Chapter 60
Viewers 21k

🎶 Chapter 60



ယို့ကျားက သူတို့နှစ်ယောက် အချိန်အတော်ကြာ မထွက်လာ‌သေးသဖြင့် ပြန်လာကြည့်ခဲ့သည်။  

"တစ်ခုခုဖြစ်လို့လား..."


ယဲ့ဇယ်ရှစ်က ဦးစွာသတိပြန်ဝင်လာပြီး နို့ဘူးကို သူ့ဘေးနားရှိ အမှိုက်ပုံးထဲသို့ သဘာဝကျကျ လွှင့်ပစ်ခဲ့သည်။ 

"လာပြီ..." 


ဟယ့်ကျင်းယွင်က အံ့သြသွားခဲ့သော်လည်း သူ့မျက်နှာပေါ်တွင် မဖော်ပြဘဲ ယဲ့ဇယ်ရှစ်နောက်သို့ လိုက်သွားခဲ့သည်။


သူတို့နှစ်ယောက်က မစ်ရှင်ကို အစပျိုးခဲ့ပြီး ဒါရိုက်တာအဖွဲ့ကလည်း အချင်းချင်း "ဆက်သွယ်ရလွယ်ကူစေရန်" ဟူသော အကြောင်းပြချက်ဖြင့် မနက်အစောကြီးကတည်းစ ပြင်ဆင်ထားခဲ့သော ဖုန်းလေးလုံးအား ဧည့်သည်များထံ ပေးလာခဲ့သည်။


တစ်ခုတည်းသော ခြားနားချက်မှာ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ ဖုန်းထဲ၌ ထိုအချိန်အတွင်းပြီးမြောက်အောင်လုပ်ရန် လိုအပ်သည့် မစ်ရှင်စာရင်းများ ရှိနေခဲ့သည်။


ဝေ့ပေနှင့် ယို့ကျားတို့၏ ဖုန်းများထဲတွင်မူ ဘာမှမရှိချေ။


သူတို့ လေးယောက်လုံး ဟိုတယ်ဧည့်ခန်းမထဲသို့‌ ရောက်လာချိန်၌ ပရိုဂရမ်အဖွဲ့၏ အထူးကားများက တံခါးဝ၌ ရပ်ထားပြီးပြီဖြစ်သည်။


သူတို့ကားပေါ်မတက်မီ ယဲ့ဇယ်ရှစ်က ရုတ်တရက်ပြောလာခဲ့သည်။ 

"ဟေး ဒါကခရီးထွက်သလိုပဲဆိုတော့...ဟယ့်လောင်ရှီး ကျွန်တော်တို့ ဓာတ်ပုံရိုက်ကြရအောင်လေ..."


သူ ထိုစကားပြောပြီးသည်နှင့် သူ့ဖုန်းကို သဘာဝအတိုင်း ထုတ်ယူခဲ့သည်။


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ မျက်လုံးထဲမှ မက်ဆေ့ခ်ျကို ရခဲ့ကာ နှုတ်ခမ်းထောင့်များ ကော့တက်အောင် ပြုံး၍ ခေါင်းညိတ်ပြခဲ့သည်။ 

"ကောင်းပြီလေ..."


ယဲ့ဇယ်ရှစ်နှင့်ဟယ့်ကျင်းတို့ ဓာတ်ပုံရိုက်လိုကြသည်ကို မြင်ချိန်၌ ယို့ကျားလည်း သူမ၏ ဖုန်းကို ထုတ်ပြီး သဘောပေါက်သလို ပြောလာခဲ့သည်။ 

"ဟုတ်သား...ပရိုဂရမ်အဖွဲ့က ငါတို့ကို ဘာလို့ဖုန်းပေးပါလိမ့်လို့ တွေးနေတာ ဓာတ်ပုံရိုက်ဖို့အတွက်ကိုး...ဖုန်းထဲမှာပိုက်ဆံမရှိတော့ ဓာတ်ပုံရိုက်တာကလွဲပြီး ဘာမှစဉ်းစားလို့မရဘူး..."


