Chapter 122
Viewers 19k

🤒အခန်း ၁၂၂




ကျူးရှို့ရှန်းမှာ နောက်ဆုံးတော့ အငြိမ်ထိုင်မနေနိုင်တော့ပေ။ အနားကိုလျှောက်လာပြီး ပြောလာခဲ့သည်။ 


"ယူပြီးရင်သွားတော့မယ် ဟုတ်လား၊ ဘယ်ကိုသွားမလို့ကြံစည်နေတာလဲ၊ အဲဒီလျိုမျိုးရိုးနဲ့လူရဲ့အိမ်လား၊ နင်ကအဲဒီသူခိုးကောင်ကို တကယ်ပဲနင့်အဖေလို့ သတ်မှတ်တော့မယ်ပေါ့ဟုတ်လား.."


ကျူးရှင်း: "ဦးလေးလျိုအိမ်ကိုသွားမှာမဟုတ်ဘူး၊ ကျောင်းကိုပြန်မှာ.."


"နင့်အမေ ပစ္စည်းတွေယူပြီး ကျောင်းကိုပြန်မယ်ဆိုတာက ဘာစကားလဲ.." 

ကျူးရှို့ရှန်းမှာ ဒေါသထွက်လာလေသည်။ 


"နင့်အစ်ကိုက အသိစိတ်ပျောက်သွားတော့ နင်ပါလိုက်ပြီးပျောက်သွားတာလား၊ ငါနင့်ကိုဆယ်နှစ်ကျော်တောင်ကျွေးမွေးလာခဲ့တာ၊ နင်ကအခုသွားတော့မယ်ပေါ့၊ အဲဒီလျိုကျန်းဖေ၊ သူက လက်စားချေနေရုံပဲ၊ နင်က..."


"ကောက အသိစိတ်ပျောက်သွားတယ်.." 


ကျူးရှင်းက ဆတ်ခနဲလှည့်ကြည့်လိုက်သည်။


ကျူးရှို့ရှန်းလည်း မှင်သက်သွားခဲ့သည်။


"အဖေ၊ ကောကိုအဝေးကြီးပို့လိုက်ရအောင် ဘာကလုပ်လိုက်တာလဲ.." 

ကျူးရှင်းအသံက တိုးလျသည်။


"ဘာကို အဝေးကြီးပို့လိုက်ရမှာလဲ၊ နင့်အစ်ကိုရဲ့အရေးမပါတဲ့စကားတွေကိုနားထောင်မနေနဲ့.." 

ကျူးရှို့ရှန်းမျက်နှာက ရဲတက်လာလေသည်။ 


"ငါက သူနဲ့အရင်ဆုံးသိသွားစေချင်ရုံပဲ၊ သူ့ကိုတွန်းအားပေးဖို့လည်းမကြိုးစားခဲ့ဘူး၊ နင့်အစ်ကိုက ဒီလိုမျိုးကာကွယ်ပေးထားတော့ သူနင့်ကိုဘယ်လိုဆက်ဆံလဲ၊ သူက နင့်ကိုအခြားတစ်ယောက်ရဲ့ကလေးဖြစ်အောင်ခေါ်သွားတာလေ၊ သူက နင့်ကို လျိုကျန်းဖေရဲ့ကလေးဖြစ်အောင်လုပ်လိုက်တာ၊ လူတွေကအပြင်မှာ ဘယ်လိုပြောကြမလဲသိလား၊ ဒီလိုပြောလိမ့်မယ်၊ ငါ ကျူးရှို့ရှန်းက လျိုမိသားစုနဲ့ပနံသင့်ရအောင် ငါ့သားနဲ့သမီးကိုရောင်းစားလိုက်တယ်ဆိုပြီးတော့ပဲ၊ နင်နဲ့နင့်အစ်ကိုက လျိုကျန်းဖေနဲ့မသင့်တော်တဲ့ဆက်ဆံရေးရှိတယ်လို့လည်း သူတို့ကပြောကြလိမ့်မယ်၊ နင့်ရဲ့ဂုဏ်သိက္ခာလည်းပျက်စီးသွားလိမ့်မယ်.."


