Chapter 40.3
Viewers 7k

Chapter - 40.3


ကျောင်းမြန်သည် ထိုစကားကို ကြားလိုက်ချိန်တွင် ချက်ချင်း ပြုံးလိုက်သည်။

ခရစ်က ထိုအပြုံးကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

"ကျောင်းမြန်....မင်းရော ဘယ်လိုလဲ.."

"....ဘာကြီး"

ခရစ် : "ဒီမှာ နေရတာ ဘယ်လိုလဲ..."

"ကောင်းပါတယ်" 

ကျောင်းမြန် လျင်မြန်စွာဖြေခဲ့သည် ။

ကျောင်းမြန်သည် စားစရာနှင့် အိပ်ရေးဝဝအိပ်လို့ရသည့် ဘယ်နေရာတွင်မဆို နေလို့ရပြီး စီဆဲလ်သည်လည်း စက်ရုံတွင်နေသောကြောင့် စက်ရုံ၏ ဒုတိယတစ်ဝက်မှာ သက်တောင့်သက်သာဖြစ်အောင် ထပ်ပြီး ပြုပြင်ထားပြီး ဖြစ်သည်။

ကျောင်းမြန်က ဒါသည် ကောင်းမွန်နေသည်ဟု ခံစားရသည်။

"တကယ်လား" 

ခရစ်သည် အနည်းငယ် တုန်လှုပ်သွားသည် ။

ကျောင်းမြန် : "ဒါပေါ့....နယ်စပ်မှာလို မကြမ်းတမ်းဘူး....မင်းစားချင်တဲ့အချိန်မှာ ချက်ပြီးသား အဆင်သင့်စားလိုက်ရုံပဲ"

"ငါ အဲဒါကို ပြောချင်တာ မဟုတ်ဘူး..."

ခရစ်သည် သက်ပြင်းချလိုက်ပြီး ဘာပြောရမှန်းမသိတော့ပေ။

ခဏအကြာတွင် ခရစ်သည် အတိတ်ကို ပြန်တွေးမိသွားကာ မကျေမနပ်ဖြင့် သူ့နှာခေါင်းကို ထိလိုက်ပြီး မေးလိုက်သည်။

"ငါ ပြောဦးမယ်...သူက မင်းအပေါ် တကယ်ကောင်းရဲ့လား...ကောလဟာလတွေထဲကလို မင်းတို့ ဆက်ဆံရေးကကောင်းရဲ့လား..."

ဒီလို အိမ်ထောင်ရေးမျိုးသည် ကျောင်းမြန်အတွက် အဆင်မပြေဘူးဟု အမြဲခံစားနေရပြီး ကျောင်းမြန် ဘက်က လူတစ်ယောက်အနေဖြင့် သူ အနိုင်ကျင့်ခံနေရသည်ဟု အမြဲတမ်း ခံစားနေရသည်။

တကယ်တော့ ကျောင်းမြန်ကို မည်သူမှ အနိုင်မကျင့်နိုင်သော်လည်း ရေခဲမြစ်အတွက်တော့ သူစိုးရိမ်နေဆဲဖြစ်သည်။

"မစ္စ ကျောင်းရင်းကလည်း အရင်က မင်းရဲ့အခြေအနေကိုမေးဖို့ ငါ့ကို တိတ်တိတ်လေး လာရှာသေးတယ်...သူမက မင်းကို ဂရုစိုက်ပါတယ်...မင်းနဲ့ မျက်နှာချင်းမဆိုင်ရဲတာပါ..."

ကျောင်းမြန်လည်း အံ့ဩသွားသည်။

ကျောင်းမြန်သည် ခဏကြာအောင် နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည်။

"ဘာလို့ ရုတ်တရက် ဒီအကြောင်းကို မေးတာလဲ"

"ငါပြောချင်တာက......"

