Chapter 80
Viewers 11k

👨‍❤️‍👨Chapter 80




နှစ်ယောက်စလုံးက နွေဦးဆောင်းဦးခန်းမ၏ ဝေ့ပေါ်ကို ပြန်တင်ပေးထားကြခြင်း ဖြစ်သည်။


ကျောက်တုံးတစ်တုံးကြောင့် လှိုင်းထန်သွားသလို ထိုနာမည်ကြီးနှစ်ယောက်ပေါင်းပြီး ဝေ့ပေါ်ကို ဝက်ဝက်ကွဲဖြစ်သွားအောင် လုပ်နိုင်ပုံပင်။


လူတိုင်းက လုရှီ ထိုသတင်းကို ပြန်တင်ပေးထားသည်ကို မြင်သောအခါ နွေဦးပန်းနံပါတ်၃ကို ချက်ချင်း စဥ်းစားမိသွားကြပြီး "လုရှီ ကျောက်ကပ်ရောဂါ ခံစားနေရဟု သံသယရှိ...နွေဦးဆောင်းဦးခန်းမရဲ့ ဆေးအသစ်ကို တွန့်ပို့ပေးနေ" ဆိုသည့် အချက်ကနေ " လုရှီ ကျောက်ကပ်ရောဂါ ခံစားနေရ" ဆိုသည့် အချက်သာ ကျန်ခဲ့တော့သည်။


သွမ့်ရှူးထုံက ပြောစရာစကားမဲ့သွားရကာ လုရှီအား တစ်စက္ကန့်မျှ စာနာသွားရင်း နှစ်သိမ့်ပေးရမလား စဥ်းစားနေချိန် လုရှီဆီမှ ဝီချတ်စာ ပို့လာသည်။


လုရှီ :[ ငါ့ရဲ့ ဂုဏ်သတင်းကတော့ ပျက်ပါပြီ [ငိုနေ] [ငိုနေ]]


သွမ့်ရှူးထုံ : [[ခေါင်းပုတ်ပေးသည့် အီမိုဂျီ] ပြန်တင်ပေးလို့ ကျေးဇူးပါဗျာ။]


လုရှီ : [နွေဦးဆောင်းဦးခန်းမက ဗုံးကြီးပဲ။ [အရမ်းအားပြင်းတယ်] [အရမ်းအားပြင်းတယ်]]


သွမ့်ရှူးထုံ : [ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးပါ။ ]


လုရှီ :[ နောက်ဆုံးတစ်ခေါက် ယန်မြို့တော်မှာ အတူတူစားကြတုန်းက အကူအညီတောင်းခဲ့တာကို မှတ်မိသေးလား။]


သွမ့်ရှူးထုံ : [ပြောပါ။]


လူရှီ :[ ကိုယ် ဆေးပညာနဲ့ ပတ်သက်တဲ့ မှတ်တမ်းတစ်ခု ရိုက်ဖို့ စီစဥ်နေတာ...အဓိကအကြောင်းအရာက အပြည့်အဝ မဆုံးဖြတ်ရသေးဘူး...အဲ့ဒီအချိန်ရောက်ရင် ဇာတ်ဝင်ခန်းတစ်ခန်းလောက် လုပ်ပေးဖို့ တောင်းဆိုချင်တယ်...အချိန်ရမလား သိပါရစေ...]


သွမ့်ရှူးထုံ :[ ထူးခြားတဲ့ ရည်ရွယ်ချက်မျိုး ရှိလား...]


လုရှီက : [စွန့်လွှတ်အနစ်နာခံမှုကို ချီးကျူးပြီး ပညာအမွေဆက်ခံဖို့ ရည်ရွယ်ရင်းပေါ့...]


သွမ့်ရှူးထုံက တစ်ခဏမျှ စဥ်းစားလိုက်ပြီး ရှီသွမ်းကို မေးလိုက်သည် " ခင်ဗျား အဲ့ဒါ အဆင်ပြေတယ်လို့ ထင်လား..."


ရှီသွမ်း၏ မျက်လုံးများက နူးညံ့ပျော်ဝင်နေသည် " မင်းသဘောပါ...ကျန်တာတွေ စိတ်မပူပါနဲ့..." 


