Chapter 64
Viewers 21k

🎶 Chapter 64



ရွက်လှေက ထွက်ခွာသွားခဲ့ပြီး လှိုင်းလုံးရှည်တစ်ခုကိုသာချန်ထားခဲ့သည်။ ဆိပ်ကမ်း၌ ကျန်ခဲ့သော ဝန်ထမ်းများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။


ငါတို့ အခုဘာလုပ်သင့်လဲ...


သူတို့နှစ်ယောက်သွားသည်က အလွန်မြန်လွန်းသောကြောင့် ပရိုဂရမ်အဖွဲ့သားများက လှေဖြင့်ချက်ချင်းမလိုက်နိုင်ကြပေ။ ထို့အပြင်အရေးကြီးဆုံးမှာ သူတို့ သွားမည့်နေရာကို လှေပိုင်ရှင်ကလွဲပြီး မည်သူမှမသိချေ။ 


ဒီလောက်ကြီးတဲ့ပင်လယ်ထဲ သူတို့နှစ်ယောက်ကို ဘယ်နားသွားရှာမှာလဲ...


ဒါရိုက်တာက ချက်ချင်း ဒေါသထွက်လုနီးပါးဖြစ်သွားပြီး နောက်ဆုံးတွင် အခြားလှေပိုင်ရှင်တစ်ဦးက ယဲ့ဇယ်ရှစ်တို့ စီးနေသည့် လှေပိုင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့မှသာ သူတို့နှစ်ဦး ဘယ်သွားသည်ကို သိခဲ့ရသည်။


လှေပိုင်ရှင်က ငါးဖမ်းနေသော နှစ်ယောက်နှင့် အဖွဲ့လိုက်ဓာတ်ပုံပင်ရိုက်ပြီး ပို့လာခဲ့သည်။


ဓာတ်ပုံထဲတွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ နောက်ကျောများသာပါပြီး သူတို့အရှေ့ဘက်ရှိ ပြုံးနေသော လူမှာ လှေပိုင်ရှင်ပင်ဖြစ်သည်။


ဒါရိုက်တာ : "......"


ဒါရိုက်တာက ဓာတ်ပုံကိုစိုက်ကြည့်ရင်း စက္ကန့်အတော်ကြာအောင် တိတ်ဆိတ်သွားကာ ခက်ခက်ခဲခဲ ဆိုလိုသည်။

"ကျေးဇူးပြုပြီး သူဌေးကို ပြောပေးပါ...သူ ဓာတ်ပုံရိုက်လို့ရပေမယ့် ဒီပုံတွေမတင်ခင် ဒီရှိုး လွှင့်တဲ့အထိစောင့်ပေးပါလို့..."


သူဌေး၏သူငယ်ချင်းက ပျော်ရွှင်စွာ ခေါင်းညိတ်ပြခဲ့သည်။ သူက မက်ဆေ့ခ်ျပို့နေရင်း သူလည်း နောက်ကျ ဟယ့်ကျင်းယွင်နှင့် ဓာတ်ပုံရိုက်၍ရလားဟု မေးလာလေ၏။


သူ့သမီးက ဟယ့်ကျင်းယွင်၏ ပရိသတ်ဖြစ်သည်။


ဒါရိုက်တာက ရယ်ပင်မရယ်နိုင်တော့ဘဲ ပြောလိုက်သည်။

"နောက်မှ အဲဒီအကြောင်းပြောတာပေါ့..."


ပြီးတော့ သူတို့ အခုလောလောဆယ် လူကိုယ်တိုင်ခွင့်တောင်းလို့ မရသေးဘူးလေ...


