Chapter 79
Viewers 21k

🎶 Chapter 79



နောက်ပိုင်း ဆက်လက်စကားစမြည် ပြောကြချိန်တွင် ထန်ကျင့်ထံမှ စကားလေးတစ်ခွန်းပင် မကြားရတော့ချေ။ အခြားသူများ သူ့အား စကားပြောသည့် အကြိမ်ပေါင်းများစွာကို သူ မတုံ့ပြန်ခဲ့မိပေ။


ထန်ကျင့် မတုံ့ပြန်မီ အကြိမ်ပေါင်းများစွာပင် သူတို့သူ့အား ခေါ်ခဲ့ကြလေသည်။ 


သူအခြေအနေ မကောင်းသည်ကို မြင်ပြီး ယို့ကျား အနည်းငယ် စိတ်ပူသွားကာ မေးလိုက်သည်။

"ထန်ထန် အဆင်ပြေရဲ့လား...မင်းဘာလို့ စိတ်လွင့်နေတာလဲ..."


ယို့ကျားပြောသည်ကို ကြားပြီး ယဲ့ဇယ်ရှစ်လည်း လှမ်းကြည့်ကာ မေးလိုက်သည်။

"အဆင်ပြေရဲ့လား..."


ထန်ကျင့် ဝန်လေးစွာ ပြုံးပြီး ပြောလိုက်သည်။

"အဆင်ပြေပါတယ်...ငါဒီညစားတာ နည်းနည်းများသွားလို့ ထင်တယ် နည်းနည်းအိပ်ငိုက်နေလို့..."


ရိုက်ကူးရေးက ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ယခုအခါ အချို့သောအပိုင်းများကို ဖန်တီးရန်အတွက်သာ ကင်မရာကို အသုံးပြုခဲ့သည်။


ထန်ကျင့် စိတ်မပါသည်ကိုမြင်ပြီး ဝေ့ပေလည်း မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"တကယ် နောက်ကျနေပြီပဲ ...စောစော အနားယူလိုက်ကြတာပေါ့..."


အခြားသူများလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


လူတိုင်းက အချင်းချင်း "မင်းအလုပ်ကြိုးစားခဲ့ပါတယ်" ဟုပြောလိုက်ပြီး ထို့နောက် သူတို့ကိုယ်ပိုင်အခန်းများကို ပြန်သွားလိုက်ကြသည်။


ထန်ကျင့်အား ဝေ့ပေက ဆွဲခေါ်သွားပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။ ဓာတ်လှေကားထဲ ဝင်ပြီးနောက် သူ့ခေါင်းကိုလှည့်ကာ နောက်ကိုကြည့်လိုက်က်သည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်က ဘေးချင်းယှဥ်လျှက် လမ်းလျှောက်နေပြီး ရယ်စရာတစ်ခုခုကို ပြောနေကြသည့်အလား ယဲ့ဇယ်ရှစ်၏ လှပသော မျက်ဝန်းလေးများက အပြုံးလေးတစ်ခုနှင့်အတူ ကျဥ်းမြောင်းသွားခဲ့သည်။ 


"တင်-" ဆိုသည့်အသံနှင့်အတူ ဓာတ်လှေကားက ဖြည်းညှင်းစွာ ပိတ်သွားခဲ့ပြီး ထန်ကျင့်၏အမြင်ကိုပိတ်ကာသွားခဲ့သည်။


အခန်းကို ပြန်ရောက်ပြီးနောက် 2 မိနစ်အတွင်းမှာပင် ထန်ကျင့်အခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။


ထန်ကျင့် တံခါးဖွင့်လိုက်ရာ သူ့အေးဂျင့်၏ စိတ်ပူနေသော မျက်နှာကို မြင်လိုက်ရသည်။


"မင်းဒီညဘာဖြစ်တာလဲ..."

