Chapter 89
Viewers 21k

🎶 Chapter 89



ပထမဆုံးရိုက်ကူးရေးရက်တွင် ဝေ့ပေအား သေချာရှင်းလင်းအောင် မပြောလိုက်သောကြောင့်ထင်သည်။ ထိုသည်က ကျန်သုံးယောက်က တစ်ခုခုကိုလျှို့ဝှက်ထားသည်ဟု ဝေ့ပေအား ခံစားမိစေလေသည်။


ထို့ကြောင့် နောက်ရက်ရိုက်ကူးရေးများတွင် ဝေ့ပေက ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့နောက်မှ တောက်လျှောက် တကောက်ကောက်လိုက်တော့သည်။ အဘယ့်ကြောင့်ဆိုသော် ပရိုဂရမ်အဖွဲ့၏ အကျင့်အရ သူတို့ကို နောက်ထပ်သူလျှို လုပ်ခိုင်းတော့မည်မဟုတ်ပေ။


ဝေ့ပေ တကောက်ကောက်လိုက်နေသည်ကို ယဲ့ဇယ်ရှစ်က စိတ်မရှိခဲ့သော်လည်း လေးရက်မြောက်နေ့တွင် ဟယ့်ကျင်းယွင်က သည်းမခံနိုင်တော့ဘဲ မောင်းထုတ်လေတော့သည်။

"ကြည့်ရတာ ငါတို့က တစ်ဖွဲ့တည်းမဟုတ်ဘူး ထင်တယ်နော်..."


ဝေ့ပေ မျက်လုံးပြူးသွားသည်။

"ကျွန်တော်တို့က တစ်ဖွဲ့တည်းမဟုတ်ဘူးဆိုရင်‌တောင် အတူတူ အလုပ်လုပ်လို့မရတော့ဘူးလား... ပြဿနာက အဲ့ဒီသုံးယောက်က သဲလွန်စတစ်ခုခုကို ကျွန်တော်တို့မသိအောင်ဖွက်ထားတယ်လေ... အဲ့ဒါကြောင့် ကျွန်တော်တို့က စည်းလုံးနေရမှာပေါ့..."


ဟယ့်ကျင်းယွင်၏ လေသံက ပေါ့ပေါ့ပါးပါးပင်။

"ပထမတစ်ချက်က သူတို့မှာလည်း ငါတို့ထက်ပိုပြီး သဲလွန်စမရှိလောက်ဘူး... ဒုတိယတစ်ချက်ကတော့ မင်းကိုယ့်အသင်းကို ပြန်သွားသင့်တယ်... ပြီးတော့နောက်ဆုံးဂိမ်းက အဖွဲ့လိုက်ကစားရမှာလေ..."


ဝေ့ပေ အထွန့်တက်လေသည်။

"ဒါပေမဲ့ ကျွန်တော်တို့သုံးယောက်အဖွဲ့နဲ့လည်း လုပ်လို့ရတာပဲ..."


ဟယ့်ကျင်းယွင် ညှာတာမနေတော့ပေ။

"ဒါပေမယ့် ငါကမှ မင်းနဲ့အတူ မဆော့ချင်တာ..."


"သေစမ်း... ‌ဟယ့်လောင်ရှီးက ရက်စက်လိုက်တာ...ကျွန်တော်တို့က မိတ်ဆွေတွေရော ဟုတ်သေးရဲ့လား..."

ဝေ့ပေ‌ ပြောလိုက်သည်။


"အခုကနေစပြီး မဟုတ်တော့ဘူး..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


ဝေ့ပေ: "..."


ကောင်းပြီလေ...


ဝေ့ပေက သူမကို လာရှာသောအခါ ယို့ကျား တိတ်တဆိတ် မျက်လုံးလှိမ့်မိသည်။

ထားလိုက်တော့... အရူးတစ်ယောက်ကို စိတ်ဆိုးလို့မှမရတာ...


