အပိုင်း - ၈ ငါးမျှားခြင်း
Viewers 689

ချစ်စရာကလေးလေး၏ ဘဝစနစ်

 

အပိုင်း - ၈ ငါးမျှားခြင်း

 

 

 

လုထောင်သူမ၏ ကလေးအသံလေးဖြင့် သီချင်းဆိုပြီး ထိုင်ခုံလေးတွင်ထိုင်ကာ သူမကိုယ်သူမ မှန်ထဲတွင်ကြည့်နေလေသည်။

 

 

မေမေသတိရလာတာ ကောင်းတယ်။

 

 

ကိုကိုက တုံးပြီး ထောင်ထောင့်ဆံပင်တောင် မဖြီးပေးနိုင်ဘူး။

 

 

ကလေးမလေး သူမခေါင်းပေါ်ရှိ လှပသော ဆံထုံးလေးအား ထိကြည့်လိုက်ပြီး၊ လှပသည်ဟု ခံစားလိုက်ရသည်။

 

 

ချန်ဖန်းရှု ကုတင်ကိုမှီကာ အဝတ်အစားဖာထေးချုပ်လုပ်နေပြီး သူမကိုမြင်သော် မေးလိုက်သည်။ "ထောင်ထောင်၊ သမီးကို ဘီစကွတ်ပေးတဲ့ ဖေဖေက ဘယ်လိုပုံစံလဲ?"

 

 

သတိရလာစဉ်ကထက် သူမပို၍အင်အားပြည့်နေပြီး သူမတိုက်တွန်းမှုကြောင့် လုဟွေ့လည်း ကျောင်းပြန်သွားလေသည်။

 

 

အကုန်လုံး နေရာတကျဖြစ်သွားပုံရသော်လည်း လုထောင်ပြောပြသည့် သူမအဖေဆိုသည်က အလွန်ထူးဆန်းနေသဖြင့် သူမစိုးရိမ်နေလေသည်။

 

 

လုထောင်ကြသော်၊ သူမခဏမျှစဉ်စားပြီးနောက်၊ "ဖေဖေ? ဖေဖေက ဖန်ဖန်လေ။"

 

 

သူမလင်းနေသည့် ဖန်သားမျက်နှာပြင်ကို တွေးမိလေသည်။

 

 

"လေးထောင့်?"၊ ချန်ဖန်းရှုမှ၊ "သမီးပြောတာက  မျက်နှာက လေးထောင့်ပုံစံ? သူက လေးထောင့်မျက်နှာရှိပြီး ချောလည်းချောတယ်ပေါ့။"

 

 

"အကြီးကြီးပဲ။" ကလေးမလေး အမူအရာဖြင့် မည်မျှကြီးကြောင်း လုပ်ပြလိုက်လေသည်။

 

 

ချန်ဖန်းရှုပြုံးကာ၊ "အရပ်ရှည် ပြီးတော့ကြီးလည်းကြီးတယ်? သူသာ စစ်ထဲဝင်ရင်၊ ဝတ်စရာအင်္ကျီတော့ မရှိလောက်ဘူး။" ဟုပြောလေသည်။

 

 

"ပြီးတော့...ပြီးတော့..."

 

 

လုထောင် သူမလက်ကို ကိုက်ကာ၊ အခြားအချက်များကို စဉ်းစားလေသည်၊ "ဖေဖေက အရမ်းလည်း မိုက်တယ်!"

 

 

ဖေဖေက သူမအား ချိုချဉ်တွေ ကွတ်ကီးတွေ အမျိုးကြီးပေးတယ်။ သူက ကမ္ဘာ့အကောင်းဆုံးအဖေပဲ!

