Chapter 71
Viewers 21k

🎶 Chapter 71



ထန်ကျင့်၏စကားကိုကြားပြီး ပထမတွင် ယဲ့ဇယ်ရှစ် အနည်းငယ် တန့်သွားလေသည်။ ထို့နောက် မသိစိတ်၏စေ့ဆော်မှုအရ ခေါင်းလေးစောင်းကာ သူ့နံဘေးရှိ ဟယ့်ကျင်းယွင်ကို တစ်ချက်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်၏အဖြေကို လုံးဝ ဂရုမစိုက်သည့်အလား ဟယ့်ကျင်းယွင်၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှမရှိပေ။ သို့သော် ယဲ့ဇယ်ရှစ်အား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေခဲ့လေသည်။


ထန်ကျင့် ကားရှေ့ခန်းထဲရှိ မှန်ထဲမှတစ်ဆင့် ယဲ့ဇယ်ရှစ်၏ မသိစိတ်အရ လှုပ်ရှားလိုက်မှုကို ရိပ်ခနဲ သတိထားမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို အလိုအလျောက်တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန်ပင် သူ့ခေါင်းအား ပြန်လှည့်လိုက်လေ၏။ ဖြစ်စဥ်မှာ အလွန်တိုတောင်းပြီး တစ်စက္ကန့်မျှသာ ကြာလေသည်။ ထို့နောက် သူ ထန်ကျင့်၏စကားကို ငြင်းဆိုလိုက်သည်။

"ငါတ်ို့တစ်သင်းထဲ ဖွဲ့ဖို့ကတော့ မဖြစ်နိုင်လောက်ဘူးထင်တယ်..."


ထန်ကျင့်၏ မျက်ခုံးများက ကျုံ့ကာ တင်းကျပ်သွားသော်လည်း သူ့မျက်နှာပေါ်မှအမူအရာကို ထိန်းချုပ်ရန်သတိရနေသေးသည်။ သူ အံ့အားသင့်သွားသည့်အမူအရာဖြင့် ပြောလိုက်သည်။

"ဟမ်...ဘာလို့လဲ..."


ယဲ့ဇယ်ရှစ် သဘာဝတကျ သူ့ခေါင်းကို ဟယ့်ကျင်းယွင်ထံ လှည့်ကာ ပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ အထူးဧည့်သည်တော်က ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ အသင်းတူတူဖွဲ့မယ်လို့ ငါဟယ့်လောင်ရှီးကို ကတိပေးထားတယ်လေ..."


ပြောရလျှင် မတိုင်မီက ထန်ကျင့် "အစားအသောက်နှစ်သက်သူတစ်ယောင်၏မှတ်တမ်း" ကို လာရိုက်ကူးလိမ့်မည်ဟု ယဲ့ဇယ်ရှစ် မသိခဲ့ချေ။ သို့ပေမည့် အကယ်၍ ယဲ့ဇယ်ရှစ်ကို ထန်ကျင့်က "အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း"ကို လာရိုက်ကူးမယ်ဟု ကြိုပြောခဲ့ပြီး ထန်ကျင့်နှင့် ဟယ့်လောင်ရှီးကြား တစ်ယောက်ကို ယဲ့ဇယ်ရှစ်ကို ရွေးချယ်ခိုင်းခဲ့လျှင်...


ယဲ့ဇယ်ရှစ် နှစ်စက္ကန့်မျှတွေးပြီး သက်ပြင်းချလိုက်လေ၏။


ထန်ကျင့်က ငါးမှမလုပ်ပေးနိုင်တာ...


အဖြေက သိသာနေပြီလေ...


ယဲ့ဇယ်ရှစ်၏အဖြေကို ကြားပြီး ထန်ကျင့် မျက်နှာ အမူအရာက ထပ်ပြောင်းလဲသွားပြီး နံဘေးမှ သူ့လက်ကို မရည်ရွယ်ဘဲ လက်သီးကျစ်ကျစ် ဆုပ်လိုက်မိသည်။


"နောက်ဆုံးတစ်ခေါက် ရိုက်ကူးရေးမှာ မင်းတို့တစ်သင်းထဲဖွဲ့ခဲ့တာလား..."

