Chapter 81
Viewers 21k

🎶 Chapter 81



တစ်ချိန်တည်းမှာပင် ယဲ့ဇယ်ရှစ်၏ အိမ်တွင်... 


ကောင်းရှူ၏ အသံမှာ အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေသည်။ 

"သခင်လေး ဘာတွေဖြစ်ကုန်တာလဲ... ထန်ကျင့် အေးဂျင့်ကို ကျွန်တော် ဆက်သွယ်ကြည့်တော့ သူလည်း ဘာမှမသိဘူးပြောတယ်..."


"အခု ဖန်တွေက နည်းနည်း စိတ်ရှုပ်နေကြပြီ... သူတို့တွေ စတူဒီယို Weiboအထိလာပြီး ဒီကိစ္စအကြောင်း လာမေးနေကြတယ်... ကျွန်တော်တို့ တတ်နိုင်သမျှမြန်မြန်လေး အဖြေပြန်ပေးနိုင်မှဖြစ်မယ်..."


ယဲ့ဇယ်ရှစ် မရှင်းပြရသေးမီတွင် ကောင်းရှူထံတွင် ဖုန်းမြည်လာခဲ့သည်။ 


"သခင်လေး ခဏလောက်စောင့်ပေးပါဦး... အခု ဖုန်းခေါ်လာတာက ထန်ကျင့်အေးဂျင့် ဖြစ်နေလို့... "


ကောင်းရှူ ရှင်းပြပြီးနောက် ဖုန်းဖြေလိုက်သည်။ 


ထန်ကျင့်၏ အေးဂျင့်မှာ ဝမ်ထုံဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူမ Weiboကို မြင်လိုက်ရသောအခါ အနည်းငယ် ခေါင်းရှုပ်သွားခဲ့ရပြီး ခဏအကြာ စိတ်ပြန်လည်တည်ငြိမ်သွားသောအခါ ထန်ကျင့်ကို ဖုန်းဆက်လိုက်သော်လည်း ဖုန်းက ပိတ်ထားလေသည်။


နေ့လည်ခင်းတွင် ထန်ကျင့်က သူ၏ ဖွင့်ပြောခြင်းက ကျရှုံးသွားပြီဖြစ်ကြောင်း ဝမ်ထုံကို ပြောပြလာခဲ့သည်။


ဝမ်ထုံ ထိုအကြောင်းကို အများကြီးမတွေးခဲ့ပေ။ ထို့ကြောင့် သူမ ထန်ကျင့်ကို နှစ်သိမ့်ပေးလိုက်ပြီး အနားယူရန် အိမ်သို့ ပြန်ပို့ပေးခဲ့သည်။ ထန်ကျင့်၏ စိတ်အခြေအနေကို တည်ငြိမ်သွားစေရန်အတွက် သူ့အလုပ်အားလုံးကိုပင် နောက်အပတ်သို့ အထူးတလည် ရွှေ့ပေးခဲ့သေးသည်။ 


သို့သော် ဝမ်ထုံ မမျှော်လင့်ခဲ့သည်မှာ ထန်ကျင့်က ဤကဲ့သို့ တဇွတ်ထိုး ပြုလုပ်လိုက်မည်ကို ဖြစ်သည်။


ယခုတွင် ကာယကံရှင်ကို ရှာမတွေ့တော့ပေ။ ထန်ကျင့်ကို လိုက်ရှာရန်အတွက် ဝမ်ထုံက အခြားသူများကို ခိုင်းလိုက်ပြီး သူမကမူ ကောင်းရှူကို ဦးစွာဆက်သွယ်လာသည်။


အနည်းဆုံးတော့... လူထုဆက်ဆံရေးကို အရင်ပြီးအောင် လုပ်ထားမှ ဖြစ်မယ်...