ယဲ့ဇယ်ရှစ်က ပြောလိုက်သည်။ 

"ကျားကျဲ...ကျွန်တော် ကျဲအတွက် တစ်ကိုယ်လုံးပုံပေါ်အောင် ရိုက်ပေးရမလား..."


ယို့ကျားက အံ့အားသင့်စွာ ပြောလိုက်သည်။

"ရိုက်ပေးမလား..."


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်ပြလိုက်၏။

"ဒါပေါ့ ကျွန်တော်က တခြားသူတွေကို ဓာတ်ပုံရိုက်‌ပေးတဲ့နေရာမှာ ဆရာကြီးလေ..."


ထိုသို့ပြောပြီးနောက် ယဲ့ဇယ်ရှစ်က ပရော်ဖက်ရှင်နယ်ပုံစံဖြင့် ချက်ချင်းထိုင်ချလိုက်သည်။


ယဲ့ဇယ်ရှစ်က နှစ်ပုံခန့်ရိုက်ပြီးနောက် တစ်ဖက်ရှိ ဝေ့ပေကို ကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။ 

" ပေ့ကောရော ဓာတ်ပုံနှစ်ပုံမရိုက်ချင်ဘူးလား..."


ဝေ့ပေ ခဏခန့်တွေးပြီးနောက် ပြောလိုက်သည်။ 

"ကောင်းပြီလေ...ဒါဆို ဇယ်ရှစ်ကိုပဲ ဒုက္ခပေးရတော့မယ်..." 


ယဲ့ဇယ်ရှစ်က ဓာတ်ပုံရိုက်သည့် ခလုတ်ကို နှိပ်လိုက်၏။


ပထမပစ်ရှင် : "ဧည့်သည်လေးယောက်ကို ဓာတ်ပုံရိုက်ပေးရန်"က ပြီးသွားခဲ့သည်။


ယခုတွင် သူတို့က အဖွဲများခွဲပြီးပြီဖြစ်သောကြောင့် ဧည့်သည်လေးယောက် ကားမတူသည်က ပုံမှန်ပင်ဖြစ်၏။


သူတို့ ကားပေါ်ရောက်သည်နှင့် ယဲ့ဇယ်ရှစ်က သူ့မျက်လုံးများထဲရှိ အပြုံးကို မဖုံးကွယ်နိုင်တော့ဘဲ ဝမ်းသာအားရ "ရေးး"ဟု အော်ခဲ့သည်။


ဟယ့်ကျင်းယွင်က ရယ်မောပြီး သူ့စိတ်ထဲရှိနေသော သံသယများကို မေးလိုက်သည်။ 

"နို့ဘူးအောက်မှာ ရေးထားတဲ့ မစ်ရှင်ကို မင်း ဘယ်လိုရှာတွေ့ခဲ့တာလဲ... "


အဲဒါက ငါလည်း ရသစုံရှိုးအများကြီးကို သွားဖူးတော့ ဝေ့ပေလိုမျိုး လှည့်စားခံခဲ့ရလို့ပဲလေ...ငါ အရမ်းစိုးရိမ်နေလို့ မျက်စိရှင်ရှင်ထားခဲ့တာ...


အစပိုင်း၌ ယဲ့ဇယ်ရှစ်က အလွန်စိတ်အေးလက်အေးဖြစ်နေပြီး ပရိုဂရမ်အဖွဲ့က သူတို့အတွက် ထောင်ချောက်များ ဆင်ရန် မဖြစ်နိုင်ဟု ခံစားခဲ့ရသည်။


သို့သော် ထိုနောက်တွင် ယဲ့ဇယ်ရှစ်က သူ၏စိတ်ကိုပြောင်းခဲ့ပြီး ဒါရိုက်တာအပေါ် သံသယဝင်လာခဲ့သည်။


ရသစုံရှိုးတစ်ခုမှာ ဘယ်လိုလုပ်မစ်ရှင်မရှိဘဲနေမှာလဲ... 


