Chapter 94 (Final)
Viewers 12k

📽️Chapter 94 (Main Story End)



လုယိယန်က ရန်ရှူကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက ရန်ရှူကို လက်ညှိုးထိုးပြကာ ကုန်းရှီအန်းကို ပြောလိုက်သည်။ 

"သူ...သူ ရုတ်တရက်ကြီး အရူးတစ်ယောက်လို ထလုပ်တာ..."


ကုန်းရှီအန်းက ထိတ်လန့်သွားပြီး လျင်မြန်စွာ လျှောက်လာခဲ့သည်။


စန့်ရှန်းက ရန်ရှူ၏အနားသို့ လျှောက်သွားပြီး သူ့အခြေအနေကိုကြည့်ကာ တိုးတိုးတိတ်တိတ်မေးလိုက်သည်။ 

"ဘာလို့ရန်ဖြစ်တာလဲ...ထိခိုက်သွားသေးလား..."


ရန်ရှူက ခေါင်းခါပြပြီး သူ့လက်ဖဝါးကို ဖြန့်ပြကာ ပြောလိုက်သည်။ 

"ဟင့်အင်း ငါ သူ့ဆံပင်ကို ဆွဲခဲ့တာ..."


ရန်ရှူ ဘာမှမဖြစ်သည်ကို အတည်ပြုပြီးနောက် စန့်ရှန်းက ရန်ရှူကို လျင်မြန်စွာတွန်းပြီး တိုးတိုးလေး ပြောလိုက်သည်။ 

"သူ့ငယ်ချစ်ဦးက လူကောင်းမဟုတ်ဘူး...မြန်မြန်သွားရအောင်..."


"ငါက သူ့ကို ကြောက်နေရမှာလား..." 

ရန်ရှူက တံခါးဆီသို့ တွန်းထုတ်ခံရသောကြောင့် မကျေမနပ်ဖြင့် ပြောလိုက်သည်။


"ကြောက်စရာမလိုဘူး...သူမင်းကို အနိုင်ကျင့်ရဲရင် ကိုယ် သူ့ကို တားပေးမယ်..."


တစ်ဖက်တွင် ရန်ရှူ နှင့် စန့်ရှန်း ထွက်သွားပြီးနောက် လုယိယန်က သူ့မကျေနပ်မှုကို တင်းမထားနိုင်တော့ဘဲ မျက်ရည်များကျဆင်းလာကာ ထွက်ခွာသွားသော လူနှစ်ယောက်၏ ပုံရိပ်ကို လက်ညှိုးထိုးပြ၍ ဆက်လက်တိုင်တောခဲ့သည်။ 

"သူ ရန်ဖြစ်တုန်းက ငါ့ဆံပင်ကို ဆွဲသွားတယ်...အဲဒါက အရမ်းနာတာပဲ..." 


ကုန်းရှီအန်းက လုယိယန်၏ ခေါင်းထိပ်ကို လျင်မြန်စွာ ဖြဲကြည့်လိုက်ရာ အမှန်တကယ်ပင် ဆံပင်အနည်းငယ် ပျောက်နေသည်ကို မြင်လိုက်ရသည်။ သူ စိတ်မချမ်းမသာမဖြစ်ဘဲ မနေနိုင်ချေ။


"ကိုယ် မင်းအတွက် လက်စားချေပေးမယ်..." 

ကုန်းရှီအန်းက ချက်ချင်းလှည့်ကာ ထွက်သွားပြီဖြစ်သော လူနှစ်ယောက်အား လိုက်ဖမ်းရန် ကြိုးစားခဲ့သည်။


လုယိယန်က ကုန်းရှီအန်း၏ အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။ 

"ထားတော့...ပြဿနာပိုကြီးအောင် မလုပ်နဲ့...အဲဒါက ရှိုးရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်စေလိမ့်မယ်...ပြီးတော့ ဒါက နွေဦးပွဲတော် Gala လေ..." 