ဝမ်ထုံ ဖြေရှင်းနည်းကို စဉ်းစားပြီးဖြစ်သည်။ သို့သော် ယဲ့ဇယ်ရှစ်က အတူပူးပေါင်းပေးမှရမည်ဖြစ်သောကြောင့် သူမ ဖုန်းခေါ်လိုက်ရခြင်းဖြစ်သည်။


နောက်မှ သူမ ထန်ကျင့် Weibo သို့ဝင်ပြီး ထိုပို့စ်ကို ဖျက်လိုက်မည် ဖြစ်သည်။ ထိုအချိန်မှသာ ထိုပို့စ်က သူငယ်ချင်းများနှင့် truth or dare ဂိမ်းကစားခြင်း ဖြစ်သည်ဟု ဖန်များကို ရှင်းပြလိုက်မည်။


ထို့ကြောင့် ထိုအစီအစဉ် ရှေ့ဆက်နိုင်ရန်အတွက် ယဲ့ဇယ်ရှစ်ကို လိုအပ်ခြင်းဖြစ်သည်။ ထိုစာကြောင်းလေး တစ်ကြောင်းတည်းနှင့်ပင် ဖန်များက ထိုကိစ္စကို ဟာသအဖြစ်သာ ကျော်သွားမည် ဖြစ်သည်။ 


အလွန်ဆုံးမှာ cpဖန်များက ဤသည်ကို သူတို့၏ စကားဝိုင်းထဲတွင် ထည့်ပြောရုံမျှသာ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ယခုကိစ္စကို လူများက မှတ်မိကြတော့မည်မဟုတ်ဘဲ ကိစ္စကြီး ဖြစ်တော့မည် မဟုတ်ပေ။


ကောင်းရှူ ဝမ်ထုံနှင့် စကားပြောနေခဲ့သည်ကို ယဲ့ဇယ်ရှစ် နားထောင်နေခဲ့သည်။ သူ့တွင် အခြားပြောစရာမရှိပေ။


သို့သော် ယဲ့ဇယ်ရှစ် ယခု အစိုးရိမ်ဆုံးမှာ ထန်ကျင့် "ဘယ်ရောက်နေသလဲ" ဆိုသည်ကိုပင်။


ဝမ်ထုံလည်း ထိုသည်ကို သိချင်နေခဲ့သည်။ သူမ၏ အသံမှာ နွမ်းလျနေခဲ့သည်။

"ကျွန်မလည်း သူ့ကို လိုက်ရှာတဲ့အဖွဲ့ဆီကနေ သတင်းကို စောင့်နေရတာ... ဒါပေမဲ့ တခြားထွေထွေထူးထူးကိစ္စ မရှိဘူးဆိုရင်တော့ ထန်ထန်က ဘားတစ်ခုခုမှာ ရှိနေလောက်တယ်..."


သူ မူး‌နေချိန်မှသာ ထန်ကျင့် ယခုလို လုပ်လိမ့်မည်ဖြစ်သည်။ 


သူမ ခေတ္တရပ်သွားပြီး မထိန်းထားနိုင်တော့ဘဲ ဆက်ပြောလာသည်။ 

"အဲဒီအတွက် ကျွန်မကိုပဲ အပြစ်တင်ရမှာဘဲ... ဒီနေ့လည်ခင်းက သူ ပုံမှန်မဟုတ်တာကို ကျွန်မမြင်ခဲ့ရဲ့သားနဲ့ သူ့ကို စိတ်တည်ငြိမ်သွားအောင် အတူတူ မနေပေးနိုင်ခဲ့ဘူး... ရှင်တို့ကို ပြဿနာပေးမိတဲ့အတွက် ကျွန်မ တကယ်ကို ရှက်မိပါတယ်..."


ယဲ့ဇယ်ရှစ်ပြောလိုက်သည်။ 

"ကိစ္စမရှိပါဘူး... ကျွန်တော် Weiboပို့စ် ပြန်တင်ရုံပဲ မဟုတ်လား... ထန်ကျင့်ကို ရှာတွေ့ခဲ့ရင်သာ သူ့တည်နေရာကို ကျွန်တော့်ကို ပို့ပေးလို့ရမလား..."


ဝမ်ထုံ သဘောတူလိုက်သည်။


"သခင်လေး အဲဒီကို သွားချင်လို့လား..." 

