Chapter 50
Viewers 7k

🎶 Chapter 50



ယဲ့ဇယ်ရှစ်၏ နောက်ဆုံး Weiboပို့စ်ကို ဖန်များ မြင်သောအခါ တစ်ချိန်တည်းမှာပင် သူတို့ စိတ်ဆိုးခြင်းနှင့် ရွှင်မြူးခြင်းကို ခံစားလိုက်ကြရသည်။ 


ယခင်က အတွေ့အကြုံများကြောင့်ထင်သည် ယခုအကြိမ်တွင် ဖန်များက ဒေါသထွက်ရန် အလျင်မလိုကြပေ။ ထို့အပြင် ယဲ့ဇယ်ရှစ်၏စကားကို သူတို့ အတည်မမှတ်ယူကြပေ။ ထိုအစား ယဲ့ဇယ်ရှစ်ကိုသာ မှတ်ချက်ဧရိယာတွင် သတိပေးကြသည်။ 


[အဲ့ဒီစာကို အခုချက်ချင်း ပြန်ရုတ်သိမ်းလိုက်ဖို့ အကြံပေးချင်တယ်...]


[ရိုက်ကူးရေး နောက်ဆုံးရက်အတွက် ဝမ်းသာပါတယ်... ဒါပေမဲ့ ထွက်သွားမယ် ဟုတ်လား... မဖြစ်နိုင်တာ...]


[ယဲ့ဇယ်ရှစ်ကတော့ စိတ်ကူးနဲ့ ရူးနေပြန်ပါပြီ...]


[စတူဒီယိုက ဘယ်ရောက်နေတာလဲ... ယဲ့ဇယ်ရှစ်က ရိုက်ကူးရေးပြီးသွားပြီဆိုတော့ နောက်ထပ်အလုပ်နည်းနည်းလောက် လက်မှတ်ထိုးဖို့ ရှာပေးသင့်တယ် မဟုတ်ဘူးလား...]


[စဉ်းစားကြည့်လိုက်ရအောင်... ယဲ့ဇယ်ရှစ်ကို အငြိမ်းစားစာချုပ် ချုပ်ဖို့ အကြံပေးချင်တယ်... အသက်၅၀မှာ အငြိမ်းစားယူဖို့က နည်းနည်းစောသေးတယ်ဆိုတော့ ၆၀ လောက်ထားလိုက်ရအောင်... အဲ့ဒီလိုဆိုရင် ပင်စင်‌လခလည်း ယူလို့ရပြီလေ...]


[ ဟားဟားဟားဟား... အဲ့ဒီအကြံက ဘယ်ကထွက်လာတာတုန်း အပေါ်ထပ်ရေ... တရားဝင် အငြိမ်းစားယူရမယ့် အသက်ကတော့ မဆိုးဘူး...]


[ပြောချင်တဲ့ ဆိုလိုရင်းပဲ...]


[ဟားဟားဟား... တကယ်ကို ပြောချင်တဲ့အတိုင်းပဲ...]


[ယဲ့ဇယ်ရှစ်က အခုမှ ရိုက်ကူးရေးပြီးတာ မဟုတ်ဘူးလား... ရုပ်ရှင်ရိုက်ကူးရေးပြီးတာ ညီမျှခြင်း အနုပညာလောကကထွက်တာ ဟုတ်လား... ဒီWeiboကို ဖျက်လိုက်ဖို့ အကြံပေးချင်တယ်... ငါတို့ ဒါကို မမြင်ချင်ယောင်ဆောင်ပြီး ပြန်ပြင်ဖို့ အခွင့်အရေးပေးလိုက်မယ်...]


[ရုပ်ရှင်တောင် ရိုက်ပြီးပြီကို ထွက်ချင်နေသေးတုန်းလား... အိပ်မက်မက်နေလိုက်... အိုကေ...]


[တောင်းပန်ပါတယ်... ငါတို့ ကလေးဆိုးလေးက ဖန်တွေကို ပြဿနာရှာမိပြန်ပြီ... အခုပဲ အပြုအမူတွေ ပြန်သင်ပေးဖို့ ခေါ်သွားလိုက်ပါ့မယ်...]


[ဒီတစ်ခေါက်ကရော အကြောင်းအရင်းက ဘာလဲ... အိမ်ပြန်ပြီး သူဌေးသားလုပ်မလို့ ဆိုတာတော့ လာမပြောနဲ့နော်...]


