Chapter 67
Viewers 4k

👨‍❤️‍👨Chapter 67




သွမ့်ရှူးထုံက အဖေသွမ့်၏ အကြံပေးချက်ကို မမေ့ပေ။ သူက နောက်တစ်နေ့ အလုပ်သွားသည့်အချိန် ကျိုင်ကျွင့်ဆီ တည့်တည့်သွားလိုက်သည်။


ကျိုင်ကျွင့်က သူ့သဘောထားကို သိလိုက်ရချိန် အံ့သြသလို ကြည့်လာပြီး မနေနိုင်ပဲ မေးလိုက်မိသည်


 " သခင်လေးသွမ့်...အခု သခင်လေးသွမ့်က နွေဦးဆောင်းဦးခန်းမရဲ့ တာဝန်ရှိသူဖြစ်သွားပြီလေ...သခင်လေးသွမ့် လုပ်ချင်တဲ့အရာမှန်သမျှ လုပ်လို့ရပါတယ်..." 


သွမ့်ရှူးထုံက အံ့သြသွားမိသည်။ ဟုတ်သားပဲ...သူ ဆောင်းဦးကြိုပွဲတော်အတွက် ယန်မြို့တော်ကို ပြန်တုန်းက အဖေသွမ့်က နွေဦးဆောင်းဦးခန်းမတစ်ခုလုံးကို သူ့ဆီ ပေးခဲ့တာပဲ။


သူက ပြုံးပြလာသည် " ဒါပေမယ့် ကျွန်တော်က သုတေသနလုပ်ရင်း အလုပ်ရှုပ်နေတာဆိုတော့ ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေက ထုတ်ကုန်အသစ်ကို ပံ့ပိုးပေးနိုင်မလား မသိဘူး..." 


ကျိုင်ကျွင့်က မေးလာသည် " သခင်လေးသွမ့် ဘာထုတ်ကုန်မျိုး ထုတ်ချင်တာလဲ..."


" ဆံသားပျက်စီးမှုကို လျော့နည်းစေမယ့် ထုတ်ကုန်..." 


သွမ့်ရှူးထုံက စကားရပ်လိုက်ရင်း ကျိုင်ကျွင့်၏ ထိပ်ပြောင်ပြောင်ဆီမှ အကြည့်လွှဲလိုက်ကာ ချောင်းဖွဖွဆိုးလိုက်သည်


 " ဒါပေမယ့် အခုတလော ကျွန်တော်က ထုတ်ကုန်သစ်လုပ်ရင်း အလုပ်များနေမှာဆိုတော့ ဒီဆံသားထိန်းထုတ်ကုန် သုတေသနကို ဒါရိုက်တာဟယ်ဆီ ပေးလိုက်မယ်....အဆင်ပြေတယ်လို့ ထင်လား..." 


ကျိုင်ကျွင့်က ရယ်လိုက်ရင်း ခေါင်းထိပ်ကို ပွတ်လိုက်သည် " ဒါက ကျွန်တော်တို့လို ထိပ်ပြောင်သမားတွေအတွက် သတင်းကောင်းပဲဗျ...ရတာပေါ့ဗျာ..."


ဤသို့ဖြင့် အဆုံးသတ်သွားလေသည်။


ဟယ်ယွင့်က သွမ့်ရှူးထုံ၏ သုတေသနအစီရင်ခံစာကို ရသောအခါ မထူးခြားသလို မျက်နှာက အက်ကွဲသွားလေသည် " ဆေးအသစ်ကြောင့် အလုပ်များနေတာလားလို့..." 


ဘယ်ကနေဘယ်လို ထုတ်ကုန်သစ်လုပ်ဖို့ အချိန်ရသွားတာလဲ။


သွမ့်ရှူးထုံက တော်တော်လေး တည်ငြိမ်နေသည်


 " အရင်တုန်းက ဘာမှလုပ်စရာမရှိတုန်းက ကိုယ့်ဘာသာ လုပ်ထားတာလေးပါ..." သူက အဖေသွမ့် အမေသွမ့်နှင့် သွမ့်စစ်ဖူတို့အတွက် လုပ်ပေးထားသည့် ထုတ်ကုန်များ၏ စမ်းသပ်ချက်အစီရင်ခံစာများကို ချရေးထားသည်။ 


ဟယ်ယွင့် "...." ဒါကို လက်မခံနိုင်ဘူး။


" ဒီထုတ်ကုန်ကို ထုတ်ဖို့ ဓါတ်ခွဲခန်းနံပါတ်၂ကို ရချင်လား..." ဒါရိုက်တာဟယ်က ခေါင်းယမ်းပြလာသည်


 " ဒါက အောင်အောင်မြင်မြင် လုပ်ထားပြီးသားဆိုတော့ ဒီအတိုင်း လိုက်လုပ်ကြရုံပေါ့..."