ကျူးရှင်းကအေးတိအေးစက်ပင်တုံ့ပြန်ခဲ့သည်။ 


"အဖေ့ရဲ့သားနဲ့သမီးကိုရောင်းလိုက်တယ်တဲ့လား၊ ကျွန်မတို့ရဲ့ဂုဏ်သိက္ခာကို အဖေဂရုစိုက်တယ်ဆိုရင် ကောကို ကျန်းဝမ်ဆီပေးလိုက်ချင်တုန်းကရော သူ့ရဲ့ဂုဏ်သိက္ခာကိုထည့်တွေးပေးခဲ့လား၊ သူသာကျန်းဝမ်ကိုလက်ထပ်လိုက်ရင် လူတွေက သူ့နောက်ကွယ်မှာ ဘာပြောကြမလဲ၊ ကျောင်းမှာ ကလေးအရွယ်ကနေအခုအထိ သူအပြောခံနေရတုန်းပဲဆိုတာ အဖေသိရဲ့လား၊ အဖေ သူ့ကိုဆေးရုံမှာထားခဲ့တယ်၊ အလုပ်ကိုအကြောင်းပြပြီးလာမတွေ့ဘူး၊ ကျွန်မကိုလည်းသွားမတွေ့ခိုင်းဘူး၊ လူတွေက သူ့ကို ချူချာလိုက်တဲ့ကလေး၊ ဘယ်သူကမှမလိုချင်ကြဘူး၊ ဆေးရုံမှာသေသွားရင်တောင် ဘယ်သူမှသိမှာမဟုတ်ဘူးလို့ပြောခဲ့ကြတယ်၊ ဒီနှစ်တွေအတွင်း သူဆေးရုံမှာဘယ်လိုနေခဲ့ရလဲဆိုတာ အဖေဂရုစိုက်မိရဲ့လား.."


ကျူးရှို့ရှန်း၏မျက်လုံးတို့က ကျဥ်းမြောင်းသွားလေသည်။ 


"ရှောင်ရှင်း နင်..."


သူက သူနှင့်အချို့နေရာများတွင်တူသော သမီးဖြစ်သူကိုကြည့်လိုက်ပြီး ထူးဆန်းစွာဖြင့် စိမ်းသက်နေသလိုလည်းခံစားလိုက်ရသည်။


ရှောင်ရှင်းက သူမခံစားချက်တို့ကို အမြဲဖိနှိပ်ထားခဲ့သည်။ ယခုမူ ရေကာတာကိုဖောက်ချလိုက်သလို ဖွင့်ထုတ်လာခဲ့လေ၏။ 


"အဖေ့ရဲ့သားကိုရောင်းစားတယ်၊ အဖေက ကောကို ကျန်းဝမ်နဲ့လက်ထပ်ခိုင်းခဲ့တယ်လေ၊ အဲဒါကမှရောင်းစားတာမဟုတ်ဘူးလား၊ လူတွေက အဖေ့နောက်ကွယ်မှာတော့ ဒီအတိုင်းပဲပြောနေကြလိမ့်မယ်၊ ဒါပေမဲ့ ဂရုမစိုက်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အမြတ်ရစရာရှိနေလို့လေ၊ အဖေရမယ့်အကျိုးအမြတ်တွေနဲ့ယှဥ်ရင် သူတို့ပြောနေတာတွေက အသေးအဖွဲလေးတွေပဲ၊ အဖေ၊ အဖေက ကျွန်မတို့ရဲ့ဂုဏ်သိက္ခာကိုဂရုမစိုက်ခဲ့ဘူး၊ အဖေက အဖေ့ကိုယ်အဖေပဲဂရုစိုက်တာ၊ ဟုတ်ပါတယ်၊ အဖေက ကျွန်မနဲ့အစ်ကို့ကိုပျိုးထောင်ပေးခဲ့တယ်၊ အဒေါ်ချင်ကိုလက်ထပ်ခဲ့တယ်၊ နာနီကြီးတစ်ယောက်ကိုလည်းငှားခဲ့တယ်၊ ကောရဲ့ ဆေးဖိုးဝါးခတွေကိုလည်းပေးခဲ့တယ်၊ ပြီးတော့ အလုပ်ကြီးအကိုင်ကြီးလုပ်ခဲ့တယ်လို့ထင်ခဲ့တယ်၊ အဖေက ကျွန်မတို့အတွက် အကောင်းဆုံးတွေကိုစီစဥ်ပေးခဲ့တယ်လို့ထင်ခဲ့တယ်၊ အဖေက အမြဲတမ်းတကိုယ်တော်ဖြောင့်မတ်နေတဲ့ပုံနဲ့ ကောနဲ့ကျွန်မအတွက်ဆိုရင် အလွယ်တကူ ကျေနပ်ခဲ့တယ်၊ ဒါပေမဲ့ အဖေ့အတွက်ကတော့ ဘယ်တော့မှမတင်းတိမ်နိုင်ခဲ့ဘူး၊ အဖေက ကျွန်မတို့ကို ဦးလေးလျိုရဲ့အိမ်ကိုသွားခွင့်မပေးဘူး၊ ကျွန်မတို့အတွက်ဆိုတာ ဟုတ်လို့လား၊ ဦးလေးလျိုသာ ဧည့်ခံပွဲမှာရှေ့မထွက်လာရင် အဖေကကျွန်မတို့အိမ်ကထွက်သွားမှာကို တားဦးမှာပဲ.."