 

 

"မိုက်တယ်?" ချန်ဖန်းရှု သူမသမီး ပြောနေသည်ကို သေချာမသိသော်လည်း၊ "အစ်ကိုကောပင်းက တကယ်မိုက်တယ်..."ဟုပြောလေသည်။

 

 

သို့သော်၊ လုထောင်ဆက်ပြောလေ သူမကနဦးရှိ မျှော်လင့်ချက်သည် တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။

 

 

ချန်ဖန်းရှု ခေါင်းငုံ့လိုက်ကာ တိတ်တဆိတ် ဝမ်းနည်းကြေကွဲနေလေသည်။

 

 

ရုတ်တရပ်၊ သူမဒူးပေါ်သို့ ခေါင်းသေးသေးလေးတစ်ခု ရောက်လာပြီး၊ သူမအား မော့ကြည့်ကာ မေးလေသည်၊ "မေမေ၊ငိုနေတာလား?"

 

 

ချန်ဖန်းရှု ချက်ချင်းပြန်၍ တည်ငြိမ်သွားကာ၊ "မဟုတ်ပါဘူး၊ မေမေက ထောင်ထောင့်ကို ဘယ်လိုပုံလေးချုပ်ပေးရမလဲ စဉ်းစားနေတာ။"

 

 

ကလးမလေးမှ "ယုန်! သမီးယုန်ပုံလေး လိုချင်တယ်!" ဟုပြောလေသည်။

 

 

သူမကုတင်ပေါ်မှ ခုန်ချကာ၊ ယုန်ပုံချိုချဉ်အခွံအားယူပြီး၊ "မေမေ၊ဒီလိုချုပ်ပေး။" ဟုပြောလေသည်။

 

 

"ဟုတ်ပြီ၊ မေမေချုပ်ပေးမယ်နော်။"

 

 

ချန်ဖန်းရှု မြေဖြူဖြင့် အဝတ်စပေါ်တွင် ယုန်ပုံလေး ဆွဲလိုက်လေသည်။

 

 

သူမပိုနေသည့် အစများကို ဖြတ်၍ ချုပ်လေသည်။

 

 

လုထောင်သည် ဖာထေးထားသော ဘောင်းဘီများ ဝတ်ရသည်ကို အလွန်ပျော်နေပြီး ‌ဖာထေးချုပ်လုပ်ထားသည့်နေရာက ယုန်ပုံအားမြင်ရရန် ခြေထောက်အား မြှောက်၍ ကြည့်လေ့ရှိလေသည်။

 

 

ချန်ဖန်းရှု ပြုံးကာ၊ချုပ်အပ်ကိုချလိုက်ပြ၊ "အပြင်ထွက်ဆော့လေ။ ဘောင်းဘီကိုပဲ ကြည့်မနေနဲ့ဦး။" ဟုပြောလေသည်။

 

 

"လဲမကျအောင် ဂရုစိုက်ဦး။"

 

 

လုထောင်အမြန်ခေါင်းညိမ့်ကာ၊ "သမီး အားနျိုနဲ့တခြားသူတွေကို သွားပြလိုက်ဦးမယ်။" ဟုဆိုကာ သူမပြုံးကာ ပြေးထွက်သွားလေသည်။

 

 

သူမခြံထဲသို့မသွားခင်၊ သူမနားတွင်၊ "ဒင်း-ဒေါင်" ဟူသောအသံကို ကြားလိုက်ရပြီး ဖန်သားပြင်ပြန်ပေါ်လာပြန်သည်။

 

 

[အဓိကတာဝန် - အရသာရှိပြီး အဟာရရှိသည့် ငါးစွပ်ပြုတ်ပြုလုပ်ပါ။

 

မစ်ရှင် အကြောင်း - မိခင်ကောင်းတိုင်းသည် သူမတို့ သားသမီးများ အရသာရှိပြီး အဟာရရှိသည့်အစားအစားများကို စားနိုင်ရန် ကြိုးပမ်းကြလေသည်။ သင့်ကလေးအတွက် အရသာရှိပြီး အဟာရပြည့်ဝသည့် ငါးစွပ်ပြုတ်တစ်အိုးကို ၂၄နာရီအတွင်းချက်ပါ။

 

မစ်ရှင် ဆုလာဘ် - ငါးကိုချက်ပြုတ်နည်း ၂ နည်း၊ ၅မှတ်။ အမှတ်တွေကို ကျန်းမာ‌ရေးအတွက် ပြန်၍လဲလှယ်နိုင်။]

 

 

လုထောင်ရုတ်တရပ် ရပ်ကာ၊ "ဖေဖေ၊ ပြန်လာပြီလား? ဖေဖေက ဘာလို့ ထူးဆန်းနေတာလဲ?"

