အပိုင်း - ၁ အဖေ
Viewers 685

ချစ်စရာကလေးလေး၏ ဘဝစနစ်

 

အပိုင်း - ၁ အဖေ

 

 

 

"အန်တီလု၊ တံခါးမြန်မြန်ဖွင့်ပါဦး။ အန်တီ့ရဲ့ ချွေးမအကြီးတော့ တစ်ခုခုဖြစ်သွားပြီ။"

 

 

တံခါးခေါက်သံသည် ညရဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်သည်။ ခွေးဟောင်သံတွေအကြား၊ ရွာအရှေ့ပိုင်းရှိ လုအိမ်မှမီးများ တဖြည်းဖြည်းနှင့် ပွင့်လာလေသည်။

 

 

လုထောင်လေးသည်လည်း အပြင်မှဆူညံသံကြောင့် နိုးသွားလေသည်။ သူမ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ၊ လူတစ်စု အိမ်အတွင်းသို့ အလျင်အမြန် ဝင်လာခဲ့သည်။

 

 

"ဘာဖြစ်တာလဲ? ဘာလို့ မင်းမျက်နှာက သွေးတွေပေနေတာလဲ?"

 

 

"သူ ကားတိုက်ခံရပုံပဲ၊ အဲ့တည်းက သူအသိမရှိတော့တာ။"

 

 

"ကားတိုက်ခံရတယ်? သူတစ်ခုခုသာဖြစ်လို့ကတော့၊ ရှောင်ဟွေ့နဲ့ ထောင်ထောင်တော့..."

 

 

စကားပြောနေသည့်သူက ပြောလက်စကိုရပ်လိုက်ပြီး ကုတင်ပေါ်တွင်လှဲနေသည့် လုထောင်လေးကို လှမ်းကြည့်လိုက်သည်။

 

 

ကလေးမလေးသည် အသားဖွေးပြီး နူးညံ့သည့်အသားအရေရှိရာ အိပ်နေစဉ်မှာပင် ပါးကလေးများ ရဲနေပြီး ဆံထုံးလေးထုံးထားသည်။ သူမ အိပ်မပျော်တပျော် ဖြစ်‌နေစဉ်အတွင်းမှာပဲ အိပ်မက်ယောင်သကဲ့သို့ ရေရွတ်နေသည်။

 

 

"မေမေ...မေမေ၊...မေမေပြန်လာပြီ..."

 

 

ထိုလူက အသံကိုနိမ့်ပြီး၊ "ဒီကလေးက တကယ်ကိုသနားစရာကောင်းတာပဲ။ သူ့ဖအေက အသက်ရှင်လားသေလားမသိ၊ မအေကလည်း ဒီလိုဖြစ်နေတယ်။"

 

 

လုထောင် သာ့ဟွာမှာတုန်းက၊ အများအားကျရသည့် ကလေးတစ်ယောက်ဖြစ်သည်။

 

 

သူမအမေ၊ ချန်ဖန်းရှုသည် သူမအလှကြောင့် သူမတို့ပတ်ဝန်းကျင်တွင် နာမည်ကြီးသည်။ သူမ‌အဖေ လုကောပင်းသည်လည်း စစ်ထဲမှ သူမတို့မိသားစုစားစရိတ်အတွက် လစဉ် ယွမ်ခြောက်ဆယ်၊ ခုနှစ်ဆယ်မျှ ပို့ပေးလေ့ရှိသည်။

 

 

ဒါဟာ လင်မယားနှစ်ဦးလုံး အလုပ်လုပ်သည့်အိမ်ထောင်စုတိုင်းရဲ့ တစ်လအတွင်းရှာနိုင်သည့် ပျှမ်းမျှငွေပမာဏဖြစ်သည်။

 

 

ကံမကောင်းစွာပင်၊ ထိုသို့အချိန်ကောင်းများသည် ကြာရှည်မခံခဲ့ပေ။ လွန်ခဲ့သည့်တစ်နှစ်တွင် လုကောပင်း ရုတ်တရပ်ပျောက်သွားပြီး ၎င်းအသက်ရှင်လားသေလားပင် မည်သူမျှမသိကြချေ။

 

 