ဦးလေးလျိုသာ လူအများရှေ့တွင် မကြေငြာခဲ့ပါက ကလေးနှစ်ယောက်မပြောနှင့်၊ သူတို့အပေါ်ကို သိပ်ပြီးအာရုံမစိုက်ကြသူများပင် ကျူးရှို့ရှန်းကိုဖားရန် ဦးစားပေးကြလိမ့်မည်။ ယခုတော့ ကလေးနှစ်ယောက်က လူတစ်ယောက်နှင့်ပတ်သက်သွားခဲ့ပြီ။ သူတို့၏ ရည်ရွယ်ချက်ဖြင့် ကျူးရှို့ရှန်းအားချဥ်းကပ်လာမှုက အရာရောက်တော့မည်မဟုတ်ပေ။


ကျူးရှို့ရှန်းနှင့်ချင်မန်ဝမ်မှာ ကျူးရှင်းတစ်ယောက် ယုံကြည်ချက်အပြည့်ဖြစ်နေပုံကို ပထမဆုံးအကြိမ်မြင်လိုက်ရခြင်းပင်ဖြစ်လေသည်။ သူတို့နှစ်ယောက်လုံးဆွံ့အပြီးနှုတ်ဆိတ်နေခဲ့ကြ၏။


ကျူးရှင်းက နောက်တစ်ကြိမ် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။ 


"အဖေ ကျွန်မတို့ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး စိုးရိမ်နေဖို့မလိုတော့ပါဘူး၊ ပြောရဲတဲ့သူရှိရင် အဘိုးက သူတို့ပါးစပ်ကိုပိတ်ပေးလိမ့်မယ်၊ ကွယ်ရာမှာပြောနေတာကတော့ ကျွန်မတို့နားထဲမရောက်သရွေ့ ဂရုမစိုက်ဘူး၊ ကျွန်မအရှေ့မှာလာပြောရင်တော့ နောက်တစ်ခါ ဘယ်တော့မှမပြောနိုင်အောင်လုပ်ပေးလိုက်မယ်.."


သူမအသံကတည်ငြိမ်နေသည့်တိုင် စကားလုံးတို့ကမူ အေးစက်ပြတ်သားနေလေသည်။


ကျူးရှို့ရှန်းမှာ မယုံကြည်နိုင်မှုများဖြင့် ကျူးရှင်းကိုကြည့်နေမိလေ၏။


သူ့မျက်လုံးထဲတွင် ကျူးရှင်းကအမြဲတစေ ယဥ်ကျေးပြီး ပြောစကားနားထောင်တတ်သည်။ အပြစ်ကင်းစင်ပြီး သွက်လက်တောက်ပသောမိန်းကလေးတစ်ယောက်ဖြစ်ခဲ့သည်။


သူက ဘယ်တုန်းကတည်းက ဒီလိုမျိုးဖြစ်သွားရတာလဲ။


ကျူးရှို့ရှန်းမှာ ရှော့ခ်ရပြီး ကြက်သေသေနေခဲ့သည်။ ရုတ်တရက်ပင် သူက တစ်ခါလေးပင် သူ့ကလေးနှစ်ယောက်ကို အမှန်တကယ်နားမလည်ခဲ့ကြောင်း သဘောပေါက်သွားခဲ့ရသည်။ သူတမင်တကာ လျစ်လျူရှုပြီးရှောင်ဖယ်နေခဲ့သူများက သူ့ကိုမလိုအပ်တော့ချိန်တွင် တုံ့ဆိုင်းနေခြင်းပင်မရှိဘဲ ထွက်ခွာသွားကြတော့သည်။


