Chapter 116
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁၆)

"အိုဖီလီယာ"

အိမ်တော်သို့ ပြန်ရောက်ပြီးသည်နှင့် ဆိုဗက်စ်စတာက ကျွန်မနောက်သို့ တကောက်ကောက် လျှောက်လိုက်နေတော့သည်။

"အိုဖီလီယာ"

ကျွန်မ ပြန်မဖြေခဲ့လျှင်တောင်မှ သူက ထိုသို့ တတွတ်တွတ်လိုက်ခေါ်နေခဲ့သည်။

"အိုဖီလီယာ ...ကိုယ့်ကို ပြန်ဖြေပါဦး။"

ကျွန်မ အသက်ပြင်းပြင်း ရှူပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။

"စောစောကပဲ ရှင်ခေါ်နေတာကို ပြန်ဖြေပြီးပြီလေ၊ဒါတွေပဲ ထပ်တလဲလဲ ပြောနေဦးမှာလား။"

ကျွန်မ၏စကားကြောင့် ဆိုဗက်စ်စတာက အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် လည်ကုပ်ကို လက်ဖြင့် ပွတ်နေခဲ့သည်။ကျွန်မ မျက်လုံးများကို မှေးကျဥ်းပြီး ကြည့်လိုက်သည်။

"ရှင် ဘာဖြစ်နေတာလဲ။"

"ဘာလို့လဲဆိုတော့"

"ကြည့်ပါလား၊ အဲ့ဒီ 'ဘာဖြစ်လို့လဲဆိုတော့' ကိုပဲ ရှင် ဆက်ပြောနေပြန်ပြီ။"

"မဟုတ်ဘူး၊ဘာဖြစ်လို့လဲဆိုတော့လို့ မပြောရင် ကိုယ်က တခြားဘာကို ပြောရမှာလဲ။"

တစ်ချိန်တည်းတွင် ဆိုဗက်စ်စတာက ကျွန်မနောက်သို့ လျှောက်လိုက်နေသေးသည်။

"အာ ...ကျွန်မနောက်ကို လျှောက်မလိုက်နဲ့တော့!"

ကျွန်မ မျက်ကလူးဆန်ပျာဖြင့် ဆိုဗက်စ်စတာကို တွန်းထုတ်လိုက်မိသည်။

ကျွန်မ ရှက်နေမိသောကြောင့်ပင်။

ရှင်သာ ကျွန်မဘေးနားမှာ ရှိနေရင် နှလုံးခုန်တာ အရမ်းမြန်ပြီး မျက်နှာကပါ နီရဲနေတော့မှာ။ကျွန်မ ရူးသွားလိမ့်မယ်လို့!

သို့သော် ဆိုဗက်စ်စတာက အမှန်ပင် ဘာမှ မဖြစ်သည့်နှယ်။

ထို့ကြောင့် တစ်မျိုးတစ်ဖုံ စိတ်ညစ်စရာကောင်းလှသည်။

သူက ဘယ်လိုလုပ်ပြီး ဒီလောက်အဆင်ပြေပြေ ဖြစ်နေရတာလဲ။

"ရှင် လုံးဝကို မရှက်မိဘူးလား။"

"ရှက်တာပေါ့ ၊ဒါပေမဲ့ ကိုယ် မင်းရဲ့အရှေ့မှာ ဘယ်တော့မှ ထုတ်ပြမှာ မဟုတ်ဘူး။"

"ဒါဆို စကားမပြောနဲ့!"