အေးဂျင့်က အထဲဝင်လာပြီး တံခါးပိတ်လိုက်သည်။


ထန်ကျင့်နှုတ်ခမ်းများကို ဖိကပ်လိုက်ပြီး မည်သည်မှ မပြောပေ။


သူစိတ်အခြေအနေ မကောင်းသည်ကို မြင်ပြီး အေးဂျင့်က မတိုက်တွန်းတော့ပေ။ သူမက ကိုယ်တိုင် ရေတစ်ခွက်ငှဲ့လိုက်ပြီး အခြားအရာများကို စပြောလိုက်သည်။

"ငါ ဒါရိုက်တာကျန်းနဲ့ အခုပဲ စကားပြောခဲ့တာ သူက မင်းဒီရှိုးမှာ ကောင်းကောင်းလုပ်ခဲ့တယ်လို့ ပြောတယ်...အဲ့ဒါကြောင့် ဒီအပိုင်းကို ထုတ်လွှင့်ပြီးတဲ့အခါကျရင် CP နာမည်ကို မသုံးဘဲနဲ့တောင် မင်းက သေချာပေါက် အင်တာနက်ပေါ်မှာ hot topic ထဲဝင်သွားလိမ့်မယ်တဲ့...ငါလည်း အဲ့လိုပဲထင်တယ်...ပြီးတော့ ရှိုးထုတ်လွှင့်တဲ့အချိန်ကျ "ကျော်ကြားသော စစ်သူကြီး" ကိုထုတ်လွှင့်ဖို့လည်း အချိန်မကြာတော့ဘူး...အချိန်ကျလာရင် မင်းနဲ့ပတ်သက်တဲ့ ခေါင်းစဥ်တွေပဲ ပိုပိုများလာလိမ့်မယ်...ငါအဲဒါကို တွေးကြည့်ပြီး..."


"သူ သတိထားမိတယ်..."

ထန်ကျင့်က ရုတ်တရက် ဖြတ်ပြောလိုက်ပြီး အေးဂျင့် စကားပြောသည်ကို နှောင့်ယှက်လိုက်သည်။


အေးဂျင့်က တန့်သွားသည်။

"ဟမ်..."


ထန်ကျင့် ခုတင်ပေါ် ပြိုလဲကျသွားသည်။

"ဟယ့်လောင်ရှီး...ကျွန်တော် ယဲ့ဇယ်ရှစ်ကို ကြိုက်နေတာကို သူသတိထားမိတယ်...ပြီးတော့...သူလည်း ယဲ့ဇယ်ရှစ်ကို ကြိုက်နေတယ်..."


အေးဂျင့်က ထန်ကျင့် ယဲ့ဇယ်ရှစ်ကြောင့် စိတ်အခြေအနေမကောင်းသည်ကို ခန့်မှန်းမိလိုက်သော်လည်း ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ်ကို ကြိုက်နေလိမ့်မည်ဟု သူမတစ်ခါမှ မမျှော်လင့်ထားမိခဲ့ပေ။ သူမ မျက်နှာတစ်ပြင်လုံး ထိတ်လန့်မှုများဖြင့် ပြည့်သွားသည်။

"မင်းပြောတာက ဟယ့်လောင်ရှီး...သူက..."


ထန်ကျင့် ခေါင်းညိတ်လိုက်ပြီး မျက်နှာကြက်ကို ဗလာဖြစ်စွာ စိုက်ကြည့်လိုက်သည်။


ယနေ့အတိုင်မီအထိ ထန်ကျင့်မှာ သူနှင့်ယဲ့ဇယ်ရှစ်၏ဆက်ဆံရေးက လုံလောက်အောင် ကောင်းမွန်နေပြီဟု အမြဲထင်ခဲ့သည်။ သို့သော် ယဲ့ဇယ်ရှစ်နှင့်ပို၍နီးကပ်သည့် တစ်စုံတစ်ယောက် ရှိကြောင်း ယနေ့တွင် သူနားလည်လိုက်သည်။


ထန်ကျင့် လက်လွှတ်လိုက်ရန် သူ့ကိုယ်သူ အမြဲပြောနေသော်လည်း အချိန်တိုင်း သူစိတ်မပြတ်နိုင်ခဲ့ပေ။


သူ တွန့်ဆုတ်နေခဲ့ပြီး အခြားတစ်ယောက်ကို အခွင့်ရေး ပေးမိခဲ့လေသည်။


အေးဂျင့်က ထိုအကြောင်းကို ထပ်မပြောမီ ဂရုတစိုက် တွေးကြည့်လိုက်သည်။

"အဲ့ဆို ဟယ့်လောင်ရှီးက မင်းကို တစ်ခုခုပြောခဲ့သေးလား..."


