Chapter 77
Viewers 21k

🫶Chapter 77




နျန်ယွီယီတွင် နားချိန်သိပ်မရှိ‌ချေ။ အက်ပ်ပဲလ်ကွန်ရက်မှ လဝက်လောက်ကြာအောင် ပြင်ဆင်ထားခဲ့သော ပွဲက နှစ်သစ်သို့ချဥ်းကပ်လာမည်ဖြစ်ပြီး အစမ်းလေ့ကျင့်မှုများမကြာခဏပြုလုပ်ရန်လိုအပ်လာသည်။ 


နျန်ယွီယီ၊ ရှဲ့ယီကျိုးနှင့် ရှန့်နျန်ကျီတို့တက်ရောက်ရန် ဖိတ်ခေါ်ချက်မှာ ဇာတ်ဝင်သီချင်းကို အတူတကွ‌ဖျော်ဖြေရန် “ကျန့်သောင်” ၏ ထုတ်လွှင့်မှုကြောင့်ဖြစ်သည်။ 


ပွဲကျင်းပရာနေရာက ချင်အန်းနှင့်သိပ်မဝေးချေ။ 


ဖန်ကျုံးချွမ်းက နျန်ယွီယီအား နေရာတွင်ချပေးခဲ့ပြီးနောက် အလုပ်ကိစ္စများအတွက် ကုမ္ပဏီသို့ သွားလိုက်သည်။ မပြန်ခင် နျန်ယွီယီအား လာကြိုရမည့်အချိန်ကိုမေးခဲ့၏။


ရှဲ့ယီကျိုးသည် အခြားအကြောင်းအရာများကြောင့် နောက်ကျနေခဲ့သည်။ ထိုအချိန်တွင် နျန်ယွီယီကတော့ လုပ်ထုံးလုပ်နည်းများကို သုံးကြိမ်တိုင်တိုင် အတိုချုပ်၍ရှင်းပြခဲ့ပြီးဖြစ်သည်။ 


နောက်ပိုင်းတွင် နျန်ယွီယီသည် ရှဲ့ယီကျိုးနှင့်ရှန့်နျန်ကျီတို့ကို အတိုချုပ်ရှင်းပြလိုက်သည်။ သုံးယောက်သား လုပ်ငန်းစဥ်များအတိုင်းလိုက်၍ သီချင်းဆိုကာ စင်ပေါ်မှထွက်ခွာလာခဲ့ကြသည်။ 


ဝန်ထမ်းတစ်ယောက်က နောက်ဆုံးညွှန်ကြားချက်များနှင့်အတူ ချဥ်းကပ်လာကာ ပြီးသွားသည်နှင့် ထွက်သွားနိုင်ပြီဖြစ်သည်။ 


ရှန့်နျန်ကျီတွင် အခြားကိစ္စများရှိသေးသောကြောင့် စောစောပြန်သွားကာ နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့အား မာဖလာများနှင့် အပေါ်ထပ်အင်္ကျီများကိုဝတ်ကာ လမ်းဘေးတွင် အအေးဒဏ်ကိုခံရင်းချန်ထားခဲ့လေသည်။ 


လေအေးများက နျန်ယွီယီကိုကြက်သီးထစေကာ နှာချေလာစေသည်။ အစမ်းလေ့ကျင့်ပွဲက အချိန်ဇယားထက် နှစ်နာရီကြို၍ လျင်မြန်စွာပြီးဆုံးသွားလိမ့်မည်ဟု သူထင်မထားခဲ့ချေ။ 


နျန်ယွီယီ၏နှာချေသံကိုကြားသောအခါ ရှဲ့ယီကျိုး ဖုန်းသုံးနေခြင်းကိုခဏရပ်လိုက်ပြီး နျန်ယွီယီအား အမိုးရှိသည့်နေရာသို့ ခေါ်သွားကာ ဒရိုင်ဘာကိုခေါ်လိုက်သည်။ 


“ချင်အန်းကိုပြန်သွားရမလား...ဒါမှမဟုတ် ဖန်ကုမ္ပဏီကိုသွားရမလား” ရှဲ့ယီကျိုး သူ့ကိုမေးလိုက်သည်။ 


တစ်ခဏလောက်စဥ်းစားပြီးနောက် နျန်ယွီယီ ပြန်ဖြေလိုက်၏။ “ဖန်ကုမ္ပဏီကိုသွားရအောင်”


