ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၁၂၆)
ကောင့်မြို့စားကာဒယ်လ်အိမ်တော်မှာ သိပ်မဝေးသဖြင့် ကျွန်မ ဖြည်းဖြည်းချင်း ပြင်ဆင်၍ ရပါသည်။
ထို့ကြောင့် သက်တောင့်သက်သာဖြစ်လှသော အိုင်ရင်း၏ပြင်ဆင်ပေးမှုကို လက်ခံရင်း ငေးတိငေးငိုင်ဖြင့် ထိုင်နေမိသည်။
"မဒမ်"
ထိုအချိန်တွင် အိုင်ရင်းက ကျွန်မကို ခေါ်လိုက်သဖြင့် ကျွန်မလည်း မျက်ခုံးကို ညင်သာစွာ ပင့်လိုက်သည်။
"ဒီနေ့ မဒမ် နေလို့ထိုင်လို့ မကောင်းလောက်ဘူး၊ဒီတော့ ကျွန်မက မဒမ့်အတွက် သက်တောင့်သက်သာဖြစ်အောင် ပြင်ဆင်ပေးမှာပါ။"
ထိုသို့ပြောနေစဥ်တွင် အိုင်ရင်း၏မျက်လုံးများ မသိမသာ ပြုံးယောင်သမ်းနေလေသည်။
နင်!
"နင် ငါ့ကို ဒီလိုမျိုး လှောင်ရယ်နေတာလား။"
"အာ ... ကျွန်မက မဒမ့်ကို ဘယ်လိုလုပ်ပြီး လှောင်ရယ်ရဲပါ့မလဲ။"
အိုင်ရင်းက လက်ခါခါ ခြေခါခါနှင့် အော်လေသည်။
"မနေ့က ဖြစ်ခဲ့တာတွေကြောင့် မဒမ့်မှာ ခက်ခဲတဲ့အချိန်တွေ ရှိနေလောက်တယ်လို့ တွေးမိပြီး ကျွန်မက ဒီလိုမျိုး ပြောမိတာပါ။"
"မနေ့က ဘာဖြစ်ခဲ့လဲဆိုတာကို နင်က ဘယ်လိုသိတာလဲ။"
ကျွန်မ အမှန်တကယ် အံ့ဩသဖြင့် မေးလိုက်မိသည်။အိုင်ရင်းက ပို၍ပင် ရယ်လိုက်လေသည်။
"ကျွန်မတို့ မသိစရာအကြောင်းမှ မရှိတာ မဒမ်ရယ် ...ဟီးဟီး။"
"အမ်!"
ကျွန်မ၏မျက်နှာက နီရဲလာတော့သည်။
မဟုတ်သေးဘူး ... အိမ်တော်ထဲမှ ဖြစ်သမျှကိစ္စတိုင်းကို အစေခံတွေက သိနေတာတော့ ထားလိုက်ပါ။သူတို့က ဒီလိုကိစ္စတွေအထိတောင် သိနေတာလား။
မများလွန်းဘူးလား။
ကျွန်မလည်း ရင်ဘတ်ကို လက်များဖြင့် ရစ်ပတ်ထားလိုက်ပြီး အိုင်ရင်းကို စိုက်ကြည့်လိုက်သည်။
"ငါ နင့်ကို တကယ်မုန်းတယ်။!"
"ဘုရားရေ!"
အိုင်ရင်း၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားခဲ့သည်။
"မဒမ်က တစ်နေ့တစ်ခြား ပိုပြီး ချစ်စရာကောင်းလာပါလားနော်။"
ပြီးနောက် သူမက ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်မောလေသည်။
မဟုတ်ဘူး၊ငါ တကယ် ဒေါသထွက်နေတာ၊ဒါပေမဲ့ ငါ့ပါးစပ်ကို လွှတ်ထားပေးလိုက်ရင် ဘာတွေ ပြောမိသွားမလဲ မသိလို့!
"ဘာပဲဖြစ်ဖြစ်ပါ...ဂုဏ်ယူပါတယ် မဒမ်။"
"နင် ငါ့အတွက် ဂုဏ်ယူပေးနေစရာ မလိုပါဘူး။"
"ဒါပေမဲ့ ... "
အိုင်ရင်းက ကျွန်မကို တစ်ချက်ကြည့်၍ ပြောလာခဲ့သည်။
"မဒမ်တို့ အချင်းချင်း တကယ်ကို အဆင်ပြေပြေနဲ့ ရှိနေကြပြီလေ၊မဟုတ်ဘူးလား ...ဒါကြောင့်ပဲ ကျွန်မက ဂုဏ်ပြုပေးသင့်တာပေါ့။"
"ငါတို့က အမြဲတမ်း အဆင်ပြေပါတယ်။"
ဟမ့် ...