ထန်ကျင့် အသက်ကို ဖွဖွလေးရှူသွင်းလိုက်ပြီး တတ်နိုင်သမျှ သူ့အသံအား ပုံမှန်ဖြစ်အောင် ကြိုးစားလိုက်သည်။


ယဲ့ဇယ်ရှစ် ပြုံးလိုက်သည်။

"ဟုတ်တယ်... ဟယ့်လောင်ရှီး ဟင်းချက်တာက အရသာရှိတယ်လေ...ငါက မချက်တတ်တော့ ဟယ့်လောင်ရှီးကို မှီခိုရုံပဲ ကျန်တော့တာ..."


ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကိုလည်း ကြည့်လိုက်ပြီး အံ့သြလေးစားမှုများဖြင့် ပြောလိုက်သည်။

"နောက်ဆုံးရိုက်ကူးရေးတုန်းက မွှေးကြိုင်ပြီးအရသာရှိတဲ့ အစားအစာတွေစားနိုင်ဖို့အရေး ငါတကယ် ဟယ့်လောင်ရှီးကို အားထားခဲ့ရတာ... "


ဟယ့်ကျင်းယွင်၏နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားပြီး မည်သည့်မှတ်ချက်မှ မပြောခဲ့ချေ။


ထန်ကျင့် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ပါးစပ်ထောင့်ကအပြုံးက အနည်းငယ် တောင့်တင်းနေပေသည်။

"ဟုတ်လား..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်ပြီး ထပ်အကြံပြုလိုက်ပြန်သည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့...ဒီတစ်ခေါက် ဒါရိုက်တာက အဖွဲ့ကို ဘယ်လိုစီစဥ်မလဲဆိုတာ ငါမသိဘူးလေ...တစ်ကယ်လို့ နှစ်ယောက်တစ်ဖွဲ့မဟုတ်ဘူးဆိုရင် ငါတို့တစ်သင်းထဲ ဖြစ်နိုင်တာပဲ..."


ထန်ကျင့် ရယ်မောလိုက်ချင်သော်လည်း သူ့ပါးစပ်ထောင့်ထိ မရောက်ခဲ့ပေ။ သူ ပြောလိုက်သည်။

"ဒီတစ်ခေါက်လည်း နှစ်ယောက်တစ်သင်းဖြစ်မှာ ငါကြောက်တယ်..."


ထန်ကျင့် ပြောသည့်အတိုင်းပင်။


ဒုတိယရက်၏ရိုက်ကူးရေးအစ၌ အဖွင့်မှာ ပထမဆုံးတစ်ခေါက်ကဲ့သို့ အတူတူပင်ဖြစ်သည်။ ဧည့်သည်အားလုံးက စားသောက်ဆိုင်တွင် စုလိုက်ကြလေသည်။


ဒုတ်ယအကြိမ် ရိုက်ကူးရေးတွင် အထူးဧည့်သည်နှစ်ယောက်ရှိသည်။ ထန်ကျင့်အပြင် နောက်တစ်ယောက်မှာ လူတိုင်း၏ အသိအကျွမ်းဟောင်း ရှန်ဇယ်ယွီ ဖြစ်၏။


ဟယ့်ကျင်းယွင် ရှန်ဇယ်ယွီကို မြင်လိုက်ချိန် အမှန်တကယ် အလွန်အမင်း အံ့သြသွားခဲ့သည်။


"မင်းလာမယ်လို့ ငါ့ကိုတစ်ခါမှမပြောခဲ့ဘူးလေ..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


ရှယ်ဇယ်ယွီ မျက်တောင်ခတ်လိုက်သည်။

"ပြောလိုက်ရင် ဘယ်လိုလုပ် suprise ဖြစ်တော့မှာလဲ..."