အကယ်၍ ပရိုဂရမ်အဖွဲ့က ထိုကဲ့သို့ အရာမျိုးမရှိဟု ပြောခဲ့လျှင်ပင် ဧည့်သည်များကိုယ်တိုင် ရှာတွေ့ရန် လိုအပ်သော လျှို့ဝှက်မစ်ရှင်များကို ဝှက်ထားနိုင်သည်။ 


သို့ရာတွင် ဧည့်သည်များ၏ လေ့လာစူးစမ်းနိုင်စွမ်းကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသောကြောင့် ပရိုဂရမ်အဖွဲ့က ရှာဖွေရန် အလွန်အမင်းခက်ခဲသော နေရာများ၌ မစ်ရှင်များကို ဝှက်ထားလိမ့်မည်မဟုတ်ချေ။


ရိုက်ကူးရေးမှာ မနက်ကတည်းက စခဲ့ပြီး ယဲ့ဇယ်ရှစ်နှင့် အခြားသူများက ထမင်းစားပွဲမှ မထွက်ရသေးချေ။ ထိုကြောင့်ဆိုလိုသည်မှာ မစ်ရှင်က သူတို့ရှိရာ စားပွဲ၌သာ ပေါ်လာနိုင်ချေရှိသည်။


ထို့ကြောင့်ယဲ့ဇယ်ရှစ်က မနက်စာစားချိန်တွင် ဟင်းပွဲတိုင်းကို မြည်းစမ်းခဲ့ပြီး ပန်းကန်ပြားများကို ဂရုတစိုက်ကြည့်ရှုခဲ့သည်။


သို့သော် သူဘာမှမတွေ့ခဲ့ချေ။ နောက်ဆုံးတွင် နို့ဘူးကိုသောက်ရန် ကောက်ကိုင်လိုက်သည့်အချိန်၌ နို့ဘူးအောက်တွင် တစ်ခုခုထူးဆန်းနေသည်ကို ခံစားခဲ့ရသည်။


ယဲ့ဇယ်ရှစ်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ 


ဒါရိုက်တာအဖွဲ့က အရမ်းစေတနာကောင်းတာပဲနော်... 


ပုံမှန်လူတစ်ယောက်က နွားနို့ကို ဘယ်လိုလုပ်ပြီးဇောက်ထိုးသောက်နိုင်မှာလဲ... သူသာ တမင်တကာ သတိမထားခဲ့ရင် လျှို့ဝှက်မစ်ရှင်ကို ဒါရိုက်တာအဖွဲ့ သတိပေးလာမယ့် ညနေအထိ ရှာတွေ့မှာမဟုတ်ဘူး...


ဒါပေမယ့်လည်း မလိုပါဘူးလေ...


"ဘာလို့လဲ..." 

ဟယ့်ကျင်းယွင်က ရှင်းပြသည်များကိုကြားပြီးနောက် မနေနိုင်ဘဲ မေးလိုက်သည်။


ယဲ့ဇယ်ရှစ်က မျက်လွှာပင့်ကာ ဟယ့်ကျင်းယွင်ကို ကြည့်လိုက်၏။ 


ဟယ့်ကျင်းယွင်၏ မျက်လုံးများထဲ သံသယများရှိနေကာ သူ့ကိုတိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ 


ယဲ့ဇယ်ရှစ် ရုတ်တရက် အလွန်စိတ်ဝင်စားကောင်းသည်ဟု ခံစားခဲ့ရသည်။ 


အင်တာနက်အသုံးပြုသူတွေပြောတာ တကယ်မှန်တဲ့ပုံပဲ...

ဟယ့်ကျင်းယွင်က ရသစုံရှိုးတွေမှာ ပါဝင်တာရှားတော့ ပရိုဂရမ်အဖွဲရဲ့ လုပ်ရိုးလုပ်စဥ်တွေကို လုံးဝနားမလည်ဘူး...


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းများက ကွေးတက်သွားပြီး ရှင်းပြလိုက်သည်။ 

"ရှိုးမှာ ပရိသတ်တွေကြည့်ချင်လာအောင် စိတ်ဝင်စားစရာ တစ်ခုခုတော့ ရှိရမယ်လေ..." 