[မင်းက အနားမယူဘဲနဲ့ သူဌေးသားလေးပြန်လုပ်လို့ မရတာမှ မဟုတ်တာ... အနားမယူလဲ ဒုတိယမျိုးဆက် သူဌေးသားပဲ မဟုတ်ဘူးလားလို့... အဲ့ဒီနှစ်ခုကြားကို ရမယ်ရှာဖို့က လိုရောလိုရဲ့လား...]


[အပေါ်ထပ်က ညီအစ်မ မှန်တယ်... ယဲ့ဇယ်ရှစ်... ဒီကလေးက ဘာဖြစ်လို့ အရမ်းခေါင်းမာရတာလဲ... မင်းက ဒုတိယမျိုးဆက် သူဌေးသား ဖြစ်နေတုန်းပဲလေ... ထွက်သွားဖို့ မလိုပါဘူး...]


[အပေါ်ထပ်ကလို +10086...]


..................


ယဲ့ဇယ်ရှစ်၏ ဖန်များက လုံးဝအလျင်မလိုပေ။ ထိုအစား မှတ်ချက်ဧရိယာတွင် ဟာသလုပ်နိုင်သည့် စိတ်အခြေအနေပင် ရှိနေကြသေးသည်။ 


နှိုင်းယှဉ်ကြည့်ပါလျှင် ဈေးကွက်ဖြန့်ချီရေး အကောင့်များကပင် ရှေ့တန်းမှ နေ၍ ပိုပြီး စိုးရိမ်ပူပန်နေကြသေးသည်။


ယဲ့ဇယ်ရှစ် Weiboတင်ပြီး မိနစ်အနည်းငယ်အတွင်းတွင် ထိုပို့စ်ကို ဈေးကွက်ဖြန့်ချီရေး အကောင့်များက ပြန်တင်လိုက်ကြသည်။ ထိုအကောင့်များက ထိုWeiboပို့စ်၏ screenshot များကို ဖိုရမ်များပေါ်တွင် တင်လိုက်ကြသည်။ မည်သည့်ဖိုရမ်ကိုမဆို ဝင်ကြည့်လိုက်ပါလျှင် အားလုံးက ထိုအကြောင်းအား ဆွေးနွေးနေကြသည်ကို မြင်နိုင်ပေသည်။


ညနေခင်းတွင် #ယဲ့ဇယ်ရှစ် နှုတ်ထွက်ခြင်း# မှာ hot search ပေါ်သို့ပင် ဝင်ရောက်လာသည်။


များစွာသော ဖြတ်လျှောက်ဖန်များမှာ သူတို့၏ ဝမ်းနည်းမှုကို ပြောလာကြသည်။


[မဖြစ်ဘူး... ငါ ယဲ့ဇယ်ရှစ်အပေါ်ကို အမြင်ကောင်းရှိနေတုန်းပဲ... သူကဘာဖြစ်လို့ အနုပညာလောကကနေ ထွက်သွားချင်ပြန်ရတာလဲ...]


[ယဲ့ဇယ်ရှစ်က ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့ ရုပ်ရှင်အတူတူရိုက်နေတာ မဟုတ်ဘူးလား... ဒါမှမဟုတ် ကောလာဟလ သက်သက်ပဲလား...]


[ဒီနေ့က ရိုက်ကူးရေးပြီးတဲ့နေ့လို့တော့ကြားတာပဲ... အဲ့ဒါကြောင့်မို့လို့ ယဲ့ဇယ်ရှစ်က အနားယူဖို့ ဆုံးဖြတ်လိုက်တာနေမှာ...]


[အိုက်ယား... ဘယ်လိုပဲဖြစ်ဖြစ်ပါ... ယဲ့ဇယ်ရှစ် အမြဲတမ်းပျော်ရွှင်နေပါစေလို့ပဲ ဆုတောင်းပေးပါတယ်...ငါကတော့ သူ့ရဲ့ ရွေးချယ်မှုကို လေးစားပါတယ်...]


ထိုကိစ္စနှင့် ပတ်သက်၍ ယဲ့ဇယ်ရှစ်ဖန်များက လုံးဝကို ပြောစရာစကားမဲ့နေကြသည်။


ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ရှင်းပြချက်ပေးရန် ထွက်လာကြသည်။


[အဲ့ဒါက သတင်းအမှားကြီးပါ... ယဲ့ဇယ်ရှစ်ရဲ့ Weiboပို့စ်က ထစ်ခနဲရှိ ထွက်လာတတ်တာကို အခုထိ ယုံနေကြသေးတုန်းလား...]