 

 

သူမသူ့အားနောက်ဆုံးတွေ့စဉ်က၊ သူ့ကိုယ်ပေါ်တွင် ရုပ်ပုံများသာရှိပြီး ယခုအကြိမ်တွင်တော့ စကားလုံးများရှိနေလေသည်။

 

 

၂၅၀ - [အာ... ဒါကမင်းအမေအတွက်ပါ၊ မင်း...ထားလိုက်ပါတော့၊ ငါ အဲ့တာကို မင်းအတွက် အဆင်ပြေတာတစ်ခုခုအဖြစ် ပြောင်းလို့ရမရ ကြည့်လိုက်ဦးမယ်။ ငါ့ကျမှ ဘာလို့လက်ခံသူ မှားသွားရတာလဲ? တကယ်ကိုခက်တာပဲ...]

 

 

လုထောင်ရှေ့မှ ဖန်သားပြင်ပျောက်သွားပြီး၊ ခဏအကြာတွင် ရိုးရှင်းသည့် လိုင်းလေးများဖြင့် ကာတွန်းပုံလေးများ သူမရှေ့တွင် ရုတ်တရပ် ပေါ်ပေါက်လာလေသည်။

 

 

ထိုကာတွန်းတွင်၊ ဆံထုံးနှင့်ကောင်မလေးတစ်ယောက်သည် မြစ်ထဲမှအသက်ရှင်နေသည့်ငါးကို လှမ်းဖမ်းလိုက်ပြီး၊ ရယ်မောနေလေသည်။

 

 

လုထောင် ထိုကဲ့သို့ တစ်ခါမျှမမြင်ဖူးသည့်အလျောက်၊ မျက်တောင်မခတ်ဘဲကြည့်နေလေသည်။ "ဝါး၊ အဲ့တာ ယု ယု!"

 

 

သူမလက်ချောင်းလေးများနှင့်ပင် ထိကြည့်ကာ၊ တစ်ခါထိပြီး အမြန်ပြန်သိမ်းလိုက်ကာ ရယ်နေလေသည်။

 

 

ထိုကာတွန်းပြီးသွားသော်၊ "အာ့ဝူလင်၏ သိမ်မွေ့သော အသံထွက်လာလေသည်။ "ထောင်ထောင်လေး၊ ငါးမစားရတာကြာပြီမလား?"

 

 

"ငါးစားတယ်?" ကလေးမလေးသည် ခေါင်းလေစောင်းပြီး၊ ခဏမျှစဉ်းစားကာ၊ "မစားရတာ၊ တစ်၊နှစ်၊လေး၊ကိုး..."

 

 

သူကလက်ချိုးရေပြီး၊ "ကိုး...ကိုး...ကိုးပြီးတော့ဘာလာတာလဲ?" ဟုမေးလေသည်။

 

 

၂၅၀ - [...၁၊၂၊ ၃၊ ၄ ပါ၊ ၁၊၂၊ ၃၊ ၉ မဟုတ်ဘူး! မင်းကို ကာယဆရာက သင်္ချာသင်ပေးလိုက်တာလား? ဒါလေးတောင်မသိဘူး။]

 

 

"မဟုတ်ဘူး။" ကလေးမလေးက ခေါင်းခါကာ၊ "ထောင်ထောင်က ငယ်သေးလို့၊ ကျောင်းမတက်ရသေးဘူး။ ထောင်ထောင့်မှာ ဆရာမရှိဘူး။" ဟုပြောလေသည်။

 

 

၂၅၀ - [...ငါကလည်း မင်းလိုအရူးလေးနဲ့ ပြိုင်ပြောရတာ ရူးတော့မှာပဲ။ ငါးစားချင်လား၊ မစားချင်ဘူးလားဆိုတာပဲ ပြောစမ်းပါ?]

