Extra 5 (အဆုံး)
ပိုင်ယွဲ့သည် အထပ်မည်မျှတက်ခဲ့မိသည်ကို သေချာမသိသော်လည်း သူမရပ်လိုက်သောအခါတွင် သူမ၌သွားစရာလမ်းမရှိတော့ပေ။
သူမအသက်ရှုသံများက မြန်လာကာ နှလုံးတစ်ခုလုံးပေါက်ကွဲတော့မည့်ဟန်ဖြစ်နေသည်။
သူမမြင်ရသည့် ထိုလူ၏မျက်လုံးထဲမှ အကြည့်များသည်မမှားနိုင်ပေ။
လျိုကျားယွီက သူမကို သတ်ချင်နေခဲ့သည်။
ဒါပေမယ့်...ဘာလို့လဲ...
ပိုင်ယွဲ့၏ မျက်လုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည်တလမ်းလုံး နာခံစွာ လိုက်ခဲ့သည်။ ထိုရွံရှာဖွယ်ကောင်းသော မကောင်းဆိုးဝါးများကို သူမ မသတ်နိုင်သော်ငြားလည်း သူတို့ကို ဒုက္ခပေးခြင်းမရှိခဲ့ပေ။ လျိုကျားယွီက ဘာလို့ သူမကို သတ်ချင်နေရတာလဲ...
ပိုင်ယွဲ့သည် နားမလည်နိုင်ဖြစ်နေစဉ်မှာပင်အသံအချို့ကို ကြားလိုက်ရသည်။ ချက်ချင်းပင် သူမပါးစပ်ကို ဖုံးအုပ်လိုက်ပြီး လက်ဖဝါးတစ်ခုလုံး ချွေးများဖြင့် စိုစွတ်လာခဲ့သည်။
စိတ်နတ်ဆိုးတစ်ကောင်သည် အမှောင်ရိပ်ထဲမှ ထွက်လာခဲ့ပြီး ၎င်း၏မျက်နှာသည် ရုပ်ဆိုးပြီး ရယ်စရာကောင်းလှသည်။
မလာနဲ့....မလာနဲ့...
သူမသည် ကျဉ်းမြောင်းသော သိုလှောင်ခန်းတစ်ခုထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့လိုက်ပြီး သူမ၏ စိတ်ထဲမှ ဆုတောင်းနေမိသည်။
သူမ အသက်ရှင်ချင်သည်...သူမသည် အခုမှအသက်ဆယ့်ခုနစ်နှစ်သာရှိသေးပြီး သူမ၏ရှေ့တွင် ရှည်လျားသောအနာဂတ်လမ်းကြီးရှိသေးသည်။ ညအချိန်ကုန်ဆုံးသွားပြီး မိုးလင်းလာသည့်ခါကြ သူမသည် အစွမ်းကုန် ကြိုးစားပြီးလွတ်မြောက်ကြောင်ကြိုးစားသွားမှာ သေချာသည်။
ပိုင်ယွဲ့သည် တစ်ကိုယ်လုံး တုန်ခါသွားသည်အထိ ကြောက်ရွံ့သွားပြီး မြေပြင်ပေါ်ရှိ ရှည်လျားသော အရိပ်တစ်ခုက သူမကို ဖုံးကွယ်သွားသည်ကိုပင် သတိမထားမိလိုက်ပေ။
စိတ်နတ်ဆိုးအကောင်သည် တမင်တကာ တိတ်ဆိတ်နေခဲ့သည်။ သူတို့သည်ရှင်းရှင်းလင်းလင်း မတွေးနိုင်ကြသော်လည်း...သူတို့၏ ဆိုးညစ်သောသဘောသည် ဤရုပ်ဆိုးသော ခန္ဓာကိုယ်အတွင်းတွင် တစ်စစကြီးထွားလာပုံရသည်။
ထိုအကောင်သည်တမင်တကာ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာခဲ့ပြီး ခြေလက်များကို ဖြည်းညှင်းစွာ ရွှေ့လာခဲ့သည်- ထိုအကောင်သည် ရယ်နိုင်ပါက သေချာပေါက်ရယ်မောနေပေလိမ့်မည်။
သို့ပေမယ့် မကြာခင်မှာပင် သူ၏ရွေ့လျားမှုများရပ်တန့်သွားခဲ့ပြီး သူ့၏ဗလာကျင်းနေသော မျက်လုံးများသည် မှောင်မည်းနေသော လှေကားထစ်ဆီကို လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် လူတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေခဲ့သည်။
စိတ်နတ်ဆိုးကောင်က ကောင်မလေးကို တိတ်တဆိတ်စောင့်ကြည့်နေချိန်တွင်လည်း သူသည်လည်း ထိုစိတ်နတ်ဆိုးကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် နျဲ့ရှီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် စိတ်နတ်ဆိုးအကောင် လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့တော့သည်။
တစ်ဖက်တွင် လီရှောင်အန်းသည် လုံးဝသေဆုံးသွားခဲ့ပြီဖြစ်သည်။ ရှဲ့ယင်း၏ လေးနက်သော အမူအရာကို မြင်လိုက်ရတာကြောင့် ချောင်ယန် ရုတ်တရက်ထပြောလိုက်သည်။
"ရယ်စရာတစ်ခု ပြောပြရမလား..."