သွမ့်ရှူးထုံက ပြုံးပြပြီး စကားဆိုလာသည် " ကျွန်တော်ပြောချင်တာ ဒီအဓိပ္ပါယ်မဟုတ်ပါဘူး...ဒီအစီရင်ခံစာက ကျွန်တော့်ကိုယ်ကို အခြေခံထားတာ....လူထုက သုံးနိုင်မယ့် ထုတ်ကုန်လုပ်ဖို့က ခင်ဗျားအကူအညီ လိုတယ်လေ..." 


လူသားများက တစ်ယောက်နှင့်တစ်ယောက် မတူ၍ အဖေသွမ့်ကို ပေးသည့်ပစ္စည်းက အဖေသွမ့်အတွက် သင့်တော်နေသော်လည်း အများသုံးဖို့အတွက်က အန္တရာယ်မဖြစ်အောင် အများနှင့်သင့်တော်မည့် ထုတ်ကုန်မျိုး လုပ်နိုင်ဖို့ လိုအပ်သည်။ 


ဟယ်ယွင့်က ထိုစကားကြားသောအခါ ပွင့်ပွင့်လင်းလင်းပြောလာသည် " ကောင်းပါပြီ...ပြီးသွားတဲ့အခါ ဒါရိုက်တာသွမ့်ကို ပေးလိုက်ပါမယ်..."


သွမ့်ရှူးထုံ၏ စစ်ဆေးချက်အစီရင်ခံစာက အရမ်းကို သေသေချာချာ ရေးထားလေသည်။ ဟယ်ယွင့်က လုံးဝနားလည်သွားသည့်အချိန် စွမ်းဆောင်ရည်အများစုကို ထိန်းပေးပြီး ထူးခြားသည့် ခန္ဓာကိုယ်ရှိသည့်သူများအတွက် ပျက်စီးစေနိုင်မည့်အရာကို ဖယ်ရှားခြင်းဖြင့် မူလအခြေခံပိုင်းကို အနည်းငယ် ပြောင်းလဲလိုက်သည်။  


ထိုအချိန် သွမ့်ရှူးထုံ၏ ဆေးအသစ် ထုတ်လုပ်မှုကလည်း နောက်ဆုံးအဆင့်ကို ရောက်သွားပြီဖြစ်သည်။


ဟန်လင်က စမ်းသပ်ချက်ရလဒ်များကို အံ့သြပြီး စိတ်လှုပ်ရှားသလို ကြည့်လိုက်ကာ အလုပ်ကြိုးစားခဲ့သည့် ရက်လများက တန်သွားသလို ခံစားရသည်။ ဘေးက သုတေသနလူငယ်လေး နှစ်ယောက်သာ မရှိလျှင် သူက သွမ့်ရှူးထုံကို ဖက်ပြီး နှစ်ပတ်ပတ်လိုက်ပြီးပြီ ဖြစ်သည်။


ဓါတ်ခွဲခန်းက စိတ်လှုပ်ရှားမှုတို့ ပြည့်နေပြီး ပါဝင်ခဲ့ကြသည့် လက်ထောက်လေး နှစ်ယောက်ကလည်း ရင်ထဲ မီးတောက်လေး ရှိနေ၍ ငြိမ်းသတ်ဖို့လိုနေသည်။ 


"ဒါရိုက်တာသွမ့်...ကျွန်တော်တို့ တကယ်ကြီး အောင်မြင်သွားပြီလား..."


" ဒါရိုက်တာသွမ့်...နောက်ထပ် စမ်းသပ်ချက်တစ်ခု ဦးစီးချင်သေးလား..."


" ဒါရိုက်တာသွမ့်...ဒါကို ထုတ်ပြတဲ့အခါ 'သိပ္ပံပညာရပ်' လို့ ပြမှာလား ' သဘာဝတရား' လို့ ပြမှာလား..." 