ခရစ်သည် ကျောင်းမြန်၏ မျက်လုံးများကို ကြည့်ကာ လေးနက်စွာပြောသည်။

"တကယ်လို့ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်ဆိုရင် ရေခဲမြစ်ကြောင့် ဆိုပြီး မင်း အပြစ်တင်ခံနေစရာမလိုဘူး...မင်း ငါ့ကို တိုက်ရိုက်ပြောလို့ရတယ်...အဖွဲ့ချုပ်နဲ့ ညှိနှုင်းလို့ရတယ်...အများဆုံးမှ စာချုပ်ထဲက နည်းနည်း ဆုံးရှုံးရုံပေါ့..."

ကျောင်းမြန်သည် ထိုအချိန်တွင် လုံးဝအံ့အားသင့်သွားသည်။

ခရစ်က အေးစက်စွာပြောလိုက်သည်-

"မင်းအဆင်မပြေဘူးဆိုရင် ကွာရှင်းလိုက်"

ကျောင်းမြန်သည် သူ့ကို စိုက်ကြည့်လိုက်သည်။

ခရစ်၏ ကာကွယ်ပေးမှုသည် သူ့နှလုံးသားကို နွေးထွေးသွားစေသည်။

"ငါ......."

"မင်းဘာသာမင်းပဲ ကွာရှင်းလိုက်!"

ကျောင်းမြန်နှင့် ခရစ်တို့သည် တပြိုင်နက်တည်း အံ့အားသင့်ခဲ့ကြပြီး ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဒယ်အိုးဖင်တစ်လုံးကဲ့သို့ မဲမှောင်နေသောမျက်နှာထားဖြင့် ရပ်နေသည့် စီဆဲလ်ကို တွေ့လိုက်ရပြီး သူသည် နတ်ဆိုးရောင်ဝါများကိုလည်း ထုတ်လွှတ်နေသေးသည်။

"မင်း ဦးနှောက်မှာ ပြဿနာရှိနေတာလား.... ဟုတ်လား.... ရေခဲမြစ်ကနေရောက်လာတယ်ဆိုတဲ့ မင်းက ဘယ်သူလဲ...မင်းက ဒီကိုရောက်တာနဲ့ ငါ့ကိုချောင်ထဲပို့ဖို့လုပ်ပြီး အာ့မြန်ကို ငါနဲ့ ကွာရှင်းဖို့ မင်းလုပ်လို့ရတာ အကုန်လုပ်ပြီး..တွန်းအားပေးနေတာပဲ....အိုင်း....!" 

စီဆဲလ်သည် အစပိုင်းတွင် အကွာအဝေးတစ်ခုခြားပြီးရပ်နေသောကြောင့် ခရစ်၏ နောက်ကျောကိုသာမြင်ရပြီး အစကမည်သူမည်ဝါဖြစ်သည်ကို မသိခဲ့သော်လည်း ယခု မျက်နှာကို မြင်သောအခါ အံ့သြသွားကာ ပို၍ပင် တက်ကြွလာသည်။

'ဟုတ်တယ်....ဒါက သူ့ကို ရန်စပြီး သူ့မိသားစု ပြိုကွဲအောင်လုပ်ဖို့ ရန်စဖို့ရောက်လာတဲ့ ဘေးအိမ်က မာရှယ်ပဲ...'

သူ့ခြံထဲတွင် သူ့ခေါင်းလျှော်ရည်ကို မပြောင်းရသေးခင်မှာဘဲ သူ့ဆံပင်များ စိမ်းနေခဲ့မှန်း စီဆဲလ် ခံစားလိုက်ရသည်။

စီဆဲလ်သည် ရှေ့သို့ လျှောက်လာပြီး သူ၏ လုပ်ပိုင်ခွင့်အတွက် ကျောင်းမြန်နှင့် ခရစ်တို့ကြားတွင် ဝင်ရပ်ကာ ခရစ်အား မျက်ခုံးပင့်ကြည့်ပြီး ပြောလိုက်သည်။

"မာရှယ် အဖွဲ့ချုပ်ကို လာမယ့်ကိစ္စကို သူက ဘာလို့ ငါ့ကိုမပြောထားတာလဲ..."