[ယဲ့ဇယ်ရှစ်က သူ့ fan တွေကို စနေတာပါ... အဲ့ဒါကြောင့်မလို့ အားလုံးစိတ်ပူဖို့ မလိုပါဘူး...]


[သတင်းအမှားကြီးပါ၊ အမှားပါလို့... မယုံကြပါနဲ့...]


တစ်ညတာ ပြဿနာတက်ပြီးနောက် ထိုအဖြစ်အပျက်မှာ ခေါင်းစဉ်ကြီးဖြစ်လာတော့သည်။


ကောင်းရှူက ထိုသတင်းကို ယဲ့ဇယ်ရှစ် ပို့စ်တင်ပြီး ဆယ်မိနစ်အကြာမှ သိရလေသည်။ သို့သော် သူ ယဲ့ဇယ်ရှစ်ကို စကားသွားမပြောနိုင်သေးမီ ယဲ့ဇယ်ရှစ်က ကောင်းရှူကို အရင်လာပြောခဲ့သည်။


ယဲ့ဇယ်ရှစ် လက်ထဲရှိပန်းကို ဘေးသို့ချရင်း RVအတွင်းထဲမှ ဗီရိုကိုဖွင့်ကာ ပန်းအိုးတစ်အိုးကို ထုတ်လိုက်သည်။ ထို့နောက် ပန်းကို အိုးထဲထည့်ရင်း ပြောလာသည်။

"အတွင်းရေးမှူးကောင်း... ကျွန်တော် ရိုက်ကူးရေးလုပ်လာတာ သုံးလတောင်ရှိပြီ... ခင်ဗျားလည်း ရိုက်ကူးရေးအဖွဲ့ထဲမှာပဲ နေ့တိုင်းရှိနေရတော့ ‌ပင်ပန်းလောက်ရောပေါ့..."


ယဲ့ဇယ်ရှစ် ရုတ်တရက် ထိုခေါင်းစဉ်သို့ ဆွဲခေါ်လာသည်။ ကောင်းရှူ၏ အလိုလိုသိစိတ်က တစ်ခုခုမှားနေပြီဖြစ်‌ကြောင်း ပြောနေလေသည်။ သို့သော် သူပင်ပန်းနေ‌သည်ဟု ပြောရန်ကမူ၊ ကောင်းရှူ ထိုသို့ မထင်ချေ။


ရုံးခန်းထဲတွင် တစ်နေကုန်တစ်နေခမ်းထိုင်ကာ ကုမ္ပဏီကိစ္စများကို စိတ်ပူနေရသည်နှင့်ယှဉ်လျှင် ယခုမှာ ရိုက်ကူး‌ရေးအဖွဲ့ထဲတွင် ထိုင်ကာ ယဲ့ဇယ်ရှစ် ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကူးပြီးသည်ကို စောင့်ရရုံသာဖြစ်သည်။ အချိန်တိုင်းမှာ ယဲ့ဇယ်ရှစ်ကို တစ်ခုခုစီစဉ်ပေးရသည်နှင့် အင်တာနက်အသုံးပြုသူတို့၏ အမြင်ကို အကောင်းဖက်မှ ဖြစ်‌စေရန် စစ်ဆေးခြင်းနှင့် ထိန်းညှိပေးခြင်းတို့ကိုသာ သူလုပ်ရလေသည်။ 


အလုပ်မှာ မခက်ခဲသော်လည်း အကျိုးအမြတ်ကမူ အလွန်အထင်ကြီးစရာကောင်းလှသည်။


ကောင်းရှူ ခေါင်းရမ်းလိုက်ပြီး အလေးအနက်ပြောလာသည်။

"သခင်လေး...ကျွန်တော် ပင်ပန်းတယ်လို့ မခံစားရပါဘူး... ဒါတွေက ကျွန်တော်လုပ်သင့်တာတွေပဲလေ..."


ယဲ့ဇယ်ရှစ် အနည်းငယ် မျက်ခုံးပင့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"အဲ့ဒါက အရေးမကြီးပါဘူး... အရေးကြီးတာက... အတွင်းရေးမှူးကောင်းရေ... ကျွန်တော် ပင်ပန်းနေပြီ..."