ထိုသို့ လမ်းသစ်ဖောက်နိုင်သော တီထွင်မှုကို ကမ္ဘာကြီးကို ချက်ချင်း ပြောပြဖို့ မစောင့်နိုင်တော့ပေ။


ထို့ပြင် သူတို့က ထိုသုတေသနတွင် ပါဝင်ခဲ့၍ ယခုအတွေ့အကြုံက သူတို့ကို ထိပ်ပိုင်းသို့ ခေါ်သွားနိုင်သည်။  


သူတို့အပျော်က ကူးစက်လာ၍ သွမ့်ရှူးထုံက မနေနိုင်ပဲ ရယ်လိုက်မိသည်။


 " ကောင်းပါပြီ...ကျွန်တော် ဒီည အိမ်ပြန်ရောက်ရင် ရေးလိုက်ပါ့မယ်..."


သူက စာရွက်တော်တော်များများ ရေးထားခဲ့၍ ထိုအရာမျိုးက နေ့စဥ်အလုပ်တစ်ခုလို ဖြစ်နေသည်။


မနက်၁နာရီတွင် သူက လက်ရေးစာမူကို saveလိုက်ပြီး ခဏစဥ်းစားလိုက်ပြီးနောက် သိပ္ပံပညာရပ် ဂျာနယ်ဆီ ပို့လိုက်သည်။ 


အကြိုစစ်ဆေးခြင်းနှင့် သေသေချာချာ စစ်ဆေးခြင်း နှစ်မျိုးရှိလေသည်။ အကြိုစစ်ဆေးချက်က စာအရေးအသားနှင့် အခြားကိစ္စလေးများကိုသာ စစ်ပြီး စံချိန်မှီလျှင် ကျွမ်းကျင်သူများဆီ ပေးလိုက်သည်။


သွမ့်ရှူးထုံ၏ စာအရေးအသားက ကောင်းသော်လည်း သူက အခု ဘာမှမဟုတ်သည့်သူလေးသာ ဖြစ်၍ နိုင်ငံတကာဂျာနယ်က အယ်ဒီတာက ဖတ်ကြည့်မည် မဟုတ်ပေ။


သေချာပေါက် စာရွက်က ပယ်ချခံလိုက်ရသည်။


သွမ့်ရှူးထုံက အားမလျှော့ပဲ အိမ်သုံးထုတ်ကုန်တွင် အင်အားကြီးသော ဆေးပညာဂျာနယ် "life" ၏ အယ်ဒီတာဆီ မေးပို့ခဲ့ပြီး ခါတိုင်းလို အလုပ်ကို အေးအေးချမ်းချမ်း သွားလိုက်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ဟယ်ယွင့်က သူ့အဖွဲ့ကို ဦးဆောင်ပြီး ဆံသားထိန်းထုတ်ကုန်သစ်ကို ထုတ်၍ နွေဦးပန်းနံပါတ်၄ဟု အမည်ပေးဖို့ စီစဥ်နေမှန်း သိရချိန် စိတ်ထဲကနေ ကျေးဇူးတင်မိသည်။ 


အရာအားလုံးက စီစဥ်ထားသည့်အတိုင်း သွားနေ၏။


သို့သော်လည်း ဆေးအသစ် စစ်ဆေးမှုက skincareထုတ်ကုန်ထက် ပိုပြီး တင်းကျပ်၍ အဆင့်ဆင့်တင်ပြရမည်ဖြစ်ပြီး CFDAက ထောက်ခံပေးမှ ရပေမည်။


ထောက်ခံချက်ရပြီးသောအခါ ဆေးဝါးကျွမ်းကျင်သူများနှင့် လုပ်အားပေးများ ဦးစီးသည့် "ဆေးဝါးစစ်ဆေးချက်တက္ကသိုလ်" ကနေ ထောက်ခံချက်ယူရဦးမည်ဖြစ်သည်။


ထိုသို့အဆင့်ဆင့်လုပ်ဖို့ အချိန်တော်တော်ကြာ၍ အမြန်မလိုပေ။


သွမ့်ရှူးထုံက ထိုကိစ္စများကို ကုမ္ပဏီဘက်သို့ အားကိုးထားလိုက်သည်။ အမှန်တွင်လည်း သူတို့ကုမ္ပဏီက ဆေးဝါးကုမ္ပဏီဖြစ်၍ အခြေခံလုပ်ဆောင်ချက်များက တော်တော်လေး ရှင်းလင်းလှသည်။