ကျွန်မ နှာမှုတ်၍ ပြောလိုက်လျှင် အိုင်ရင်က ထရယ်လေသည်။
"ဟုတ်တာပေါ့ ... မဒမ်တို့နှစ်ယောက်လုံးက အမြဲတမ်း အဆင်ပြေနေကြတာပါ။"
သူမက လက်များကို ဆုပ်ကိုင်၍ ပြောလေသည်။
"အခုဆို မဒမ်တို့နှစ်ယောက်မှာ ကလေးလေးတစ်ယောက် ရှိလာဖို့ပဲ ကျန်တော့တယ်လေ! ဟုတ်တယ်မလား မဒမ်!"
ထို့နောက် သူမက မသိမသာလေး ပြုံးလိုက်လေသည်။
အိုး ... ဒါက ထူးဆန်းနေတယ်နော်။
ကျွန်မ မျက်လုံးများကို မှေးစင်းပြီး ကြည့်လိုက်သည်။
"နင် ဘာတွေ ကြားထားလဲ။"
"မဟုတ်တာ!"
အိုင်ရင်းက ထိတ်လန့်တကြား အော်လိုက်လေသည်။
သို့သော် အိုင်ရင်းက တစ်ခုခုကို မသိထားဘဲ ထိုသို့ ပြောတတ်သည့်မိန်းကလေး မဟုတ်မှန်း ကျွန်မ ကောင်းကောင်း သိသည်။
ကျွန်မလည်း မျက်လုံးများကို မှေးစင်းလိုက်သည်။
"မြန်မြန်ပြော ...နင် ဒါကို ဘယ်နေရာကနေ ကြားလာတာလဲ။"
"မဟုတ်ပါဘူး ... အဲ့ဒါက"
အိုင်ရင်းက ဖြည်းဖြည်းချင်းပြောရင်း မျက်လုံးလိမ့်လိုက်လေသည်။
"ကျွန်မ မြို့စားမင်းကြီးကတော်ဆီကနေ နည်းနည်းလေးပဲ ကြားခဲ့ရတာပါ။မြို့စားမင်းကြီးမိသားစုမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက် ကျွန်မမှာ ရှိပါတယ်။"
"ဘာအကြောင်းလဲ"
"မဒမ်နဲ့သခင်တို့ ...ဇနီးမောင်နှံမှာ ... ကိုယ်ဝန်ရနေပြီဆိုတာ...။"
"ဘုရား ဘုရား ... သူတို့ရဲ့ပါးစပ်တွေ မပိတ်ထားနိုင်ဘူးဘဲ။"
မြို့စားမင်းကြီးကတော်က ထိုမျှစျေးပေါသောသူမှန်း မယုံနိုင်အောင် ဖြစ်နေရသဖြင့် ကျွန်မ ပါးစပ်ပိတ်ထားလိုက်မိသည်။
"ကောလာဟာလတွေက အသိုင်းအဝိုင်းတစ်ခုလုံး ပျံ့နေပြီလားဆိုတာ ကျွန်မ သိချင်မိတယ်။"
အိုင်ရင်းက ပြောလေသည်။
အား ... ငါ့ခေါင်း
ကျွန်မ နဖူးကို ဖျစ်ညှစ်ထားရင်း သက်ပြင်းချလိုက်မိသည်။
"အဲ့ဒါက အလိမ်အညာတစ်ခုပဲ။"
"ရှင် !!"
"ကိစ္စတစ်ချို့ကြောင့် ငါတို့ လိမ်ထားခဲ့တာ၊ပြီးတော့ ငါ့မှာ ကိုယ်ဝန်မရှိဘူး။"
အိုင်ရင်း၏မျက်လုံးများ တုန်လှုပ်သွားခဲ့သည်။
"ဒါဆိုရင် ကောလာဟာလတွေကို ဘယ်လိုလုပ်ကြမလဲ။"
ငါ ဘာလုပ်နိုင်မလဲ။
ကျွန်မ ကျစ်ခနဲ စုတ်သပ်ပြီး ပြန်ဖြေလိုက်သည်။
"အဲဒီကောလာဟာလတွေ တကယ်မှန်သွားအောင်လုပ်ဖို့အတွက် ငါတို့ မနေ့က တစ်စုံတစ်ခု လုပ်ခဲ့တယ်။"
"အာ !"