သူဌေး၏သူငယ်ချင်းက ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ပြကာ ပရိုဂရမ်အဖွဲ့သားများအား ဟယ့်ကျင်းယွင်တို့နှစ်ယောက်ကို သူ့လှေပေါ်၌စောင့်ရန် ကမ်းလှမ်းခဲ့သည်။ သူ၏လှေက လူများစွာကို သယ်ဆောင်နိုင်သည့် အပျော်စီးသင်္ဘောငယ်ဖြစ်သည်။


နေက အခုဒီလောက်ပြင်းနေတာကို သူတို့ ဆိပ်ကမ်းမှာပဲ ဒီတိုင်းမတ်တတ်ရပ်ပြီး ဆက်စောင့်နေနိုင်ကြမှာ မဟုတ်ဘူးလေ... 


ဒါရိုက်တာက သက်ပြင်းချပြီး သူဌေး၏သူငယ်ချင်းပြောသည်က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားခဲ့ရပြီး ဝန်ထမ်းများကို အနားယူရန် ပြောခဲ့သည်။


သူတို့ ပရိုဂရမ်တစ်ဖွဲ့လုံး တစ်နာရီကျော်ခန့် စောင့်ခဲ့ပြီး ဆိပ်ကမ်းမပိတ်မီ နောက်ဆုံးဆယ်မိနစ်အလိုတွင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ လိုက်ပါသွားသော လှေက နောက်ဆုံးတွင် ပင်လယ်ထဲ၌ ပေါ်လာခဲ့သည်။


လှေပေါ်ရှိလူနှစ်ဦးကိုမြင်ပြီးမှသာ ဆိပ်ကမ်းတွင်စောင့်နေသော ဝန်ထမ်းများအားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့ကြသည်။


ကောင်းရှူလည်း သက်ပြင်းချလိုက်မိသည်။ သူလည်း လွန်ခဲ့သောတစ်နာရီခန့်က ဒါရိုက်တာအဖွဲ့ထံမှ ယဲ့ဇယ်ရှစ်နှင့် ရုပ်ရှင်ဧကရာဇ်ဟယ့်တို့ ဝန်းထမ်းတစ်ဦးမှ မခေါ်သွားဘဲ ရွက်လှေဖြင့် ပင်လယ်ပြင်ကိုထွက်သွားကြကြောင်း မက်ဆေ့ချ်ကို လက်ခံရခဲ့သည်။ ကောင်းရှူ အလွန်ထိတ်လန့်သွားပြီး ချက်ချင်း လျင်မြန်စွာ ပြေးလာခဲ့သည်။


ကောင်းရှူက အလွန်စိုးရိမ်နေခဲ့သည်။ အကယ်၍ ပရိုဂရမ်အဖွဲ့က လှေပိုင်ရှင်နှင့် ဆက်သွယ်ပြီး ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ ငါးမျှားနေကြသည်ဟု မသိထားပါက သူ ရဲပင်ခေါ်တော့မည်ဖြစ်သည်။


ယွိရယ်ကလည်း ကောင်းရှူအနား၌ ရပ်နေပြီး သူတို့နှစ်ဦး ပြန်ရောက်လာသည်ကို မြင်ချိန်တွင် သူ့ရင်ထဲရှိ စိုးရိမ်သောကများက ပြေလျော့သွားခဲ့သည်။


အေးဂျင့်တစ်ဦးနှင့် လက်ထောက်တစ်ဦးတို့က အချင်းချင်းကြည့်လိုက်ပြီး သူတို့နှစ်ဦးလုံး၏ မျက်လုံးများထဲ အကူအညီမဲ့မှုများကို တွေ့ခဲ့ရသည်။


မကြာမီတွင် လှေဆိုက်ကပ်လာပြီး ဝန်ထမ်းများနှင့် ကင်မရာသမားများက သူတို့ကို သွားခေါ်ရန် အပြေးအလွှားသွားခဲ့ကြသည်။


ရိုက်ကူးရေးက ဆက်လုပ်နေဆဲဖြစ်ပြီး သူတို့နှစ်ဦးလုံး ဘာအန္တရာယ်မှ မဖြစ်ခဲ့သောကြောင့် ကောင်းရှူနှင့် ယွိရယ်တို့လည်း သဘာဝအတိုင်း ထိုနေရာသို့ အလျင်စလိုမသွားခဲ့ကြချေ။


ထိုအစား လူအုပ်ကြီးဖြင့် ဝန်းရံခံထားရသော ယဲ့ဇယ်ရှစ်က ကောင်းရှူနှင့် ယွိရယ်တို့ကို တွေ့သွားခဲ့သည်။ သူ အံ့အားသင့်ကာ မေးလိုက်သည်။

"ဟေး အတွင်းရေးမှူးကောင်း ခင်ဗျား ဘာလို့ ဒီကိုရောက်နေတာလဲ" 


ကောင်းရှူ: "..."