ထိုဖြစ်ရပ်အပြီး ပထမဆုံးနှစ်လတွင်တော့ သူမတို့အခြေအနေ မဆိုးသေးပေ။ သို့ပေမယ့်၊ ကြာလာသောအခါ၊ သူမ အမျိုးသားထံမှ ငွေလက်ခံမရရှိတော့သဖြင့်၊ အမျိုးသမီးလုက သူမ၏ချွေးမနှင့် မြေးတို့ကို အနိုင်ကျင့်လာသည်။

 

 

ဒီကလေးသာ သူမအမေကို ဆုံးရှုံးရမယ်ဆိုရင်၊အနာဂတ်တွင် သူမ မည်သို့အသက်ဆက်ရှင်နိုင်မည်ကို မသိနိုင်ပေ။

 

 

အမျိုးသမီးလု သူမ မြေးမလေးကုတင်ပေါ်တွင် အိပ်မောကျနေသည်ကို မြင်သည်။

 

 

သူမ၏ချွေးမကြီးကို ကုတင်ပေါ်တင်ရန် ပြောလိုက်ပြီး အိပ်နေသည့်လုထောင်အား အပြင်သို့‌ခေါ်သွားရန် သူမ၏ ချွေးမငယ်ကိုပြောလိုက်သည်။ ထို့နောက် ချန်ဖန်းရှုကို ခေါ်လာပေးသည့် သူများအား၊ "ကားနဲ့တိုက်တဲ့‌ရောသူဘယ်မှာလဲ? ကားနဲ့တိုက်သွားတဲ့‌သူရော?"

 

 

"မသိဘူး။ ကော့ပင်းရဲ့မိန်းမကို လမ်းပေါ်မှာလဲနေတာတွေ့တည်းက သူက ဒီတိုင်းပဲ၊ တခြားဘယ်သူ့မှမတွေ့ဘူး။"

 

 

ဆိုလိုသည်မှာ၊ သူမအား ကားဖြင့် တိုက်သူသည် ထွက်ပြေးသွားပြီဖြစ်သည်။

 

 

လျော်ကြေးအတွက် သူမ ဘယ်သူ့ဆီက တောင်းရတော့မှာလဲ?

 

 

အမျိုးသမီးလု စိတ်ပျက်သွားသည်။

 

 

ထိုအချိန်တွင်၊ တစ်ဦးတည်းသော ဆရာဝန်ဖြစ်သည့် ဆရာစန်း၊ ခြေဗလာဖြင့်အမြန်ပြေးလာပြီး အသက်ကိုပင်လု၍ရှူရင်း မေးလေသည်။ "ကောင်မလေးဘယ်မှာလဲ? ဘယ်နားမှာလဲ?"

 

 

"ကုတင်ပေါ်မှာ။"

 

 

အကုန်လုံးက သူ့အားလမ်းဖယ်ပေးပြီး အနာတရဖြစ်နေသူအား စစ်ဆေးစေသည်။

 

 

အိမ်အပြင်ဘက်တွင်၊ အပြင်သို့ချီခေါ်လာခံရသည့် လုထောင်လေး နိုးလာပြီး၊ သူမအား ချီထားသော သူမအဒေါ်ကို မေးလိုက်သည်။ "မေမေပြန်လာပြီလား? သမီးမေမေ့ကို မြင်လိုက်တယ်ထင်တယ်။"

 

 

သူမသည် ကုတင်ပေါ်တွင် သူမမိခင်ကို စောင့်နေစဉ်၊သူမကိုယ်တိုင်ပင် သတိမပြုမိဘဲ အိပ်ပျော်သွားခြင့်ဖြစ်သည်။

 

 

ဒုတိယသား၏ အမျိုးသမီးသည် ကလေးမလေးအား ထိုင်ခုံပေါ်‌တွင်ထိုင်စေလိုက်ပြီး၊ "ဟမ်" ဟုသာ တုံ့ပြန်လိုက်လေသည်။

 

 

လုထောင်ထပ်၍ မေးလေသည်။ "‌အခုမေမေပြန်လာပြီဆိုတော့၊ ထောင်ထောင် ထမင်းစားလို့ရပြီလား? ထောင်ထောင်ဗိုက်ဆာနေပြီ။

 

 

လုမျိုးရိုးအစဉ်အဆက် ထိုအိမ်နှင့်ခြံတွင် နေထိုင်ခဲ့ကြသော်လည်း၊ ချွေးမအငယ်တို့သာ အမျိုးသမီးလုနဲ့အတူ ထမင်းဟင်းချက်ပြုတ်စားကြပြီး၊ ချွေးမကြီးဖြစ်သည့် ချန်ဖန်းရှုသည်တော့ သူမကလေးနှင့်အတူ သက်သက်ခွဲစားသောက်လေသည်။

