Chapter 52
Viewers 21k

🎶 Chapter 52



ထိုအကြံက လုံးဝမကောင်းပေ။ ယဲ့ဇယ်ရှစ် သူ့အားလပ်ရက်ကို ထပ်တိုးနိုင်ရန်အတွက် မည်ကဲ့သို့ပြောရမည်ကိုပင် စိတ်ထဲတွင် စတင်တွက်ချက်နေတော့သည်။


ယဲ့ဇယ်ရှစ် စကားပြန်မပြောနိုင်မီပင် ယဲ့ကျန့်ပင်းက စကားဆက်ပြောလာသည်ကို သူကြားလိုက်သည်။

"ပြီးတော့တစ်ခုရှိသေးတယ်... အရင်တုန်းက မင်းရဲ့ကတ်တွေအကုန်လုံးကို ငါပိတ်ထားခဲ့တာမလား... အခု ပြန်စဉ်းစားကြည့်လိုက်တော့ မင်းက ကိုယ်တိုင်ပိုက်ဆံရှာနိုင်နေပြီဆိုတော့ နောက်ထပ် ပြန်မဖွင့်ပေးတော့ဘူးလားလို့..."


"ကုမ္ပဏီဝေစုတွေအတွက်ကတော့ အဲဒီအပိုင်းကပိုက်ဆံတွေကို မင်းအတွက် အဖေရင်းနှီးမြှုပ်နှံမှုတချို့မှာ ထည့်ပေးထားမယ်... မင်းလက်ထပ်ခဲ့ရင် အဲ့ဒီရှယ်ယာတွေကို မင်းကိုလွှဲပေးမယ်လေ..."


"မင်းရဲ့ညီလေးလည်း အဲဒီအတိုင်းပဲ ငါ သူ့ကတ်တွေအကုန်လုံးကို ပိတ်ထားတယ်... အခုသူ့ရဲ့ နေထိုင်စရိတ်တွေအကုန်လုံးကို သူကိုယ်တိုင်ရှာပြီးတော့ သုံးရတယ်... သူအခု ကုမ္ပဏီမှာ တစ်လကို ယွမ်ငါးထောင်နဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတယ်..."


ယဲ့ဇယ်ရှစ် စိတ်ဆိုးသွားမည်ကိုစိတ်ပူသည့်အလား ယဲ့ကျန့်ပင်း ထပ်ပေါင်းပြောလာသည်။

"အဲ့ဒါကလဲ အခွန်မနှုတ်ရသေးတဲ့ လစာပါ... အဖေ သူ့ကို သီးသန့်လည်းပိုက်ဆံထပ်မပေးဘူး... တစ်လမှာ သူရတဲ့ဝင်ငွေက မင်းထက်တောင် နည်းပါသေးတယ်..."


စကားအရှည်ကြီးကို စဉ်းစားနေခဲ့သည့် ယဲ့ဇယ်ရှစ်: "..." 


အိုးအောက်ခြေမှ မီးစာကို ဆွဲထုတ်လိုက်သည့်နည်းလမ်းမှာ အံချီးဖွယ်ပင်။ ထို့အပြင် ထိုသည်က ယဲ့ဇယ်ရှစ်၏ စိတ်ကူးယဉ်အိပ်မက်များကို တစ်ထိုင်တည်းနှင့် အစိတ်စိတ်အမွှာမွှာ ထိုးခွဲပြစ်လိုက်သည်။


ဤလူကြီးက ယဲ့ဇယ်ရှစ်ကို စိတ်မကျေမနပ် မဖြစ်စေရန်အတွက် ယခုတွင် ယဲ့ဟောက်ယန်လည်းဘဲ သူကဲ့သို့ သနားစရာဘဝ ရောက်နေသည်ဟုပင် နှိုင်းယှဉ်ပြောသွားသေးသည်။ 


ဤလှည့်ဖြားတတ်သော မြေခွေးကြီးကို သူ အော်ပစ်လိုက်ချင်သည်။


သား‌အကြောင်းကို အဖေတွေလောက် ဘယ်သူမှ ပိုမသိဘူးလို့ ပြောသင့်သေးလား...