ဟယ့်ကျင်းယွင်က ချက်ချင်းနားလည်သွားပြီး ခေါင်းညိတ်ပြခဲ့သည်။ 

"ဒါဆိုနောက်ပိုင်းတွေမှာလည်း ပရိုဂရမ်အဖွဲ့က နေရာတချို့မှာ မစ်ရှင်သဲလွန်စတွေ ထားထားမယ်လို့ ဆိုလိုတာပေါ့..."


ထက်မြက်တဲ့သူတွေနဲ့ စကားပြောရတာအရမ်းလွယ်တာပဲ...


ယဲ့ဇယ်ရှစ်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်တယ် အဲဒီလိုပဲ...တကယ်လို့ ကျွန်တော်တို့ အနိုင်ရချင်ရင် နောက်တစ်နေရာကျ မစ်ရှင်တွေပြီးအောင်လုပ်ရုံတင်မဟုတ်ဘဲ ပေ့ကောနဲ့ ကျားကျဲတို့ လျှို့ဝှက်မစ်ရှင် ရှာမတွေ့ခင် ကျွန်တော်တို့ အရင်ရှာပြီး ဖျက်ဆီးပစ်ရမယ်..."


ဟယ့်ကျင်းယွင်၏ နက်ရှိုင်းသော မျက်လုံးများထဲ အပြုံးတစ်ခုပေါ်လာပြီး ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်၏ လှပသော မျက်လုံးများက ဝိုင်းစက်နေပြီး လေးနက်သော မျက်နှာဖြင့်ပြောလာခဲ့သည်။ 

"မစ်ရှင်အတွက်ဆုက ပင်လယ်နတ်ဘုရားရေအောက်ဟိုတယ်ခန်းပဲ...အဲဒါက တစ်ညကိုတစ်သိန်းတောင်မှ ပေးရတာ..."


သူ၏အမူအရာက နှစ်သစ်ကူးရက်များအတွင်း နေ့တိုင်းအစာကျွေးခံရရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေချိန်ကနှင့် အတူတူပင်ဖြစ်သည်။ 


လောဘကြီးတဲ့ကြောင်ပေါက်လေးလိုပဲ ငါးလေးခြောက်စားရဖို့အတွက်နဲ့ သူ့သခင်ရဲ့ခြေထောက်ကို နေ့တိုင်းပွတ်သပ်ပြီး မျက်လုံးဝိုင်းလေးတွေနဲ့ တမြောင်မြောင်အော်နေသလိုလို...


ဟယ့်ကျင်းယွင်၏ စိတ်ထဲ ဘာကြောင့်မှန်းမသိ စကားတစ်ခွန်း ရုတ်တရက်ပေါ်လာခဲ့သည်။ 

'သူ့ကို အလိုလိုက်ချင်တယ်...'


ထိုသို့ တွေးပြီးနောက် ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းပေါ်ရှိ အပြုံးက ပိုနက်ရှိုင်းလာခဲ့သည်။


ယဲ့ဇယ်ရှစ်က သဘောကျမှတော့...


သူပြောသလိုပဲ လုပ်ကြတာပေါ့...


"ကောင်းပြီလေ...ဒါဆို မင်းပြောသလိုပဲ လုပ်ကြတာပေါ့..." 

ဟယ့်ကျင်းယွင်၏အသံက သံလိုက်ကဲ့သို့ ဆွဲဆောင်နေပြီး အလွန်နားဝင်ပီယံ ရှိပေသည်။ 


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားခဲ့သည်။


အစီအစဉ်က အတည်ပြုပြီးပြီ...


မျှော်လင့်ထားသည့်အတိုင်း ဟယ့်ကျင်းယွင်၏ ပူးပေါင်းမှုဖြင့် မစ်ရှင်က အလွန်ချောမွေ့စွာသွားနေခဲ့သည်။


ယဲ့ဇယ်ရှစ်က ဝေ့ပေနှင့် ယို့ကျားတို့၏ အာရုံကိုဆွဲဆောင်ရန် တာဝန်ရှိပြီး ဟယ့်ကျင်းယွင်က မစ်ရှင်လုပ်ရန် သွားပေသည်။ သူက မစ်ရှင်ပြီးနောက်တွင် ယဲ့ဇယ်ရှစ်ကို အချက်ပြခဲ့သည်။


တစ်ခါတလေ၌ အကြည့်တစ်ချက်ဖြင့်ပင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ဆိုလိုသည်ကို လျင်မြန်စွာ နားလည်နိုင်ခဲ့သည်။


ယဲ့ဇယ်ရှစ်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။  

ငါနဲ့ ဟယ့်ကျင်းယွင်ကြားမှာ တကယ် ထုတ်ပြောစရာမလိုတဲ့ အပြန်အလှန် နားလည်မှုရှိနေတာပဲ...