"ဒါဆိုလည်း…"

ကုန်းရှီအန်းက တုံဆိုင်းသွားခဲ့သည်။


လုယိယန်က ရှိုက်ရင်း သူ့ရင်ခွင်ထဲသို့ မှီချကာ ငိုလိုက်သည်။ 

"ငါ သူနဲ့ လေ့ကျင့်တာ တစ်လကျော်လောက်ရှိပြီ အဲ့တစ်လကျော်လောက်လုံး သူ ငါ့ကို ဒေါသထွက်နေတာ...အခုအလုပ်ပြီးတာနဲ့ ငါ့ကို စလုပ်တော့တာပဲ..."


ကုန်းရှီအန်းက လုယိယန်ကို နှစ့်သိမ့်ရန် သူ့ရင်ခွင်ထဲ၌ ထွေးပွေ့ထားကာ မျက်ရည်များကို ဂရုတစိုက်သုတ်ပေးလိုက်သည်။ 

"မင်း သူ့ကို တစ်ချိန်လုံး သည်းခံနေခဲ့ရတာလား..."


"မဟုတ်ဘူး...သူ ဒီနေ့ မိတ်ကပ်မဖျက်ခင်အထိတော့ ငါ့ကို မငေါက်ခဲ့ဘူး..." 


တစ်နည်းဆိုရသော် သူတို့နှစ်ယောက်က တစ်လကျော်ကြာအောင် အတူလေ့ကျင့်ပြီးနောက် အချင်းချင်း တကျက်ကျက်ကိုက်နေခဲ့ကြပေသည်။ 


နောက်ဆုံးတွင် အလုပ်ပြီးသွားပြီးနောက် ဒေါသထပ်မထိန်းနိုင်တော့ဘဲ စတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။


ရလဒ်အနေဖြင့် လုယိယန်က လူကြီးလူကောင်းလမ်းစဉ်ကို အသုံးပြုခဲ့သော်လည်း ရန်ရှူက သူ့ကို ဆွဲဆိတ်ပြီး ဆံပင်ဆောင့်ဆွဲခဲ့သည်။ လုယိယန်က ၎င်းကို မမျှော်လင့်ထားသောကြောင့် လုံးဝ ကြောင်အနေခဲ့သည်။


လုယိယန် ငိုနေသည်ကို မြင်ရသဖြင့် ကုန်းရှီအန်း အလွန်စိတ်မသာမယာဖြစ်သွားခဲ့သည်။ သူက အံကြိတ်လိုက်ပြီး မည်သို့ ကလဲ့စားချေရမည်ကို တွေးနေချိန်မှာပင် စန့်ရှန်းထံမှ မက်ဆေ့ချ်ရရှိခဲ့သည်။


သူ ဖုန်းကို ထုတ်ပြီးနောက် တစ်ချက်ကြည့်လိုက်၏။ 

[ငါ ပရောဂျက် ပူးပေါင်းနေတုန်း မင်းရဲ့ တွက်ချက်မှုတွေနဲ့ အနှောင့်အယှက်ဖြစ်ခံမှာ မဟုတ်ဘူးနော်...မဟုတ်ရင် ငါမင်းရဲ့ငယ်ချစ်ဦးလေးကို မင်းက ရိုးရှင်းတဲ့ ချစ်စရာကောင်လေး မဟုတ်ဘူးဆိုတာကို ပြောပြလိုက်မှာ...]


ကုန်းရှီအန်းက ထိုစာကို ဖတ်မိချိန်တွင် ဒေါသထွက်သွားခဲ့သော်လည်း နောက်ဆုံး၌ သူ သည်းခံခဲ့ပေ၏။


………


ရန်ရှူနှင့် စန့်ရှန်းတို့က ဆွေ့ဟို့ယွီ၏ အိမ်သို့ သွားခဲ့ကြသည်။


သူတို့ ရောက်ချိန်တွင် ထိုနေရာ၌ သူငယ်ချင်းများစွာရှိနေကြပြီဖြစ်ကာ နည်းပြ အိုင်းမုန့်ထျန်းပါ ရှိနေသည်။


ရန်ရှူက အထဲသို့ ဝင်လာပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။ 

"စောစောက ငါကတာ တွေ့လိုက်ကြလား...ငါက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်မလား..." 