ယဲ့ကျန့်ပင်း၏ လှည့်ကွက်များမှာ ယဲ့ဇယ်ရှစ် သူ့ကိုယ်သူအတွက် ပြင်ဆင်ထားသမျှ ကြားပေါက်မှန်သမျှကို အကုန်ပိတ်ချလိုက်လေသည်။


ယခုတွင် ယဲ့ဇယ်ရှစ်လက်ထဲ၌ ပိုက်ဆံရှိနေသော်လည်း ထိုပိုက်ဆံဖြင့် ပိုက်ဆံပိုမရှာနိုင်တော့ပေ။


ယခုပိုက်ဆံဖြင့် တစ်နှစ်၊နှစ်နှစ်မျှ အေးအေးဆေးဆေးနေနိုင်သော်လည်း ၁၀နှစ်ကြာပါလျှင် ထိုပိုက်ဆံများမှာ ကျိန်းသေပေါက် ကုန်သွားမည်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုများကိုပင် သူ ထည့်မတွက်ထားပေ။


လက်ထပ်သည့် အကြောင်း ပြောရပါလျှင် ယဲ့ဇယ်ရှစ်တွင် လက်ထပ်ရန် စိတ်ကူးလုံးဝမရှိချေ။ 

မိသားစုတစ်ခု ထူထောင်ဆိုတာ ဘာကို ပြောချင်တာလဲ...


ယဲ့ဇယ်ရှစ် ပြန်ပြောမည်ကို အချိန်အတန်ကြာစောင့်ပြီးနောက် ယဲ့ကျန့်ပင်း ထပ်မေးလာသည်။

"မင်းဘယ်လိုထင်လဲ..."


ယဲ့ဇယ်ရှစ် သူနှလုံးသားထဲမှာပင် သက်ပြင်းချလိုက်သည်။


ငါ့အစီအစဉ်တွေကို ထပ်ပြောင်းမှဖြစ်တော့မယ်…


မူလတွင် အနုပညာလောကမှ သူ ချက်ချင်းထွက်သွားချင်သော်လည်း ယခုအခြေအနေကြည့်ရသည်မှာ ဖြစ်နိုင်မည့်ပုံမပေါ်တော့ချေ။ ခန့်မှန်းရသည်မှာ ပိုက်ဆံပိုရှာနိုင်ရန်အတွက် အနုပညာလောကထဲသို့ဝင်ပြီး သူ၏ယခင်အလုပ်ဟောင်းကို ဆက်လုပ်ရန်သာ ကိုယ့်ကိုယ်ကို တွန်းအားပေးရတော့မည်ဖြစ်သည်။ 


သို့သော် ဤအကြောင်းရင်းမှာ သူတစ်နှစ်အနားမယူနိုင်ရခြင်း၏ အကြောင်းအရင်း မဟုတ်ပေ။ 


အနည်းဆုံး ယဲ့ဇယ်ရှစ်က ယခုချမ်းသာနေသေးသည်။ သူ တစ်နှစ်ခန့်အနားယူပြီး ဖောဖောသီသီ သုံးစွဲလျှင်သော်မှ ထိုပိုက်ဆံအားလုံးကိုကုန်အောင် မသုံးနိုင်ပေ။ 


ပြောရမည်ဆိုလျှင် သူ့တွင် အိမ်ဝယ်ရန်လည်း မလိုအပ်ပေ။ သူ့တွင်အိမ်နှင့် ကားတစ်စီး ရှိနှင့်ပြီးသားဖြစ်သည်။


ကျန်သည့်အရာများမှာ တိုလီမုတ်စများသာဖြစ်သည်။ 

အစားအသောက်နဲ့ အဝတ်အစားအတွက် ဘယ်လောက်များသုံးနိုင်မှာကျလို့...


ထိုသို့တွေးမိသောအခါ ယဲ့ဇယ်ရှစ် နောက်ဆုံးတွင်ပြောလိုက်သည်။

"ကောင်းပါပြီ... အဖေ့အစီအစဉ်ကိုပဲ ကျွန်တော် နားထောင်လိုက်ပါ့မယ်..."


