။ဒေါင်းဖြူက တကယ်ဘဲကြည့်ကောင်းတယ်လေ။


အရင်ကဆိုတန့်ချိုးတောင်မှာလည်း ငှက်တွေအများကြီးရှိခဲ့သည်။သူမကတ

စ်ခါတလေဆို ထိုငှက်များနှင့်ဆူဆူညံညံကစားလေ့ရှိ၏။ဇာမဏီနှင့်လွမ်ငှက်တောင်မှ တစ်ခါတလေတန့်ချိုးတောင်ဆီအလည်လာလေ့ရှိသည်။


သက်ရှိများထဲတွင် ယွင်ရုန်က ငှက်များကိုသဘောအကျဆုံးဖြစ်သည်။



⛰️