ရိုက်ကူးရေးလေးရက်မြောက် ပြီးဆုံးသောအခါ အဖွဲ့ဝင် ခြောက်ယောက်မှာ နောက်ထပ်သဲလွန်စများ မရကြတော့ပေ။ ယခင်က သုံးခုရခဲ့သော်လည်း ဇာတ်လမ်းတစ်ခုလုံး၏ အကြမ်းဖျဉ်းလောက်ကိုသာ သိရသေးသည်။


"ဘယ်သူက ဝံပုလွေလဲ" ၏ဇာတ်လမ်းမှာ သိုးထိန်းမိသားစုအကြောင်းကို ပြောပြထားသော အလွန်ရိုးရှင်းသည့် ဇာတ်လမ်းပင်။


အဆိုပါသိုးထိန်းမိသားစုတွင် မိသားစုဝင်ခြောက်ယောက်ရှိသည်။ အဖေနှင့်အ‌မေ၊ အဖိုးနှင့်အဖွား၊ အစ်မတစ်ယောက်နှင့် မောင်လေးတစ်ယောက်တို့ ဖြစ်သည်။


သူတို့မိသားစုမှာ မြက်ခင်းလွင်ပြင်ဒေသတွင် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြသည်။ သို့သော် ထိုအေးချမ်းပျော်ရွှင်သည့်ဘဝလေးမှာ ဝံပုလွေတစ်ကောင်ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရသည်။


ဝံပုလွေက ရုပ်ဖျက်ရာတွင်တော်သည်။ ယခုတွင် သူက သိုးထိန်းမိသားစုတွင် ပုန်းအောင်းနေပြီး ညတိုင်းတွင် လူတစ်ယောက်ကို ကျပန်းသတ်လိမ့်မည်ဖြစ်သည်။ 


အဖွဲ့ဝင်များက ဝံပုလွေ၏ သရုပ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်မှာသာ ထိုသိုးထိန်းမိသားစုကို ကယ်တင်နိုင်မည်ဖြစ်သည်။


ဇာတ်လမ်း၏ အကြမ်းဖျဉ်းမှာ ရှင်းလင်းသွားပြီဖြစ်သော်လည်း သူတို့ကိုယ်တိုင်၏ သရုပ်မှန်ကို ရှာဖွေရန်အတွက် လိုအပ်သည့် အဓိကအချက်အလက်မှာ လစ်ဟာနေဆဲဖြစ်သည်။


"ငါတို့ရဲ့သရုပ်မှန်က တကယ်ပဲ ဘာတွေလဲ..."

ယုယန် ခေါင်းကုပ်မိကာ သူ အလွန်သိချင်နေခဲ့သည်။


ယို့ကျားက ပြောလိုက်သည်။

"ငါတို့သရုပ်မှန်တွေအတွက် အချက်အလက်ဘာမှမရှိဘူးဆိုရင် သဲလွန်စတွေ အများကြီးရှိနေလည်းအလကားပဲ..."


ယဲ့ဇယ်ရှစ်ကမူ ငါးကြော်ကြွပ်ကြွပ်ကို တစ်ကိုက်ဝါးရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ပထမဆုံးရက်တုန်းက ကျွန်တော်တို့လွတ်သွားတဲ့ သဲလွန်စတချို့ရှိနေလောက်တယ်..."


ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိပြီး တစ်ချိန်တည်းတွင် နှစ်‌ယောက်လုံး စဉ်းစားမိသွားကြသည်။


ခဏကြာသောအခါ ယဲ့ဇယ်ရှစ်၏မျက်ဝန်းများ လက်ခနဲဖြစ်သွားပြီး ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။ ဟယ့်ကျင်းယွင်ကလည်း ယဲ့ဇယ်ရှစ်ကို မျက်လုံးဝင့်အကြည့်နှင့် တိုက်ဆိုင်သွားသောကြောင့် သူတို့နှစ်ဦး တစ်ပြိုင်တည်း ပြောလိုက်မိသည်။

"ထိုင်ခုံနေရာပဲ..."