ဘိုးဘေးလေးရယ် မင်း ပျောက်သွားပြီထင်ပြီး ရဲစခန်းမှာ လူပျောက်သွားတိုင်တော့မလို့ကွ...


ကောင်းရှူက အသက်ပြင်းပြင်းရှူပြီး စကားပြောခါနီးမှာပင် ဒါရိုက်တာကျန်းက ရှေ့သို့လှမ်းလာ၍ ပြောခဲ့သည်။ 

"ဇယ်ရှစ် အခုအချိန်ရလား...ငါ မင်းရယ် ဟယ့်လောင်ရှီးရယ်နဲ့ ဆွေးနွေးစရာရှိတယ်..."


ထိုအချိန်တွင် ဟယ့်ကျင်းယွင်က လွန်ခဲ့သောတစ်နာရီခွဲခန့်က ဆုများပါရှိသည့် ပုံးတစ်ခုနှင့်အတူ အနားသို့လျှောက်လာခဲ့သည်။ 


ယွိရယ် ရှေ့သို့တိုးပြီး ငုံ့ကြည့်လိုက်ရာ ပုံးထဲ၌ ငါး၊ ပုဇွန်ပုံးတစ်ဝက်နှင့် ကမာအနည်းငယ်ကို တွေ့လိုက်ရသည်။


ဟယ့်ကျင်းယွင်က ဒါရိုက်တာပြောသည်ကို ကြားချိန်တွင် ပုံးကိုချကာ ဒါရိုက်တာကျန်းကို စိုက်ကြည့်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ..."


ဒါရိုက်တာကျန်းက သူတို့နှစ်ယောက်ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူကာ အမူအရာအနည်းငယ်ပြင်လိုက်၍ တတ်နိုင်သမျှလေးနက်ပုံပေါက်အောင် ကြိုးစားလိုက်သည်။

"ဇယ်ရှစ်နဲ့ ဟယ့်လောင်ရှီး...နောက်တစ်ခါ တစ်ယောက်ချင်းလှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် အနည်းဆုံး ကင်မရာသမားတစ်ယောက်လောက်တော့ ခေါ်သွားပေးဖို့ မျှော်လင့်ပါတယ်..."


ယဲ့ဇယ်ရှစ်က စကားတစ်ခွန်းမှ မပြောဘဲ ဟယ့်ကျင်းယွင်ကို လှမ်းကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်က မျက်ခုံးအနည်းငယ်ပင့်ပြီး ခေါင်းညိတ်ပြခဲ့သည်။

"ကောင်းပြီ...ကျွန်တော်တို့ နားလည်ပါတယ်..."


ဒါရိုက်တာကျန်း : "..."


ဘာလို့ ဝတ်ကျေတမ်းကျေပြောနေတယ်လို့ ခံစားရပါလိမ့်...


သို့သော် ဟယ့်ကျင်းယွင်က သူ့ရှေ့ရှိ ငါးပုံးကိုကောက်ယူပြီး ဒါရိုက်တာကျန်းဘေးမှဖြတ်သွားကာ ယဲ့ဇယ်ရှစ်ကိုကြည့်လိုက်သည်။

"ပြန်ရအောင်..."


"ကောင်းပြီ..." 

ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်နှင့်အတူ ကားပါကင်သို့ ဘေးချင်းကပ်လျက် လျှောက်သွားခဲ့သည်။ သူက လမ်းလျှောက်နေရင်း မေးလိုက်၏။

"ကျွန်တော် ကူသယ်ပေးရဦးမလား..."