"ကိုယ်သာ စကားမပြောရင် မင်း ကိုယ့်ကို ကြိုက်မှာ မဟုတ်ဘူး။ကိုယ်က စကားပြောတဲ့နေရာမှာ တော်လို့ မင်း ကိုယ့်ကို ကြိုက်တာ မဟုတ်လား။"

သူက စကားပြောသည့်နေရာတွင် အမှန်ပင် တော်ပါသည်။

ကျွန်မ မျက်လုံးများကို မှေးကျဥ်းပြီး ကြည့်လိုက်ပြန်၏။

"ရှင့်မှာ  လုပ်စရာအလုပ်တွေ အများကြီးရှိမှာပဲ။ဒီတော့ မြန်မြန်လေး အလုပ်သာ သွားလုပ်ပါတော့။"

"ဟင့်အင်း ...ကိုယ် ဒီနေ့ ကစားမှာ။"

နေးလ်သာ ကြားလျှင် သူ့လည်ကုပ်သူ ဖိ၍ မေ့လဲသွားနိုင်လောက်သည့် ဆူညံသံတစ်ခုကို ဆိုဗက်စ်စတာက ပြုလုပ်လိုက်ပြီး ကျွန်မ၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

"ကိုယ် မင်းအနားမှာ ရှိနေရတာကို သဘောကျတယ်။ဒါကြောင့်မို့လို့ မင်းနဲ့အတူ ရှိချင်တာ။ဒါပေမဲ့ ဘာဖြစ်လို့ ကိုယ့်ကို ငြင်းပယ်နေရတာလဲ။မင်းပဲ ကိုယ့်ကို ကြိုက်တယ်ဆိုပြီး ပြောထားတယ်လေ။"

"အဲ့ ...အဲ့ဒါက"

အိုး ... ရှင် လုံးဝကို မရှက်တတ်ဘူးပဲ။

ကျွန်မ ဝန်မခံနိုင်ဘူးနော်!

ကျွန်မ မျက်လုံးများကို ပြူးကျယ်လိုက်မိပြီး ဆိုဗက်စ်စတာကို စိုက်ကြည့်လိုက်သည်။

"အမှန်ပဲဟာကို၊ဒါပေမဲ့ ကိုယ် ဒီလိုမျိုး မောင်းထုတ်ခံရလိမ့်မယ်လို့ မထင်ထားဘူး။"

"ဘာဖြစ်လို့လဲ"

ဆိုဗက်စ်စတာက သူ အမှန်တကယ်ကို မသိပါ ဟူသော မျက်နှာထားဖြင့် ပြောလေသည်။

"ကိုယ်တို့က စုံတွဲတွေ၊တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို အတည်ပြုထားကြပြီးပြီ၊ဒီတော့ ကိုယ်တို့ အတူတူ ရှိနေသင့်တာပေါ့။"

ပြီးနောက် သူက ကျွန်မကို နောက်ကျောဘက်မှ ပွေ့ဖက်လိုက်သည်။

"ကိုယ် မင်းနဲ့အတူ အိပ်မယ်။"

သူက ကျွန်မ၏လည်ကုပ်ထက်တွင် မျက်နှာအပ်၍ တိုးတိုးလေး ညည်းတွားလေသည်။

"မကြာခင် ညဘက်ရောက်လာပါစေလို့ ကိုယ် မျှော်လင့်တယ်။"

အာ ...ငါ ဒီလောက်မြန်မြန်ကြီး အဆင့်မတက်ချင်ဘူး။

ကျွန်မ အသံမထွက်ဘဲ ညည်းတွားရင်း မျက်လုံးမှိတ်ထားလိုက်မိသည်။

ဖလဲရ်ထံသို့ ရောက်လာခဲ့သော စာမှာ တိုတောင်းလှပါ၏။

[အခုချက်ချင်း ငါ့ရဲ့နန်းဆောင်ကို လာခဲ့ပါ။]

ဖလဲရ် ဒုက္ခတွေ့နေလေပြီ။

လာဂိုက ငါ့ကို ဘာဖြစ်လို့ ခေါ်ရတာလဲ။

ထိုအခြင်းအရာက ကောင်းသောအရာဖြစ်မည်ဟု သူမ မတွေးမိပါ။

သူမတွင် ဆိုးရွားသော ထင်မြင်ချက် ရှိသည်။

သို့သော် မကြာခင်က သူမနှင့် ကယ်လီယန်တို့၏ ဝေးကွာနေခဲ့ရမှုက်ုပြန်စဥ်းစားလိုက်၏။

ကယ်လီယန် အနည်းငယ် ပြောင်းလဲသွားခဲ့ပုံ ရသည်။

သူမသာ ဤအတိုင်း ဆက်သွားနေခဲ့ပါလျှင် သူ၏ပြောင်းလဲသွားသောအချစ်နှင့် ကြုံတွေ့ရပေလိမ့်မည်။