 

 

ယနေ့ ချန်ဖန်းရှု အိမ်ပြန်နောက်ကျသည့်အတွက် ကလေးမလေးသည် ဗိုက်ဆာနေပြီဖြစ်သည်။

 

 

ချွေးမအငယ်သည် အခန်းတွင်းသို့ လှမ်းကြည့်ကာ၊ "ညည်းအမေက အလုပ်ရှုပ်နေတယ်။ ပြဿနာမရှာနဲ့။" ဟုပြောလေသည်။

 

 

"အိုး"

 

 

ကလေးမလေးသည် သူမဝမ်းဗိုက်ကို ကိုင်လျက် ခဏမျှငြိမ်သွားကာ "အန်တီ၊ ထောင်ထောင်ကို ကိုကို စားပြီးကျန်တဲ့ ကြက်ဥလေးကျွေးလို့ မရဘူးလား? ထောင်ထောင်တကယ် ဗိုက်ဆာနေလို့ပါ။" ဟုပြောလေသည်။

 

 

သူမကြားသော်၊ သူမသားက ကြက်ဥစားရကြောင်း ကြွားသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

 

 

သို့ပေမယ့်၊ သာ့ကျန်းက အမျိုးသမီးလုရဲ့ အချစ်ဆုံးမြေးလေ။ သေချာပေါက် သူက ဒီအိမ်မှာ ကြိုက်တာစားလို့ရတဲ့သူပေါ့။ သူ့လိုကလေးနဲ့ ဒီကောင်မလေးက ဘာလို့လာယှဉ်နေရတာလဲ?

 

 

သားအငယ်၏ မိန်းမ ပြန်ပြောလိုက်သည်။ "သူ မဟုတ်တာတွေ လျှောက်ပြောတာကိုမယုံနဲ့။ ငါတို့ညစာကို ပေါင်မုန့်ပဲစားတာ၊ ဘာကြက်ဥမှမပါဘူး။"

 

 

"မပါဘူးလား?"

 

 

ကလေးမလေးက စိတ်ရှုပ်ထွေးစွာ မျက်စိပေကလပ်ဖြင့်မေးခဲ့သည်။ သူမသည်မျက်ရည်ဝိုင်းနေပြီး အိပ်ချင်နေပုံပေါ်လေသည်။

 

 

ရုတ်တရပ်၊ အေးစက်၍ စက်ရုပ်ဆန်သည့် လေသံကို သူမကြားလိုက်ရသည်။

 

 

[ဂုဏ်ယူပါတယ်၊ လက်ခံသူ၊ သင်ဟာ မျှော်လင့်ချက် စနစ်ရဲ့ ပရောဂျက်အတွက် ရွေးချယ်ခံလိုက်ရပါတယ်။ ဒီပရောဂျက်ဟာ လူငယ်တွေကိုပံ့ပို့ပေးဖို့၊သူတို့ကို ပြဿနာတွေမှ ကူညီဖို့၊ ပြီးတော့ ဘဝမှာထိပ်တန်းကိုရောက်ဖို့ပဲဖြစ်ပါတယ်။ ဒါကတော့ နံပါတ် ၂၅၀ ဘဝစနစ်ပဲဖြစ်ပါတယ်...]

 

 

"နှစ်ရာ့ငါးဆယ်?"

 

 

ကလေးမလေးဟာ တုံ့ပြန်ရန် ‌ခြေတစ်လှမ်းနောက်ကျနေပြီး စကားလုံးတစ်လုံးသာ ကြားလိုက်သည်။

 

 

အသံသည် ရပ်သွားလေသည်။

 

 

ထို့နောက်တွင်၊ အသံပြန်ကျယ်လာလေသည်။

 

 

[ယနေ့မှစပြီး၊ ဒီစနစ်ကို လက်ခံသူသည် အားကိုးအားထားပြုနိုင်မည်ဖြစ်ပြီး လက်ခံသူအတွက် အဖော်တစ်ဖြစ်လည်း၊ လက်ခံသူ အဆင့်တက်ဖို့၊ CEO တစ်ယောက်ဖြစ်လာစေဖို့၊ ပြီးတော့ ရုပ်ရည်ချောမောပြီး တောင့်တောင့်ဖြောင့်ဖြောင့် လူချမ်းသာတစ်ဦးနဲ့ လက်ထပ်နိုင်ရန် ကြိုးပမ်းသွားမှာပါ။ ဖော်ပြပါ စည်းကမ်းချက် ၁၀၈ ချက်ကို အသေအချာဖတ်ပြီး သင်စတင်ဆောင်ရွက်ရမည့် လုပ်ငန်းကိုရရှိရန် ဖန်သားပြင်ပေါ်မှ စည်းကမ်းချက်များကို လိုက်နာပါ။ ]