ထိုသည်ကို ကြားသောအခါ ကောင်းရှူ စိတ်ပူသွားပြီး သဘောမတူကြောင်း ပြောလာသည်။ 


ယခုကိစ္စမှာ အစကတည်းက သခင်လေးနှင့် မည်သို့မှ မသက်ဆိုင်ဟု ကောင်းရှူ ထင်သည်။ ယခုအချိန်တွင် ယဲ့ဇယ်ရှစ်အနေဖြင့် ထန်ကျင့်နှင့် မတွေ့သည်က ပိုကောင်းလေသည်။  


သူတို့ ထိုပို့စ်ကို ဖျက်လိုက်ပြီး ဂိမ်းတစ်ခုပါဟု ရှင်းပြလိုက်ပါက ဖန်များက ယုံကြမည်ဖြစ်သော်လည်း အင်တာနက်အသုံးပြုသူများက ငတုံးများ မဟုတ်ကြပေ။ ယနေ့တွင်သာ ထန်ကျင်နှင့် ယဲ့ဇယ်ရှစ်အား အတူတကွ ဓာတ်ပုံအရိုက်ခံလိုက်ရပါက ထိုအခါမှသာ ရှင်းပြရန် အမှန်တကယ် ခက်ခဲသွားမည်ဖြစ်သည်။ 


လူထုအမြင်အား လှည့်စားနိုင်မည် ဆိုသည်ကို အာမခံရန် ခက်ခဲလှသည်။ ယဲ့ဇယ်ရှစ် အပေါ်တွင် သက်ရောက်မှုမရှိသော်လည်း အကောင်းကြီး မဟုတ်လှပေ။


ယဲ့ဇယ်ရှစ် ပြောလိုက်သည်။ 

"ကျွန်တော် သွားပြီးကြည့်ရုံပါပဲ... ပြောရရင် သူ ဒီလိုဖြစ်နေတာ ကျွန် တော့်ကြောင့်လေ..."


"ဟင်...သခင်လေး... ဘာကိုဆိုလိုတာလဲ..."

ကောင်းရှူ ကြောင်သွားသည်။


"ထန်ကျင့်က မူးနေတာလို့ သူတို့ အခုပဲ ပြောလိုက်တာ မဟုတ်ဘူးလား..."


ဝမ်ထုံ သက်ပြင်းဖွဖွချကာ လိုရင်းတိုရှင်း ပြောလိုက်သည်။

"ဒီနေ့... ထန်ထန်က ယဲ့ဇယ်ရှစ်ကို ဖွင့်ပြောခဲ့ပေမယ့် အငြင်းခံလိုက်ရတယ်လေ..."


"အဲ့ဒါကြောင့် သူ သွားသောက်ပြီး အခုလို စိတ်လိုက်မာန်ပါ အလုပ်မျိုး Weiboမှာ ကောက်လုပ်လိုက်တာ..."


"ဟမ်...ဘယ်တုန်းကလဲ... ကျွန်တော်က ဘာဖြစ်လို့မသိရတာလဲ... နေပါဦး...ဘာကြီး... ဖွင့်ပြောတာ...ဟုတ်လား..."

ကောင်းရှူ လုံးဝကို အံ့အားသင့်သွားခဲ့သည်။ 


ယဲ့ဇယ်ရှစ်: "..."


ဝမ်ထုံ: "..."


ဒါဆို ငါက ဒီမှာ တစ်ချိန်လုံးထိုင်နေပြီး တကယ့်အကြောင်းအရင်းကို မသိဘဲ အားလုံးနဲ့အတူ အစီအစဉ်တွေဆွဲနေခဲ့တာပေါ့လေ... 


ယဲ့ဇယ်ရှစ် ခပ်ဖွဖွ ချောင်းဟန့်လိုက်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ဆက်ပြောလိုက်သည်။

"နောက်မှပဲ အစ်မဝမ်ထုံကို လိပ်စာပို့ပေးဖို့ ပြဿနာပေးရတော့မှာပဲ... အတွင်းရေးမှူးကောင်း... ခင်ဗျား ကျွန်‌တော့်ကို စိုးရိမ်စရာမလိုပါဘူး... ကျွန်တော် ထန်ကျင့် အခြေအနေကို သွားကြည့်တယ်ဆိုရုံလေးပဲ..."