ထိုသည်ကို ကောင်းရှူကြားသောအခါ ယဲ့ဇယ်ရှစ် ဆိုလိုချင်သည်ကို သူ ချက်ချင်းနားလည်လိုက်သည်။ 

"ကျွန်တော်သိပြီ... သခင်လေးက ခဏလောက် အနားယူချင်နေတာ မဟုတ်လား..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။


အတိအကျပြောရရင် ခဏလေးနားချင်တာ မဟုတ်ဘူး... အငြိမ်းစား မယူခင်အထိ အနားယူချင်တာလို့...


ပင်စင်လစာ ရရန်အတွက် အငြိမ်းစား စာချုပ်ကို လက်မှတ်ထိုးထားရန် ဖန်များက သူ့ကိုပြောကြသည်။ သို့သော် သူပင်စင်လစာ မရမီအထိ ဆက်လက်ရှင်သန်နေနိုင်လိမ့်မည်မဟုတ်ဟု ယဲ့ဇယ်ရှစ် ခံစားနေရသည်။


သို့သော် ထိုသည်ကို ကောင်းရှူနှင့် အသေးစိတ်ဆွေးနွေးနေရန် မလိုပေ။ အချိန်တန်လျှင် ကောင်းရှူ သူကိုယ်တိုင် နားလည်သွားလိမ့်မည် ဖြစ်သည်။


ကောင်းရှူ ထပ်မေးလာသည်။ 

"သခင်လေးက ဘယ်လောက်ကြာအောင် နားချင်တာလဲ... အခုတောင် အောက်တိုဘာရောက်နေပြီဆိုတော့ နှစ်သစ်ကူးမရောက်ခင် သုံးလလောက်ဘဲ လိုတော့တာလေ..."


"တစ်နှစ်..."

ယဲ့ဇယ်ရှစ် ပြောလိုက်သည်။


"ဟမ်..."

ကောင်းရှူခမျာ သူနားကြားမှားလိုက်သည်ဟု ထင်လိုက်သောကြောင့် ထပ်မေးလိုက်ပြန်သည်။

"သခင်လေး... ပြောချင်တာက..."


ယဲ့ဇယ်ရှစ် ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော် ပြောချင်တာက ခဏတဖြုတ်နားတာကို တစ်နှစ်လောက် ယူလိုက်ရအောင်လို့..."


ကောင်းရှူ: "..."


ထိုအခါမှသာ ကောင်းရှူ သူနားကြားမှားသည် မဟုတ်မှန်း သေချာသွားသည်။ ရုတ်တရက် သူ့ မျက်ဆံများပင် ကျယ်လာသည်။

"သခင်လေး... ဆိုလိုတာက..."


ယဲ့ဇယ်ရှစ် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"အဲ့ဒါက ကျွန်တော် ဆိုလိုချင်တာပဲ..."


စကားပြောပြီးသောအခါ ယဲ့ဇယ်ရှစ်က RVထဲမှ အရင်လှည့်ထွက်သွားကာ အတွေးများနှင့် ကောင်းရှူကို တစ်ယောက်တည်း ချန်ထားခဲ့လိုက်သည်။


တစ်နှစ် ဟုတ်လား... သခင်လေးက တစ်နှစ် အနားယူမယ်လို့ ပြောလိုက်တာလား...


ယခုအချိန်က သခင်လေး၏ အလုပ်အကိုင် တိုးတက်အောင်မြင်စအချိန်ဖြစ်သည်။ ယခုအချိန်တွင်သာ တစ်နှစ်မျှ အနားယူလိုက်ပါလျှင် ထိုသည်က နောက်ထပ်နှစ်နှစ်ခန့် ယဲ့ဇယ်ရှစ်တွင် ပရိသတ်များကို ချပြရန် အလုပ်မရှိဟု ဆိုလိုခြင်းဖြစ်သည်။


ထိုသည်မှာ အနုပညာရှင် တစ်ယောက်အဖို့ သေစေနိုင်လောက်သည့် ထိုးနှက်ချက် တစ်ခုပင်။


ကောင်းရှူ မတွေးဘဲ မနေနိုင်တော့ပေ။

သခင်လေးရဲ့ နှုတ်ထွက်မယ်ဆိုတဲ့ Weiboက သူ အတည်ကြီး ပြောခဲ့တာလား..."