 

 

လုထောင်လည်း လန့်သွားပြီး သူမရှေ့တွင် ဖန်သားပြင်တစ်ခုပေါ်လာသည်ကို သတိထားမိသွားသည်။

 

 

ဖန်သားပြင်ပေါ်တွင် စကားလုံးအများအပြားရှိနေသော်လည်း၊ မူကြိုတောင်မတက်ဖူးသည့် သူမကဲ့သို့သော ကလေးလေးအဖို့ ထိုစကားများအနက် တစ်လုံးမျှပင် သူမနားမလည်ပေ။

 

 

သူမမတ်တပ်ရပ်ကာ၊ သိချင်ဇောဖြင့် အနားတိုးကာကပ်ကြည့်လေသည်။ "ဒါက ဘာကြီးလဲ? အလင်းရောင်တောက်တောက်ကြီးနဲ့။"

 

 

[စနစ်၏ စည်းကမ်းချက် နံပါတ် ၁၊ လက်ခံသူက အစီအစဉ်၏ တည်ရှိမှုအကြောင်းကို အခြားသူများအား မည်သည့်အကြောင်းပြချက်ကြောင့်မျှ ပြောမပြသင့်ပါ။ စည်းကမ်းချိုးဖောက်သူများသည် လျှပ်စီးဖြင့် ဖောက်ဖျက်သည့် စည်းကမ်းချက်၏ အရေးကြီးမှုအလိုက် အပြစ်ပေးသွားမည်ဖြစ်ပါသည်။ ဤစည်းကမ်းချက်ကို လိုက်နာပေးပါ။]

 

 

လုထောင်မျက်လုံးပြူးလျက်၊ "အန်တီ၊ အန်တီ၊ ဒီမှာစကားပြောနေတဲ့ တီဗီကြီးရှိတယ်။"

 

 

သူမပြောလို့မပြီးခင်၊ သူမ ရှေ့ရှိ ဖန်သားပြင်မှ အနီရောင်မီးများလင်းလာသည်။

 

 

[သတိပေးချက်။ သတိပေးချက်။ လက်ခံသူဟာ အစီအစဉ်၏ တည်ရှိမှုကို ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောကြားရပါ။ မည်သည့်အကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ။ မည်သည့်အကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ။]

 

 

"ဒါကြီးက လင်းနေတယ်၊ ဒါကြီးကလင်းနေတယ်။" လုထောင် ပိုမိုစိတ်လှုပ်ရှားသွားပြီး၊ "အန်တီ၊ လာကြည့်ပါဦး၊ တီဗီကြီးက လင်းတယ်။"

 

 

သတိပေးချက်အသံ ရုတ်တရပ် ရပ်သွားလေသည်။

 

 

ထိုအချိန်တွင်၊ အတွင်းခန်းမှ အမျိုးသမီးကြီး သွေးရောင်များ ပြည့်နေသည့် ရေဇလုံကို ကိုင်ကာထွက်လာလေသည်။

 

 

ထိုသူအား ချွေးမအငယ်မြင်သော်၊ ထိုဇလုံအား သယ်ရန် အပြေးသွားပြီးပြောလိုက်သည်။ "အပြင်မှာအေးပါတယ် အမေ။ အမေ ပြန်ဝင်လိုက်ပါတော့၊ ကျွန်မသွားသွန်လိုက်မယ်။" သူမသည် လုထောင်၏ စကားအား ဂရုမစိုက်ပေ။

 

 

အချိန်ခဏအကြာ၊ ထိုစက်ရုပ်အသံပြန်ပေါ်လာလေသည်။

 

 

[ကံကောင်းစွာပဲ၊ သိမသွားဘူး၊ မဟုတ်ရင်တော့ ဆိုးဆိုးရွားရွားဖြစ်သွားမှာပဲ... နေပါဦး!  မင်းက သာ့ဟွာစခန်းက ချန်ဖန်းရှု၊ ဟုတ်တယ်မလား?]