ယဲ့ကျန့်ပင်း စိတ်ချမ်းသာစေရန် ဦးဆုံး သူ လက်ခံထားမှဖြစ်မည်။ သုံးလအတွင်း စာချုပ်လက်မှတ်ထိုးရမည့် အချိန်ရောက်လျှင် ယာယီနိုင်ငံခြားခရီးထွက်ရန် မစီစဉ်နိုင်ခြင်း မဟုတ်ပေ။ ယဲ့ဇယ်ရှစ်၏ ခြေလက်များမှာ ယဲ့ဇယ်ရှစ် ကိုယ်ပေါ်တွင်သာရှိသည်။ ထိုကြောင့် သူကြိုက်ရာနေရာကို သူသွားနိုင်သည်။


ဖုန်းတစ်ဖက်ရှိ ယဲ့ကျန့်ပင်းမှာမူ ယဲ့ဇယ်ရှစ်တွေးနေခဲ့သော အကြံအစည် အစစ်အမှန်များကို မသိခဲ့ပေ။ ပုံမှန်အချိန်တွင် ယဲ့ဇယ်ရှစ်က သူ၏အကြံများကိုလက်ခံခဲသောကြောင့် ယခုအခါတွင် ယဲ့ကျန့်ပင်း အလွန်ပျော်ရွှင်နေခဲ့သည်။


ကြည့်ရတာ ယဲ့ဇယ်ရှစ်တစ်ယောက် တကယ် အရွယ်ရောက်လာပြီထင်ပါရဲ့... ငါ့အမြင်တွေကိုပါ နားထောင်ပေးတတ်လာပြီ...


"ကောင်းပြီလေ... အရင်လုပ်စရာရှိတာ လုပ်ထားကြတာပေါ့... အတွင်းရေးမှူးကောင်းနဲ့ စကားပြောလိုက်ဦးမယ်..."

ယဲ့ကျန့်ပင်း ပြောလိုက်သည်။


နှစ်သစ်ကူးရက်တွင် ညစာစားရန်အတွက် ရက်သတ်မှတ်ပြီးသောအခါ ယဲ့ကျန့်ပင်း ဖုန်းချသွားသည်။


ယဲ့ဇယ်ရှစ်ကမူ သူသွားချင်သည့် နိုင်ငံခြားခရီးစဉ်များကိုပင် စတင်ရှာဖွေနေပြီဖြစ်သည်။


သူ ဤနှစ်မသွားနိုင်လျှင် နောက်နှစ်ထွက်သွားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ့တွင်‌ နောက်ထပ်တစ်နှစ်ကြီးများပင် အချိန်ရှိသေးသည်။


တစ်နှစ်သည်လည်း တစ်နှစ်ပင် တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်ပင် အလျော့နည်း မခံနိုင်ပေ။


အချိန်နှင့်နေရာကို ဆုံးဖြတ်ပြီးသောအခါ ယဲ့ဇယ်ရှစ် လေယာဉ်လက်မှတ်ကို ကြိုဖြတ်ထားလိုက်သည်။ ထိုအခါမှသာ ယဲ့ဇယ်ရှစ် စိတ်လျှော့သွားကာ anime ဆက်ကြည့်လိုက်တော့သည်။ 


ယဲ့ဇယ်ရှစ် Weiboတွင် အွန်လိုင်းတက်ပြီး မကြာမီမှာပင် ပျော်ပျော်ကြီးဖရဲသီးစားသူမှ Weiboတွင် ပို့စ်ထပ်တင်လာခဲ့သည်။ ထိုသည်ကို ယဲ့ဇယ်ရှစ် မသိခဲ့ပေ။


"ယဲ့ဇယ်ရှစ်က အနားယူတော့မည်" ဆိုသည့်သတင်းဖြင့် အင်တာနက်တစ်ခွင်တွင် ကသောင်းကနင်းဖြစ်နေခဲ့သည်။ ယနေ့တွင် ယဲ့ဇယ်ရှစ်က Weiboပို့စ်နှစ်ခုကို ဆက်တိုက်တင်ခဲ့သည်က ထိုထွက်သွားသည်ဟု ပြောနေသည့်လူများကို ဖြတ်ရိုက်လိုက်ခြင်းဟု ဖန်များက မြင်နေခဲ့ကြသည်။ 


ဖရဲရွက်လေးများက စည်းလုံးပြီး စည်းကမ်းရှိကြသည်။ ယဲ့ဇယ်ရှစ်က Weiboကို တင်ပြီးသွားသောအခါ ဖန်များက ဖန်group ထဲတွင် အခြားဖန်များကို ဤသို့ပြောကြသည်။ "ယဲ့ဇယ်ရှစ်က အနုပညာလောကကနေ ထွက်သွားချင်နေတာ"ဟု ပြောနေသည့်သူများကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံဘဲ ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ထားရန် ပြောကြသည်။


