Chapter
– 50
(ဖိအား)
အဆုံး၌ စီဆဲလ်သည် ကျောင်းမြန်အား ဘယ်လိုမှဆွဲထားလို့မရတော့ဘဲ ရှောင်လဲ့သည်လည်း
ပြန်မလိုက်နိုင်ဘူးဟု ဆိုသောကြောင့် လမ်းတစ်ဝက်မှာပင် ပြန်ခိုင်းလိုက်ရသည်။
ဒီအကြောင်းနှင့် ပတ်သက်၍ စီဆဲလ် ဘာမှဆက်ပြောလို့မရသောကြောင့် သူ့အား
သွားခွင့်ပြုလိုက်ရသည်။
ကျောင်းမြန်အား စက်ရုံသို့ အန္တရာယ်ကင်းကင်း ပြန်လိုက်ပို့ပြီးနောက် စီဆဲလ်၏
နောက်ထပ် ဦးတည်ရာသည် ဖက်ဒရေးရှင်း၏ အကျဉ်းထောင်သို့ ဖြစ်သည်။
တံခါးနားမှာ စောင့်နေသည့် ကတ်စပါသည်
စီဆဲလ်ကို မြင်လိုက်ရချိန်တွင် အနည်းငယ် ဦးညွှတ်လိုက်ပြီး ‘အထဲမှာ’ ရှိနေကြောင့်
အရိပ်အမြွက် ပြလေသည်။
သူတို့သည် လမ်းသွားနေရင်း အဲဒီနေ့က အဖမ်းခံခဲ့ရသည့် မိုချင်း၏အကြောင်းကို
ပြောနေခဲ့ကြသည်။
ထိုနေ့ကတိုက်ပွဲတွင် ဖက်ဒရယ်စစ်တပ်သည် Dark
Phoenix ကိုအဓိက ထားခဲ့သောကြောင့် မိုချင်းမှကာကွယ်ပေးခဲ့သည့်
ဒါရိုက်တာအဖိုးအိုမှလွဲ၍ ကျန်လူများအားလုံးကို တစ်စုတစ်စည်းတည်းဖမ်းမိခဲ့သည်။
ထိုနေ့က ပင်လယ်ဓားပြများကလည်း အရာအားလုံးကို ရှုပ်ထွေးအောင်
ပြုလုပ်ခဲ့သောကြောင့် မိုချင်းသည်လည်း ထိုပရမ်းပတာအခြေအနေမှ အခွင့်ကောင်းယူကာ
လွတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည်အဆုံးထိ မပုန်းရှောင်နိုင်ခဲ့ချေ။
စီဆဲလ်သည် ပါလီမန်၏ မြေအောက်အနက်ထဲသို့ ဆင်းသွားပြီး အကျဉ်းထောင်၏
နောက်ဆုံးအကျဉ်းခန်းရှေ့တွင် ရပ်တန့်ကာ သူ့ကိုယ်သူဖုံးကွယ်ထားလိုက်သည်။
မိုချင်းသည် မူလက သူ၏ စွမ်းဆောင်ရည်အကောင်းဆုံး အတွင်းရေးမှုးများထဲမှ
တစ်ဦးဖြစ်ပြီး အများနှင့် မတူဘဲ ကွဲပြားကာ အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ပြည့်ဝကာ
ထူးချွန်သူတစ်ဦးဖြစ်သည်။
ယခုမူ ထိုကဲ့သို့ အရည်အချင်းရှိသူသည် စစ်ကြောရေးအခန်းသို့
ပြောင်းရွှေ့ခံခဲ့ရပြီး အခန်းထောင့်ရှိ ကုလားထိုင်တွင် ထိုင်ကာ ဆံပင်များကအနည်းငယ်
ပွနေပြီး မျက်နှာမှာလည်းဖြူဖျော့သွားခဲ့သည်။
ထိုနေ့တွင် သူမ၏တာဝန်ကို ထမ်းဆောင်ရန် ပျက် ကွက်ခဲ့သောကြောင့် မိုချင်း၏
ဘေးပတ်ပတ် လည်ရှိ လေထုထဲတွင် ရှုံးနိမ့်ခြင်း အငွေ့အသက်များကို ခံစားမိလိုက်သည်။
စီဆဲလ်သည် စစ်ကြောရေးအခန်းရှိ တစ်ဖက်မြင်မှန်ရှေ့တွင် ရပ်နေကာ အတွင်းဘက်သို့
ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ စိတ်မကောင်းဖြစ်နေမိသည်။
သူ့နားတွင် ရှိသည့် အတွင်းရေးမှူးများသည် နှစ်ပေါင်းများစွာ လေ့ကျင့်
ပျိုးထောင်ခဲ့သောကြောင့် သူတို့၏ခံစားချက်များသည် သဘာဝအတိုင်း လေးနက်ကာ
နက်ရှိုင်းမှုရှိသည်။
မိုချင်းသည် စီဆဲလ်ကိုမြင်သောအခါ မော့ကြည့်ပြီး အနည်းငယ်ပြုံးသည်။
(T/N-*စစ်ဆေးရေးခန်းက တစ်ဖက်မြင်မှန်တွေက ကိုရီးယားကားထဲမှာလည်းပါတယ်
တစ်ဖက်မြင်လည်းရတယ် နှစ်ဖက်လုံးမြင်အောင်လည်း လုပ်လို့ရတယ် မျက်စိထဲ
မမြင်မှာဆိုးလို့....)