ရှဲ့ယင်းက မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်သည်။
"နင့်ရဲ့ 'ရယ်စရာ' ဆိုတာကြီးကို ငါသံသယရှိတာမို့လို့ နင်အဲ့အကြောင်းကို မပြောဘဲနေတာပိုကောင်းမယ်"
"နားမထောင်ရင် နောင်တရမှာနော်...တကယ်...! တကယ်အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... အဲဒါကို စောင့်ကြည့်ဖို့ အချိန်အများကြီးတောင်ကြာခဲ့တာ"
"......ဘာလဲ"
"စိတ်နတ်ဆိုးကောင်တွေက နျဲ့ရှီကို ကြောက်တယ်သိလား"
ချောင်ယန်က ရယ်မောလိုက်ပြီး "စိတ်ဝင်စားဖို့ကောင်းတယ် မလား! အဲ့ဒီဉာဏ်မရှိအတွေးမရှိတဲ့အကောင်တွေတောင်မှ နျဲ့ရှီကို ကြောက်တယ်ဆိုတော့...သူက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲ!"
ရှဲ့ယင်းက နှစ်ကြိမ်ခန့် သရော်လိုက်ပြီး "အေး... စိတ်နတ်ဆိုးကောင်တွေတောင်မှ နျဲ့ရှီကို လွယ်လွယ်ရန်မစသင့်မှန်းသိတယ်... နင့်မှာ သူ့ကို ထပ်ခါထပ်ခါ ရန်စဖို့ သတ္တိရှိတွေဘယ်ကနေရလာတာလဲဆိုတာငါသိချင်မိသား"
စောနက ဖြတ်ခံထားရသော လက်လိုမျိုး သူ့ဦးနှောက်ကိုသူ ဘောလုံးတစ်လုံးလို ကန်ထုတ်ပစ်လိုက်ပြီလားဆိုတာသိချင်မိသည်။
##
ပိုင်ယွဲ့သည် ကြောက်စိတ်ဖြင့် မျက်လုံးများကို တင်းတင်းမှိတ်ထားခဲ့သည်။ ခဏကြာသည်အထိ သူမပတ်ဝန်းကျင်တွင် ဘာမှဖြစ်မလာခဲ့ပေ။
သူမ...လွတ်မြောက်သွားခဲ့ပြီ...
သူမ ပျော်ဖို့အချိန်မရခင်မှာပဲ မတ်တတ်ထရပ်လိုက်သည်နှင့် ခေါင်းထက်ရှိ သစ်သားဘုတ်ကို မတော်တဆ တိုက်မိခဲ့သည်။ အသုံးအဆောင်အခန်းတွင် ပစ္စည်းမျိုးစုံရှိ၍ အကန့်တစ်ခုတွင် စုတင်ထားသည်။
ဆေးပုံးတစ်ပုံးသည် ပြုတ်ကျလာခဲ့ပြီး သူမ၏လက်ကို ထိမှန်လာခဲ့သည်။ သူမသည် ညည်းညူလိုက်မိချိန်မှာပဲ နောက်ကျောကို သစ်သားဘုတ်ပြားတစ်ခုဖြင့် ထိုးမိပြန်သည်။ သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်မိကာ သွေးကဲ့သို့ ခံစားရသည့်အရည်များသည် မြေပြင်ပေါ် ကျလာခဲ့သည်။ သုတ်ဆေးများသည် ပိုင်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေခဲ့ပြီး အနီရောင် အစွန်းအထင်းများသည် မိန်းကလေး၏ လှပသောစကတ်ပေါ်မှပြုတ်ကျလာကာ မြေပြင်ပေါ်သို့ စီးကျသွားခဲ့သည်။