သူက စတင်ပြီး အောက်မေ့အမှတ်ရမိလာခဲ့သည်။ ချန်လန်သေသွားပြီးတဲ့နောက်ပိုင်းကစပြီး သူ ကလေးနှစ်ယောက်နဲ့အတူ အချိန်ကုန်ခဲ့ဖူးလား။ တစ်ရက်လေးတောင် အဖေတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့ဖူးလား။


ဟင့်အင်း...တစ်ခါလေးတောင်မရှိခဲ့ဘူး။


သူက လှေကားပေါ်သို့တက်သွားသော ကျူးရှင်းကိုကြည့်နေမိသည်။ သက်တော်စောင့်များဝင်မပါလျှင်ပင် သူကိုယ်တိုင် လိုက်သွားပြီး ကျူးရှင်းကိုပြန်ဆွဲချနိုင်မည်မဟုတ်ပေ။


မကြာခင် သူ့လက်ထောက်ထံမှ ဖုန်းတစ်ခုဝင်လာခဲ့သည်။ ကုမ္ပဏီ၏ လက်တွေ့ကျသော ပင်လယ်ရပ်ခြားကုန်သွယ်ရေးဖြန့်ကျက်မှုဈေးကွက်မှာ လူတစ်ယောက်ကြောင့် ထိန်းသိမ်းခံရပြီးပိတ်ဆို့ခံလိုက်ရသည်ဟု အသိပေးလာခဲ့သည်။


သတင်းအားကြားရသည့်အခါ ကျူးရှို့ရှန်းမှာ ရေခဲပြင်ပေါ်တွင် ကျွံကျသွားသလိုခံစားလိုက်ရသည်။


၎င်းက လူအိုကြီးထံမှ သတိပေးခြင်းနှင့် သူ့အတွက်အပြစ်ဒဏ်တစ်ခုမှန်း သူနားလည်လိုက်သည်။ ဆိုရသော် ၎င်းက အစသာရှိသေးလေ၏။


ကျူးရှင်းက သူမ၏အဝတ်အစားအိတ်နှင့်ဗီလာမှထွက်သွားသည်အထိ ကျူးရှို့ရှန်းက ခန်းမထဲတွင် မလှုပ်မယှက်ရပ်နေခဲ့သည်။ သူတို့ကြားတွင် နောက်ထပ် စကားတစ်လုံးလေးပင်မပြောဖြစ်ခဲ့ကြတော့ပေ။


သို့ရာတွင် လက်မလျှော့ချင်သေးသော ချင်မန်ဝမ်က သူမအနောက်သို့လိုက်သွားခဲ့သည်။


ကျူးရှင်းကသူမအားပြောလိုက်ပါ၏။ 


"အဒေါ်ချင် ဒီနှစ်တွေထဲမှာ ကျွန်မကိုဂရုစိုက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်မ အဒေါ့်ရဲ့ကြင်နာမှုတွေကိုလည်း အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ အဒေါ့်သားက ကောကိုလုပ်ခဲ့တာတွေအတွက်တော့ မမေ့ပါဘူး.."


အဆိုပါ အကွက်ရွှေ့မှုများနှင့်တွက်ချက်မှုတို့ကို မသိရသေးခင်အထိ သူမက ချင်မန်ဝမ်ထံမှ မိခင်မေတ္တာကို အမှန်တကယ်ခံစားခဲ့ရသည်။


ကျူးရှင်းကသူမကို အေးတိအေးစက်ဖြင့်မဆက်ဆံခဲ့ပေ။ အပြစ်ရှိစိတ် သို့မဟုတ် ဆုံးရှုံးသွားရသည့်အရာများအတွက် အမှန်တကယ် ဝမ်းနည်းမိ၍ဖြစ်နိုင်သည်။ ချင်မန်ဝမ်ကလည်း သူမကိုဆက်ပြီးမတားရဲတော့ပါချေ။


ဗီလာမှထွက်လာပြီးသည့်နောက် ဒရိုင်ဘာကမေးလာခဲ့သည်။


 "မမလေး ဘယ်ကိုမောင်းရမလဲ.."


ကျူးရှင်းက တခဏမျှတွေဝေနေပြီးမှပြောလိုက်သည်။


 "ကျောင်းကို.."