ထန်ဂျင့် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ဟယ့်ကျင်းယွင်၏အစောပိုင်းက စကားများကို သူ့အေးဂျင့်ထံ ပြန်ပြောပြလိုက်သည်။


အေးဂျင့်က ၎င်းကိုနားထောင်ပြီး အချိန်အကြာကြီးစကားမပြောခဲ့ပေ။ အေးဂျင့်က ဘာပြောရမှန်းမသိဟု ထန်ကျင့် တွေးလိုက်ချိန်မှာပင် အေးဂျင့်က ပြောလ်ိုက်သည်။

"ထန်ထန် ရုပ်ရှင်ဧကရာဇ်ဟယ့်ကလည်း မင်းလိုပဲ တစ်ဖက်သတ် ခံစားချက်ဖြစ်နေလောက်တယ်လို့ မင်းတွေးဖူးလား..."


×××××


"အဲ့ဒါက တစ်ဖက်သတ်လို့ မင်းကို ဘယ်သူကပြောတာလဲ..."

ဟယ့်ကျင်းယွင်၏အသံက ရုတ်တရက် အနည်းငယ် အေးစက်လာခဲ့ပြီး ဆိုဖာပေါ်တွင် လှဲနေသည့် ရှန်ဇယ်ယွီကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများသာ လူသတ်နိုင်ပါက ရှန်ဇယ်ယွီက ဤနေရာတွင် ဆက်ရှိနေနိုင်လိမ့်မည် မဟုတ်ချေ။


ရှန်ဇယ်ယွီ၏အမူအရာက သိသာသည့် မယုံနိုင်မှုများရှိနေကာ နှာခေါင်းရှုံ့လိုက်သည်။

"ဒါဆ်ိုလည်း ငါ့ကိုပြောစမ်းပါဦး...ဘယ်နေရာကများ မင်းတို့နှစ်ယောက် အချင်းချင်း မြင်နေကြတာနဲ့တူနေလို့လဲ..."


ဟယ့်ကျင်းယွင်က ဤစကားတစ်ခွန်းကိုသာ ဆိုလိုက်သည်။

"အနှေးနဲ့အမြန်ပဲ..."


"ဟေး..."

ရှန်ဇယ်ယွီ စိတ်ဝင်စားလာပြီး ဆိုဖာပေါ်မှာ ထထိုင်လိုက်သည်။

"မင်းအဲ့လောက်တောင် ယုံကြည်ချက်ရှိတယ်ပေါ့..."


ဟယ့်ကျင်းယွင် သူ့ကိုပြန်မကြည့်ဘဲ ခေါင်းငုံ့ကာ laptopနှင့် အလုပ်ဆက်လုပ်လိုက်သည်။


ရှန်ဇယ်ယွီ မတ်တတ်ရပ်ပြီး သူ့ထံလျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် ဟယ့်ကျင်းယွင်ကို ကြည့်ကာ မေးလိုက်သည်။

"ငါမေးချင်တာက မကြာခင်ဆိုတာ ဘယ်လိုမကြာခင်လဲ..."


ဟယ့်ကျင်းယွင် ၎င်းကို သေချာဂရုတစိုက် စဥ်းစားနေသည့်အလား ကီးဘုတ်ပေါ်မှ လက်ချောင်းများက ရပ်တန့်သွားသည်။ ထို့နောက်တွင် သူ့အမူအရာက အများကြီး နူးညံ့ပျော့ပျောင်းလာခဲ့သည်။

"သိပ်မကြာတော့ပါဘူး..."