 

 

လုထောင် တွေဝေမှာမရှိဘဲ ခေါင်းညိမ်းလိုက်သည်။ "စားချင်တယ်။"

 

 

[အဲ့တာဆိုထောင်ထောင်၊ ကိုယ့်အားကိုယ်ကိုးပြီး မနက်ဖြန် ဒီလိုအချိန်မတိုင်ခင်မှာ ဖေဖေ့ကို ငါးဖမ်းပေးမလား? ထောင်ထောင်သာ ဖမ်းနိုင်မယ်ဆိုရင် သေးသေးကြီးကြီး ကိစ္စမရှိဘူး။ ဖေဖေက ထောင်ထောင်စားဖို့ ငါးအကြီးကြီး သုံးကောင်ပေးမယ်၊ ပြီးတော့ ထောင်ထောင့် စာအုပ်ထဲမှာလည်း အနီရောင်ပန်းလေးငါးပုံးဆွဲပေးမယ်...]

 

 

"အနီရောင်ပန်းလေး?" လုထောင် သူမမျက်လုံးဝိုင်းဝိုင်းတို့ဖြင့် ကြည့်ကာ၊ "အဲ့တာက တောင်ပေါ်က အနီရောင်ပန်းလား?" ဟုမေးလေသည်။

 

 

[ဟုတ်တယ်။ ဖေဖေ အနီရောင်ပန်းလေးတွေထပ်စုနိုင်ရင်၊ အဲ့တာတွေကို အရသာရှိတဲ့ မုန့်တွေနဲ့လဲလို့ရပြီး၊ မေမေ့ကိုလည်း မြန်မြန်သက်သာသေမယ်။]

 

 

"အဲ့တာဆို သမီးဖေဖေ့ကို ငါးကူဖမ်းပေးမယ်။"

 

 

ကလေးမလေးလှည့်ကာ အခန်းတွင်းသို့ပြေးသွားပြီ သူမ ငါးမျှားလိုကြောင်း အော်ဟစ်ပြောဆိုလေသည်။

 

 

"ငါးမျှားမယ်?" ချန်ဖန်းရှု လန့်သွားပြီး၊ "ဘာလို့ငါးဖမ်းချင်တာလဲ? ဘယ်သူလုပ်ခိုင်းလို့လဲ?" ဟုမေးမြန်းလေသည်။

 

 

သူမ ကလေးမလေး တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို ကြားလိုက်သော်လည်း ရှင်းရှင်းလင်းလင်းမကြားလိုက်ပေ။ လုထောင် လိမ်ပြောမည်မကို သူမစိုးရိမ်လေသည်။

 

 

လုထောင် သူမအဖေခိုင်းသည်ဟု ပြောမည်အပြု၊ ၂၅၀ မှ သူမနားထဲသို့ တိုးတိုးကပ်ပြောလိုက်သည်။ "ဒါကလျှို့ဝှက်ချက်နော်၊ အခုမပြောနဲ့ဦး၊ ပြီးမှ မေမေ့ကို အံ့ဩအောင် လုပ်ရအောင်။"

 

 

သူမပြောမည့် စကားလုံးများကို ပြန်မျိုချလိုက်ပြီး သူမအမေကိုသာ ငါးမျှားခွင့်ပြုရန် ပူဆာနေလေသည်။

 

 

ချန်ဖန်းရှုမှ သွားခွင့်မပေးဘဲ၊ "သမီးသွားချင်ရင် ကိုကိုပြန်လာတာကိုစောင့်ပြီးမှ ကိုကိုနဲ့တူတူသွားနော်။" ဟုပြောလေသည်။

 

 

ကလေးမလေးလည်း ဆက်မပူဆာတော့ဘဲ၊ ခုံသေးသေးလေးတွင်ထိုင်ကာ သူမအစ်ကိုပြန်လာမည်ကို စောင့်ရင်း သူမလက်သုတ်ပုဝါလေးနှင့် ကစားနေလေသည်။

 

 

အကယ်၍ လုဟွေ့နှင့်သာ အတူသွားရလျှင် မြစ်အကြီးဆီသို့ မသွားရဘဲ ရွာထိပ်ရှိ မြစ်အသေးလေးဆီသို့သာ သွားရပေ‌လိမ့်မည်။

