Chapter 115
Viewers 19k

🤒အခန်း ၁၁၅





သူ၏ခန္ဓာကိုယ်အခြေအနေကြောင့် အခြားလူတစ်ယောက်နှင့်ချစ်မိသွားလိမ့်မည်ဟု တစ်ခါမှပင်မတွေးခဲ့ဖူးပေ။


ရှင်းပြရခက်သောဆက်နွယ်မှု၊ ထိန်းချုပ်ရခက်ခဲသောရင်ခုန်သံနှင့် A မြို့သို့ပြန်လာပြီးနောက်ပိုင်း ထိုပုဂ္ဂိုလ်အကြောင်းကို ရပ်တန့်မရအောင်တွေးနေမိခြင်းတို့က သူ၏မစ်ရှင်ကြောင့်မဟုတ်နိုင်တော့ဘဲ သူ ထိုသူကိုသဘောကျနေ၍သာဖြစ်လိမ့်မည်။


သူ ရှောက်မင်ကိုသဘောကျနေခဲ့သည်။


ဤအဖြေထွက်ပေါ်လာသည်နှင့် ကျူးထုန်မှာ အသိဉာဏ်ပွင့်သွားသည်ကိုသာခံစားလိုက်ရတော့သည်။


သူ သန့်စင်ခန်းထဲမှထွက်လာပြီး ဆေးရုံကုတင်ကိုပြန်သွားခဲ့သည်။ အိပ်ရာအောက်မှဖုန်းကိုယူရန်ကြိုးစားကြည့်လိုက်သည်။ သို့သော် ဖုန်းကိုရှာမတွေ့ပေ။


"ဖုန်းရော.."


ချန်ချန့်: "ဘာဖုန်းလဲ.."


ကျူးထုန်: "ငါ့ဖုန်း.."


ဖြေ၍မပြီးသေးခင် သူရုတ်တရက် အမှတ်ရသွားခဲ့သည်။


သူမေ့လဲမသွားခင် အချိန်မီ စာပြန်နိုင်ရန် လက်ထဲတွင်ဖုန်းကိုကိုင်ထားခဲ့သည်။


သူမေ့လဲသွားသည့်အခါ ဖုန်းလည်း ကြမ်းပြင်ပေါ်သို့ကျသွားခဲ့သည်။


အခုအချိန်တွင် ဖုန်းက ကျူးမိသားစုမှဗီလာထဲတွင်ဖြစ်လိမ့်မည်။


ကျူးထုန်က မော့ကြည့်ပြီးမေးလိုက်၏။ 


"ငါတို့ ဘယ်တော့မှ ဆေးရုံကဆင်းမှာလဲ.."


ချန်ချင်းစုန့်အသားအရေက အစပိုင်းကတည်းက သိပ်မကောင်းပါချေ။ မြေးဖြစ်သူအရှေ့တွင်ဖြစ်နေ၍သာ တင်းခံထားနေရရှာသည်။ သူကမေးလိုက်မိလေတော့၏။


 "မင်းကဘာလို့ ဆေးရုံကဆင်းဖို့ကို လောနေရတာလဲ.."


ကျူးထုန်: "ကျွန်တော်ပြန်သွားပြီး..."


သူအစချီရုံရှိသေးစဥ် အဘိုးဖြစ်သူမျက်နှာက သာမန်မျက်စိဖြင့်မြင်နိုင်သည်အထိ မှောင်မည်းလာလေတော့သည်။


ချန်ချင်းစုန့်က တည့်တည့်သာပြောလိုက်လေတော့သည်။


 "မင်း ကျူးမိသားစုကိုပြန်စရာမလိုတော့ဘူး၊ မနက်ဖြန်မှ မင်းနဲ့ရှောင်ရှင်းတို့အကြောင်းကို သတင်းစာရှင်းလင်းပွဲလုပ်ပြီးကြေညာလိုက်တော့မယ်၊ ဒီနေ့ကစပြီးမင်း.."


"အဘိုး၊ မလိုပါဘူး.."


ကျူးထုန်က ထပ်ငြင်းရန် ပါးစပ်ဟလိုက်သည်။


ချန်ချင်းစုန့်မျက်နှာက ပို၍ပင်မှောင်လာခဲ့သည်။


ကျူးထုန်က အတည်ပြောလိုက်၏။ 


"အဘိုး၊ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲကိုမလုပ်လို့မရဘူးလား.."