စီဆဲလ် အံ့သြသွားသည်။
“ရှင် လာပြီလား....”
မိုချင်းသည် သူမ၏မျက်လုံးများကို မှိတ်လိုက်ပြီး မေးလိုက်သည်။
“ဆရာ ကျွန်မကို မေးချင်တာ တစ်ခုခု ရှိလား..”
သူမသည် အရင်က စစ်ဆေးမေးမြန်းမှုများတွင်တမင်တကာ နှုတ်ဆိတ်နေခဲ့ပြီး စီဆဲလ်မှ
ကိုယ်ရေးကိုယ်တာအရ လာရောက်ပြီး မေးခွန်း ထုတ်မည်ကို စောင့်ဆိုင်းနေလေသည်။
စီဆဲလ်သည် မျက်မှောင်ကြုတ်လိုက်ကာ.....
“မင်း ငါ့ကို တွေ့ချင်နေတာ.....ဘာဖြစ်လို့လဲ”
မိုချင်းသည် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မ ဆရာ့ကို သတိရလို့ပါ.....ကျွန်မ မသေခင် ဆရာ့ကို
နောက်ဆုံးတစ်ချက်လောက် တွေ့သွားချင်လို့”
စီဆဲလ်သည် မျက်ခုံးကိုပင့်လိုက်သည်။
မိုချင်း : “နှစ်တွေအကြာကြီး
အတူရှိခဲ့တာဆိုတော့....ကျွန်မ ဆရာ့ကို ကိုယ်တိုင် နှုတ်ဆက်ခဲ့ချင်လို့ပါ”
“မင်း ငါ့ကိုအခုတွေ့ပြီးပြီဆိုတော့ စစ်ဆေးမှုမှာ ကောင်းကောင်း
ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တယ်”
စီဆဲလ် လှည့်ထွက်လာလိုက်သည်။
“ခဏ...”
မိုချင်းသည် ထလာပြီး စစ်ကြောရေးအခန်း၏ မှန်ရှေ့တွင် မတ်တပ်ရပ်ရင်း
ပြောလိုက်သည်။
“ဆရာ့ကိုပြောစရာ လျှို့ဝှက်ချက်တစ်ခုရှိသေးတယ် ကျွန်မ အဲ့ဒါ
စစ်ဆေးရေးအဖွဲ့ကို ပြောမှာမဟုတ်ဘူး”
စီဆဲလ် လှည့်ကြည့်လိုက်ချိန်တွင် ထိုအချင်းအရာသည် မကောင်းသည့်ကိစ္စ
မဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။
“ဒါက......ဒါရိုက်တာရဲ့ လျှို့ဝှက်ချက်လေးပါ”
မိုချင်းသည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဗိုလ်ချုပ်ကျောင်း က ငယ်ငယ်ကတည်းက သူ့ပုံစံက ပြောင်းလဲနေတာ၊ သူ့
တစ်ကိုယ်လုံးက ထူးခြားပြီး တော်ရုံနဲ့ ဘာမှမဖြစ်နိုင်တာ ဆရာသိမှာပါ...”
‘ဒါဆို ကျောင်းမြန်နဲ့ ပက်သတ်နေတာလား’
စီဆဲလ်၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်သွားပြီး မျက်နှာပေါ်တွင်တော့
မည်သည့်အမူအရာမှ မပြဘဲ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။
“ငါ သိတယ်...”
“ဒါဆို ဘာအဆိပ်ပဲဖြစ်ဖြစ် ဘာဆေးပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကျောင်း ကို တစ်ခုကမှ
ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ခြွင်းချက်တစ်ခုတော့ ရှိပါတယ်...