ကျိုင်ကျွင့်က အစပိုင်းတွင် သွမ့်ရှူးထုံ လုပ်နေသည့် ဆေးသစ်ကို မသိပဲ အမာရွတ်ဖယ်သည့် ဆေးနှင့် အဆင့်အတူတူလောက် ထင်ခဲ့သော်လည်း စစ်ဆေးချက်အစီရင်ခံစာကို ရသောအခါ ရုတ်တရက် မူးဝေသွားပြီး မျက်လုံးများ ပြာဝေသွားသည်။


" သခင်လေးသွမ့်...ဒါ အမှန်ပဲလား..." 


သွမ့်ရှူးထုံ စကားမဆိုနိုင်ခင် ဟန်လင်က မနေနိုင်ပဲ ဝင်ဖြေလာသည်။


 " အမှန်ပဲ...ကျွန်တော်တို့ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးပြီ..."


ကျိုင်ကျွင့် "..." သူ့ရဲ့ နှလုံးသားအိုကြီးက ဒီလိုရှော့မျိုးကို မခံစားနိုင်ဘူး။


အံ့သြသွားပြီးမှ ဆေးသာ တကယ်ထိရောက်မှုရှိလျှင် နွေဦးဆောင်းဦးခန်းမလည်း သေချာပေါက် ခုန်တက်နိုင်တော့မည်မှန်း ရုတ်တရက် နားလည်သွားရသည်။


သူက ကြက်သွေးအထိုးခံလိုက်ရသလို ကုမ္ပဏီတစ်ခုလုံးကို နေ့မနားညမနား ဦးဆောင်တော့သည်။


စမ်းသပ်ချက်များ လချီအောင် လုပ်ခဲ့ရ၍ သွမ့်ရှူးထုံက တော်တော်လေး အားပြတ်နေပြီ ဖြစ်သည်။ အိမ်ပြန်ရောက်သည့်အခါ ဆယ်နာရီမက အိပ်ပစ်လိုက်ပြီး အိပ်ရာထသည့်အချိန် ဗိုက်ဆာနေ၍ အာဟာရပြည့်ဝသည့် နေ့လည်စာကို လုပ်စားလိုက်သည်။


စားပြီးသည့်အခါ ပျင်းနေ၍ ဖုန်းကြည့်နေရင်း မနက်ဖြန်က စနေတနင်္ဂနွေမှန်း စဥ်းစားမိသွားသည်။ 


ရှီသွမ်းကို အားလား မေးလိုက်ရမလား။


ဝီချတ်ကနေ မက်ဆေ့ချ် ပို့ရန်ပြင်လိုက်ချိန် ကျိုင်ကျွင့်က ဖုန်းခေါ်လာသည်။


"သခင်လေးသွမ့်...သတင်းကောင်းဗျ...ကျွန်တော်တို့ နွေဦးဆောင်းဦးခန်းမက လင်နန်စီရင်စုမှာ အတော်ဆုံးလုပ်ငန်းရှင်ဆု ရတယ်...စီရင်စုကနေ ဆုပေးပွဲတက်ဖို့ ဖိတ်လာတယ်...မနက်ဖြန် သွားဖို့ အချိန်ရမလားဗျာ..." သူ့လေသံက ဂုဏ်ယူပြီး ဝမ်းသာမှုတို့ ပြည့်နေသည်။ 


သွမ့်ရှူးထုံ "..." ဒိတ်ဖို့ ထပ်ပြီး ဖျက်ရဦးမှာလား။


သူက ယန်မြို့တော်ကို သွားပြီး ရှီသွမ်းနှင့်တွေ့ဖို့ စီစဥ်ထားသော်လည်း ဤသို့ ဖြစ်သွားခဲ့သည်။ ယင်းက သတင်းကောင်းဆိုသော်လည်း အံ့တော့မအံ့သြမိပေ။