ဟယ့်ကျင်းယွင်၏ အသံက လေနှင့်အတူ လွင့်ပျံလာခဲ့သည်။

"ဟင့်အင်း...ဒါက မလေးပါဘူး...ဒီနေ့ ငါးလေးတွေ နည်းနည်းပဲဖမ်းခဲ့ပေမယ့် စားဖို့တော့လောက်တယ်...နောက်ကျ ငါအချိန်ရရင် မင်းကို ငါးဖမ်းဖို့ ထပ်ခေါ်သွားပေးမယ်..."


ဒါရိုက်တာကျန်းက မျက်မှောင်ကြုတ်ပြီး ကောင်းရှူနှင့် ယွိရယ်ဘက်သို့ ကြည့်ကာ မရေရာစွာ မေးလိုက်သည်။

"ကျွန်တော်ပြောတာကို ဟယ့်လောင်ရှီး တကယ်ရော နားလည်သွားရဲ့လား..."


ယွိရယ်က ပြုံးပြီး ဘာမှမပြောခဲ့ချေ။


ကောင်းရှူ၏ စိတ်ထဲသက်ပြင်းချလိုက်ပြီး ဒါရိုက်တာကျန်းကို "ကျွန်တော် နားလည်ပါတယ်" ဟူသော အမူအရာဖြင့် ကြည့်လိုက်သည်။ 


ဒါရိုက်တာကျန်းက သူ့ခေါင်းကိုသူ ကုတ်ကာ ရုတ်တရက် ခေါင်းကိုက်လာသလို ခံစားခဲ့ရသည်။


ခဏအကြာတွင် သူတို့နှစ်ယောက်လုံး ဟိုတယ်သို့ ပြန်ရောက်လာခဲ့ကြသည်။ ဝေ့ပေနှင့် ယို့ကျားတို့ ပူးပေါင်းလုပ်ဆောင်ပြီး အခြားပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့၍ ကဏန်းဘုရင်တစ်ကောင်သာ ကျန်တော့သည်။ ၎င်းကို မည်သို့ဖြေရှင်းရမည်ကို သူတို့တကယ်မသိချေ။


သို့သော် ဟိုတယ်ဝန်ထမ်းများ၏ အကြံပြုချက်အတိုင်း ကဏန်းကို ရေခဲတုံးများနှင့် အေးခဲပြီး သန့်စင်အောင်ဆေးကြောခဲ့သည်။


ဝေ့ပေက သူတို့နှစ်ဦးသယ်လာသည့် ငါးပုံးကိုကြည့်ကာ အလွန်အံ့သြသွားခဲ့သည်။

"ဒါတွေကို ဘယ်ကရခဲ့တာလဲ..."


ယဲ့ဇယ်ရှစ်က ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ ပင်လယ်မှာ ငါးသွားဖမ်းခဲ့ကြတာ..."


ဝေ့ပေက အလွန်အမင်း အံ့သြသွားခဲ့သည်။

"ဟယ့်လောင်ရှီးက တကယ်ငါးဖမ်းနိုင်မှန်း မသိခဲ့ဘူး..." 


သူက ငါးပုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဒါဆို ငါးကိုင်လိုက်တော့မယ်နော်...ငါတို့ ဒီညတော့ ကောင်းကောင်းစားရတော့မယ့်ပုံပဲ..."


ထိုအချိန်တွင် ယို့ကျားလည်း အနားသို့ရောက်လာခဲ့ပြီး သူမ၏အကြည့်များက ဟယ့်ကျင်းယွင်အပေါ်၌ ခဏတာ ရပ်တန့်နေခဲ့သည်။


ဟယ့်ကျင်းယွင်က သူမ၏အကြည့်ကို သတိထားမိခဲ့သည်။ သူ ခေါင်းမော့လိုက်သည်နှင့် ယို့ကျား၏ မျက်လုံးများနှင့် ဆုံသွားခဲ့သည်။

"ဘာဖြစ်လို့လဲ..."