ဒရိုင်ဘာက တစ်ဖက်သို့လျင်မြန်စွာရောက်လာသည်။ နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့ ကားထဲဝင်လိုက်ကာ ဖန်ကုမ္ပဏီသို့ တန်းသွားလိုက်သည်။ 


သူတို့ကားထဲမှထွက်လာသောအခါ ရှဲ့ယီကျိုးသည် နျန်ယွီယီအား မျက်နှာဖုံးတပ်ပေးလိုက်သည်။ 


နျန်ယွီယီကိုကောင်းကောင်းမှတ်မိနေသည့် ဧည့်ကြိုလေးက လျင်မြန်စွာ ချဥ်းကပ်လာကာ သူမ၏ခွင့်ပြုချက်ကတ်ကိုသုံး၍ စီအီးအိုအတွက်သာရည်ရွယ်ထားသည့် ဓာတ်လှေကားကို သူ့အတွက် ဖွင့်ပေးလိုက်သည်။ 


ထိပ်ဆုံးအထပ်သို့ ရောက်သောအခါ နျန်ယွီယီအတွင်းရေးမှူး၏အခန်းကို ဖြတ်လျှောက်လာပြီး ဖန်ကျုံးချွမ်း၏ရုံးခန်းသို့ ချဥ်းကပ်လာချိန်တွင် အထဲမှ အသံများကို ကြားလိုက်သည်။ 


ထိုအချိန်တွင် အတွင်းရေးမှူးက ကော်ဖီနှင့်စာရွက်စာတမ်းများကိုကိုင်၍ ဖြတ်လျှောက်လာသည်။ နျန်ယွီယီကို တွေ့သောအခါ သူလေးစားသမှုဖြင့် ဦးညွှတ်လိုက်သည်။ 


“မင်္ဂလာပါ...မဒမ်စီအီးအို”


? ? !


‘မဒမ်စီအီးအို?’ ဘယ်လိုတောင် ထူးဆန်းနဲ့နာမည်ကြီးလဲ...။ 


နျန်ယွီယီ ရှက်ရွံ့လာခဲ့သည်။ သူမမေးခင် အတိုချုပ်နှုတ်ဆက်လိုက်၏။ “ရုံးခန်းထဲမှာ ဧည့်သည်ရှိနေတာလား”


“ဟုတ်တယ်…ရှဲ့ကုမ္ပဏီရဲ့ စီအီးအိုက ကျွန်တော်တို့ရဲ့စီအီးအိုနဲ့တွေ့နေတာပါ”


အဲ့ဒါ ငါ့အဖေမဟုတ်ဘူးလား…။


နျန်ယွီယီသည် အတွင်းရေးမှူးအား နားလည်သည့်ပုံစံပြလိုက်သည်။ တံခါးဖွင့်တော့မည့်အချိန်တွင် အထဲဘက်မှ ဖွင့်လာခဲ့သည်။ 


ဖန်ကျုံးချွမ်းသည် သူ့ပခုံးသို့ဖက်ကာ အထဲသို့ ခေါ်သွင်းလိုက်သည်။ 


ရှဲ့လို့က ဧည့်သည်ထိုင်သည့်ဆိုဖာပေါ်တွင်ထိုင်နေကာ သူ့ကိုအပြုံးဖျော့ဖျော့လေးဖြင့် ဆီးကြိုနေသည်။ 


“နျန်နျန်…ရောက်လာပြီလား” ရှဲ့လို့သူ့ကိုမေးလိုက်၏။ 


“မင်းရဲ့ဒုတိယအစ်ကိုဘယ်မှာလဲ”


“ဒုတိယအစ်ကိုက သည်နေ့လည် မြို့ပြင်အတွက်အချိန်စာရင်းရှိတယ်…အစမ်းလေ့ကျင့်ပွဲပြီးတော့ ကျွန်တော့်ကို လိုက်ပို့ပေးပြီး ထွက်သွားတာပဲ”


သူ့အဖေအရှေ့တွင် နျန်ယွီယီသည် ဖန်ကျုံးချွမ်းနှင့် သဲသဲကဲကဲမနေရဲဘဲ ရှဲ့လို့ဘေးတွင် နာနာခံခံလေးနှင့် ထိုင်လိုက်သည်။ 