(T/N - ဖရဲရွက်- ယဲ့ဇယ်ရှစ်ရဲ့ဖန်ဒမ်းနာမည်ပါ)


ဖန်များက အပြုအမူအနေအထိုင် ထိန်းသိမ်းလိုက်ကြသော်လည်း ဖရဲသီးစားသူများက ထိုသို့မဟုတ်ကြပေ။


အခြေအနေ ပြောင်းလဲသွားသည်ကို မြင်သောအခါ အင်တာနက်အသုံးပြုသူများက ပြန်လှည့်လာခဲ့ကြပြီး ကောလာဟလဖြန့်သူများကို ဆူပူကြိမ်းမောင်းကြတော့သည်။ 


ပျော်ပျော်ကြီးဖရဲသီးစားသူမှာ ထိုသည်ကိုအများဆုံး လက်ခံလိုက်ရပြီး အင်တာနက်အသုံးပြုသူများ၏ တိုက်ခိုက်သည်ကို ခံရတော့သည်။


ထို့ကြောင့် ပျော်ပျော်ကြီးဖရဲသီးစားသူက ဒုတိယမြောက် Weiboပို့စ်ကို တင်ရခြင်းဖြစ်လေသည်။ 


@ပျော်ပျော်ကြီးဖရဲသီးစားသူ: "ငါ့ကိုသံသယဝင်နေတဲ့ ဖန်တွေ ရပ်ပေးလို့ရမလား... ငါ့ရဲ့သတင်းတွေက မမှားဘူးနော်... ပြီးတော့ ယဲ့ဇယ်ရှစ်က အနားယူမယ်လို့ ငါလုံးဝမပြောခဲ့ဘူး... အဲ့ဒါကြောင့် 'ဇာတ်လိုက်က မျက်နှာဖြတ်ရိုက်ခြင်း' ဆိုတာမျိုးတွေကို မြင်ရဖို့အကြောင်းမရှိဘူး... ငါရခဲ့တဲ့ သတင်းအချက်အလက် အရ ယဲ့ဇယ်ရှစ်က စာချုပ်အသစ်လက်မှတ်မထိုးခဲ့ဘူးလို့ပဲ ပြောခဲ့တာ... ပြီးတော့ ငါကိုယ်တိုင်အရလည်း ယဲ့ဇယ်ရှစ်ကို အရမ်းကြိုက်တယ်... အဲ့ဒါကြောင့် မင်းတို့ထက်ပိုပြီးတော့တောင် သူ့ကို ငါက ထွက်မသွားစေချင်ဘူး... ဒါပါပဲ..."


သူတို့နှလုံးသားကို ရင်ဘက်ထဲတွင် နေရာတကျပြန်ထည့်ထားပြီးသော ဖန်များမှာ ထိုWeiboပို့စ်ကို မြင်သောအခါ မတည်မငြိမ် ဖြစ်လာကြသည်။ 


ယဲ့ဇယ်ရှစ်က Weiboမှာတောင် ပို့စ်တင်ပြီးပြီပဲကို ဒီလူက အခုအချိန်ထိကို ယဲ့ဇယ်ရှစ်က အနုပညာလောကက ထွက်သွားတော့မယ်လို့ဘဲ ပြောနေတုန်းလား..."


ဒီလူက အကြောင်းမရှိ အကြောင်းရှာနေတာလား...


သို့သော်ငြား အချို့သူများက ဤကဲ့သို့ ယုံကြည်ကြသည်။

ယဲ့ဇယ်ရှစ်က 'သူ အနားယူမယ်၊ မယူဘူး' ဆိုသည့်မေးခွန်းကို လုံးဝမငြင်းခဲ့သည့်အပြင် စာချုပ်အသစ် လက်မှတ်မထိုးထားသည့် အကြောင်းကိုလည်း မည်သို့မှ ပြောပြမသွားပေ။


ထိုအချက်က ဖရဲရွက်လေးများကို စိတ်ပူစေသည့် အချက်ဖြစ်သည်။


ယဲ့ဇယ်ရှစ်က ပွဲဦးထွက်စဖြစ်သောကြောင့် နှစ်နှစ်အတွင်း အလုပ်အသစ်များကိုချမပြဘဲ ပရိသတ်များနှင့် မထိတွေ့ပါက သူ့ကို အင်တာနက်အသုံးပြုသူများက မေ့သွားကြလိမ့်မည်ဖြစ်သည်။