ယို့ကျားက ခဏခန့် ကြောင်အသွားခဲ့သည်။ မူလက သူမ ဘာမှမဟုတ်ဟု ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင် ထူးဆန်းသောတစ်ခုခုကို ပြောခဲ့မိသည်။

"ဟယ့်လောင်ရှီးက ဇယ်ရှစ်ကို တော်တော်လေးဂရုစိုက်တဲ့ပုံပဲနော်...သူ ငါးစားချင်တယ်ဆိုတာနဲ့ ငါးမျှားဖို့ ခေါ်သွားတာ..."


ဟယ့်ကျင်းယွင်၏အပြုံးက တန့်သွားပြီး သူ့မျက်ဆံများက ခဏခန့် ကျုံ့သွားခဲ့သည်။


ယို့ကျားက သူမ ပြောပြီးပြီးချင်း နောင်တရသွားခဲ့သည်။


ငါ ဘာလို့ပြောလိုက်တာလဲ...


သူတို့နှစ်ယောက်ကြားမှာ ဘာမှမရှိနေရင်ရော... ငါတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ...


ငါတို့ အခုရှိုးရိုက်နေတုန်းကြီးလေ...


ယို့ကျား၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး ပါးစပ်ဟကာ အမှားပြန်ပြင်လိုက်သည်။ 

"အာ... တခြားဘာမှ ဆိုလိုတာမဟုတ်ပါဘူး...ဒီတိုင်း ဟယ့်လောင်ရှီးနဲ့ ဇယ်ရှစ်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတယ်လို့ ထင်လို့ပါ..."


"အင်း...ကောင်းပါတယ်..." 

ဟယ့်ကျင်းယွင်က ဦးစွာသတိပြန်ဝင်လာပြီး သူ့နောက်ရှိ ကင်မရာကို အနည်းငယ် ပိတ်ဆို့လိုက်သည်။ သူ အနည်းငယ်လွတ်ထွက်ခဲ့သော စိတ်ခံစားချက်များကို ပြန်လည်ချိန်ညှိကာ နွေးထွေးသော အပြုံးဖြင့် ယို့ကျားကို ပြောလိုက်သည်။

"ဇယ်ရှစ်က အရမ်းကောင်းပါတယ်... ပြီးတော့ ကျွန်တော်တို့ ဆက်ဆံရေးကလည်း ကောင်းတယ်လေ...ဂိမ်းနောက်ဆုံးအချီတုန်းက ကျွန်တော့်ကြောင့် အနိုင်ရဖို့လွဲသွားလို့ သူ ငါးစားလို့မရတော့ဘူး...အဲဒါကြောင့် သူ့ကိုငါးဖမ်းဖို့ခေါ်သွားလိုက်တာ..."


ဟယ့်ကျင်းယွင်၏ ရှင်းပြချက်ကို ကြားပြီးနောက် ယို့ကျား၏ အမူအရာက ပိုကောင်းလာခဲ့သည်။


တော်သေးတယ်...ဟယ့်လောင်ရှီးက အလေးအနက်မယူလို့သာပေါ့...


ထိုအချိန်တွင် အဝတ်အစားလဲထားသော ယဲ့ဇယ်ရှစ်လည်း အနားသို့ ရောက်လာသည်။ သူက သူတို့နှစ်ဦး ထိုနေရာ၌သာ ရပ်နေသေးသည်ကိုမြင်ချိန်တွင် ခဏခန့် စိတ်ရှုပ်ထွေးသွားပြီး မေးလိုက်သည်။

"ကျွန်တော့် အကူညီလိုသေးလား..." 


ယို့ကျား လုံးလုံးအသိပြန်ဝင်လာပြီး လျင်မြန်စွာလှည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။

"လိုတယ်...ဟင်းသီးဟင်းရွက်လေးတွေ ကူဆေးပေးလို့ရမလား..."