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းက ကွေးညွှတ်သွားသည်။

"ဒါဆို ဝံပုလွေရဲ့ သရုပ်မှန်က အခုရှင်းသွားပြီ..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... နောက်နှစ်ရက်အတွက် သဲလွန်စတွေတောင် မလိုတော့ဘူး..."


ကျန်လူများအားလုံး ကြောင်အသွားကြသည်။

"ဘာကြီး..."


ဟယ့်ကျင်းယွင် ပြုံးလိုက်ပြီး ဒါရိုက်တာအဖွဲ့ကို ကြည့်လိုက်သည်။

"ဒါရိုက်တာကြီး... ကျွန်တော်တို့ အဖြေကိုသိပြီ..."


ဒါရိုက်တာ၏ မျက်နှာပေါ်မှအပြုံးက တောင့်ခဲသွားပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို အဖြေကဘာလဲ..."


ယဲ့ဇယ်ရဇစ်က ငါးကြော်ကို ယူပြီး မတ်တပ်ရပ်လိုက်ကာ ပြောလိုက်သည်။

"ဆွေးနွေးကြတာပေါ့..."


ဒါရိုက်တာမှာ အလွန်သတိကြီးကြီးထားနေရသည်။

"ဘာကို ဆွေးနွေးမှာလဲ..."


ယဲ့ဇယ်ရှစ် ပြောလိုက်သည်။

"စိတ်မပူပါနဲ့...ဒါရိုက်တာအဖွဲ့ကို ကျွန်တော်လုံးဝ မညစ်ပါဘူး..."


ဟယ့်ကျင်းယွင် ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော်တို့ ဝံပုလွေရဲ့ သရုပ်မှန်ကို တစ်ခါပဲ ခန့်မှန်းခွင့်ရှိတာမလား... အဲဒီအခွင့်အရေးကို အခုသုံးလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ... ကျွန်တော်တို့ အဖြေမှန်ခဲ့ရင် ကျန်တဲ့နှစ်ရက်ရဲ့အချိန်စာရင်းကို ပြောင်းပေးပြီး လွတ်လွတ်လပ်လပ် ခရီးသွားခွင့်ပေးရမယ်..."


ဒါရိုက်တာ: "ငါက ဘာဖြစ်လို့ အဲဒါကို သဘောတူပေးရမှာလဲ..."


ယဲ့ဇယ်ရှစ်: "ဒါရိုက်တာကြီး... ကျွန်တော်တို့က အဖြေကို သိနေပြီးတာကို နောက်ထပ်နှစ်ရက်ကို အဓိပ္ပာယ်မရှိ ဆက်ဆော့ခိုင်းလို့မဖြစ်ဘူးလေ... ဟုတ်တယ်မလား..."


ဒါရိုက်တာ: "..."


အဲဒါလည်း ဟုတ်သား...


ထိုစကားများကို ကြားလိုက်ရသောအခါ ယုယန် ထိတ်လန့်သွားသည်။

"ဘယ်သူက ဝံပုလွေလဲဆိုတာ မင်းတို့သိပြီလား..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါ အရမ်းလွယ်ပါတယ်..."


ဟယ့်ကျင်းယွင်လည်း ထောက်ခံလိုက်သည်။

"အဲ့ဒီလောက် မခက်ပါဘူး..."


ကျန်းရန်: "..."


ဒါဆို သူတို့က ဒီလောက်အချက်အလက်နည်းနည်းလေးကနေ ဘယ်လိုများ ဝံပုလွေကို ရှာတွေ့သွားတာလဲ...


ဝေ့ပေနှင့် ယို့ကျားမှာ မအံ့ဩကြတော့ပေ။ သို့သော်လည်း အနည်းငယ်ပျော်ရွှင်သွားသောကြောင့် ရှေ့ထွက်လာပြီး ဒါရိုက်တာကို ဝိုင်းဝန်းဖျောင်းဖျကြတော့သည်။


အခု သူတို့က အဖြေကို ကြိုသိသွားပြီကို ဒါရိုက်တာအဖွဲ့က သူတို့ကို မသိချင်ယောင်ဆောင်ခိုင်းထားဦးမလို့လား... 