ဗိုလ်ချုပ်ကြီး....ဆရာ ကပ်ပါးကောင်တွေအကြောင်း သိလား”
စီဆဲလ်သည် သူ့လက်များကို လက်သီးဆုပ်ထားလိုက်သည်။
မိုချင်း : “ဗိုလ်ချုပ်ကျောင်းကို
ပြန်ခေါ်နိုင်ဖို့က အရမ်းခက်ခဲလို့ Dark Phoenix က
သတိကြီးကြီးထားပြီး အရမ်းကြိုးစားထားရတာ....Blue Wings က
အရမ်းသန်မာလို့ ရှင်သန်နိုင်စွမ်းလည်း မြင့်တယ်....အဲ့ဒါကြောင့် ဒါရိုက်တာက
ဗိုလ်ချုပ်ကျောင်းရဲ့ ကိုယ်ထဲကို ထည့်ထားပြီးပြီ....အဲ့ဒီ့ပိုးက အခုချိန်မှာ
မကြီးသေးပေမယ့် အချိန်ကြာလာရင် ကပ်ပါးကောင်က တဖြည်းဖြည်း ကြီးလာပြီး
အဆိပ်ပျံ့နှံ့လာတဲ့အချိန်ကျရင် ဗိုလ်ချုပ်ကျောင်းကိုပါ အဆိပ်သင့်သွားစေလိမ့်မယ်...”
“ဒီအဆိပ်က လူ့အင်္ဂါနဲ့ အာရုံကြောစနစ်ကို ဖြည်းဖြည်းချင်း
အားနည်းသွားစေလိမ့်မယ်... ဒါကြောင့် ဗိုလ်ချုပ်ကျောင်း ရဲ့ ကိုယ်လုံးက ဘယ်လောက်ပဲ
ထူးခြားနေပါစေ ဒီပိုးကောင်က ခန္ဓာကိုယ်ထဲကို တသားတည်းဖြစ်သွားပြီး ကိုယ်ခန္ဓာရဲ့
အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်...”
“အ...!”
မိုချင်းသည် ရုတ်တရက် သူမ၏မျက်လုံးများ ဝေဝါးသွားပြီး လည်ပင်းတွင် ပြင်းထန်သော
နာကျင်မှုကို ခံစားလိုက်ရသည်။
ဖန်သားပြင်ပေါ်ရှိ အပေါက်လေးမှ တစ်ဆင့် စီဆဲလ်သည် သူ၏လက်ဖြင့် မိုချင်း၏
လည်ပင်းအား ဆွဲညှစ်ကာ လူကို အပေါ်သို့ တိုက်ရိုက် မြှောက်လိုက်သည်။
“ဖြေဆေး....”
စီဆဲလ်၏ မျက်လုံးများသည် မည်းမှောင်နေပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
“မင်းသေချင်ရင် မြန်မြန်ပြောစမ်း....”
“ကျွန်မ.....အဟွတ်...အဟွတ်”
မိုချင်း၏ မျက်နှာသည် နီရဲလာပြီး သူ့ခြေထောက်များသည် မသိစိတ်မှ လေထဲတွင်
ရုန်းကန်နေမိသည်။
စီဆဲလ် က သူ့လက်ကို အနည်းငယ် ဖြေလျှော့လိုက်ချိန် မိုချင်းသည်
ခက်ခက်ခဲခဲပြောလိုက်သည်။
“ကျွန်မ တကယ် မသိဘူး.....ဒါရိုက်တာတစ်ယောက်တည်း ... အဟွတ်.....”
စီဆဲလ် လွှတ်ပေးလိုက်သည်။
မိုချင်းသည် ဖန်သားရှေ့တွင် ဒူးထောက်လျက်သားကျသွားပြီး ချောင်းဆိုးကာ
လှောင်ပြောင်လိုက်သည်။
“ကျွန်မမှာသာ အဲဒါကို ဖုံးကွယ်ထားချင်တဲ့ စိတ်ရှိရင် အစကတည်းက
မပြောပြခဲ့ဘူး”
စီဆဲလ်သည် မိုချင်းအားတစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ထွက်သွားတော့သည်။
မိုချင်းသည် ထိုလူ ပြန်ထွက်သွားသည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
နှစ်ပေါင်းများစွာ စီဆဲလ်၏စောင့်ရှောက်မှုကို ပြန်ပေးဆပ်ရန်အတွက် Blue Wings အကြောင်းပြောပြခဲ့သည်။
……………..