သူ၏ဝမ်းကွဲအစ်ကိုက ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်ကို ကြော်ငြာပေးရန်အတွက် ကျွယ်ယွိနန်အားဖိတ်ခေါ်ခဲ့သည်ကို သူ အခုထိမှတ်မိနေသေးသည်။ ကျောင်းမှအတင်းအဖျင်းဝဲဂယက်က စိတ်ရှုပ်စရာဖြစ်နေခဲ့ပြီးသားပင်။ ယခု သူနှင့် ထိပ်တန်းလူချမ်းသာစာရင်းဝင်သူ့အဘိုးတို့ပတ်သက်မှုကိုကြေညာပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်လိုက်ပါက သတင်းစာခေါင်းစည်းပိုင်းများတွင် သူ့အားမလွဲမသွေဖော်ပြကြလိမ့်မည်။ ထိုအခြေအနေမျိုးဖြင့် သူ ကုန်းရွှေစီရင်စုမှကျောင်းကိုပြန်သွားနိုင်ပါဦးမလား။


ကျောင်းမှ အတင်းအဖျင်းများကြားတွင် သူမြုပ်သွားမည်ကိုပင်စိုးရိမ်ရသည်။


သူကျောင်းသွားတိုင်း ဘော်ဒီဂတ်များလိုက်နေမည်ကိုလည်း မလိုချင်ပေ။


သို့သော်လည်း လူအိုကြီးချန်က လုံးဝကိုနားလည်မှုလွဲသွားခဲ့သည်။ ကျူးထုန်ကိုကြည့်ပြီး ဘာကိုမှမပြောပေ။


ကျူးထုန်က သူ့အဘိုးလုပ်ချင်နေသည့်အရာကို ချက်ချင်းသဘောပေါက်သွား၍ ခေါင်းစဥ်ပြောင်းသွားတော့သည်။ 


"ကျွန်..ကျွန်တော်တို့ ဇာတ်မြှုပ်ပြီးနေကြမယ်လေ.."


ချန်ချင်းစုန့်: "......"


"တကယ်တော့ ကျွန်တော်လည်းဗီလာကိုပြန်မသွားချင်ပါဘူး၊ ကျွန်တော့်ဖုန်းက အဲဒီမှာကျန်နေခဲ့လို့ပါ.."


"....."


နောက်ဆုံး၌ စည်းရုံးမှုက အောင်မြင်သွားခဲ့သည်။ ချန်ချင်းစုန့်က သတင်းစာရှင်းလင်းပွဲလုပ်မည့်အစီအစဥ်ကိုဖျက်သိမ်းလိုက်သော်လည်း ကျူးထုန်ကို ကျူးမိသားစုထံပြန်ခွင့်ပေးရန်ငြင်းဆန်နေဆဲပင်ဖြစ်လေ၏။


ဦးလေးလျိုက သူ့အား ဖုန်းပြန်ယူလာပေးခဲ့သည်။


ဖုန်းကိုချက်ချင်းမယူနိုင်ဘဲ ပျာယာခတ်နေသောကျူးထုန်က ဆေးရုံကုတင်ပေါ်တွင်ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေရှာသည်။


"ကောင်လေးဆီကိုဖုန်းဆက်ချင်လား.." 


ချန်ချန့်ကဖုန်းလှမ်းပေးလာသည်။


ကျူးထုန်က တိတ်ဆိတ်နေသော်လည်း ငြင်းလည်းမငြင်းဘဲခေါင်းယမ်းပြလာသည်။


ချန်ချန့်: "ဘာလဲ၊ ဖုန်းနံပါတ်မမှတ်မိတော့ဘူးလား၊ ဒီလိုဆိုရင်တော့ မင်းကတကယ်မရိုးသားတာပဲ.."


ကျူးထုန်: "....."