"ကောင်းပြီလေ ကျွန်တော်နဲ့သာထားခဲ့လိုက်..." 

ယဲ့ဇယ်ရှစ်က ပြောပြီးနောက် ဘေးနားရှိ ဟယ့်ကျင်းယွင်ကိုတစ်ဖန်ကြည့်လိုက်သည်။

"ဟယ့်လောင်ရှီး... ကျွန်တော်တို့ ဘယ်ချိန်စားလို့ရမှာလဲ..."


ဗိုက်ဆာနေပြီလို့...


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ စကားကို ချက်ချင်းနားလည်ပြီး နှုတ်ခမ်းထောင့်များကွေးတက်သွား၍ သူ စောစောကပင် တွန်းထုတ်ခဲ့သော ခံစားချက်များ တစ်ဖန်ပြန်ရောက်လာခဲ့ကာ အပြုံးဖြင့်ပြောလိုက်သည်။

"တစ်နာရီလောက်ပဲစောင့်...မင်း ဗိုက်ဆာနေရင် မင်းအတွက် ငါး အရင်ကြော်ပေးမယ်... "


ဟယ့်ကျင်းယွင်က ထိုသို့ပြောပြီးနောက် မီးဖိုချောင်သို့ လျှောက်သွားခဲ့သည်။


ယဲ့ဇယ်ရှစ်က သူ့နောက်သို့ အမြန်လိုက်ခဲ့သည်။

"ကောင်းပြီလေ..."


ရိုက်ကူးရေး တတိယနေ့၌ ဒါရိုက်တာအဖွဲ့က တစ်ဖွဲ့ချင်း ယနေ့ ချက်ပြုတ်ရန် လိုအပ်သော ဟင်းပွဲများ၏ အမည်ကို ကြေညာခဲ့သည်။


ဝေ့ပေက လုံးလုံးမတူညီသော ဟင်းအမည်နှစ်ခုကို မြင်လိုက်ရချိန်တွင် စိတ်ခံစားချက်များစွာဖြင့် ခေါင်းခါလိုက်သည်။

"ခင်ဗျားတို့ ပရိုဂရမ်အဖွဲ့က... ကျွန်တော်တို့ကို ဘယ်လိုစိတ်ဒုက္ခပေးရမလဲဆိုတာ တကယ်သိတာပဲ..."


ကံကောင်းထောက်မစွာဖြင့် သူတို့ ယမန်နေ့က ပါဝင်ပစ္စည်းများကို အတူတကွ ပူပေါင်းယူခဲ့ကြသည်။ သူတို့သာ ယမန်နေ့က ဒါရိုက်တာ၏ စကားကို တကယ်လိုက်နာခဲ့မည်ဆိုလျှင် ယနေ့မစ်ရှင်ကို ပြီးမြောက်နိုင်မည် မဟုတ်ချေ။


ဟင်းပွဲတစ်မျိုးက ဟိုင်နန်ကြက်သားဖြစ်ပြီး နောက်တစ်မျိုးက ပေါင်လောဖန်ခေါက်ဆွဲဖြစ်သည်။ ဟင်းနှစ်ပွဲက လုံးဝ ဆက်စပ်မှု မရှိဟုပြော၍ မရသော်လည်း သက်ဆိုင်မှုမရှိသည်မှာ သေချာ၏။


ရိုက်ကူးရေးက တရားဝင်စတင်ခဲ့သည်။


ယဲ့ဇယ်ရှစ် ယခင်က တစ်ခါမှ မချက်ပြုတ်ဖူးခဲ့ချေ။ သူကျွမ်းကျင်သည့် တစ်ခုတည်းသောအရာမှာ အသင့်စားခေါက်ဆွဲပြုတ်ခြင်းပင်ဖြစ်သည်။


ယို့ကျားကလည်း ယဲ့ဇယ်ရှစ်နှင့် အတူတူပင်ဖြစ်သော်လည်း သူမက အနည်းငယ်ပိုကောင်းသည်။ အနည်းဆုံးတော့ သူမက ကြက်ဥခရမ်းချဉ်သီးမွှေကြော် လုပ်နိုင်ပေသည်။