တန့်ယိဟန်က ချက်ခြင်းပင် လေချွန်ကာ အားပေးလိုက်သည်။


လုယန်ရှင်းက စတင်ချီးမွမ်းခဲ့သည်။  

"အဲ့ဒါက အရမ်းလှတာပဲ...အရမ်း အရမ်း လှတယ်...ငါတို့အားလုံး ယစ်မူးသွားခဲ့တာပါဆို..."


ဆွေ့ဟို့ယွီ သူတို့ နှစ်ယောက်အတွက် ပန်းကန်လုံးနှင့် တူများ ထပ်ထည့်ပေးခဲ့သည်။ 


ဟို့မော့က သက်ပြင်းချပြီး ကုလားထိုင် ထပ်ထည့်ပေးလိုက်သည်။ 

"အပျော်တွေဖျက်ဖို့ ရောက်လာပြန်ပြီ..."


ရန်ရှူက သူ့လက်ထဲရှိ ဆံပင်များကို သူ့တို့အား စိတ်လှုပ်ရှားစွာ ပြလိုက်သည်။ 

"ငါ လုယိယန်နဲ့ ရန်ဖြစ်ခဲ့တယ်...ဒီမှာကြည့် သူ့ဆံပင်တောင် ဆွဲခဲ့သေးတယ်..."


၎င်းက သူ၏ ကိုယ်ပိုင်အောင်မြင်မှု ဖြစ်သောကြောင့် ရန်ရှူ စိတ်လှုပ်ရှားစွာဖြင့် လက်လှုပ်ရမ်းပြလိုက်သည်။ 


စုအန်းရီက ပြောင်းဖူးကိုက်နေဆဲဖြစ်ပြီး ၎င်းကို မြင်ချိန်တွင် သူမက ကျယ်လောင်စွာ ရယ်မောလိုက်သည်။


အိုင်းမုန့်ထျန်းက စိတ်လှုပ်ရှားလာပြီး ရန်ရှူလက်ထဲရှိ ဆံပင်များကို ကိုင်လိုက်သည်။

"လုယိယန်ဆံပင်တဲ့... သိမ်းထားရမယ်..."


၎င်းကိုကြားပြီးနောက် ရန်ရှူ ဒေါသထွက်သွားခဲ့သည်။

"နင်က ငါ့သူငယ်ချင်းလေ...အဲဒါတောင် လုယိယန် ဖန်ဖြစ်နေသေးတာလား..."


"မဟုတ်ရင်ရော...နင့်ကို ကြိုက်ရမှာလား...နင် အထက်တန်းတုန်းက ဘယ်လောက်တောင်စိတ်ကုန်စရာကောင်းလိုက်လဲဆိုတာကို ငါက ဘယ်လိုလုပ်မေ့နိုင်မှာလဲ...နိုးထလိုက်တော့..."


အိုင်းမုန့်ထျန်းက မကျေမနပ်ဖြင့် ပြန်ပြောခဲ့သည်။ သူမက လုယိယန်၏ဆံပင်များကို ဂရုတစိုက်စုကာ ပျော်ရွှင်စွာသိမ်းလိုက်သည်။


"ငါ နင့်ကို တစ်နှစ်နေမှ တစ်ကြိမ်တွေ့ရတာ ကောင်းပေမယ့် ငါတို့ တွေ့လိုက်တိုင်း ငါ့ကို ဒေါသထွက်အောင်လုပ်မှဖြစ်မှာလား..." 

ရန်ရှူက အိုင်းမုန့်ထျန်းနောက် တကောက်ကောက်လိုက်ကာ ပွစိပွစိဆက်ပြောလာခဲ့သည်။


အိုင်းမုန့်ထျန်းက မေးစေ့ကို ပင့်လိုက်သည်။

"ဒါဆို ငါ့ကို ကောင်လေးတွေနဲ့ မိတ်ဆက်ပေးလေ...ငါ အခုထိ စင်ဂယ်ဖြစ်နေတုန်းပဲ..."


