ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၁၀)
"အမှန်ပဲလား"
ဧကရာဇ်က မေးသည်။
ကျွန်မ အနည်းငယ် စိတ်မကောင်းဖြစ်နေရသကဲ့သို့ ပုံစံဖြစ်အောင် ပြောင်းလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့ ...ကျွန်မလဲ မယုံကြည်နိုင်ခဲ့ပါဘူး၊ဒါပေမဲ့ အမှန်ပဲ ဒီလိုဖြစ်ခဲ့တာပါ အရှင်။"
ပြီးနောက် ယူလာခဲ့သော စာရွက်စာတမ်းများကို ဆက်သလိုက်သည်။
"ဒါက စစ်သည်တွေရဲ့ထွက်ဆိုချက်ပါ။"
ဧကရာဇ်က ကျွန်မ ဆက်သလာသော စာရွက်စာတမ်းများကို အလောတကြီး ကြည့်ရှူလိုက်သည်။ထွက်ဆိုချက်များကို ဖတ်ရှုနေသော ဧကရာဇ်၏မျက်နှာမှာ နီလိုက်၊ပြာလိုက် ဖြစ်နေခဲ့လေသည်။
"ဒီ ... ဒီအရူးကောင်ကတော့ !"
သူက စာရွက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ အော်ဟစ်လိုက်သည်။
"သူ့မှာ လုပ်စရာဘာမှ မရှိလို့ စစ်မြေပြင်မှာ စစ်သည်တွေနဲ့ အရှုပ်အထွေးတွေ လျှောက်လုပ်နေခဲ့တာလား ... ဒီအရူးကောင်ကတော့!"
ပြီးနောက် သူက အခန်းတံခါးကို အကျယ်ကြီး ဆွဲဖွင့်လိုက်ပြီး တံခါးရှေ့တွင် စောင့်ဆိုင်းနေသော အစေခံကို အော်ငေါက်လိုက်၏။
"လာဂိုကို ချက်ချင်း သွားခေါ်လာခဲ့! အခုချက်ချင်း!!"
"အာ ...မှန် ...မှန်လှပါ အရှင်။"
အစေခံက အလျင်အမြန် ပြေးသွားခဲ့သည်။
အိုး ... ငါတို့ တိတ်တိတ်ဆိတ်ဆိတ်နေရမှာ မဟုတ်ဘူးလား၊ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး အရမ်းဆူညံနေရတာပါလိမ့်။
ကျွန်မ စိတ်ထဲတွင် ညည်းတွားလိုက်ပြီး အနည်းငယ် ပို၍သက်တောင့်သက်သာဖြစ်သော ကိုယ်ဟန်ဖြင့် ထိုင်နေမိသည်။
"ဟူး ..."
ဧကရာဇ်က သက်ပြင်းချ၍ ကျွန်မဆီသို့ ကြည့်လာခဲ့သည်။
"ဒီကိစ္စကို ငါ့ဆီ လျှောက်တင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။"
ကျွန်မ ပြန်မဖြေရသေးခင် သူက ဆက်ပြောသည်။
"မင်းက ကယ်လီယန်ကို ဧကရာဇ်ဖြစ်လာအောင် လုပ်ပေးချင်နေလို့လား။"
ကျွန်မ မြန်မြန်ဆန်ဆန် ခေါင်းခါလိုက်သည်။
"ကျွန်မက ထီးနန်းနဲ့ပတ်သက်တာတွေကို စိတ်ဝင်စားမှု မရှိပါဘူး အရှင်။"
ဧကရာဇ်က ထိုစကားကို ယုံကြည်ပုံမရသဖြင့် ကျွန်မ ထပ်ဖြည့်ပြောလိုက်သည်။
"ဒုတိယမင်းသားက ကျွန်မအပေါ် အာရုံစိုက်နေတာကို နည်းနည်းလေး လျော့သွားအောင်လုပ်ဖို့ ကြိုးစားခဲ့ရုံပါ။"
"ဟမ့်"
ဧကရာဇ်က နှာမှုတ်၍ ဆံပင်ကို အနောက်သို့ သပ်တင်လိုက်သည်။