သွမ့်ရှူးထုံကိုယ်တိုင်က ပေါ်ပေါ်ထင်ထင် နေတတ်သည့်သူ မဟုတ်၍ တီဗွီဖန်သားပြင်တွင် ပါဖို့က အနည်းငယ် ခက်ခဲနေသည်။ သို့သော်လည်း ဤအရာကို ကောင်းမွန်သည့် အတွေ့အကြုံတစ်ခုဟု စဥ်းစားပြီး လုရှီကလည်း သူ့ကို ထောက်ပံ့ပေးရင်း "ကျောက်ကပ်အားနည်းသူ" ဖြစ်လာရသည့်အတွက် သူ့ဘက်ကလည်း အပြန်အလှန် သဘောတူပေးလိုက်သည်။


သဘောတူညီချက်ရပြီးနောက် လုရှီက အမြန်ကျေးဇူးတင်လာသည်။


ထိုအချိန် အင်တာနက်ပေါ်က hot searchက တဖြေးဖြေး ပြောင်းလဲစပြုလာ၏။


စစချင်းတွင် အင်တာနက်ပေါ်က လူများက "လုရှီ ကျောက်ကပ်ရောဂါ ခံစားနေရ" ဆိုသည်ကိုမြင်၍ ဝင်ကြည့်ရာ အရမ်းမချိုသည့် ဖရဲသီးကြီး စားမိသွားပြီး မူရင်းဝေ့ပေါ်က အကြောင်းအရာကို အာရုံမထားတော့ဘဲကျောက်ကပ်ဆေးအသစ် ပေါ်သည့် အကြောင်းကိုသာ သိသွားကြသည်။


ကမ္ဘာပေါ်တွင် ဆေးပေါင်းထောင်သောင်းမကရှိပြီး ကျောက်ကပ်ဆေးကလည်း ထိုအရာထဲမှ တစ်ခုဖြစ်သည်။


သို့သော်လည်း တစ်ယောက်က ကွက်မြင်သွားပြီး ကောမန့်ရေးလာသည် [" ပျက်စီးနေတဲ့ ကျောက်ကပ်ကို ကုသပေးတာလား...ငါမှားဖတ်မိတာလား...ဒါကြီးက တကယ် တရားဝင် ဟုတ်ပါတယ်နော်..."]


ထိုကောမန့်ကို မြင်သည်နှင့် လူတော်တော်များကလည်း လိုက်ကြည့်ကြရာ ထိုကောမန့်က နာမည်ကြီးလာ၏။


တော်ကြောင်းပြချင်သည့် ဘလော့ဂါများက ဟွားကော် ဆေးဝါးအသစ် မဂ္ဂဇင်း၏ ကောမန့်နေရာတွင် အမှန်ပြန်ပြင်ရေးပေးရန် ကောမန့်ရေးလာကြသည်။


ဟွားကော် ဆေးဝါး မဂ္ဂဇင်းက ထူးမခြားနားပင်။


အေးစက်စက် အဆက်ဆံခံလိုက်ရသည့် အင်တာနက်ပေါ်က လူများက ရွေးစရာမရှိပဲ နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့ဆီ မက်ဆေ့ချ် ပို့ရတော့သည်။ အချို့က နွေဦးဆောင်းဦးခန်းမက အရှက်မဲ့ပြီး မရှိသည့် ဆေးကို ထုတ်ပြီး ကြွားဝါသည်ဟုပင် ပြောနေကြသည်။


နွေဦးပန်းစီးရီးက နာမည်ကြီးလှသည်။ လူထုအမြင်တွင် နွေဦးဆောင်းဦးခန်းမက skincareကုမ္ပဏီနှင့် ဘာမှမခြားပင်။ skincareကုမ္ပဏီလေးက ထုတ်တဲ့ ဘယ်လို ကျောက်ကပ်ဆေးမျိုးက အံ့သြစရာကောင်းနိုင်မှာလဲ။


တစ်ယောက်ယောက်က အားမရှိစွာ လက်မြောက်လာသည် " နွေဦးပန်းနံပါတ်၃ကလည်း ဆေးပဲမို့လား..."