ထို့အပြင် အမှန်အတိုင်းပြောရလျှင် သူတို့အိုင်ဒေါထံမှ အလုပ်အသစ်ကို မမြင်တွေ့ရသည်မှာ ကြာလျှင် ယခုဖန်များပင် ငြီးငွေ့သွားကြပေလိမ့်မည်။


ထိုအကြောင်းနှင့်ပတ်သက်၍ အချိန်တစ်ခုအထိ အင်တာနက်ပေါ်တွင် ဆွေးနွေးမှုများရှိလာသည်။


ထန်ကျင့် အလုပ်ပြီး၍ Weiboကို တစ်ချက်ကြည့်လိုက်ရာ ယဲ့ဇယ်ရှစ်အနားယူခြင်းဆိုသည့် ခေါင်းစီးက Weiboတွင် ရောက်နေသည်မှာ တစ်ရက်မျှပင် ကြာသွားပြီဖြစ်သည်။


ထိုနေ့မှစ၍ ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့် အဆက်အသွယ်မလုပ်ဖြစ်ခဲ့ပေ။


ဖြစ်နိုင်သည်က ယဲ့ဇယ်ရှစ်က သူ့အပေါ် အခြားမည်သည့်ခံစားချက်များ မရှိသည်ကို ထန်ကျင့် သေချာနားလည်လိုက်သောကြောင့် ဖြစ်နိုင်သည်။ ထန်ကျင့် အချိန်တစ်ခုအထိ ဝမ်းနည်းပြီးနောက် သူ၏ဝမ်းနည်းမှုကို အင်အားအဖြစ် ပြောင်းလဲလိုက်ကာ နေ့တိုင်းအလုပ်ကြိုးစားနေခဲ့တော့သည်။


အစ၌ သူ့အေးဂျင့်ကို သေလောက်အောင် ခြောက်လှန့်မိသလိုဖြစ်သွားသော်လည်း အေးဂျင့်က နားလည်သွားသည့်သဘောဖြင့် သူ့ပုခုံးကိုပုတ်ပေးကာ နောက်ပိုင်းတွင် ပို၍သင့်တော်သည့်လူနှင့် ဆုံနိုင်ပါသေးသည်ဟု ပြောခဲ့သည်။ 


ထန်ကျင့် ခါးသီးစွာ ခံစားခဲ့ရသော်လည်း ပြန်လည်ချေပခြင်း မလုပ်ခဲ့ပေ။


ယဲ့ဇယ်ရှစ်၏ Weiboကို ထပ်မြင်လိုက်ရသောအခါ ထန်ကျင့် အနည်းငယ်စိတ်ပူနေဆဲဖြစ်သည်။


အချိန်ကြာမြင့်စွာစဉ်းစားပြီးနောက် သူ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ယဲ့ဇယ်ရှစ်ထံသို့ စာတစ်စောင်ပို့လိုက်သည်။

"နောက်ရက်တွေ အချိန်ရှိလား... တွေ့ကြရအောင်လေ... ယုယန်နဲ့ ကျန်းရန်လည်း မင်းနဲ့တွေ့ချင်တယ်လို့ ပြောနေကြတယ်..."


ယုယန်က ယဲ့ဇယ်ရှစ်နှင့် တွေ့ချင်သည်ဟု ပြောခဲ့သည်မှာ "Time Idol"၏ ရိုက်ကူးရေးပြီးကတည်းက ဖြစ်သည်။


ကျန်းရန်အတွက်မူ ထန်ကျင့်တွင် သူနှင့်ဆက်သွယ်ရန် အချက်အလက်ပင် မရှိချေ။


ခဏကြာသောအခါ ယဲ့ဇယ်ရှစ် ထန်ကျင့်ကို စာပြန်လိုက်သည်။

"ဘယ်နေရာလဲ... ငါ့မှာ အားတဲ့အချိန်တွေဆိုတာ အပုံလိုက်ပဲ..."


ယဲ့ဇယ်ရှစ်၏ ပြန်စာကို မြင်သောအခါ ထန်ကျင့် မျက်မှောင်ကြုတ်လိုက်ပြန်သည်။ 


မင်းမှာ အားတဲ့အချိန်တွေ အပုံလိုက်ဆိုတာ ဘာသဘောလဲ...


