Chapter 13
Viewers 4k

🏡 Chapter 13

ချိန်းတွေ့ခြင်း



ယခင်ဘဝတွင် ကျန်းလီယွင်က ဖုန်းရီ သူမအား ကောင်းစွာ ဆက်ဆံကြောင်း သိရှိခဲ့သည်။ ယခုတွင် သူမက ပို၍သေချာလာသည်။


သူမ၏လက်ထဲတွင် ဆုပ်ကိုင်ထားသည်မှာ ရိုးရှင်းသော ငွေကြေးများပင် မဟုတ်ပေ။ လူငယ်တစ်ယောက်၏ ရိုးသားသော စိတ်ခံစားချက်များ ဖြစ်သည်။


သူမ မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။


ယခင်ဘဝတွင် သူမက ငွေနောက်လိုက်၍ အလုပ်အလွန် များနေခဲ့ပြီး ခံစားချက်များကို ကိုင်တွယ်ရန် အချိန်ပင် မရှိခဲ့ပေ။


သူမတို့ မျိုးဆက်မှ လူတိုင်း ထိုသို့ပင်။


ပစ္စည်းများရှားပါးသော ခေတ်ကာလတွင် သူမ၏ မိဘများက သူမတို့အား ချစ်သော်လည်း ချစ်ခြင်းမေတ္တာအား ဖော်ပြရန် မအားလပ်ကြပေ။


အဖေကျန်းနှင့် အမေကျန်းတို့က သူတို့၏ သားသမီးများကို သံသယမရှိ ချစ်မြတ်နိုးသော်လည်း သူမ၏ မှတ်ဉာဏ်ထဲ၌ မိဘများထံမှ ပွေ့ဖက်မှုခံခဲ့ရသော မှတ်ဉာဏ်တစ်ခုမှပင် မရှိပေ။


သူမ၏ ငယ်ဘဝကို သေချာမမှတ်မိစေကာမူ သူမ မိဘများက သူမကို အိမ်၌ တစ်ယောက်တည်း ချန်ခဲ့ပြီး လယ်ထဲ အလုပ်သွားလုပ်ကြသော မှတ်ဉာဏ်များကိုမူ ဝိုးတဝါးမှတ်မိနေသေးသည်။


ထိုအချိန်က သူမနှင့် အတူရှိပေးနိုင်မည့် မောင်ငယ်၊ ညီမငယ်များ ရှိနေရန် မျှော်လင့်ခဲ့သည်။


သို့ရာတွင် ခံစားချက်များက ထိုအချိန်၌ အရေးမပါခဲ့ပေ။ သူမ၏ မျက်လုံးထဲတွင် အစားအသောက်များက သူမ၏မိဘများ ထွေးပွေ့ပေးခြင်းထက် ပို၍ ဆွဲဆောင်နေခဲ့သည်။


ထိုအတွေ့အကြုံများဖြင့် ကြီးပြင်းလာရသောအခါ သူမ၏ စိတ်ခံစားချက်ကို မဖော်ပြတတ်ပေ။


ယခင်ဘဝတွင် သူမက မည်သူ့ကိုမျှ “ချစ်ကြောင်း” မပြောခဲ့ဖူးပေ။


ဖုန်းရီကလည်း အတူတူပင် ဖြစ်သည်။ သူမတို့ နှစ်ဦးသား နှစ်ပေါင်း နှစ်ဆယ်ကျော် အတူရှိနေကြသော်လည်း သူ့ထံမှ “သူမအား ချစ်ကြောင်း” တစ်ခါမှ မကြားခဲ့ရဖူးပေ။


သို့သော်လည်း သူမတို့ နှစ်ယောက်မှာ အမြဲအတူရှိနေလေ့ရှိသည်။


ကျန်းလီယွင်က ဖုန်းရီအား ဖက်ထားချင်ပြီး နမ်းချင်လာသည်။


သို့ရာတွင် ခရုကမ်းစပ်တွင် လူအနည်းငယ်ရှိနေသည်။ ကလေးများက အနီးအနားတွင် ကဏန်းနှိုက်ကြသည်။ လူငယ်အချို့က အပန်းဖြေလမ်းလျှောက်နေကြသည်။


သူမက လူမြင်သည်ကို စိတ်ထဲမထားသော်လည်း အတင်းအဖျင်းကိုမူ အပြောမခံလိုပေ။ ထို့အပြင် သူမ၏ မျက်လုံးထဲ၌ ဖုန်းရီမှာ အလွန်ငယ်ရွယ်နေပေသည်။


ကျန်းလီယွင်က စိတ်ကိုအေးအေးထား၍ သူမ၏ အကျင့်စရိုက်နှင့် ကိုက်ညီသော စကားများ ရွေးချယ်ပြောခဲ့သည်။ သူမ ဖုန်းရီအား မေးလိုက်သည်။

“ဒီလောက် ပိုက်ဆံအများကြီးကို... ဘယ်လို စုခဲ့တာလဲ...နင် ကောင်းကောင်း မစားဘူးလား...”