'မသိတဲ့ သူစိမ်းတစ်ယောက်ကို အထိန်းအကွပ်မဲ့ ရိုက်နှက်မိမှာဆိုးလို့ သူ့ကိုမပြောပြထားတာလား...'

ခရစ်က အံ့အားသင့်သွားပြီး အမြန်ပြောလိုက်သည်။ 

"ဒီတခေါက်က ငါ့သူငယ်ချင်းဟောင်းဆီ အလည်လာရုံပါပဲ... ဗိုလ်ချုပ်ကြီးကို ဒုက္ခ ရောက်စေခဲ့ရင် တောင်းပန်ပါတယ်"

စီဆဲလ်သည် သူ၏ လက်ကို ဆန့်ကာ ကျောင်းမြန်၏ပုခုံးကိုဖက်လိုက်ပြီး ပြုံးပြကာ ပြော၏။

"ကိစ္စမရှိပါဘူး...ကိစ္စမရှိပါဘူး....အာ့မြန်ရဲ့ သူငယ်ချင်းက ငါ့သူငယ်ချင်းပါပဲ...."

ကျောင်းမြန်လည်း မရယ်နိုင်တော့ပေ။

ပင်လယ်ကြမ်းပြင်အောက်တွင် အပ်တစ်ချောင်းရှာတာထက် လူတစ်ယောက်၏ နှလုံးသားကို နားလည်ဖို့က ပိုခက်ခဲသည်။ မနေ့တနေ့ကပဲ သူသည် သီးခြားနေချင်ကြောင်း မျက်နှာတည်တည်ဖြင့်ပြောသွားပြီး ဒီနေ့မှ ဘာလို့ လှည့်စားချင်နေရတာလဲ....။

ကျောင်းမြန်သည် မည်သည့် ဘက်မှ အမှားမပါစေချင်သောကြောင့်...စီဆဲလ်ကို လက်တစ်ဖက်ဖြင့်ဆွဲထားပြီး ကျန်တစ်ဖက်ဖြင့် ခရစ်၏ ပုခုံးကို ပုတ်လိုက်သည်။

"ဒီနေ့ ရှောင်လဲ့အတွက် စပယ်ရှယ် ကြက်ကြော်လုပ်ထားတာ မင်းတို့ပါရှိနေတော့ ကလေးနဲ့ အတူတူစားကြရင်မကောင်းဘူးလား" 

ကျောင်းမြန်သည် ခရစ်နှင့် နေ့လည်စာစားဖို့ ချိန်းထားပြီးသား ဖြစ်ပြီး အခုချိန်တွင် စီဆဲလ်ပါရှိနေသောကြောင့် သူ့ကိုပါမဖိတ်လျှင် သူတို့နှစ်ယောက် ထပ်ပြီးရန်ဖြစ်လိမ့်မည်ဟု ခံစားရသည်။

ခရစ်က ညင်သာစွာဖြင့်ပြောလိုက်သည်။

"ငါ မင်းနဲ့ ထမင်းစားဖို့ လိုက်ခဲ့မယ်လေ.."

"လိုက်ခဲ့လေ... ငါ့ကလေးက သူကြိုက်သလို စားလို့ရတယ်" 

စီဆဲလ်သည် ကျောင်းမြန်အားခေါ်ကာ မောက်မာစွာဖြင့် ထမင်းစားခန်းသို့ ဝင်သွားလေသည်။

ကျောင်းမြန်သည် ရေခဲမြစ်၏ မာရှယ်တစ်ဦးနှင့် ယခု သုံးနှစ်သားအရွယ်ဖြစ်နေသည့် အဖွဲ့ချုပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ထိုနှစ်ယောက်ကို ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။

လူအနည်းငယ်သည် ထမင်းစားခန်းသို့သွားကာ ကျောင်းမြန်သည် ဆီပေခံနိုင်သော လက်အိတ်များကို ဝတ်ဆင်ကာ မွှေးကြိုင်သော ကြက်ကြော်ပန်းကန်ပြားကြီးကို ထုတ်လာပေးသည်။