နောက်ဆုံးတွင် ကောင်းရှူတစ်ယောက် အခြေအနေအပြည့်အစုံကို နားလည်သွားပြီဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်ကို တစ်ယောက်တည်းလွှတ်ရန် ပိုမဖြစ်နိုင်တော့ပေ။ 

"ဒါဆို ကျွန်တော်လည်းလိုက်မယ် သခင်လေး... ကျွန်တော့်ကို အိမ်ကနေ စောင့်နေပေးပါ... ကျွန်တော်အခုပဲ ထွက်လာခဲ့မယ်... ပြီးမှ အဲ့ဒီကို အတူတူသွားကြတာပေါ့..."


ထန်ကျင့်က ယဲ့ဇယ်ရှစ်ကို ဖွင့်ပြောခဲ့ပြီး အငြင်းခံလိုက်ရသည်။

အဲ့ဒီနောက် သူ့ကိုယ်သူ မူးအောင်သောက်လိုက်ပြီးတော့ နောက်မှ ယဲ့ဇယ်ရှစ်ကို သွားတွေ့ပြီး ရှင်းမပြနိုင်တဲ့ ကိစ္စမျိုးကို လုပ်ထည့်လိုက်ရင် ငါ ယဲ့ကျန့်ပင်းကို ဘယ်လိုရှင်းပြရမှာလဲလို့... 


ယဲ့ဇယ်ရှစ် ခဏမျှတွေးလိုက်သည်။ သို့သော် ကောင်းရှူ စိတ်မပူစေရန်အတွက် မငြင်းခဲ့ပေ။


ဖုန်းချလိုက်ပြီးနောက် အခန်းက ပြန်လည်တိတ်ဆိတ်သွားပြန်သည်။


ယဲ့ဇယ်ရှစ် ငါးလေးခြောက်ကို ကောက်ဝါးလိုက်သည်။ အတန်ကြာ တိတ်ဆိတ်ပြီးနောက် သူ WeChat ကို ဖွင့်လိုက်ကာ ဟယ့်ကျင်းယွင်ဆီသို့ စာပို့လိုက်သည်။

"ဟယ့်လောင်ရှီး..."


ဟယ့်ကျင်းယွင်၏ ပြန်စာက စက္ကန့်အနည်းငယ်အတွင်း ဝင်ရောက်လာခဲ့သည်။ 

"ဘာဖြစ်လို့လဲ..."


ယဲ့ဇယ်ရှစ် အသံတိတ်ပြုံးလိုက်မိသည်။

"လောင်ရှီး အိပ်ပြီလား... ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးလို့ရမလား..."


ဟယ့်ကျင်းယွင်: "ဘာကိုလဲ..."


ထိုစာပို့ပြီးသောအခါ အတော်ကြာသည်အထိ ပြန်စာရောက်မလာခဲ့ပေ။ သို့သော် တစ်ဖက်လူမှ စာရိုက်နေသည်ဟုဆိုသည့် စာသားက စကားပြောခန်း စာမျက်နှာတွင် ‌ရှိနေခဲ့သည်။


ဟယ့်ကျင်းယွင် သူ့နှာခေါင်းရင်းကို ညှစ်လိုက်ရင်း ကုလားထိုင်ပေါ်သို့ မှီချလိုက်သောကြောင့် အနည်းငယ် စိတ်ပြေလျော့သွားခဲ့ရသည်။


ယဲ့ဇယ်ရှစ်မှ ဟယ့်ကျင်းယွင်ဆီသို့ စာမပို့မီ တစ်စက္ကန့်အလိုတွင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်နှင့် စကားပြောခန်းကို ဖွင့်ထားနှင့်ပြီးသား ဖြစ်နေခဲ့သည်။


သူ မည်သည်ကို ပြောရမည်မှန်း မသိခဲ့သောကြောင့် အတန်ငယ် ခက်ခဲနေခဲ့ရသည်။


ယဲ့ဇယ်ရှစ်ကို အရင်ဆုံး ဘာလုပ်မလဲဆိုတာကို မေးသင့်လား... 


ဒါမှမဟုတ် Hot search ရဲ့ screenshot ကိုပြပြီး ငါ့ကို ရှင်းပြခိုင်းရမှာလား...