ဖုန်းရီက တစ်လလျှင် ယွမ်တစ်ဆယ်သာရသည်။

သူ ဘယ်လိုများ ဒီလောက်ငွေပမာဏကို စုထားပါလိမ့်...


“ကျွန်တော်တို့ စက်ရုံက အချိန်ပိုကြေးရတယ်...ပြီးတော့ တခြားသူတွေရဲ့ အလုပ်ကို ကူညီပြီးလည်း ငွေရှာနိုင်တယ်... သိပ်မကြာခင်က အဝတ်အစားဝယ်လိုက်လို့ပေါ့...မဟုတ်ရင် ဒီထက်တောင် များများစုနိုင်မှာ...”

ဖုန်းရီက ရှင်းပြသည်။


ဖုန်းမိသားစုက ဖုန်းရီအား အဝတ်အစားနှင့် ပတ်သက်၍ ဂရုစိုက်ခြင်းမရှိပေ။ အတိတ်တွင် သူက ဖုန်းလောင်တနှင့် ဖုန်းလောင်အာ့တို့ အင်္ကျီအကျများကို ဝတ်ဆင်ရသည်။ ယခု ဖုန်းရီက အရပ်ရှည်လာသောအခါ ထိုအဝတ်များက သူနှင့် မတော်တော့ပေ။


ဖုန်းမိသားစုက သူ့အဝတ်အစားနှင့် ပတ်သက်၍ စိတ်ထဲမထားသကဲ့သို့ ဖုန်းရီကလည်း အကူအညီတောင်းမနေပေ။ သူနှင့် သင့်တော်သော သူ့လုပ်ဖော်ကိုင်ဖက်များ၏ အဝတ်အဟောင်းများကို ပြန်ဝယ်ခဲ့သည်။


အဝတ်အဟောင်းများက အဝတ်အသစ်များထက် ဈေးသက်သာသည်။ ထို့အပြင် သူ့လုပ်ဖော်ကိုင်ဖက်များက အဝတ်ဟောင်းများ ရောင်း၍ ငွေရှာချင်သည်။ သူက အဝတ်ဝယ်ရန် လိုအပ်သည်။ ဤသို့ဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေပျော်ရွှင်ရသည်။


“အစ်မလီယွင်...ကျွန်တော် ကောင်းကောင်းစားသောက်ပါတယ်...အခု ကျွန်တော် အရပ်တောင်ရှည်နေပြီ...”

ဖုန်းရီက ပြန်ဖြေသည်။


ဖုန်းရီက အမှန်ပင် အရပ်ရှည်လာသည်ဖြစ်ရာ အုတ်နှင့်ကြွေပြားစက်ရုံကိုပင် ကျေးဇူးတင်ရမည်။ ဖုန်းမိသားစုနှင့်သာ အတူဆက်နေပါက သူ၏အရပ်မှာ ရပ်တန့်သွားမည် ဖြစ်သည်။


“ဟုတ်တယ်...နင်က ဒီရွာမှာ အရပ်အရှည်ဆုံးပဲ...”

ကျန်းလီယွင်မှ ဖုန်းရီအား ချီးကျူးပေးလိုက်သည်။


ကျန်းလီယွင်ထံမှ ချီးကျူးစကားကြားသောအခါ ဖုန်းရီမပြုံးဘဲ မနေနိုင်ပေ။


“ဒီအိတ်ထဲ ပိုက်ဆံဘယ်လောက်ပါတာလဲ...”

ကျန်းလီယွင် မေးလိုက်သည်။


“ယွမ် တစ်ရာ့သုံးဆယ်လောက်ပါ...”