"အဲ့ဒါက ဘယ်အချိန်လောက်လဲ..."

ရှန်ဇယ်ယွီက မေးလိုက်သည်။


ဟယ့်ကျင်းယွင် သူ့ကို ကြည့်လိုက်သည်။

"မင်းဘာလို့ အဲ့လောက် အသေးစိတ်သိချင်နေရတာလဲ..."


ရှန်ဇယ်ယွီ ခေါင်းခါလိုက်သည်။

"ငါက ဒီတိုင်းပြောစရာစကား ဆွံ့အသွားရုံပါ...မင်းလို နှစ်ရှစ်ရာ ကျောက်တုံးနှလုံးသားနဲ့ ယောကျ်ားကလည်း သွေးဆောင်ခံလိုက်ရလိမ့်လို့ မထင်ထားရုံတင်...ငါ့မှာ အရမ်းကိုအံ့သြသွားတာ..."


ဟယ့်ကျင်းယွင်လည်း ခေါင်းယမ်းလိုက်ပြီး သူ့သူငယ်ချင်းအား အကြောင်းပြချက်ပြောရန်ပင် ပျင်းရိသွားသည်။


ရှန်ဇယ်ယွီက စိတ်အနှောင့်မယှက်မဖြစ်ဘဲ အခန်းတစ်ဝိုက် လှည့်ပတ်သွားလာနေလိုက်သည်။ တစ်ခဏကြာပြီးနောက် သူ ထပ်မေးလိုက်ပြန်သည်။

"ဟုတ်သား ရှောင်ထန်လည်း သူ့ကို ကြိုက်နေတာပဲ....မင်းမှာ ပြိုင်ဘက်တစ်ယောက် ရှိနေပြီနော်..."


သူ့လေသံက နှစ်ထောင်းအားရနေမှုများ ပြည့်နေ၏။


ဟယ့်ကျင်းယွင်က ရှန်ဇယ်ယွီအား ကြည့်ပင်မကြည့်ချေ။ သူ့မျက်လုံးများအား အချိန်အကြာကြီး ပင့်ထားပြီး သူ၏နက်ရှိုင်းသည့် မျက်ဝန်းထဲတွင် လှိုင်းတစ်ခုပင် မရှိနေချေ။


ရှန်ဇယ်ယွီက သူမြင်ချင်သည့်အမူအရာအား မတွေ့ရသောကြောင့် သက်ပြင်းချလိုက်သည်။

"ပျင်းစရာကြီး..."


တစ်ခဏတန့်သွားပြီးနောက် သူ ထပ်ပြောလိုက်သည်။

"စကားမစပ် တခြားသူတွေကို အရမ်းအနိုင်မကျင့်စမ်းပါနဲ့ကွာ...မင်းတို့နှစ်ယောက်လုံး မင်းတို့ရဲ့ခံစားချက်တွေကို ဝန်မခံရသေးဘူးမလား ဒါဆို ပြိုင်ပွဲက မျှတပါတယ်..."


ဟယ့်ကျင်းယွင်က နောက်ဆုံးတွင် သူ့လက်ထဲရှိ အလုပ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးသွားပြီဖြစ်သည်။ သူ laptopကို ပိတ်ပြီးပြောလိုက်သည်။

"ဘယ်ဟာကများ ငါသူ့ကို အနိုင်ကျင့်နေတယ်လို့ မင်းကို တွေးစေလိုက်တာလဲ..."


"ဒီနေ့ည ရှောင်ထန်ရဲ့ စိတ်ဓါတ်ကျနေတဲ့ပုံစံက မင်းနဲ့ဘာမှ မပတ်သက်ဘူးလို့ မင်းပြောရဲသေးတယ်ပေါ့လေ..."

