Chapter 84
Viewers 21k

🎶 Chapter 84



ဟယ့်ရှစ်cpဖန်များ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ ဦးနှောက်သာမက ပါးစပ်ကပါ တစ်ပြိုင်နက်တည်း အော်ဟစ်မိကြသည်။ 


ငါတို့ဖတ်မိတာ မှန်တယ်မဟုတ်လား... 


အဲဒါ ယဲ့ဇယ်ရှစ်နဲ့ ဟယ့်ကျင်းယွင် ဟုတ်တယ်မလားလို့...


သူတို့က... တကယ်ပဲ...


[လက်တွေတွဲထားကြတယ် အားးး...]


[ငါ...ငါ... မှားမဖတ်မိပါဘူးနော်...ဟုတ်တယ်မလား...]


[ဟုတ်တယ်... နင်ဖတ်မိတာ မှန်တယ်... လက်တွေတွဲထားကြတယ်...]


[ငါသေလို့ရပြီ...]


[ဒါဆို ငါ့ရဲ့ cpက အစစ်အမှန်ပဲပေါ့...]


[ဖာ့ခ်... ပျော်စရာက ရုတ်တရက်ကြီး ရောက်ချလာတာပဲ... ဒါပေမဲ့ တစ်ချိန်တည်းမှာ ငါ နည်းနည်းစိုးရိမ်နေသေးတယ်... ရသစုံရှိုးရဲ့ ဇာတ်ညွှန်းကြောင့်တော့ မဟုတ်လောက်ပါဘူးနော်...]


[မဟုတ်လောက်ဘူး... ယို့ကျားပြောလိုက်တာကို မင်း မကြားလိုက်ဘူးလား... သူတို့ လက်တွေတွဲထားကြတာလားလို့ ယို့ကျားက မေးလိုက်တာလေ... အဲ့ဒီသဘောက ဂိမ်းဆော့တာရော အပြစ်ပေးခံရတာပါ မဟုတ်ဘူးဆိုတဲ့သဘောပဲ... သူတို့က ဒီအတိုင်း လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတာ...]


[ရသစုံရှိုး ဇာတ်ညွှန်းကြောင့်မဟုတ်ဘူးဆိုရင်... ဒါကြီးက သကြားခဲကြီး မဟုတ်ဘူးလား...]


[ဟုတ်တယ်... ဇာတ်ညွှန်းကြောင့်ဆိုရင်တောင်မှ အချိုက အချိုပဲ... ငါ တွဲပေးပြီပဲ...]


[ဝူး... ဦးညွှတ်ပါတယ်... ဦးညွှတ်ပါတယ်... ဟယ့်ရှစ်က တကယ်ချိုမြိန်လွန်းတယ်... ဒီနေ့အဖို့ကတော့ ခွေးစာတွေရော သကြားတွေရော... ငါတော့ သွားပိုးစားတော့မှာပဲ...]


[ယောက်ျားချင်းလက်တွဲတာ ပုံမှန်ပါပဲ... အဲဒါက ဘာများ စိတ်လှုပ်ရှားဖို့ကောင်းနေတာလဲဆိုတာ ငါနားမလည်‌တော့ဘူး... #ခွေးခေါင်း#...]


[ယောက်ျားတစ်ယောက်အနေနဲ့ လက်တွဲတာက သာမန်ပါပဲ...]


"..."


သေချာပေါက်ပင် စိတ်လှုပ်ရှားနေကြသူများမှာ cpဖန်များသာဖြစ်သည်။


ဖရဲရွက်အများစုမှာ နောက်ဆုံးဇာတ်ကွက်ကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောင်အသွားကြသည်။

ဘာဖြစ်သွားတာလဲ...