ဒါပေမယ့် ယဲ့ဇယ်ရှစ်က ငါ့ကို ဘာဖြစ်လို့ ရှင်းပြရမှာလဲ...


ဟယ့်ကျင်းယွင်တစ်ယောက် စိတ်မရှည်စွာဖြင့် စားပွဲခုံကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်နေခဲ့သည်။ 


သူ ထိတ်လန့်တုန်လှုပ်နေမှန်း ဟယ့်ကျင်းယွင် သူ့ကိုယ်သူ ကောင်းကောင်းကြီး သိနေလေသည်။


သူ အချိန်တစ်ခုအထိ နောင်တရချင်သွားသည်။

အဲ့ဒီအချိန်တုန်းက ထန်ကျင့်ကို ဆွမပေးလိုက်သင့်တာလား...


သို့သော် ယခုမှ နောင်တရခြင်းက အသုံးမဝင်တော့ပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို အဖြေရှာဖို့ရန်ပင်။


ယဲ့ဇယ်ရှစ် ... သူ ဘာတွေတွေးနေတာလဲ...


ဟယ့်ကျင်းယွင် ထိုကိစ္စကို တစိမ့်စိမ့်တွေးနေ‌စဉ်မှာပင် ယဲ့ဇယ်ရှစ်၏စာက ဝင်ရောက်လာခဲ့သည်။ ထိုသည်က ဟယ့်ကျင်းယွင်ကို အမှန်တကယ် စိတ်သက်သာရာရသွားစေသည်။


ယဲ့ဇယ်ရှစ်မှ စာထပ်ပို့လာသည်။

"အဲ့ဒါက... နည်းနည်း... ရှင်းပြဖို ခက်ခဲပေမယ့်... အခု လက်ရှိအခြေအနေအရ ထန်ကျင့်ကမူးနေပြီး ဘားတစ်ခုခုမှာ ရှိနေလောက်တယ်... ကျွန်တော် သူ့ဆီကိုသွားပြီး တစ်ချက်ကြည့်မလို့လေ... အဲဒါ တစ်ယောက်တည်းသွားတာမကောင်းလို့ ဟယ့်လောင်ရှီးကို ကျွန်တော်နဲ့အတူတူ လိုက်ခဲ့ပေးလို့ရမလားဆိုတာကို မေးချင်လို့ပါ...


ထိုစာကိုပို့ပြီးသည်နှင့် ယဲ့ဇယ်ရှစ် ချက်ချင်းဆိုသလို နောင်တရသွားသည်။


ငါ ဘာဖြစ်လို့ ဟယ့်ကျင်းယွင်ကို တွေးမိသွားရတာလဲ...


ဟယ့်ကျင်းယွင်က နောက်ပိုင်း တွင် အလုပ်ရှုပ်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားခဲ့သော်လည်း ယဲ့ဇယ်ရှစ် သူ့ကို ရှာဖွေလိုဆဲဖြစ်သည်။


အခြားလူတစ်ယောက်ကို သွားရှာရုံမကဘဲ ဟယ့်ကျင်းယွင်နှင့် မဆိုင်သည့်ကိစ္စတစ်ခုအတွက်နှင့် သူ့ကိုပင် ပြဿနာပေးမိသေးသည်။


ယဲ့ဇယ်ရှစ် အနည်းငယ် မျက်ခုံးတွန့်မိသည်။ ယခုတစ်လောတွင် သူ အသေးအဖွဲကိစ္စလေးများနှင့် ကြုံလာရတိုင်း ဟယ့်ကျင်းယွင်ဆီသို့သာ အပူကပ်နေမိသည်ဟု ခံစားနေရသည်။ 


ရှိုးကပြီးသွားခဲ့ပြီကို ငါက အခုထိ ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ...


သူ စာကိုပြန်ဖျက်ရန် တွေးနေမိသည်။ သူ့တောင်းဆိုမှုက ရဲတင်းလွန်းနေသည်။


သို့သော် ယဲ့ဇယ်ရှစ် စာပြန်မဖျက်ရသေးမီတွင် ဟယ့်ကျင်းယွင်က စကားတစ်ခွန်းတည်း ပြန်ပို့လာခဲ့သည်။

"ကောင်းပြီ..."