အခုမှ နားလည်သွားရသဖြင့် အိုင်ရင်းက လက်ခုပ်တီးလိုက်လေသည်။
"ဒါဆို မဒမ်တို့နှစ်ယောက်က ဒီနေ့ကစပြီး နေ့တိုင်းပဲ အဲ့လိုလုပ်ဖို့ လိုအပ်တာပေါ့။"
ဟူး ...
သူမက အားရကျေနပ်နေသော အပြုံးကြီးဖြင့် ပြောလေသည်။
"ဘုရားရေ ...ကျွန်မဖြင့် ရှက်လိုက်တာနော်။"
နင်က ဘာလို့များ ရှက်နေရတာလဲဟယ်။
ကျွန်မ မှင်တက်သွားရတော့သည်။
*
ကောင့်မြို့စားကာဒယ်လ်အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
ကောင့်မြို့စားကတော်ကာဒယ်လ် လမ်းလျှောက်လာသည်ကို ရထားလုံးပြတင်းပေါက်မှ တစ်ဆင့် ကျွန်မ မြင်နေရသည်။ထို့ကြောင့် ကျွန်မ ထရပ်လိုက်ပြီး ဝတ်စုံကို သေသပ်အောင် ပြုပြင်လိုက်သည်။
ရထားလုံးတံခါး ပွင့်သွားခဲ့သည်။
"မြို့စားကြီးကတော်!"
ကောင့်မြို့စားကတော်က သူငယ်ချင်းဟောင်းတစ်ယောက်ကို ပြန်တွေ့ရသော အမူအရာဖြင့် ကျွန်မကို ကြိုဆိုလေသည်။
"ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ကျွန်မ ရှင့်ကို မတွေ့ခဲ့ရတာ အတော်လေး ကြာခဲ့ပြီ။တွေ့ရတာ ဝမ်းသာပါတယ်ရှင်!"
ကောင့်မြို့စားကတော်ကာဒယ်လ်က ကျွန်မကို ပွေ့ဖက်ရန် ကြိုးစားလိုက်သည်။ကျွန်မတို့ ထိုမျှ ရင်းနှီးသည်လားဟု အံ့ဩနေမိသော်လည်း သူမ၏ပွေ့ဖက်လာမှုကို ကျွန်မ လက်ခံလိုက်ပါသည်။ကျွန်မအပေါ် မျက်နှာသာပေးလာသည်ကို စိတ်မပျက်စေလိုပါ။
"အထဲကို ကြွပါရှင်၊လူတိုင်းက မြို့စားကြီးကတော်ကို စောင့်မျှော်နေကြပါတယ်။"
၎င်းက အလိမ်အညာတစ်ခုမှန်း ကျွန်မ သိပါသည်။
လူတိုင်းက ကျွန်မကို စောင့်နေကြသည်။
သူတို့က ကျွန်မကို ကြောက်ရွံ့နေကြပြီး ကျွန်မ တကယ် လာ၊မလာ သိချင်နေကြခြင်း ဖြစ်လိမ့်မည်။
သို့သော် ကောင့်မြို့စားကတော်ကာဒယ်လ်က တမင်တကာ ကောင်းသောစကားကို ပြောလာသဖြင့် ကျွန်မလည်း မတတ်သာပါပဲ အပြုံးလေးဖြင့် လက်ခံလိုက်ရလေသည်။
"အင်း ...သူတို့စောင့်နေကြပြီဆိုတော့ ကျွန််မက မြန်မြန်လေး ဝင်သွားရမှာပေါ့၊မှန်ရဲ့လား။"
"ဟုတ်ပါ့ရှင်!"