"ဒါဆို အောင်မြင်သွားပြီ၊ငါက သူ့ကို ခေါင်းကိုက်စရာတစ်ခု ပေးလိုက်မှာဆိုတော့ ဒီအကြောင်းကို သူ ဘယ်တော့မှ ထပ်တွေးနိုင်တော့မှာ မဟုတ်ဘူး။"
၎င်းမှာ ကျွန်မလိုချင်သော အဖြေ ဖြစ်သည်။ထို့ကြောင့် ကျွန်မလည်း တောက်ပစွာ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်။"
ဧကရာဇ်၏မျက်နှာမှာ ရှုံ့တွသွားရ၏။သူက ကျွန်မကို ခေါင်းပြန်မော့ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြသည်။
"မြို့စားကြီးရိုင်ဇန်နဲ့ တကယ်ကို တူတာပဲ။"
"ဘုရားရေ ...ဒါက ချီးကျူးတယ်လို့တော့ ကျွန်မ မထင်မိပါဘူး။"
ကျွန်မ ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်မောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ပါ... အရှင့်ကို ကျေးဇူးတင်ပါတယ်။"
ဧကရာဇ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"မင်းမှာ ဒီလိုမျိုး သတင်းအချက်အလက်တွေ ထပ်ပြီး ရှိနေသေးရင် ငါ့ဆီကို ယူလာခဲ့။တခြားသူတွေကို မပေးနဲ့။"
"ဟုတ်ကဲ့ပါ အရှင် ...ကျွန်မ အဲ့လို လုပ်ပါ့မယ်။"
အင်း ... အဲ့လိုလုပ်မှာ မဟုတ်ဘူး။
ငါ့ဘာသာ သိမ်းထားမှာပေါ့၊
ဟိုး ဟိုး ဟိုး
"ဘာပဲဖြစ်ဖြစ်ပါ"
ထိုအချိန်တွင် ဧကရာဇ်က ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လာခဲ့သည်။
တစ်ဆက်တည်း ကျွန်မကို ခေါင်းအစ ခြေအဆုံး ကြည့်လာလေရာ မသက်မသာ ဖြစ်လာရသည်အထိ။
ဘာ ...သူက ဘာဖြစ်လို့ ငါ့ကို ဒီလိုမျိုး ကြည့်လာရတာလဲ။
ကျွန်မ စဥ်းစားနေချိန်တွင် ...
"မင်း တကယ်ပဲ ငါ့ရဲ့ပထမသားတော်နဲ့ လက်ထပ်ဖို့ အစီအစဥ်မရှိဘူးလား။"
ရယ်စရာကောင်းသောစကားကို ကြားလိုက်ရလေသည်။
"ကျွန်မက လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ပါ အရှင်။"
"ကွာရှင်းလိုက်လို့ ရတယ်လေ ... အရမ်းကို ရိုးရှင်းပါတယ်။"
ဒါက ...
အဲ့လို လုပ်ဖို့ ကျွန်မ ကြိုးစားခဲ့ပြီးပြီ၊ဒါပေမဲ့ ထင်သလောက် မရိုးရှင်းပါဘူး။
ကျွန်မ ထို့ထက် ပိုမပြောနိုင်တော့သဖြင့် ပါးစပ်ကို ပိတ်ထားလိုက်သည်။
"မင်းမှာ အတွေးတစ်ခုခု ရှိရင် ငါ့ကိုပြော၊ငါ အတည်ပြောနေတာ။"
ထိုသို့ ပြောနေသော ဧကရာဇ်မှာ အမှန်ပင် စိတ်ရင်းနှင့်ဖြစ်ပုံရလေသည်။
ဒီလိုသွေးဆောင်မှုကို ငါက ဘယ်လိုလုပ်ရမလဲ။
ကျွန်မ ပခုံးတွန့်လိုက်ခြင်းဖြင့်သာ စကားဝိုင်းကို အဆုံးသတ်လိုက်ရသည်။
*
"ဟူး ..."