အဆုံးတွင် ဒါရိုက်တာမှာ အလွန်စိတ်ရှုပ်သွားသောကြောင့် အံကိုသာကြိတ်ပြီး ပြောလိုက်‌ရတော့သည်။

"ကောင်းပြီလေ... သေချာစဉ်းစားပြီးပြီဆိုတော့လည်း... အခွင့်အရေးကတစ်ခါပဲရှိတယ်နော်... အဖြေမှားသွားခဲ့ရင် နောက်ဆုံးရက်မှာ ဖြေဖို့အခွင့်အရေးမရှိတော့ဘူး..."


ယဲ့ဇယ်ရှစ်က အလွန်ယုံကြည်ချက်ရှိနေခဲ့သည်။

"သေချာပါတယ်..."


ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။

"ဝံပုလွေက သိုးထိန်းမိသားစုရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ယို့ကျားပဲ..."


သူ ထိုအဖြေကိုပြောလိုက်သည်နှင့် ဒါရိုက်တာ၏ မျက်လုံးများ ပြူးသွားပြီး မယုံကြည်နိုင် ဖြစ်နေခဲ့သည်။


"ဘယ်လိုများ ခန့်မှန်းလိုက်တာလဲ..."

ဒါရိုက်တာက ထိတ်လန့်တကြား မေးလာသည်။


ယဲ့ဇယ်ရှစ် ဖြေလိုက်သည်။

"ရှင်းရှင်းလေးပါ... ပထမဆုံး ပထမဆုံးရက်မှာ ကျွန်တော်တို့ ပျက်စီးနေတဲ့ ဒိုင်ယာရီတစ်ခုကို ရတယ်လေ... အဲ့ဒီ ဒိုင်ယာရီပေါ်က လက်ရေးက ကလေးဆန်လွန်းတယ်... ပြီးတော့ ရေးထားတာတွေကလည်း ပျင်းစရာကောင်းတဲ့ နေ့စဉ်ဘဝအကြောင်းတွေချည်းပဲ... ဒါပေမယ့် "အစ်မက လက်ထပ်တော့မယ်" ဆိုတဲ့ စာကြောင်းတစ်ခုကပဲ အဲ့ဒီလို ဟုတ်မနေခဲ့တာ... အဲဒါက အဓိကအချက်ပဲ..."


"ဒိုင်ယာရီထဲက အချိန်ကနေပြီးတော့ မောင်ဖြစ်သူက ဒီဒိုင်ယာရီကိုရေးတုန်းက လေးတန်းရောက်ပြီဆိုတာနဲ့ သူ့အသက်က အဲ့ဒီအချိန်တုန်းက ဆယ်နှစ်ရှိပြီဆိုတာကို သိလိုက်ရတယ်..."


"သုံးရက်မြောက်နေ့တုန်းကရခဲ့တဲ့ သဲလွန်စတွေက မိသားစုဝင်တွေရဲ့မွေးနေ့တွေလေ... အဓိကအရေးကြီးဆုံး သဲလွန်စကတော့ အစ်မဖြစ်တဲ့သူနဲ့ မောင်ဖြစ်တဲ့သူက ၆နှစ်ကွာတယ်ဆိုတာပဲ... ဒါဆို ပြောလို့ရတာက အစ်မကြီးက အသက်၁၆နှစ်မှာ လက်ထပ်သွားခဲ့တယ်ဆိုတာပဲ..."