ပွဲဦးထွက်စကတည်းက ယဲ့ဇယ်ရှစ်တွင် cpဖန်အင်အားက အတော်များလေသည်။ 


ပထမဆုံးအနေဖြင့် ရှီးထန်၊ ထို့နောက် ဟယ့်ရှစ်၊ ထိုသည်သာမက အချို့ဖန်များ၏ ယဲ့ဇယ်ရှစ်နှင့်ယုယန် ဆိုသည့် cpတွဲပေးမှုများပင်ရှိလေသည်။ 


ထို့ကြောင့် ယခုလက်ရှိအခြေအနေတွင် cpဖန်များက နေရာအနှံ့ရှိနေကြသည်ကို သူ့ဖန်များက အလွန်မအံ့ဩကြပေ။ ထို့အပြင် ယဲ့ဇယ်ရှစ်က "သက်ရှိcpသံလိုက်" ဆိုသည်ကိုပင် သူတို့ နားလည်လက်ခံပေးထားကြသည်။ 


တစ်ခါတစ်ရံတွင် ယဲ့ဇယ်ရှစ်က cpတစ်ခုကို တမင်ရည်ရွယ်ကာ ပြုလုပ်သည် မဟုတ်သော်လည်း သူ တစ်ယောက်ယောက်နှင့်အတူ ယှဉ်တွဲရပ်မိရုံနှင့်ပင် ရှင်းမပြနိုင်သော cpခံစားချက်မျိုးကို ပေးလေသည်။ 


အခုတော့ သူတို့ ဘယ်သူ့ကို အပြစ်သွားဖို့ရ‌တော့မလဲ...


ဟယ့်ရှစ်ဖြစ်စေ၊ ရှီးထန်ဖြစ်စေ အခါအားလျော်စွာ အချိုသကာကြဲပေးတတ်သည်က အမှန်ဖြစ်သည်။ ထိုသည်ကိုလည်း ဖရဲရွက်များကလည်း ခပ်ပြုံးပြုံးပင် ကြည့်‌နေခဲ့ကြသည်။


ယခင်တစ်ခေါက်မှ ဟယ့်ရှစ်၏ hot searchကဲ့သို့ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ဆီသို့ ပဲနို့ဘူးကိုမျှပေးခဲ့သည် ဆိုသည့်သတင်းဆိုလျှင် ကိစ္စကြီးမဟုတ်ပေ။ ပြောရမည်ဆိုလျှင် လိင်တူအချင်းချင်း ဘူးတစ်ဘူးတည်းမှ သောက်သည်က သာမန်ပင်။ သူတို့နှစ်ယောက်က ဆက်ဆံရေးကောင်းသည်ဟုပင် ပြောနိုင်သည်။ 


သို့သော် ယခုတစ်ခေါက်ကမူ မတူကွဲပြားလေသည်။ 


အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ယောက်က လက်ချင်းတွဲထားသည်မှာ အမှန်တကယ်ကို ကြောင်တောင်တောင်နိုင်လှသည်။ 


ဖန်များ အတွေးလွန်မိသည်ကို မဆိုထားနှင့် ဗီဒီယိုထဲရှိ ယို့ကျားကိုကြည့်ရုံနှင့်ပင် သူမပါ အတွေးမလွန်ဟု မည်သူမျှ မပြောရဲကြပေ။


ထို့ကြောင့် ဖန်များတွင် တားဆီးမရသည့်သံသယများ ပေါ်ထွက်လာခဲ့သည်။

ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်နဲ့ cpတွဲဖို့ကို တကယ်ကြီး ကြေညာချင်နေတာလား...


Marketingအကောင့်များက ထိုကိစ္စကို မှားသည် မှန်သည် စိတ်မဝင်စားပေ။ ဗီဒီယိုကိုမြင်သောအခါ သူတို့က မှန်းဆထင်မြင်ချက်များကို ချပြလာကြသည်။ 


ပထမဦးစွာ "ယဲ့ဇယ်ရှစ်နဲ့ ဟယ့်ကျင်းယွင်တို့ လက်ချင်းတွဲတာကို ဘယ်လိုထင်လဲ" ဟုဆိုသည့် မဲပေးခိုင်းသည့် ပို့စ်တစ်ခုတက်လာသည်။ ထို့နောက် "ယဲ့ဇယ်ရှစ်နဲ့ ဟယ့်ကျင်းယွင်က အတည်တွဲနေတာလို့ ထင်လား" ဆိုသည့် ပို့စ်တစ်ခု၊ ထိုပို့စ်နောက်တွင် "ရှစ်ရှစ်နဲ့ ဟယ့်ကျင်းယွင်တို့ တကယ်ကြီး တွဲနေကြပြီလား" ဆိုသည့် ပို့စ်များက တစ်ခုပြီး တစ်ခု ပေါ်ထွက်လာကြသည်။