ရှောင်လဲ့သည် ပြင်ပလူများကို သာမက စီဆဲလ်ကိုလည်း လက်မခံနိုင်သည့်အပြင် ခရစ်ကလည်း ထိုနေရာတွင်ရှိနေသဖြင့် ရှောင်လဲ့သည် ကျောင်းမြန်၏ပေါင်ကိုဆွဲကာ လျှောက်လိုက်နေတော့သည်။

ထမင်းစားပွဲ၌ ဝင်ထိုင်ကာ စားကြသည့်အချိန်တွင် ရှောင်လဲ့က ကျောင်းမြန်၏ ပေါင်ပေါ်တွင်ထိုင်နေပြီး ကျောင်းမြန်သည်လည်း ကလေးကို လက်တစ်ဖက်ဖြင့်ထိန်းကာ ကျန်တစ်ဖက်ဖြင့် ကလေးအတွက် ကြက်သားကိုနွှင်ပေးနေလေသည်။

ရှောင်လဲ၏ ငြိမ်ငြိမ်လေးစားနေသည့်ပုံကို ကြည့်ကာ ကျောင်းမြန်က အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

"အရသာရှိလား.."

"အရသာရှိတယ်..." 

ရှောင်လဲ့သည် ချက်ချင်း ခေါင်းမော့လိုက်ပြီး ကျောင်းမြန်ကို ချိုသာစွာ ပြုံးပြလိုက်သည်။

သူက ကြက်ကြော်ကြိုက်တယ်.....။

စီဆဲလ်သည် ဘေးနားရှိ ရှောင်လဲ့ကိုကြည့်ကာ ချက်ချင်းပင် အံ့အားသင့်သွားသည်။

ထိုကဲ့သို့ နူးညံ့သော မျက်လုံးများဖြင့် ကျောင်းမြန်ကို ထပ်မံကြည့်လိုက်ချိန်တွင် သူ၏ နှလုံးသားသည် အနည်းငယ်လှုပ်ရှားသွားလေသည်။

ခရစ်လည်း ကျောင်းမြန်နှင့် စီဆဲလ်တို့ကြားရှိ လိုက်လျောညီထွေမဖြစ်သည့် ကွာဟချက် တစ်ချို့ရှိနေသည်ကို သတိပြုမိသောကြောင့် သူ့စိတ်ထဲတွင် အတွေးမများဘဲ မနေနိုင်တော့ပေ။

"ကျောင်းမြန်..." 

ခရစ်သည် ကြက်ခြေထောက်သေးသေးလေး တစ်ဖက်ကို ယူပြီး ကျောင်းမြန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"နောက်ရက်နည်းနည်းကြာရင် ရေခဲတောင် ကောက်ရိပ်သိမ်း ပွဲတော် စတော့မှာ...မနှစ်တုန်းက ပွဲတော်ရဲ့ လုံခြုံရေးကို မင်းတာဝန်ယူတာဆိုတော့ ဒီနှစ်ရော ပြန်လာဖို့ အစီအစဥ်ရှိလား...." 

ပွဲတော်သည် ဆယ့်ငါးရက်ကြာမည်ဖြစ်ပြီး ကျောင်းမြန်က ကူညီရန် ပြန်သွားပါက အဲ့ဒီတွင် ဆယ့်ငါးရက်လောက်နေရမည်ဖြစ်သည်။

ကျောင်းမြန်သည် ခေါင်းငုံ့ကာ ညည်းညူသည်။

ကျောင်းမြန်သည် ၎င်းကို စဉ်းစားရသည့် အကြောင်းရင်းမှာ ရေခဲမြစ်၏ အထိမ်းအမှတ် အခမ်းအနားအတွက် တာဝန်ယူပေးနိုင်သည့်အရာရှိများစွာ ရှိသောကြောင့်ဖြစ်ပြီး ယခု စက်ရုံသည် စဖွင့်ခါစဖြစ်သောကြောင့် သူ့ကို လိုအပ်နေသည်။ ရှောင်လဲ့ကိုလည်း အဖွဲ့ချုပ်မှ ပွဲတော်သို့ ခေါ်သွားရမည်ဖြစ်ပြီး...ရှောင်လဲ့ကခံနိုင်ရည်မရှိမှာကို သူစိတ်ပူနေလေသည်။