ပိုင်ယွဲ့သည် ပျို့အန်ချင်လာမိသည်။ သုတ်ဆေးသည် စူးရှသောအနံ့ကိုပေးစွမ်းသော်လည်း သုတ်ဆေူအနံ့မဟုတ်နေပေ။ ယင်းအစား...ဆီးသေးများကဲ့သို့ညှီစို့စို့ငါးညှီနံ့များက သူမ၏ ခန္ဓာကိုယ်တွင် စွဲကပ်နေရာ ပို၍ပင်သည်းမခံနိုင်ဖြစ်လာခဲ့သည်။
သွေးနှင့်တူသောအရောင်များသည်သူမ၏အဖြူရောင်စကတ်ပေါ်တွင် ရိုက်နှိပ်ထားသလိုဖြစ်နေပြီး သူမ၏ပါးပြင်တွင်လည်း ပေနေခဲ့သည်။
စာသင်ခန်းတစ်ခုအတွင်း၌ လျိုကျားယွီ သည် ပြတင်းပေါက်ဘေးရှိထိုင်ခုံတွင် ထိုင်နေကာ လရောင်က သူ့အပေါ်မှ ဖြာကျနေပြီး ဆံပင်တစ်ဝက်အုပ်နေသော သူ့မျက်နှာကို လင်းလက်တောက်ပစေခဲ့သည်။
ဖန်ချန်းသည် အခန်းထဲသို့ လျှောက်လာခဲ့ကာ ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်၍ လျိုကျားယွီ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"အစ်ကို ကျားယွီ...ဘာကြည့်နေတာလဲ"
ဖန်ချန်းက မေးလိုက်သည်။
လျိုကျားယွီသည် သူ့ခေါင်းကို လှည့်လိုက်သည်။ လရောင်သည် ကောင်လေး၏ ဆံပင်ပေါ် ဖြာကျတောက်ပနေကာ လှပသည့် မျက်လုံးများကိုလည်း လင်းလက်စေခဲ့သည်။
ထိုအမျိုးသားသည် ဖန်ချန်း၏ရုတ်တရက်ပေါ်ထွက်လာမှုကို မေးခွန်းမထုတ်ဘဲပြောလာခဲ့သည်။
"ငါ့မှာ မင်းနဲ့အသက်တူတဲ့ ညီမလေးတစ်ယောက်ရှိတယ်ဆိုတာ ငါအရင်ကပြောဖူးတယ်မလား"
ဒါက သိပ်မကြာသေးပေ။ထို့နေ့တွင် ဓာတ်လှေကားအပြင်ဘက်၌ ဖန်ချန်းနဲ့တွေ့ခဲ့သည်။ ဖန်ချန်းသည် သူ့ညီမလေးကျောင်း၏ ကျောင်းဝတ်ဆုံကို ဝတ်ထားသဖြင့် သူခဏတာ မိန်းမောသွားခဲ့ရသည်။
ဖန်ချန်းက သူ့ကို နှုတ်ဆက်လာခဲ့ပြီးတာနဲ့ သူက သူ့အောက်ထပ်မှအိမ်နီးနားချင်းပဲဆိုတာကို မှတ်မိလာခဲ့သည်။
"ဖန်ချန်း.. ငါမင်းကိုတကယ်သိတာလား"
လျိုကျားယွီကရုတ်တရက်ထမေးလာခဲ့သည်။
"ငါဘယ်တုန်းကမင်းကိုသိတာလဲ.."
ဖန်ချန်း သူ့ကိုကြည့်လာရင်းပြောလာခဲ့သည်။
"အစ်ကိုက ကျွန်တော့်ကိုမသိဘူးဆိုရင် ကျွန်တော့်နာမည်ကို အစ်ကိုကျားယွီ ဘယ်လိုလုပ်သိမှာလဲ"
လျိုကျားယွီသည် ရယ်မောလိုက်မိသည်။
သူသည် ရယ်လိုက်သောအခါတွင် ပိုကြည့်ကောင်းပေသည်။
"ဟုတ်ပြီ မင်းမှန်တယ် ငါမင်းကိုသိတယ်..."