ယနေ့ညတွင် မူလစီစဉ်ထားသည်မှာ "အစားအသောက် နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"၏ တရားဝင်ကြေညာချက်အတွက် hot search ဝယ်ရန်ပင်။ သို့သော် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့မှာ ကျော်ကြားပြီး သူတို့ကိုယ်တိုင်ကိုက hot search ဖြစ်နေခဲ့သည့်အတွက် သူတို့နှစ်ယောက်နဲ့ပတ်သက်သည့် ခေါင်းစီးများ hot searchပေါ် တက်လာရန်မှာ အချိန်မကြာလိုက်ပေ။


#ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင် အတူတကွ#


စီးပွားရေးအတွက် Weiboသို့ အတင်းအကြပ် ဝင်ခိုင်းခံလိုက်ရသော ယဲ့ဇယ်ရှစ်လည်း ထိုသည်ကို မြင်လိုက်ရသည်။ 


ယဲ့ဇယ်ရှစ် ခေတ္တမျှ ထိတ်လန့်သွားကာ ထိုWeiboကို နှိပ်ကြည့်လိုက်သည်။


Marketingအကောင့်များ၏ Weibo အားလုံးကို ယဲ့ဇယ်ရှစ် ဖတ်ကြည့်ပြီးသောအခါ သူပြုံးလိုက်ပြီး ပြန်တင်လိုက်သည့် Weiboမှာ ဤကဲ့သို့ဖြစ်သည်။


@ယဲ့ဇယ်ရှစ်: "ယောက်ျားအချင်းချင်း လက်ကိုင်လို့မရဘူးဆိုတဲ့ စည်းမျဉ်းရှိလို့လား... ဘယ်သူမှလည်း ငါ့ကို မပြောပြကြပါဘူး..." // @"အစားအသောက် နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"တရားဝင် Weibo: လာမည့် စနေနေ့ည ၇နာရီ...


ထိုWeiboကို မြင်လိုက်ရသောအခါ ဖန်များ ချက်ချင်း ပျော်ရွှင်သွားကြသည်။ 


[ဟားဟားဟားဟား... ရှစ်ရှစ် ပို့စ်တင်လိမ့်လို့ ငါထင်နေခဲ့လို့ ဆောင့်ကြောင့်ထိုင်စောင့်နေခဲ့တာကွ...]


[တကယ်ကို ယဲ့ဇယ်ရှစ်စတိုင်ပဲ...]


[ဟုတ်ပ... အမျိုးသားတွေ လက်ချင်းတွဲလို့မရဘူးလို့ ဘယ်သူသတ်မှတ်ခဲ့တာလဲ... Marketing အကောင့် တွေလား...]


[ငါ တကယ်ကို ရယ်ရလို့သေတော့မယ်... ဟယ့်လောင်ရှီးနဲ့ ရှစ်ရှစ်ကြားက ဆက်ဆံရေးက တကယ်ကောင်းတာပဲ... သူတို့ လက်ချင်းတွဲတာနဲ့ တွဲတယ်ဖြစ်ရရောလား...]


[ဟုတ်တယ်... ငါတို့ cpဖန်တွေတောင်မှ သူတို့နှစ်ယောက်ကို တကယ်တွဲစေချင်ရင် ကိုယ့်ရင်ထဲမှာကိုယ့်ဘာသာပဲ တွေးရဲကြတာ... မင်းတို့ marketing အကောင့်တွေက တကယ်စိတ်ရှုပ်စရာပဲ...]


[ဟူးဟူး ... အဲ့ဒီ marketing အကောင့်တွေကြောင့် ဒေါသထွက်ရတဲ့ နောက်ထပ်နေ့တစ်နေ့ပဲ...]


[သတိထားမိကြလား... ဒီWeiboအကောင့်က အစက ရှစ်ရှစ်ရဲ့စီးပွားရေးကိစ္စအတွက်သုံးတဲ့ weiboလေ အခုတော့ Marketing အကောင့်တွေအတွက် ဖြစ်သွားပြီ ဟားဟားဟားဟား...]