အင်တာနက်ပေါ်က လူများ [" အကောင်းဆုံးဆိုတဲ့ အမာရွတ်ပျောက်ဆေးဆိုတာလည်း အလှအပရေးရာ ကုသမှုပါပဲ..ခုကျ.ကျောက်ကပ်အတွက် ဆေးတဲ့လား...လုံးဝ ပွဲပြီးသွားပြီမဟုတ်လား..." ]]


နောက်ထပ် လူတစ်ယောက်က ပြောလာသည်[ " နွေဦးဆောင်းဦးခန်းမက နဂိုကတည်းက ဆေးကုမ္ပဏီလေ....ဆေးထုတ်တာ ထူးဆန်းလို့လား..."]


အင်တာနက်ပေါ်က လူများ [" ပျက်စီးနေတဲ့ ကျောက်ကပ်ရဲ့ လုပ်ငန်းစဥ်ကို ပြန်လည်လုပ်ဆောင်ပေးတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ သိရဲ့လား...အဲ့ဒါက ကျောက်ကပ်လူနာတွေအားလုံး ပြန်ကောင်းလာဖို့ မျှော်လင့်ချက်ရှိပြီ ဆိုတာပဲလေ.. "]


[" အသက်ကယ်နိုင်ပြီဆိုတော့ ကောင်းတာပဲ မဟုတ်ဘူးလား...အဲ့ဒါ မကောင်းလို့လား...."]


[" အရမ်းကြီး ချဲ့ကားလွန်းနေလို့ဟေ့...စာရေးတာ မှားတာပဲ ဖြစ်ရမယ်...ဘယ်လိုသောက်ကျိုးနည်း ဆေးဂျာနယ်ကြီးလဲ..." ]


["သတင်းအမှားကြီး..."]


အွန်လိုင်းပေါ်က စကားများမှုများက လှိုင်းထန်နေ၍ အပူလှိုင်းက "လုရှီ ကျောက်ကပ်ရောဂါ ခံစားနေရ" ဆိုသည့် ခေါင်းစဥ်နားပင် ရောက်လာသည်။


ရှီသွမ်းက မျက်လုံး အောက်ပို့လိုက်ရင်း ဖုန်းပေါ် လက်ရွေ့လိုက်သည်။ မကြာခင် ရှီလုပ်ငန်းစု၏ တရားဝင် ဘလော့ကနေ နွေဦးဆောင်းဦးခန်းမ၏ ဝေ့ပေါ်ကို စကားလေးနှစ်ခွန်းနှင့် ပြန်တင်ပေးလာသည်။

[[ "ဂုဏ်ယူပါတယ်"]]


သွမ့်လုပ်ငန်းစုကလည်း သေချာပေါက် နောက်ကောက်ကျမနေခဲ့ပေ။


ယခုဆို နွေဦးဆောင်းဦးခန်းမအတွက် အင်အားဖြစ်ပေးနိုင်သည့် နေရာနှစ်ခု ပေါ်လာပြီဖြစ်၍ အဆိပ်ပြင်းသည့်သူများက ထိုကုမ္ပဏီနှစ်ခုက အမှားအမှန် မခွဲခြားပဲ ဆွေမျိုးကောင်းစားရေးအတွက်သာ ကြည့်သည်ဟု စွပ်စွဲနေကြသည်။


သို့သော်လည်း တစ်ယောက်ချင်းစီရော အဖွဲ့အစည်းကပါ ပြန်ဖြေလာခြင်းမရှိပေ။


ရုတ်တရက် မိသားစု ဂရုချတ်ထဲကနေ သတင်းတစ်ခု ရှိလာသည်။


ချစ်မေမေ :[ ထုံထုံလေးက တော်လိုက်တာ....မွမွမွ...]


အဖေ :[ မဆိုးဘူး။]


အဖွားကြီး :[ ကောင်းကောင်း လုပ်ခဲ့တယ်။]


သွမ့်ရှူးထုံက ပြုံးလိုက်ရင်း ဂရုထဲ စာအိတ်နီ ပို့ပေးလိုက်ရာ ချက်ချင်းကို ယူသွားကြသည်။


သူတို့အကုန် အလုပ်ရှုပ်နေကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ချက်ချင်း စာအိတ်ဖမ်းနိုင်ရတာလဲ။


ဟန်လင်က ရုတ်တရက် နောက်ထပ်မက်ဆေ့ချ် ပို့လာသည်။ [သခင်လေးသွမ့်...ကျွန်တော်တို့ အတိုင်ခံနေရတယ်။]


သွမ့်ရှူးထုံ : ???