သူ ရှောက်မင်ကိုဆက်သွယ်ချင်သည်။ သို့သော်လည်း ဖုန်းမခေါ်ရဲပြန်ပေ။


သူ လော့ရှိုးကိုသာဆက်သွယ်ချင်ခဲ့သည်။


မနေ့ကဖြစ်ခဲ့သမျှ ချီးထုပ်အကုန်လုံးကို သူအဖြေရှာချင်သည်။ နှစ်သက်မှုရာခိုင်နှုန်းက ဘာလို့နေရင်းထိုင်ရင်းထိုးကျသွားတာလဲ။ ဘာလို့ရုတ်တရက်ပြန်တက်လာပြန်တာလဲ။


သူ့ခမျာ ထိုအကြောင်းကို ရှောက်မင်ထံလည်းတိုက်ရိုက်မမေးရဲပေ။ ရှောက်မင်ကမေ့သွားကာမှ သူထပ်မေးလိုက်လို့ နှစ်သက်မှုရာခိုင်နှုန်းက ထပ်ပြီးထိုးကျသွားရင် ဘယ်လိုလုပ်ကြမလဲ။


သူ နောက်တစ်ခါထပ်ပြီးမမေ့လဲချင်ပေ။


ဖုန်းရပြီးသည်နှင့် ကျူးထုန်အရင်လုပ်သည်က အသိပေးချက်များကိုစစ်ဆေးခြင်းပင်။


သူ့ဖုန်းထဲတွင် လွတ်သွားသောဖုန်းခေါ်ဆိုမှုတစ်ခုရှိနေသည်။


ရှောက်မင်ထံမှဖြစ်လေ၏။


ကျူးထုန်၏နှလုံးက တစ်ချက်မျှဆောင့်ခုန်သွားခဲ့ပြီး မသိစိတ်အလျောက် ရှောက်မင်ထံ ချက်ချင်းဖုန်းခေါ်လိုက်မိသည်။ ဖုန်းခေါ်နေသည့်စာမျက်နှာဝင်လာမှ အသိစိတ်ပြန်ဝင်လာပြီး [ဖုန်းချ] သည့်ခလုတ်ကိုနှိပ်လိုက်ရသည်။


'သူ့ကိုအခုချိန်မှာခေါ်ပြီး ဘာပြောရမလဲ'


မှန်သည်။ သူ့အနေဖြင့် လော့ရှိုးကိုသာမေးမြန်းကြည့်ချင်သည်။


သူ WeChat ကို နောက်တကြိမ်ပြန်ဖွင့်ကြည့်လိုက်ကာ မတိုင်ခင်က စာမပြန်ရသေးသော စာတိုကိုတွေ့လိုက်ရသည်။


<ရှောက်> : ဆောရီး။ ကိုယ်ပြိုင်ပွဲဝင်နေရလို့။


ကျူးထုန်: ......


ဒီပြန်စာက ဘာလို့ တုံးတိကြီးဖြစ်နေရတာလဲ။


သူတကယ်ကို ထိတ်လန့်နေမိပြီ။ ချက်ချင်းပြန်ထွက်ပြီး လော့ရှိုး၏ WeChat ကိုသွားကြည့်လိုက်သည်။


<ကျူး> : လိုင်းပေါ်မှာရှိနေသေးလား။


<လော့ရှိုးကလေရှည်သူမဟုတ်ပါ> : (ပြူးပျာသွား) မင်းတကယ်ကြီး ငါ့ကိုစာပို့တယ်နော်။


ကျူးထုန်: .....


အပြန်အလှန် WeChat အကောင့်အပ်ထားကြပြီးနောက် ဤတစ်ခေါက်က သူတို့ပထမဆုံးစကားပြောမိကြခြင်းပင်ဖြစ်လေသည်။


ကျူးထုန်က အစပိုင်း၌ ယဥ်ကျေးရန်စဥ်းစားသေးသော်လည်း ပြန်စာကရောက်လာခဲ့သည်။


<လော့ရှိုးကလေရှည်သူမဟုတ်ပါ> : မင်ကောက ငါ့ကိုရှာပေးဖို့ မင်းကိုပြောလို့လား။ မင်းတို့နှစ်ယောက် အခုအတူရှိနေကြတာလား။


ကျူးထုန်က စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်ရသည်။ လော့ရှိုး၏ "အတူရှိနေ" ဆိုသောစကားလုံးကိုမြင်လိုက်ရသည့်အခိုက် သူ့နှလုံးကဒိတ်ခနဲဖြစ်သွားခဲ့၏။ လော့ရှိုးဆိုလိုသည်မှာ ရှောက်မင်က သူ့ဘေးတွင်ရှိမရှိကိုသာဖြစ်ပြီး သူတို့နှစ်ယောက်တွဲနေသည့်ပုံစံမျိုးကိုပြောနေခြင်းမဟုတ်ကြောင်း ချက်ချင်းနားလည်သွားခဲ့သည်။