" မန်နေဂျာကြီးပဲ သွားလိုက်ပါ..." သွမ့်ရှူးထုံက တာဝန်လွှဲပေးလိုက်သည်။


ကျိုင်ကျွင့်က နွေဦးဆောင်းဦးခန်းမ၏ ပိုင်ရှင်အနေနှင့် ပထမဆုံးအကြိမ် လူရှေ့ထွက်ရမည့်အတွက် သွားသင့်သည့်အကြောင်း အချိန်တစ်ခုလောက်ထိ အကောင်းဆုံးကြိုးစားပြီး ဖျောင်းဖျခဲ့သည်။ 


သွမ့်ရှူးထုံက ကျိုင်ကျွင့်ပြောသည်က မှန်နေမှန်းသိသော်လည်း ရှီသွမ်းကို တကယ် တွေ့ချင်မိသည်။


သို့သော်လည်း ကုမ္ပဏီအတွက် စဥ်းစားပြီး သဘောတူလိုက်ရလေသည်။


ဖုန်းချလိုက်ပြီးနောက် ဝီချတ်မျက်နှာပြင်ကို နှိပ်လိုက်ပြီး ခဏစဥ်းစားလိုက်ပြီးမှ ရှီသွမ်းကို သူ့အတွေးကို ပြဖို့ မက်ဆေ့ချ်ပို့ရန် ဆုံးဖြတ်လိုက်သည်။


အစည်းအဝေးသွားရန်ပြင်နေသည့် ရှီသွမ်းက တစ်ယောက်သောသူအတွက် သီးသန့်ထားသည့် အချက်ပေးသံကို ကြားလိုက်ချိန် သွားနေရာမှ ချက်ချင်း ရပ်လိုက်၍ သူ့နောက်က ချန်နင်လည်း ရပ်မိသွားရသည်။


ရှီသွမ်းက ဖုန်းဖွင့်ကြည့်လိုက်သည်။


ထုံထုံ [: စမ်းသပ်ချက် ပြီးသွားပြီ...ကျွန်တော် မနက်ဖြန် ခင်ဗျားဆီ လာလည်ဖို့ လုပ်ထားပေမယ့် ပွဲတက်စရာလေးရှိလို့ စီရင်စုကို သွားရမှာ...ဒါက တော်တော် ခက်တာပဲ...[မတရားဘူး] [မတရားဘူး]]


ဗီလိန်အရှင်သခင်ကြီး၏ နစ်နာသလို မျက်နှာအမူအရာက ရှီသွမ်း၏ အားနည်းချက်ကို ထိမှန်လာ၍ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သွမ့်ရှူးထုံကို ချော့ချင်သည့်ဆန္ဒက အစည်းအဝေးတက်ရမည့် စိတ်ကို လွှမ်းမိုးသွားလေသည်။ 


သူက စင်္ကြံလမ်းတွင် ရပ်နေရင်း စာပြန်လိုက်သည် [: [ဖက်ပေးသည်] [ဖက်ပေးသည်] ဘာပွဲတက်စရာရှိတာလဲ။]


ထုံထုံ : [လင်နန်စီရင်စုရဲ့ ထူးချွန်ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပေးတဲ့ ဆုပေးပွဲပါ... ]


ရှီသွမ်းက သူ့အတွက် ဝမ်းသာသွားပြီး ပြန်ဖြေလိုက်သည် : [ကွန်ကရက်ကျူလေးရှင်းပါ...စိတ်မကောင်းမဖြစ်ပါနဲ့...ကိုယ် မင်းကို လာတွေ့မယ်လေ...]


သူ့နောက်က ချန်နင်က မတတ်နိုင်ပဲ သတိပေးရတော့သည် " ဥက္ကဌရှီ...အချိန်စကာနီးနေပါပြီ..." 


ရှီသွမ်းက အမြန်ပို့လိုက်ရသည် [: အစည်းအဝေး ရှိနေလို့ ကိုယ်တို့ ညကျမှ ပြောကြတာပေါ့။]


ထို့နောက် သူက အစည်းအဝေးခန်းဆီ လျှောက်သွားလိုက်ရင်း ချန်နင့်ကို ပြောဖို့လည်း မမေ့ပေ 


" မနက်ဖြန် အချိန်ဇယားတွေအတွက် ရက်ရွှေ့လို့ရမလား ကြည့်ထားပေးပါ..." 