ရန်ရှူက ခဏခန့် စဉ်းစားပြီး မေးလိုက်သည်။

"ကျန်းလင်ဆိုရင်ရော..."


အိုင်းမုန့်ထျန်းက သိချင်စွာ မေးလိုက်သည်။ 

"အာ...အစ်ကိုယွီနဲ့ စီနီယာအစ်ကိုရဲ့ ပြိုင်ဘက်ဟောင်းလား..."


ရန်ရှူက ပြန်ဖြေလိုက်၏။

"အဲဒါက ကျန်းဝေ့..."


စုအန်းရီက ကျန်းလင်ကို သိသောကြောင့် ခေါင်းခါပြလိုက်သည်။

"အသက်က တော်တော်လေး ကွာလွန်းတယ်... ရှစ်နှစ်တောင်မှ..."


အိုင်းမုန့်ထျန်းက မရယ်နိုင်ဘဲ မနေနိုင်ခဲ့ချေ။ 

"ငါ ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားလာပါလိမ့်..."


စုအန်းရီက ဆက်လက် ခေါင်းယမ်းပြခဲ့သည်။

"ငါတော့ မထင်ပါဘူး..."


အိုင်းမုန့်ထျန်းက အရှုံးပေးပြီး ဟော့ပေါ့သာ ဆက်စားခဲ့သည်။။


ရန်ရှူက အခြားသူများအား သူ လုယိယန်ကို မည်ကဲ့သို့ ဆက်ဆံခဲ့ရပုံ၊ ရန်ပွဲတွင် သူ မည်ကဲ့သို့ အသာစီးရခဲ့ပုံများကို မနားတမ်း ပြောဆိုခဲ့လေသည်။


သို့သော် ထိုအချိန်တွင် စန့်ရှန်းက သူ့လက်ကိုဆွဲပြီး အင်္ကျီလက်များကို ခေါက်တင်လိုက်ရာ သူ့လက်မောင်းရှိ ဒဏ်ရာများကို တွေ့ခဲ့ရသည်။


လုယိယန်လည်း ပြန်လုပ်ခဲ့ပေသည်။


"ဘာလို့ စောစောက မပြောခဲ့တာလဲ..."

စန့်ရှန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ရန်ရှူကို ကြည့်လိုက်သည်။


မမျှော်လင့်စွာပင် ရန်ရှူက မပျော်မရွှင်ဖြစ်သွားခဲ့သည်။

"ငါ စောနကတင် ရန်ဖြစ်တာဘယ်လိုတော်ကြောင်း ပြောနေတာကို... မင်းက ရုတ်တရက်ကြီး ငါ့ ဒဏ်ရာတွေ ထုတ်ပြပြီး ငါ့ကို အရှက်ခွဲနေတာလား..."


"ဘာကပိုအရေးကြီးလဲ...မာနလား ဒဏ်ရာကို ဆေးထည့်တာလား..."


"မာန..."


စန့်ရှန်းက သက်ပြင်းချပြီး ဟို့မော့ထံမှ လိမ်းဆေးသွားတောင်းလိုက်သည်။


ဟို့မော့နှင့် ဆွေ့ဟို့ယွီတို့က အားကစားသမားများဖြစ်သောကြောင့် သူတို့အိမ်၌ အမြဲတမ်းလိမ်းဆေးရှိသည်မှာ သဘာဝပင်။ စန့်ရှန်းက လိမ်းဆေး ယူလာပြီးနောက် ရန်ရှူ ဘေးတွင် ထိုင်ကာ ရန်ရှူကို ဆေးကူလိမ်းပေးလိုက်သည်။


ရန်ရှူက ခဏမျှ မပျော်မရွှင်ဖြစ်သွားခဲ့သည်။ စန့်ရှန်း၏ သဘောထားက သူ့ကို သူ၏ ကိုယ်ပိုင်အောင်မြင်မှုများအကြောင်း ပြောရန် စိတ်ဝင်စားမှုအား လျော့နည်းစေခဲ့သည်။