ထို့ကြောင့် အဓိက ချက်ပြုတ်သည့်အပိုင်းက သဘာဝအတိုင်း ဟယ့်ကျင်းယွင်နှင့် ဝေ့ပေထံ ရောက်သွားခဲ့ပြီး ယဲ့ဇယ်ရှစ်နှင့် ယို့ကျားတို့က ပါဝင်ပစ္စည်းများ ပြင်ဆင်ရန်နှင့် ပန်းကန်ကူဆေးရန်အတွက်သာ ထိုနေရာ၌ ရှိနေခဲ့သည်။


ယနေ့ ရိုက်ကူးရေးက အလွန်လွယ်ကူလှသည်။ ဟယ့်ကျင်းယွင်၏ ဟင်းချက်ကျွမ်းကျင်မှုက ဧည့်သည်လေးယောက်အတွက် မစ်ရှင်ပြီးအောင်လုပ်ရန် ပိုလွယ်ကူစေခဲ့သည်။


သေချာစွာပင် ဟယ့်ကျင်းယွင်၏ ဟင်းချက်ကောင်းမှုကြောင့် ယနေ့ဟင်းချက်ပြိုင်ပွဲကို သံသယဖြစ်စရာပင်မလိုအောင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်အဖွဲ့က အနိုင်ရသွားခဲ့သည်။


ယခုအချိန်၌ ပထမအဆင့်မစ်ရှင်များအားလုံးကို ဧည့်သည်များ ပြီးမြောက်ခဲ့ပြီးဖြစ်ကာ ကျန်ရက်များအတွက် ဂိမ်းငယ်လေးများသာ အစီအစဉ်ဆွဲထားခဲ့သည်။


ယနေ့ ဟင်းချက်ပြိုင်ပွဲ၏ ဆုကြေးမှာ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က သူတို့အပြင်ထွက်လည်တိုင်း ကိုယ်ပိုင်ကားကို အသုံးပြုနိုင်မည်ဖြစ်သည်။


သို့သော် ယို့ကျားနှင့် ဝေ့ပေတို့အတွက်မူ သူတို့ကိုယ်တိုင်ဖြေရှင်းရန် လိုအပ်သည်။


၎င်းက အသေးအဖွဲကိစ္စတစ်ခုသာ ဖြစ်သည်။


ကျန်ရက်များအတွင်း သူတို့လေးဦးက အပူပိုင်းမိုးသစ်တောသို့သွားကာ ရေငုပ်၊ ငါးဖမ်းထွက်ကြသည်။


နောက်ဆုံးနေ့၌ ယဲ့ဇယ်ရှစ်က လှိုင်းစီးရန်ပင် သင်ယူခဲ့သည်။


သေချာစွာပင် ဟယ့်ကျင်းယွင်၏ အကူအညီနှင့် သင်ခဲ့ခြင်းဖြစ်သည်။


ထို့အတွက်ကြောင့် ယဲ့ဇယ်ရှစ် ပင်လယ်ရေများစွာကို သောက်ခဲ့ရသည်။


ပျော်ရွှင်ဖွယ်နေ့ရက်များက အမြဲတိုတောင်းပေသည်။ ခြောက်ရက်မြောက်နေ့ညနေတွင် ပရိုဂရမ်အဖွဲ့က ဧည့်သည်များအား ညစာကို သူတို့ကိုယ်တိုင် မဖြေရှင်းခိုင်းတော့ချေ။ ထိုအစား ပရိုဂရမ်အဖွဲ့က ဧည့်သည်များကို အလျှံအပယ်ကျွေးခဲ့သည်။


လူတိုင်းပျော်ရွှင်စွာ အတူစားကြရင်း "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း" ပထမပိုင်းရိုက်ကူးရေးမှာ ထိုနေရာတွင် ပြီးဆုံးသွားခဲ့သည်။