 

 

လတ်တလော မိုးနည်းပြီး ထိုမြစ်အသေးတွင်ရေသိပ်မနက်သဖြင့် ရွာထဲရှိကလေးများ ငါးဖမ်းလိုလျှင် ထိုမြစ်ဆီသို့ သွားကြလေသည်။

 

 

ရေမနက်သည့်အတွက်၊ ငါးများလည်း သိပ်မကြီးသည့်အပြင် အကြာကြီးဖမ်းလျှင်တောင်၊ ငါးအသေးများသာ ဖမ်းနိုင်ပေမည်။

 

 

သို့သော် လုထောင်သည်တော့ ထိုအကြောင်းများကိုမသိပေ။

 

 

လုဟွေ့ ကျောင်းမှပြန်လာသော်၊ သူ့ညီမလေးအား ငါးမျှားခေါ်သွားရမည်ဟုကြားသော်၊ ပုံမှန်အတိုင်း ကန်အကြီးတစ်ခုယူလေသည်။ သူ့ညီမလေးအတွက်လည်း တစ်ခုယူမည့်အချိန်တွင် လုထောင်လည်း ပုံးတစ်ပုံးသယ်လာသည်ကို တွေ့လိုက်သည်။

 

 

ထိုပုံးမှာ အိမ်တွင် ရေခပ်သည့်ပုံးဖြစ်ပြီး ပုံးကိုယ်ထည်နှင့် လက်ကိုင်မှာ လုထောင်အရပ်နှင့် တန်းတူရှိလေသည်။

 

 

ကလေးမလေး အားကုန်သုံးပြီးဆွဲလာသော်လည်း၊ ယိုင်နှဲ့ပြီး ဘဲဝဝကစ်ကစ်လေး လျှောက်လာသည်နှင့် တူလေသည်။

 

 

လုဟွေ့ ပြောလိုက်သည်။ "ကိုကိုတို့ ငါးဖမ်းသွားမှာလေ၊ ရေသွားခပ်မှာမှမဟုတ်တာ။ ဘာလို့ ပုံးကြီးသယ်လာတာလဲ?"

 

 

"ငါးဖမ်းမလို့လေ။" ကလေးမလေးမှ ပြောလိုက်သည်။ "ထောင်ထောင် မေမေနဲ့ ကိုကို့အတွက် ငါးတွေအများကြီး ဖမ်းဖို့လိုတယ်။"

 

 

လုဟွေ့ သူ့ညီမလေး ဘာ့ကြောင့်ထိုမျှ ယုံကြည်ချက်ရှိနေသည်ကို နားမလည်နိုင်ပေ။ "ငါးဖမ်းဖို့ထက်၊ ဆော့ဖို့ပဲမလား...ထားလိုက်ပါတော့။"

 

 

သို့သော် ကလေးမလေးမှ ပူဆာသည့်အတွက် သူလည်းမတတ်နိုင်ဘဲ၊ ထိုပုံးကိုကူသယ်ကာ မြစ်ရှိရာသို့ လာခဲ့ကြလေသည်။

 

 

လမ်းတွင်၊ ခပ်မှိုင်မှိုင်ဖြစ်နေသည့် လုကျန်းနှင့် တွေ့လေသည်။

 

 

အမျိုးသမီးလု မနေ့က အဖမ်းခံရပြီးတည်းမှ၊ သူမ ပြန်မလာသေးဘဲ သူမသတင်းသည်လည်း ပျံ့နှံ့သွားလေသည်။

 

 

မနေ့ညတွင်၊ လုကျန်း သူငယ်ချင်းတစ်ယောက်မှ သူ့အဘွားထောင်ကျသွားပြီဖြစ်ပြီး၊ သူနှင့်ဘယ်သူမှ မကစားတော့မည့်အကြောင်း အော်ဟစ်ခဲ့လေသည်။

 

 

လုကျန်းသည် သူ့အဘွားအဖမ်းခံရသည်မှာ သူ့အဒေါ်ကြောင့်ဖြစ်ကြောင်းသိသဖြင့် လုထောင်တို့ မောင်နှမကိုမြင်သော်၊ အရူးများဟုခေါ်၍ လှောင်ပြောင်လေသည်။

 

 

လုထောင်မှ စိတ်တိုစွာ ပြန်ပြောလေသည်။ "ထောင်ထောင်က ငတုံးမဟုတ်ဘူး!"