သူက စန့်ရှန်းကို သူ၏ ဒဏ်ရာအား ဆေးထည့်ခွင့်ပြုရုံသားတတ်နိုင်ခဲ့ပြီး ဟော့ပေါ့စားနေလိုက်သည်။


ရလဒ်အနေဖြင့် စန့်ရှန်းက သူ့ခန္ဓာကိုယ်ရှိ အခြားနေရာများကိုပါ ဆက်လက်စစ်ဆေးခဲ့ရာ သူ့ကို ဒေါသထွက်စေခဲ့သည်။

"ရပြီ မရှိတော့ဘူးလို့...ငါ ဒဏ်ရာအများကြီးမရဘူး..."


စန့်ရှန်းက မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လာခဲ့သည်။

"မင်း တစ်ချိန်လုံး အရိုက်ခံခဲ့ရပြီးတော့မှ သူ့ဆံပင်ဆွဲနိုင်ခဲ့တာတော့ မဟုတ်ဘူးမလား..."


"ငါက ဘယ်လိုလုပ်ပြီး အဲ့လောက် အားနည်းရမှာလဲ...ငါလည်း သူ့ကို အများကြီးပြန်ရိုက်ခဲ့တာ..."


"ကိုယ့်ကို ကြည့်ခွင့်ပေး…"


ဆွေ့ဟို့ယွီက မီးဖိုချောင်ထဲမှ သိုးသားကို လက်ထဲကိုင်ပြီး ထွက်လာကာ ရန်ရှူကို မေးခဲ့သည်။

"မင်း Coke လိုချင်သေးလား..."


ထို့နောက် ရန်ရှူက သူ၏တူကို လွှင့်ပစ်ပြီး ပြောလိုက်သည်။

"မင်း ဘာလို့ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေရတာလဲ...လမ်းခွဲရအောင်...ဒီလိုဆို မင်းလည်း ငါ့ကို စိတ်ပူစရာမလိုတော့ဘူး..."


ဆွေ့ဟို့ယွီက လက်ထဲ သိုးသားကို ကိုင်ရင်းပင် ထိုအတိုင်း မီးဖိုချောင်ထဲပြန်သွားကာ ရန်ရှူရှေ့တွင်ပေါ်မလာရန် ရိုးရှင်းစွာ ဆုံးဖြတ်လိုက်သည်။


ဟို့မော့က ဆွေ့ဟို့ယွီနောက် အမြန်ပြေးလိုက်လာခဲ့သည်။


မနီးမဝေးမှ တန့်ယိဟန်နှင့် လုယန်ရှင်းတို့က တစ်ယောက်နှင့်တစ်ယောက် စတင်တောင်းပန်ခဲ့ကြသည်။


မူလက သူတို့ ဤနေရာကိုမလာမီ၌ စကားများခဲ့ကြသည်။ စကားများရခြင်းအကြောင်းရင်းမှာ သူတို့ နှစ်သစ်ကိုကျင်းပရန် တန့်ယိဟန်အိမ်သွားရမည်လား လုယန်ရှင်း၏ မိဘအိမ်သွားရမည်လား မသိသောကြောင့်ဖြစ်သည်။ အဆုံးတွင် သူတို့က ရိုးရိုးရှင်းရှင်း ဆွေ့ဟို့ယွီ၏နေရာသို့ ရောက်လာခဲ့ကြသည်။


ယခု သူတို့နှစ်ယောက်လုံး သူတို့အမှားကို သဘောပေါက်သွားပြီဖြစ်သည်။


တန့်ယိဟန်က ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

"ဟန်နီ ကိုယ်မှားပါတယ်...နှစ်သစ်ကူးကျင်းပဖို့ မင်းအိမ်ကိုပဲသွားခဲ့သင့်တယ်..."