ကောင်းရှူ မသိခဲ့သည်မှာ ယဲ့ဇယ်ရှစ်က အမြဲတမ်း အတည်အတံ့လုပ်ခဲ့သည်ကိုပင်။


လအတန်ကြာ အလုပ်လုပ်ပြီးနောက် ယခုအချိန်မှသာ စားသောက်ပွဲလေး ရှိလာသည့်အတွက် လူတိုင်းပျော်ရွှင်နေကြကာ စားသောက်ပွဲတွင် ကိုယ့်ကိုယ်ကို အလိုလိုက်ကြလိုက်သည်။ အဓိကသရုပ်ဆောင်မှသည် ဝန်ထမ်းများအထိ ဤသည်က သက်တောင့်သက်သာ အချိန်လေးတစ်ခုပင်ဖြစ်သည်။


စားသောက်ပွဲအတွင်း ချန်ကျန့်ထျန်းပင် အမူးလွန်နေခဲ့သည်။ သူ ယဲ့ဇယ်ရှစ်လက်ကိုဆွဲကာ သူနှင့်ပူးပေါင်းမှုကို သဘောတူပေးရန် အတင်းအကျပ်တောင်းဆိုနေခဲ့သည်။ 


နောက်ရိုက်ကူးမည့် ရုပ်ရှင်အတွက် အိုင်ဒီယာမူကြမ်းကိုပင် ထုတ်ပြီးပြီဖြစ်ကြောင်းနှင့် ယဲ့ဇယ်ရှစ်ကို ခေါင်းဆောင်မင်းသား တင်ရိုက်မည်ဟုတွေးထားပြီး အခြားသူများကို စဉ်းစားမထားဘူးဟုပင် ပြောခဲ့သည်။


ယဲ့ဇယ်ရှစ် ခေါင်းခါလိုက်ပြီး အညှာအတာမဲ့စွာ ငြင်းဆိုလိုက်သည်။ 

"မဖြစ်ပါဘူး... ဒါရိုက်တာချန် ကျွန်တော်က ဒီလောက‌ကနေ ထွက်ဖို့ အသင့်ပြင်ပြီးပြီ... အခြားသရုပ်ဆောင်တစ်ယောက်ကိုပဲ ပေးသင့်တယ်..."


သူ့ဘေးရှိ ဝမ်မုန့်ရှင်းမှာ စိတ်ပျော်လာသည်ကို မထိန်းနိုင်တော့ဘဲ ကျန်းလင်ဖုန်းကို ‌ပြုံးကာပြောလိုက်သည်။ 

"ရှောင်ယဲ့တစ်ယောက်ကပဲ ဒါရိုက်တာချန်ကို ငြင်းဖို့ အသင့်ဖြစ်နေတာလို့ ငါထင်တယ်... ဒါရိုက်တာချန်သာ ငါ့ကို ဇာတ်ကောင်နေရာ တစ်နေရာ ကမ်းလှမ်းလာလို့ကတော့ ငါ့အေးဂျင့်က ညတွင်းချင်း လက်မှတ်ဖြတ်လာရမယ်ဆိုရင်တောင် အပြေးရောက်လာပြီး စာချုပ်လက်မှတ်ထိုးဖို့ကိုလုပ်မှာ..."


ထိုစကားကို ကြားသောအခါ ကျန်းလင်ဖုန်းတစ်ယောက် အော်ရယ်လေသည်။ 

"အဲ့ဒီလို ဘယ်သူမလုပ်ဘဲနေမှာလဲ... ဒါရိုက်တာချန်က နောက်ကျ ငါနဲ့အလုပ်အတူ တွဲလုပ်ဖို့တောင် ငါက မျှော်လင့်နေရတာ..ဟုတ်တယ်ဟုတ်..."


ဟယ့်ကျင်းယွင် ပြောလိုက်သည်။

"အစ်ကိုကျန်းနဲ့ အစ်မဝမ် အပျော်ဝင်နှောက်မနေပါနဲ့တော့... အစ်ကိုတို့ရဲ့ အချိန်ဇယားတွေက အပြည့်ဆိုတာ ဘယ်သူမသိဘဲနေမှာလဲ... ဒါရိုက်တာချန်က ဖိတ်ခေါ်ခဲ့ရင်တောင်မှ အစ်ကိုတို့က အချိန်ဖဲ့မပေးနိုင်မှာဘဲ စိုးရပါတယ်..."