သူမက သူမအစ်ကို သူမလုံခြုံနေသည့်အကြောင်းသိအောင် စာပို့လိုက်ပြီးနောက် ကားအနောက်ခုံကိုမှီချလိုက်သည်။ ပြတင်းမှတဆင့် ညရှုခင်းမီးရောင်တို့ကြည့်နေရင်း အတွေးနက်နေခဲ့လေ၏။


___________


အိမ်ထဲမှ ရှေးဟောင်းစတိုင်အခန်းတစ်ခန်းထဲတွင် တံခါးဝ၌ပေါ်လာသူတစ်ယောက်ကို စက္ကန့်အနည်းငယ်ခန့် အံ့ဩတကြီးကြည့်နေပြီးနောက် ကျူးထုန်က ရှောက်မင်ပေါင်ပေါ်မှ အမြန်ခုန်ထလိုက်ကာ မေးလိုက်လေသည်။ 


"ဘယ်..ဘယ်လိုလုပ်ပြီးမင်းက ဒီနေရာကိုရောက်လာတာလဲ.."


ချန်ချန့်: "......"


သူရောက်လာသည့်အချိန်က မှားနေပုံရသည်။


ပြန်သွားလိုက်ရမလား။


သူတံခါးကိုပြန်ပိတ်လိုက်တော့မည့်အချိန် ကျူးထုန်က သူ့ထံသို့လျှောက်လာခဲ့ပြီးဖြစ်နေလေသည်။ 


"တစ်ခုခုဖြစ်လို့လား.."


နှောင့်ယှက်ခံလိုက်ရ၍ ရှက်နေရမည့်အစား ကျူးထုန်အသံက ထွက်ပြေးရန်အသည်းအသန်ကြိုးစားနေသလိုဖြစ်နေသည်။


သူ့ဝမ်းကွဲညီလေးက ဖိအားပေးခံနေရတာလား။


ချန်ချန့်ကဆိုဖာပေါ်မှလူငယ်လေးကို ဖျတ်ခနဲကြည့်လိုက်ပြီး သူတို့ကြားတွင်ဖြစ်နေသမျှကိုသဘောပေါက်သွားခဲ့သည်။ အာရုံလေးတစ်ချက်လွတ်သွားသည်နှင့် သယ်လာသောအသီးပန်းကန်ပြားလေးက သူ့လက်ထဲမှဆွဲလုခံလိုက်ရသည်။


ကျူးထုန်က အသီးပန်းကန်ပြားကိုယူပြီး အထဲဝင်သွားခဲ့သည်။ 


"ဝင်ခဲ့လေ.."


"ဆိုတော့ သခင်လေးချန်က သခင်လေးကျူးမျက်လုံးထဲမှာ အသီးပန်းကန်ပြားလောက်တောင် အရေးမပါဘူးထင်တယ်.."


စနောက်သလိုမှတ်ချက်က ချန်ချန့်အနောက်မှပေါ်လာခဲ့သည်။ ကျူးထုန်က ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ့ဝမ်းကွဲအစ်ကိုအနောက်မှလိုက်လာသော ပုဂ္ဂိုလ်ကိုတွေ့သွားလေသည်။


ကျန်းဝမ်က လှမ်းမေးလာ၏။ 


"သခင်လေးကျူး ကျွန်မရောဝင်လာလို့ရလား.."


ကျူးထုန်: "....."


သူနှင့်စေ့စပ်လုနီးပါးဖြစ်ခဲ့သောအမျိုးသမီးအနေဖြင့် ကျူးထုန်မှာ သူမနှင့်ပတ်သက်ပြီး နေရခက်သလို ခံစားနေရဆဲဖြစ်လေသည်။


သူက အတွေးနက်နေပုံရသောရှောက်မင်ကိုပြန်လှည့်ကြည့်မိသည်။ သို့သော်လည်း မရပ်ဘဲ ဆိုဖာထံကိုအရင်သွားလိုက်၏။


လူလေးယောက်က ထိုင်ခုံတွင် အသီးသီးနေရာယူလိုက်ကြသည်။


လေးထောင့်ပုံစံစားပွဲက ဘက်သုံးခုတွင် ထိုင်ခုံတစ်လုံးစီချထားလေသည်။ ကျန်းဝမ်က ချန်ချန့်တို့က မျက်နှာချင်းဆိုင်ထိုင်ကြပြီး ရှောက်မင်နှင့်ကျူးထုန်တို့က ဆိုဖာတွင်ဘေးချင်းကပ်ထိုင်ကြသည်။


နှစ်ယောက်သား ထပ်မိတော့မတတ်ကပ်နေကြပုံကိုကြည့်ရင်း ကျန်းဝမ်က မျက်ခုံးပင့်လေသည်။


 "ငါ့ကိုအရင်တစ်ခေါက်က ရေမွှေးနံ့မခံနိုင်ဘူးလို့ပြောခဲ့တဲ့ကောင်လေးကိုတောင် သတိရသွားပြီ.."