ကျောင်းမြန်၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်လိုက်ရချိန်တွင် စီဆဲလ်သည် တိုက်ပွဲတွင်အနိုင်ရသွားသကဲ့သို့ အလွန်အံ့အားသင့်သွားပြီး သူ၏နှာခေါင်းကိုထိကာ ကျောင်းမြန်၏ ထမင်းပန်းကန်ထဲသို့ လှမ်းကြည့်ကာ လက်ကိုဆန့်ထုတ်လိုက်သည်။

ကျောင်းမြန်အား ခရစ်ထည့်ပေးထားသော အသားဖတ်ကို ယူလိုက်လေသည်။

ကျောင်းမြန် : "......"

ထို့နောက် စီဆဲလ်သည် ခရစ်၏ ပန်းကန်ထဲသို့ အသားတစ်ဖတ်ယူကာ ထည့်ပေးလိုက်ပြီး ယဥ်ကျေးသော အမူအရာဖြင့် ပြုံးကာပြောလေသည်။

"မာရှယ်....များများစားပါ"

ကျောင်းမြန် : "......."

ကျောင်းမြန်က ခေါင်းစဉ်ပြောင်းပြီး ခရစ်ကို ပြန်ဖြေလိုက်သည်။

"အဲ့ဒီအချိန်လောက်ကို ငါထွက်လာလို့ရမယ်မထင်ဘူး ..ဒါပေမယ့် အခွင့်အရေးရရင်တော့ ပွဲကို လာခဲ့ပါ့မယ်..."

"ကောင်းပါပြီ.."

ခရစ်ကတိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

ခရစ် နှင့် စီဆဲလ်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုသည် ထမင်းစားအပြီးတွင် ပြီးဆုံးသွားလေသည်။

ကျောင်းမြန်သည် ဖြစ်စဥ်တစ်လျှောက်လုံးတွင် အကာအရံများ ထားထားလေသည်။

အဆုံးမှာတော့ ခရစ်သည် သူ့အတွက် တိုက်ပွဲဝင်နေလျှင်ပင် စီဆဲလ်က နုံအသောသူဖြစ်သောကြောင့် ထိုနှစ်ယောက်သည် သူတို့၏စိတ်ထဲတွင် သေသေချာချာ ရှင်းရှင်းလင်းလင်း မဖြစ်ကြသေးပေ။ 

ထမင်းစားပြီးနောက် ကျောင်းမြန်သည် တစ်ခါသုံးလက်အိတ်များကို ချွတ်ကာ ရှောင်လဲ့ကို ကောက်ချီလိုက်ပြီး ကလေးအား ချော့သိပ်ရန် စီစဥ်ခဲ့သည်။

ကျောင်းမြန်သည် သူ့လက်အိတ်ကို ချွတ်လိုက်သောအခါ စီဆဲလ်အံ့အားသင့်သွားသည်။

စီဆဲလ်သည် ကျောင်းမြန်၏လက်သူကြွယ်ရှိ အပြာရောင်လက်စွပ်ကို မြင်လိုက်စဥ် ထိုနေရာတွင်ပင် ထိတ်လန့်သွားခဲ့သည်။

ဒါက....

စီဆဲလ်၏လည်ချောင်းသည် ထုံကျင်နေပြီး သူ့ခန္ဓာကိုယ်အနှံ့မှ သွေးများ အေးခဲသွားသယောင်ပင် ထင်ရသည်။

ဒီ.....လက်စွပ်က...!