ဘေးနားရှိ လူများလည်း အတူတူရယ်လိုက်ကြသည်။


ယဲ့ဇယ်ရှစ်တစ်‌ယောက်သာ ငြင်းရဲသောကြောင့် အနားရှိ ဝန်ထမ်းမှာ ထိုအဖြစ်အပျက်ကို အိပ်မက်ကဲ့သို့ ခံစားနေရသည်။ 


သူတို့ ဒါရိုက်တာချန်နှင့် နှစ်‌ပေါင်းများစွာ အတူတူ အလုပ်လုပ်လာရာတွင် သူ့ကို အကြိမ်များစွာ ငြင်းဆိုသည့် သရုပ်ဆောင်ကို မတွေ့ဖူးပေ။


ဤယဲ့ဇယ်ရှစ်တစ်ယောက်သာ ပထမဦးဆုံး ဖြစ်လေသည်။


ဝိုင်သောက်ခြင်း သုံးချီမြောက်တွင် စားပွဲ၏ လေထုအခြေအနေမှာ ပို၍ပင် သက်ဝင်လှုပ်ရှားလာသည်။


ရုတ်တရက် ယွိရယ် ရောက်ချလာပြီး ဟယ့်ကျင်းယွင်ကို တိုးတိုးပြောလိုက်သည်။


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။

"သေချာလား..."


ယွိရယ် ခေါင်းညိတ်လိုက်သည်။

"သေချာတယ် အစ်ကိုဟယ့်... နေ့လည်တုန်းက အစ်ကို အလုပ်များနေတော့ ဖုန်းကို မကြည့်လိုက်မိတာဖြစ်မယ်..."


ဟယ့်ကျင်းယွင် ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ Weiboမှ သတိပေးချက်တစ်ခုကို တွေ့လိုက်ရသည်။ သို့သော် သူ အလုပ်များနေခဲ့သောကြောင့် ထိုသည်ကို မမြင်ခဲ့ပေ။


ယဲ့ဇယ်ရှစ်၏ Weiboတင်ထားသည်မှာ နာရီပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ အချိန်ကိုတွက်ကြည့်လျှင် ရိုက်ကူးရေးပြီးပြီးချင်း အချိန်ဖြစ်လောက်သည်။


ဒီကလေးက အနုပညာလောကက‌နေ ထွက်ဖို့ကို စွဲလန်းနေတာလား...


ယခုအချိန်တွင် ချန်ကျန့်ထျန်းမှာလည်း အလွန်မူးနေပြီဖြစ်သည်။ ယဲ့ဇယ်ရှစ်ကိုပင် နားပူနားဆာမတိုက်တော့ပေ။ ထိုအစား သူ စာရွက်တစ်ရွက်နှင့် ဘောပင်ကို မည်သည့်နေရာကမှန်းမသိ ထုတ်ယူလာပြီး စာချုပ်ဟုဆိုကာ ချက်ချင်း လက်မှတ်ထိုးခိုင်းတော့သည်။


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားရှိ ဝန်ထမ်းတစ်ယောက်ကို ကူညီပေးပါရန် ကြည့်လိုက်ရတော့သည်။


သို့သော် ထိုဝန်ထမ်းက ရယ်နေခဲ့ပြီး ရွှင်မြူးစွာပင် ထိုသည်ကို ကြည့်နေခဲ့သည်။

ဘယ်သူက ဒါရိုက်တာချန်ကို ဆွဲခေါ်သွားရဲမှာတုန်း...


ဟယ့်ကျင်းယွင် ကြည့်နေသည်ကို ယဲ့ဇယ်ရှစ် သတိထားမိသောအခါ ချက်ချင်းဆိုသလို အကူအညီတောင်းခံသည့်အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင် ရယ်မိသွားသည်။


လူတိုင်းက သူတို့ကိုယ်ပိုင်ဘဝကို ရွေးချယ်ခွင့်ရှိတယ်လေ... အခု ယဲ့ဇယ်ရှစ်က သူ့ဆုံးဖြတ်ချက်သူ ချပြီးသွားပြီဆိုတော့...တခြားသူတွေက အဲ့ဒါကို နှောင့်ယှက်ခွင့်မရှိဘူး...