 

 

လုဟွေ့မှ ဂရုမစိုက်ဘဲ၊ "ဘယ်သူက ငတုံးလဲ။ သူကဖြင့် ၁၀ အတွင်းအပေါင်းအနုတ်တောင် မတွက်နိုင်ဘဲနဲ့။" ဟုပြောရင်း လုထောင်အား ဆွဲလိုက်သည်။

 

 

လုကျန်း အရှိုက်ထိသွားကာ၊ သူ့မျက်နှာနီရဲလာပြီး၊ အတန်ကြာသည်အထိ ဘာမျှပြန်မပြောနိုင်ချေ။

 

 

မောင်နှမနှစ်ဦး မြစ်ဆီသို့ ဦး‌တည်နေသည်ကို တွေ့သော် နောက်မှလိုက်၍၊ "မင်းတို့နှစ်ယောက် ငါးသွားဖမ်းမလို့ လို့တော့မပြောနဲ့နော်။" ဟုပြောလေသည်။

 

 

"ငါးဖမ်းတော့ရော ဘာဖြစ်လဲ?" လုထောင်မှ သူ့အားစိုက်ကြည့်၍၊ "ဖမ်းမိရင် ကိုကို့ကို တစ်ကောင်မှ မကျွေးဘူး!" ဟုပြောလေသည်။

 

 

လုကျန်းမှ ရယ်ကာ၊ "မင်းက ငါးဖမ်းမယ်? ငါးကမင်းကို ပြန်ဖမ်းသွားပါဦးမယ်။ မင်းသာ ငါးဖမ်းနိုင်ရင် ငါဘွားဘွားကို ပြန်ခေါ်ပြမယ်။" ဟုပြောလေသည်။

 

 

ကလေးမလေးသည် သူမဝမ်းကွဲအစ်ကို၏ စကားကြောင့် မာနထိခိုက်သွားသည်။

 

 

လုထောင် သူမအစ်ကိုအရင်းအား ကိုင်ကာ၊ စိတ်တိုစွာဖြင့်၊ "ကိုကို၊ ငါးအကြီးကြီးတွေသွားဖမ်းရအောင်။ သူစိတ်ဆိုးပြီး သေသွားအောင်လို့!" ဟုပြောလိုက်သည်။

 

 

မြစ်သို့ရောက်ပြီး၊ ငါးဖမ်းကြရာ၊ သူမအစ်ကိုမှ လူကြီးတစ်ယောက်လက်ချောင်းအရွယ်ရှိသည့် ငါးတစ်ကောင်ဖမ်းမိသည်ကို တွေ့လိုက်လေသည်...

 

 

"ဒီဟာ..." ကလေးမလေးမှ သံသယဖြင့်၊ "ဒီပုံးပြည့်အောင်ဆိုရင် ဘယ်‌နှကောင်ဖမ်းရမှာလဲ?" ဟုမေးလေသည်။

 

 

၂၅၀ - [ပုံးပြည့်ဖို့မပြောနဲ့၊ မစ်ရှင်ပြီးဖို့ တစ်ကောင်လောက်သာ အရင်ဖမ်းစမ်းပါဦး၊ ငါ ခံစားချက်မကောင်းတော့ဘူး။]

 

 

"အိုး။"

 

 

လုထောင် သူမအစ်ကိုအား အတုခိုးကာ၊ သူမ၏‌ ဖိနပ်နှင့် ခြေအိတ်တို့ကိုချွတ်ပြီး၊ ကျောက်တုံးမှားပေါ်တွင် ခြေတုံးလုံးဖြင့်ရပ်ကာ၊ သူမဘောင်းဘီအောက်ခြေအနားကို လိပ်တင်နေလေသည်။