ယဲ့ဇယ်ရှစ် စိတ်သက်သာရာရစွာဖြင့် လေတစ်ချက် မှုတ်ထုတ်မိကာ သူ့စိတ်ထဲရှိ စိုးရိမ်ပူပန်မှုတို့မှာလည်း ပျောက်ဆုံးသွားသည်။


သူ ထပ်မေးလိုက်သည်။

"ဒါဆို ဟယ့်လောင်ရှီး အခု အလုပ်များနေလား... လောင်ရှီး အလုပ်များနေတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး... ကျွန်တော် ကိုယ့်ဘာသာ ရှင်းလိုက်လို့ရတယ်..."


ဟယ့်ကျင်းယွင် ဖိုင်ကို သိမ်းလိုက်ကာ laptopကိုပိတ်လိုက်ပြီး စာပြန်လိုက်သည်။

"အလုပ်မများပါဘူး..."


ယဲ့ဇယ်ရှစ်: "အိုး...တော်သေးတာပေါ့..."


တစ်စက္ကန့်ခန့်ကြာသောအခါ ယဲ့ဇယ်ရှစ်၏စာက ဝင်လာပြန်သည်။

"ဟယ့်လောင်ရှီး... ဘာကိစ္စကြောင့်လဲလို့ မသိချင်ဘူးလား..." 


ဟယ့်ကျင်းယွင်၏ မှုန်ကုပ်နေသော မျက်ခုံးများ ပြန်လည်ပြေလျော့သွားပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ သိလျက်နှင့် တမင်မေးလိုက်သည်။

"ဘာကိစ္စကြောင့်လဲ..."


ကြည့်ရသည်မှာ သူ စာဖြင့်ရှင်းပြလျှင် အလုံးစုံရှင်းမပြနိုင်မည်စိုးသောကြောင့်ထင်သည်။ ထို့ကြောင့် ယဲ့ဇယ်ရှစ်က ရိုးရိုးရှင်းရှင်းပင် အသံဖိုင်အများကြီး ပို့ချလာသည်။


လူငယ်လေး၏ အသံက ချိုမြိန်ပြီး ဟက်ဟက်ပက်ပက်ရှိလှသည်။ သူ တစ်ခုခုစားရင်း ပြောနေဟန်တူသည်။

"အဲ့ဒါက ဘယ်လိုလဲဆိုတော့... ဟမ်... ကျွန်တော် ဘယ်လိုပြောရပါ့... ထားပါ... ကိစ္စက နည်းနည်းတော့ ရှုပ်တယ်… ထန်ကျင့်ကတော့ ဒီနေ့ စိတ်အခြေအနေ ကောင်းလောက်မယ် မထင်ဘူး..."


"သူ့ကို အခု ဘယ်သူမှ ဆက်သွယ်လို့မရဘူး... အခု သူ့ကို ဘားတိုင်းမှာ လူတိုင်းက လိုက်ရှာနေကြတာ... အစ်မဝမ်ထုံကလည်း ဒီကိစ္စကို သူငယ်ချင်းတွေ သောက်ရင်း ဂိမ်းဆော့တာလို့ ပြောပြီး အခြေအနေကို လျှော့ချချင်နေတယ်... "


"ကျွန်တော်သိချင်တာက ဒါက သူငယ်ချင်းတွေ အတူသောက်ရင်း ဂိမ်းဆော့တာလို့ ပြောဖို့ဆိုရင် သူငယ်ချင်း တစ်ယောက်မက လိုလိမ့်မယ်လို့ပေါ့လေ... အဲဒါကြောင့် ကျွန်တော်က..."


နောက်ဆက်တွဲ စကားများကိုမူ ဟယ့်ကျင်းယွင် သူ့စိတ်ထဲ၌ပင် ဖြည့်စွက်လိုက်ပေသည်။


"ဆိုတော့...ငါတို့ဓာတ်ပုံအရိုက်ခံရရင်တောင်မှ ငါ့ကို မင်းနဲ့အတူ လိုက်ခဲ့စေချင်တယ်ပေါ့... အဲဒါမှ ငါတို့အတူတူ သွားသောက်တယ်လို့ ထင်ရအောင်လို့ပေါ့..."