စီဆဲလ်သည် ထောင်မှ ပြန်လာပြီးနောက် ဇီဝဗေဒ သုတေသနဌာနသို့ အပြေးအလွှား
သွားခဲ့သည်။
“ဗိုလ်ချုပ်က ငါ့ဆီ အရေးတကြီးလာနေတာပဲ...ဘာဖြစ်လို့ပါလိမ့်..”
သိပ္ပံသုတေသနဌာန၏ အကြီးအကဲဒါရိုက်တာသည် မီးခိုးရောင်မုတ်ဆိတ်မွေးနှင့်
ဆံပင်ဖြူရှိသော အသက် ၈၀ မှ ၉၀ကြားရှိသည့် အမျိုးသားတစ်ဦးဖြစ်ပြီး ယခုအချိန်တွင်
ရုံးခန်းထဲရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ မျက်မှန်ကိုင်းကို ကိုင်ကာ စီဆဲလ်အား
ပြုံးလျက် ပြောလိုက်သည်။
“ဗိုလ်ချုပ်ကြီး သုတေသနဌာနကိုလာပြီး ကျွန်တော့်ဆီဝင်လည်တာ
တော်တော့်ကိုရှားတာပဲ...”
စီဆဲလ်သည် သူ့စားပွဲတွင် ဝင်ထိုင်ပြီး အသက်ကိုပြင်းပြင်းရှူကာ ပြောလိုက်သည်။
“ဒါရိုက်တာ ....ခင်ဗျား ‘Blue Wings’ အကြောင်းကို
သိလား...”
“အာ......”
ဒါရိုက်တာသည် ခဏလောက်စဉ်းစားပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့စားပွဲကို
ရိုက်လိုက်ရင်း ပြောလိုက်သည်။
“ကျွန်တော် မှတ်မိပြီ....ဗိုလ်ချုပ်ကြီး ...မင်း ပိုင်ဟု မင်းဆက်ကို သိလား”
စီဆဲလ် ခေါင်းညိတ်လိုက်သည်။
ခေတ်သစ်တစ်ခုသို့ ကူးပြောင်းချိန်တွင် ကြယ်ခေတ်မှတ်တမ်းများတွင် ယခင်
မင်းဆက်များ၊ အင်ပါယာများနှင့် ဖက်ဒရေးရှင်းများ၏ မှတ်တမ်းမှတ်ရာများ
ထားရှိလေ့ရှိသည်။ တစ်ချို့က ယခုခေတ်တိုင်အောင် အောင်မြင်စွာ ရပ်တည်နေကြပြီး
အချို့မှာ နန်းကျ ပျောက်ကွယ်သွားကြသည်။
ခေတ်သစ်စတင်သည့်အခါ ကြယ်ကမ္ဘာကြီးသည် အလွန်ရှုပ်ထွေးပြီး နိုင်ငံတိုင်းရှိ
နေရာတိုင်း၌ စစ်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
အကယ်၍ စီဆဲလ်သာ မမှားပါက ၎င်း ပိုင်ဟုမင်းဆက်သည် မပျောက်ကွယ်သေးဘဲ ယနေ့ခေတ်
ဖက်ဒရယ်နယ်စပ်တွင် အနည်းစုတည်ရှိနေကြဆဲဖြစ်သည်။ အများစုကို စစ်ပွဲအတွင်းတွင်
ဆုံးရှုံးသွားခဲ့ပြီး ကျန်သောလူတစ်ချို့မှာလည်း ကူးစက်ရောဂါဖြင့်
သေဆုံးကြရပြန်သည်။
ဒါရိုက်တာ : “ဒီ
ကျန်တဲ့ ပိုင်ဟုမင်းဆက်ထဲက လူတွေက Blue Wings က ယူဆောင်လာပေးတဲ့
ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်”
စီဆဲလ် အံ့သြသွားတော့သည်။
ဒါရိုက်တာက ဆက်ပြောလေသည်။
“Blue
Wingsတွေက အရမ်းသန်မာတဲ့ ကပ်ပါးကောင်တွေပါပဲ၊ သူက သန်မာတဲ့
လက်ခံကောင်ကို ရှာတတ်ကြတယ် အဲ့လက်ခံကောင်ဆီကနေ အာဟာရတွေကို စုပ်ယူလိုက်ကြတယ်
ကြာလာတော့ လက်ခံကောင်က အာဟာရ ခမ်းခြောက်ပြီး သေဆုံးသွားတဲ့အချိန်ကြရင် Blue
Wingsတွေက ပိုပြီး သန်မာလာကြတယ် ပြီးရင် နောက် လက်ခံကောင်ကို
ထပ်ပြီးရှာဖွေကြတော့တာပဲ....သူတို့ကို ပိုင်ဟုတွေက အစပြုခဲ့တာကြောင့် အဲ့ဒီ့က
ပထမဆုံး အကျိုးဆက်ကို ရင်ဆိုင်ရတာက ပိုင်ဟု လူမျိုးတွေပါပဲ....ဒါပေမယ့်
ပိုင်ဟုမင်းဆက် ကျရှုံးသွားပြီးတဲ့နောက်မှာ အိမ်နီးချင်းနိုင်ငံတွေက
ဒီသတ္တဝါရဲ့ထိတ်လန့်စရာ ကောင်းတဲ့အခြေအနေကို ကြုံခဲ့ရတာကြောင့်
အမြစ်ပြတ်ချေမှုန်းဖို့ ဦးဆောင်ခဲ့ကြတယ်၊ အဲ့ဒီ့နောက် Blue Wingsတွေကို ထိန်းသိမ်းထားတဲ့ ပိုင်ဟုရေကန်ကြီးလည်း ပေါက်ကွဲသွားခဲ့တယ်...