[ဒါမှ ရှစ်ရှစ်ရဲ့ ကိုယ်ပ်ိုင်ဟန်ပဲ...]


[ယဲ့ဇယ်ရှစ်ဆိုတဲ့အတိုင်းပါပဲ...]


မှတ်ချက်ဧရိယာ၏ တုံ့ပြန်မှုများက တညီတညွတ်တည်းပင်။ ထို့နောက် ယဲ့ဇယ်ရှစ်လည်း အားရကျေနပ်စွာဖြင့် Weiboမှ ထွက်ခဲ့လိုက်သည်။


သူ မထွက်သွားမီ တစ်စက္ကန့်အလိုတွင် ခဏပြန်တွေးကြည့်လိုက်ပြီး screenshotယူလိုက်ကာ ဟယ့်ကျင်းယွင်ဆီသို့ ပို့လိုက်သည်။ 

"ကြည့်ပါဦး... ကျွန်တော်တို့က တွဲနေကြတာပါဆိုပြီး ကောလာဟလတွေ ဖြန့်နေကြတယ်... ဟယ့်လောင်ရှီးရဲ့ တစ်ယောက်သောသူကို လိုက်ရှာတဲ့အချိန်ကို ကျွန်တော်က မနှောင့်နှေးစေဘူးလို့တော့ မျှော်လင့်ရတာပဲ..."


ဟယ့်ကျင်းယွင်မှာ ထိုသတင်းများကိုရချိန်တွင် သူ Weiboတွင် ရှာဖွေလိုက်သည်။


ယွိရယ်က သူ့ကို ဖုန်းဆက်လာပြီး သူ hot search ပေါ်ထပ်ရောက်လာကြောင်းနှင့် ယဲ့ဇယ်ရှစ်နှင့်အတူရောက်လာခြင်းဖြစ်ကြောင်း ပြောလေသည်။


ထိုသည်ကိုကြားသောအခါ ဟယ့်ကျင်းယွင် အနည်းငယ် မျက်ခုံးပင့်မိသည်။


သူ Weiboကို ဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် အင်တာနက်အသုံးပြုသူများက သူနှင့်ယဲ့ဇယ်ရှစ်ကို တွဲနေပြီဟု သတင်းအမှားများ တင်ထားကြသည်။


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ အနည်းငယ်ကော့ညွတ်သွားသည်။


ငါတို့တွဲနေမှတော့ သေချာပေါက် လူထုရှေ့ချပြမှာပေါ့... ခန့်မှန်းလို့ရအောင် ဘာကိစ္စ marketing အကောင့် တွေဆီကနေ ဖုံးထားရမှာလဲ...


အင်တာနက်အသုံးပြုသူများက သူ့အကြောင်းကို များစွာမသိကြပေ။ 


သို့သော်လည်း ဟယ့်ကျင်းယွင်ကမူ သူ့အကျင့်သူ ကောင်းကောင်းကြီး သိလေသည်။ 


ဟယ့်ကျင်းယွင် ပွဲဦးထွက်စကတည်းက သူ့တွင်cpဖန်မရှိသည်ကို ဝါရင့်ဖန်များ ကောင်းကောင်းသိလေသည်။ အဘယ့်ကြောင့်ဆိုသော် ဟယ့်ကျင်းယွင်က လူသိများရန်အတွက် အခြားသူနှင့်တွဲပြရမည်ကို မုန်းသောကြောင့်ဖြစ်သည်။ 


မကြာခဏဆိုသလို cpတွဲရန်အတွက် များစွာသော မူကြမ်းများထွက်ပေါ်လာသော်လည်း အားလုံးကို ဟယ့်ကျင်းယွင်က ပယ်ချပြစ်ခဲ့သည်။


အေဂျင်စီများက ဟယ့်ကျင်းယွင်၏ သတိပေးချက်ကို သဘောမတူဘဲ မည်သည့်နည်းနှင့်မဆို cpပို့စ်ကို တင်ခဲ့ပါလျှင် နောက်စက္ကန့်ပိုင်းအတွင်းတွင် ဟယ့်ကျင်းယွင်၏စတူဒီယိုဘက်မှ ရှင်းလင်းချက် ထွက်လာပြီး ရှေ့နေလွှဲစာပါ တစ်ပါတည်း ပါလာတတ်သည်။