နောက်တစ်နေ့နံနက်စောစောတွင် ဝေ့ပေနှင့် ယို့ကျားတို့က သူတို့၏နောက်ထပ်အချိန်ဇယားမှီစေရန် ဟိုတယ်မှ ဦးစွာ ထွက်သွားခဲ့ကြသည်။


သူတို့နှစ်ဦးလုံး မထွက်သွားမီတွင် ယဲ့ဇယ်ရှစ်နှင့် Wechat အပြန်အလှန်အပ်ခဲ့ကြပြီး အချိန်ရပါက ညစာအတူစားကြမည်ဟု ပြောခဲ့သည်။


ယဲ့ဇယ်ရှစ်က ပြုံးပြီး သဘောတူခဲ့သည်။


ကောင်းရှူကလည်း ယဲ့ဇယ်ရှစ်အတွက် လေယာဉ်လက်မှတ်ဘိုကင်တင်ခဲ့သည်။ ယဲ့ဇယ်ရှစ်က သူ မထွက်သွားမီ ဟယ့်ကျင်းယွင်ကို နှုတ်ဆက်ရန် တစ်ဖက်ခန်းကို သွားခဲ့သည်။


ဟယ့်ကျင်းယွင်က သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေခဲ့ပြီး ယဲ့ဇယ်ရှစ် လာသည်ကို မြင်ချိန်တွင် မေးလိုက်သည်။

"မင်း အခုလေဆိပ်ဆင်းတော့မှာလား..."


ယဲ့ဇယ်ရှစ်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...ခဏနေရင် သွားတော့မှာမို့လို့ ဟယ့်လောင်ရှီးကို လာနှုတ်ဆက်တာ..."


ဟယ့်ကျင်းယွင်က ပြုံးလိုက်၏။

"မင်း အလျင်လိုနေလား... မင်း အလျင်မလိုဘူးဆိုရင် ငါ မင်းကို မသွားခင် ပြစရာတစ်ခုခုရှိလို့..."


ယဲ့ဇယ်ရှစ်က လေယာဉ်ချိန်ကို တွေးကာ ခေါင်းခါပြလိုက်သည်။  

"အလျင်မလိုပါဘူး...ဘာပြချင်လို့လဲ..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို ဝင်လာရန် အချက်ပြပြီး‌ အခန်းတံခါးကို ပိတ်ကာ ဘေးကလက်တော့ပ်ကို ဖွင့်၍ ဗီဒီယိုဖိုင်ကို နှိပ်လိုက်သည်။


နောက်ခံဂီတသံက ရုတ်တရက် ထွက်လာပြီး ယဲ့ဇယ်ရှစ် ရင်းနှီးပြီးသား အသံကိုကြားလိုက်ရသည်။ ဖန်သားပြင်က ချက်ချင်းလင်းလာကာ ကြည်လင်ပြီး ရင်းနှီးသောမျက်နှာတစ်ခုပေါ်လာခဲ့သည်။ ထိုလူ၏အသံက သာယာပြီး နားဝင်ချိုလှသည်။ 

"သခင်လေးကလည်း ဒီကိုသီချင်းနားထောင်ဖို့ ရောက်လာခဲ့တာလား..."


ယဲ့ဇယ်ရှစ်၏ မျက်ဆံများက ကျုံ့သွားပြီး ဟယ့်ကျင်းယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

 "ဒါက..."


ဟယ့်ကျင်းယွင်က နက်ရှိုင်းစွာ ပြုံးပြီး ဩရှရှအသံဖြင့် ပြောလာခဲ့သည်။

" 'ကျော်‌ကြားသော စစ်သူကြီး'ရဲ့ထွေလာကို တည်းဖြတ်ပြီးသွားပြီ... ဒီညထွက်မှာလေ... ဒီဟာကို ကြော်ငြာဖို့ ဇယ်ရှစ်ကိုပဲ နှောင့်ယှက်ရတော့မယ်..."



🎶🎶🎶