ဗိုလ်ချုပ်ကြီး စိတ်မပူပါနဲ့၊ ဒီပိုးက အခုမရှိတော့ပါဘူး”
စီဆဲလ်၏ နှလုံးသားထဲတွင်ပါ တိတ်ဆိတ်သွားသည်။
Dark
Phoenix မှ ဒီပိုးကောင်ကို ဘယ်လို ထိန်းသိမ်းထားလဲ ဆိုသည်အား
သူမသိသော် လည်း ထို ကပ်ပါးကောင် ကျောင်းမြန်၏ ကိုယ်ထဲ ရောက်နေသည်အား သံသယမဖြစ်မိပေ။
စီဆဲလ်၏ လက်ဖဝါးများသည် ချွေးစေးများဖြင့်အေးစက်ကာ ပြုတ်ကျလုမတတ်ဖြစ်နေလေသည်။
“ဒါရိုက်တာ၊ ကျုပ် မေးချင်တာက....”
စီဆဲလ်သည် အသက်ပြင်းပြင်းရှူပြီး စိတ်ကို ပြန်ထိန်းလိုက်သည်။သူ့စိတ်ထဲတွင်
ခံစားချက်များစွာဖြင့်ပြည့်နှက်နေလေသည်။
“တစ်ယောက်ယောက်မှာသာ တကယ်လို့ အဲ့ပိုးကောင်ရှိနေရင် ဘယ်လိုဖြေရှင်းရမလဲ......
ခန္ဓာကိုယ်ထဲက ဖယ်ထုတ်ဖို့ နည်းလမ်းမရှိဘူးလား”
“ဒါက...”
ဒါရိုက်တာမှ ခါးခါးသီးသီး ငြင်းလိုက်သည်။
“အဲဒါကို ဖယ်ထုတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး... လက်ခံကောင်မသေမချင်း ပိုးက
အပြင်ကိုထွက်လာမှာမဟုတ်ဘူး၊ အရမ်းကို နည်းစနစ်ကျတယ်.... ပြီးတော့ အဲ့ဒီ့ပိုးကို
အဆိပ်သုံးပြီး သတ်မယ်ဆိုရင်တောင် လက်ခံကောင်ကိုပဲ သေစေနိုင်တဲ့အထိ ထိခိုက်စေလိမ့်မယ်
သူ့ကိုတော့ ဘာမှ မထိခိုက်နိုင်ဘူး...”
စီဆဲလ်၏အသံထဲတွင် ကူကယ်ရာမဲ့မှုအပြည့်ဖြင့်....
“ဒါဆို သေဖို့ကိုပဲ ထိုင်စောင့်နေရတော့မှာလား တခြားနည်းလမ်း မရှိတော့ဘူးလား”
ဒါရိုက်တာသည် စီဆဲလ်၏ ပုံစံကိုကြည့်ကာ တစ်စုံတစ်ဦး၏ကိုယ်ထဲတွင်
ထိုပိုးကောင်ရှိနေမှန်း ခန့်မှန်းမိလိုက်ပြီး သူ့စိတ်ထဲတွင် မအံ့ဩနိုင်သေးခင်
ယနေ့ခေတ်အထိ Blue Wingsများ
ရှိနေလိမ့်ဦးမည်ဟု သူမထင်ထားပေ။
“ဖြစ်နိုင်တာတော့ရှိတယ်....”
ဒါရိုက်တာက မျက်မှောင်ကြုတ်ကာ....