သူနှင့်ရှီသွမ်းက ချက်ချင်း ဝေ့ပေါ်သွားကြည့်ရာ အင်တာနက်ပေါ်ကလူများက အမျိုးသားရေးရာ ဆေးဝါးထိန်းသိမ်းရေး ကော်မတီတွင် ပို့စ်တင်ပြီး အာရုံစိုက်ခိုင်းနေကြမှန်း တွေ့လိုက်ရသည်။  


သွမ့်ရှူးထုံက ခေါင်းယမ်းလိုက်ရင်း ဖွဖွလေးပြုံးလိုက်သည် [" အဲ့ဒီလိုလုပ်လည်း အသုံးမဝင်ပါဘူး...ကျွန်တော်တို့ လျှောက်ထားတာက စီရင်စုရဲ့ အကြိုစစ်ဆေးချက်ကို အောင်ထားပြီးပြီ...ပြီးတော့ ပြန်လည်စစ်ဆေးချက်က ပြည်နယ်ရဲ့ အစားအစာနဲ့ ဆေးဝါး ဝန်ကြီးဌာနဆီ သွားလိမ့်မယ်..."]


သို့သော်လည်း အင်တာနက်ပေါ်က လူများက ထိုသို့လုပ်နေ၍ ဟွားကော် ဆေးဝါးအသစ် ဂျာနယ်က ဂရုမစိုက်ခဲ့၍ဖြစ်မည်ဟု ခန့်မှန်းမိသည်။


သို့သော်လည်း ထင်မှတ်မထားစွာ ထိုလှိုင်းက ပိုပြီးပြင်းထန်လာသည်။ စနေနေ့တွင် လူအများစုက အိမ်တွင်နေပြီး အားနေသည့်အချိန် ဝင်ပြီးပျော်ပါးကြသည်။ ထို့ပြင် တိုင်ကြားသည်က တရားမဝင်သည် မဟုတ်ပေ။


လူအရေအတွက်များလွန်း၍ ပြည်သူ့အမြင်ပေါ် သက်ရောက်မှုရှိလာသည်။ တရားဝင်ဘလော့ ပျောက်မသွားမချင်း အင်တာနက်ပေါ်က လူများ၏ သံသယက ပျောက်သွားနိုင်မည် မဟုတ်ပေ။ 


သိပ်မကြာခင် ဟွားကော် ဆေးဝါးအသစ် ဂျာနယ်က လင်နန်စီရင်စု၏ ဆေးဝါး ဝန်ကြီးဌာနဆီက ဝေ့ပေါ်ကို ပြန်တင်ပေးပြီး သတင်းအသစ်တင်လာသည်။


[လင်နန်စီရင်စု ဆေးဝါးဝန်ကြီးဌာန ဗွီ : ပစ္စည်းက စစ်ဆေးနေတုန်းပါပဲ...ကျေးဇူးပြုပြီး စိတ်ရှည်ရှည် စောင့်နေပေးပါ]


အင်တာနက်ပေါ်က လူများ : ...


တရားဝင်ဘလော့က အဖြေပေးမလာသော်လည်း စစ်ဆေးနေဆဲဆိုသည်က ဆေးကို အမှန်တကယ် ထုတ်ခဲ့သည်ဟု ဆိုလိုခြင်းပင်။ ထောက်ခံချက်ရပြီး စျေးကွက်ထဲ သွားနိုင်မသွားနိုင်က မသေချာပေ။


စျေးကွက်ထဲ ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ဆေးသာ အမှန်တကယ် ရှိပြီး ဟွားကော်ဆေးဝါး မဂ္ဂဇင်းကမမှားဘဲ လုပ်ငန်းစဥ်ကို အကျဥ်းချုပ်ပြောသွားခြင်းသာ ဖြစ်သည်။


အင်တာနက်ပေါ်က လူများရော ဖြတ်သွားဖြတ်လာလူများပါ မေ့လဲကုန်ကြသည်။


သူတို့က စုံစမ်းရန် နွေဦးဆောင်းဦးခန်းမသို့ အပြေးသွားလိုက်သော်လည်း နွေဦးဆောင်းဦးခန်းမက အဖက်မလုပ်ပဲ ကြက်ပေါက်လေးလို တိတ်နေဆဲပင်။