ရှန်ဇယ်ယွီ စူးစိူက်ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင် အမှန်လည်း မပြောရဲပေ။


ခဏကြာပြီးနောက်မှ ပြောလိုက်သည်။

"ငါက သူ့ကို လမင်းအနီးမှာ ပျံသန်းနေတဲ့ ပိုးစုန်းကြူးမလုပ်နဲ့လို့ပဲ ပြောလိုက်တာပါ...အဲ့ဒါက အဓိပ္ပါယ်မရှိဘူးလေ..."


"ကျစ်..."

ရှန််ဇယ်ယွီ ဆွံ့အသွားသည်။

"သူ့ကို ထောင့်ထိတွန်းပို့လိုက်တယ်ပေါ့ သူကမင်းကို လက်တုံ့ပြန်မှာကို မင်းမကြောက်ဘူးလား..."


ဟယ့်ကျင်းယွင် laptopကို ဖယ်ပြီး မတ်တတ်ရပ်လိုက်ကာ ယုံပြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"သူလုပ်မှာမဟုတ်ဘူး..."


ရှန်ဇယ်ယွီ : "မင်းရဲ့မျက်ကန်းယုံကြည်ချက်က ဘယ်ကလာလဲဆိုတာ ငါသိကိုမသိတော့ဘူး..."


ဤသည်ကိုကြားပြီး နောက်ဆုံးတော့ ဟယ့်ကျင်းယွင် ပြုံးကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

"ယဲ့ဇယ်ရှစ်ဆီကလေ..."


ရှန်ဇယ်ယွီ : "..."


အိုး ငါ ဘာလို့ ခွေးစာသွပ်ထည့်ခံရဖို့နဲ့ ဒီကိုလာလိုက်ရတာလဲဟ...


"ထားလိုက်ပါတော့...မင်းဘာလုပ်လဲ ငါဂရုမစိုက်တော့ဘူး အချိန်ကျလာရင်သာ ငါ့ကို မင်္ဂလာဆောင်ဖိတ်စာ လှမ်းပေးဖို့ သတိရဦး..."

ရှန်ဇယ်ယွီ ပြောလိုက်သည်။


"သေချာတာပေါ့..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


ရှန်ဇယ်ယွီ ထွက်သွားရန် ပြင်လိုက်သည်။ သူ မထွက်သွားမီတွင် အခြားစကားတစ်ခုကို တွေးမိလိုက်သည်။

"စကားမစပ် ရှောင်ထန်နဲ့ ပတ်သက်ပြီးတော့ သူ့ကို အရမ်းကြီး အနိုင်ကျင့်မနေနဲ့ဦး...ငါ သူနဲ့ ပူးပေါင်းချင်သေးတယ်..."


ဟယ့်ကျင်းယွင်က သူ့ကိုလှည့်၍ပင် ကြည့်မနေဘဲ ဖုန်းကိုထုတ်ကာ ယဲ့ဇယ်ရှစ်၏မက်ဆေ့ချ်ကို စာပြန်လိုက်သည်။

"မြန်မြန်ထွက်သွား..."


ရှန်ဇယ်ယွီ ထွက်သွားရင်း တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။


ဟယ့်ကျင်းယွင်၏ ပြန်စာကို လက်ခံရရှိပြီးနောက် ယဲ့ဇယ်ရှစ် အနည်းငယ် ကြည်နူးသွားသည်။


လွန်ခဲ့သည့် ဆယ်မိနစ်တက သူ ဟယ့်ကျင်းယွင်ထံ 'မနက်ဖြန် လေယာဥ်ဘယ်အချိန် ထွက်မလဲ'ဟု မက်ဆေ့ချ်ပို့ကာ မေးလိုက်သည်။


ဟယ့်ကျင်းယွင်က ယခုပင် စာပြန်လာခဲ့သည်။

"မနက် 3 နာရီ..."


"ဘာလို့မနက်အစောကြီးပါလိမ့်...."


ယဲ့ဇယ်ရှစ်က ဤတစ်ကြိမ်တွင် ဟယ့်ကျင်းယွင်နှင့်အတူ ထွက်သွားနိုင်သည်ဟု တွေးထားခဲ့ပေသည်။

"မနက်ဖြန် အလုပ်ရှိလို့လား..."