လျိုကျားယွီက ခေါင်းကိုလှည့်ပြီး ပြတင်းပေါက်ကိုပြန်ကြည့်လိုက်သည်။
"ကျန်းယန် သေသွားပြီ ကျန်းရှင်းယွီလည်း သေသွားပြီ...နောက်အလှည့်က ပိုင်ယွဲ့လား"
သူက ဖန်ချန်း၏အဖြေကို စောင့်မနေဘဲ ဆက်ပြောလာသည်။
"ငါ့ညီမလေးလည်း ပြတင်းပေါက်နားမှာ ထိုင်ဖူးတယ်။သူမက အကျင့်စာရိတ္တကောင်းမွန်ပြီး နာခံတတ်တဲ့သူလေ.. သူမပြုံးလိုက်တဲ့အခါတိုင်း အရမ်းလှတာပဲ... သူမက အမှတ်လည်းကောင်းပြီးတော့ ဘဲလေးပညာကိုလည်း သင်ယူခဲ့သေးတာ... အလယ်တန်းကျောင်းနဲ့ထွက်ခဲ့တဲ့ သူ့အစ်ကို... ငါ့ထက် အရည်အချင်းပိုရှိတယ်"
ယနေ့ည၏ လသည်အခြမ်းလည်းမဟုတ် အဝိုင်းမဟုတ်ပဲ..အပိုင်းအစတစ်ခု ပျောက်ဆုံးနေပုံရခဲ့သည်။
"သူမက အရမ်းဂျစ်ခဲ့တာလေ... အမြဲတမ်းရယ်မောနေပြီး ဆူညံနေတတ်တာ... ငါတို့အဖွားကဆို သူမကအရမ်းဆိုးပြီး မိန်းကလေးလို လုံးဝမနေတတ်ဘူးလို့ အထိပြောခဲ့တာ... ဒါပေမယ့် ...အထက်တန်းကျောင်းပြီးခါနီးလောက်မှာ သူမကပိုတည်ငြိမ်လာပြီးတော့...ယဉ်ကျေးစွာနဲ့ပဲ တိုးတိုးလေးပဲပြောတတ်လာတော့တယ်..."
လျိုကျားယွီက သူနှင့်ဆန့်ကျင်ဘက်ရှိဖန်ချန်းကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက တိတ်ဆိတ်ငြိမ်သက်နေကာထပ်ပြောလာခဲ့သည်။
"အဲ့တာ..ဘာကြောင့်လို့ထင်လဲ"
သူတို့သည် သူမ၏စာအုပ်များကို ဆုတ်ဖြဲခဲ့ကြကာ ပိုးဟပ်များကို ခဲတံအိတ်ထဲထည့်ခဲ့ကြသည်။ သူမ၏အသံသည် အတုအယောင်ဟု ဆိုကာ သူမအစ်ကိုက လူဆိုးဂိုဏ်းတစ်ခုကတေလေဂျပိုးဟု ဆိုကြ၍ စာသင်ခန်းတစ်ခုလုံးရှေ့တွင် “ဒါကစတာလေးပဲဟာ နင် စိတ်ဆိုးမှာမဟုတ်ဘူး ဟုတ်တယ်မလား“ ဆိုပြီးအနိုင်ကျင်ခဲ့ကြသည်။
သူမသာစိတ်ရှည်ရှည်ထားရင် အရာအားလုံးပြီးသွားမှာပါဟုမိန်းကလေးက တွေးခဲ့သည်။
သို့သော်ထိုအတွေးက လူသုံးယောက် သူမကို အိမ်သာထဲ၌ ပိတ်ဆို့ထားချိန်အထိသာခံခဲ့သည်။ ကျန်းယန်သည် သူမ၏ ကျောင်းအင်္ကျီများကို ဆွဲချွတ်ခဲ့ပြီး သူမရုန်းကန်နေတာကြောင့် ကော်လာများကို စုတ်ဖြဲကာချွတ်ခဲ့သည်။ ကျန်းရှင်းယွီသည် သူမ၏လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမ၏သေးသွယ်သောလက်ကောက်ဝတ်များတွင် လက်သည်းများဖြင့်ခြစ်ကာ ခြစ်ရာများချန်ထားခဲ့သည်။ ပိုင်ယွဲ့သည် သူမ၏ဖြူဖွေးသောအတွင်းခံဘောင်းဘီနှင့် အသားရောင်ကိုယ်ထည်ကို ဓာတ်ပုံရိုက်ရန်အတွက် တာဝန်ယူထားခဲ့သည်။
သူတို့ကပြောခဲ့ကြသည်။
"ဟဲ့ နင့်အစ်ကိုက လူဆိုးဂိုဏ်းကဆို.. တောင်းပန်ပါတယ် နင့်အစ်ကိုက ငါတို့ကို လက်စားလာချေမှာကိုကြောက်လိုက်တာနော်... စိတ်မပူပါနဲ့ နင်နာခံနေသမျှတော့ ဒီဓာတ်ပုံတွေကို ဘယ်သူ့ကိုမှ မပေးဘူး"
အပေါ်ထပ်၌ ပိုင်ယွဲ့သည် သုတ်ဆေး၏ အပူချိန်ကြောင့်မခံမရပ်နိုင်အောင် ပူနေခဲ့သည်။ ဝတ်စုံ၏ တစ်စိတ်တစ်ပိုင်းသည်အရည်ပျော်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာများဖြစ်လာခဲ့သည်။ အနီရောင်များသည် ဆေး၏အရောင်မဟုတ်တော့ဘဲ သူမ၏ကိုယ်ပိုင်သွေးများဖြစ်လာခဲ့သည်။
"ငါ့ညီမလေး သေသွားတုန်းက သူမ...သူမကအသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတာ... အသက်ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့တောင် မလုပ်ခဲ့လိုက်ရဘူး..."