ထိုအနေအထားတွင် ဧကရီရာထူးကို လက်လွှတ်ဆုံးရှုံးလိုက်ရမည် ဖြစ်ပြီး လူထုကြီး၏ဝေဖန်ပြစ်တင်မှုကို ရှောင်လွှဲနိုင်မည် မဟုတ်လောက်ပေ။

ယောကျ်ားဖြစ်သူကို စွန့်ပစ်ပြီး ဧကရီရာထူးကို အိပ်မက်မက်နေသည့် ကောက်ကျစ်စဥ်းလဲသော မိန်းမ။

လူတိုင်းက ထိုသို့တွေးနေကြမည်ဟု သူမ သေချာနေသည်။

သို့သော် သူမအနေဖြင့် နောက်ထပ်အခွင့်အရေးတစ်ခုကို ဖမ်းဆုတ်ထားနိုင်ခဲ့ပါလျှင် ...

[အခုချက်ချင်း ငါ့ရဲ့နန်းဆောင်ကို လာခဲ့ပါ။]

သူမသာ လာဂို၏ကမ်းလင့်မှုကို ဆုပ်ကိုင်ထားနိုင်လျှင် ကွဲပြားခြားနားသွားနိုင်သည် မဟုတ်ပါလော။

ဖလဲရ်၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

စာကို ယူလာပေးခဲ့သော အစေခံရှိရာသို့ သူမက မေးတစ်ချက်ဆတ်ပြီး ပြောလိုက်သည်။

"ကျွန်မ အဲ့ဒီနေရာကို မကြာခင် လာခဲ့ပါမယ်လို့ ကျေးဇူးပြုပြီး စာတစ်စောင် ပို့ပေးပါ။"

ပြီးနောက် သူမ၏ဘေးနားတွင် ရပ်နေသော အိမ်အကူရှိရာသို့ လှည့်လိုက်သည်။

"ရှင် ကျွန်မကို ကူညီပြီး ပြင်ဆင်ပေးနိုင်မလား။အခုက ဒုတိယမင်းသားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရမှာဆိုတော့ ကျွန်မ လှပနေဖို့ လိုတယ်ဆိုပြီး တွေးမိတယ်။"

"ဟုတ်ကဲ့ပါ မဒမ်"

မကြာခင်ပဲ အစေခံက အင်္ကျီချိတ်ဖြင့် ချိတ်ထားသော ဝတ်စုံအများအပြားကို ယူလာပြသည်။ထိုအထဲမှာ အခမ်းနားအကြီးကျယ်ဆုံး ဝတ်စုံကို ဖလဲရ် ရွေးချယ်လိုက်သည်။

ထို့သို့ ရွေးချယ်ခဲ့သည်မှာ သူမ၏စိတ်ထဲတွင် တင့်တယ်ခမ်းနားသော အိုဖီလီယာကို အမြဲတမ်း သတိထားမိနေသောကြောင့် ဖြစ်ပေသည်။သို့သော် ဖလဲရ်ကိုယ်တိုင်က ထိုအချက်ကို သတိမထားမိပါပေ။

ကျွန်မ ရေထဲတွင် တစ်ကိုယ်လုံးကို နှစ်မြှုပ်ထားမိသည်။

အတွေးများနေချိန်တွင် ရေချိုးခြင်းက အကောင်းဆုံးပင်။

နှာခေါင်းဝအနားထိ ရောက်လာသော ရေနွေးနွေးလေးကို ခံစားရင်း ကျွန်မ၏အတွေးများကို ဖြည်းဖြည်းချင်း စုစည်းနေခဲ့ရသည်။

ယနေ့ ကယ်လီယန်က အနည်းငယ် ထူးဆန်းနေခဲ့သည်။

မင်း ငါ့ကို ကူညီပေးမယ်ဆိုပြီး ပြောထားတယ်လေ!