လုယန်ရှင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

"လောင်ကုန်း ကျွန်မလည်းမှားသွားတယ်... ကျွန်မတို့ ဘယ်မှမသွားရင်တောင်ရတယ်... ဒါပေမယ့် သူတို့နှစ်ယောက် လမ်းခွဲတာကို ကြည့်ဖို့ ဒီကိုမလာသင့်ဘူး..."


ရန်ရှူနှင့် စန့်ရှန်းတို့ စကားများနေသည်ကို အခွင့်ကောင်းယူကာ စုအန်းရီက အိုးထဲရှိ နောက်ဆုံးလက်ကျန် သိုးသားအား အိုင်းမုန့်ထျန်းကို အမြန်ပေးလိုက်သည်။


အိုင်းမုန့်ထျန်းက စုအန်းရီကို လက်မထောင်ပြပြီး ဆက်စားလိုက်သည်။


ရှန်းကျွင့်ကျင်းက ဟိုဟိုသည်သည်ကြည့်ကာ နောက်ဆုံးတွင် မတ်တပ်ထရပ်ပြီး အနက်ရောင်စခရင်ဖြင့် ဖုန်းကို ကောက်ကိုင်၍ ဖုန်းပြောဟန်ဆောင်လိုက်သည်။

"ဟယ်လို... ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးလဲ... သြော်ဟုတ်ကဲ့... မိတ်ဆက်ပေးပါဦး..."


သူ ဟန်ဆောင်နေရင်း ရုတ်တရက် ကောင်းချင်ထံမှ ဖုန်းဝင်လာခဲ့သည်။ သူ ဖုန်းမြည်သံကြောင့် လန့်ဖျပ်သွားပြီး ဖုန်းဖြေရန် အပြင်သို့ အမြန်ထွက်လာခဲ့သည်။


ထိုနေရာမှာပင် ရန်ရှူနှင့် စန့်ရှန်းတို့ ချောမွေ့စွာ လမ်းခွဲခဲ့ကြသည်။


ရန်ရှူ အသိများပြန်ဝင်လာချိန်၌ အိုးအလွတ်ကို တိတ်ဆိတ်စွာ ကြည့်ခဲ့သည်။


စန်ရှန်းက စကားတစ်လုံးမှမပြောဘဲ ကုလားထိုင်ပေါ် ထိုင်ကာ သူ့လက်ထဲတွင် လိမ်းဆေးကို ကိုင်ထားဆဲဖြစ်သည်။


ရန်ရှူက စန့်ရှန်းကို တိတ်ဆိတ်စွာ ကြည့်လိုက်သော်လည်း စန့်ရှန်းက သူ့ကို လျစ်လျူရှုခဲ့သည်။ သူကိုယ်တိုင် ထရုံသာတတ်နိုင်ပြီး တစ်ဖက်သို့ လှည့်ကာ မေးလိုက်သည်။

"အစ်ကိုယွီ သိုးသားထပ်ရှိသေးလား..."


သူက မေးခွန်းမေးနေစဉ် မီးဖိုခန်းတံခါးဆီသို့ လျှောက်သွားပြီး ရုတ်တရက်ကြီး လဲကျသွားသည်။ သူက မြေပြင်ပေါ် ညင်သာစွာလဲကျသွားခဲ့သော်လည်း ကြီးကြီးကျယ်ကျယ် မြည်တမ်းလာခဲ့သည်။ 

"အိုး ငါ ချော်လဲသွားပြီ... အရမ်းနာတာပဲ..."


ဘေးမှကြည့်နေသူများ- "…"


အိုင်းမုန့်ထျန်းက ရိုးရှင်းစွာပင် ကျယ်လောင်စွာ ကျိန်ဆဲလာခဲ့သည်။

"သေစမ်း... ငါ စင်ဂယ်ခွေးဖြစ်နေတာ နင့်လို အကြံသမားတွေရှိနေလို့ပဲဖြစ်ရမယ်..."


မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရန်ရှူက အိုင်းမုန့်ထျန်းနှင့် ငြင်းခုံနိုင်ဆဲဖြစ်သည်။ 

"နင် စင်ဂယ်ဖြစ်နေရတာက နင့်မျက်လုံးထဲ သိုးသားတုတ်ထိုး၊ အသားညှပ်ပေါင်မုန့်၊ ဟမ်ဘာဂါနဲ့ ရေဘဝဲလုံးတွေပဲ မြင်နေလို့လေ...သူများတွေ စကားများနေချိန် နင့်မှာ စကားများရမယ့်သူတောင်မရှိဘူးမလား ပါးစပ်ပိတ်ထားလိုက်တော့..."


အိုင်းမုန့်ထျန်း ရုတ်တရက် သိုးသားက အရသာမရှိတော့သလို ခံစားလိုက်ရသည်။ သူမက ရန်ရှူကို လက်ညှိုးထိုးပြပြီး စုအန်းရီကို ကြည့်လိုက်၏။


စုအန်းရီက သူမ နောက်ကျောကို ပုတ်ကာ နှစ်သိမ့်ပေးခဲ့သည်။

"ငါတို့ အချစ်ရူးတွေနဲ့ မငြင်းခုန်ဘူးလေ..."


စန့်ရှန်းက နောက်ဆုံးတွင် ရန်ရှုအား ကူညီရန် လျှောက်လာပြီး တိုးဖွစွာပြောလိုက်သည်။

"မင်း ဒဏ်ရာရသွားသေးလားဆိုတာ ကိုယ့်ကို ကြည့်ခွင့်ပေး..."


ရန်ရှူက သူ့ဘောင်းဘီရှည်ကို မတင်ပြီး သူ့ခြေထောက်ကို ပြကာ ပြောလိုက်သည်။

"ဒီမှာ...ဒါက ရန်ဖြစ်တုန်းကရတာ မဟုတ်ဘူးနော်...စောနလေးမှ ချော်လဲလို့ရတာ..." 


စန့်ရှန်းက ရန်ရှူ၏ ဒဏ်ရာများကို ကြည့်ကာ ရန်ရှူ၏ ဒေါသကို ဂရုမစိုက်ဘဲ သာမန်ကာလျှံကာ ပြန်ဖြေခဲ့သည်။

"အိုး သိပြီ..."


ဆွေ့ဟို့ယွီက သိုးသားနှင့်အတူ တစ်ဖန်ပြန်ထွက်လာခဲ့သည်။ သူက ဟို့မော့နှင့်အတူ ပုခုံးချင်းယှဉ်ရပ်ကာ လွန်ခဲ့သည့်ငါးမိနစ်ခန့်ကပင် လမ်းခွဲခဲ့ကြပြီး ယခုမူ အချင်းချင်းခွံ့ကျွေးနေကြသော မနီးမဝေးရှိ လူနှစ်ယောက်ကို ရွံရှာစွာဖြင့် ကြည့်နေခဲ့လေ၏။


သူတို့ ၎င်းကို မြင်နေကျဖြစ်လျှင်ပင် ၎င်းက အချိန်တိုင်း အံ့ဩစရာကောင်းနေဆဲဖြစ်သည်။


စားကြ သောက်ကြပြီးနောက် လူတိုင်း နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ကြသည်။


ရန်ရှူက စန့်ရှန်းပေါ် ခက်ခက်ခဲခဲ ကုပ်ကပ်တက်ရန် ကြိုးစားခဲ့သည်။ 

"လောင်ကုန်း... ငါ့ကို ကျောပိုးသွား..."


"ကောင်းပြီ..." 

စန့်ရှန်းက အနည်းငယ် ထိုင်ချလိုက်ပြီး ရန်ရှူကို သူ့နောက်ကျောပေါ်တက်ရန် ခွင့်ပြုကာ ကားဆီသို့ကျောပိုးသွားခဲ့သည်။


ရန်ရှူက စန့်ရှန်း၏နောက်ကျောပေါ် မှီချလိုက်သည်။

"အစ်ကိုယွီ bye bye..."


"ကောင်းပြီ... bye bye..." 