ဟယ့်ကျင်းယွင် အကူအညီမဲ့စွာ ပြုံးလိုက်ရ၏။


ရှန်ဇယ်ယွီ သူ့သူငယ်ချင်းကို လျစ်လျူရှုလိုက်ကာ ဘေးနားတွင် မတ်တတ်ရပ်နေသော ယဲ့ဇယ်ရှစ်ကို လှည့်ကြည့်လိုက်ပြီး တောက်ပနေသောအပြုံးကြီးဖြင့် နှုတ်ဆက်လိုက်သည်။

"အိုး ဇယ်ရှစ်ရေ...မတွေ့ရတာ ကြာပြီပဲကွ..."


ယဲ့ဇယ်ရှစ်လည်း ပြုံးလိုက်လေသည်။

"ရှန်လောင်ရှီး မတွေ့ရတာကြာသွားပြီနော်..."


ကင်မရာများရှေ့မှောက်တွင် ရှန်ဇယ်ယွီက ရိုးရိုးတန်းတန်းပင် ယဲ့ဇယ်ရှစ်နံဘေး ထိုင်ချလိုက်ကာ ယဲ့ဇယ်ရှစ်နှင့် စတင်စကားစမြည် ပြောတော့သည်။

"စကားမစပ် ဇယ်ရှစ်...ငါအရင်တုန်းက မင်းကို ငါနဲ့

'ကျော်ကြားသော စစ်သူကြီး'ရဲ့ ဇာတ်ဝင်တေးသီချင်းရိုက်ကူးဖို့ မေးခဲ့တာလေ...ဘာလို့ ငြင်းလိုက်တာလဲ..."


ဟယ့်ကျင်းယွင် ကြက်သေသေသွားပြီး ရိုက်ကူးရန် ပြင်ဆင်နေသော ဒါရိုက်တာပါ ကြက်သေ သေသွားလေသည်။


အာ...တခြား မထင်မှတ်ထားတဲ့သတင်းပါ ရှိသေးတာ ဖြစ်နိုင်လို့လားဟ...


နံဘေးရှိ ဝေ့ပေနှင့်ယို့ကျားလည်း အနည်းငယ် အံ့သြသွားကြသည်။


ရှန်ဇယ်ယွီက ဘယ်သူမလို့လဲ...


ဂီတလောကထဲက ဒဏ္ဍာရီလာ တည်ရှိမှုမျိုးလေ...


သူတို့အိပ်မက်ထဲမှာတောင်မှ ရှန်ဇယ်ယွီရဲ့ဖိတ်ကြားမှုကို ငြင်းပယ်မယ့်အနုပညာရှင် ရှိလိမ့်မယ်လို့ မတွေးဖူးဘူး....


အဲဒါကို ယဲ့ဇယ်ရှစ်က ငြင်းလိုက်တယ်ပေါ့...


လူတိုင်း၏မျက်လုံးများက ယဲ့ဇယ်ရှစ်ပေါ် ကျရောက် စုံဆည်းသွားလေ၏။


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်ပြီး သူ ဝင်ပြောတော့မည့်အချိန်တွင် ယဲ့ဇယ်ရှစ်၏ အံ့သြမှင်သက်နေသောအသံကို ကြားလိုက်ရသည်။

"ရှန်လောင်ရှီး...လောင်ရှီး ဘယ်တုန်းက ကျွန်တော့်ကို ပူးပေါင်းဖို့ မေးလိုက်တာလဲ..."


ရှိနေသော လူတိုင်းက နောက်တစ်ခေါက် တန့်သွားကြပြန်သည်။


ရှန်ဇယ်ယွီသာ ရင်ဘတ်ထဲတွင် နာကျင်သွားလေ၏။


ဟယ့်ကျင်းယွင် မထိန်းနိုင်တော့ပေ။

"ဖူး..."


ယဲ့ဇယ်ရှစ်၏အမူအရာက ဟန်ဆောင်မှုမရှိဘဲ အရိုးခံအတိုင်း စစ်မှန်နေလေသည်။ ရှန်ဇယ်ယွီက သူဝေ့လည်ကြောင်ပတ် လုပ်နေရုံဟု ပြောချင်သော်ငြား မပြောလိုက်နိုင်ခဲ့ပေ။


အဆုံးတွင် ဟယ့်ကျင်းယွင်က လက်ဦးမှုယူကာတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

"ဇယ်ရှစ်...ရိုက်ကူးရေးလုပ်တူန်းက ဇယ်ယွီက မင်းနဲ့ ရိုက်ကူးဖို့ မေးနေတယ်လို့ ငါ ပြောခဲ့တာကို မင်းမှတ်မိလား..."