ယဲ့ဇယ်ရှစ်: "..."


ဟုတ်သား...


အဲ့ဒါက ငါ ပြောချင်နေတဲ့အတိုင်းပဲ...


သို့သော် ထိုသည်က အလွန် အထင်သေးဖွယ်ကောင်းလေသည်။ သူ၏ ဆက်ဆံရေး အရှုပ်အထွေးကြောင့် ယခု ဟယ့်ကျင်းယွင်ကို ထိုရေနောက်ထဲသို့ ဆွဲခေါ်သကဲ့သို့ ဖြစ်နေလေသည်။


ယဲ့ဇယ်ရှစ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး တစ်ရှူးတစ်ရွက်ကို ယူကာ ဖုန်းမျက်နှာပြင်ကို တရကြမ်းပွတ်သုတ်နေမိသည်။ ထို့နောက်သူ စာပိုဒ်အရှည်ကြီးကို အသံဖြင့် ပို့လိုက်သည်။ 


"တောင်းပန်ပါတယ်...ဟယ့်လောင်ရှီး... ကျွန်တော် လောင်ရှီးကို မတော်တဆ အောက်ဆွဲချမိသလို ဖြစ်သွားရပြီ..."


"ဒါပေမယ့်... ကျွန်တော်က အနုပညာ အသိုင်းအဝိုင်းထဲ အသိအများကြီး မရှိဘူးဆိုတော့ ကျွန်တော် ပထမဆုံး တွေးမိတဲ့သူက လောင်ရှီး‌ဖြစ်နေခဲ့တာ... သေချာစဉ်းစားကြည့်လိုက်တော့လည်း ‌ဟယ့်လောင်ရှီးကိုပဲ ပြဿနာပေးလို့ရတာလေ..."


ယဲ့ဇယ်ရှစ်၏ အသံကို တိတ်တဆိတ် နားထောင်ပြီးနောက် ဟယ့်ကျင်းယွင် ခေါင်းအသာရမ်းလိုက်မိသည်။


ထိုသည်က အဓိကအချက်ကို မရောက်ခဲ့ပေ။ သူတို့နှစ်ယောက်လုံး အဓိကအချက်ကို မပြောခဲ့ကြပေ။


ယဲ့ဇယ်ရှစ် စကားများစွာ ပြောခဲ့သော်လည်း အဓိကအကြောင်းအရာကို မပြောခဲ့ပေ။


ယဲ့ဇယ်ရှစ်က သူ့ကို ပြဿနာပေးချင်သရွေ့ သူ ပြဿနာတက်မည်ကို မကြောက်ပေ။ ထိုသူက သူ့ကို ကြိုက်သည့်အချိန် ပြဿနာပေးနိုင်သည်။


ရေနောက်ထဲသို့ ဆွဲခေါ်ခံရသည်ကိုမူ ဟယ့်ကျင်းယွင် လုံးဝဂရုမစိုက်ပေ။ 


သူ ဂရုစိုက်သည်မှာ တစ်ခုတည်းသာရှိသည်။


နောက်ဆုံးတွင် ဟယ့်ကျင်းယွင် စိတ်မရှည်တော့ဘဲ ရိုးရှင်းစွာပင် စာရိုက်ပြီး မေးလိုက်သည်။

"ဆိုတော့... မင်းအတွေးက ဘယ်လိုလဲ..."


ထိုစာကို တစ်ချက်ကြည့်လိုက်သောအခါ ယဲ့ဇယ်ရှစ် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"ကျွန်တော့်အတွေးက ဘယ်လိုလဲ... ဟုတ်လား..."


"ထန်ကျင့်က မင်းကို ဖွင့်ပြောခဲ့တာ မလား..." 

ဟယ့်ကျင်းယွင် စာရိုက်လိုက်သည်။

"အဲ့ဒီအပေါ် မင်းအတွေးက ဘယ်လိုလဲလို့..."


ယဲ့ဇယ်ရှစ် အံ့ဩသွားသည်။

"ဟယ့်လောင်ရှီး... လောင်ရှီး ဘာမှ မသိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား..."