ဒါဆို အင်တာနက်ပေါ်က သတင်းတွေက အခြေအမြစ်မရှိတာ မဟုတ်ဘူးပေါ့...


သူ၏ရင်ထဲမှ စိုးရိမ်ပူပန်မှုတို့ကို ဖိနှိပ်လိုက်ကာ ယဲ့ဇယ်ရှစ်ထံသို့ တွေ့မည့် အချိန်၊နေရာနှင့် လိပ်စာတို့ကို ထန်ကျင့် ပို့ပေးလိုက်သည်။


ခဏအကြာတွင် ကျန်းရန်ကိုပါ သူနှင့်အတူခေါ်ခဲ့ရန် ယုယန်ကို ထန်ကျင့် စာပို့လိုက်သည်။


ယုယန် သူတို့နှင့်မတွေ့ရသည်မှာ အချိန်တော်ကြာပြီဖြစ်သည်။


ယဲ့ဇယ်ရှစ်ကို ယုယန် အလေးအနက် ကျေးဇူးတင်ချင်နေသည်။ အဆုံးတွင် ယဲ့ဇယ်ရှစ်၏ လမ်းညွှန်ပြသမှုများမရှိလျှင် ယနေ့ယုယန်ဆိုသည်မှာ ရှိလာမည် မဟုတ်ပေ။


သူတို့နှစ်ယောက်ကြား ဆက်ဆံရေးတွင် အနည်းငယ် ရင်းနှီးမှု မရှိခဲ့သော်လည်း ယုယန် ယဲ့ဇယ်ရှစ်ကို အကြိမ်များစွာ ကျေးဇူးတင်လိုဆဲဖြစ်သည်။ သို့သော် မည်ကဲ့သို့ ပြောရမည်မသိခဲ့ပေ။


ယခုတွင် ထန်ကျင့်က အစီအစဉ်ချပေးလိုက်သောကြောင့် သူ့တွင် ငြင်းစရာအကြောင်း မရှိပေ။


ကျန်းရန်ကမူ အစားအသောက် အလကားစားရသရွေ့ ငြင်းမည်မဟုတ်ပေ။ 


ထန်ကျင့်ရွေးချယ်ခဲ့သည့် နေရာမှာ အလွန်သီးသန့်ဆန်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း မရင်းမနှီး မခံစားရသောကြောင့် စကားဝိုင်းက အလွန်ပျော်ရွှင်ဖွယ်ကောင်းခဲ့သည်။ 


စကားပြောနေစဉ်မှာပင် ယဲ့ဇယ်ရှစ်ကိုကြည့်ကာ ထန်ကျင့် သူ့ရင်ထဲမှ သံသယများကို ထုတ်မေးလိုက်သည်။


ထိုအကြောင်းနှင့်ပတ်သက်၍ ယဲ့ဇယ်ရှစ်ကလည်း ဖုံးကွယ်မထားပေ။ ယဲ့ဇယ်ရှစ် သူ့အတွေးများကို ထုတ်ပြောလိုက်သည်။ 

"ငါ တစ်နှစ်လောက်တော့ နားဖြစ်မယ်ထင်တယ်... အဲ့ဒါကြောင့် လောလောဆယ်တော့ အလုပ်သစ်ရှိဦးမှာမဟုတ်ဘူး..."


ထိုသည်ကိုကြားသောအခါ ကျန်သုံးယောက်မှာ ထိတ်လန့်သွားကြသည်။


"ဘာဖြစ်လို့လဲ..."

ယုယန် မနေနိုင်ဘဲ မေးလိုက်မိသည်။

"မင်းက အခု အရမ်းနာမည်ကြီးနေတာလေ... ဒီအချိန်မှာ ဘယ်လိုစာချုပ်ကိုပဲဖြစ်ဖြစ် လက်ခံပြီးတော့ ပိုပြီးနာမည်ကြီးအောင် လုပ်ရမှာမဟုတ်ဘူးလား..."


ထန်ကျင့်လည်း ယဲ့ဇယ်ရှစ်ကို စိုးရိမ်စွာ ကြည့်လိုက်မိသည်။


ကျန်းရန်ပင် ထိုသို့တွေးနေခဲ့သည်။

"နာမည်အကြီးဆုံးအချိန်မှာ အလုပ်သစ်ကို လက်မှတ်မထိုးဘဲ နားချင်နေတာဆိုတော့ ဒါကို ယဲ့ဇယ်ရှစ်စတိုင်လို့ ပြောသင့်လား..."