ယဲ့ဇယ်ရှစ် မမှတ်မိမီ အချိန်အတော်ကြာအောင် တစ်စိမ့်စိမ့် ပြန်တွေးလိုက်ရသည်။

"အိုး...ကျွန်တော် အခုမှတ်မိပြီ...ကြည့်ရတာ အဲ့လိုမျိုးရှိခဲ့သလိုပဲ..."


ထိုသို့ပြောလိုက်ပြီး ယဲ့ဇယ်ရှစ် ရှန်ဇယ်ယွီကို အပြစ်ကင်းစွာ လှည့်ကြည့်ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"ဒါပေမဲ့ ရှန်လောင်ရှီး...ကျွန်တော့်အေးဂျင့်က ဒီအကြောင်းကို ကျွန်တော့်ကိုပြောတာ မကြားဖူးဘူး...အဲ့တော့ ကျွန်တော်လည်း ဟယ့်လောင်ရှီးက ကျွန်တော့်ကို နောက်နေတာလို့ ထင်လိုက်တာ..."


"ကြည့်ရတာ ဒီလိုဖြစ်သွားတာပဲ..."

ယဲ့ဇယ်ရှစ် အပြုံးလေးနှင့်ပြောလိုက်သည်။


ဟယ့်ကျင်းယွင်၏အပြုံးက ပိုမိုနက်ရှိုင်းသွားလေသည်။ ရိုက်ကူးနေသောကြောင့် ဖြစ်နိုင်ပေ၏။

လက်မြှောက်ကာ သူ့နှုတ်ခမ်းထောင့်ကို လက်တစ်ဖက်နှင့် အသာဖုံးလိုက်လေ၏။


ရှန်ဇယ်ယွီ : "..."


ဒေါသထွက်လိုက်တာနော်...


သူက ဟယ့်ကျင်းယွင်အား ပူးပေါင်းဖိတ်ကြားမှုကိုမေးပေးရန် ပြောခဲ့သည်။ 

ဒါက အတုအယောင် ဖြစ်နိုင်ပါ့မလား...


ယဲ့ဇယ်ရှစ်က အမှန်တကယ်မသိဟု သူထင်ခဲ့ပေသော်လည်း ယခုကြည့်ရသည်မှာ သူ မှတ်မိနေပုံရပြီး တမင်တကာ မမှတ်မိဟန်ဆောင်နေခြင်း ဖြစ်ရပေမည်။


ရှန်ဇယ်ယွီ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး အတိတ်ကို မေ့ပစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ အရေးကြီးဆုံးမှာ ယခုလက်ရှိပစ္စုပ္ပန်ပင်။


ထို့ကြောင့် သူပြုံးလျက် ပြောလိုက်သည်။

"သေချာပေါက် အဲ့လိုပြောခဲ့တာပေါ့...ဒါပေမဲ့လည်း အချိန်ကတော်တော်ကြာခဲ့ပြီဆိုတော့ မင်းမမှတ်မိတာ ပုံမှန်ပါပဲလေ..."


ဝေ့ပေက အချိန်ကိုက် ကြားဖြတ်ပြောလိုက်သည်။

"နှစ်ဝက်တောင်ကျော်သွားပြီလေ...ရှန်လောင်ရှီး ခင်ဗျား ကျွန်တော့်ကို ပါးစပ်ကနေ ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်တောင်မှ ကျွန်တော်လည်း သေချာပေါက် အဲ့ဒါကို ဟာသလို့ပဲ ထင်လိုက်မိမှာပဲ..."


ယို့ကျားက ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး ဝေ့ပေကို ထိုးနှက်လိုက်ရန်လည်း မမေ့ပေ။

"ဒါပေမဲ့ နင်ထပ်ပြီး ဟန်ဆောင်မနေစမ်းပါနဲ့တော့ ..ရှန်လောင်ရှီးက တစ်ယောက်ယောက်ကို ပါးစပ်ကနေဖိတ်ခဲ့ရင်တောင် အဲ့ဒါက နင်မဖြစ်နိုင်ဘူး..."