ဖုန်းရီ ပြန်ဖြေသည်။


လီယွင်က ထိုင်စရာနေရာရှာ၍ ဖုန်းရီနှင့်အတူ စကားပြောရင်း ငွေများ ရေတွက်နေခဲ့သည်။


ယခင်ဘဝတွင် ဖုန်းရီက သူမအား စက်ရုံအကြောင်း များစွာ ပြောပြခဲ့ခြင်းမရှိပေ။ ယခု သူမ မေးမြန်းရန် အခွင့်အရေးရလာခဲ့သည်။


ဖုန်းရီက သူမ၏ မေးခွန်းတိုင်းကို ဖြေပေးခဲ့သည်။ သူက စက်ရုံမှ လူများကို ငါးဖမ်းပိုက်ဝယ်ပေးကြောင်း၊ ည၌ ငါးဖမ်းကူကြောင်း၊ အခြားသူများကို ကူညီရာမှ ဆုလာဘ်များ ရရှိခဲ့ကြောင်း၊ လှေအောက်မှ ခရုများကောက်ကာ မီးဖိုချောင်၌ တိတ်တဆိတ်ချက်ပြုတ်စားသောက်ကြကြောင်း ပြောပြခဲ့သည်။ 


သယ်ယူပို့ဆောင်ရေးဌာနက မြို့မှ ပြန်လာလျှင် မြို့မှလူများ စား၍ ပိုလျှံသော ဝက်အရေခွံ၊ ဝက်လည်ဂုတ်သား၊ အစာအိမ် စသည်ဖြင့် ဝက်သားများ အစုံအလင်ပါလာတတ်သည်။


သူတို့က ပဲပိစပ်များ၊ ပိန်းဥများ၊ အာလူးများကို သယ်လာကာ ဝက်သားနှင့် ချက်ပြုတ်စားကြသည်။ ဤကဲ့သို့ ရောနှော၍ ချက်ပြုတ်သော ဟင်းပွဲကို “ချီကန်းကျွီ” ဟုခေါ်သည်။ ထိုဟင်းပွဲကို စက်ရုံမှ လူတိုင်း အနည်းငယ်မျှစီ စားကြရသည်။ 


“အစ်မလီယွင်... ဒါတွေအားလုံး ကျွန်တော် အစ်မဆီက သင်ထားတာလေ...”

ဖုန်းရီမှ ပြောသည်။ အတိတ်တွင် သူက မည်သည်မှ မသိ နားမလည်သည့်အပြင် စကားပင် မပြောတတ်သေးပေ။ 


ကျန်းလီယွင်က သူ့ကို စိတ်ရှည်စွာ တစ်ခုချင်း သင်ကြားပေးခဲ့ပြီး စကားပြောသင်ပေးသည်။ သူမနောက်သို့ လိုက်၍ စားစရာ ရှာဖွေစားသောက်ရန် နည်းလမ်းမျိုးစုံကို သင်ပြပေးခဲ့သည်။ သူက ထိုနည်းလမ်းများဖြင့် စက်ရုံမှ လူများအား ကူညီပေးခဲ့သည်။


စက်ရုံပို့ဆောင်ရေးဌာနမှ လူများက ဟင်းပွဲများကို ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်ရသောအခါ ဖုန်းရီက သတ္တိမွေး၍ ထိုသူများထံ ချဉ်းကပ်လိုက်သည်။ ထိုသူများ၏ ပန်းကန်များကို ဆေးကြောပေးသောကြောင့် သူ့အတွက် ပဲပိစပ်အချို့ ရလာခဲ့သည်။


ထိုသူများက ရက်ရောစွာဖြင့် ယောက်ချိုဇွန်းကြီးဖြင့် ပဲပိစပ်များ အပါအဝင် ဝက်အရေခွံများပါ ပေးလာသည်။ 


“မျက်နှာလည်းရ ...ဗိုက်လည်းဝ...ဆိုတော့ မဆိုးပါဘူး...”

ကျန်းလီယွင်က ပြောလိုက်သည်။


ကျန်းလီယွင်၏ သင်ကြားပြသပေးမှုသာ မရှိခဲ့ပါက ဖုန်းရီက စက်ရုံမှ လူများနှင့် စကားပြောရန် တွေဝေကာ အငြင်းခံရမည်ကို ကြောက်ရွံ့နေပြီး ထမင်းချည်းသာ စားရမည် ဖြစ်သည်။


ယခုတွင်မူ များစွာ ကွာခြားသွားပြီဖြစ်သည်။ စက်ရုံမှ လူတိုင်းက သူထွားလာသည်ကို သိကြပြီး ဖုန်းမိသားစုက ပေးသော ပိုက်ဆံမှာ လုံလောက်မှုမရှိသောကြောင့် ဖုန်းရီအား စောင့်ရှောက်ပေးကြသည်။


ဖုန်းရီ၏ ဇာတ်ကြောင်းအား နားထောင်ပြီးနောက် ဖုန်းမိသားစုတွင် နေစဉ်ကထက် ဖုန်းရီ ပိုထွားလာရခြင်းကို သူမ နားလည်သွားသည်။


ဖုန်းရီက အရပ်ရှည်လာသော်လည်း ပိန်ပါးဆဲဖြစ်ကာ ထိုအသက်အရွယ်တွင် နေ့စဉ် ခွန်အားသုံးသော အလုပ်များကို လုပ်ရခြင်းကြောင့် အသားစားနိုင်ခြင်းက ဇိမ်ယူခြင်းပင်ဖြစ်သည်။