နေဦး။ အဲဒီလိုမျိုးကလည်းမှားနေသေးတယ်လေ။


ရှောက်မင်ကသူနဲ့အတူရှိနေလားတဲ့။


ဒီအချိန်ကြီးမှာ ရှောက်မင်ကဘာလို့ သူနဲ့အတူရှိနေရမှာလဲ။


<ကျူး> : ငါက A မြို့မှာပဲရှိသေးတာ။ ပြန်မရောက်သေးဘူး။


<လော့ရှိုးကလေရှည်သူမဟုတ်ပါ> : သိတယ်လေ။ မင်ကောကလည်း မင်းကိုရှာဖို့ဆိုပြီး A မြို့ကိုသွားတယ်မလား။


<ကျူး> : ရှောက်မင်က A မြို့ကိုလာတယ် ဟုတ်လား။


<လော့ရှိုးကလေရှည်သူမဟုတ်ပါ> : မသိဘူးလား။ မင်ကောက မင်းကိုမပြောပြဘူးလား။ သူက သင်္ချာပြိုင်ပွဲအတွက် A မြို့ကိုသွားတာ။


ကျူးထုန်ကလည်း ကြောင်အသွားပြီး အမြန်စာပြန်လိုက်သည်။ 


[ သူ A မြို့ကိုဘယ်အချိန်ကလာတာလဲ]


<လော့ရှိုးကလေရှည်သူမဟုတ်ပါ> : ပြီးခဲ့တဲ့နှစ်ရက်ကပဲ။ သူနဲ့အတူတခြားကျောင်းသားတွေအများကြီးလည်း မြို့ကိုပါသွားကြတယ်။


ကျူး: ???


<လော့ရှိုးကလေရှည်သူမဟုတ်ပါ> : ???


ကျူးထုန်: "....."


သူ့ဘက်မှ ခဏခန့်ငြိမ်နေပြီးနောက် တည်ငြိမ်စွာဖြင့်စာပြန်လိုက်လေသည်။ 


[ကျေးဇူးပဲ။ ငါအခုသိသွားပြီ]


ကျူးထုန်က ဆေးရုံကုတင်ပေါ်တွင် ခဏမျှလှဲနေခဲ့သည်။ ထို့နောက် မှင်သေသေဖြင့် စိတ်ထဲမှပြောနေမိလေ၏။ 


'လရောင်ဖြူလေး A မြို့ကိုလာတယ်ဆိုတာ မင်းသိထားတာလား'


စနစ်က ခပ်သွက်သွက်ပင် ပြန်ဖြေလာခဲ့သည်။ 


'သိသားပဲ'


"!"


ကျူးထုန်မှာ ရှော့ခ်ရစွာဖြင့်ပြောလိုက်လေသည်။ 

'သိရဲ့သားနဲ့ ဘာလို့ငါ့ကိုမပြောတာလဲ'


စနစ်က ပေါ့ပေါ့တန်တန်ပင်ပြန်ဖြေလာလေသည်။ 


'စနစ်က လရောင်ဖြူလေး A မြို့မှာရှိနေတာကိုခြေရာခံမိထားတယ်၊ ဒါပေမဲ့ Host ရဲ့ မစ်ရှင်အပေါ်မှာပတ်သက်မှုမရှိဘူးလေ၊ စနစ်က အရေးမကြီးဘူးလို့ထင်လို့၊ ဒီတော့ အသိပေးစရာလည်းမလိုအပ်ဘူး'


ကျူးထုန်: "...."


ဒါက NPC ရဲ့ ရှာဖွေတွေ့ရှိမှုလား။ ဘာလားဟ။


စနစ်က ဘာလို့ သူ့ကိုမပြောဖို့ဆုံးဖြတ်လိုက်ရတာလဲ။ ဒီကိစ္စကို ညင်ညင်သာသာနဲ့ဘယ်လိုကိုင်တွယ်ရမလဲဆိုတာတောင် သိလို့လား။


ကျူးထုန်: 'သူ A မြို့ကိုလာတာက ငါ့ရဲ့မစ်ရှင်နဲ့မပတ်သက်ဘူးဆိုတာ ဘာကိုပြောချင်တာလဲ'


စနစ်: 'ဒီတစ်ခေါက် နှစ်သက်မှုပြဘားတန်းက host ရဲ့လုပ်ရပ်ကြောင့်မဟုတ်ဘူး'


ကျူးထုန်: 'ငါ့ကြောင့်မဟုတ်ရင် အရင်တစ်ခေါက်တုန်းက နှစ်သက်မှုပြဘားတန်းက ဘာလို့ ကဆုန်ပေါက်နေတာလဲ'


စနစ်: 'အကြောင်းအရင်းကိုမသိရပါဘူး'


ကျူးထုန်: "....."