တိတ်ဆိတ်နေသော ပင်မနန်းဆောင်မှ ထွက်လာသည်နှင့် အသက်ပြန်ရှင်လာရသလို ခံစားရ၏။
အိုး ...ဒါပေါ့ ၊ငါ အနောက်ဘက်တံခါးကနေ ထွက်လာခဲ့တယ်လေ။
ပင်မနန်းတော် ရှေ့တံခါးမှ ထွက်လိုက်ပါက လာဂိုနှင့် တည့်တည့်တိုးလိမ့်မည်။
လာဂိုရေ ... နင်တော့ ဒုက္ခရောက်ပြီပဲ။
ထို့နောက် သူ ကျွန်မကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။သူ လုပ်ထားသည့်ကိစ္စများကို ဖြေရှင်းနေရပေလိမ့်မည်။
ဘယ်သူကရော ဆိုးရွားတဲ့ဘဝကြီးနဲ့ နေချင်ပါ့မလဲနော်။
ကျွန်မ ညည်းညူလိုက်ပြီး ထိုမျှနှင့် လုံလောက်ပြီဟု တွေးတောကာ ခြေလှမ်းများကို ရွေ့လျားလိုက်သည်။ပြီးနောက် အိမ်တော်သို့ အလျင်အမြန်ပြန်၍ ဒီအကြောင်းကို ဆိုဗက်စ်စတာထံသို့ အစီအရင်ခံရလိမ့်မည်။
ဒါပေါ့ ... ဒီကိစ္စကို ဆိုဗက်စ်စတာ သဘောကျမှာ မဟုတ်ဘူး။
ဒုတိယမင်းသား၏နာမည်ဂုဏ်သတင်း၌ ပြဿနာတစ်စုံတစ်ရာ ရှိနေလျှင် ထိုသူကို ဧကရာဇ်ဖြစ်လာအောင် လုပ်ပေးရန် ခက်ခဲလာလိမ့်မည်။
သို့သော် သူ စိတ်မပူနေစေရန်အတွက် ကျွန်မ ပြောပြချင်သည်။
လာဂိုဆီကနေ ဆိုဗက်စ်စတာ လိုချင်နေတဲ့အရာကို ငါ ယူလာပေးရမယ်။
ထိုသို့ ဖြစ်လာပါက လာဂိုမှာ ဘေးဖယ်ခံလိုက်ရပြီး မူရင်းဇာတ်ကြောင်းအတိုင်း ကယ်လီယန်က ဧကရာဇ်တစ်ပါး ဖြစ်လာပေလိမ့်မည်။ထို့အပြင် ဆိုဗက်စ်စတာလည်း ဘေးကင်းလုံခြုံစွာ နေနိုင်လိမ့်မည်။
လူတိုင်းက ပျော်ရွှင်စရာအဆုံးသတ်လေး ရနိုင်လိမ့်မည်။
အဓိကသော့ချက်မှာ ထိုကိစ္စများအပြီးတွင် ကျွန်မပြုလုပ်ရမည့် ရွေးချယ်မှု ဖြစ်သည်။
ကျွန်မ ကွာရှင်းရန် ရွေးချယ်ခဲ့လျှင် ကောင့်မြို့စားကတော်အမ်ဘာ ကတိပေးထားသည့်အတိုင်း သူမတို့၏မြို့စားပိုင်နက်နယ်မြေသို့ သွား၍ အေးအေးချမ်းချမ်း နေနိုင်လိမ့်မည်။
အကယ်၍ ကွာရှင်းရန် လက်လျှော့လိုက်မည်ဆိုပါက ယခုကဲ့သို့ ဆိုဗက်စ်စတာနှင့်အတူ ဆက်နေနိုင်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကျွန်မအတွက် ကောင်းသည်ပင်။
ထို့ကြောင့် ကျွန်မ၏ခံစားချက်များကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရန် လိုအပ်သည်။
ဆိုဗက်စ်စတာကို ကြိုက်၊မကြိုက် ...
ဒါက အခု ဆုံးဖြတ်ရမှာ မဟုတ်ဘူး။
ရထားလုံးရှိရာသို့ သွားရာလမ်းတစ်လျှောက်တွင် ထိုကိစ္စကို တွေးတောနေခဲ့မိသည်။
ထိုအချိန်၌
"အိုဖီလီယာ လား"
ရင်းနှီးနေသော အသံတစ်သံကို ကြားလိုက်ရ၏။ကျွန်မ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ကယ်လီယန်ကို တွေ့လိုက်ရသည်။
ကယ်လီယန်က ကျွန်မကို တွေ့သည်နှင့် အနားသို့ မြန်မြန်ဆန်ဆန် ရောက်လာခဲ့သည်။
"ထိခိုက်သွားတယ်လို့ ငါ ကြားမိတယ်၊အဆင်ပြေရဲ့လား။"
အိုး ... ဘာဖြစ်နေတာလဲ၊နင်က ငါ့ကို စိုးရိမ်ပေးနေတာလား။
ကျွန်မ အနည်းငယ်ခန့် ရင်ထဲထိသွားရသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်မိသည်။
"ကျွန်မအတွက် မစိုးရိမ်ပါနဲ့ ..."