ထိုအထိ ပြောပြီးသွားသောအခါ ယဲ့ဇယ်ရှစ် အနည်းငယ် မသက်မသာဖြစ်သွားကာ သူ ယောင်ယောင်လေး မျက်မှောင်ကြုတ်မိသည်။


ဟယ့်ကျင်းယွင်က ထိုသည်ကို ဂရုပြုမိသွားသောကြောင့် ယဲ့ဇယ်ရှစ်၏ စကားကိုဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အစ်မက လက်ထပ်ပြီးသွားတော့ မပျော်ခဲ့ဘူး... ဘာဖြစ်လို့လဲဆိုတော့ အစ်မဖြစ်သူကို သူ့ရဲ့လက်ရှိခင်ပွန်းဆီကို သူ့အဖေက ရောင်းခဲ့တာလေ... ဒါကို သုံးရက်မြောက်နေ့ကရခဲ့တဲ့ ဓာတ်ပုံတွေထဲကနေ သိနိုင်တယ်... အဲဒီပုံတွေထဲက တစ်ပုံက ပိုက်ဆံပုံဖြစ်နေတယ်လေ..."


"နှစ်တစ်ဝက်လောက်ကြာတဲ့အခါမှာ အစ်မဖြစ်သူက ကိုယ်ဝန်ရခဲ့တယ်... ဒါပေမယ့် ကံမကောင်းစွာနဲ့ ကိုယ်ဝန်က ပျက်ကျသွားခဲ့တယ်... ကလေးမရနိုင်တော့တဲ့ အစ်မဖြစ်သူကို သူ့ယောက်ျားနဲ့ သူ့ရဲ့ယောက္ခမတွေက နှိပ်စက်ကြတယ်... အနိုင်ကျင့်ခံရတဲ့အစ်မဖြစ်သူလည်း သူ့ယောက်ျားအိမ်ကနေ ထွက်ပြေးဖို့ရာ ရွေးချယ်ခဲ့တယ်... ဒါပေမယ့်လည်း ဒီအိမ်က သူမအတွက်တော့ နိဗ္ဗာန်ဟုတ်မနေခဲ့ဘူး..."


ထိုအချိန်တွင် ဟယ့်ကျင်းယွင်၏ အမူအရာမှာ အနည်းငယ် အလေးအနက်ဖြစ်သွားသည်။ 

"အဲဒါကြောင့် လေးရက်မြောက်နေ့မှာ အစ်မဖြစ်သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေနဲ့ဓာတ်ပုံကို ကျွန်တော်တို့ရခဲ့တယ်... အဲ့ဒီဒဏ်ရာတွေက ကြာပွတ်ရာတွေ... ဒါပေမဲ့ဘအစ်မဖြစ်သူရဲ့ယောက်ျားဘက်က မိသားစုက သိုးထိန်းသမားတွေမဟုတ်ကြဘူး... ပြီးတော့ အဲ့ဒီလိုမျိုး ကြာပွတ်က သိုးထိန်းအိမ်တွေမှာပဲ ရှိတတ်တာ... အဖြစ်ဆိုးတွေက အဲ့ဒီကနေ စတော့တာပဲ..."


"ပထမဦးဆုံး အိမ်ထောင်စီးဖြစ်တဲ့အဖေ၊ ပြီးတော့ လှောင်ပြောင်နေခဲ့တဲ့ မောင်ဖြစ်သူ၊ မထူးခြားနားတဲ့ အဖိုးအဖွားတွေ၊ နောက်ဆုံး အစ်မလိုပဲ ဘာအင်အားမှမရှိတဲ့ အမေဖြစ်သူ... ဇာတ်လမ်းရဲ့အဆုံးမှာ... မီးလောင်ခဲ့တယ်..."


"အဲဒါကြောင့်မလို့ ယဲ့ဇယ်ရှစ်နဲ့ တခြားသူတွေရဲ့ လက်မှာ မီးလောင်ရာတွေ ရှိနေခဲ့တာပဲ..."


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ ဇာတ်ကြောင်းအစုံ ရှင်းပြသည်ကို နားထောင်ပြီးနောက် ရိုက်ကွင်းရှိ အဖွဲ့သားများအားလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။


အဆုံးတွင် ထိုတိတ်ဆိတ်မှုကို ဝေ့ပေက ဖြိုခွင်းလိုက်သည်။

"ဒါဆို ယို့ကျားက အစ်မကြီးဖြစ်သူပါလို့ မင်းတို့ ဘယ်လို သုံးသပ်လိုက်တာလဲ..."