ယဲ့ဇယ်ရှစ် ပြုံးပြီးရှင်းပြလိုက်သည်။ 

"ဘာမှမဟုတ်ဘူး... ဟိုတလောကရုပ်ရှင်ရိုက်တာနဲ့ ပင်ပန်းသွားတာမို့ ကောင်းကောင်းအနားယူပြီးမှ လွယ်လွယ်ကူကူ အလုပ်လေးတွေ လုပ်ချင်လို့ပါ..."


"ဒါဆို မင်းနားနေတဲ့အချိန်အတွင်း ဘာလုပ်မှာလဲ..."

ထန်ကျင့် မေးလိုက်သည်။


ယဲ့ဇယ်ရှစ် တုန့်ဆိုင်းမနေခဲ့ပေ။ 

"ခရီးသွားမယ်၊ animeပဲဖြစ်ဖြစ် တစ်ခုခု ကြည့်မယ်..."


အတိုချုပ်ပြောရင် ငါးဆားနယ်တစ်ကောင်လို နေပစ်မယ်...


ကျန်းရန် ပြောလိုက်သည်။

"အဆင်ပြေတာပဲ... ပြောရရင် ငါတို့အဖွဲ့မှာလည်း အလုပ်သစ်က ရှိတာမဟုတ်ဘူး... မင်း အပြင်လျှောက်လည်ချင်ရင် ငါတို့ကိုသာ အသိပေးလိုက်..."


"ဟုတ်တယ် ငါရောပဲ..." 

ယုယန်လည်း လိုက်ပြောလိုက်သည်။ 


ထန်ကျင့် နှုတ်ခမ်းစူလိုက်သည်။ သူ့ကိုလည်း ခေါ်နိုင်ကြောင်း ယဲ့ဇယ်ရှစ်ကို ပြောလိုသော်လည်း သူက အခြားနှစ်ယောက်နှင့် အခြေအနေမတူပေ။ သူ၏အချိန်စာရင်းများမှာ အပြည့်ဖြစ်နေကာ နှစ်သစ်ကူး တစ်ရက်သာ နားရက်ရလေသည်။ 


ခေတ္တရပ်တန့်သွားပြီးနောက် ထန်ကျင့် ပြောလိုက်သည်။

"ငါရောပဲ ရတယ်... ငါမအားတဲ့အချိန်ကျရင်...ငါ..."


"ဟမ်..." 

ယဲ့ဇယ်ရှစ် သူ့ကို ကြားဖြတ်ပြောလိုက်သည်။

"မင်းရဲ့ အချိန်စာရင်းတွေကို ပြန်ပြင်နေရမှာနော်..."


ယဲ့ဇယ်ရှစ်၏ တလက်လက်တောက်ပနေသော မျက်ဝန်းများကို ရင်ဆိုင်လိုက်ရသောအခါ ထန်ကျင့်၏နှလုံးသားက ခုန်ပေါက်သွားပြီး နားရွက်များပင် အနည်းငယ်ပူထူလာခဲ့သည်။


ယဲ့ဇယ်ရှစ် ပြုံးကာပြောလိုက်သည်။

"အဆင်ပြေပါတယ် ကိစ္စမရှိဘူး... ငါ့အတွက် စိတ်ပူစရာမလိုဘူး... ငါ့မှာအပြင်ထွက်လည်ဖို့ သူငယ်ချင်းတွေရှိတယ်... နောက်ကျ မင်းအားတဲ့အချိန်ကျရင် မင်းကိုခေါ်မယ်လေ..."