အရူးထနေကြသည့်သူများက တဖြေးဖြေး ကွယ်ပျောက်သွားကာ ဝေ့ပေါ်က စကားအပြောအဆိုများက စတင်ပြောင်းလဲစပြုလာသည်။


ဘလော့ဂါတစ်ယောက်က ဆိုလာ၏ [" ငါ့အဖေက နေမကောင်းဖြစ်နေတာ နှစ်တော်တော်ကြာပြီ...အဲ့ဒီရောဂါ ကြုံဖူးတဲ့သူတိုင်းသိတယ်...သူများတွေ ပေါ့ပေါ့တန်တန် သဘောထားတဲ့အရာက ကိုယ်တွေအတွက်က နတ်ဆေးလိုပဲ...အသက်ရှင်ဖို့ တကယ် ခက်ခဲတယ်...ဆေးအသစ်သာ တကယ် ထိရောက်မှုရှိရင် နွေဦးဆောင်းဦးခန်းမကို ကျေးဇူးတင်မိမှာပါ...ကျန်တဲ့ ဘဝတစ်လျှောက်လုံးလည်း ကျေးဇူးတင်နေမှာပါ..."]


စကားလုံးများက ရိုးရှင်းသော်လည်း ရင်ထဲထိစေသည်။


ဘလော့ဂါတော်တော်များများကလည်း သူတို့၏ မျှော်လင့်ချက်များကို ဖွင့်ထုတ်ပြလာကြသည်။


လူတိုင်း တစ်ဖြေးဖြေး အသိစိတ်ပြန်ဝင်လာကြသည်။ ဟုတ်တယ်...ရှေးခေတ်ကနေ အခုခေတ်ထိဆို ဆေးပညာအခြေအနေက တော်တော်လေး တိုးတက်နေပြီးပြီ။ အခု သူတို့ရှေ့က ထုတ်ထားတဲ့ သာမန်မဆန်တဲ့ ဆေးကလည်း မဖြစ်နိုင်တဲ့အရာတစ်ခုပဲလေ။


ဆေးအသစ်တွေက မျှော်လင့်ချက်ရှိလာတယ် လူနာတွေအတွက်လည်း လိုအပ်တယ်ဆိုရင် လုံလောက်ပါပြီ။


*****


ယန်ဆေးတက္ကသိုလ်


နောက်ထပ် လက်တွေ့စမ်းသပ်ချက်တစ်ခု ကျရှုံးပြန်တော့ စုန့်ချွေက နှုတ်ခမ်းတင်းတင်းစေ့ပြီး သူ့ဘေးက ပရောဂျက်ခေါင်းဆောင် ပရော်ဖက်ဆာ ယောင်ချင်းယွင်ကလည်း ခေါင်းတစ်ခါခါနှင့် သက်ပြင်းချလေသည်။


ဒါနဲ့ဆို သူတို့ မအောင်မြင်တာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။


ကင်ဆာရောဂါကုထုံးက အတွေ့ရနည်းသည့် ခေါင်းစဥ်တစ်ခု မဟုတ်ပေ။ ပြည်တွင်းပြည်ပ လူတော်တော်များများက ရောဂါပျောက်ကင်းစေသည့် ခုခံအားစနစ်ကို တိုးမြင့်ခြင်းအားဖြင့် ကင်ဆာရောဂါ ပျံ့ပွားမှုကို ဖိနှိပ်ရန် ကြိုးစားနေကြသည်။


သူတို့၏ အဓိကသုတေသနက ရောဂါပျောက်ကင်းမှု တိုးမြင့်စေသည့် ဆေးပင်။


သို့သော်လည်း ယခုတွင် ပရောဂျက်က အတားအဆီးများနှင့် ကြုံတွေ့နေရသည်။ လက်ရှိတွင် ဖြေရှင်းရခက်နေသည့် အတားအဆီးတစ်ခုက လမ်းတွင် ကန့်လန့်ခံနေပြီး ကျော်ဖြတ်ဖို့ မဖြစ်နိုင်ပေ။