 

 

ဘယ်ဘက်ကိုတင်ပြီးနောက်၊ ညာဘက်ကိုဆက်၍ လိပ်တင်လေသည်။

 

 

ထိုအခါတွင်၊ ဘယ်ဘက်မှ ဘောင်းဘီအနား ကျလာပြန်လေသည်။

 

 

ညာဘက်ပြီးသော်၊ သူမ ဘယ်ဘက်ကို ပြန်ခေါက်ပြန်သည်။

 

 

ထို့နောက်တွင် ညာဘက်ကလည်း ထပ်ကျပြန်သည်။

 

 

အကြိမ်ကြိမ်ကြိုးစားပြီးနောက်၊ ဘောင်းဘီအနားတို့ ထပ်ခါတလဲလဲပြန်ကျသဖြင့် ကောင်မလေးလည်း စိတ်ရှုပ်ပြီး ဘောင်းဘီကို လက်ဖြင့်သာ မ ထားလေတော့သည်။

 

 

သူမအနားတွင်ရပ်နေသည့် လုကျန်းမှ ရယ်ကာ၊ "အရူးမလေး၊ ဒါတောင် မလုပ်တတ်ဘဲ၊ ငါးဖမ်းချင်သေးတယ်!" ဟုပြောလေသည်။

 

 

အာ့ဝူလင်သည်လည်း အံ့ဩနေကာ၊ [မင်းလက်နှစ်ဘက်လုံးနဲ့ ဘောင်းဘီကို မ ထားရင်၊ ဘာနဲ့ငါးဖမ်းမှာလဲ? ခြေထောက်နဲ့လား? ]

 

 

နောက်ဆုံးတွင်၊ လုဟွေ့ မနေနိုင်တော့ဘဲ သူ့ညီမလေးဆီသို့လာ၍ ဘောင်ဘီအနားများ ခေါက်တင်ပေးလေသည်။

 

 

ထို့နောက် ကလေးမလေး ရေစပ်နားသို့ဆင်းပြီး ခြေတုံးလုံးဖြင့် ရပ်နေလေသည်။

 

 

သူမခြေထောက်နုနုလေးများ ရေနှင့်ထိသည်နှင့်၊ သူမ "အားးး" ဟုအော်ကာ၊ နောက်ပြန်ဆုတ်လေသည်။

 

 

လုဟွေ့ကြားသော်၊ လန့်ကာ၊ "ဘာဖြစ်လို့လဲ?" ဟုမေးလေသည်။

 

 

လုထောင်မှ နူးညံ့သောအသံဖြင့်၊ "ကိုကို၊ ညီမလေးကြောက်တယ်..." ဟုပြောလေသည်။

 

 

[မြစ်ကိုတောင်ရောက်နေပြီ၊ အခုမှကြောက်တယ်လား?]

 

 

ရက်အနည်းငယ် အတူအချိန်ကုန်ဆုံးပြီးသော်၊ လုထောင် သူမ အဖေအကြောင်း အနည်းငယ် ခန့်မှန်းနိုင်နေပြီဖြစ်သည်။ ယခုအချိန်တွင်တော့ သူမအဖေစိတ်တိုနေကြောင်း ခံစားမိလေသည်။

 

 

သူမနားထဲတွင် ကြားရသောအသံသည် ပို၍ စိတ်တိုလာသည့်အတွက်၊ သူမမှ၊ "ထောင်ထောင် မကြောက်ဘူး။ ထောင်ထောင် ဘာကိုမှ မကြောက်ဘူး!" ဟူ၍ပြောလေသည်။

 

 

ကလေးမလေးမျက်လုံးမှိတ်ကာ၊ ရှေ့သို့ ခြေလှမ်းလှမ်းရင်း၊ သူမ၏တုန်လှုပ်နေသည့်အသံဖြင့်၊ "ထောင်ထောင်၊ ထောင်ထောင်၊ ဘာမှမဖြစ်ဘူး..." ဟု သူမကိုယ်သူမ ပြောနေလေသည်။

 

 

လုဟွေ့ ရပ်မကြည့်နိုင်တော့ဘဲ၊ "ငါးမဖမ်းတော့ဘဲနဲ့ ဟိုနားမှာ ကျောက်တုံးတွေနဲ့သွားဆော့လေ။" ဟုပြောလေသည်။

 

 

"မဆော့ချင်ဘူး!"