လူတိုင်းက ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်ကို ထပ်ကြည့်လိုက်ကြသည်။


ယဲ့ဇယ်ရှစ် ပြောလိုက်သည်။

"ပထမဆုံးရက်က ကျွန်တော်တို့ရဲ့ ထိုင်ခုံနေရာတွေကို မှတ်မိသေးလား..."


ယို့ကျားက ရုတ်တရက် သတိပြန်ဝင်လာသည်။

"ဒါဆို အဲဒီကတည်းက ငါတို့ရဲ့သရုပ်မှန်တွေကို သတ်မှတ်ထားပြီးသားပေါ့..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ဒီနေ့ရခဲ့တဲ့သဲလွန်စက မိသားစုဓာတ်ပုံတစ်ပုံပဲ... ပထမဆုံးက အဖေနဲ့အဖိုး၊ အလယ်မှာက အဘွားနဲ့မောင်လေး ပြီးတော့နောက်ဆုံးက အမေနဲ့အစ်မ... အဲ့ဒီလိုမျိုး ယုယန်ကအဖေ၊ ကျန်းရန်ကအဖိုး၊ ဇယ်ရှစ်နဲ့ငါက မောင်ဖြစ်သူနဲ့ အဖွားဖြစ်သူ ပြီးတော့ ဝေ့ပေနဲ့ ယို့ကျားက အမေနဲ့ အစ်မဖြစ်သူ အသီးသီး အဲ့ဒီလိုဖြစ်သွားတာ..."


"အဲဒီလိုလား..."

ထိုခါမှ ယုယန် နားလည်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ အနည်းငယ် ခံစားသွားရသည်။ 

"ပရိုဂရမ်အဖွဲ့က တကယ်ပဲ ဘယ်လိုကစားရမလဲဆိုတာ သိတာပဲ... ပထမရက်ကတည်းက ငါတို့ကို ငါတို့သရုပ်မှန်တွေရဲ့ သဲလွန်စကို ပေးမယ်ပြောပြီး အဆုံးတော့ ကိုယ်ဘာသာကိုပဲ အဖြေရှာရတာပဲ..." 


ကျန်းရန်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။


"တစ်ယောက်ယောက်များ ဉာဏ်မကောင်းဘူးဆိုရင် သဲလွန်စတွေအကုန်လုံး ရရင်တောင်မှ ဝံပုလွေက ဘယ်သူလဲဆိုတာ ဖော်နိုင်မှာမဟုတ်ဘူး..."


ယို့ကျားက ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

"ဘယ်လိုလဲ... တခြားသူတွေက ဦးဆောင်သွားတဲ့အပေါ် အလိုက်သင့်လေးမျောသွားရတဲ့အပေါ် ဘယ်လိုခံစားရလဲ..."


"အရမ်းကောင်းတယ်..."

ယုယန်နှင့် ကျန်းရန်တို့ တစ်ပြိုင်တည်း ဖြေလိုက်ကြသည်။


ထိုအခါမှ ပထမဆုံးရက်တွင် ယို့ကျားနှင့် ဝေ့ပေပြောခဲ့သည့် 'သဲလွန်စရှာဖို့စိတ်မပူနဲ့'ဟု ဆိုသည်ကို သူတို့ ကောင်းကောင်းကြီး သဘောပေါက်သွားကြသည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ကဲ့သို့ စွမ်းအားမြင့် ဦးဆောင်သူ နှစ်ယောက်ရှိသောကြောင့် လုံးဝ စိတ်ပူရန် မလိုပေ။


ဘေးဘက်ရှိ ဒါရိုက်တာအဖွဲ့ကို ကြည့်လိုက်ပါလျှင် အားလုံးက မသာမယာဖြစ်နေကြသည်။ 


ဒီတစ်ကြိမ် ငါတို့တွေ ဇာတ်လမ်းကိုသေသေချာချာ လေးလေးနက်နက်ရေးခဲ့ပေမယ့် အချိန်မတိုင်ခင် ဘာဖြစ်လို့ ပြီးသွားရပြန်တာလဲ...