အချိန်ကြာလာသည်နှင့်အမျှ ဟယ့်ကျင်းယွင်က ထိုကဲ့သို့ အကွက်ဆင်ခြင်းကို မကြိုက်ကြောင်း အနုပညာလောကအတွင်းရှိသူများအားလုံး နားလည်လိုက်ကြသည်။ ထိုသို့ဖြင့် တဖြည်းဖြည်း မည်သူမှ သူ့ကို cpတွဲရန်အတွက် ပြစ်မှတ်မထားကြတော့ပေ။


သို့သော် ယခုအခါတွင်မူ ဟယ့်ရှစ်cp အဖူးအငုံဘဝမှ ယခုအချိန်အထိ ဟယ့်ကျင်းယွင်က ရှင်းလင်းချက်ထုတ်မလာပေ။ 


မဟုတ်ဘူး...


ဟယ့်ကျင်းယွင်က တားရောတားခဲ့လို့လား...


ထိုသည်သာမက ဟယ့်ကျင်းယွင်၏ အပြုအမူများက ဖန်များကို ထပ်ခါထပ်ခါ စမ်းသပ်နေသကဲ့သို့ပင်ဟု ဝါရင့်ဖန်များက တွေး‌နေကြသည်။ 


ယဲ့ဇယ်ရှစ်ကို ဖန်အများစု လက်ခံလာမယ့်အချိန်ကို စောင့်ပြီး ရေပန်းစားတာကို အသုံးချပြီးတော့ သူနဲ့ ယဲ့ဇယ်ရှစ်ရဲ့ ပတ်သက်မှုကို ကြေညာချင်နေတာများလား... 


မှန်ပေသည်။ သို့သော် ထိုသည်က အမှန်တရား၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။


ဟယ့်ကျင်းယွင်က ဖန်များ၏ လက်ခံနိုင်မှုကို စမ်းသပ်ခြင်းမဟုတ်ပေ။ ထိုအစား သူက ယဲ့ဇယ်ရှစ်၏ တုံ့ပြန်မှုကို စမ်းသပ်နေခြင်းသာဖြစ်သည်။ 


သို့သော်ငြား...


ဟယ့်ကျင်းယွင် သက်ပြင်းချလိုက်မိသည်။ Wechat မှစာကို သူ ဖတ်လိုက်ရသောအခါ ထိုသက်ရောက်မှုက အနည်းဆုံးဆိုသည်ကို သူ နားလည်လိုက်ရသည်။ 


လုံးလုံးလျစ်လျူရှုခံထားရသည်ဟုပင် ဆိုနိုင်သည်။ 


ယခင်က အခြားcpများအပေါ် သူ၏ တုံ့ပြန်မှုက မည်ကဲ့သို့ဖြစ်ကြောင်းကိုသာ ယဲ့ဇယ်ရှစ်တစ်‌ယောက် နည်းနည်းပို၍ အာရုံစိုက်ကြည့်လိုက်ပါက ယခုဆိုလျှင် အရိပ်ပြလျှင် အကောင်မြင်သင့်ပြီဖြစ်သည်။


အနုပညာလောကအတွင်းတွင် ထိုသည်ကို သတိထားမိသည်မှာ ရှန်ဇယ်ယွီတစ်ယောက်တည်းပင် မဟုတ်လောက်တော့ချေ။ 

ယဲ့ဇယ်ရှစ်က အတင်းအဖျင်းတွေကို ယုံကြည်ဖို့ရာကို ဘာဖြစ်လို့ မသိတတ်ရတာလဲ...


ဟယ့်ကျင်းယွင် သူ့စိတ်ကူးကို ပြောင်းလဲလိုက်သည်။ ယဲ့ဇယ်ရှစ်က အတင်းအဖျင်းများကို မယုံကြည်တတ်ခြင်း မဟုတ်ဘဲ မယုံရဲခြင်း ဖြစ်ပေလိမ့်မည်။


ထိုသို့မဟုတ်ပါလျှင် hot search အသေးအဖွဲလောက်ကို သူ့ကိုလာရှင်းပြလိမ့်မည် မဟုတ်ပေ။


ဟယ့်ကျင်းယွင် သက်ပြင်းဖွဖွချလိုက်ပြီး အဆုံးတွင် စာပြန်လိုက်သည်။

"မနှောင့်နှေးစေပါဘူး..."