လျိုကျားယွီသည် စာသင်ခန်းထဲတွင် စကားပြောနေသေးဆဲဖြစ်သည်။
"သူမ ခေါင်မိုးပေါ်ကနေ ခုန်ချပြီး သေဆုံးသွားခဲ့တယ်...ဘာလို့... ဘာလို့ သူတို့ကျ မသေသွားရတာလဲ!!"
ပြတင်းပေါက်သည် ပွင့်နေခဲ့ပြီး လေပြည်လေးက ညင်သာစွာ တိုက်ခတ်လာခဲ့ကာ ကောင်မလေး၏ နှလုံးခုန်သံများနှင့် ပြတ်သားစွာ ခြားနားနေခဲ့သည်။
ပိုင်ယွဲ့သည် သူမ၏ ခန္ဓာကိုယ် တစ်ဝက်ကို အပြင်သို့ ဆန့်ထုတ်လိုက်ပြီး ခေါင်းကို အပြင်းအထန် ခါယမ်းကာ "မဟုတ်ဘူး" ဟု ပြောလိုက်သည်။
မသေချင်သေးဘူး...သူမ မသေချင်သေးဘူး...
"အဲ့ဒီလူသုံးယောက်ကို သူမဖုန်းမှာတွေ့ခဲ့ရတယ်... သူတို့အရမ်းသတ္တိရှိတဲ့ပုံပဲ အဲ့ဗီဒီယိုတွေကို ညီမလေးဆီကို သူတို့ကိုယ်ပိုင်အကောင့်ကနေ တိုက်ရိုက်ပို့လာခဲ့တယ်လေ...."
လျိုကျားယွီသည် သူ့မျက်နှာ အပြည့်ကို ထုတ်ဖော်ပြသရန် တံကောက်ဆစ်ကို မြှောက်လိုက်သည်။
“ငါက.. ပညာမတတ်ဘူး..အဲ့တာကြောင့်ကျောင်းမှာရှိချင်ရင်တောင်မှ သန့်ရှင်းရေးသမားတစ်ယောက်အနေနဲ့ပဲ စလုပ်လို့ရတယ်.. သူတို့ သိသွားမှာကြောက်လို့ တစ်နှစ်ပတ်လုံး စောင့်ခဲ့ရတယ်..ဒါကြောင့် ဒီဆံပင်တွေနဲ့ ငါ ဖုံးထားလိုက်တာ..."