မင်းက ငါ့ဘက်မှာ နေပေးပြီး ငါ့ကို ကူညီပေးပါမယ်လို့ အခေါက်ပေါင်း မနည်းအောင် ပြောခဲ့တာ မဟုတ်ဘူးလား။ဒါပေမဲ့ အခုတော့ ဘာဖြစ်လို့ ... ရုတ်တရက်ကြီး။

ကောင်းပြီ

ကယ်လီယန်အတွက်တော့ အဲ့ဒါက အဓိပ္ပါယ်မရှိသလို ဖြစ်သွားရမှာပဲ။

တစ်စုံတစ်ယောက် သူ့အနောက်ကို လိုက်နေပြီး သူ့ကို ကူညီမယ်လို့ ပြောခဲ့တယ်။ဒါပေမဲ့ အခုတော့ သူမက သူ့ကို မုန်းတီးပြီး ထပ်မကူညီနိုင်တော့ဘူးတဲ့။

ထိုကိစ္စမှာ ကိုးရိုးကားယားဖြင့် အဓိပ္ပါယ်မရှိသလို ဖြစ်နေခဲ့သော်လည်း ဤမျှ ဒေါသဖြစ်လောက်စရာ မဟုတ်ပေ။

မင်းတို့နှစ်ယောက်

ငါ ဘယ်လို ကိုင်တွယ်မလဲဆိုတာ သေချာကြည့်နေလိုက်။

ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စအတွက် မင်းတို့ နောင်တရလာအောင် ငါ လုပ်ပြမယ်။

အဘယ့်ကြောင့် သူ အလွန်ဒေါသတကြီး ဖြစ်နေခဲ့သည်ကို ကျွန်မ မသိပါ။ကျွန်မတို့ကြားတွင် ထိပ်တိုက်ရင်ဆိုင်ရသည်က ယခုမှ ပထမဆုံးအကြိမ် မဟုတ်ပေ။

တကယ်ကို ထူးဆန်းနေတယ်။

ကျွန်မ ညည်းညူလိုက်ရင်း နှာခေါင်းမှတစ်ဆင့် ပူစီဖောင်းများ မှုတ်ထုတ်လိုက်မိသည်။

သူ ဘာဖြစ်နေတာလဲ။

ကျွန်မ သိချင်နေသည့်တိုင် သင့်လျော်သောအဖြေ ရှိမလာခဲ့ပါ။

ဒီလိုအချိန်မျိုးမှာ စောင့်နေလိုက်တာက အကောင်းဆုံးပဲ။ကိုယ့်လမ်းကြောင်းကိုယ် လွတ်မသွားအောင် ထိန်းထားပြီး သူ ဘယ်လိုတွေ လုပ်မလဲဆိုတာ စောင့်ကြည့်ရမယ်။

ဒီကိစ္စထက် ပိုကြီးတဲ့ ပြဿနာ ရှိသေးတယ်။

လာဂိုဆီမှာ ရှိနေတဲ့ မှော်အစီအရင်စက်ဝန်း

ငါ အဲ့ဒါကို ဘယ်လို ရှာရမလဲ။

မှော်အစီအရင်စက်ဝန်းဆိုရင် စာလိပ်တစ်ခုထဲမှာ ရေးထားမှာပဲ။သူ အဲ့ဒီစာလိပ်ကို ဘယ်နေရာမှာ ဖွက်ထားမလဲဆိုတာ တစ်ခုပဲ သိဖို့လိုတယ်။

ဒါပေမဲ့ သူ ဖွက်ထားတဲ့နေရာကို ငါ မသိခဲ့တာ စိတ်ပျက်ဖို့ကောင်းတယ်။

ဆိုဗက်စ်စတာလဲ သူ့နည်းသူ့ဟန်နဲ့ ရှာကြည့်မှာပဲ။ဒါပေမဲ့ သူ ရှာမတွေ့ခဲ့တာကို ကြည့်ရရင် လာဂိုက မှော်အစီအရင်စက်ဝန်းကို တော်တော်လေး လျှို့ဝှက်တဲ့နေရာမှာ ဖွက်ထားလောက်တယ်။