“ဗိုလ်ချုပ်ကြီး ပိုင်ဟုကို လိုက်သွားပြီး သဲလွန်စရှာလို့ရတယ် ဒါမှမဟုတ်
ပိုင်ဟု လူမျိုးတွေရဲ့ မျိုးဆက်ကို လိုက်ရှာနိုင်တယ်ဆိုလည်းရတယ်..”
စီဆဲလ် : “ကောင်းပြီ၊ ဒါဆို
ဖက်ဒရယ်ဗိုလ်ချုပ်ကြီးရဲ့ရာထူးနဲ့ ပြည်ထောင်စု ဇီဝသုတေသနဌာနကို အခုအမိန့်ပေးမယ်...”
“ဟုတ်ကဲ့!”
ဒါရိုက်တာလည်း ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
စီဆဲလ် : “Blue Wings အတွက်
အဆိပ်ဖြေဆေး ရှာဖို့ အခုချက်ချင်းထွက်ခွာပါ!”
“ဟုတ်ကဲ့ပါ....!”
စီဆဲလ်သည် သိပ္ပံသုတေသနဌာနမှ ထွက်ခွာခဲ့ပြီးနောက် Dark Phoenix ခေါင်းဆောင်၏တည်နေရာကို
ခြေရာခံရန် အမှတ်၁၂တပ်ဖွဲ့ကို ဦးဆောင်ရန် ကတ်စပါအား အမိန့်ပေးခဲ့သည်။
သူတို့၏နောက်ဆုံးမှတ်တမ်းများအရ ကိုလံဘီအမည်ရှိ အဘိုးအိုသည် ထိုနေ့တွင်
လွတ်မြောက်နိုင်ခဲ့ပြီး စီဆဲလ်သည် သူ့အား ပင်လယ်ဓားပြများမှ သူ့အား ရှာဖွေရာတွင်
ကာကွယ်ပေးနိုင်သည်ကို မှန်းဆမိခဲ့သော်လည်း
မည်သို့ပင်ဆိုစေကာမူ ယခု အရေးကြီးဆုံးမှာ သူ့ကို တွေ့အောင်ရှာဖွေရန်ဖြစ်သည်။
ထို Blue Wings များသည် ဖြေဆေးမရှိဘူးဆိုသည်အား
စီဆဲလ်မယုံကြည်ပါ။ကျောင်းမြန်သည် ကိုလံဘီအတွက် အသုံးဝင်ပြီး အဖိုးတန်သော
စမ်းသပ်မှုတစ်ခုဖြစ်သောကြောင့် အလွယ် တကူဖြင့် သေစေလိုသည့်ဆန္ဒရှိမည်မဟုတ်ပေ။
စီဆဲလ်သည် ကျောင်းမြန်အား ကယ်လိုပါက ကိုလံဘီသည် ၎င်းအချက်ဖြင့် အကျပ်ကိုင်ကာ
ကျောင်းမြန်အား သူ့ဆီပြန်လွှဲပေးရန် စီဆဲလ်အား တောင်းဆိုလာနိုင်သည်။
ထို့ကြောင့် ပထမဆုံး သူကိုယ်တိုင် လက်ဦးမှုယူပြီး ကိုလံဘီအား
ဆန့်ကျင်နိုင်မည်ဖြစ်သည်။
စီဆဲလ်သည် Dark Phoenix မှ ကျောင်းမြန်အား
ထပ်ပြီး ဘယ်တော့မှ ထိခိုက်နာကျင်အောင် မလုပ်စေရဘူးဟု ကျိန်ဆိုခဲ့ဖူးသည်။
ထိုအချိန်တွင် စီဆဲလ်သည် ကျောင်းမြန်အား ရုတ်တရက် တွေ့ချင်လာသည်။
သူ့ကို အရမ်း....အရမ်းကို တွေ့ချင်လာပြီ။
……………..
“ဟယ်လို...”