ဟယ့်ကျင်းယွင်၏မက်ဆေ့ချ်က ပြန်ရောက်လာခဲ့သည်။

"မဟုတ်ဘူး ရုပ်ရှင်ရဲ့ နောက်ဆုံးဗားရှင်းက တည်းဖြတ်ပြီးသွားပြီ...အဲ့ဒါကို မနက်ဖြန် ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်ဖို့ သွားမှာ..."


ယဲ့ဇယ်ရှစ် ပြန်ပြောလိုက်သည်။

"အိုး..."


အကယ်၍ ပြန်သုံးသပ်ကြည့်ရန်အတွက်ဆိုပါက စိုးရိမ်ပူပန်နေသည်က ပုံမှန်ပင်။


လာမည့်ရက်အနည်းငယ်အတွင်း ဟယ့်ကျင်းယွင် အလွန် အလုပ်ရှုပ်နေမည့်ပုံ ပေါ်ပေသည်။


၎င်းကိုတွေးပြီး ယဲ့ဇယ်ရှစ် နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။


နေ့လည်ခင်းတွင် သူ့စိတ်အခြေအနေက အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားခဲ့ရသော်လည်း ထိုအချိန်၌ သူအများကြီးမတွေးမိခဲ့ပေ။


ဤခံစားချက်က ည၌ ပို၍ပင် ပြင်းထန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။


အဲ့ဒါက နည်းနည်း...စိတ်ဓါတ်ကျနေသလိုမျိုးပဲ...


သူ 'ဘာအတွက် စိတ်ဓါတ်ကျနေသလဲ' ဆိုသည်ကိုမူ ယဲ့ဇယ်ရှစ် မမှန်းဆတတ်ချေ။


သူ နားမလည်သည့် အရာများကို မစဥ်းစားချင်ခဲ့ပေ။


ဟယ့်ကျင်းယွင် လေဆိပ်သို့ မထွက်ခွာမီအထိတိုင်အောင် သူဟယ့်ကျင်းယွင်နှင့် စကားပြောနေလိုက်သည်။


"စောစောအိပ်တော့..."

ဟယ့်ကျင်းယွင် မက်ဆေ့ချ်ပို့လိုက်သည်။


ယဲ့ဇယ်ရှစ်က "OK" ဟူသော ရုပ်ပုံလေးတစ်ခုပို့ပြီး စာတစ်ကြောင်း ထပ်ပို့လိုက်သည်။

"ဟယ့်လောင်ရှီးလည်း ကားထဲမှာ ခဏလောက် အနားယူဖို့ သတိရဦးနော်..."


ဟယ့်ကျင်းယွင် : "ဟုတ်ပါပြီ..."


ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းများ ကွေးတက်သွားပြီး ဖုန်းကိုဘေးသို့ ပစ်ကာ အနားယူလိုက်သည်။


×××××


နောက်တစ်နေ့မနက်စောစောတွင် ကောင်းရှူက ယဲ့ဇယ်ရှစ်ကို အထုတ်အပိုးများ ကူသယ်ပေးရန် ရောက်လာခဲ့သည်။


နေ့လည်ခင်းတွင် သူတို့လက်မှတ်ဖြတ်လိုက်သော်လည်း အနည်းငယ်စောနေဆဲပင်။ ထို့ကြောင့် ကောင်းရှုက ယဲ့ဇယ်ရှစ်ထံ 'မော်လ်ကိုသွားပြီး လက်ဆောင် အရင်ဝယ်ချင်လား' ဟု လာမေးလိုက်သည်။