အရင်ဆုံး ကြေးစားစစ်သားအစည်းအရုံးကို သွားကြည့်ရအောင်။

မနက်ဖြန် ချက်ချင်း သွားသင့်သည်ဟု ကျွန်မ တွေးမိသည်။

ထို့နောက် မှော်အစီအရင်စက်ဝန်း ရှာပြီး လာဂိုကို ဒုက္ခရောက်အောင် လုပ်ပြီးပါက ...

ဘာဖြစ်မလဲ။

အခု ကွာရှင်းမဲ့အစီအစဥ်လဲ မရှိတော့ဘူး။

ငါ ဘာလုပ်ရမလဲ မသိဘူး။

အင်း

ဒီကိစ္စကို ထပ်တွေးကြည့်မှ ရမယ်။

ကျွန်မ ထိုသို့တွေးတောလိုက်ပြီး ရေချိုးခန်းအပြင်ဘက်တွင် စောင့်နေခဲ့သော အိုင်ရင်းကို လှမ်းခေါ်လိုက်သည်။

အိုင်ရင်းက ဝင်လာပြီး ကျွန်မ၏ခန္ဓာကိုယ်ကို ရေသုတ်ပေး၍ ညအိပ်ဝတ်စုံ လဲလှယ်ပေးသည်။ပြီးနောက် ကျွန်မလည်း စိုနေသော ဆံပင်များကို ခါရင်း ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။

ထို့နောက်

"ဟန်နီ"

ဆိုဗက်စ်စတာ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို ကျွန်မ မြင်လိုက်ရပါ၏။

ရုတ်တရက်ဆိုသလို သူ ပြောခဲ့သောစကားများက ခေါင်းထဲ ရောက်လာခဲ့သည်။

ကိုယ် မင်းနဲ့အတူ အိပ်မယ်။

မကြာခင် ညဘက်ရောက်လာပါစေလို့ ကိုယ် မျှော်လင့်တယ်။

ကျွန်မ၏မျက်နှာတစ်ပြင်လုံး ပူလောင်လာရသည်။

အိုး ... အခုထိ ငါ့ရဲ့နှလုံးသားလေးကို ဒီအခြေအနေလောက်အထိ မပြင်ဆင်ရသေးဘူးလေ။

ကျွန်မ ရင်ခုန်စွာဖြင့် ဆိုဗက်စ်စတာရှိရာသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည်။

"မင်း နောက်ကျတယ်။"

ဆိုဗက်စ်စတာက ပြောသည်။

"စောင့်နေရင်း ကိုယ် အိပ်ပျော်တော့မလို့ပဲ။"

"ကျွန်မ တောင်းပန်ပါတယ်၊စဥ်းစားစရာလေးတွေ ရှိနေလို့ပါ။"

"စဥ်းစားစရာ ဟုတ်လား။" 

ဆိုဗက်စ်စတာက ခေါင်းကို စောင်းငဲ့လိုက်လျှင် ကျွန်မ ပြန်ဖြေလိုက်သည်။

"မှော်အစီအရင်စက်ဝန်းကို ရှာတွေ့ပြီးတဲ့နောက်ပိုင်း ဘာဆက်လုပ်ရမလဲဆိုတာ မသိတော့လို့၊ကျွန်မ အဲ့ဒီအကြောင်း စဥ်းစားနေခဲ့တာ။"

"အာ ..."