ကျန်းလီယွင် ဖုန်းရီ၏ ငွေများကို ရေတွက်ပြီး စုစုပေါင်း တစ်ရာသုံးဆယ့်ခုနှစ်ယွမ် နှင့် ရှစ်ဆယ့်သုံးဆင့်ရှိကြောင်း တွေ့ရသည်။ ထိုပမာဏက သူမတို့အတွက် အတော်လေး များပြားသော ပမာဏဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီလက်ထဲသို့ ငွေများ ပြန်ပေး၍ ပြောလိုက်သည်။

“ဒီပိုက်ဆံတွေကို ယူထားလိုက်...”


“အစ်မလီယွင်...ဒီပိုက်ဆံတွေကို စီးပွားရေးလုပ်တဲ့အခါ သုံးပါ...”

သူမ ငြင်းဆန်မည်ကို စိုးရိမ်ကာ ဖုန်းရီက အခိုင်အမာ မရမကပြောသည်။ 


“ဖုန်းရီ...စိတ်မပူပါနဲ့…ငါနင့် အကူအညီ ယူမှာပါ...နင်တို့ စက်ရုံ သယ်ယူပို့ဆောင်ရေးဌာနက မြို့တော်စီရင်စုကို မကြာခဏ သွားရတယ်မလား...ဒီပိုက်ဆံတွေ ယူသွားပြီး အောက်ခြေက ပြားတဲ့ သံဒယ်ပြားအကြီး ဝယ်ခဲ့ပေးဖို့ သူတို့ကို မေးပေး…”

ကျန်းလီယွင်က သူ့အား သေချာ ထပ်ရှင်းပြသည်။


ကျန်းလီယွင်က မြို့တွင် သူမ လိုချင်သော ဖက်ထုပ်ကြော်ရန် သင့်တော်သည့် သံဒယ်ပြား မတွေ့ခဲ့ပေ။ မူလတွင် မြို့တော်စီရင်စုအထိ သူမ သွားရန် တွေးထားသော်လည်း ခရီးစရိတ်များပြားသည့်အပြင် သူမ မြို့တော်နှင့်လည်း မရင်းနှီးပေ။ ယနေ့ ဖုန်းရီထံမှ သယ်ယူပို့ဆောင်ရေးဌာနအကြောင်း ကြားသောအခါ သူမ သံဒယ်ပြားကို မှာလိုက်ရန် စိတ်ကူးရလာခြင်းဖြစ်သည်။


ဖုန်းရီ၏ ငွေများအတွက်မူ...


သူမ သံဒယ်ပြားဝယ်ရန် သုံးလိုက်မည်။ နောက်ပိုင်း အနာဂတ်တွင် ငွေရှာနိုင်လျှင် သူမ သူနှင့်ဝေမျှ သုံးစွဲမည်။


ကျန်းလီယွင်က ဖုန်းရီအား သူမ လိုချင်သော သံဒယ်ပြားပုံစံအား သေချာရှင်းပြသည်။ 

“အရမ်းလည်း ချွေတာမနေနဲ့ဦး...ကောင်းကောင်းစား ထွားလာဖို့ အစားက အရေးကြီးတယ် ...ပြီးတော့ မနက်ဖြန် ပိုက်ဆံယူသွား...ဆံပင်သွားညှပ်ချည်...”


သူတို့၏ ကွန်မြူနတီတွင် အုတ်စက်ရုံအနီး၌ ရွာမှ ဒေသခံအစိုးရပိုင်ရုံးရှိသည်။ ထိုနေရာတွင် မနက်ခင်းဈေး၊ ဆံပင်ညှပ်ဆိုင်၊ စက်ချုပ်ဆိုင်နှင့် ကုန်စုံဆိုင်များရှိသည်။


ဖုန်းရီက ငွေကို ခြိုးခြံလေ့ရှိသောကြောင့် ဆံပင်မညှပ်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဆံပင်က ဘုတ်သိုက်နှင့် ရှုပ်ပွနေပေသည်။ ဆံပင်ညှပ်လိုက်ခြင်းက သူ့အား သပ်ရပ်သော သွင်ပြင်ဖြင့် ကြည့်ကောင်းစေသည်။


“ဟုတ်ကဲ့...”