ယဲ့ဇယ်ရှစ် တစ်ခဏမျှတွေးပြီးနောက် မဆိုးဟုတွေးလိုက်သည်။


လွန်ခဲ့သည့် အချိန်အချို့တွင် ယန်မန်က သူ့အတွက် ငါးလေးခြောက်များစွာ ကြော်ပေးခဲ့ပြီး ထိုစဥ်အချိန်က သူ ဘာမှပြန်မပေးမိခဲ့ချေ။ ယန်မန်က လက်ဝတ်ရတနာများကို အလွန်ကြိုက်နှစ်သက်သည်။ ထို့ကြောင့် လက်ဝတ်ရတနာဒီဇိုင်းအသစ်များ ရှိမလား သူသွားကြည့်ကာ အချို့ကို သူမထံ ဝယ်သွားလိုက်မည် ဖြစ်သည်။


ယဲ့ကျန့်ပင်းက လက်ဖက်ရည် ကြိုက်ပေသည်။ ထို့ကြောင့် သူအချို့ဝယ်သွားနိုင်လေသည်။ 


ယဲ့ဟောက်ရန်အတွက်မူ ရှုးဖိနပ်တစ်ရံကိုသာ သွားပြီး ဆွဲဝယ်လိုက်ရုံလေး ဖြစ်သည်။


အကြမ်းဖျဥ်း ထုတ်ပိုးပြီးနောက် စထွက်ရန် ပြင်လိုက်သည်။


တံခါးကို ဖွင့်ဖွင့်လိုက်ခြင်းပင် ထန်ကျင့်က အခန်းတံခါး၌ ရပ်နေသည်ကို ယဲ့ဇယ်ရှစ်မြင်လိုက်သည်။ သူသည်လည်း ယဲ့ဇယ်ရှစ်ကို မြင်လိုက်ချိန်တွင် တန့်သွားခဲ့သည်။

"မင်း...မင်းလည်း လေဆိပ်ကို သွားတော့မလို့လား..."


ယဲ့ဇယ်ရှစ် ခေါင်းခါလိုက်သည်။

"ငါတို့ လေယာဥ်က နေ့လည်မှလေ...အခုက အနီးနားက မောလ်တစ်ခုခုကို သွားမလို့..."


ထန်ကျင့် စိတ်သက်သာရာရစွာ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး ပြုံးလိုက်သည်။

"ကောင်းပြီ ဒါဆို ငါမင်းနဲ့ လိုက်လာလို့ ရလား..."


"ရတာပေါ့..."

ယဲ့ဇယ်ရှစ် အဆင်သင့်ပြောလိုက်သည်။


ထို့ကြောင့် မူလက လူနှစ်ယောက်ခရီးတိုလေးက လူလေးယောက်ခရီးတိုတစ်ခု ဖြစ်သွားခဲ့လေသည်။

(T/N - ယဲ့ဇယ်ရှစ် ၊ ကောင်းရှု၊ ထန်ဂျင့်နဲ့သူ့အေးဂျင့်ဖြစ်လောက်ပါတယ်)


ယန်မန်အတွက် လက်ဆောင်များ ရွေးချိန်တွင်လည်း ထန်ကျင့်က အကြံဥာဏ်အချို့ ပေးခဲ့သည်။


ယဲ့ဇယ်ရှစ် ပြုံးကာ ပြောလိုက်သည်။

"ကံကောင်းထောက်မလို့ မင်းဒီမှာ ရှိနေလို့သာပေါ့...မဟုတ်ရင် ငါ့အတွက် ဘာနေနေ ရွေးလိုက်ဖို့ဝန်ထမ်းကို မေးလောက်မိမှာ..."


ထန်ကျင့် ပြုံးလိုက်သည်။

"ငါလည်း အကူအညီအများကြီးတော့ မပေးခဲ့ပါဘူး..."


စျေးဝယ်ပြီးနောက် လေးယောက်သား ဟိုတယ်ကို ပြန်လာကြသည်။


ယဲ့ဇယ်ရှစ် အစပြုကာ ထန်ဂျင့်ကိုဖိတ်ခေါ်လိုက်သည်။

"မင်းဝင်လာချင်လား..."