"နောက်ဆုံးတော့ ဘယ်သူမှ ငါ့ကို အသိအမှတ်မပြုတော့ဘူး... ငါ့နာမည်ကို ဘယ်သူမှ မမေးကြဘူး"
လျိုကျားယွီက အလွန်အမင်း ရွဲ့စောင်းစွာ ပြုံးလိုက်ပြီး "ငါ့ညီမလေးကိုလည်း ဘယ်သူမှ မမှတ်မိကြဘူးထင်တယ်...သူမက ကိုယ့်ကိုကိုယ် သတ်သေခဲ့ရတာလေ"
ပိုင်ယွဲ့သည် လက်နှစ်ဖက်ဖြင့် ပြတင်းပေါက်ဘောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏ လက်နှစ်ဖက်မှာ ဆုတ်ပြဲလုမတတ် ဖြစ်နေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် တိုက်ပေါ်မှမခုန်ဆင်းစေရန်ကို မတားနိုင်ခဲ့ပေ။ ဤအခိုက်အတန့်တွင် သူမ၏ အာရုံထဲ၌ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
နျဲ့ရှီက အဲဒီနေရာတွင် ရပ်နေခဲ့သည်။
"ကယ်ပါ…" သူမသည် မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရသလိုမျိုးအော်လာခဲ့သည်။
"ဒါဆို အရင်က ကျန်းယန်နဲ့ ကျန်းရှင်းယွီကို ဘာလို့ ကယ်ခဲ့တာလဲ... သူတို့ကို အရမ်းသေစေချင်ခဲ့တာ သေချာတာပဲမလား"
ဖန်ချန်းက လျိုကျားယွီကို မေးလိုက်သည်။
လျိုကျားယွီ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ ဘာမှ မပြောပေ။ အချိန်အတော်ကြာပြီးနောက် သူကပြောလာခဲ့သည်။
"ငါ မသိဘူး"
မိန်းကလေးတစ်ဦး၏ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရသည်။
နျဲ့ရှီက သူမကို မမြင်ချင်ယောင်ဆောင်ကာ ပြတင်းပေါက်ဘက်ကို လှမ်းကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
ပိုင်ယွဲ့၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများနှင့် ပြည့်နေခဲ့သည်။ နောက်ဆုံးတော့ နျဲ့ရှီကစိတ်မရှည်တော့ဘဲ သူမကိုကြည့်ရင်းပြောလိုက်သည်။
"မင်းဘယ်အချိန်မှခုန်မှာလဲ"
လျိုကျားယွီ၏ရှေ့သို့ ရေအပြည့်ခွက်တစ်ခွက်ကို တွန်းပို့လိုက်သည်။ ဖန်ချန်း၏မျက်လုံးများသည် မှောင်မိုက်သောညနှင့် လိုက်လျောညီထွေမရှိနေကာ နေရောင်ကဲ့သို့နွေးထွေးပြီး ပယင်းရောင်သန်းနေ၏။
"အကြာကြီးပြောလိုက်ရတော့ ရေငတ်နေလောက်မှာ... သောက်လိုက်ပါဦး... ကျွန်တော့်ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"
ဖန်ချန်းက ပြောလိုက်သည်။
လျိုကျားယွီက ရေခွက်ကို ချက်ချင်းမယူခဲ့ပေ။ ရေဖန်ခွက်ကို ငုံ့ကြည့်ပြီးနောက် ပြတင်းပေါက်ဘက်ကို လှည့်ကြည့်လိုက်သည်။
ဖန်ချန်းသည် သူ့ကို မတိုက်တွန်းခဲ့ဘဲ စိတ်အေးအေးထားကာ သူနဲ့အတူ ကြည့်နေခဲ့သည်။
အပေါ်ထပ်မှ အနီရောင်နှင့် အဖြူရောင်ရောနေသည့်လူတစ်ယောက် ပြုတ်ကျလာခဲ့သည်။
ပိုင်ယွဲ့သည် နျဲ့ရှီ၏ အကြည့်အောက်မှာပဲ ပြုတ်ကျသွားခဲ့ပြီး ထိုအချိန်တွင် သန့်ရှင်းမှုကို နှစ်သက်သော မိန်းကလေးတစ်ယောက်အား နောက်ဆုံးတွင် သူမ သတိရမိသွားခဲ့သည်။
သိသာထင်ရှားသည်၊ အစတွင် သူသည် သူမ၏ mysophobia ကို မခံမရပ်နိုင်ဖြစ်ပြီး၊ ထို့နောက်တွင် သူမ တစ်ကိုယ်လုံးကို မထိန်းချုပ်နိုင်တော့ပေ။ သူမမသေဆုံးမီတွင် လျိုကျားယွီနှင့် အလွန်ဆင်တူသော မိန်းကလေးမျက်နှာတစ်ခုသည် သူမ၏စိတ်ထဲတွင် ဖျော့တော့စွာပေါ်လာခဲ့ကာ လင်းလက်လာခဲ့သည်။
သူမဘာကိုမှ အဖြေရှာဖို့ အချိန်မရခင်မှာပဲ သူမ၏ ဦးနှောက်ထဲကသွေးများက မြေပြင်ပေါ်ပြန့်ကျဲသွားသောကြောင့် သူမတွင်တွေးနိုင်စွမ်းထပ်မရှိတော့ပေ...
လျိုကျားယွီသည် ဤအရာများအားလုံးကို ငြိမ်သက်စွာကြည့်ခဲ့ပြီးနောက်တွင် စားပွဲပေါ်ရှိရေကို ကောက်ယူလိုက်ပြီး ဖန်ချန်း၏အကြည့်အောက်မှာပဲ အားလုံးကို သောက်ချလိုက်သည်။
"တိုက်ဆိုင်လိုက်တာ! ငါ အဲ့လူယုတ်မာသုံးယောက်ကို သေအောင်အဆိပ်ခတ်ဖို့ စီစဉ်ခဲ့တာ..."