ဖုန်းရီက နာနာခံခံဖြင့် ခေါင်းညိတ်လိုက်သည်။


ဤကလေးက အမှန်ပင် ချစ်စရာကောင်းပြီး ကောင်းမွန်စွာ ပြုမူပေသည်။


စကားကြာမြင့်စွာ ပြောဆိုခဲ့ပြီးနောက် ပတ်ဝန်းကျင်က မှောင်မဲလာသည်။ ခရုကမ်းစပ်က သူမ၏ အိမ်နှင့် များစွာ မဝေးကွာသောကြောင့် အမှောင်ထဲ၌ လမ်းလျှောက်အိမ်ပြန်ရခြင်းက ပြဿနာမဟုတ်ပေ။ ကျန်းလီယွင်က ဖုန်းရီအား နှုတ်ဆက်ကာ အိမ်သို့ ပြန်ခဲ့သည်။


သူမလမ်းလျှောက်လာစဉ် ဖုန်းရီက ထိုနေရာ၌ပင် ရပ်နေသေးပြီး သူမအား ကြည့်နေကြောင်း မရေမရာပင် မြင်တွေ့ရသေးသည်။ 


သူမလည်း သူ့အား လက်ပြကာ ခြေလှမ်းများကို အရှိန်တင်ခဲ့သည်။


တစ်ဖက်တွင် ဖုန်းရီက သူမအား မမြင်ရတော့သည်နှင့် သူမနောက် အမှီလိုက်ခဲ့သည်။


ညဘက် ကျန်းလီယွင် တစ်ယောက်တည်း အိမ်ပြန်ရခြင်းကို ဖုန်းရီက စိတ်ပူနေခြင်းဖြစ်သည်။


ကျန်းလီယွင် အိမ်ပြန်ရောက်၍ သူမအိမ်မှ မီးရောင်မှိန်မှိန်လေး လင်းလာသည်ကို မြင်မှ ဖုန်းရီလည်း ပျော်ရွှင်စွာ စက်ရုံသို့ ပြန်ခဲ့သည်။


ညက မှောင်မိုက်နေပြီး လမ်းမှာ ရွှံ့ဗွက်များဖြင့် သွားလာ၍ မကောင်းပေ။ 


ဖုန်းရီကမူ နှလုံးသားလေး နွေးထွေးကာ ခံစားချက်ကောင်းမွန်စွာဖြင့် ခြေလှမ်းများ သွက်နေခဲ့သည်။


ကျန်းလီယွင်နှင့် ဖုန်းရီတို့ ခရုကမ်းစပ်တွင် တွေ့ဆုံနေခိုက် ရှဲ့မိသားစုအိမ်တွင် ရှဲ့ဇူကန်းက သူ၏မိဘများ ဘိုးဘွားများဖြင့် ညစာစားနေသည်။


အုတ်စက်ရုံတွင် ဌာနခေါင်းဆောင်များက စက်ရုံတွင် ပုံမှန် နေ့လည်စာ စားကြသော်လည်း အဖေရှဲ့နှင့် ရှဲ့ဇူကန်းက အိမ်သို့သာ ပြန်စားသည်။


ညနေစာ စားနေစဉ် အမေရှဲ့က ပြောသည်။

“ဆိုဖာစက်ရုံ ဒီနေ့ အလုပ်ပြန်စတယ်... ကျန်းရှောင်ရှင်း မကြာခင် အိမ်လာလိမ့်မယ်...စားလို့ပြီးရင် ကျွန်မ ရေနွေးကြမ်းတည်ပြီး ဖရုံစေ့နည်းနည်း ထုတ်ထားလိုက်မယ်...”


လွန်ခဲ့သော နှစ်ညက ကျန်းရှောင်ရှင်း၏ မိတ်ဆက်ပေးမှုဖြင့် ရှဲ့ဇူကန်းနှင့် ကျန်းလီယွင် ဘလိုင်းဒိတ်တွေ့ခဲ့သည်။ ယမန်နေ့က ရှဲ့ဇူကန်းက ကျန်းရှောင်ရှင်းအား သူ ကျန်းလီယွင်ကို လက်ခံနိုင်ကြောင်း၊ သူမအကြောင်း ပိုသိချင်ကြောင်း ပြောခဲ့သည်။


ထို့ကြောင့် ယနေ့တွင် ကျန်းရှောင်ရှင်းက ကျန်းလီယွင်၏ အမြင်ကို မေးခဲ့ခြင်း ဖြစ်သည်။ 


“ငါ လိမ္မော်သီး နည်းနည်းဝယ်လာတယ်...”

အဖေရှဲ့က ပြောသည်။


“ဇူကန်းက လိမ္မော်သီး ကြိုက်တယ် ...သားအတွက် ချန်ထားပေးလိုက်မယ်...”