ရှဲ့လို့သည် အကြောင်းအရာအမျိုးမျိုးအကြောင်း ပြောနေကာ နျန်ယွီယီပိုက်ဆံလိုနေသေးလားပင် မေးလိုက်သေးသည်။ 


နျန်ယွီယီခေါင်းခါပြ၍ တုံ့ပြန်လိုက်သည်။ 


သူတို့နောက်ဆုံးတွေ့ခဲ့စဥ်က ရှဲ့လို့သည် သူ့ထံ ရှဲ့ကုမ္ပဏီ၏ရှယ်ယာဆယ်ရာခိုင်နှုန်းကို လွှဲပြောင်းပေးခဲ့သည်။ ယခုတွင် သူအနုပညာအသိုင်းအဝိုင်းမှထွက်သွားလျှင်တောင် နှစ်စဥ်ဝင်ငွေနှင့် ပျော်ပျော်မွေ့မွေ့နေနိုင်သေးသည်။ 


ရှယ်ယာများနှင့်အတူ ကျွန်းတစ်ကျွန်းနှင့် ရင်းနှီးမြှုပ်နှံထားသည့် နေရာလေးငါးခုလည်း အမွေဆက်ခံထားသေးသည်။ 


အချိန်အချို့ကုန်လိုက်ပြီးနောက် ရှဲ့လို့က နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းတို့ကို နေ့လည်စာစားရန် ခေါ်သွားပေးသည်။ 


နေ့လည်စာစားပြီးနောက် ရှဲ့လို့ ရှဲ့မိသားစုသို့ပြန်သွားချိန်တွင် နျန်ယွီယီက ဖန်ကျုံးချွမ်းအား သူ၏ကုမ္ပဏီ ကိစ္စများကို တက်ရောက်ရန် အဖော်ပြုပေးဖို့ဆုံးဖြတ်လိုက်သည်။


သူ၏ကျယ်ပြန့်ပြီး ဇိမ်ခံစားပွဲအနောက်တွင် ထိုင်လိုက်ရင်း ဖန်ကျုံးချွမ်းက စုစည်းထားသည့် စာရွက်စာတမ်းများကို ပြန်သုံးသပ်ရန် ငုံ့ကြည့်လိုက်သည်။ 


ခေါင်းငုံ့ထားသောကြောင့် မေးမှလည်ပင်းအထိ အရိပ်တစ်ခုကျရောက်နေသည်။


ပျင်းရိလာသောကြောင့် နျန်ယွီယီ ကြည့်စရာ သတင်းကြီးကြီးများရှိသလားသိချင်လာရာ အွန်လိုင်းဖိုရမ်ကိုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ 


သို့သော် သူဖွင့်လိုက်ချိန်တွင် သူ့ကိုယ်သူအတင်းအဖျင်း၏ အလယ်တွင် ရှိနေကြောင်း တွေ့လိုက်ရသည်။။ 


ခေါင်းစဥ် : အံ့ဩစရာပဲ…ရှဲ့ကုမ္ပဏီမှာ ရှယ်ယာကိုင်ဆောင်သူ အပြောင်းအလဲတွေဖြစ်နေတာလား


မူရင်းပို့စ်: ရှဲ့လို့က နျန်ယွီယီဆီ ရှယ်ယာဆယ်ရာခိုင်နှုန်း လွှဲပေးလိုက်တာလား…အောက်က ပုံကိုကြည့်ကြည့်


မှတ်ချက် ၁: တင်ထားသည့်ပုံ [စခရင်ကိုမှတ်တမ်းတင်ထားခြင်း]


[မှတ်ချက် ၂: အားကျလို့ကျတဲ့မျက်ရည်တွေ မျက်နှာပေါ်ကျနေပြီ…အဲ့ဒါပိုက်ဆံအများကြီးပဲ…]


[မှတ်ချက် ၃: ဘာလို့အံ့ဩနေတာလဲ…ရှဲ့ယီနန်နဲ့ရှဲ့ယီကျိုးတို့လည်း ရှယ်ယာဆယ်ရာခိုင်နှုန်းပိုင်တာပဲ…သည်တော့ သူတို့ရဲ့ အငယ်ဆုံးညီလေးကို ဆယ်ရာခိုင်နှုန်းပေးတာ ဘာဖြစ်နေလို့လဲ…။]


[မှတ်ချက် ၄: ဘာမှမဖြစ်ပါဘူး…ကာယကံရှင်ကိုအားကျရုံပဲ…ဟင်း...]