လျိုကျားယွီ၏ ပါးစပ်ထောင့်များ သွေးများ စီးကျလာကာ ပြောလိုက်သည်။ သူ့ပါးစပ်မှ သွေးများစွာ ထွက်ကျလာခဲ့သည်။
"ဟက်.. ဒါပေမယ့် ငါမျှော်လင့်ထားတာထက်တောင် ပိုသနားစရာကောင်းအောင် သေဆုံးသွားတာကို တွေ့ရတော့ အရမ်းကျေနပ်မိတယ်"
ကောင်လေးသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့မျက်နှာငယ်၌ ကြာရှည်စွာ ပုပ်ပွနေသော နှလုံးသားထဲမှအတွေးကို ထုတ်ဖော်ပြလိုက်သည်။ ခြေလက်တွေ တွန့်ကွေးနေကာ မြေပြင်ပေါ်၌ လဲလျောင်းနေသည့် အမျိုးသားကို ကြည့်ရင်း သူ့မျက်တောင်များက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
လျိုကျားယွီသည် တစ်ခုခု ပြောချင်နေပုံရပေမယ့် ချောင်းဆိုးတာက ပိုပြီးပြင်းထန်လာခဲ့သည်။ သူ့နှလုံးနေရာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့လည်ချောင်းထဲမှ သွေးများပိုထွက်ကျလာခဲ့သည်။
ရုတ်တရက် သူကခေါင်းကိုမော့လာပြီး ဖန်ချန်းကိုကြည့်ကာ ခက်ခက်ခဲခဲနဲ့မေးလိုက်သည်။
"မင်းရော.. ဘာပြစ်မှုကျူးလွန်ခဲ့တာလဲ"
ဖန်ချန်းက ပြန်မဖြေခဲ့ပေ...
ကြမ်းပြင်ပေါ်ရှိ ယောက်ျားသည် သူ့၏နောက်ဆုံးခွန်အားကို အသုံးပြုလိုက်ပြီးစကားတစ်ခွန်းထပ်ပြောလိုက်သည်။
"ရေ...က ချိုတယ်"
ဖန်ချန်းသည် ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။
"အင်း... အဲဒီထဲမှာ သကြားခဲထည့်ထားလို့"
ခဏအကြာတွင် လျိုကျားယွီသည် လုံးဝတိတ်ဆိတ်သွားခဲ့သည်။
ဖန်ချန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး တံခါးဝတွင် ထိုင်နေပြီး အမြီးကိုခါယမ်းနေသော ကြောင်ကို ကြည့်လိုက်ကာပြောလိုက်သည်။
"ဘာလဲ...မင်းငါ့ကို ဘာလို့ ထပ်ပြီး စူးစမ်းနေတာလဲ.. ရေထဲကို သကြားထည့်လို့တောင် မရဘူးလား"
ကြောင်က မကြားသလို လက်နှစ်ဖက်ကို မြှောက်ကာ မျက်နှာကိုပွတ်သပ်ဖို့သာ အာရုံစိုက်ခဲ့သည်။
ဖန်ချန်းသည် သက်ပြင်းချလိုက်ပြီး လှေကားနားရှိ နျဲ့ရှီကို တွေ့ဖို့ ထွက်သွားလိုက်သည်။ သူကလက်ကို မြှောက်ပြီးပြောလိုက်သည်။
"မစ်ရှင်တော့ပြီးသွားပြီ.. မင်း hight-five လုပ်ချင်လား"
နျဲ့ရှီသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း လက်နှစ်ဖက်ကို မြှောက်ကာ ဖန်ချန်းကို တိုက်ရိုက်ပွေ့ဖက်လိုက်၍ သူ့နားအနားကပ်ပြောလိုက်သည်။
"မင်း ကောင်းကောင်းလုပ်ခဲ့တယ်"
ဖန်ချန်းသည် ရယ်မောလိုက်ပြီး နောက်ဆုံးတွင် မျက်လုံးမှိတ်ကာ ပြန်ပွေ့ဖက်လိုက်သည်။
နောက်ဆုံးတွင် မိုးကုတ်စက်ဝိုင်းတွင် တောက်ပသော ကွက်လပ်တစ်ခုက ပေါ်လာခဲ့သည်။
ကျောင်းတံခါး၌ လူနှစ်ယောက် ရပ်နေခဲ့သည်။
ချောင်ယန်က ရှဲ့ယင်းကို မေးလိုက်သည်။
"သူတို့ ဘယ်တော့မှ ထွက်လာကြမှာလဲ"
ရှဲ့ယင်းသည် သူမ၏ ထက်မြက်သော ခေါင်းဖြင့် တွေးလိုက်ကာ "သူတို့ ပျင်းဖို့ ကောင်းတဲ့အထိနေကြအုံးမှာ...ငါတို့အရင် ပြန်သွားပြီး တင်ပြကြရအောင် လာ"
"ဟင့်အင်း..."