အမေရှဲ့က ပြောသည်။


ရှဲ့ဇူကန်းက ချက်ချင်းပင် စောဒက တက်သည်။

“အမေ...အဲ့လိမ္မော်သီးတွေက ချဉ်တယ်...သားမကြိုက်ဘူး...”


“အားလုံးတော့ မဟုတ်ပါဘူး... သားစားလို့ ချဉ်နေရင် အမေ့အတွက် ချန်ထားလိုက် ...ချိုတာ ရွေးစားလိုက်...”

အမေရှဲ့က ပြန်ဖြေသည်။


“ဟုတ်ကဲ့…”

ရှဲ့ဇူကန်းက ပြန်ဖြေသည်။


အမေရှဲ့က လက်ဖက်ရည်နှပ်ရင်းဖြင့် ပြောလာသည်။

“အဲ့ ကျန်းလီယွင်တို့ မိသားစုက တအားဆင်းရဲတာပဲ...ဇူကန်းနဲ့သာ လက်ထပ်ပြီးရင် ကျွန်မတို့အိမ်က စည်းစိမ်တွေကို သူ့အိမ်ကို ထောက်ပံ့ဖို့ လုပ်တော့မှာ...”


အမေရှဲ့၏ မျက်လုံးထဲတွင် သူမ၏သားကသာ အပြည့်စုံဆုံးဖြစ်သည်။ သူမ ယခင်က စက်ရုံ အုပ်ချုပ်ရေးမှူးများ၏ သမီးများ၊ ရွာထဲ၌ အထူးလေ့ကျင့်သင်ကြားထားသော စစ်သည်များ၏ သမီးများနှင့် သူမသားအား လက်ထပ်ပေးရန် ကြိုးစားခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် ထိုမိန်းကလေးများက သူမသားအား ငြင်းဆန်ခဲ့ကြသည်။


ဤသို့ဖြင့် ရှဲ့ဇူကန်းမှာ လက်မထပ်နိုင်ဘဲ အသက်ကြီးလာခဲ့သည်။


ကျန်းလီယွင်ကိုမူ အဖေရှဲ့မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူမ(ကျန်းလီယွင်)က အလုပ်ကြိုးစားကာ ကြင်နာတတ်သော မိန်းကလေးဖြစ်ရာ သူမသားအတွက် သင့်တော်သည်။


သို့ရာတွင် အမေရှဲ့က ကျန်းလီယွင်ကို စိတ်ကျေနပ်ခြင်းမရှိပေ။


“သူ့(ကျန်းလီယွင်)ကို ပိုက်ဆံပေးမသုံးသရွေ့ အဆင်ပြေပါတယ်...ပိုက်ဆံသာ မရှိရင် သူ့မိသားစုကို ဘယ်လို ပြန်ထောက်ပံ့မလဲ...”

အဖေရှဲ့က ပြောသည်။


စက်ရုံခေါင်းဆောင်၏ လစာမှာ တရားဝင် ရသောငွေများ ရှိသကဲ့သို့ တရားမဝင် လက်သိပ်ထိုး၍ ရသော ငွေများလည်း ရှိရာ အဖေရှဲ့က သူ့မိန်းမအား မပြောပြပေ။


အနာဂတ်တွင် ကျန်းလီယွင် ရှဲ့မိသားစုထဲရောက်လာပါကလည်း ထိုငွေများအကြောင်း တစ်ခွန်းမှ ဟမည် မဟုတ်ပေ။


ကျန်းလီယွင်၏ လစာမှာ ယွမ်အနည်းငယ်သာ ဖြစ်ရာ ထိုငွေဖြင့် သူမ၏ မိဘများအား ထောက်ပံ့လျှင်ပင် သူ(အဖေရှဲ့)၏ မျက်လုံးထဲ၌ ပမွှားသာ ဖြစ်သည်။


အဖေရှဲ့ ကျန်းလီယွင်ကို ရွေးချယ်ရခြင်းမှာ သူမက လုပ်ရည်ကိုင်ရည်ရှိပြီး လယ်ထဲတွင်လည်း လုပ်ကိုင်နိုင်သောကြောင့် ဖြစ်သည်။ 


သူ၏သားမှာ အလွန်ပျင်းရိရာ အနာဂတ်တွင် သူ့အတွက် အလုပ်ကြိုးစားသော ချွေးမလေး တစ်ယောက် အလိုရှိသည်။


ကျန်းလီယွင်အတွက်မူ သူမ မိသားစုမှာ ဝန်ပိုသာ ဖြစ်သည်။ သူမ၏ ကိုယ်ပိုင်ကလေးများ ရလာပါက သူမ မိသားစုအား ဆက်လက်ထောက်ပံ့နိုင်တော့မည် မဟုတ်ပေ။ 


“သေချာပေါက် သူ့(ကျန်းလီယွင်)ကို ပိုက်ဆံပေးမသုံးဘူးပေါ့...”