 

 

"မဟုတ်ဘူး။"

 

 

လုထောင် သူမ၏ ခေါင်းလေးကိုခါပြီး ပြောခဲ့သည်။ "သမီးက လုထောင်။ အသက်ကသုံးနှစ်ရှိပြီ။"

 

 

I @#%……

 

 

ရုတ်တရပ် ထူးဆန်းသည့်အသံရှည်ကို လုထောင်ကြားလိုက်ရသည်။ သူမရှေ့ရှိ၊ ဖန်သားပြင်မှ အက်ကွဲသံများထွက်လာလေသည်။

 

 

ခဏအကြာ၊ အကုန်လုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။

 

 

[ထားလိုက်ပါတော့၊ အခုပြောခဲ့တာတွေ အကုန်လုံးကိုမေ့လိုက်ပါ။ ဒါကိုပြန်ပြင်ရအောင်။]

 

 

 အေးစက်စက် စက်ရုပ်ဆန်သည့်အသံသည် ရုတ်တရပ် နူးညံ့လာပြီး [ထောင်ထောင်လေး၊ ဟုတ်တယ်မလား? ထောင်ထောင် ဒီမစ်ရှင်ကိုလုပ်ချင်လား? အရသာရှိတာတွေအများကြီး စားရမှာနော်။]

 

 

လုထောင်လည်း ခနရပ်သွားသည်။

 

 

သူမခေါင်းလေးကို စောင်းပြီး ခဏမျှစဉ်းစားကာ မေးလိုက်သည်။ "ဘာမစ်ရှင်လဲ?"

 

 

[မစ်ရှင်? မစ်ရှင်က ဦးဦးကို ကူညီရမှာပါ။ ထောင်ထောင်လေး စကားနားထောင်သရွေ့ ဦးဦးက အရသာရှိတာတွေကျွေးမှာ။]

 

 

"အဲ့တာဆိုတော်ပါပြီ။"

 

 

လုထောင်သည် တည့်တိုးပဲ ငြင်းလိုက်သည်။ "မေမေက မသိတဲ့သူတွေ ကျွေးတာဆို ဘာမှမစားရဘူးလို့ပြောတယ်။"

 

 

[ဘာကိုတော်ပါပြီလဲ? မုန့်ကျွေးမှာကိုတောင် မလုပ်ဘူးလား။ ဘယ်လောက်တောင် တာဝန်မဲ့လိုက်သလဲ?]

 

 

စက်ရုပ်သံသည် ရုတ်တရပ် အသံကျယ်လာလေသည်။

 

 

ခဏအကြာတွင်၊ ပြန်၍ နူးညံ့လာသည်။

 

 

[မေမေက ဦးဦးကို မှာထားတာ သမီးကိုအရသာရှိတာတွေကျွေးဖို့။ ဦးဦးက မေမေ့ရဲ့ သူငယ်ချင်းပါ။]

 

 

"အဲ့တာဆို မေမေ့ကို သွားမေးလိုက်ဦးမယ်။"

 

 

လုထောင် ထိုသို့ပြောကာ၊ အတွင်းခန်းသို့ သူမ၏ ခြေတံတိုတိုလေးများဖြင့် ပြေးဝင်သွားလေသည်။

 

 

[ဟေး၊ ကလေးစုတ်ကလေး၊ ဘယ်သူ့ကိုမှ မပြောရဘူးလို့ ခဏခဏ ပြောထားတယ်လေ! နားကန်းနေတာလား?]

 

 

ဖန်းသားပြင်မှ ထူးဆန်းသည့်အသံများ ထွက်လာလေသည်။

 

 

လုထောင် ထိုအသံများကို လျစ်လျူရှုကာ ပြောလိုက်သည်၊ "မဟုတ်ဘူး၊ သမီး မေမေ့ကို မေးချင်သေးတယ်။"

 

 

သူမ တံခါးနားရောက်ခါနီးတွင်၊ စက်ရုပ်ဆန်သည့်အသံမှ သူမရင်းနှီးသည့် ယောင်္ကျားတစ်ယောက်၏ အသံသို့ ရုတ်တရပ်ပြောင်းသွားလေသည်။

 

 

[ထောင်ထောင်လေး၊ ဖေဖေ့စကားကို နားမထောင်ဘူးလား?]

 

 

"ဖေဖေ?"