ဆိုဗက်စ်စတာက သက်ပြင်းချ၍ ခေါင်းငြိမ့်သည်။

"ကိုယ်တို့သာ မှော်အစီအရင်စက်ဝန်းကို ရှာတွေ့ရင် ဒုတိယမင်းသားကို ပံ့ပိုးပေးနေစရာအကြောင်း မရှိတော့ဘူးပေါ့။"

"ဟုတ်ပါတယ်"

"ပြီးတော့ ဒီလို ချာတူးလံနေတဲ့အင်ပါယာမှာ ဆက်နေစရာအကြောင်းလဲ မရှိတော့ဘူး။"

ကျွန်မ မျက်လုံးများကို လျော့တိလျော့ရဲဖြင့် ဖွင့်လိုက်သည်။

"ရှင်က လွတ်လွတ်လပ်လပ် နေထိုင်ချင်တာ ဟုတ်တယ်မလား။"

မူလဇာတ်ကြောင်းထဲတွင် ပေါ်ထွက်လာခဲ့သော အကြောင်းအရာ ဖြစ်၏။

ဆိုဗက်စ်စတာ အလိုချင်ဆုံးအရာမှ အင်ပါယာလက်အောက်မှ လွတ်မြောက်ခွင့်ရရန် ဖြစ်သည်။

မြို့စားပိုင်နက်နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော နိုင်ငံငယ်တစ်ခုအဖြစ် ပြုလုပ်ရန် ကြိုးပမ်းချင်ခဲ့သည်။

ထိုအကြောင်းကို ကျွန်မ အစပိုင်းကတည်းက သိနေသည်ဖြစ်၍ သဘာဝကျကျ မေးလိုက်သည်။

ဆိုဗက်စ်စတာက ပြုံး၍ ခေါင်းငြိမ့်ပြသည်။

"အင်း ... အရင်ကလဲ မင်း ဒါကို ပြောခဲ့ပြီးပြီ။"

သူက ပြန်ပြောသည်။

"ဒါပေမဲ့ ခက်ခဲနိုင်လောက်တယ်၊နောက်ထပ် နန်းတက်မဲ့ ဧကရာဇ်ရဲ့ထောက်ပံ့မှု မပါဘူးဆိုရင်ပေါ့။"

ထိုရည်မှန်းချက်ကို အထမြောက်အောင်မြင်နိုင်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။

တစ်နည်းမှာ နောက်ထပ် နန်းတက်လာမည့် ဧကရာဇ်၏ထောက်ခံချက် ရရှိရန် ဖြစ်ပြီး ...

နောက်ထပ်တစ်နည်းမှာ စစ်တိုက်ယူရန် ဖြစ်လေသည်။

ဒုတိယနည်းလမ်းကို ကျွန်မ မရွေးလိုပါ။

"ကိုယ် မင်းကို ကြိုပြောထားမယ်နော်၊ကိုယ်က စစ်ဖြစ်ရတာကို မကြိုက်ဘူး။"

"ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ဇနီးလေးက ဒီလိုကိစ္စမျိုးကို သဘောမကျတာမို့လို့ပဲ။"

ဆိုဗက်စ်စတာက ပြုံးပြီး ပြောခဲ့သည်။

"ဒီတော့ ကိုယ် စဥ်းစားနေတာ။"

သူက ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်ပြီး လက်ချောင်းလေးများကို တစ်ချောင်းစီ ချိုး၍ ရေတွက်သည်။

"လာဂိုအကြောင်း"

"..."

"ပြီးတော့ ကယ်လီယန်ရောပဲ"

သူ၏မျက်ဝန်းပြာများက တောက်ပနေခဲ့သည်။

"ဘယ်သူက ပိုကောင်းမလဲ။"

၎င်းက အမှိုက်ကားနှင့် ဆွဲကား နှစ်ခုတွင် ဘယ်အရာကို ပိုကြိုက်သလဲဟု မေးနေသည်နှင့် တူ၏။

ကျွန်မ ခေါင်းခါလိုက်သည်။

"ဒီအကြောင်း သေချာတွေးကြည့်သင့်တယ်။ပြီးတော့ သူတို့ထဲက တစ်ယောက်ကို ဧကရာဇ်ဖြစ်အောင် ရှင့်ဘက်က ပံ့ပိုးပေးခဲ့ရင်တောင် သီးခြားခွဲထွက်ခွင့်ရဖို့က ခက်ခဲနေဦးမှာပဲ။ဒီတော့ ရှင့်ဘက်က ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။"