[မှတ်ချက် ၅: ရှဲ့ကုမ္ပဏီရဲ့ နှစ်စဥ်ဝင်ငွေနဲ့ဆို နျန်ယွီယီက ဘီလီယံနာဖြစ်လာတော့မှာလား…]


[မှတ်ချက် ၆: ရှယ်ယာဆယ်ရာခိုင်နှုန်းက တစ်နှစ်ကို ဘယ်လောက်ရတယ်ဆိုတာ မြန်မြန်လေးတွက်ကြည့်ခဲ့တယ်…ဂဏာန်းအရေအတွက်က ငါ့ကိုလန့်သွားစေခဲ့တယ်…အခုမှ နျန်ယွီယီကို ကပ်ဖို့ နောက်ကျသွားပြီလား…]


……


[မှတ်ချက် ၄၆: နျန်ယွီယီရဲ့ ပရိသတ်တွေက တော်တော်ကံကောင်းနေတာ သတိထားမိတယ်…သူ့သရုပ်မှန်မပေါ်လာခင်တုန်းက ရှဲ့ယီကျိုးရဲ့ ပရိသတ်တွေက လှောင်ပြောင်ခံခဲ့ရတယ်…ဒါပေမယ့် နျန်ယွီယီကတော့ ပွဲဦးထွက်လာကတည်းက အသိုင်းအဝိုင်းထဲက အကြီးအကဲတွေရဲ့ ကာကွယ်ပေးတာခံရတယ်…တကယ်ကို သက်တောင့်သက်သာရှိတဲ့ ပရိသတ်ခရီးလမ်းပဲ…]


[မှတ်ချက် ၄၇: နျန်ယွီယီပတ်ဝန်းကျင်မှာရှိခဲ့တဲ့ အစောပိုင်းက အငြင်းပွားမှုတွေကို ပြောနေတာလား...]


[မှတ်ချက် ၄၈: အစကတော့ သည်အတိုင်းထားလိုက်တော့မလိုပါပဲ…ဒါပေမယ့် မှတ်ချက် ၄၆ကိုမြင်လိုက်တော့… အရင်က ငါတို့ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတယ်လေ…ရှဲ့ယီကျိုးရဲ့ပရိသတ်တွေတောင် ပါလိုက်သေးတယ်…လက်တုံ့တောင်မပြန်နိုင်ခဲ့ဘူး…အဲ့ဒါက ဘယ်လောက်တောင် ‘သက်တောင့်သက်သာ’ ရှိနိုင်မှာလဲ…]


[မှတ်ချက် ၄၉: အခုတော့ လူတွေအားလုံးက အနုပညာအသိုင်းအဝိုင်းမှာ နျန်ယွီယီရဲ့ ချောမွေ့တဲ့ ခရီးလမ်းကို ပြန်သတိရနေကြတာ…ဒါပေမယ့် ငါတို့၊ အစောပိုင်းပရိသတ်တွေက သူ့ကိုမှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ နာမည်ကြီးခဲ့တဲ့အချိန်တွေကို ကြံ့ကြံ့ခိုင်သည်းခံခဲ့ရတာပဲ…]


……


[မှတ်ချက် ၈၅: သည်ပို့စ်က အကြောင်းအရာလွဲနေပြီ…ငါကသည်မှာ အားကျတာကို ဖော်ပြရုံပဲ…ငါအရမ်း မနာလိုတယ်…]


[မှတ်ချက် ၈၆: အရမ်းမနာလိုဖြစ်တယ်…ချဥ်တူးနေတဲ့သံပရာသီးအဖြစ် ပြန်လည်မွေးဖွားလာသလိုပဲ...]