 

 

လုထောင်ရပ်လိုက်ကာ စိတ်ရှုပ်ထွေးစွာ ပြန်လှည့်လာလေသည်။

 

 

[ဟုတ်တယ်၊ ဖေဖေပါ။] ထိုအသံသည် စိတ်သက်သာရသွားသယောင်ပင်။

 

 

ရေသွန်ပြီးပြန်လာသည့် ချွေးမအငယ်သည် လုထောင် အဖေဟု ခေါ်သံကိုကြားသော် သွားနေရာမှ ရပ်တန့်သွားလေသည်။

 

 

သူမ နားကြားမှားသည်ဟု ထင်လိုက်သည်။

 

 

မထင်မှတ်စွာပင်၊ ကလေးမလေးက သူမဆီပြေးလာရင်း၊ "ဖေဖေ၊ ဖေဖေ၊ ဖေဖေပြန်လာပြီ။" ဟု ပြောလေသည်။

 

 

ချွေးမငယ်လည်း သူမနောက်မှတံခါးကို လှည့်ကြည့်လိုက်လေသည်။

 

 

တံခါးအပြင်ဘက်တွင် အမှောင်ထုနှင့် ညနေခင်းလေပြေလေးများမှလွဲ၍ ဘာမျှမရှိချေ။

 

 

သူမပြန်လှည့်လာပြီး ပြုံးပြလိုက်သည်။

 

 

"ထောင်ထောင်၊ အန်တီက သမီးရဲ့ အန်တီလေ။ သမီးအိပ်ပျော်သွားတာလား? အန်တီ့ကို ဘယ်လိုလုပ် မမှတ်မိရတာလဲ?"

 

 

လုထောင်သည် သူမကိုပင်မကြည့်ဘဲ လေကိုသာ ပျော်ရွှင်စွာ စကားတွေပြောနေလေသည်။

 

 

"ဖေဖေ၊ ဖေဖေ၊ နောက်ဆုံးတော့ပြန်လာပြီ! ထောင်ထောင်က တစ်၊နှစ်၊လေး၊ကိုး..."

 

 

ကလေးမလေးက သေချာလက်ချိုးရေလိုက်သည်။

 

 

"ကိုးလ...ကိုးလ... ကိုးပြီးတော့ ဘယ်နံပါတ်လာတာလဲ?"

 

 

သူမ မေးသည်ကို ဘယ်သူမှမဖြေနိုင်ပေ။ ချွေးမအငယ်သည် သူမပြောသည်ကိုကြား၍ ကြက်သီးများပင်ထနေပြီဖြစ်သည်။

 

 

ကလေးတွေက နာနာဘာဝတွေကိုမြင်နိုင်သည်ဟု ပြောကြလေသည်။

 

 

သူမခဲအို တကယ်ပဲအပြင်မှာ သေသွားပြီး အခု ဝိညာဉ်အနေနဲ့ ပြန်လာတာလား?

 

 

သူမ ယောက္ခမအား ကျေနပ်စေရန်၊ သူမ လင်ညီအစ်မ ချန်ဖန်းရှုအား အနိုင်ကျင့်ခဲ့ဖူးသည်။

 

 

အထူးသဖြင့် သူမခဲအို ပျောက်သွားသည့်နှစ်တွင်ပင် ဖြစ်သည်။

 

 

"ယောင်္ကျားတစ်ယောက်က ငွေတွေပိုရှာပြီး ဘာလုပ်မှာလဲ? အဲ့ငွေတွေကို သူလည်း သုံးနိုင်တာမဟုတ်ဘဲနဲ့။" သူမ အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်။

 

 

သူမတွေးလေ၊ ပိုကြောက်လာလေဖြစ်ရာ လူရှုပ်နေသည့် အတွင်းခန်းသို့ အလျင်အမြန်ဝင်ပြီး လူအုပ်ထဲတွင် ဝင်ရောနေလိုက်သည်။

 

 

သူမအခန်းတွင်းသို့ ဝင်သောအခါ၊ ဆရာစန်းက ချန်ဖန်းရှု၏ ဒဏ်ရာကို ပတ်တီးစီးပြီးနေပြီ ဖြစ်သည်။ သူ၏ မျက်နှာထားသည် လေးနက်နေပြီး၊ "ဆေးရုံအမြန်သွားရအောင်။" ဟုပြောလေသည်။

 

 

"ဒဏ်ရာက စိုးရိမ်ရတာလား?" အကုန်လုံး အလျင်အမြန် မေးလိုက်သည်။

 