ဝေ့ပေ : "ဟေး နင် စရန်ဖြစ်တော့မလို့လား..."


ပတ်ပတ်လည်တွင် ရယ်မောသံများဖြင့် ဆူညံသွားလေသည်။


ရှန်ဇယ်ယွီ ခေါင်းညိတ်လိုက်သည်။

"ဝေ့ပေ ပြောတာမှန်တယ်...ကြည့်ရတာ နောက်ဆို အနာဂတ်မှာ ငါပိုပြီးသတိထားရတော့မယ့်ပုံပဲ...နောက်ကျမှပဲ ငါ့အေးဂျင့်ကို ဇယ်ရှစ်ရဲ့အေးဂျင့်ဆီ လှမ်းဆက်သွယ်ခိုင်းလိုက်မယ်...ဘယ်လိုထင်လဲ ဇယ်ရှစ်..."


ယဲ့ဇယ်ရှစ် မျက်တောင်ခတ်လိုက်သည်။ 


ဘာကိုထင်ရမှာလဲ...


သေချာပေါက် သက်ညှာမှုမရှိဘဲ ငြင်းပစ်မှာပဲပေါ့...


သို့သော်ငြား သူဤသို့မပြောခဲ့ပေ။ အဆုံး၌ သူတို့ရှိုးကို ရိုက်ကူးနေဆဲဖြစ်သည်။


ဤစကားဝိုင်းပြီးဆုံးသွားပြီးနောက် နောက်ဆုံးတွင် ထန်ကျင့်ပေါ်လာခဲ့လေသည်။


ယဲ့ဇယ်ရှစ်၏ ဘေးပတ်ဝန်းကျင်ရှိ ခုံများအားလုံး ဦးသွားပြီကို မြင်ပြီးနောက် ရိုးရိုးရှင်းရှင်းပင် ဝေ့ပေဘေးတွင် ဝင်ထိုင်လိုက်သည်။


အထူးဧည့်သည်တော်များ ရောက်လာကြပြီး ဒါရိုက်တာအဖွဲ့က နောက်ဆုံးတွင် ယနေ့တာဝန်ကို ကြေညာလိုက်သည်။


သေချာပေါက်ပင် ယဲ့ဇယ်ရှစ်နှင့် အခြားသူများတွေးနွေးခဲ့ကြသည့်အတိုင်း ရိုက်ကူးရေးပထမဆုံးနေ့က ရှုခင်းများကို မိမိဘာသာ လှည့်ပတ်ကြည့်ရှုခြင်း ဖြစ်နေဆဲပင်ဖြစ်၏။ လျှို့ဝှက်မစ်ရှင်များ ရှိမရှိကို ဒါရိုက်တာအဖွဲ့က ရှင်းမပြသေးပေ။ မနက်စာမစားမီအချိန်မှသာ ဧည့်သည်များက နှစ်ယောက်တစ်ဖွဲ့ ဖွဲ့ရန်လိုအပ်ပြီး ဆိုလိုသည်မှာ အုပ်စုသုံးစုဖြစ်သွားလိမ့်မည်ပင်။


ထိုသည်ကိုကြားပြီး ဝေ့ပေက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"ခင်ဗျားတို့ ဒါရိုက်တာအဖွဲ့က လျှို့ဝှက်မစ်ရှစ် ရှိမရှိ ရှင်းရှင်း မပြောနိုင်ဘူးလားဟင်...အရင်တစ်ခေါက် ရိုက်ကူးရေးတုန်းကလိုတော့ ကျွန်တော့်ကိုမနှိပ်စက်ဘူးမလား ဟုတ်တယ်မလား..."


ထန်ကျင့်က မေးလိုက်သည်။

"ဘာလျှို့ဝှက်မစ်ရှင်လဲ..."