စနစ်ဆိုသော ဤအရာက အတုသာမဟုတ်ပါက သူကြောက်ရလောက်သည်။


သူသက်ပြင်းရှည်ကြီးကိုသာချလိုက်မိလေ၏။


ဒါဆို ခုနက နှစ်သက်မှုရာခိုင်နှုန်းက ဘယ်လိုလုပ်ထိုးကျသွားတာလဲ။


သူ့ကြောင့်မဟုတ်ရင် ရှောက်မင်ကို A မြို့အထိလာရအောင် တစ်ခုခုကလုပ်လိုက်တာလား။


တစ်ယောက်ယောက်က ရန်ပွဲဖြစ်အောင် သွေးထိုးလိုက်လို့လား။


ဒါပေမဲ့ သူနဲ့ရှောက်မင်ကြားမှာ မကျေနပ်စရာဘာများရှိခဲ့လို့လဲ။ ရှောက်မင်ကလည်း အခုလို ပြောတိုင်းယုံတဲ့သူမျိုးမဟုတ်ပါဘူး။


ထို့အပြင် နှစ်သက်မှုရာခိုင်နှုန်းက ထပ်တက်လာခဲ့သည်ဖြစ်ရာ ရန်စမှုက မအောင်မြင်ကြောင်းဖော်ပြနေခြင်းပင်ဖြစ်လေသည်။


ကျူးထုန်က နှစ်သက်မှုရာခိုင်နှုန်းကိုကြည့်လိုက်သည်။ ခုနစ်ဆယ်ရာခိုင်နှုန်းအထိရောက်နေပြီ။ သူအလွန်ကိုခေါင်းရှုပ်သွားရတော့သည်။


လော့ရှိုးက ရှောက်မင်မှာ ယခု A မြို့တွင်ရှိနေသည်ဟုပြောခဲ့သည်။


သူက ဤနေရာကိုရောက်နေခဲ့သည်မှာ ရက်အတန်ကြာခဲ့ပြီဖြစ်ပြီး မကြာသေးခင်ကလည်း သူတို့ စကားပြောဖြစ်ခဲ့ကြသည်။ သို့သော်လည်း ရှောက်မင်ကသူ့ကို တစ်လုံးပင်မပြောခဲ့ပေ။


'ရှောက်မင်က ငါ့ကိုမတွေ့ချင်တော့တာများလား'


သူတို့က သာမန်သူငယ်ချင်းတွေပဲဆိုရင်တောင် နှစ်ယောက်လုံး တစ်နေရာတည်းရောက်နေရင် လာနှုတ်ဆက်သင့်တာပဲမလား။ သူနဲ့ရှောက်မင်က ဘယ်လိုလုပ် သာမန်သူငယ်ချင်းတွေထက်ပိုသာနိုင်မှာလဲ။


နှစ်သက်မှုရာခိုင်နှုန်းက ဘယ်လိုလုပ်တိုးလာတာလဲ။


ကျူးထုန်က လွှမ်းမိုးခံလိုက်ရသလိုပင်။ သူ့ခေါင်းက အတွေးပေါင်းစုံဖြင့် ပတ်ချာလည်နေခဲ့သည်။ ပြိုင်ဖက်များနှင့်ပြဿနာတက်ချိန်မှာပင် ယခုလောက်မပင်ပန်းခဲ့ရသလိုပင် ခံစားနေရလေ၏။


မည်သို့ပင်ဖြစ်စေ၊ ဖုန်းမကိုင်မိသည့်ပြဿနာကို ရှင်းပြရန်လိုအပ်နေသေးသည်။


ဒါပေမဲ့ ဘယ်လိုရှင်းပြရမှာလဲ။ သူမေ့လဲသွားလို့ပါလို့တော့ပြောလို့မဖြစ်ဘူးလေ။


လွန်ခဲ့သည့်ရက်က သူ့ခန္ဓာကိုယ်ပြန်ကောင်းလာပြီဟု ပျော်ပျော်ကြီး ပြောခဲ့ပြီးကာမှ သေ့လဲပြီး မျက်စိတမှိတ်အတွင်း ဆေးရုံသို့အပို့ခံလိုက်ရပြန်သည်။ ရှောက်မင်သိသွားရင် ဘယ်လောက်စိတ်ပူနေလိမ့်မလဲ။