 

"ကျိုးနေတဲ့ခြေထောက်ကတော့ သိပ်မစိုးရိမ်ရပါဘူး။ အရိုးပြန်ဆက်အောင် သေချာလုပ်ပြီးသွားပြီ။ အရိုးပြန်ဆက်အောင် ဆေးသောက်ပြီး နားရုံပဲ။ စိုးရိမ်ရတာကတော့ ခေါင်းထိထားတာပဲ။ သွေးခဲသွားနိုင်တယ်။ ပြန်နိုးလာရင်တောင် ဦးနှောက်အပေါ် တစ်ခုခုသက်ရောက်သွားနိုင်တယ်။"

 

 

"သူက ကျပ်မပြည့် ဖြစ်သွားမှာလား?" အမျိုးသမီးလုက မေးလိုက်သည်။

 

 

ဆရာစန်း သက်ပြင်းချလိုက်ပြီး ဘာမျှပြန်မပြောချေ။

 

 

ပြန်နိုးလာရင်တောင် ကျပ်မပြည့်ဖြစ်နေမယ်ဆိုရင်၊ဘာလို့ ဆေးဖိုးတွေ ဖြုန်းနေဦးမှာလဲ?

 

 

ကျပ်မပြည့်တွေက အလုပ်မှမလုပ်နိုင်ဘဲ။

 

 

"အန်တီလု၊ ကျွန်တော်တို့ ပရဟိတအသင်းကို သွားပြီး ကောပင်းရဲ့မိန်းမကို ဆေးရုံပို့ဖို့ ကားသွားဌားလိုက်ရမလား?" ဟု တစ်ယောက်ကဝင်ပြောလိုက်လေသည်။

 

 

"မဌားနဲ့။"

 

 

သူမစကားအဆုံးတွင်၊ အမျိုးသမီးလုက သူမလေသံမာသွားသည်ကို သတိပြုမိကာ ပြန်ပြုံးလိုက်သည်။

 

 

"တအားနောက်ကျနေပြီ။ ငါက ဘယ်လိုလုပ် မင်းတို့ကို ထပ်ပြီး ‌အနှောင့်အယှက်ပေးရမလဲ? ဖန်းရှုက ကြံခိုင်ပါတယ်၊ အဲ့လောက်မပျော့ပါဘူး။ သူအိမ်မှာပဲ နှစ်ရက်လောက်နားလိုက်ရင် သက်သာသွားမှာ။ ဒီလိုလုပ်ရင်ရော၊ မင်းတို့ပြန်ပြီး အရင်နားလိုက်ကြ၊ မနက်ဖြန်မှ အခြေအနေ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့။"

 

 

ချွေးမအငယ်သည် အခုဖြစ်ပျက်သွားသည်ကို တွေးနေတုန်း မနေနိုင်ဘဲ အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်လေသည်။

 

 

သူမကြည့်လိုက်သည့်အခါ၊ လုထောင် အိမ်ထဲကို တက်တက်ကြွကြွ ပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။

 

 

"မေမေ၊မေမေ၊ ဖေဖေပြန်လာပြီ။ ဖေဖေက သမီးတို့ကို တွေ့ဖို့ပြန်လာပြီ။"

 

 

တစ်နှစ်လောက်ပျောက်သွားတဲ့ လုကောပင်း ဒီအချိန်မှကွတ်တိ အိမ်ပြန်လာမယ်လို့ ဘယ်သူမှ ထင်မထားကြပေ။ အကုန်လုံး လန့်သွားကြလေသည်။

 

 

လုထောင်သာ ကြားနေရသည့် အသံက ကြမ်းတမ်းလာသည်။

 

 

[ဆက်မပြောတော့ဖို့ ပြောထားတယ်မလား၊ ပြောနေတာမကြားဘူးလား?]

 

 

လုထောင် ဂရုမစိုက်ပါ၊ ကုတင်ပေါ်တွင် လှဲနေသည့် ခေါင်းတွင်ပတ်တီးနှင့် အမျိုးသမီးကိုသာ စိုက်ကြည့်နေပြီး၊ "မေမေ အိပ်ပျော်နေတာလား?" ဟုမေးလေသည်။

 

 

သူမအား မည်သို့ဖြေရမည်မှန်း မည်သူမျှမသိချေ။

 

 

အမျိုးသမီးလု ရုတ်တရပ် ထပြောလေသည်။ "အချိန်ကွတ်တိကို ပြန်လာတာပဲ။ ငါ မေးချင်နေတာ၊ဒီတစ်နှစ်လုံး အိမ်ပြန်မလာ၊ စာတစ်စောင်မပို့ဘဲနဲ့ ဘယ်တွေရောက်နေတာလဲ?"