ရှဲ့ဇူကန်းလည်း သဘောတူသည်။


ရှဲ့ဇူကန်းက ဘလိုင်းဒိတ်များစွာ လုပ်ဖူးသော်လည်း ကျန်းလီယွင်က သူတွေ့ဖူးသမျှထဲတွင် သူနှင့် စကားပြောရာတွင် အဆင်အပြေဆုံးနှင့် ရုပ်ရည်အလှဆုံးဖြစ်သည်။


ထိုနေ့က ကျန်းလီယွင်က သေချာ ဝတ်စားထားခြင်း မရှိသော်လည်း သူမက ဆွဲဆောင်မှုရှိနေဆဲဖြစ်ရာ သေချာစွာ ဝတ်စားလိုက်ပါက ပို၍ပင် တင့်တယ်နေပေမည်။


“သားတို့က လက်မှ မထပ်ရသေးဘဲ...သူ့(ကျန်းလီယွင်) အမေအကြောင်း မေ့ထားလိုက်ပြီလား...”

အမေရှဲ့က ရှဲ့ဇူကန်းအား စိုက်ကြည့်ရင်း ပြောသည်။


ရှဲ့မိသားစု တစ်စုလုံးက ပျော်ရွှင်စွာ ရယ်ရယ်မောမောဖြင့် ညစာစားခြင်းကို အဆုံးသတ် လိုက်ကြသည်။ ကျန်းလီယွင်ဘက်မှ ငြင်းပယ်လိမ့်မည်ကို မတွေးမိပေ။ သူတို့က ကျန်းလီယွင်မှာ ရှဲ့မိသားစုသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေမည်ဟု ယုံကြည်နေကြသည်။


ကျန်းလီယွင်နှင့်အတူ ရုပ်ရှင်ကြည့်ခဲ့သောညက ကျန်းလီယွင်က လွန်စွာ စိတ်အားထက်သန်နေပြီး ရှဲ့ဇူကန်းနှင့် စကားပေါက်ခဲ့သည်။


အမေရှဲ့က သားဖြစ်သူအား ကျန်းလီယွင်ကို အနာဂတ်၌ မျက်စိဒေါက်ထောက် ကြည့်ရန်လိုကြောင်း၊ သူမ လက်ဖွာပါက ရှဲ့မိသားစုငွေများအား လှည့်စားသွားမည် ဖြစ်ကြောင်း၊ သူမအား မကြင်နာသင့်ကြောင်... ကြင်နာမိပါက ဇူကန်းအား လွယ်ကူသည့် လူဟု ထင်သွားမည် ဖြစ်ကြောင်း ဆုံးမနေခဲ့သည်။


ရှဲ့ဇူကန်းက ခေါင်းညိတ်၍ သဘောတူခဲ့သည်။


သူမတို့ သားအမိ စကားပြောနေခိုက် ကျန်းရှောင်ရှင်း ရောက်လာသည်။


ကျန်းရှောင်ရှင်းကို မြင်သည်နှင့် ရှဲ့ဇူကန်းက မေးလိုက်သည်။

“အစ်မကျန်း...ကျန်းလီယွင်က ဘာတဲ့လဲ...ကျွန်တော်တို့ ဘယ်တော့ ထပ်တွေ့ကြမယ်တဲ့လဲ...”


အမေရှဲ့က သူမသားအား မာမာထန်ထန် ကြည့်၍ ကျန်းရှောင်ရှင်းအား ပြောသည်။

“နောက်တစ်ခေါက်ကျရင် ငါတို့အိမ်ကို လွှတ်ပြီး ထမင်းလာချက်ခိုင်းလိုက်... ပွင့်ပွင့်လင်းလင်းပြောရရင် ဇူကန်းက သူ့ကို သဘောကျနေလို့သာ... ငါကတော့ သူနဲ့ သဘောမတူဘူး...”


အဖေရှဲ့က ဘေးတွင် ထိုင်နေသော်လည်း အမေရှဲ့ပြောသမျှကို ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ ကျန်းလီယွင်ကို သူ(အဖေရှဲ့) ရွေးချယ်ခဲ့သော်လည်း သူမ မိသားစုအခြေအနေကို သူသိသည်။ 


ကျန်းရှောင်ရှင်းက ထိုစကားများကို နားထောင်ပြီးနောက် သူမ ကြောင်အသွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“ကျွန်မ လီယွင်ကို မေးပြီးပါပြီ...သူက အခုချိန်မှာ လက်မထပ်ချင်သေးဘူးလို့ ပြောတယ်...”