ဒီတော့ သူမပြောတော့ဘူး။


ကျူးထုန်က တွန့်ဆုတ်ဆုတ်ဖြင့်စာရိုက်လိုက်ရသည်။


 [ဆောရီး၊ ငါ့ဖုန်းက မနေ့ကကွဲသွားလို့၊ ဒီနေ့မှပြန်ပြင်ထားရတယ်]


သူ ၎င်းစာကိုမပို့ခင်မှာပင် ဖျက်ပစ်လိုက်သည်။


ဒီလောက် ဉာဏ်တိမ်လွန်းတဲ့ဆင်ခြေမျိုးကို သူတောင်မယုံဘူး။


သူ့ဖုန်းကကွဲသွားရင် ချက်ချင်းအသစ်တစ်လုံးဝယ်လိုက်လေ။


သူနဲ့သူ့အဖေက စကားများပြီး တစ်ညလုံးဖုန်းအားသွင်းဖို့တောင်သတိမရတော့ဘူး။ အဲဒါကြောင့် ဘက်ထရီကုန်သွားတယ်ဆိုရင်ရော။


ဟင့်အင်း။ အဲဒီဆင်ခြေလည်း သုံးလို့မဖြစ်ဘူး။


ဒါမှမဟုတ် သူ့ဘက်ကပဲအရင် ရှောက်မင်ကို A မြို့ကိုရောက်နေတာကိုဘာလို့မပြောတာလဲလို့မေးလိုက်ရမလား။


ဒါပေမဲ့ ရှောက်မင်ကသူ့ကိုမပြောမှတော့ မသိစေချင်လို့ပေါ့။ မေးကြည့်တော့ ဘာထူးမှာလဲ။


ကျူးထုန်မှာ ရုတ်တရက် နှလုံးအောင့်လာသည်ကိုခံစားလိုက်ရ၏။


သူ ရှောက်မင်ကိုသဘောကျနေတယ်။ ဒါပေမဲ့ ရှောက်မင်ကလည်း သူ့ကိုသဘောကျပါ့မလား။


ရှောက်မင်က သူ့ခံစားချက်တွေကို တုံ့ပြန်ဖို့မလိုအပ်ဘူး။


သူပဲရှောက်မင်ကို ပြောလိုက်ရမလား။


သူက ရှောက်မင်ကိုသဘောကျခဲ့သူများနှင့် ကွဲပြားကြောင်း ကျိန်ဆိုလေ့ရှိခဲ့သည်။ သူ့ဘက်မှရှောက်မင်ကို အချစ်ကြောင့်သဘောကျခြင်းမျိုးမဟုတ်ပေ။


ဒါပေမဲ့ ပြောင်းသွားပြီလေ။ အခုဘယ်လိုလုပ်မလဲ။


သူက အဲဒီလူတွေနဲ့ဘာမှမခြားတော့ဘူး။


ရှောက်မင်ကသူ့ကိုမုန်းသွားလောက်လား။


ကျူးထုန်မှာ ရှောက်မင်ကသူ့အားပြောခဲ့ဖူးသည့်စကားကို ရုတ်တရက်အမှတ်ရလိုက်မိသည်။


 "အဝေးရောက်ချစ်သူတွေပဲ သူတို့လွန်ခဲ့တဲ့တစ်စက္ကန့်က လုပ်ခဲ့တာတွေကို အပြန်အလှန်ပြောပြကြတာလေ"


ဒီတော့ သူမရှင်းပြလည်း ရလောက်ပါတယ်နော်။


သူတို့ကချစ်သူတွေမှမဟုတ်တာ။


ကျူးထုန်က အစမ်းသဘောဖြင့် စာပြန်ကြည့်လိုက်သည်။ 


[ဆောရီး အခုကနေ နောက်နှစ်ရက်လောက်အထိငါပြန်လာဖြစ်မှာမဟုတ်သေးဘူး]


ပို့လိုက်ပြီးမှ သူအပြစ်ရှိစိတ်ကိုခံစားလိုက်ရသည်။


သူက တကယ်ကိုမယုံရဘူးပဲ။


ဒါပေမဲ့ သူအခုပြန်သွားရင်တောင် ရှောက်မင်က ကုန်းရွှေမှာမရှိဘူးလေ။


ကျူးထုန်က မေ့လဲသွားခဲ့သော စိတ်ပျက်ဖွယ်ရာအဖြစ်ကို ဖုံးထားလိုက်ပြီး ပြန်စာကိုသာစောင့်နေလိုက်တော့သည်။


ရှောက်မင်က အမြန်ပင် စာပြန်လာခဲ့၏။


<ရှောက်> : အိုကေ။


ကျူးထုန်: "....."