"......"


ကျူးထုန်: "ကျွန်တော်က အမျိုးသမီးရေမွှေးနံ့ကိုပဲမခံနိုင်တာဗျ.."


ပြောလိုက်ပြီးမှ နိုင်ငံခြားဖြစ်ရေမွှေးအနံ့ကို ရှောက်မင်ထံမှရနေသလိုပင်။


ရှောက်မင်က အခုလေးတင်သူ့အားဖက်လိုက်ချိန်၌ သူ မတော်တဆ အနံ့ရခဲ့သည်။


သူက ကြိုဆိုခြင်းမရှိသည်မှာသိသာနေလင့်ကစား ကျန်းဝမ်ကစိတ်ထဲမထားပေ။ နှစ်ယောက်ကို ရိုးရိုးတမ်းတမ်းသာကြည့်နေရင်း သူမမှာ ပိုပြီးစိတ်ဝင်စားလာမိသည်။


ချန်ချန့်ကလည်း သူတို့နှစ်ယောက်ကိုကြည့်နေခဲ့သည်။


သူအခုလေးတင်ဝင်လာချိန်တွင် သူ၏ဝမ်းကွဲညီလေးက လူငယ်လေး၏ပေါင်ပေါ်တွင် ထိုင်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ဝမ်းကွဲညီလေးက အပြန်အလှန်မေတ္တာထားနေပုံနှင့် မတူခဲ့ပေ။


သူ ကောက်ကာငင်ကာမေးလိုက်မိသည်။ 


"ရှောက်မင်ဆိုတာ မင်းလား.."


ရှောက်မင်ကလည်း အံ့ဩသွားခြင်းမရှိပေ။ ခေါင်းညိတ်ပြီးပြန်ဖြေလေသည်။ 


"ဟုတ်ပါတယ်.."


ကျူးထုန်က ယူလာသောအသီးပန်းကန်ပြားကို ချန်ချန့်အရှေ့တွင်ချပေးလိုက်သည်။ ခက်ရင်းကိုထုတ်ပြီး သူနှင့်အတူပါလာသော ဆားပျော်ရည်ဖြင့်သုတ်နေ၏။ သူ့အမေးကိုကြားသည့်အခါ ရှောက်မင်ကိုကြည့်ကာမိတ်ဆက်ပေးလိုက်သည်။


 "သူက ချန်ချန့်၊ မင်းသူ့ကိုနာမည်ပဲခေါ်လို့ရတယ်.."


ချန်ချန့်: "....."


ဒါ မလေးစားတာပဲမဟုတ်လား။


တကယ်တမ်း၌ ကျူးထုန်လည်း အာရုံထွေပြားနေခဲ့သည်။ အပြင်လူများကြောင့် သူနှင့်ချန်ချန့်၏ပတ်သတ်မှုကို ပတိအလင်းချမပြနိုင်ပေ။ သူက ထိုသူကို "သခင်လေးချန်" ဟုတပ်ခေါ်ခိုင်းလိုက်ခြင်း အတန်ငယ် သူစိမ်းဆန်နေနိုင်သည်။


ကျူးထုန်လည်း ရုတ်ချည်း အံ့ဩသွားမိသည်။ ဘာလို့ အရမ်းဝေးသွားသလိုခံစားနေရတာလဲ။


အပြစ်ရှိစိတ်ကိုအတန်ငယ်ခံစားလိုက်ရပြီး ကျူးထုန်ကရှောက်မင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူက ရုတ်တရက်ပြုံးလိုက်ပြီး ပြောလာသောစကားကိုသာကြားလိုက်ရ၏။


 "မခေါ်ရဲပါဘူးဗျာ၊ ကျွန်တော်က အနုပညာလောကရဲ့ အကြီးစားဘော့စ် သူဌေးချန်လိုလူကို ဘယ်လိုလုပ်တိုက်ရိုက်ကြီး နာမည်တပ်ခေါ်ရဲမှာလဲ.."