ယဲ့ဇယ်ရှစ် ယခင်ကပြောခဲ့သည့်အတိုင်း ပရိုဂရမ်အဖွဲ့က လျှို့ဝှက်မစ်ရှင် သဲလွန်စများကို အစဖော်ပေးခဲ့သည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က လိုက်ဖုံးကွယ်ရန်မလုပ်ခဲ့ချေ။ သူတို့နှစ်ဦးလုံး မလိုအပ်ဟု ခံစားခဲ့ရသည်။


အမှန်တွင် ပရိုဂရမ်အဖွဲ့၏ လိုဂိုအကြီးကြီးက ဝေ့ပေနှင့် ယို့ကျားအရှေ့တွင် ရှိနေခဲ့သော်လည်း သူတို့က အချိန်တိုင်း ပြုံးပြုံးရွှင်ရွှင်နှင့် ထူးခြားနေသောအချက်များကိုပင် မကြည့်ဘဲ လိုဂိုရှေ့မှ ဖြတ်လျှောက်သွားကြသည်။ 


မနက်ခင်းက မျက်စိတစ်မှိတ်အတွင်းကုန်သွားခဲ့ပြီး ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က သူတို့၏ မစ်ရှင်သုံးခုကို ပြီးမြောက်ခဲ့ကြသည်။            

                                                           

ဝေ့ပေရော ယို့ကျားရော လျှို့ဝှက်မစ်ရှင်ရှိတာကို ရှာမတွေ့ခဲ့ကြဘူးပဲ...


နေ့လယ်ခင်း၌ လင်းပိုင်ပင်လယ်အော်သို့သွားရန် ကားပေါ်သို့တက်ချိန်တွင် ဟယ့်ကျင်းယွင်က မနေနိုင်ဘဲ ပြောလိုက်သည်။ 

"ဝေ့ပေက ဒါရိုက်တာပြောတဲ့ စကားကို လုံးဝယုံသွားတဲ့ပုံပဲ..."


ယဲ့ဇယ်ရှစ်က လေးနက်စွာ သဘောတူခဲ့သည်။ - 

"ပေ့ကော နေ့လည်ကျ မစ်ရှင်ရှိတယ်ဆိုတာ ရှာတွေ့သွားရင် ဖြစ်သွားမယ့် အမူအရာကို အခုတည်းက စိတ်ကူးကြည့်လို့ရနေပြီ..." 


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို ကြည့်လိုက်သည်။ 

"ဝေ့ပေ နေ့လယ်ကျရင် လျှို့ဝှက်မစ်ရှင်တွေကို သူ့ဘာသာသူ ရှာတွေ့နိုင်မယ်လို့ ထင်လား..."


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို ကြည့်ပြီး မျက်တောင်ခတ်ကာ ပြောလိုက်သည်။  

"အမှန်တိုင်းကြားချင်လား..."


"ဘာတဲ့လဲ..."  

ဟယ့်ကျင်းယွင်၏ မျက်လုံးများက ပြုံးနေခဲ့သည်။


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းက ကွေးတက်သွားပြီး ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။ 

"ကျွန်တော်တော့ ပေ့ကော ရှာတွေ့နိုင်မယ်မထင်ဘူး...နောက်ဆုံးကျမှ ပရိုဂရမ်အဖွဲ့က သူတို့ကို လျှို့ဝှက်မစ်ရှင်ရှိတယ်လို့ သဲလွန်စပေးမှ သူတို့သိကြမှာ..."


"ဘာလို့လဲ..."   