ဟယ့်ကျင်းယွင် Weibo ရှိ hot search ကို screenshot ရိုက်ပြီး ဦးစွာပို့လိုက်သည်။ ထို့နောက် စာရိုက်ပြီး ပြောလိုက်သည်။

"အဲဒီအကြောင်းက အခုထိ Hot searchပေါ်မှာ ရှိနေတုန်းလေ... ငါက ဘယ်လိုလုပ် မသိဘဲနေမှာလဲ... မင်းရှင်းပြလာမလားလို့ ထင်နေခဲ့တာ..."


ယဲ့ဇယ်ရှစ် ရုတ်တရက်ဆိုသလို ရှင်းမပြနိုင်သည့် အပြစ်ရှိစိတ်တို့ ဝင်လာခဲ့ရသည်။

"အဲ့...အဲ့ဒါက လောင်ရှီးကို ရှင်းမပြချင်တာမဟုတ်ပါဘူး... အဲဒါက နည်းနည်း..."


အချို့အရာများက ပြောပြရန်ခဲယဥ်းလေသည်။


ထို့အပြင် ပို၍အရေးကြီးသည်မှာ ယခုတွင် ထန်ကျင့်က အခြားသူအပေါ် ခံစားချက်မရှိသည်ကိုသာ ယဲ့ဇယ်ရှစ် သိရခြင်းဖြစ်လေသည်။ ဟယ့်ကျင်းယွင်၏ အတွေးက မည်သို့ဆိုသည်ကိုမူ သူမသိရသေးပေ။


ထိုသည်က ဟယ့်ကျင်းယွင်ကို သူနှင့်အတူ ဘားသို့ခေါ်သွားရန် တွေးမိသည့် အကြောင်းအရင်း တစ်ခုလည်း ဖြစ်နိုင်သည်။


သူလည်း အတည်ပြုချင်သေးသည်။


ဟယ့်ကျင်းယွင်ကို ဦးစွာ ရှင်းပြခဲ့သင့်သည်ဟု ထင်သည်။


အသက်ဖွဖွအောင့်လိုက်ပြီးနောက် ယဲ့ဇယ်ရှစ် အသံဖိုင် ထပ်ပို့လာခဲ့သည်။

"ဒီနေ့ ကျွန်တော် ထန်ကျင့်ကို ရှင်းရှင်းလင်းလင်း ငြင်းခဲ့ပြီးပါပြီ... ဒါပေမယ့် ကျွန်တော် သူ့ကိုဒီအတိုင်းကြီး လျစ်လျူမရှုနိုင်ဘူး... အဲ့ဒါကြောင့် သူ့ကို သွားကြည့်ချင်တာပါ... "


ခဏကြာသောအခါ ယဲ့ဇယ်ရှစ် ဆက်ပြောလိုက်သည်။

"ဟယ့်လောင်ရှီး အဲ့ဒါက လောင်ရှီးကို ပြဿနာဖြစ်စေလို့လား..."


ထိုစကားကို နားထောင်ပြီးသောအခါ ဟယ့်ကျင်းယွင်၏ မျက်ဝန်းများက နူးညံ့သွားသည်ကို သိသာစွာ မြင်နိုင်ပေသည်။ သူ၏ စိတ်ကသိကအောက်ဖြစ်နေမှုတို့လည်း လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။


ယဲ့ဇယ်ရှစ်က ဖွင့်ပြောတာကို ငြင်းခဲ့တယ်တဲ့... ငါက အဲ့ဒါကို ဘာဖြစ်လို့ စိတ်အနှောက်အယှက်ဖြစ်ရမှာလဲ...


ဟယ့်ကျင်းယွင် သူ့နှုတ်ခမ်းထောင့်ကို မြှင့်တင်လိုက်ပြီး အသံသွင်းခလုတ်ကို နှိပ်လိုက်သည်။

"မင်း ကြိုက်တဲ့အချိန် ငါ့ကိုလာရှာလို့ရတယ်... အလုပ်ရှုပ်တယ်လို့ ငါ မထင်ပါဘူး..."



🎶🎶🎶