အဖွဲ့၏ စိတ်ဓါတ်ကလည်း တဖြးဖြေး ကျဆင်းလာသည်။


စုန့်ချွေက ဝမ်ရုန်ချန်း၏ ကျောင်းသားတစ်ယောက် ဖြစ်သော်လည်း ကင်ဆာဆဲလ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို အမြဲတမ်း စိတ်ဝင်စားခဲ့သည်။ သူက အရံဘာသာအနေနှင့် ယူထားပြီး ဗဟုသုတများကို ကိုယ့်ဘာသာ လေ့လာခဲ့သည်။ သူ့ကို ယောင်ချင်းယွင်က တန်ဖိုးသိသွား၍ ယခုပရောဂျက်တွင် ပါဝင်ခွင့်ရနိုင်ခဲ့သည်။


ယခုတွင် မည်သို့ဖြစ်စေ အဆက်မပြတ် ထိုးနှက်ခံရမှုကြောင့် သူ့စိတ်ဓါတ်လည်း ကျဆင်းလာပြီဖြစ်သည်။


သူက လက်တွေ့စမ်းသပ်ချက်လုပ်သည့် စားပွဲပေါ် လက်ထောက်လိုက်ရင်း မျက်လုံးမှိတ်ကာ စမ်းသပ်ချက်တစ်ခုလုံးကို သေချာပြန်စဥ်းစားကြည့်သော်လည်း နောက်ဆုံးပိုင်းကို မချိုးဖျက်နိုင်ပေ။


ကင်ဆာဆဲလ်တွေ မပြန့်ပွားဖို့ ထိထိမိမိ ထိန်းချုပ်နိုင်တဲ့ ခုခံအားစနစ်ကို တိုးမြင့်ဖို့ ဘယ်လိုလုပ်ရမလဲ။


ယောင်ချင်းယွင်က သူတို့ထက် လက်တွေ့စမ်းသပ်သည့်နေရာတွင် အတွေ့အကြုံပိုရှိပြီး ယခုလို အချည်းအနှီးဖြစ်သွားသည်မျိုးကို နေသားကျနေပြီဖြစ်သည်။ လူငယ်လေးများ ခေါင်းငိုက်စိုက်ဖြစ်နေသည်ကို မြင်ရသောအခါ သူက ရယ်လိုက်ရင်း စနောက်လိုက်သည် " အားမလျော့သွားကြပါနဲ့ကွာ...ကျရှုံးမှုက အောင်မြင်ဖို့အတွက် အခြေခံပဲလေ...အတွေ့အကြုံတွေက်ို ပေါင်းစည်းလိုက်မှ အခက်အခဲတွေကို သေချာပေါက် ကျော်လွှားနိုင်မှာပေါ့...." 


စုန့်ချွေက မျက်လုံးဖွင့်လိုက်ရင်း ယောင်ချင်းယွင်ရှိရာဘက် လှည့်လာကာ စီနီယာ၏ ညွှန်ကြားချက်ကို စောင့်နေလိုက်သည်။


ထင်မှတ်မထားစွာ ယောင်ချင်းယွင်က လက်တွေ့စမ်းသပ်ချက်အကြောင်း ပြောမလာပေ။ ထိုအစား သူက စကားလေးပြောရင်း စုန့်ချွေကို မေးလာသည်


 " ရှောင်စုန့်...မင်းနဲ့ လောင်ဝမ်က တစ်နေ့က ဆေးစစ်တဲ့အထဲ ပါခဲ့တယ်ဆို... ငါကြားတာ ရလဒ်တွေက အားရစရာပဲဆို..."  


စုန့်ချွေက ပရော်ဖက်ဆာယောင်က သူတို့ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကြိုးစားနေမှန်း သိလိုက်၍ ခေါင်းညိမ့်ပြကာ ပူးပေါင်းပေးလိုက်သည် " ဟုတ်ကဲ့...ရလဒ်တွေက တကယ့်ကို အံ့သြစရာပဲ..."