ကျောင်းမြန်သည် အလွန်လတ်ဆတ်သော အသီးများကို စားနေရင်း သူ၏စာရွက်စာတမ်းများကို
ဖတ်ကာ ရုံးခန်းထဲတွင် အနားယူနေစဥ် စီဆဲလ်ထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သည်။
“မြန်မြန် ကိုယ် မင်းကိုတွေ့ချင်လို့”
စီဆဲလ်၏ အသံသည် ဩရှကာ ခပ်နိမ့်နိမ့်အသံဖြစ်ပြီး ညှို့ယူကာ သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်
သည့် ယောက်ျားတစ်ယောက်၏ အသံဖြစ်သဖြင့် နားထောင်ရသည်မှာ
အလွန်နားထောင်လို့ကောင်းလှသည်။
ကျောင်းမြန် အံ့ဩသွားသည်။
“မင်းကို တွေ့ချင်လို့...” ဆိုသည့် စီဆဲလ်၏ စကားကို
ကြားလိုက်ရချိန်တွင် ကျောင်းမြန်၏ နှလုံးခုန်သံသည် ရုတ်တရက် မြန်ဆန်လာတော့သည်။
“ကောင်းပြီလေ”
စီဆဲလ်သည် ထိုစကားသံကြောင့် ပြုံးလိုက်ပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။
“ကိုယ် နောက်နာရီဝက်အတွင်း အရောက်လာခဲ့မယ်...ပြီးရင် မင်းကို အရသာရှိတာ
တစ်ခုစားဖို့ ခေါ်သွားမယ်”
“အိုး..”
ကျောင်းမြန်သည် အသီးများစားပြီးသည်နှင့် မြေအောက်ခန်းအား နောက်ဆုံး တစ်ချက်သွားကြည့်ကာ
အဆင်သင့်ဖြစ်သည်နှင့် စက်ရုံရှိ သူ့ရုံးခန်းကို သော့ခတ်ကာ အပြင်ထွက်ရန်
ပြင်ဆင်လိုက်သည်။
ယခု မြေအောက်ခန်းထဲတွင် ဟောင်လုလုကို စိုက်ပျိုးထားသည့် အတန်းတစ်ခုရှိနေကာ
ထို ဟောင်လုလုသည် သူ့ဘာသာသူ ကောင်းကောင်းကြီး ကြီးထွားလာနိုင်သည်မှာ
အမှန်ဖြစ်နေသောကြောင့် အံ့ဩသင့်နေမိသည်။
ကုရှင်းချီသည် ဆေးသောက်ရန် ဟောင်လုလု၏ အမြစ်ကို လိုအပ်ပြီး အနာဂတ်တွင်လည်း
တခြား လိုအပ်သူများလည်းရှိလာနိုင်သော်လည်း ကျောင်းမြန်သည် ၎င်းကို
ပွင့်ပွင့်လင်းလင်း အသုံးပြုလို့မရသောကြောင့် သို့မဟုတ် လူသိခံလို့မရသောကြောင့်
နေရောင်ရှိသော ဤနေရာတွင် တိတ်တဆိတ် စိုက်ပျိုးထားခြင်းဖြစ်သည်။
ကျောင်းမြန် စစ်ဆေးပြီးနောက် ထွက်လာခဲ့သည်။
“ကလစ်”
ကျောင်းမြန် စက်ရုံ၏ အပြင်ဘက်တံခါးကို သော့ခတ်ပြီး လှည့်ကြည့်လိုက်ချိန်တွင်
အံ့သြသွားခဲ့သည်။
အနက်ရောင်လေယာဉ်တစ်စင်းသည် စက်ရုံဆီသို့ ဦးတည်ပြီး ရောက်လာခဲ့သည်။
“ဗိုလ်ချုပ်ကျောင်း”
လေယာဉ်ဆင်းသက်ပြီးနောက် အရာရှိတစ်ဦးသည် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဦးဆောင်ကာ
ရှေ့သို့ လျှောက်လာပြီး ကျောင်းမြန်အား ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ့ဆီရောက်လာသည့် ဧည့်သည်သည် ပြည်ထောင်စု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၏
ရဲတပ်ဖွဲ့မှူး ဖြစ်သည်။
ကပ္ပတိန် : “Dark Phoenix ရဲ့ ကျူးကျော်မှုနဲ့ ပေါက်ကွဲမှုကို ကြုံခဲ့ရလို့ စက်ရုံမှာ
ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်သွားခဲ့ပါတယ်...အဲ့ဒါကို ကျွန်တော်တို့
ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေ စုပေါင်းပြီး ပြန်ပြီး ပြင်ဆင်ပေးခဲ့ပါတယ်...”