ဒါရိုက်တာက ထိုသည်ကို အလိုမရှိသောကြောင့် နောက်ဆုံးတစ်ကြိမ် အခက်အခဲပေးရန် ရည်ရွယ်လိုက်သည်။

"အဖြေကိုမပြောင်းတော့ဘူးဆိုတာ သေချာပြီလား... အခွင့်အရေးက တစ်ခါပဲရှိတယ်လို့ ပြောခဲ့တယ်နော်..."


"ကျွန်တော်တို့ မှန်တယ်မလား... ဒါရိုက်တာကြီး ကျွန်တော်တို့ အရင်ကလည်းပြောပြီးပါပြီ..."

ဝေ့ပေက ဒါရိုက်တာကို အသံကျယ်ကျယ်ဖြင့် ဝင်နှောင့်လိုက်သည်။

"ကျွန်တော်တို့ သေချာတယ်... အဖြေကို မပြောင်းတော့ဘူး..."


"မပြောင်းဘူး..."

လူတိုင်းက တစ်ပြိုင်တည်းဖြေလိုက်ကြသည်။


ဒါရိုက်တာ: "..."


ဟုတ်ပါပြီ... ငါတို့ ထပ်ရှုံးသွားရပြန်ပြီ...


ကင်မရာများက ရိုက်ကူးနေဆဲဖြစ်သည်။ ဒါရိုက်တာအဖွဲ့မှာ ဘာမှမလုပ်နိုင်တော့၍ သေချာပေါက်ပင် သူတို့ ထိုအဖြေကို မျက်ရည်လည်ရွှဲဖြင့် လက်ခံလိုက်ရန်သာ တတ်နိုင်တော့လေသည်။


ဤသို့ဖြင့် ကျန်ရှိသည့် နှစ်ရက်မှာ ဧည့်သည်တော်ခြောက်ယောက်အတွက် လွယ်လွတ်လပ်လပ်ခရီးသွားနိုင်သောအချိန် ဖြစ်သွားလေသည်။


ခရီးသွားရင်း ပိုက်ဆံရနေသည်မှာ သေချာပေါက်ကို ပျော်ရွှင်မှု နှစ်ဆပင်။


သို့သော်လည်း ထိုပျော်ရွှင်ဖွယ်အချိန်များက ကုန်ဆုံးတာမြန်သည်မှာ နှမျောစရာပင်။


မျက်စိတစ်မှိတ်အတွင်း ထိုနှစ်ရက်ကား ကုန်ဆုံးသွားခဲ့သည်။ 


ရိုက်ကူးရေးနောက်ဆုံးရက်တွင် ဟယ့်ကျင်းယွင်က ပုံမှန်အတိုင်း ယဲ့ဇယ်ရှစ်အတွက် သူအကြိုက်ဆုံး ငါးလေးခြောက်ကို ကြော်ပေးလေသည်။ 


ရက်အနည်းငယ် အတူနေပြီးနောက် ယုယန်နှင့်ကျန်းရန်လည်း ထိုနှစ်ယောက်၏ ဆက်ဆံရေးကို ကျင့်သားရသွားပြီ ဖြစ်သည်။


သို့သော်လည်း ယုယန်မတွေးဘဲ မနေနိုင်သည်မှာ တစ်ခုရှိသည်။

ဟယ့်ကျင်းယွင်ရဲ့ အပြုအမူတွေက ဒီလောက်သိသာနေတာကို ယဲ့ဇယ်ရှစ်က ဘာဖြစ်လို့များ သတိမပြုမိရတာပါလိမ့်..."


သူ စိုက်ကြည့်နေသောကြောင့်ထင်သည်။ ဟယ့်ကျင်းယွင်က သူ့အကြည့်ကို သတိထားမိသွားပြီး လှည့်ကြည့်လာသည်။


ယုယန် ထိတ်လန့်သွားပြီး မျက်လုံးကို အမြန် နေရာရွှေ့လိုက်သည်။


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို ပန်းကန်လှမ်းပေးနေချိန်တွင် ဟယ့်ကျင်းယွင်က လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ သူ မေးလိုက်သည်။

"လောင်ရှီး... ဘာကိုကြည့်နေတာလဲ..."