ရှန်းချွမ်ကောင်တီမှ ထွက်လာသည်က မကြာသေးသော်လည်း လူငယ်လေးနှင့် တွေ့ချင်လှပြီဖြစ်သည်။


သွမ့်ရှူးထုံအနေနှင့် ရှီသွမ်းပြောသွားသည့် "လာခဲ့မယ်" ဆိုသည့် စကားက အချိန်ရမှ ရှန်းချွမ်ဆီ လာမည် ထင်လိုက်၍ အများကြီး မစဥ်းစားလိုက်ပေ။


နောက်တစ်နေ့ မနက်စောစောတွင် သူက စီရင်စု မြို့တော်သို့ သွားလိုက်ပြီး နောက်ဆုံးတစ်ကြိမ် ဟိုင်မြို့တော်ကို သွားသည့်အချိန်က ဝတ်ခဲ့သည့် ဝတ်စုံကို ပြန်ဝတ်သွားလေသည်။


သုတေသနပညာရှင် တစ်ယောက်အနေနှင့် သူက ထိုကိစ္စလေးများကို သိပ်ဂရုမစိုက်ပေ။


ရှန်းချွမ်ကောင်တီက စီရင်စုမြို့တော်နှင့် သိပ်မဝေး၍ ပွဲက မနက်ကိုးနာရီတွင် စပြီး နေ့လည်၁၂နာရီတွင် ပြီးသွားခဲ့သည်။


ယခုပွဲက စီရင်စုသတင်းနှင့် ထိုင်ဝမ်သတင်းစာတွင် ပါလာနိုင်သည်ဟု ပြောလာသည်။


သွမ့်ရှူးထုံက ထိုစကားကြားသောအခါ စိတ်ထဲမထားဘဲဆုယူပြီး ရှန်းချွမ်ကောင်တီဆီ ပြန်လိုက်ချင်သော်လည်း ပွဲထဲမှ ထွက်သည်နှင့် ရှီသွမ်းဆီက ဖုန်းဝင်လာခဲ့သည်။


" ညာဘက်ကို ကြည့်လိုက်..." 


သွမ့်ရှူးထုံက အလိုလို ခေါင်းလှည့်ကြည့်မိသည်။


လမ်းကျယ်ကြီး၏ ဘေးဘက်တွင် မေပယ်ပင်ကြီးများက တဖြေးဖြေး ပြောင်ရှင်းလာသော်လည်း မားမားမတ်မတ်ရှိနေသေးသည်။ သစ်ကိုင်းများတွင် အရွက်အချို့ ပြန့်ကျဲနေသည်။ လေအေးတစ်ရှိုက်တွင် သူတို့က ထွက်သွားဖို့ ခေါင်းမာနေကြသည်။ နောက်ဆုံး သဘာဝဒဏ်ကို မလွန်ဆန်နိုင်၍ လေနှင့်အတူပါလာပြီး ထိုလူ့ပုခုံးပေါ် တိတ်တဆိတ် ခိုနားလာသည်။  


အရွက်ကြွေများ တင်နေသည့် ကုတ်အင်္ကျီအနက်နှင့် ထိုလူက ကားကြပ်နေသော လမ်းလေးဘေးတွင် နူးနူးညံ့ညံ့မျက်လုံးများနှင့် ပြုံးပြနေသည်။


သွမ့်ရှူးထုံ၏ စိတ်က ပြောင်ရှင်းသွားပြီး သူ့ကို ဝေဝေဝါးဝါး စိုက်ကြည့်နေမိသည်။


လေအေးတို့ တိုးဝှေ့လာ၍ ရုတ်တရက် တုန်ခနဲ ဖြစ်သွားရသည်။ ပွဲထဲတွင် အပူပေးစက်က အရမ်းပြင်းပြီး အပြင်က အရမ်းအေးနေ၍ လောလောဆယ် အလိုက်အထိုက် မနေနိုင်သေးပေ။


ရှီသွမ်းက မျက်မှောင်ကြုပ်လိုက်ရင်း ခြေလှမ်းကျဲကြီးများနှင့် သွားလိုက်ရင်း သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည် 


" ကားထဲဝင်တော့...ကားထဲမှာ အပူပေးစက် ရှိတယ်..."