ကျောင်းမြန်လည်း ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျုပ်လည်း ဒီအကြောင်းကို ကြားပြီးပါပြီ...အဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
ကပ္ပတိန်က ဆက်ဆို၏။
“ဒါပေမယ့် ဆောက်လုပ်ရေး လုပ်နေတုန်းက ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က
ရေဒီယို လျှပ်စစ်လှိုင်းကို စစ်ဆေးတဲ့ ကိရိယာက မထင်မှတ်ပဲ
ပေါက်ကွဲသွားခဲ့တယ်...စက်ကို စစ်ဆေးကြည့်လိုက်တော့ ပျက်စီးမသွားပေမယ့် စက်ရုံမှာ
မူးယစ်ဆေးဝါး အရင်းအမြစ် ရှိမရှိကို မစစ်ဆေးခဲ့လိုက်ရဘူး...ဒါကြောင့် ဒီနေ့
ကျွန်တော်တို့ တောင်းဆိုချင်တာက စက်ရုံကို အနီးကပ် ရှာဖွေဖို့ ဗိုလ်ချုပ်ကျောင်းနဲ့
ဆွေးနွေးဖို့ လာခဲ့တာပါ...”
ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ခဏအကြာမှ ကျောင်းမြန်သည် ပြုံးကာ ပြောလိုက်သည်။
“ဒီစက်ရုံက မင်းသား အယ်လန်ရဲ့ လက်အောက်မှာရှိပြီး ဗိုလ်ချုပ်ကြီး စီဆဲလ်ရဲ့
ကြီးကြပ်မှုအောက်မှာရှိတဲ့ လျှို့ဝှက်ထားရမယ့် ပရောဂျက်တစ်ခုလည်း ဖြစ်တယ်
အဲ့ဒါကြောင့်...စိတ်မကောင်းပါဘူး၊ ကျုပ် မင်းကို ဝင်ခွင့်မပြုနိုင်ပါဘူး “
အကယ်၍ ဒီလူများကို အမှန်တကယ် ဝင်ခွင့်ပြုလိုက်ပါက သူတို့ပြောသည့်ကိရိယာသည်
မြေအောက်ခန်းထဲရှိ အရာများကို သိရှိသွားနိုင်ကာ ထိုအချိန်ကျမှ ဖြေရှင်းရန်
အလွန်ခက်သွားပေလိမ့်မည်။
“ဗိုလ်ချုပ်ကျောင်း ကျွန်တော်တို့လည်း တာဝန်ထမ်းဆောင်နေကြတဲ့
အရာရှိတွေပဲလေ”
ကပ္ပတိန်က ထပ်ပြီး ဦးညွှတ်လိုက်ကာ....
“ခင်ဗျား ကျေးဇူးပြုပြီး နည်းနည်းလောက် လိုက်လျောပေးလို့ ရနိုင်မလား”
မူးယစ်ဆေးဝါးကို စုံစမ်းရသည်မှာ အသေးအဖွဲကိစ္စမဟုတ်သည့်အပြင် သူ့ရှေ့ရှိလူသည်
ဖက်ဒရယ်ဗိုလ်ချုပ်ကြီး၏ အိမ်ထောင်ဖက်ဖြစ်ပြီး၊ သူသည် ဤနေရာတွင် သိပ္ပံဆိုင်ရာ
သုတေသနလုပ်ငန်းများကို တာဝန်ယူထားရသောကြောင့် သူရှုပ်ထွေးအောင်လုပ်လို့မရပေ။
“စိတ်မကောင်းပါဘူး...”
ကျောင်းမြန် အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း ဆက်ပြောလိုက်သည်။
“အခုလိုဖြစ်တာကို မင်းရဲ့ဒါရိုက်တာကို ဖုန်းဆက်ပြီး အစီရင်ခံလည်းရတယ်”
ကျောင်းမြန် မျက်လုံးကိုဝင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပြီးမှ မင်းကို ကျုပ်က အနိုင်ကျင့်ပါတယ်လို့ မပြောနဲ့”
ကျောင်းမြန်သည် နှစ်ခြိုက်စွာ ပြုံးပြနေသော်လည်း သူ၏သဘောထားမှာ
အားနည်းမသွားဘဲ အရှိန်အဝါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကပ္ပတိန်သည် အနည်းငယ်
မျက်မှောင်ကြုတ်ကာ
‘သူတို့ပြောတော့ ဗိုလ်ချုပ်ကျောင်းက ဒဏ်ရာရထားတယ်ဆို......’
ဒါပေမယ့်....
ကပ္ပတိန်သည် သူ့အပေါ် မမြင်နိုင်သော ဖိအားတစ်ခုမျှသာ ခံစားခဲ့ရသည်။
“ရို့ မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ”
ကပ္ပတိန် လှည့်ကြည့်လိုက်ချိန်တွင် သူ့ဘေးနားတွင် ရပ်ကာ နှုတ်ခမ်းများကို
တွန့်ကွေးကာ သူတို့အားကြည့်နေသည့် စီဆဲလ်အား တွေ့လိုက်ရသည်