"မဟုတ်ဘူး ...မင်းကို စိတ်မပူဘူး၊ငါက ကလေးကို ပြောတာ၊ဓါးစာခံ လုပ်ခံရတဲ့ကလေးလေ။"
အာ
ဟုတ်တာပေါ့။
သူက ငတုံးပဲ။
"ကလေးက အဆင်ပြေပါတယ်၊သူ မထိခိုက်သွားခဲ့ပါဘူး။"
"တော်သေးတာပေါ့။"
ကယ်လီယန်က စိတ်ကျေနပ်စွာ ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သူက နောက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ကျွန်မကို ပြန်ကြည့်၍ ပြောသည်။
"မင်းကရော"
"ဘာရယ်"
"အမ်း ... ငါ ပြောချင်တာက မင်းရော ဘယ်လိုနေလဲလို့။"
အာ
အခုမှ မေးချင်ယောင်ဆောင်နေရလား။
ရယ်ချင်စရာ ကောင်းလိုက်တာ။
သို့သော် ကျွန်မ လျစ်လျူမရှုထားပဲ ပခုံးတွန့်၍ ပြန်ဖြေလိုက်သည်။
"ကောင်းပါရဲ့ ...အရှင့်သား မြင်နေရတဲ့အတိုင်းပါပဲ၊ကျွန်မ အဆင်ပြေပါတယ်။ အာ ! ဒုတိယမင်းသားနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ကျွန်မ သူနဲ့ တွေ့ခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ချက်လေ၊အဲ့ဒါကြောင့်ပဲ ကျွန်မ ဒီနေရာကို ရောက်နေရတာပါ။"
ကယ်လီယန် မျက်မှောင်ကြုတ်သွားသည်။
"ဘာကိစ္စလဲ။"
သူက အသံနိမ့်နိမ့်ဖြင့် မေးသည်။
"မင်းတို့နှစ်ယောက်ကြားမှ တစ်ခုခု ဖြစ်ခဲ့လို့လား။"
"ဒါက ကောင်းတဲ့ကိစ္စ မဟုတ်တော့ ကျွန်မ မပြောပြချင်ပါဘူး။ဒီတော့ မပြောပါရစေနဲ့။"
ကယ်လီယန်၏မျက်နှာထားက တင်းမာသွားခဲ့သည်။
သူက နှုတ်ခမ်းကိုက်လိုက်ပြီး မျက်လုံးများက စူးရှလာကာ အသံကလည်း ခက်ထန်လာခဲ့သည်။
"အဲ့ဒီကောင် ထပ်ပြီးတော့ ထိပါးလာပြန်ပြီလား။"
သူ ထိပါးခဲ့တာလား။
ကျွန်မ ခေါင်းစောင်းလိုက်မိသည်။
"သူ ထိပါးခဲ့ပါတယ်။"
သူက ကျွန်မ၏လည်ကုပ်ကို ဆွဲညှစ်ပြီး ခြိမ်းခြောက်ခဲ့သည်။
အိုး ... ဒါကို ပြန်တွေးမိတာ ကျောရိုးထဲကတောင် ကျင်တက်လာသလိုပဲ။
စိတ်ဖောက်နေတဲ့ အရူးကောင်။
သို့သော် လေထုက ထူးဆန်းသွားခဲ့သည်။
တစ်နည်းအားဖြင့် ကယ်လီယန်၏မျက်နှာထားမှာ ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့သည်။
"အရှင့်သား ဘာဖြစ်လို့ပါလဲ။"
ကျွန်မ တအံ့တဩဖြင့် ကယ်လီယန်ကို ကြည့်လိုက်မိသည်။
"အဲ့ဒီအကောင်က ... မင်းကို ..."
သူက တစ်စုံတစ်ရာကို ရေရွတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
"ဒီသောက်ကျိုးနည်း အကောင်ကတော့!"