ဟယ့်ကျင်းယွင် က မေးလိုက်သည်။


ယဲ့ဇယ်ရှစ်: "အလိုလိုသိစိတ်ကြောင့်ပဲ..."


ဟယ့်ကျင်းယွင် ရယ်မောမိသွားပြီး မေးခွန်းများထပ်မမေးတော့ချေ။


သို့သော် အဆုံး၌ ယဲ့ဇယ်ရှစ်ပြောသည့်အတိုင်း တကယ်ဖြစ်လာခဲ့သည်။ ဝေ့ပေနှင့် ယို့ကျားတို့က ဝန်ထမ်းများသတိပေးလာသည့် အချိန်မှသာ လျှို့ဝှက်မစ်ရှင်များရှိကြောင်း သိခဲ့ကြသည်။


ထိုအကြောင်းကို သိပြီးနောက် ဝေ့ပေက ချက်ချင်း အံ့အားသင့်သွားခဲ့သည်။  

"ဘာဖြစ်တယ်...စောဏက ဘာပြောလိုက်တာ..."


ဝန်ထမ်းက သူ စောစောက ပြောခဲ့သည့် စကားလုံးများကို ထပ်ခါပြန်ပြောလိုက်၏။ 

"ဒီနေ့ ကျွန်တော်တို့မှာ လျှို့ဝှက်မစ်ရှင်တွေရှိပါတယ်...ဒါပေမယ့် အခုအထိ ပေ့ကောနဲ့ ကျားကျဲတို့က သတိမထားမိခဲ့ပါဘူး..."


ဘေးတစ်ဖက်ရှိ ယို့ကျားက ၎င်းကိုကြားရချိန်တွင် ကြောင်အသွားခဲ့သည်။  

"ဘာမစ်ရှင်တွေကို ပြောတာလဲ..."


ထိုသို့ပြောပြီးနောက် ယို့ကျားနှင့် ဝေ့ပေတို့က တစ်ခုခုကို သဘောပေါက်သွားပုံရပြီး တစ်ချိန်တည်းပင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ကို လှည့်ကြည့်ခဲ့ကြသည်။


ယဲ့ဇယ်ရှစ်က သူ့အပြုံးကို မထိန်းထားနိုင်ခဲ့ချေ။


ဟယ့်ကျင်းယွင်၏ မျက်လုံးများကလည်း အပြုံးများဖြင့် ပြည့်နှက်နေသည်။


ငါတို့က သူတို့ကို မပြောချင်ခဲ့တာ မဟုတ်ပါဘူး...သဲလွန်စတွေက တကယ်သိသာနေတာကြီးကို...


လျှို့ဝှက်မစ်ရှင်ကတ်များက သူတို့၏လက်ထဲ အကြိမ်များစွာ ရောက်လာလုနီးပါး ဖြစ်ခဲ့သော်လည်း ဝေ့ပေက အမှန်တကယ်ပင် သတိမထားမိခဲ့ချေ။ သူက လက်ဆန့်ထုတ်ပြီး မစ်ရှင်ကဒ်အစား ရေသောက်ရန် တစ်ဖက်ရှိရေကိုသာ ကောက်ယူခဲ့သည်။


ယဲ့ဇယ်ရှစ်နဲ့ တခြားသူတွေက အဲဒါကို ဘယ်လိုလုပ် ပြောပြနိုင်ပါ့မလဲ...


ထို့အပြင် ယဲ့ဇယ်ရှစ်က ပင်လယ်နတ်ဘုရားရေအောက်ဟိုတယ်ခန်းကို အမှန်တကယ်ခံစားကြည့်ချင်ပေသည်။


ဝန်ထမ်းများက ဝေ့ပေနှင့် ယို့ကျားကို ရှင်းလင်းစွာ ရှင်းပြပြီးနောက် ဝေ့ပေ၏ မျက်နှာတစ်ခုလုံး ရှုံ့တွသွားခဲ့သည်။


"သိပါပြီ...ခင်ဗျားတို့ပဲ တော်ပါတယ်... တကယ်တော်တယ်...မနက်တုန်းက ဒါရိုက်တာကျန်းကို ဒီလောက် အကြိမ်အများကြီး မေးခဲ့တာတောင် မစ်ရှင်မရှိဘူးလို့ ပြောခဲ့တယ်လေ..." 