ဆွေ့ဟို့ယွီက သူ့ကို နှုတ်ဆက်လိုက်သည်။


ရန်ရှူက အခြားသူများကို ထပ်ကြည့်လိုက်သည်။

"အားလုံးပဲ နှုတ်ဆက်ပါတယ်..."


"Bye bye..."


"နောက်မှတွေ့မယ်..."


"ငါတို့ ပြန်တွေ့ကြမယ်နော်... ချစ်သူငယ်ချင်းလေး ဟားဟားဟား..."


"နောက်တစ်ခါကျ သိုးကောင်လုံးကင်စားကြရအောင်..."


ကောင်းကင်ပေါ်မှ နှင်းများစတင်ကျလာကာ နေရာတစ်ခုလုံးဖြန့်ကျက်လာပြီး မိုင်ထောင်ပေါင်းများစွာသို့ ပြန့်ကျဲသွားခဲ့သည်။


လူတိုင်း ကားထဲသို့ဝင်ခဲ့ကြပြီး ငွေဖြူရောင်ကောင်းကင်ကြီး၏ အဆုံးတွင် ပျောက်ကွယ်သွားခဲ့ကြသည်။


ခွဲခွာပြီးနောက် ပြန်လည်ဆုံစည်းသောသူငယ်ချင်းဟောင်းများကဲ့သို့၊ ပေါ့ပေါ့တန်တန်ရှိသည့်တိုင် ထူးကဲပြီး သာယာသော ကလေးဘဝကဲ့သို့ ညဘက်ရှိ နှင်းများက အလွန်နူးညံ့နေပေသည်။


သူ အတိတ်သို့ ပြန်သွားခဲ့သည်။ သူ့ကမ္ဘာထဲ ရုတ်တရက် ဖောက်ထွင်းဝင်ရောက်လာခဲ့သူက သူ့ဘဝတစ်လျှောက်လုံး သူ့ကို အံ့အားသင့်စေခဲ့ပြီး သူ့ဘဝတစ်သက်တာလုံး အဖော်ပြုပေးခဲ့သည်။


ထိုလူက တောက်ပပြီး နွေးထွေးကာ လေအေးများကိုပင် လွင့်စင်စေနိုင်သည်။


ဒီနေ့ရဲ့ခံစားချက်တွေက အတိတ်ကိုပို့လိုက်တဲ့ အချစ်စာတစ်စောင်လိုပဲ...အတိတ်က ငါ့ကိုယ်ငါ အချစ်တွေ အလကားပေးခဲ့တာမဟုတ်ဘူး... အရင်ကလိုပဲ အမြဲတမ်းပြန်စတင်နိုင်သေးတယ်လို့ပြောနေမိတယ်...


【ပြီးပါပြီ】


စာရေးသူမှာ ပြောစရာရှိပါတယ်-


ဒါကပြီးသွားပြီ…ဂုဏ်ပြုကြရအောင်… နောက်ဆုံးအခန်းအထိ ငါတို့ ရှူရှူက စန့်ရှန်းနဲ့လမ်းခွဲခဲ့တုန်းပဲ ဟုတ်တယ်မလား...


အခုတော့ပြီးသွားပါပြီ... ရန်ရှူ၊ စန့်ရှန်း၊ ဆွေ့ဟို့ယွီ၊ ဟို့မော့ နဲ့ သူတို့ရဲ့ တခြားသူငယ်ချင်းတွေက ဘယ်တော့မှ ခွဲကြမှာမဟုတ်ပါဘူး...သူတို့ရဲ့ ဇာတ်လမ်းတွေက ဆက်နေဦးမှာပါ...


ဒီဝတ္ထုလေးကို သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်...ငါ ဒီဟာကို အကောင်းဆုံး ရေးခဲ့တာပါ...


အားလုံးကိုချစ်ပါတယ်…


×××××××


Main Storyပြီးသွားပေမယ့် Extraလေးတွေ ကျန်ပါသေးတယ် အသဲတို့ရေ😚



📽️