 

 

သို့သော်၊ သူမ ရှာနေသော်လည်း သူမသားကြီးအားမတွေ့သဖြင့်၊ "နင့်အဖေ ဘယ်မှာလဲ?"ဟု မေးလေသည်။

 

 

"ဒီနားလေးမှာတင်ပဲ။"

 

 

ရှောင်လုထောင် နောက်လှည့်ပြီး အခန်းအပြင်ဘက်ကို ညွှန်ပြလေသည်။

 

 

အမျိုးသမီးလု အသက်ရှုကြပ်သွားသည်။

 

 

အခြားသူများ၏ မျက်နှာအမူအရာများလည်း ပြောင်းလဲကုန်လေသည်။

 

 

ရှေးအယူအဆတွေ မရှိတော့တာကြာပြီ ဖြစ်သော်လည်း၊ တောရွာ၊ ကျေးရွာဘက်များတွင်တော့ ထိုအဖြစ်အပျက်များကို အယုံအကြည်ရှိသူ အများအပြားကျန်ရှိနေသေးသည်။

 

 

တစ်ယောက်က ချက်ချင်း ထပြောခဲ့သည်။ "အန်တီလု၊ ကျွန်တော့်အ‌ထင်တော့ ကောပင်းရဲ့မိန်းမကို ဆေးရုံအမြန်ပို့သင့်တယ်ထင်တယ်။"

 

 

"ဟုတ်တယ်၊ အစ်မကို ဆေးရုံပို့ရအောင်။"

 

 

သူမခဲအိုက သူ့မိန်းမကို မကူညီတာကိုသိပြီး သူတို့ကို ထိခိုက်အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ?

 

 

"သူ လျှောက်ပြောနေတာတွေ နားမထောင်နဲ့။"

 

 

အမျိုးသမီးလုက တည်ငြိမ်စွာပဲ၊ "သူကြီးက အဲ့သရဲတွေဆိုတာက အကုန်အလိမ်တွေလို့ ပြောထားတယ်။"

 

 

သူမ ပြောလို့မပြီးခင်မှာပဲ၊ သူမခေါင်းပေါ်ရှိ မီးလုံးက ငြိမ်းသွားပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။

 

 

လုထောင်က သူမရင်းနှီးတဲ့ အသံကိုကြားသော်၊ သူမအလွန် စိတ်လှုပ်ရှားလာပြီး ထခုန်ကာ ထိုမီးလုံးကို လက်ညိုးထိုးရင်း၊ "ဖေဖေ၊ အဲ့တာဖေဖေပဲ။"

 

 

ထိုအခါ ချွေးမအငယ်၏ မျက်နှာသည် ဖြူဖျော့သွားပြီး၊ သူမသည် အသံတုန်ယင်စွာဖြင့်၊ "အမေ၊ အစ်ကိုကြီး၊ သူ ပြန်လာပြီ။"

 

 

အကုန်လုံး ‌အနောက်ဆုတ်ကုန်ကြကာ၊ အမျိုးသမီးလုအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေကြသည်။

 

 

အမျိုးသမီးလု စိတ်တိုသွားပြီး လုထောင်အား နားရွက်လိမ်ဆွဲရန် လှမ်းလိုက်သည်။

 

 

"ရက်နည်းနည်းလောက် အလွတ်ပေးလိုက်တာနဲ့ ခေါင်းတအားမာလာတယ် ဟုတ်လား? ငါ့ကိုပြော။ အဲ့တာနင့်ကိုဘယ်သူ သင်ပေးလိုက်တာလဲ?

 

 

သို့သော်၊ သူမ လုထောင်အား မထိနိုင်ခင်မှာဘဲ၊ သူမခေါင်းပေါ်ရှိ မီးသီးဟာ‌ ဖောင်းကနဲ အသံမြည်ပြီး ပေါက်ကွဲသွားသည်။

 

 

ထို့နောက်တွင်တော့၊ တစ်ခန်းလုံး အမှောင်ထုက ကြီးစိုးသွားခဲ့သည်။