ယဲ့ဇယ်ရှစ်၏ စာကချက်ချင်း ပြန်ရောက်လာသည်။

"ဟုတ်တာပေါ့...ဟားဟားဟားဟားဟားဟား..."


ထိုရယ်သံများက ဟယ့်ကျင်းယွင်၏ မြင်ကွင်းကို အနည်းငယ် နာကျင်စေသည်။ သူ ခေါင်းကိုက်ချင်သလို ပင်ဖြစ်သွားပြီး ကူကယ်ရာမဲ့အပြုံးတစ်ခုကို ပြုံးလိုက်မိသည်။ 


ကြည့်ပါလား...သူက အရမ်းပွင့်လင်းလွန်းတယ်...


ဟယ့်ကျင်းယွင်ကပင် စကားလမ်းကြောင်း အရင်လွှဲလိုက်ရသည်။

"ဒီဘက်မှာတော့ အလုပ်တွေပြီးတော့မယ်..."


ယဲ့ဇယ်ရှစ် ထိုစာကို မြင်သောအခါ သူ စိတ်လှုပ်ရှားလာသည်။

"လောင်ရှီး ပြန်လာတော့မှာလား... ဘယ်တော့လဲ..."


ဟယ့်ကျင်းယွင် ရှန်ဟိုင်းသို့ လွန်ခဲ့သည့် တစ်ပတ်က အလုပ်ခရီးထွက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ယဲ့ဇယ်ရှစ်မှာ ဟယ့်ကျင်းယွင်နှင့်အတူ တစ်ပတ်ခန့်မျှ အပြင်မထွက်နိုင်ခဲ့ပေ။


ဟယ့်ကျင်းယွင်: "နောက်တစ်ပတ် သော‌ကြာနေ့..."


ယဲ့ဇယ်ရှစ်: "အဲ့ဒါက "အစားအသောက် နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"ရဲ့ အစီအစဉ် ရိုက်ကူး‌ရေးမတိုင်ခင် နောက်တစ်ရက်မဟုတ်လား...အဲ့ဒီလိုဆို ဟယ့်လောင်ရှီးမှာ ရိုက်ကူးရေးပြီးရင် အစီအစဉ်တွေ မရှိတော့ဘူးပေါ့..."


"ရိုက်ကူးရေးပြီးရင် ကြော်ငြာအတွက် အချိန်ပေးဖို့ပဲ ရှိတော့‌တယ်..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


"ကောင်းတာပေါ့..."


ယဲ့ဇယ်ရှစ်က ဆိုဖာပေါ်တွင် ပျင်းရိပျင်းတွဲ လှဲနေခဲ့ခြင်းဖြစ်သည်။ ထိုစာကိုမြင်လိုက်သောအခါ သူ ချက်ချင်း ထထိုင်လိုက်သည်။ 


ဟယ့်ကျင်းယွင်က ပြန်လာတော့မယ်ဆိုတော့ ငါးလေးခြောက် စားလို့ရတော့မယ်ဆိုတဲ့ သဘောပဲပေါ့...


သိတယ်မလား... ငါ ဟယ့်ကျင်းယွင်ရဲ့ ငါးလေးခြောက်ကို မစားရတာ လတစ်ဝက်တောင် ကျော်နေပြီဆိုတာကိုလေ...


"ဘာတွေက ကောင်းနေတာလဲ..."

ဟယ့်ကျင်းယွင် သိရက်နှင့် မေးလိုက်သည်။


ယဲ့ဇယ်ရှစ် မသိချင်ယောင်ဆောင်ထားဆဲ ဖြစ်သည်။

"ဟယ့်လောင်ရှီးက ပြန်လာတော့မယ်ဆိုတော့ သေချာပေါက် ကောင်းတာပေါ့လို့..."


"မင်းက ငါ ပြန်လာမှာကို မျှော်တာလား... ငါပြန်လာပြီး ငါးလေးခြောက်ကြော်ပေးမှာကို မျှော်နေတာလား..."


ယဲ့ဇယ်ရှစ်: "ဟီးဟီး..."