ပို၍အဓိကကျသည်မှာ သူက ဒါရိုက်တာချန်နှင့် မတူပေ။


ချန်ကျန့်ထျန်းက ယခုအထိ ပူးပေါင်းရန် မလုပ်နိုင်သေးသော်လည်း ဟယ့်ကျင်းယွင်ကမူ သူ၏ ပြီးပြည့်စုံသည့်အားဇီနှင့် ပူးပေါင်းပြီး ဖြစ်သည်။


နောင်တရစရာ မရှိပေ။


ဟယ့်ကျင်းယွင် ဖုန်းကိုအောက်ချလိုက်ပြီး ယွိရယ်ကို ပြုံးကြည့်လိုက်သည်။ 

"ယဲ့ဇယ်ရှစ် Weiboကို အာရုံမစိုက်နဲ့တော့... လူထုဆက်ဆံရေးအဖွဲ့ကို ယဲ့ဇယ်ရှစ်အတွက် ရိုက်ကူးရေးပြီးဆုံးတာ ဝမ်းမြောက်ကြောင်းပို့စ်တင်ခိုင်းဖို့သာ မမေ့စေနဲ့..."


ယွိရယ် မျက်မှောင်ကြုတ်လိုက်သည်။


ဘယ်လိုတောင် အဲ့ဒီပို့စ်ကို လျစ်လျူရှုနိုင်ရတာလဲ...


သို့သော်ငြား ဟယ့်ကျင်းယွင် မည်သို့ တွေးနေသည်ကို မည်သူမှ မ‌စဉ်းစားနိုင်သောကြောင့် သူ ခေါင်းညိတ်ပြီး လက်ခံလိုက်ရုံသာ တတ်နိုင်သည်။


ထိုအချိန်မှသာ ဟယ့်ကျင်းယွင် မတ်တတ်ရပ်လိုက်ပြီး ယဲ့ဇယ်ရှစ်အရှေ့သို့သွားလိုက်ကာ ဒါရိုက်တာချန်နှင့် လူခွဲပေးလိုက်ရသည်။ 


"ဒါရိုက်တာချန် သောက်တာများသွားပြီ... သူ့ကို ကျွန်တော်ကပဲ အရင်လိုက်ပို့လိုက်မှာမို့ အားလုံးက ဆက်ပျော်လိုက်ကြဦးနော်..."

ဟယ့်ကျင်းယွင် ပြုံးကာ အားလုံးကို ပြောလိုက်သည်။


ထိုအခါမှသာ ဝန်ထမ်းများ လှိုက်လှိုက်လှဲလှဲ ရယ်လိုက်ကြကာ ကူညီရန် ရှေ့ထွက်လာကြသည်။


ဒါရိုက်တာချန်ကမူ သူ့ကိုယ်သူ လုံးဝမမူးသေးဘူးဟု ထင်နေကာ ဗလာစာရွက် ကိုင်လျက်သားဖြင့် ယဲ့ဇယ်ရှစ်ကို ကြည့်နေဆဲဖြစ်သည်။

"ငါစာချုပ်ရေးပြီးသွားပြီ...ယဲ့ဇယ်ရှစ်...မင်းကို ထွက်ပြေးခွင့်မပြုတော့ဘူး... လက်မှတ်ထိုးလိုက်တော့..."


ဟယ့်ကျင်းယွင် ခေါင်းကိုက်လာသည်။

"ဒါရိုက်တာချန်... စာချုပ်ထဲမှာ စာလုံးတစ်လုံးမှ မရှိဘူးနော်..."


ဒါရိုက်တာချန်က ထိုသည်ကို လုံးဝဂရုမစိုက်ဘဲ လက်မှတ်ထိုးရန်ကိုသာ ဆက်ပြောနေခဲ့သည်။


ယဲ့ဇယ်ရှစ်ကြားသောအခါ ဝေးဝေးပင် ထွက်ပြေးသွားသေးသည်။


ယစ်ထုပ်ကြီးနှင့် စကားပြောရန် အကြောင်းမရှိပေ။ ဟယ့်ကျင်းယွင်လည်း ထိုအမှန်တရားကို နားလည်လေသည်။


ဟယ့်ကျင်းယွင်က ဒါရိုက်တာချန်ကို ရှင်းပြမနေတော့ဘဲ ဝန်ထမ်းများကို အကူအညီတောင်းကာ ဒါရိုက်တာချန်ကို ဓာတ်လှေကားထဲ ဆွဲခေါ်သွားတော့သည်။