သွမ့်ရှူးထုံက သူပို့ပေးသည့်နေရာဆီ ဝင်သွားလိုက်ရင်း အနောက်ခုံတွင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။


မောင်းသူနေရာက လျိုကျစ်ဖေးက သူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်လာ၍ သွမ့်ရှူးထုံက အပြုံးလေးနှင့် ပြန်နှုတ်ဆက်လိုက်ရသည်။


ထို့နောက် သူက ရှီသွမ်းကို မေးလိုက်သည် " ဘာလို့ ဒီမှာ ရှိနေတာလဲ..."


ဘေးတွင် အခြားသူများရှိနေ၍ အရမ်းကြီး နီးနီးကပ်ကပ်နေလို့မကောင်းပေ။ သူက လူငယ်လေး၏ လက်ကို ကိုင်ထားချင်သော်လည်း ထိန်းထားလိုက်ရပြီး စကားဆိုလာသည် 


" ဒီနားကို အလုပ်လေးရှိလို့ ဖြတ်သွားရင်း တစ်ချက် လာကြည့်တာ...နေ့လည်စာ ဘာစားကြမလဲ..." 


သွမ့်ရှူးထုံက သူ့ကို ဖော်ကောင်မလုပ်တော့ပဲ ပုံမှန်အတိုင်း ပြောလိုက်သည် " ဘာဖြစ်ဖြစ် ရပါတယ်..."


ရှီသွမ်းက သီးသန့်ခန်းတစ်ခု ဘိုကင်တင်ထားသည်မှာ အချိန်ကြာပြီဖြစ်၍ သူတို့နှစ်ယောက် စားသောက်ဆိုင် ရောက်သွားသည်နှင့် ဝိတ်တာလေးက ဟင်းပွဲလေးများ ချပေးလာပြီး သွမ့်ရှူးထုံ၏ မူလအစီအစဥ်ကို ကြားဝင်နှောင့်ယှက်လိုက်ကြသည်။


သူက နီးနီးကပ်ကပ် ရှိနေချင်သော်လည်း ကံဆိုးစွာ ရှီသွမ်းက အရမ်းတည်ငြိမ်နေပြီး သူ့စိတ်ကို နားလည်ပုံမရချေ။


အမှန်က သဘောပေါက်လွဲနေကြခြင်း ဖြစ်သည်။


သေချာပေါက် ရှီသွမ်းက သူနှင့် တီတီတာတာ လုပ်ချင်သော်လည်း သွမ့်ရှူးထုံ ဗိုက်ဆာနေမှာကို စိတ်ပူ၍ အရင်ဆုံးစားခိုင်းပြီးမှ အခြားအကြောင်း ပြောဖို့ လုပ်နေခြင်းဖြစ်သည်။


ဝိတ်တာထွက်သွားသည့်အချိန် သွမ့်ရှူးထုံက ရှီသွမ်းကို ကြည့်လိုက်သည် " ခင်ဗျားက အလုပ်အရမ်းများနေတာကို အခု ဒီနေရာကို ရောက်နိုင်သေးတယ်ပေါ့...ခင်ဗျား ကိုယ့်ကိုယ်ကို ဖြုန်းတီးချင်လို့လား..." 


သီးသန့်ခန်းထဲတွင် အပြင်လူမရှိ၍ ရှီသွမ်းက နောက်ဆုံး သူ့လက်ကို ကိုင်နိုင်ပြီဖြစ်ကာ နှုတ်ခမ်းပေါ်တင်ပြီး နမ်းလိုက်သည်။ သူက နစ်နာသလို အကြည့်များနှင့် ကြည့်ပြီး ပြန်ဖြေလာသည် " အခုနောက်ပိုင်း ကိုယ်က အိပ်မပျော်နိုင် ဖြစ်နေရတာနော်..." 


သွမ့်ရှူးထုံက တစ်ခဏမျှ အံ့သြသွားရသည် " ခင်ဗျား ရနံ့ကုထုံး သုံးတယ် မဟုတ်ဘူးလား...အလုပ်မဖြစ်တော့ဘူးလား..."


" မဟုတ်ဘူး..." ရှီသွမ်းက အသံနိမ့်လိုက်ရင်း သြရှရှရီဝေဝေသံနှင့် ဖြေလာသည် " မင်းကို လွမ်းနေလို့..."  