ယို့ကျားက မဲ့ရွဲ့နေသော အပြုံးတစ်ခုနှင့် အရှေ့တစ်ခေါက် သူတို့ရိုက်ကူးရေး၏အခြေအနေကို ထန်ကျင့်နှင့်ရှန်ဇယ်ယွီအား အကြမ်းဖျင်း ရှင်းပြလိုက်သည်။


ရှန်ဇယ်ယွီ ထိတ်လန့်သွားသည်။

"မင်းတို့ အခုလိုမျိုး ကစားနေတုန်းလား..."


သေချာပေါင်ပင်။ ကစားနိုင်ရုံမျှသာမက ယခုတစ်ကြိမ် စည်းမျဥ်းများမှာ ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းလာ၏။


မည်သို့ပင်ဆိုစေကာမူ ဒါရိုက်တာအဖွဲ့က ဧည့်သည်အနည်းငယ်ကို ပြောပြရန် မပြင်ဆင်ထားချေ။


စကားတစ်ခွန်းကိုသာလျှင် ပြောခဲ့လေသည်။

"လူတိုင်း ဒီမနက် များများစားထားသင့်တယ်နော်..."


ရှန်ဇယ်ယွီ ၎င်းကိုကြားပြီး အနည်းငယ်မှားနေသလို ခံစားရပြီး နံဘေးရှိ ဟယ့်ကျင်းယွင်ကို အလျင်အမြန်လှည့်ကြည့်လိုက်သည်။

"ဟယ့်ကျင်းယွင် အဖွဲ့ဖွဲ့ရအောင်..."


ဤတစ်ခေါက်တွင်မူ ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်အား ကြည့်ရမည့်အလှည့်ပင်။


ဟယ့်ကျင်းယွင် သူ့နှုတ်ခမ်းများကို ကွေးလိုက်ပြီး အပြုံးလေးတစ်ခုနှင့် ငြင်းလိုက်သည်။

"ဆောရီး မဖွဲ့နိုင်ဘူး..."


ရှန်ဇယ်ယွီ၏မျက်လုံးများက ရုတ်ခြည်းပြူးကျယ်သွားသည်။

"ဘာလို့လဲ...ငါမင်းနဲ့မသွားရင် ငါဒီနေ့ သေချာပေါက်စိတ်ပျက်စရာကောင်းသွားမှာကွ..."


ရှန်ဇယ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်ရင် မင်းငါ့နောက်ကွယ်မှာ တခြားတစ်ယောက်နဲ့ အသင်းဖွဲ့ထားလို့လား..."


ဟယ့်ကျင်းယွင်က မငြင်းခဲ့ပေ။


ယဲ့ဇယ်ရှစ် သူ့နံဘေးနားက ရှန်ဇယ်ယွီကိုကြည့်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

"ရှန်လောင်ရှီး...ကျွန်တော်က ဟယ့်လောင်ရှီးနဲ့ တစ်သင်းဖွဲမလို့လေ..."


ထိုသို့ပြောပြီး ထပ်မံပေါင်းထည့်ပြောလိုက်သည်။

"ကျွန်တော်တို့ အဲဲဒါကို မနက်ကတည်းက ဆွေးနွေးခဲ့တာ..."


ရှန်ဇယ်ယွီ : "..."


နောက်ဆုံးတော့ ငါ စွန့်ပစ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ပြီ...


ဝေ့ပေနှင့်ယို့ကျားက နောက်ဆုံးအခေါက် ရိုက်ကူးရေးတွင် ပူးပေါင်းလုပ်ဆောင်မှုက ကောင်းမွန်ခဲ့ပြီး မကြာမီမှာပင် ဆွေးနွေးညှိနှိုင်းကာ အဖွဲ့ ဖွဲ့လိုက်ကြသည်။


ထို့ကြောင့် ရှန်ဇယ်ယွီနှင့်ထန်ကျင့်သာ ကျန်ခဲ့ပြီး အလိုအလျောက်ပင် နှစ်ယောက်က တစ်သင်းတည်းဖြစ်သွားသည်။


ရှန်ဇယ်ယွီ ဟယ့်ကျင်းယွင်ကို ဒေါသတကြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကာ လူအနည်းငယ်ကို ကွေ့ပတ်လျှောက်ပြီး ထန်ကျင့်နံဘေး ထိုင်ချလိုက်သည်။ ထို့နောက် ထန်ကျင့်ပခုံးများကို ဖက်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။

"ဟမ့် ငါ့မှာရှောင်ထန်ရှိသေးတယ်ကွ...ဘယ်သူက မင်းနဲ့တစ်ဖွဲ့တည်း ကျချင်လို့လဲ..."