သဘာဝကျစွာပင် ထန်ကျင့်က မငြင်းခဲ့ချေ။ သို့သော်လည်း သူ့မျက်နှာတွင် အနည်းငယ် သိသာထင်ရှားနေသော တင်းကြပ်မှု တစ်ခုရှိနေခဲ့လေသည်။


အခန်းထဲဝင်ပြီးနောက် ယဲ့ဇယ်ရှစ်က ပစ္စည်းများကို ချလိုက်ကာ ရေခဲသေတ္တာကိုဖွင့်ပြီး ထန်ကျင့်ကို မေးလိုက်သည်။

"မင်း ဘာသောက်ချင်လဲ..."


ထန်ကျင့်နောက်ကျောက ဖြောင့်တန်းသွားပြီး မပြောမီ နှုတ်ခမ်းကို တင်းတင်းဖိလိုက်သည်။

"ရေက အဆင်ပြေပါတယ်..."


ယဲ့ဇယ်ရှစ် ရေနှစ်ဘူးထုတ်ပြီး ထန်ကျင့်ထံ ကမ်းပေးလိုက်သည်။


ရေဘူးကို ယူလိုက်စဥ်တွင် ထန်ကျင့်လက်ချောင်းများက ယဲ့ဇယ်ရှစ်လက်ကို ထိမိသွားပြီး ထန်ကျင့်တစ်ကိုယ်လုံး သဘာဝမကျသလို ခံစားလိုက်ရသည်။


ယဲ့ဇယ်ရှစ်က ဤသည်ကို သတိမထားမိဘဲ ထန်ကျင့်နှင့် မျက်နှာချင်းဆိုင်တွင် သဘာဝကျကျ ထိုင်လိုက်ကာ TV ကိုဖွင့်ပြီး ထန်ကျင့်ကို ထပ်ကြည့်လိုက်သည်။

"ငါတို့ရုပ်ရှင်ကြည့်ကြမလား...မင်းကြည့်ချင်တဲ့ တစ်ခုခုရှိလား..."


ထန်ကျင့် သူ့အသက်ရှုသံကို ပြန်ညှိလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

"မင်းကြည့်ချင်တာ ဘာဖြစ်ဖြစ်..."


ယဲ့ဇယ်ရှစ် "အိုး" ဟုပြောလိုက်ပြီး ချန်နယ်များကို ရည်ရွယ်ချက်မရှိ အထက်အောက် စရွေ့လိုက်သည်။


ထန်ကျင့် အသက်တစ်ချက်ရှုရှိုက်လိုက်ပြီး ဖြေးဖြေးချင်း ပြန်ထုတ်လိုက်သည်။


သို့သော် ဤလုပ်ရပ်က သူ့ဖိအားများကို လုံးဝမလျော့သွားစေဘဲ သူ့နှလုံးသားက အရူးအမူး ခုန်နေဆဲပင်။


"ထပ် ထပ် ထပ်"ဟူသောအသံက တိတ်ဆိတ်နေသည့် အခန်းထဲတွင် အလွန်ပင် သိသာနေခဲ့သည်။


သူ့နှလုံးသားထဲမှာ တိတ်တိတ်လေး သူ့ကိုယ်သူ အားပေးလိုက်ပြီးနောက် ထန်ကျင့် ပြောလိုက်သည်။

"ယဲ့ ယဲ့ဇယ်ရှစ်...ငါမင်းကို ပြောစရာရှိတယ်..."


ယဲ့ဇယ်ရှစ် သူ့ခေါင်းကို အလျင်အမြန်လှည့်ကာ ထန်ကျင့်ကို ကြည့်လိုက်သညိ။

"ဘာကိစ္စလဲ..."


သူတို့၏အကြည့်များက လေထဲတွင် ဆုံသွားခဲ့ကြသည်။


ထန်ကျင့်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်သည်။ သူ့မျက်လုံးများကို မှိတ်ပြီး အံကြိတ်လိုက်ကာ သူ့အသံက တုန်ဟီးလျက် အကျယ်ကြီး ထွက်လာခဲ့သည်။

"ငါမင်းကိုကြိုက်တယ်..."


ယဲ့ဇယ်ရှစ် : "ဟမ်..."



🎶🎶🎶