ကျူးထုန်: "......"


သူ့ရဲ့ ဝမ်းကွဲအစ်ကိုက နာမည်ကြီးတယ်ဆိုတာ သူမေ့သွားတာပဲ။


ချန်ချန့်ကလည်း အံ့ဩသွားပုံရသည်။


 "မင်းကငါ့ကိုသိတယ်ပေါ့.."


ရှောက်မင်: "အရင်တစ်ခါ ကျွန်တော်တို့မိသားစုရဲ့နို့လက်ဖက်ဆိုင်လေး မတော်တဆဖြစ်တော့ ကျွန်တော်တို့နာမည်ကိုကူရှင်းပေးခဲ့တာက သူဌေးချန်ရဲ့ကုမ္ပဏီက အနုပညာရှင်လေ၊ ကျွန်တော်က ကျေးဇူးတင်စကားပြောခွင့်ရဖို့ အမြဲမှတ်ထားခဲ့တာ.."


ကျူးထုန်: "......"


ရှောက်မင်က ဘယ်အချိန်ကတည်းက ဒါတွေကိုသိနေတာလဲ။


ကျွယ်ယွိနန်က သူ့ဝမ်းကွဲ၏ကုမ္ပဏီမှအနုပညာရှင်ဖြစ်ပြီး အင်တာနက်ပေါ်တွင်လည်း အလွယ်တကူရှာတွေ့နိုင်သည်။ ယခု သူ၏ဝမ်းကွဲအစ်ကိုက တံခါးပင်မခေါက်ဘဲ သူ့အားလာရှာခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ကြားရှိပတ်သတ်မှုကို ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ၎င်းအနောက်ကိုဆက်လိုက်ရုံဖြင့် သူ နို့လက်ဖက်ရည်ဆိုင်ကိုကူညီကာသက်သေပြပေးခဲ့သည့်ဆုံးဖြတ်ချက်ကို ရှောက်မင်လည်း ခန့်မှန်းနိုင်လိမ့်မည်။


ယခင်က သူ ရှောက်မင်ကိုမပြောပြခဲ့သည်မှာ ရှောက်မင်က သူ့ဘက်မှ အကွက်ရွှေ့နေသည်ဟုထင်သွားမည်ကို စိုးရိမ်ခဲ့သောကြောင့်ပင်ဖြစ်လေ၏။ သို့သော်လည်း ယခုတော့ ၎င်းကထပ်မလိုအပ်တော့ပေ။


ကျူးထုန်က သူ၏ အသီးစားခက်ရင်းကိုသုတ်နေဆဲ။


ချန်ချန့်ကသူ့အား အဓိပ္ပါယ်တစ်မျိုးရှိသောအကြည့်ဖြင့်ကြည့်လိုက်ပြီး ပြောလိုက်လေ၏။ 


"မင်းငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး၊ ငါက လူတစ်ယောက်အစားလုပ်ပေးလိုက်တာလေ.."


ရှောက်မင်ကပြုံးကာခေါင်းညိတ်ပြသည်။ ထို့နောက် ကျူးထုန်ကိုပါကြည့်လိုက်သည်။ 


ချန်ချန့်က ဆက်ပြောလိုက်သည်။ 


"မင်းကိုကူညီပေးဖို့ အကူအညီတောင်းခဲ့တဲ့သူကိုပြောရရင် ငါသူ့ကိုသိလာတာတော်တော်ကြာပြီ၊ သူ ဒီလိုမျိုး သူများကိုဂရုစိုက်ပေးတဲ့ပုံစံကို ငါတစ်ခါမှမမြင်ဖူးသေးဘူး၊ သူကမေ့လဲပြီးဆေးရုံရောက်သွားတာတောင် အိပ်မက်မက်တာက..."


"ရွှီး..."


ရုတ်တရက်လွင့်လာသော လေအေးက ချန်ချန့်စကားတို့ကိုဖြတ်တောက်လိုက်လေသည်။


ချန်ချန့်မှာ သူ့ပါးစပ်ကို စေ့စေ့ပိတ်ရန်ပင်အချိန်မရလိုက်ဘဲ သူ့လျှာက ငန်ကျိကျိအရသာကိုရလိုက်သည်။


သူက အရှေ့မှ စပရေးအငွေ့တို့ကို ခံစားချက်မဲ့စွာကြည့်လိုက်သည်။ 


"မင်းဒီလိုဟာတွေကို ကိုယ်နဲ့မကွာဆောင်ထားနေတာက ဘယ်တော့မှရပ်မှာလဲ.."