စကားလုံးများ ပြောပြရန် မလိုအပ်တော့ပေ။


ဟယ့်ကျင်းယွင် ကူကယ်ရာမဲ့စွာ ရယ်မိလိုက်ပြီး ယဲ့ဇယ်ရှစ်ဆီသို့ စာထပ်ပို့လိုက်သည်။

"ဝယ်စရာရှိတာတွေ ဝယ်ထားဖို့ မမေ့နဲ့ဦး..."


ယဲ့ဇယ်ရှစ် တောက်တောက်ပပ ပြုံးလိုက်သည်။

"ကောင်းပါပြီ..."


သောကြာ‌နေ့ မနက်စောစောတွင် ရေကန်ဘေးရှိ ဗီလာသို့ ဟယ့်ကျင်းယွင် ပြန်လာခဲ့သည်။ သို့သော်လည်း တစ်ဖက်အိမ်သို့ ချက်ချင်းကြီး တံခါးသွားမခေါက်ခဲ့ပေ။


ပင်ပန်းခဲ့ရသည့် ညတစ်ည ကုန်လွန်ခဲ့ပြီးနောက် ဟယ့်ကျင်းယွင် ရိုးရိုးရှင်းရှင်းရေချိုးလိုက်ပြီး သန့်သန့်ရှင်းရှင်း အဝတ်အစားလဲကာ ရှားရှားပါးပါး ရေမွှေးတစ်ချက်ဆွတ်ပြီးမှ တစ်ဖက်ဗီလာ၏ တံခါးကို သွားခေါက်ခဲ့သည်။


ဟယ့်ကျင်းယွင်ကို မြင်လိုက်ရသောအခါ ယဲ့ဇယ်ရှစ်၏ မျက်ဝန်းများ‌ ချက်ချင်းလက်ငင်း တောက်ပသွားသည်။

"အစောကြီးပဲ ဟယ့်လောင်ရှီး... မနက်အစောကြီး ပြန်ရောက်လာတာလား..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်တယ်... သိပ်မကြာသေးဘူး... အိမ်မှာ သန့်ရှင်းရေးဝင်လုပ်ခဲ့ပြီးမှ ဒီကိုလာလိုက်တာ..."


ထိုသည်ကိုကြားသောအခါ ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်မိသည်။

"ဟယ့်လောင်ရှီး... ကောင်းကောင်းရော နားလိုက်ရရဲ့လား... မနားရသေးရင်..."


"အခုတော့ မအိပ်ချင်သေးဘူး... "

ဟယ့်ကျင်းယွင် ဖြတ်ပြောလိုက်သည်။

"ကြည့်ရတာ နေ့လည်လောက်မှ အိပ်ချင်မယ်ထင်တယ်... အဲ့ဒါကြောင့် ဒီကိုရောက်လာခဲ့တာ... နားချင်ရင်တောင်မှ အရင်ဆုံး နေ့လည်စာ စားပြီးမှ နားရမှာပေါ့ မဟုတ်ဘူးလား..."


ယဲ့ဇယ်ရှစ် ခေတ္တတွေးလိုက်ပြီး ထိုသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ဟယ့်ကျင်းယွင်ကို ထပ်မဖျောင်းဖျတော့ပေ။


မျှော်လင့်စောင့်စားခဲ့ရသော ငါးလေးခြောက်ကြော်ကို နေ့လည်စာအဖြစ်စားခဲ့ရသောကြောင့် ယဲ့ဇယ်ရှစ်တစ်ယောက် အားရကျေနပ်စွာ မျက်လုံးများကို မှေးကျဉ်းမိသည်။


သူ၏ ကျေနပ်နေသည့် အမူအရာက သူ၏စိတ်အခြေအနေက အလွန်ပျော်ရွှင်နေကြောင်း ပြောနေလေသည်။ နေ့လည်ခင်းတွင် သူ ထမင်းပန်းကန်လုံးတစ်ဝက်မျှပင် စားခဲ့သည်။ 


စားပြီးသည်နှင့် အိပ်ချင်စိတ်ကဝင်လာသည်။ ယဲ့ဇယ်ရှစ်က စား‌ပွဲတွင် စားနေဆဲဖြစ်သော်လည်း ဟယ့်ကျင်းယွင်၏ မျက်ခွံများက လေးလံလာပြီဖြစ်သည်။