စီဆဲလ်သည် သူ၏နှလုံးခုန်နှုန်းသည် ရင်ဘတ်ထဲမှ ပေါက်ထွက်လုနီးပါး မြန်ဆန်နေပြီး အသက်ရှူသံသည်လည်း တဖြည်းဖြည်း မြန်ဆန်လာလေသည်။

"ကျောင်းမြန်....!"

ကျောင်းမြန် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ချိန်တွင် သူ့ရှေ့သို့ အရိပ်တစ်ခု ကျလာပြီး သူ့လက်ကောက်ဝတ်သည် နာကျင်သွားလေသည်။

"ဗိုလ်ချုပ်ကြီး.....!"

ကျောင်းမြန်သည် စီဆဲလ်၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရပြီး သူ၏လက်ကောက်ဝတ်သည်လည်း တင်းကြပ်စွာ ဆုပ်ကိုင်ထားခံရပြီး စကားလုံးအနည်းငယ်ဖြင့် မေးမြန်းခံရလေသည်။

"လက်စွပ်ကို ဘယ်က ရလာတာလဲ"

".....!"

လက်စွပ်.....!

စီဆဲလ်သည် အက်ရှသော အသံဖြင့် မေးလေသည်။

"မင်းကို မေးမယ်...ဒီလက်စွပ် ဘယ်ကရတာလဲ.."

ကျောင်းမြန်က စူးရှစွာ ပြန်စိုက်ကြည့်ရင်း စီဆဲလ်၏ ပြင်းထန်လာသော ခံစားချက်များကြောင့် အသက်ရှူရပ်လုမတတ်ဖြစ်သွားပြီး ကံကောင်းသွားသည်မှာ သူသည် သာမန်လူ မဟုတ်သောကြောင့် စိတ်တည်ငြိမ်အောင်ထားကာ စီဆဲလ် ၏ လက်ကို ဖယ်လိုက်ပြီးပြန်ဖြေလိုက်သည်။ 

"ကျွန်တော်...မသိဘူး"

"မင်း ဒီလက်စွပ် ဘယ်ကရလာတာလဲဆိုတာ မသိဘူးလား" 

စီဆဲလ်၏ အသံမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသောကြောင့် ကျောင်းမြန် မအံ့သြဘဲ မနေနိုင်တော့ပေ။

"ဗိုလ်ချုပ်ကြီး စီဆဲလ် ခင်ဗျားဘာလုပ်နေတာလဲ..." 

စီဆဲလ်သည် ကျောင်းမြန်အား သတိလက်လွတ် လူသတ်ချင်သည့် ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေသည်ကို ခရစ်က မြင်လိုက်ရသောကြောင့် သူ့စိတ်ထဲတွင် ပို၍ပင် မကျေမနပ်ဖြစ်နေတော့သည်။

စီဆဲလ်သည် ခရစ်အား တစ်ချက်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ ကျောင်းမြန်၏ လက်ကို ဆွဲကာ ထွက်သွားပြီးနောက် လက်ဆွဲထားသည့် ခွန်အားသည် အလွန်သန်မာသောကြောင့် ကျောင်းမြန် အံ့အားသင့်သွားခဲ့သည်။

"ဗိုလ်ချုပ်ကြီး စီဆဲလ်...!"

ခရစ်သည် ဒေါသအလွန်ထွက်သွားပြီး သူ၏ဓါးကို ထုတ်ကာ တားဆီးရန်ကြံသော်လည်း ကျောင်းမြန်သည် ချက်ချင်းပင် စူးရှသောအကြည့်ဖြင့် မလုပ်ရန် တိတ်တဆိတ် တောင်းဆိုလိုက်သည်။

ထို့နောက် ကျောင်းမြန်သည် ခရစ်၏ အမူအရာအားကြည့်ရန် အချိန်မရတော့ဘဲ စီဆဲလ်က သူ့အား အခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

စီဆဲလ်သည် ရှောင်လဲ့ကို အပြင်ထွက် ကစားခိုင်းလိုက်ပြီး ကျောင်းမြန်အား နံရံနှင့် ဖိကပ်လိုက်သည်။