ဟယ့်ကျင်းယွင် ကြည့်သည့်အတိုင်းလိုက်ကြည့်သောအခါ ယုယန်ကို ယဲ့ဇယ်ရှစ် မြင်လိုက်ရသည်။


ဟယ့်ကျင်းယွင်က ယုယန်ကို ဘာဖြစ်လို့ ကြည့်နေတာပါလိမ့်... 


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။


ဟယ့်ကျင်းယွင် သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ပန်းကန်ကိုယူကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ဘူး..."


ဟယ့်ကျင်းယွင်က ဝတ်ကျေတမ်းကျေ ဖြေလိုက်တယ်လို့ ဘာဖြစ်လို့ ခံစားနေရတာပါလိမ့်...


သို့သော်လည်း ယခုက မေးခွန်းမေးရန် အချိန်ကောင်းမဟုတ်သောကြောင့် ယဲ့ဇယ်ရှစ် သူ့ရင်ထဲ ကလိကလိဖြစ်နေသည်ကို မျိုသိပ်ထားရန်သာ တတ်နိုင်တော့သည်။


ထားလိုက်တော့... နောက်ကြုံမှပဲ မေးတာပေါ့...


သို့သော်လည်း ယဲ့ဇယ်ရှစ် မေးခွင့်မသာမီ ထိုညတွင် ဟယ့်ကျင်းယွင်က ‌ဦးစွာပြန်သွားသည်က နှမြောစရာပင်။


မထွက်ခွာမီ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ဆီသို့ အထူးတလည် စာပို့ခဲ့သည်။ စာထဲတွင် ဟယ့်ကျင်းယွင်က ယာယီကိစ္စလေးတစ်ခုကြောင့် အရင်ပြန်နှင့်မည်ဖြစ်ပြီး ရုပ်ရှင်အတွက် ပရိုမိုးရှင်းပွဲများစမှ ပြန်တွေ့မည်ဖြစ်ကြောင်း ပြောထားလေသည်။


နောက်တစ်နေ့ နံနက်တွင် ယဲ့ဇယ်ရှစ် အိပ်ရာနိုးလာသောအခါ ထိုစာကိုမြင်လိုက်ရပြီး စိတ်ဓာတ်ကျသွားသည်။


ငါ မေးခွန်းတောင်မမေးလိုက်ရသေးဘူး ဟယ့်ကျင်းယွင်က ထွက်သွားပြီ...


သူ ဟယ့်ကျင်းယွင်ကို အမေးလွန်သွားမည်အား စိုးရိမ်မိသောကြောင့်လည်း ဖြစ်သည်။


ထိုအတွေးဖြင့် မနက်ခင်းတွင် ယဲ့ဇယ်ရှစ်တစ်ယောက် အလွန် တက်ကြွမနေခဲ့ပေ။


သူ ပုံမှန်မဖြစ်နေသည်ကို ကောင်းရှူပင် သတိပြုမိသောကြောင့် လေဆိပ်သို့အသွားတွင် ကောင်းရှူက 'ဘယ်နေရာ နေလို့မကောင်းလို့လဲ'ဟု ခဏခဏမေးနေခဲ့သည်။ 


ယဲ့ဇယ်ရှစ်က သူစိတ်မကြည်၍သာဖြစ်ကြောင်း ပြောလိုက်သည်။


သို့သော်လည်း သူစိတ်မကြည်ရသည့် အကြောင်းအရင်းကို ရှင်းပြပါဆိုလျှင် ယဲ့ဇယ်ရှစ် ရှင်းမပြနိုင်ပေ။


ဘာဖြစ်လို့ပါလိမ့်...


သူ ယုယန်ကိုလည်း မေးကြည့်ချင်မိသည်။



🎶🎶🎶