အချိန်ကာလအရ ယင်းက ထောက်ခံချက်ယူသည့် အဆင့်ကိုပါ ကျော်ဖြတ်ပြီးသွားလောက်သည်။


စုန့်ချွေက ကျောက်ကပ် ရောဂါသည်များအတွက် အရမ်း ဝမ်းသာမိကာ ထိုသို့ ပျက်စီးနေသော ကျောက်ကပ်များကို ထိရောက်စွာ ပြန်လည်ကုစားပေးနိုင်သည့် ဆေးမျိုးထုတ်နိုင်သည့် သွမ့်ရှူးထုံကိုလည်း လေးစားမိသည်။


ဤအကြောင်းတွေးနေရင်း သူက ရုတ်တရက် လက်တွေ့စမ်းသပ်ချက်လုပ်သည့် စားပွဲပေါ် လက်သီးတင်းတင်းဆုပ်မိကာ အကြံတစ်ခု ခေါင်းထဲ ပေါ်လာသည်။


အတိုင်းအတာတစ်ခုလောက်ထိ ပြန်လည်ကုစားပေးနိုင်တယ်ဆိုတော့ ပျက်စီးနေတဲ့ ကျောက်ကပ်တွေက ဆေးကြောင့် ဆဲလ်ထုတ်လုပ်ခြင်း လုပ်ငန်းစဥ်ကို လှုံ့ဆော်ပေးနိုင်ပြီး ကျောက်ကပ်လုပ်ငန်းစဥ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်တာပေါ့။


ခုခံနိုင်အား တိုးမြင့်တယ်ဆိုတာ လူခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုးမြင့်ပေးပြီး သာမန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေကို ဖိနှိပ်ခိုင်းတာပဲလေ။


သူတို့ကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေမလား။


သွမ့်ရှူးထုံရဲ့ စိတ်ကူးအကြံဥာဏ်ကို ဒီဟာအတွက် သုံးလို့ရနိုင်လောက်လား။


စဥ်းစားနေရင်း စုန့်ချွေမှာ မထိန်းနိုင်ပဲ ယောင်ချင်းယွင်အား သူ့အတွေးများကို ပြောပြလိုက်သည်။


ယောင်ချင်းယွင်က အံ့သြသွားရသည် " အဲ့ဒီတုန်းက စစ်ဆေးချက်ကို အသေးစိတ် ပြောပြပေး..."


ကျန်သည့် သုတေသနသမားများလည်း လာပြီး နားထောင်ကြသည်။


စုန့်ချွေက စကားဆုံးသည်နှင့် လူတိုင်းက စက္ကန့်အနည်းငယ်မျှ တိတ်နေပြီးနောက် တစ်ယောက်က မနေနိုင်၍ မေးလိုက်မိသည် " အဲ့ဒီဆေးက ကျောက်ကပ်ရောဂါ ကုတဲ့ ဆေးလေ...ကျွန်တော်တို့ ပရောဂျက်နဲ့ တစ်ခုခုဆိုင်လို့လား..."


ယောင်ချင်းယွင်က ခေါင်းယမ်းပြလိုက်သည် " သိပ္ပံပညာနဲ့ဆိုင်တဲ့ သုတေသနဆိုတာက အမြဲတမ်း ပုံသေမရှိဘူး...ရှောင်စုန့် ခုနကပြောသွားတဲ့ အရာက စဥ်းစားပုံစဥ်းစားနည်း အသစ်ပဲ...ဒါပေမယ့် လက်ရှိမှာ အဲ့ဒီနည်းလမ်းကို ဘယ်လို လုပ်ရမလဲ မသိသေးဘူးလေ..."


နွေဦးဆောင်းဦးခန်းမကသာလျှင် နည်းပညာဗဟိုချက်ကို သိလိမ့်မည်။ သို့မဟုတ် သွမ့်ရှူးထုံတစ်ယောက်တည်းသာ သိမည်ဟုလည်း ပြောနိုင်သည်။


စုန့်ချွေ၏ စကားများက ယောင်ချင်းယွင်အပေါ် သက်ရောက်မှု ရှိသွားသည်။ အလုပ်က ပြန်ပြီးနောက် သူက ဝမ်ရုန်ချန်းကို ချက်ချင်း ဆက်သွယ်တော့သည်။



***

စာရေးသူမှာ ပြောစရာအချို့ ရှိပါတယ်။


မင်းတို့ အလုပ်ကြိုးစားတဲ့ စာရေးသူကို ချီးမကျူးဘူးလား။(?w?)



👨‍❤️‍👨