ကောင့်မြို့စားကတော်ကာဒယ်လ်က ကျွန်မ၏လက်ကို ချိတ်လိုက်သည်။
ကျွန်မတို့အတူ လမ်းလျှောက်လာရင်း သူမက ပြောခဲ့သည်။
"မဒမ်တော့ မသိလောက်ဘူး။မကြာသေးခင်က မဒမ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ပတ်သက်ပြီး အများကြီး တိုးတက်လာပါတယ်။"
"တကယ်လား။"
ကျွန်မ ထိုသို့ မကြားခဲ့မိပါပေ။
ကျွန်မ ခေါင်းကို စောင်းပြီး ကြည့်လိုက်မိသည်။ထို့နောက် ကောင့်မြို့စားကတော်ကာဒယ်လ်က ဆက်ပြောလေသည်။
"ဟုတ်ပါတယ်၊မြို့စားမင်းကြီးကတော်က ကောင်းတဲ့အရာတွေ အများကြီး ပြောပေးခဲ့ပါတယ်။အထူးခြားဆုံးက မဒမ်က မိဘမဲ့ဂေဟာနဲ့ကျောင်းဆောက်ခဲ့တယ်လို့ ကြားခဲ့ရတာပါ။မြို့စားကြီးကတော်တစ်ယောက်အနေနဲ့ ကောင်းတဲ့အစပြုခြင်းပါပဲ။ဒါကို ကျေးဇူးတင်ရမှာပါ...လူတွေရဲ့အမြင်က အများကြီး ပြောင်းလဲသွားပါပြီ။မဒမ် အထဲကိုရောက်ရင် အံ့ဩသွားရပါလိမ့်မယ်။"
ပါးစပ်ကြီးကြီးတစ်ခုရှိတာက ဒီလိုမျိုး အသုံးဝင်တာပါလား။
ကျွန်မ အနည်းငယ် ခံစားချက်ပိုကောင်းလာရသည်။
ယခု ဆိုဗက်စ်စတာနှင့် အဆင်ပြေပြေ နေထိုင်နိုင်ခဲ့သဖြင့် ကျွန်မ၏နာမည်ကို မြှင့်တင်လိုသောဆန္ဒက အနည်းငယ် ပိုကြီးမားလာသော်လည်း ကောလာဟာလများက အကောင်းဘက်သို့ ရောက်လာမည်ဟု ကျွန်မ မယုံကြည်နိုင်ခဲ့ပါ။
မိုးကောင်းကင်ကြီးက ငါ့ဘက်ကို ပါနေပုံ ရတယ်။
"ပြီးတော့ ..."
ကောင့်မြို့စားကတော်ကာဒယ်လ်က ကျွန်မကို စိုက်ကြည့်ပြီး ပြောသည်။
"ရှင့်မှာ သတင်းကောင်းလေး ရှိတယ်လို့ ကျွန်မ ကြားမိတယ်။"
ဘုရားရေ
လာပြန်ပြီ ...ဒီကိုယ်ဝန်ဇာတ်လမ်းပဲ။
မြို့စားမင်းကြီးကတော်ရဲ့စကားတွေက နေရာတိုင်းကို ပျံ့နှံ့နေပုံရတယ်။
ဒါက အလိမ်အညာတစ်ခုပါလို့ အမှန်အတိုင်း မပြောလိုက်နိုင်ဘူး ဖြစ်နေတယ်။အိုင်ရင်းက မိသားစုဝင်တစ်ယောက်ဖြစ်နေလို့ ထားလိုက်ပါတော့။အပြင်လူတွေတော့ ဒီကိစ္စကို သိသွားလို့ မဖြစ်ဘူး။
"ဟုတ်ပါတယ်"
ထို့ကြောင့် ကျွန်မလည်း ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်ရသည်။
"ကျွန်မ ရှင့်ကို သတင်းကောင်းလေး ပြောခွင့်ရလို့ ပျော်မိပါတယ်။"
"ဂုဏ်ယူပါတယ်ရှင်!"
ကောင့်မြို့စားကတော်ကာဒယ်လ်က ဝမ်းသာအားရဖြင့် ပြောလေသည်။
"ရှင်တို့နှစ်ယောက် အဆင်ပြေကြတယ်ဆိုတာ ကျွန်မ သိပေမဲ့ ရှင်တို့က ဒီလောက်ထိ မြန်မြန်ဆန်ဆန် နီးစပ်သွားကြတယ်နော်။ကျွန်မ စိတ်ရင်းနဲ့ကို ရှင်တို့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်၊တကယ်ပါရှင်!"