ယဲ့ဇယ်ရှစ် ထိုသို့ပြောသည်ကို ကြားသောအခါ ယုယန်နှင့် ကျန်းယန်လည်း ခေါင်းညိတ်လိုက်သည်။ နောင်တအရိပ်အယောင်များက ထန်ကျင့် မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။


ညဆယ်နာရီရောက်သောအခါ အတော်နောက်ကျနေပြီဖြစ်သောကြောင့် တစ်ယောက်နှင့် တစ်ယောက် လမ်းခွဲနှုတ်ဆက်လိုက်ကြသည်။


ယုယန်နှင့် ကျန်းရန်ကို ကုမ္ပဏီမှကားဖြင့် လာကြိုသောကြောင့် သူတို့က အရင်ပြန်သွားကြသည်။


ထန်ကျင့် မည်သို့ပြန်မည်ကို ယဲ့ဇယ်ရှစ် မေးလိုက်သည်။ ထန်ကျင့် အစက အေးဂျင့် လာကြိုလိမ့်မည်ဟု ပြောချင်ခဲ့သော်လည်း သူဤကဲ့သို့ အဘယ်ကြောင့် ပြောလိုက်မိသည်ကို မသိပေ။

"ငါ တက္ကစီငှားပြီး ပြန်လိုက်မယ်..."


သေချာပေါက်ပင် ထိုသည်ကိုကြားသောအခါ ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။ 

"မင်းကိုယ်တိုင် တက္ကစီ စီးသွားလို့ဘယ်ဖြစ်မလဲ... ပါပါရာဇီ‌လိုက်တာခံရရင် ဘယ်လိုလုပ်မလဲ... ငါ ဒီကို ကားနဲ့လာခဲ့တာဆိုတော့ မင်းကိုပြန်လိုက်ပို့မယ်လေ..."


ထန်ကျင့်ကို ပြန်လိုက်ပို့သောအခါ သူ့ကိုလည်း ပါပါရာဇီ လိုက်ခြင်းခံနေရသည်ကို ယဲ့ဇယ်ရှစ် မသိခဲ့ချေ။ ထို့အပြင် ထိုခေါင်းစီးက နာမည်ကြီးသွားမည်ကိုလည်း သူ မသိခဲ့ချေ။


(ထန်ကျင့်နှင့်အတူ ယဲ့ဇယ်ရှစ်၏ ညဉ့်နက်သန်းခေါင် ချိန်းတွေ့မှု... သူတို့ရဲ့ အချစ်ဇာတ်လမ်း ဖော်ထုတ်ခံလိုက်ရပြီလား...)


................


"ကျော်ကြားသောစစ်သူကြီး"၏ ရိုက်ကူးရေးအဖွဲ့တွင်ဖြစ်သည်။


အလုပ်ရှုပ်ခဲ့သော နေ့တစ်နေ့အပြီး၌ ‌နောက်ဆုံးတွင် ဟယ့်ကျင်းယွင်တစ်ယောက် စတူဒီယိုမှ ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။ 


ဒီဇင်ဘာဆောင်းက အေးလွန်းလှသည်။ ဟယ့်ကျင်းယွင် အလုပ်ပြီးသည်နှင့် ယွိရယ်က ဂျက်ကတ်တစ်ထည်ကို ဟယ့်ကျင်းယွင်အပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။


"အစ်ကိုဟယ့်... ကျေးဇူးပြုပြီး အင်္ကျီထူတာလေးဝတ်ပါဦး... ဒီနေ့အေးတယ်..."

ယွိရယ် ပြောလိုက်သည်။


ပင်ပန်းမှုကို ဖုံးကွယ်ထားသော မျက်ဝန်းများဖြင့် ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။

"ငါက အဲ့ဒီလောက်လည်း နုဖတ်မနေပါဘူး...သွားမယ်... ပြန်ကြစို့..."


နာနီကားထဲတွင် ဒရိုင်ဘာကို အပူပေးစက်ဖွင့်ရန် ယွိရယ် ပြောလိုက်သည်။


ကားက တဖြည်းဖြည်းနှင့် အဝေးသို့ မောင်းနှင်လာသည်။ သူ့တစ်ကိုယ်လုံး ပင်ပန်းနေသည်ကို ဟယ့်ကျင်းယွင် ခံစားနေရသည်။ သူတစ်ရေးအိပ်မည်ဟု ကြံကာ မျက်လုံးမှိတ်လိုက်သည်တွင် ဘေးနားရှိ ယွိရယ်က အံ့အားသင့်စွာပြောလာသည်။


"ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်က တွဲနေပြီလား..."


မှိတ်သွားပြီဖြစ်သည့် ဟယ့်ကျင်းယွင်၏ မျက်လုံးများ ချက်ချင်းဆိုသလို ပြန်ပွင့်လာသည်။ ထို့နောက် သူ ဘေးကိုကြည့်ကာ ပြောလိုက်သည်။

"ဘာ..."



🎶🎶🎶