ချောင်ယန့်စကားဆုံးမသတ်ရသေးခင်မှာပဲ ရှဲ့ယင်းက သူ့ကို ကော်လာကနေ ဆွဲခေါ်သွားတော့သည်။
ကျောင်းဝင်းထဲ၌ ဖန်ချန်းသည် ဒန်းပေါ်တွင်ထိုင်နေကာ ခြေထောက်နှစ်ဖက်ကိုကွေးပြီးပြောလိုက်သည်။
"ငါပြန်သွားတာနဲ့ နဂိုအခြေအနေအတိုင်း ပြန်ပြောင်းသွားတော့မှာ..."
နျဲ့ရှီက ခေါင်းညိတ်လိုက်ပြီး သူ့လက်ချောင်းလေးများကို ညင်သာစွာ ကိုင်လိုက်သည်။
"ဘာမှပြောစရာမရှိဘူးလား"
ဖန်ချန်းက ခေါင်းကို မော့လိုက်ပြီး "ဒါက ငါ့ရဲ့အသက်ဆယ့်ခုနစ်နှစ်အရွယ်လေ"
"ကိုယ်မင်းကိုနမ်းချင်တယ်..." နျဲ့ရှီက ပြတ်ပြတ်သားသားပြောလိုက်သည်။
ဖန်ချန်းက မျက်တောင်ခတ်လိုက်ပြီး "ငါတို့အရင်က မနမ်းဖူးလို့လား"
"နောက်ထပ်ထပ်နမ်းကြမယ်.."
ဖန်ချန်းသည် အမှတ်တမဲ့ ခေါင်းညိတ်ပြလိုက်သော်လည်း မရပ်တန့်တော့ဘဲ နျဲ့ရှီအား နာခံစွာပင်နမ်းခွင့်ပေးသည်။
ထိုလူက သူ့ကို ကြည့်လိုက်သည်။ ဆယ့်ခုနစ်နှစ်အရွယ် ဖန်ချန်းသည် အလွန်ချစ်စရာကောင်းလှသည်။ သူသည် ဖန်ချန်း ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘယ်လိုပုံစံပဲဖြစ်ဖြစ် သဘောကျပေသည်။
"ကိုယ်...မင်းကိုသဘောကျတယ်"
နျဲ့ရှီက ဖန်ချန်း၏ လည်ပင်းကို ကိုင်ထားကာ မလှုပ်မရှားပြောလိုက်သည်။
"မင်းအသက်နှစ်ဆယ်အရွယ်မှမဟုတ်ဘူး... ဆယ့်ခုနှစ်နှစ်အရွယ်မှာလည်း မင်းကိုအရမ်းကြိုက်တယ်။"
သူသည် ကောင်လေးကို ထပ်နမ်းလိုက်သည်။
နမ်းလိုက်ပြီးနောက် ဖန်ချန်းသည် သူ့လည်ပင်းကို သိုင်းဖက်လိုက်ကာ မျက်လုံးများကွေးညွှတ်ပြီးပြောလိုက်သည်။
"ငါ့မှာ အပြစ်ရှိတယ်.."
"ဘာလဲ" နျဲ့ရှီက တိုးတိုးလေးညင်သာစွာဖြင့်မေးလိုက်သည်။
"ငါ့..အပြစ်က လူမဝင်စားလို့မဟုတ်ဘူး.... ငါကမင်းနဲ့အတူ ထာဝရရှိနေချင်လို့ပဲ"
နျဲ့ရှီက သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာခဲ့ပြီးပြောလာခဲ့သည်။
"ဒါဆို ကိုယ်ရောပဲ..."
မနက်မိုးလင်းလာသည်အထိ သူတို့နှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာများကို တစ်ဖန်ပြန်ဖော်ပြနေခဲ့ကြသည်။
နေ့သစ်တစ်ခုသို့ရောက်လာခဲ့ပြီဖြစ်သည်။ မရေမတွက်နိုင်သောညများပြီးနောက်တွင်.. မိုးလင်းစပြုလာတော့သည်။