သူက လေထဲသို့ကြည့်ရင်း ဆဲရေးလိုက်လေသည်။
ဘာဖြစ်သွားတာလဲ။
ကယ်လီယန် ရူးသွားပြီဟု တွေးမိသဖြင့် ကျွန်မ အနောက်ဘက်သို့ အနည်းငယ်ခန့် ဆုတ်လိုက်မိသည်။
"ငါ မင်းအတွက် သေချာပေါက် လက်စားချေပေးမယ်။"
ဘာကြောင့်များလဲ။
ကျွန်မ အမှန်ပင် နားမလည်နိုင်တော့ပေ။
သို့သော် အကူအညီပေးလာသည်ကို ငြင်းပယ်စရာ မရှိပါ။
"ကောင်းပါပြီ ...ဟုတ်ကဲ့၊အရှင့်သားကို ကျေးဇူးတင်ပါတယ်။"
ထို့ကြောင့် ကျွန်မ စိတ်လှုပ်ရှားနေသော်လည်း ကောင်းကောင်းမွန်မွန် ပြန်ဖြေလိုက်သည်။
ကယ်လီယန်က ဆက်ပြောသည်။
"အခု မကြာခဏ လာတော့။"
ဟမ်
"ငါ မင်းကို လက်ခံတွေ့ဆုံပေးမယ်။"
ကျွန်မ ထပ်၍ ဆွံ့အသွားရသည်။
တစ်ခါတုန်းက နင့်ဆီလာရင် ငါ့ကို သတ်ပစ်မယ်ဆိုပြီး ပြောခဲ့သေးတယ်လေ ...ဟာသပဲ။
ကျွန်မ ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
"ကျွန်မ အရှင့်သားဆီကို ထပ်ပြီး လာတွေ့တော့မှာ မဟုတ်ပါဘူး။"
ပြောလိုက်သည့်အတိုင်း ကျွန်မ ကယ်လီယန်ကို ထပ်ပြီး လာမတွေ့တော့ပေ။
ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းရန် မလိုအပ်တော့ဟု ဆိုဗက်စ်စတာ ပြောခဲ့သောကြောင့် ဖြစ်၏။
တစ်နည်းအားဖြင့် ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားရင်း စိတ်အနှောင့်အယှက်ဖြစ်နေစရာ မလိုတော့ပေ။
အာ ...ပျော်စရာကြီး!
"ဘာ ...ဘာဖြစ်လို့လဲ။"
သို့သော် ကယ်လီယန်မှာ အနည်းငယ် ဦးနှောက်ခြောက်နေပုံ ရလေသည်။
ထို့ကြောင့် ကျွန်မ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ကျွန်မ အရှင့်သားကို ထပ်ပြီး နှစ်သက်သဘောကျနေတော့မှာ မဟုတ်လို့ပါပဲ။"
"ဘာ!"
ကယ်လီယန်၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။
"ငါ ...ငါက မိန်းမဆိုးလေးတစ်ယောက် လိုအပ်တယ်ဆိုပြီး မင်းပဲ ပြောခဲ့တာလေ။"
"အဲ့ဒါက အဲ့ဒါ၊အခုက အခုပါပဲ။ပြီးတော့ အင်ပါယာမှာ မိန်းမဆိုးလေးတွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကနေ ရှာကြည့်ပါ။"
"အိုဖီလီယာ!"
သူက အော်ဟစ်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
"မင်း ... မင်း တကယ်ပဲ !"
ဟား
ကယ်လီယန် သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။ထို့နောက် ဆံပင်များကို ထိုးဖွနေခဲ့၏။
"မင်း လုပ်ချင်သလိုသာလုပ်!မင်း ကြိုက်သလိုသာ လုပ်လိုက်တော့!"
ကယ်လီယန်က ထိုသို့ အော်ဟစ်လိုက်ပြီး ဒေါသတကြီးဖြင့် လှည့်ပြန်သွားခဲ့သည်။
သူ၏နောက်ကျောကို လှမ်းကြည့်ရင်း ကျွန်မ တွေးလိုက်မိသည်။
ငါက ဘဝကို ငါဆန္ဒရှိတဲ့အတိုင်းပဲ အမြဲတမ်း နေခဲ့တာပါ။
*
"သေစမ်း!"
အိမ်ရှေ့စံမင်းသားနန်းဆောင်သို့ ပြန်ရောက်လာပြီးသည်အထိ ကယ်လီယန် အလွန်ဒေါသထွက်နေဆဲ ဖြစ်လေသည်။
ကျွန်မ အရှင့်သားဆီကို ထပ်ပြီး လာတွေ့တော့မှာ မဟုတ်ပါဘူး။
ဘာလို့လဲ။
ရုတ်တရက်ကြီး ဘာလို့လဲ။
ကျွန်မ အရှင့်သားကို ထပ်ပြီး နှစ်သက်သဘောကျနေတော့မှာ မဟုတ်လို့ပါပဲ။
အခုမှလေ။
သူ့နောက်ကနေ ဒီလိုမျိုး လိုက်နေပြီးမှ သူမက သူ့ကို ထပ်မကြိုက်တော့ဘူးတဲ့လား။
"အိုဖီလီယာ!"