သူ့မျက်နှာပေါ်ကိုလာဖြန်းခံလိုက်ရသည့်အရာက ကျူးထုန်လက်ထဲမှ ဆားပျော်ရည်စပရေး။


ကျူးထုန်က စိတ်ကောက်နေသည့်ပုံစံဖြင့် လက်ကိုပြန်ရုတ်ပြီး သတိပေးလိုက်သည်။ 


"အဲဒါဆိုလည်း ပေါက်ပန်းလေးဆယ်တွေမပြောနဲ့လေ.."


ချန်ချန့်ကပြန်ပက်သည်။ 


"ငါဘယ်တုန်းက ပေါက်ပန်းလေးဆယ်တွေပြောလို့လဲ၊ မင်းကဘာလို့ဒီလောက်တောင်ရှက်နေ.."


ကျူးထုန်က စပရေးဘူးကိုထပ်မြှောက်လိုက်ပြန်သည်။


ချန်ချန့်: "......"


ဤအခိုက်အတန့်လေးတွင် စားပွဲ၏မျက်နှာချင်းဆိုင်မှ တခစ်ခစ်ကျိတ်ရယ်နေသည့်အသံထွက်လာလေသည်။ ကျန်းဝမ်က အဓိပ္ပါယ်နှစ်ခွဖြင့်မှတ်ချက်ပေးလိုက်၏။ 


"ရှင်တို့နှစ်ယောက်က တကယ်ဆက်ဆံရေးကောင်းကြတာပဲ.."


ချန်ချန့်: "......."


ကျူးထုန်: "....."


'မိန်းကလေးက တကယ်ပဲ စကားကိုရှင်းအောင်မပြောဘူးနော်'


သူ ရှောက်မင်ကို မသိစိတ်အရကြည့်လိုက်မိသည်။ ကျိန်းသေပေါက် သူ့မျက်နှာက မှောင်မိုက်နေခဲ့၏။


သူ ငါနဲ့ငါ့ဝမ်းကွဲအစ်ကိုကို အထင်လွဲသွားပြီလား။


"မင်း..."


"မင်းခန္ဓာကိုယ်ကဘယ်လိုနေသေးလဲ.."

 á€›á€žá€ąá€Źá€€á€şá€™á€„်က သူ့အားရုတ်တရက်မေးလာခဲ့သည်။


ကျူးထုန်က ချက်ချင်းပြန်ပြောလိုက်၏။ 

"အားလုံးအဆင်ပြေတယ်၊ ဘယ်နေရာမှ မသက်သာတာမရှိဘူး.."


ရှောက်မင်က ထပ်မေးလာပြန်သည်။

"တကယ်နော်.."


ကျူးထုန်ကလည်း အာမခံပေးလိုက်သည်။ "တကယ်.."


ထို့နောက် ရှောက်မင်က ခပ်ပေါ့ပေါ့လေးပင်ဖြေလာခဲ့သည်။ 

"အိုး..."


ကျူးထုန်: "....."


ခုနက ကျောက်စိုင်ဘေးမှာတုန်းကရခဲ့တဲ့ ဖိအားကပြန်ရောက်လာတာလား။


သို့သော်လည်း သူ့ခမျာ မည်သို့မေးရမှန်းမသိ၍ ခေါင်းစဥ်ပြောင်းပြီး အသီးစားခက်ရင်းကိုသာကမ်းပေးလိုက်သည်။ 


"အသီးစားပါလား.."


ရှောက်မင်က စကားတစ်လုံးမှမပြောဘဲ လှမ်းယူလိုက်သည်။ ထို့နောက် နဂါးမောက်သီးတစ်စိတ်ကို ခက်ရင်းဖြင့်ထ်ိုးပြီး သူ့ပါးစပ်ထဲသို့ထည့်ပေးလာလေသည်။


ကျူးထုန်: "....."


ဖိအားက တကယ်များနေတယ်။


သူ ချန်ချန့်ကိုချောင်းကြည့်လိုက်ပြန်သည်။ 


"ဒါနဲ့ ငါ့ကို ဘာပြောချင်လို့လဲ.."




🤒