ဟယ့်ကျင်းယွင်က ပြုံးရုံပြုံးလိုက်ကာ ခေါင်းယမ်းပြီး ဘာမှမပြောတော့ချေ။


လူတိုင်းက အဖွဲ့များ ကွဲသွားကြပြီး မနက်စာ စတင်စားလိုက်ကြသည်။


ယခင်တစ်ခေါက် အတွေ့အကြုံအရ ဝေ့ပေနှင့်ယို့ကျားက ယခုတစ်ခေါက်တွင် အလွန့်အလွန်ကို ဂရုစိုက်နေကြသည်။ အခြားသူများ စစားလိုက်ချိန်တွင် သူတို့နှစ်ယောက်ထဲက ဘယ်သူကမှ သူတို့၏တူများကို မရွေ့ကြဘဲ ပန်းကန်ခွက်ယောက်များကို စတင်ဂရုတစိုက် စစ်ဆေးလိုက်ကြသည်။


ရှန်ဇယ်ယွီက အလွန်ပဟေဠိ ဖြစ်သွားသည်။

"လျှို့ဝှက်မစ်ရှင်က စားပွဲပေါ်မှာ ရှိတာဖြစ်နိုင်ပါ့မလား..."


ဝေ့ပေက သူ့အား ခံစားချက်များဖြင့် ကြည့်လိုက်သည်။

"မဟုတ်ရင်ရော ကျွန်တော်တို့က ဘာလို့စစ်ဆေးချင်တယ်ထင်လို့လဲ..."


ယို့ကျားကလည်း သက်ပြင်းချကာ ဖျော့တော့နေသည့်အသံလေးနှင့် ပြောလိုက်သည်။

"နောက်ဆုံးအခါက် ရိုက်ကူးရေးတုန်းက ဇယ်ရှစ်တစ်ယောက်ပဲ အဲ့ဒါကို ရှာတွေ့ခဲ့တာလေ..."


ရှန်ဇယ်ယွီ လက်ထဲတွင် တူကိုင်လျက်သား ရပ်သွားပြီး ထန်ကျင့်ကို ကြည့်လိုက်သည်။


သူတို့နှစ်ဦးသားလည်းလျှို့ဝှက်မစ်ရှင်ရှိနိုင်ချေရှိသော ပန်းကန်ခွက်ယောက် အမျိုးမျိုးကို စစ်ဆေးရင်းနှင့်ပင် စစားလိုက်ကြသည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ နှစ်ဦးကသာ မည်သည်ကိုမှ မစစ်ဆေးဘဲ အလေးအနက် စားနေကြသည့်သူများ ဖြစ်သည်။


စားပြီးနောက် ယဲ့ဇယ်ရှစ်က ဝန်ထမ်းတစ်ယောက်အား သန့်ရှင်းသည့် ထည့်စရာဘူး အလွတ်တစ်ခုကို တောင်းလိုက်ပြီး ထိုထဲသို့ ပေါင်မုန့်လေးများ အများအပြား ထည့်လိုက်ပြီး လမ်းတွင် စားချင်သေး၍ဟုပြောလိုက်သေးသည်။


ဝေ့ပေက ၎င်းနှင့်ပတ်သတ်ပြီး ပဟေဠိဖြစ်သွားသည်။

"မင်း မစ်ရှင်ကို အတူတူ မရှာချင်တာ သေချာလား..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။

"အင်း မရှာဘူး..."


ပြောပြီးနောက် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး ဟယ့်ကျင်းယွင်က ခေါင်းဖွဖွညိတ်ပြလိုက်သည်။



🎶🎶🎶