မဟုတ်ဘူး ...အာ ...ရှက်စရာကောင်းလိုက်တာ။ငါနဲ့ဆိုဗက်စ်စတာ တစ်ခုခု လုပ်ခဲ့တာကို လူမိသွားသလို ခံစားနေရတယ်။
ကျွန်မ အနည်းငယ်ရှက်သွေးဖြန်းသွားပြီး ခေါင်းငုံ့ထားလိုက်မိသည်။
"ကလေးရဲ့ခေါင်းကိုင်မိခင်အတွက် ရှင် ဆုံးဖြတ်ထားပြီးပြီလား။"
ငါ့မှာ ကိုယ်ဝန်တောင် မရှိသေးတာကို ခေါင်းကိုင်မိခင်အတွက် ကြိုပြီး ရွေးထားစေချင်လို့လား။
ကျွန်မ ခေါင်းခါပြလိုက်သည်။
"အခုထိ မဆုံးဖြတ်ရသေးပါဘူး။"
"ဒါဆို!"
ကောင့်မြို့စားကတော်ကာဒယ်လ်က အော်လိုက်သည်။
"ကျွန်မ ရော!ကျွန်မလဲ ရွေးချယ်သင့်တဲ့သူတွေထဲမှာ ပါတယ်နော်!ကျေးဇူးပြုပြီး ကျွန်မကို မမေ့လိုက်ပါနဲ့!"
အိုး ... ရှင်က အဟောအပြောပြိုင်ပွဲထဲမှာ ဝင်ပြိုင်နေတဲ့လူလို ဖြစ်နေပါလား။
"အိုး ...အိုကေ၊ကျွန်မ နားလည်ပြီ။"
ကျွန်မ အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလိုက်သည်။
ငါ့ရဲ့အဖြေက စိတ်ကျေနပ်စရာ မကောင်းဘူးလား။
ကောင့်မြို့စားကတော်ကာဒယ်လ်က အသံကို မြှင့်၍ ပြောလိုက်သည်။
"ကျွန်မတို့မိသားစုက ဘယ်နေရာမှာမှ လက်လျှော့ပေးလိုက်တယ်ဆိုတာ မရှိဘူးနော်။"
"အာ ...အင်းပါ။"
"ဒါပေါ့၊မြို့စားမင်းကြီးကတော်က အားကောင်းတဲ့ ပြိုင်ဘက်ပါပဲ၊ဒါပေမဲ့ ..."
ကောင့်မြို့စားကတော်ကာဒယ်လ်က လက်သည်းကိုက်နေခဲ့သည်။
"ကျေးဇူးပြုပြီး ကျွန်မတို့ကို မမေ့ပါနဲ့။"
ငါ နားလည်ပြီလို့ ပြောပြီးပြီလေ။
ငါ့မှာ အခုထိတောင် ကိုယ်ဝန်မရသေးတာကို၊ ခေါင်းကိုင်မိခင်က ဘာကို ပြောချင်တာလဲ။
ငါ အဲ့လို ပြောလိုက်ချင်တယ်၊ပြောလို့လဲ မရဘူး!
ကျွန်မလည်း ကောင့်မြို့စားကတော်ကာဒယ်လ်ကို အပြုံးလေးဖြင့် နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင်
"ဟမ်"
ကောင့်မြို့စားကတော်ကာဒယ်လ်၏မျက်လုံးက နေရာတစ်ခုသို့ ရောက်သွားခဲ့သည်။ကျွန်မလည်း ထိုနေရာသို့ လိုက်ကြည့်မိလျှင်
ထိုနေရာ၌
"ကောင့်မြို့စားကတော် ဖလဲရ် မဟုတ်လား။"
ထိုနေရာတွင် ဖလဲရ် ရောက်နေခဲ့သည်။
ကောင့်မြို့စားကတော်ကာဒယ်လ်က သူမကို ဖိတ်ခဲ့တာလား။
ကျွန်မ အံ့ဩစွာဖြင့် ကောင့်မြို့စားကတော်ကာဒယ်လ်ကို ငုံ့ကြည့်လိုက်သည်။ကောင့်မြို့စားကတော်ကာဒယ်လ်က မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ချက်ချင်းဆိုသလို ခေါင်းခါပြလေသည်။
"သူမကို ကျွန်မ လုံးဝမဖိတ်ခဲ့ပါဘူး!"