 

 

လုထောင်သည် ခေါင်းအလွန်မာသည်။ သူမလုပ်နိုင်သည်ကို သက်သေပြချင်သည့်အတွက် သူမရေထဲသို့ နှစ်လှမ်းသုံးလှမ်းမျှလှမ်းပြီး ငါးများလိုက်ရှာချင်ယောင်ဆောင်နေလေသည်။

 

 

ထိုအချိန်တွင်၊ ငါးသေးသေးလေးများ သူမခြေထောက်နားမှ ဖြတ်သွားကြလေသည်။

 

 

ကလေးမလေး ခဏမျှရပ်တန့်သွားပြီး၊ ရုတ်တရပ်ထအော်ကာ၊ လှည့်၍ကမ်းစပ်သို့ ပြန်ပြေးလေသည်။

 

 

၂၅၀ အသည်းခွဲခံလိုက်ရသလိုပင်။ [သွားပြီ၊သွားပြီ၊ မစ်ရှင်တော့ သေချာပေါက်ရှုံးပြီပဲ။ ဘာလို့ငါမှ ဒီလိုတုံးတဲ့ လက်ခံသူနဲ့လာတွေ့ရတာလဲ?]

 

 

ထိုအချိန်တွင်၊ လုကျန်းထခုန်ကာ၊ လုထောင်ထံသို့ တစ်စုံတစ်ခုပစ်လိုက်ပြီး၊ "မျှော့ကြီး" ဟုအော်လေသည်။

 

 

"အားးး၊ မျှော့ကြီးပဲ!"

 

 

ကလေးမလေး အမြန်နောက်ဆုတ်လိုက်ကာ၊ ရေထဲသို့ ဗွမ်းကနဲ ပြုတ်ကျသွားလေသည်။

 

 

ခဏအကြာတွင်၊ သူမ၏ ငိုယိုသံကို မြစ်တစ်လျှောက်တွင် ကြားရလေသည်၊ "ထောင်ထောင် အကိုက်ခံလိုက်ရပြီ - ထောင်ထောင်တော့ သေတော့မှာပဲ -"

 

 

လုဟွေ့ လန့်သွားသည့်အတွက် မျက်နှာပင် ဖြူဖျော့လာပြီး၊ လုကျန်းနှင့် ရန်မဖြစ်အားဘဲ၊ ‌သူ့ညီမလေးထံသို့ အမြန် ပြေးခဲ့သည်။ "ဘယ်နားကို ကိုက်သွားတာလဲ?"

 

 

ကလေးမလေး အငိုရပ်ကာ၊ သူမ မျက်ရည်များ စိုစွတ်နေသည့် မျက်တောင်လေးများကို ခတ်နေလေသည်။

 

 

လုဟွေ့မှ လန့်ပြီး ထပ်မေးလိုက်သည်။ "ဘယ်နားကို ကိုက်သွားတာလဲ? ကိုကို့ကိုပြ။"

 

 

လုထောင် ဘာမျှမပြောဘဲ၊ လက်ဖြင့် သူမတင်ပါးကိုသာ ပွတ်နေလေသည်။

 

 

လုဟွေ့ထင်သည်မှာ သူမတင်ပါးကို ကိုက်ခံရသည်ဟုပင်၊ သို့သော်၊ ခဏအကြာတွင် တင်ပါးအောက်မှ သေနေသောငါးတစ်ကောင်ကို သူမဆွဲထုတ်လိုက်လေသည်။

 

 

လုထောင်၏ အသံမှာ အံ့သြမှုအပြည့်ဖြစ်နေသည်။ "ညီမလေး ဖမ်းလိုက်ပြီ! ထောင်ထောင်ဖမ်းလိုက်ပြီ!"