"အိုဖီလီယာ"

ငါ အများကြီး ပြောမိသွားလား။

ဆိုဗက်စ်စတာ၏အေးစက်သောအကြည့်က ကျွန်မထံသို့ ကျရောက်လာခဲ့သည်။

"ကိုယ် ပြောချင်တာက"

သူက ပျင်းရိပျင်းတွဲနိုင်သော အပြုံးဖြင့် ပြောသည်။

"မင်းရဲ့နှလုံးသားကို ရယူနိုင်ဖို့ကသာ အခက်ခဲဆုံးလို့။"

"ဘာရယ်"

"ဒီလိုခက်ခဲတဲ့ကိစ္စကို ရအောင် လုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာ တခြားအရာအားလုံးက လွယ်ကူသွားပုံရတယ်။"

မဟုတ်သေးဘူး၊ဘာဖြစ်လို့ ထပ်ပြီး ဖွင့်ပြောနေရတာလဲ။

တကယ်ပင် ဆိုဗက်စ်စတာက ဖွင့်ဟဝန်ခံသည့်စကားများကို အချိန်တိုင်း ပြောနိုင်လေသည်။

"ဒီကို လာခဲ့"

ဆိုဗက်စ်စတာက ကျွန်မဆီသို့ လက်လှမ်းလိုက်သည်။

"ဒီကို လာခဲ့လို့ ကိုယ် ပြောနေတယ်လေ။"

ကျွန်မ ဆိုဗက်စ်စတာရှိရာသို့ တိုးကပ်သွားလိုက်သည်။အနည်းငယ် ပိုနီးကပ်လာချိန်တွင် ဆိုဗက်စ်စတာက ကျွန်မ၏လက်မောင်းကို လှမ်းဆွဲ၍ ပွေ့ဖက်လိုက်သည်။

"တော်တယ်"

သူက ကျွန်မကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ကျွန်မ၏လည်ကုပ်ပေါ်သို့ မျက်နှာအပ်ထားလိုက်သည်။

ဆိုဗက်စ်စတာ၏ခုန်ပေါက်နေသော နှလုံးသားကို ကျွန်မ ခံစားနိုင်ခဲ့သည်။

ထိုသို့ ခံစားမိလိုက်ချိန်တွင် စိတ်လှုပ်ရှားနေသူက ကျွန်မတစ်ယောက်တည်း မဟုတ်သဖြင့် စိတ်သက်သာရာရသွားခဲ့ပြီး စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားတော့သည်။

ဂလု

ကျွန်မ တံတွေးမျိုချလိုက်မိသည်။

"ကိုယ် မင်းကို ချစ်တယ် ...အိုဖီလီယာ"

ဆိုဗက်စ်စတာက ကျွန်မ၏ပါးပြင်ထက်သို့ ညင်ညင်သာသာ အနမ်းပေးလိုက်ပြီး တိုးတိုးလေး ကပ်ပြောလာခဲ့သည်။

ထို့နောက်

"ကောင်းသောညပါ။"

သူက ကျွန်မဘေးနားတွင် လဲလျောင်းရင်း မျက်လုံးမှိတ်သွားတော့သည်။

"..."

မဟုတ်ဘူး၊ခဏလေး

ရှင်ပြောတော့ ညရောက်မှာကို စောင့်နေတာဆို။

ဒါပေမဲ့ ရှင် ဒီလိုပဲ အိပ်သွားခဲ့တာလား။

အခုထိ ကျွန်မ အဆင်သင့်မဖြစ်သေးဘူးဆိုတာ အမှန်ပဲ... ဒါပေမဲ့ !

ကျွန်မ နှုတ်ခမ်းဆူလိုက်သော်လည်း ဘာမှ မပြောနိုင်ခဲ့ပါပေ။

ကျစ်

သူ တကယ်ကို တော်တော်လေး များသွားပြီနော်။


TK Team (Chapter 116)
++++++++