ကယ်လီယန် မျက်လုံးကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်ရသည်။
သူ နှုတ်ခမ်းကိုက်ထားမိ၏။
သူ့ကို မျှော့တစ်ကောင်ကဲ့သို့ တွယ်ကပ်နေခဲ့သော အိုဖီလီယာက သူ့ထံမှ ဖယ်ခွာသွားခဲ့ချိန်တွင် အဘယ့်ကြောင့် ဒေါသဖြစ်နေရမှန်း မသိပါ။သူ အမှန်ပင် အရူးတစ်ယောက်ကဲ့သို့ ဒေါသထွက်နေမိသည်။
ထို့အပြင်
သူ ထိပါးခဲ့ပါတယ်။
ဒုတိယမင်းသားလာဂိုက အိုဖီလီယာအပေါ် မကောင်းကြံရန် ကြိုးစားနေပုံရသည်။
ဒီပုပ်သိုးနေတဲ့ကောင်ကတော့ကွာ!
သူ အရမ်းဒေါသထွက်နေတယ်။
တကယ်ကို ဒေါသဖြစ်နေတာ။
ဘာလုပ်ရမလဲ။
ဒေါသတွေ ပျောက်သွားအောင် သူ ဘယ်လိုလုပ်နိုင်မလဲ။
အစကမူ ကယ်လီယန် စိတ်အခြေအနေမကောင်းချိန်တိုင်း ဖလဲရ်ဆီသို့ သွားခဲ့သည်။
သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် သူ ယနေ့ ဖလဲရ်ဆီသို့ မသွားချင်ပေ။
အိုဖီလီယာကသာ သူ့စိတ်ကို စိုးမိုးနေခဲ့၏။
"သေစမ်းကွာ!"
ကယ်လီယန် တစ်ချက်ဆဲလိုက်ပြီး မျက်နှာကို လက်ဖြင့် အုပ်ထားမိသည်။
ဟူး ...
သူ မြန်မြန်ဆန်ဆန် အသက်ရှူလိုက်ပြီး အံကြိတ်ထားမိသည်။
ထိုအချိန်တွင်
"အရှင့်သား ခင်ဗျာ"
အစေခံက တံခါးခေါက်လာခဲ့ပြီး ခေါင်းတစ်လုံး ဝင်နိုင်ရုံမျှ တံခါးဖွင့်လိုက်သည်။
ထိုအခါမှသာ ကယ်လီယန်က မျက်နှာပေါ် အုပ်ထားသောလက်ကို ပြန်ချလိုက်ပြီး အစေခံကို ကြည့်ခဲ့သည်။
"ကျ ...ကျွန်တော် တောင်းပန်ပါတယ်၊အရေးကြီးကိစ္စ ဖြစ်နေလို့ပါ၊ဒါကြောင့် အရှင့်သားဆီ လျှောက်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော် တွေးမိပါတယ် ခင်ဗျာ။"
"ဘာဖြစ်လို့လဲ"
"ဧကရာဇ်အရှင်က အရှင့်သားဆီ စာလွှာပါးလိုက်ပါတယ်။"
"ဘာ!"
ကယ်လီယန် ထခုန်မိမတတ် ဖြစ်သွားသည်။
ပြီးနောက် အစေခံဆီသို့ ပြေးသွားပြီး စာကို ဆတ်ခနဲ ဆွဲယူလိုက်၏။
"ဘာတွေ ရေးထားတာလဲ။"
အကြောင်းအရာမှာ ရိုးရှင်းလှပါ၏။
[အိုဖီလီယာ မက်ဂက်ဖင်းကို မင်းရဲ့အပိုင်ဖြစ်အောင် လုပ်ထား။]
ထို့အပြင် နောက်ထပ်တစ်ကြောင်းပါသေးသည်။
[ငါ မင်းကို ကူညီမယ်။]
ကယ်လီယန်လည်း စာကို အသားကုန် ဖျစ်ညှစ်ထားမိသည်။
သူ ထိုအရာကို မုန်းတီးသည်။
အိုဖီလီယာနှင့်အတူတူရှိရမည့်ကိစ္စကို သူ ဒေါသတကြီး ဖြစ်နေသင့်သည်။
သို့သော် သူ့နှုတ်ခမ်းများထက်တွင် အပြုံးလေးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။
TK Team
++++++++