ယဲ့ဇယ်ရှစ် ရယ်စရာတစ်ခုကို စဉ်းစားမိသွားပြီး ဟယ့်ကျင်းယွင်ကို ပြောမည်အလုပ်တွင် ထိုသူက လက်ပိုက်ထားကာ မျက်လုံးမှိတ်ထားသည်ကို တွေ့လိုက်ရသည်။ ဟယ့်ကျင်းယွင်၏ မျက်နှာသွင်ပြင်များက ထင်ရှားပြတ်သားနေကာ သူ့မျက်တောင်ရှည်များက ထူထဲစွာ စင်းကျနေသောကြောင့် မျက်ဝန်းအောက်တွင် အရိပ်လေးပင်ဖြစ်နေသည်။


ယဲ့ဇယ်ရှစ်ကြည့်နေသည်ကို ခံစားမိသောကြောင့် ဟယ့်ကျင်းယွင် အနည်းငယ် မျက်မှောင်ကြုတ်မိပြီး ခဏအကြာတွင် မျက်လုံးပြန်ဖွင့်လိုက်သည်။

"ဘာဖြစ်လို့လဲ..."


အိပ်ချင်နေသောကြောင့်ဖြစ်မည်ထင်သည်။ သူ၏အသံမှာ ပုံမှန်ထက် နက်ရှိုင်းနေခဲ့သည်။ 


ယဲ့ဇယ်ရှစ် ခေါင်းခါလိုက်သည်။

"ဘာမှမဖြစ်ပါဘူး..."


ယဲ့ဇယ်ရှစ် ခဏတွေးပြီးသောအခါ သူ ရုတ်တရက် အကြံပေးလိုက်သည်။ 

"ဟယ့်လောင်ရှီး... အပေါ်ထပ်မှာ ခဏလောက် သွားအိပ်လိုက်ပါ့လား..."


ဟယ့်ကျင်းယွင် အလွန်အိပ်ချင်နေပြီး မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ သူ အိမ်ပြန်ပြီး အိပ်တော့မည်ဟု ယဲ့ဇယ်ရှစ်ကို ပြောမည်ကြံနေစဉ် ထိုစကားကို ကြားလိုက်ရသောအခါ ဟယ့်ကျင်းယွင် မျက်လုံးဖွင့်လိုက်သည်။


"ဟမ်..."

သို့သော် အထင်လွဲမှုကို ရှောင်ရှားရန်အတွက် ဟယ့်ကျင်းယွင် မေးခွန်းမေးလိုက်ဆဲဖြစ်သည်။

"ဘာကြီး..."


ယဲ့ဇယ်ရှစ် ပြောလိုက်သည်။

"အပေါ်ထပ်မှာ ဧည့်သည်အခန်းရှိတယ်လေ... လောင်ရှီး ဒီမှာ ခဏလောက်နားလိုက်တော့ အိမ်ပြန်ရ သက်သာသွားတာပေါ့... ညရောက်ရင် ကျွန်တော်နှိုးလိုက်မယ်လေ... အဲ့ဒါဆို ကျွန်တော်တို့ ရှိုးကို အတူကြည့်လို့ရပြီ..."


ဟယ့်ကျင်းယွင်၏ မျက်ဝန်းများ ပူပြင်းတောက်လောင်နေခဲ့ကာ ယဲ့ဇယ်ရှစ်ကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်မိသည်။


ငါကြားလိုက်တာ မှန်တယ်မလား...


ဟယ့်ကျင်းယွင် ပြန်ဖြေသည်ကို ယဲ့ဇယ်ရှစ် မစောင့်တော့ဘဲ ဟယ့်ကျင်းယွင် သေချာမကြားလိုက်ဟု ထင်လိုက်သောကြောင့် သူ ထပ်ပြောရန် ပြင်လိုက်သည်။

"ကျွန်တော်‌ ပြောတာက..."


"ကောင်းပြီလေ... "

ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းမှာ ထိန်းချုပ်မရစွာ ကွေးညွတ်သွားသည်။


အရမ်းကောင်းတယ်...



🎶🎶🎶