ကျောင်းမြန်၏နောက်ကျောသည် နံရံဘက်တွင် ကပ်နေပြီး စီဆဲလ်၏ ခိုင်မာသောလက်များကြားတွင် ပိတ်မိနေပြီး သူ၏ရှေ့ ဆန့်ကျင်ဘက်တွင် ရပ်နေသည့် စီဆဲလ်သည် အုံ့မှိုင်းနေကြောင်း တွေ့လိုက်ရသည်။

"ဗိုလ်ချုပ်ကြီး ဘာဖြစ်တာလဲ" 

ကျောင်းမြန်သည် စီဆဲလ်၏ မျက်လုံးများကို သေချာကြည့်လိုက်သည်။

"လက်စွပ်ကို ဘယ်ကရလာတာလဲလို့ မေးနေတာ.."

"ကျွန်တော်ရဲ့ အရင်တုန်းက မှတ်ဉာဏ်တွေဆုံးရှုံးသွားပြီးကတည်းက ဒီလက်စွပ်က ကျွန်တော်နဲ့ အမြဲအတူရှိနေတာ....ဘယ်ကရလာတာလဲဆိုတာ ကျွန်တော်သေချာမသိဘူး..."

ကျောင်းမြန်သည် သူ့စကားတစ်ဝက်ကို စနစ်တကျဖုံးကွယ်ထားပြီး မေးလိုက်သည်။

"ဗိုလ်ချုပ်ကြီးက ဘာလို့ ဒီလောက်ဂရုစိုက်နေရတာလဲ..."

"မင်း..." 

စီဆဲလ်သည် သူ့လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသောကြောင့် "တဂျွတ်ဂျွတ်" ဖြင့် ကြွပ်ဆတ်သောအသံများ ထွက်လာလေသည်။
(T/N- လက်သီးဆုပ်ထားလို့ အရိုးတွေက အသံမြည်တာပါ)

သူ စိတ်ရှည်ရမည်...။

သူ့ရှေ့ကလူနှင့် ပတ်သက်သည့် အကြောင်းများ ၊ အတွေးများ၊ သူ၏အတိတ်များကို တစ်ချက်ချင်းစီ ချန်ထားခြင်းမရှိဘဲ ဖြည်းဖြည်းချင်း ဖယ်ထုတ်ပစ်လိုက်ချင်သော်လည်း....

သူ့တွင်လည်း ဒီလို လက်စွပ်မျိုးရှိသည်။သို့သော် သူ့တွင်ရှိနေသည်က အနီရောင်ဖြစ်သည်။ ရှောင်ကျစ်သည် လက်စွပ်နှစ်ကွင်းတွင် အလှဆုံးဖြစ်သည့် အနီရောင်အား သူ့ကိုပေးကာ သူ့(ရှောင်ကျစ်)အား မမေ့ပစ်ရန် ပြောလေသည်။

နှင်းလူရုပ်က တိုက်ဆိုင်မှုလား....လက်စွပ်ကလည်း တိုက်ဆိုင်မှု တစ်ခုပဲလား...။

ဒါသည် တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့လျှင် သူဘာလို့ ကျောင်းမြန်ကို သဘောကျနေရတာလဲ....သူ့အိပ်မက်ထဲတွင်လည်း ကျောင်းမြန်က နှင်းလူရုပ် လိုချင်ကြောင်းပြောခဲ့ပြီး ယခု သူ့တွင် လက်စွပ်တစ်ကွင်းရှိနေသေးသည်။

ဒါပေမယ့် ဒီအပြာရောင်လက်စွပ်သည် ရှောင်ကျစ်၏ဟာ မဟုတ်ဘူးဆိုလျှင် ဒါသည် တကယ့်ကို တိုက်ဆိုင်မှုတစ်ခု သပ်သပ်ဖြစ်နေသည်လား...။
 
စီဆဲလ်သည် ကျောင်းမြန်အား အသက်ရှူရပ်မတတ် စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။