ဝေ့ပေက စိတ်သောကရောက်နေပြီ ဖြစ်သည်။ 

"ဒါက ခင်ဗျားတို့ပြောတဲ့ မစ်ရှင်မရှိဘူးဆိုတာလား..."


ယို့ကျားလည်း အံ့သြနေခဲ့သည်။ သူမက ရသစုံရှိုးမျိုးစုံတွင် ပါဝင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ထောင်ချောက်မိသည်က ပထမဆုံးအကြိမ်ဖြစ်သည်။


ပရိုဂရမ်အဖွဲ့က ဧည့်သည်တွေကို မစ်ရှင်မရှိဘူးလို့ပြောပြီးတော့ ဧည့်သည်တွေကို ဘယ်လိုလုပ်ပြီး မစ်ရှင် ကိုယ်တိုင်ရှာခိုင်းနေရတာလဲ...


ဒါက အပန်းဖြေခရီးတစ်ခုပဲ မဟုတ်ဘူးလား...


ဘယ်လိုလုပ်ပြီး စွန့်စားရတဲ့ရှိုးနဲ့ တူသွားရတာလဲ...


ပရိုဂရမ်အဖွဲ့က နေ့လည်ခင်းမှသာ ဝေ့ပေနှင့် ယို့ကျားတို့ကို မစ်ရှင်ကဒ် ပေးခဲ့သဖြင့် သူတို့ ထိုအချိန်အတွင်း မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။


ဝေ့ပေက သေချာစွာပင် ပရိုဂရမ်အဖွဲ့တူးထားသော တွင်းကြောင့် ဒေါသထွက်သွားခဲ့သည်။ သူက ရိုးရှင်းစွာပင် ပုလင်းကို ချိုးပြီး တိုက်ရိုက်ပြောခဲ့သည်။ 

"ကောင်းပြီလေ ခင်ဗျားတို့ ပရိုဂရမ်အဖွဲ့က ကြင်နာစိတ်မရှိမှတော့ ကျွန်တော့်ကို ပူးပေါင်းမဆောင်ရွက်လို့ဆိုပြီး အပြစ်မတင်နဲ့...ဒီမစ်ရှင်ကို ကျွန်တော်တို့ လုပ်မှာမဟုတ်ဘူး..." 


ယို့ကျားကလည်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်...ကျွန်မတို့လုပ်မှာ မဟုတ်ဘူး..."


ဒါရိုက်တာက အနည်းငယ် ချောင်းဟန့်ပြီး မနေနိုင်ဘဲ သတိပေးခဲ့သည်။ 

"ဒါပေမယ့် ဒီနေ့မစ်ရှင်က မနက်ဖြန်အတွက်မစ်ရှင်နဲ့ ဆက်စပ်နေတာနော်...မင်းတို့ မလုပ်ဘူးဆိုရင်..."


"ခင်ဗျားတို့ ပရိုဂရမ်အဖွဲ့က ဒီထက်ပိုပြီး လူသားမဆန်နိုင်ကြတော့ဘူးလား..."  

ဝေ့ပေက အရူးကဲ့သို့ ဖြစ်သွားခဲ့သည်။


ယဲ့ဇယ်ရှစ် မထိန်းထားနိုင်တော့ဘဲ ရယ်မောမိခဲ့သည်။


သူ့ရယ်သံက အနည်းငယ်ကျယ်သွားသောကြောင့် ဝေ့ပေကြားသွားပြီး ယဲ့ဇယ်ရှစ်အနားသို့ အမြန်လာကာ သူ့ကို အပြစ်ပေးချင်ယောင်ဆောင်ခဲ့သည်။


ယဲ့ဇယ်ရှစ်က လျင်မြန်စွာပင် လက်ခါပြပြီး သနားညှာတာရန် တောင်းခံခဲ့သည်။


သို့သော် ဝေ့ပေက နားမထောင်ခဲ့ချေ။



🎶🎶🎶