"ဒါပေမဲ့ သူမက ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ။"
ယနေ့တွင် ဖလဲရ်မှာ ပုံမှန်နှင့် အနည်းငယ် ကွဲထွက်နေခဲ့သည်။
ယခင်ကမူ ရိုးရှင်းပြီး နှိမ့်ချတတ်သောအသွင်အပြင်ကို ထုတ်ဖော်ပြသတတ်သော်လည်း ယနေ့တွင် ...
ငါ့စတိုင်နဲ့ တူနေသလိုပဲ။
ကျွန်မကဲ့သို့ပင် သူမကလည်း လှပသောပခုံးသားများကို ဖော်ပြထားသည့် ပခုံးဖော်ဝတ်စုံကို ဝတ်ထားခဲ့သည်။ထို့အပြင် နားကပ်၊လည်ဆွဲနှင့် လက်စွပ်များကလည်း အထူးတလည် အရောင်စုံတောက်ပနေခဲ့၏။
သူမက ဘာဖြစ်လို့ ဒီလိုဝတ်လာရတာလဲ။
"မြို့စားကြီးကတော်နဲ့ တူနေသလိုပဲ။"
ကောင့်မြို့စားကတော်ကာဒယ်လ်က ပြောလျှင် ကျွန်မလည်း သဘောတူသလို ခေါင်းငြိမ့်လိုက်မိသည်။
"သူမက ဘာဖြစ်လို့ ဒီလိုမျိုး ဝတ်စားထားရတာလဲ။"
ထိုသို့ ပြောနေတုန်း ဖလဲရ်က ကျွန်မတို့ရှိရာသို့ ရောက်လာခဲ့သည်။ကျွန်မနှင့် ကောင့်မြို့စားကတော်ကာဒယ်လ်တို့က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် သူမကို နှုတ်ဆက်လိုက်ကြသည်။
ဖလဲရ်က ကျွန်မတို့၏ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။
ပြီးနောက် သူမ၏အမှတ်သင်္ကေတဖြစ်သည့် ချိုသာလှပသောအပြုံးဖြင့် ပြောလာလေသည်။
"ဟယ်လို"
*
ဖလဲရ်မှာ သူမ ရောက်လာသည့်တိုင် အမူအရာမပျက်ဘဲ ရှိနေသော အိုဖီလီယာကို စိုက်ကြည့်လိုက်သည်။
သူမက ကြံ့ခိုင်တဲ့မိန်းကလေးပဲ။
ဖလဲရ် ထိုသို့ တွေးလိုက်ပြီး လက်သီးကို ခပ်ဖွဖွ ဆုပ်ထားလိုက်သည်။
ထို့နောက် ဒုတိယမင်းသား လာဂိုနှင့် သူမတို့ စကားပြောဖြစ်ခဲ့သည်ကို ပြန်သတိရသွားသည်။
"မင်းရဲ့ရည်မှန်းချက်က ဧကရီဖြစ်လာဖို့ပဲ၊ဟုတ်တယ်မလား။"
လာဂိုက ဖလဲရ်၏စိတ်ဆန္ဒကို အလွယ်တကူပဲ ထိပါးလာခဲ့သည်။
"ကိုယ်က မင်းကို ဧကရီဖြစ်လာအောင် လုပ်ပေးနိုင်တယ်။"
သူက ဖလဲရ်၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ပြောခဲ့သည်။
"ဒါကြောင့် ..."
လာဂို၏မျက်လုံးများက တောက်ပနေခဲ့သည်။
"အိုဖီလီယာကို သတ်လိုက်။"
"ဒါဆို မင်း လိုချင်သမျှ အရာအားလုံးကို ကိုယ် ဖြည့်ဆည်းပေးမယ်။"
"..."
ဖလဲရ် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ပြီးမှ သူမ၏ရှေ့တွင် ရှိသော အိုဖီလီယာကို ကြည့်လိုက်သည်။
အတိတ်တုန်းက ဖြစ်ပါမူ အနိုင်ယူ၍မရသော မိန်းမတစ်ယောက်ကြောင့် သူမမှာ ကူကယ်ရာမဲ့ ခံစားနေရလိမ့်မည်။သို့သော် ယခု ထိုသို့ မဟုတ်တော့ပေ။
အခု
ဒီမိန်းမကို ငါ သတ်ပစ်ရမယ်။
ဖလဲရ်၏နှုတ်ခမ်းများ တွန့်သွားခဲ့သည်။
TK Team (Chapter 126)
++++++++