စကားပြောပြီးသည်နှင့် သွမ့်ရှူးထုံလက်ကို လွှတ်ပေးလိုက်ပြီး စွပ်ပြုတ်ပန်းကန်ကို တိုးပေးလိုက်သည် 


" အရင်ဆုံး ဗိုက်နွေးသွားအောင် သောက်လိုက်ဦး..." 


သွမ့်ရှူးထုံက နီရဲနေသော သူ့နားရွက်များကို ကြည့်လိုက်ရင်း သူ့ဘေးက အမျိုးသားက ချောလည်းချော ချစ်စရာလည်းကောင်းသလို ခံစားမိ၍ တိတ်တခိုး ပြုံးလိုက်မိလေသည်။


*****


စာရေးသူမှာ ပြောစရာအချို့ရှိပါတယ်။


ဒီအကြောင်းလေး ပြောမယ်နော်။ 


စာရေးသူက ဇာတ်လိုက်မက သွေးကင်ဆာကြောင့် သေသွားတဲ့ ကိုးရီးယားကားတစ်ကားကို ကြည့်ဖူးတယ်။ ပြီးတော့ အမြဲတမ်း ထင်ခဲ့တာက သွေးကင်ဆာက ရိုးတွင်းခြင်ဆီအစားထိုးကုသတာက လွဲရင် တစ်ခြားကုသနည်း မရှိဘူးလို့ပေါ့။ [တကယ်က မသိခဲ့တာ ဖြစ်မှာပါ] 


ဟိုတလောက " တရုတ်လူမျိုးတို့၏ နှစ်ခုနစ်ဆယ်ကြာ သမိုင်းရှိ သိပ္ပံနှင့် နည်းပညာ" ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တော့ အဲ့မှာ ပြောထားတာ ၇၀ခုနှစ်တွေမှာ ဆရာဝန်တစ်ယောက်က အဆိပ်တစ်မျိုးကို သုံးခဲ့ပြီး သွေးကင်ဆာ လူနာတွေကို ကုပေးခဲ့တာ အောင်မြင်ခဲ့တယ်...နောက်ပိုင်း " ရှန်ဟိုင်းကုထုံး" လို့ခေါ်တဲ့ တစ်ခြားအဆင့်မြင့်နည်းလမ်းနဲ့ ပေါင်းစပ်ပြီး ကုသခဲ့တော့ ကုသမှုနှုန်း တော်တော်မြင့်ခဲ့တယ်...


ပြီးတော့ စာရေးသူကလေးတုန်းက စားခဲ့ရတဲ့ " သကြားဆေးပြား" ကလည်း ကာကွယ်ဆေးတစ်မျိုးပါပဲ။ သူက ၅၀ခုနှစ်က နွားမကြီးတစ်ကောင်ကနေ ထုတ်ထားလို့ပြောတော့ အရမ်းအံ့သြသွားခဲ့တာ။ အဲ့ဒါထုတ်ဖို့ တစ်နှစ်ပဲ အချိန်ကြာခဲ့တယ်။ သူတို့ဓါတ်ခွဲခန်းက ထုတ်နေဆဲပါပဲ။ အဲဒီလို ခက်ခဲတဲ့အခြေအနေတွေမှာ ကောင်းကောင်း လုပ်နိုင်ခဲ့လို့ တကယ် အံ့သြသွားခဲ့ရတယ်။


ဒီလိုဥာဏ်ကြီးရှင်တွေက အပြင်လောကမှာ သမိုင်းတွင်သွားခဲ့တယ်။


သူတို့ကို ကြည့်ရင်း ဇာတ်လိုက်ရဲ့ ရွှေလက်က ဘာမှမဟုတ်သလို ခံစားမိလာခဲ့တယ်။ 


ဥာဏ်ကြီးရှင်တွေ ကြိုးစားလုပ်ခဲ့ရတာကို ဇာတ်လိုက်က အလွယ်လေး အောင်မြင်မှုယူနေတယ်လို့ ထင်ကောင်းထင်နိုင်ကြမှာပေမယ့် သူက သူ့အရင်ဘဝမှာ အလုပ်ကြိုးစားခဲ့ပြီး ခဏခဏကျရှုံးခဲ့ပြီးမှ အောင်မြင်လာခဲ့ရတယ်ဆိုတာ ပုံဖော်နိုင်ကြမှာပါ။



👨‍❤️‍👨