ထိုအခါမှသာ ယဲ့ဇယ်ရှစ် လုံးဝ စိတ်သက်သာရာရသွားသည်။


ဟယ့်ကျင်းယွင် ဓာတ်လှေကားထဲ မဝင်မီ ထိုကောင်လေးက အနောက်မှ သက်ပြင်းချလိုက်သည်ကို ကြားလိုက်ရသောကြောင့် သူ နောက်လှည့်ကြည့်ပြီး ယဲ့ဇယ်ရှစ်ကို ပြုံးပြလိုက်သည်။


ယဲ့ဇယ်ရှစ် ပျော်ပျော်ကြီး လက်ရမ်းပြလိုက်ပြီး အသံမထွက်ဘဲ ပါးစပ်ဖြင့်သာ အမူအရာလုပ်ကာ ပြောလိုက်သည်။

"Good bye..."


ဟယ့်ကျင်းယွင် အူမြူးသွားပြီး သူ့ကို နှုတ်ဆက်လိုက်သည်။


ဟယ့်ကျင်းယွင် မမျှော်လင့်ထားသည်မှာ ယခုနှစ်အတွင်း ယဲ့ဇယ်ရှစ်ကို မြင်ရသည်မှာ ယခုက နောက်ဆုံးဆိုသည်ကိုပင်။ 


ယဲ့ဇယ်ရှစ်၏ ယခုအကြိမ် Weiboပို့စ်မှာ နောက်ပြောင်ခြင်း မဟုတ်ရုံသာမက ဖန်များကို စနေခြင်းလည်း မဟုတ်သည်ကိုမူ မည်သူမှ မသိကြပေ။


နောက်တစ်နေ့နံနက်အစောတွင် ယဲ့ဇယ်ရှစ် သူ့ခရီးဆောင်အိတ်ကို ဆွဲပြီး ရေကန်ဘေးရှိ သူ့ဗီလာသို့ ပြန်သွားခဲ့သည်။


ထို့နောက်ပိုင်းတွင်မူ အပတ်တိုင်းတွင် ကောင်းရှူတစ်ယောက် ဗီလာသို့ နေ့တိုင်းသွားပြီး စတူဒီယိုမှ လက်ခံရရှိသည့် ပူးပေါင်းရေး ဖိတ်ခေါ်စာများကို ယဲ့ဇယ်ရှစ်အား သွားပြလေသည်။ ယဲ့ဇယ်ရှစ် စာချုပ်တစ်ခုကိုသာ လက်မှတ်ထိုးရန် ကောင်းရှူခမျာ မျှော်လင့်နေခဲ့ရသည်။


ယဲ့ဇယ်ရှစ်သာ လက်မှတ်ထိုးချင်စိတ်ရှိသရွေ့ ရသစုံရှိုးဖြစ်ဖြစ်၊ TVစီးရီးဖြစ်ဖြစ်၊ သီချင်းအတွက် ပူးပေါင်းတာပဲဖြစဖြစ်၊ ဘယ်ဟာမဆို ရပါတယ်လို့...


ယဲ့ဇယ်ရှစ်က ထိုစာချုပ်များကို သူအချိန်ရလျှင် ကြည့်ပါမည်ဟု ဝတ်‌ကျေတန်းကျေပြောသည်မှာလည်း တစ်ခါနှစ်ခါမကပေ။


သို့ပါသော်လည်း နောက်ရက်တွင် ထိုစာရွက်များမှာ ဗီလာဝင်ပေါက်ရှိ အမှိုက်ပုံးထဲတွင် ပေါ်ထွက်လာမြဲသာဖြစ်သည်။


ယဲ့ဇယ်ရှစ်တစ်ယောက် ဝတ်ကျေတန်းကျေလုပ်နေသည်ကို ကောင်းရှူ တဖြည်းဖြည်းနှင့် သိသွားတော့သည်။ ထို့ကြောင့် သူရိုးရိုးရှင်းရှင်းပင် တံခါးဝသို့သွားပြီး ယဲ့ဇယ်ရှစ်ကို ဖျောင်းဖျရတော့သည်။


ထို့နောက်တွင်မူ ကောင်းရှူတစ်ယောက် ဗီလာဂိတ်ဝကိုပင် မဝင်နိုင်တော့ချေ။


ယဲ့ဇယ်ရှစ်က သော့ကို ပြောင်းလိုက်သောကြောင့် ဖြစ်လေသည်။



🎶🎶🎶