ဒါပဲလား။


သွေးအေးလိုက်တာ။


ထို့နောက် ရှောက်မင်က နောက်ထပ်စာတစ်ကြောင်းကို ချက်ချင်းဆိုသလိုပို့လာခဲ့သည်။


<ရှောက်> : ကိုယ် ပြိုင်ပွဲဝင်နေတုန်းက စာမပြန်လို့စိတ်ဆိုးနေတာလား။ မင်းက ကိုယ့်ကို တစ်နေ့လုံးနဲ့တစ်ညလုံးတောင်စာမပြန်ခဲ့ဘူးလေ။


ချက်ချင်းပင် ကျူးထုန်က ရင်းနှီးနေသလိုခံစားလိုက်ရသည်။


ထပ်တူညီသောခံစားချက်ပင်ဖြစ်လေ၏။


သူ့ဘက်မှ ယုတ္တိရှိရှိဖြင့်မလိမ်နိုင်တော့ဘဲ ယောင်ဝါးဝါးဖြင့်ပင်စာပြန်လိုက်သည်။ 


[ငါအလုပ်ရှုပ်နေလို့ မေ့သွားတာ]


<ရှောက်> : အိုကေ။ မင်းကိုယ့်ကိုအာဘွားပေးရင် ခွင့်လွှတ်မယ်။


ကျူးထုန်: !!


သူရင်ခုန်သွားခဲ့သည်။ ဖုန်းပင်လွတ်ကျတော့မတတ်ပင်။


ရှောက်မင်က စကားကိုထိန်းမပြောတော့ပေ။


ရှောက်မင်က စိတ်ဆိုးနေပုံမပေါ်သောကြောင့် သူ့ဘက်မှစိတ်အေးသွားကာသက်ပြင်းချလိုက်ရင်း ခပ်မြန်မြန်ပင်စာပြန်လိုက်လေ၏။ 


[နောက်ကျနေပြီ။ စောစောအနားယူတော့။ ငါတတ်နိုင်သလောက်အမြန်ပြန်လာခဲ့မယ်။]


သူ့စိတ်ထဲတွင်မူ စကားတစ်ခွန်းကိုထပ်ဖြည့်ပြောလိုက်သည်။


 'မင်းလည်းဖြစ်နိုင်ရင်မြန်မြန်လေးပြန်လာခဲ့၊ ဟုတ်ပြီလား'

________


ဟိုတယ်ထဲတွင်မူ ရှောက်မင်မှာ ကျူးထုန်နှင့်စကားပြောလိုက်သောမှတ်တမ်းကိုကြည့်နေလေသည်။ သူက အံဆုံးကိုပင် ဖွဖွလေးကြိတ်လိုက်မိလေ၏။


[ငါအလုပ်ရှုပ်နေလို့ မေ့သွားတာ]


သခင်လေးက တကယ်တော်လွန်းသည်။ လိမ်သည့်စကားကိုပင် ပေါ့ပေါ့တန်တန်လေးပြောသွားခဲ့သည်။


သူ Chat မှထွက်ပြီး ဖုန်းခေါ်ကြည့်လိုက်သည်။


ထိုညမှာပင် သိက္ခာရှိသော ပရော်ဖက်ဆာ၏မွေးနေ့ပွဲပြီးသည့်နောက် A မြို့မှ လူချမ်းသာမိသားစုအများအပြားမှာ ဖိတ်စာအသစ်ကိုရခဲ့ကြသည်။


ဖိတ်စာက သူဌေးများအားလုံးကို ထိတ်လန့်သွားစေခဲ့၏။ အကြောင်းမှာ ဖိတ်စာပေါ်၌ "လျိုကျန်းဖေ" ဆိုသောလက်မှတ်က ပါလာသောကြောင့်ပင်ဖြစ်လေသည်။


လွန်ခဲ့တဲ့နှစ်တွေက A မြို့ကို သွေးနဲ့ဆေးခဲ့တဲ့လူက လူသတ်ဖို့ပြန်လာတာလား။




🤒