[မှတ်ချက် ၈၇: အားကျတာသဘာဝပါပဲ…ဒါနဲ့ စကားစပ်…ငါ တကယ်လို့ ‘ဒယ်ဒီရှဲ့လို့’ ကို ခေါ်လိုက်ရင် ငါ့ကိုလည်း ရှယ်ယာတချို့ပေးလိမ့်မလား…(စိတ်ရင်းမှန်နေသည့်မျက်လုံးများ အီမိုဂျီ)]


[မှတ်ချက် ၈၈: မဖြစ်နိုင်တာတွေကို အိပ်မက်မက်နေတုန်းလား…ဒါပေမယ့် နျန်ယွီယီက လိမ္မာတဲ့ကလေးတစ်ယောက် ပုံပေါ်ပါတယ်…ရှဲ့ယီကျိုးတုန်းက ရှဲ့ကုမ္ပဏီနဲ့ဖုန့်ဟွာတို့၏ နောက်ခံနဲ့ အနုပညာအသိုင်းအဝိုင်းထဲမှာ ထောင်ထောင်လွှားလွှားနေခဲ့တာပဲ…ဒါပေမယ့် နျန်ယွီယီကတော့ ငါ့အတွေ့အကြုံအရဆို တကယ်ကို အကျင့်စာရိတ္တကောင်းမွန်တယ်…]


[မှတ်ချက် ၈၉: ငါသတိထားမိတယ်…ငါအဲ့သည်မိဘမဲ့ဂေဟာမှာ စေတနာ့ဝန်ထမ်းလုပ်ပေးတယ်…နျန်ယွီယီက မကျော်ကြားခင်ကရော၊ ကျော်ကြားသွားတော့ရော အမြဲလာလည်ခဲ့တာ…အဲ့က ကလေးတွေက ဝန်ထမ်းတွေရဲ့ သေချာသင်ကြားပေးတာခံရတယ်…]


……


[မှတ်ချက် ၁၉၈: အဲ့သည်မိဘမဲ့ဂေဟာမှာ သဘောကောင်းတဲ့ကျောင်းအုပ်ဆရာမကြီးတစ်ယောက် ရှိခဲ့တယ်…သူမကို ပထမနှစ်မှာတွေ့ခဲ့ပေမယ့် ဒုတိယနှစ်မှာ အဖျားရောဂါကြောင့် သူမဆုံးသွားခဲ့တယ်…သနားဖို့ကောင်းလိုက်တာ…]


[မှတ်ချက် ၁၉၉: အာ…လူကောင်းတွေက စောစောစီးစီးသေကြရတယ်..ဝမ်းနည်းစရာပဲ..]


……


သည်အထိဖတ်ပြီးနောက် နျန်ယွီယီသည် ဖိုရမ်မှထွက်ကာ ဆိုဖာပေါ်တွင် လှဲလိုက်သည်။ 


နေ့ရက်များကိုရေတွက်ရင်း မိဘမဲ့ဂေဟာဒါရိုက်တာ၏ နှစ်ပတ်လည်နေ့က ရက်အနည်းငယ်သာ လိုတော့ကြောင်း သူသတိရသွားသည်။ သူက ကြမ်းပြင်မှမျက်နှာကျက်အထိ ပြတင်းပေါက်ကိုကြည့်လိုက်ကာ အသံမထွက်ဘဲ သက်ပြင်းချလိုက်၏။


ထို့နောက် ပန်းပညာရှင်တစ်ယောက်ကိုရှာကာ ဒါရိုက်တာ၏အကြိုက်အတိုင်း ပန်းစည်းကိုမှာယူရန် စိတ်ထဲတွင်မှတ်ထားလိုက်ကာ ဆိုင်တွင် လာယူမည့်အချိန်ကိုပါ သတ်မှတ်လိုက်သည်။ 


……


ဖိုရမ်မှ ပို့စ်အား အွန်လိုင်းဆယ်လီတစ်ယောက်ကယူကာ ဝေ့ပေါ်တွင်ပြန်တင်ခဲ့ပြီး နျန်ယွီယီအား ရေပန်းစားသည့် စာရင်းထဲသို့ နောက်တစ်ကြိမ်ပြန်ရောက်စေသည်။ 


ရေပန်းစားသည့် အကြောင်းအရာမှာ ရိုးရှင်းသည်။ 


ညတွင်းချင်း ဘီလီယံနာဖြစ်လာခြင်း: နျန်ယွီယီ လူကုံထံအသိုင်းအဝိုင်းထဲ ဝင်ရောက်လာခြင်း…


ညတွင်းချင်းအောင်မြင်မှုက ဘယ်လိုခံစားရလဲ…။


ငါတို့က ရှောက်ပင်အောက်က ရှောက်သီးတွေသာသာပါပဲ...။




🫶