အမေရှဲ့က ရုတ်တရက် တိတ်ဆိတ်သွားပြီး ရှဲ့ဇူကန်းက သူ့ပါးစပ်သူ ပိတ်သွားသည်။


သူ့(ရှဲ့ဇူကန်း)၏မျက်နှာက နီရဲလာပြီး ကျောက်ပေါက်မာ ချိုင့်ခွက်များက ပို၍ပင် သိသာထင်ရှားလာသည်။


ထိုအရာကို မြင်သောအခါ ကျန်းရှောင်ရှင်းက ကျန်းလီယွင် လက်ထပ်ရန် စိတ်မဝင်စားခြင်းကို နားလည်သွားသည်။


×××××


ဖုန်းရီကမူ ရှဲ့မိသားစုတွင် ဖြစ်ခဲ့သောအရာများကို မသိပေ။


ကျန်းလီယွင် ယူလာပေးသော ကြက်ဥများ၊ ဆားစိမ်ဟင်းရွက်များနှင့် ဖရုံစေ့လှော်များကို စက်ရုံသို့ ပြန်သယ်သွားသည်။


လမ်းတွင် ဖရုံစေ့ အနည်းငယ် စားလိုက်သေးသည်။


သူက အခွံများကို ထွေးမထုတ်ဘဲ ဝါးစားပစ်သည်။


သူက ဖရုံစေ့များကို အလွန်ကြိုက်နှစ်သက်သည်။ အကြောင်းမှာ သူ ကျန်းလီယွင်နှင့် ပထမဆုံး တွေ့ဆုံစဉ်က သူမက အိတ်သေးသေးလေးထဲမှ ဖရုံစေ့များကို ထုတ်၍ အခွံခွာကာ သူ့အား ကျွေးခဲ့သောကြောင့် ဖြစ်သည်။


စက်ရုံအလုပ်သမား အများစုက ညနေရောက်လျှင် ညနေစာစား၍ မိမိတို့ အိမ်သို့ ပြန်ကြသည်။ အဆောင်၌ နေသူ မရှိလှပေ။ 


စက်ရုံအဆောင်၏ ဧည့်ခန်းမှာ မကြီးလှချေ။ အိပ်ရာများက အုတ်ဖြင့် ပြုလုပ်ထားပြီး သစ်သားပြားကို အပေါ်မှ ခင်းထားပေးသည်။ လူပေါင်းများစွာက အိပ်ခန်းတစ်ခန်းကို မျှဝေသုံးစွဲရခြင်း ဖြစ်သည်။


မြို့ပြရှိ စက်ရုံမှ ပေးသော အဆောင်များမှာ ကောင်းမွန်သော်လည်း ကျေးလက်စက်ရုံတွင်မူ ပစ္စည်းများစွာ မထောက်ပံ့နိုင်ပေ။


ဖုန်းရီ စက်ရုံအဆောင်သို့ ပြန်ရောက်သောအခါ လူအချို့က ကတ်ကစားနေကြသည်။


လောင်းကြေးမှာ မများသဖြင့် အနိုင်အရှုံးမသိသာပေ။ တစ်ယောက်ယောက်က ဆယ်ယွမ်အထက် နိုင်ပါက အခြားသူများကို မုန့်ဝယ်ကျွေးတတ်ကြသည်။ 


အနိုင်ရသူက ဆယ်ယွမ်ထုတ်၍ ဖုန်းရီအား ပေးကာ အားလုံး ဝေမျှစားကြရန် ကုန်စုံဆိုင်မှ စီးကရက် နှစ်ထုပ်နှင့် မြေပဲလှော် သို့မဟုတ် ပဲကြီးလှော် ဝယ်ခိုင်းတတ်သည်။


ဖုန်းရီက လက်တိုလက်တောင်း ခိုင်းသမျှကို လုပ်ပေးကာ သူ့အတွက် ဝေစု မြေပဲလှော်များ ရလေ့ရှိသည်။ 


ထိုအချိန်၌ “ယနေ့ တစ်ယောက်ယောက်က ဆယ်ယွမ်အထက် အနိုင်ရပြီး မုန့်ဝယ်ကျွေးလျှင် ကောင်းမည်...”

ဟု တွေးမိသည်။ 


ထို မြေပဲလှော်များက အမှန်ပင် အရသာရှိလေရာ သူ့ဝေစု ရပါက ကျန်းလီယွင်ထံ ယူသွားပေးချင်သည်။ 


“ဖုန်းရီ... ဘယ်သွားပြီး ဘယ်က ပြန်လာတာလဲ...”

တစ်ယောက်က မေးလိုက်သည်။


အစတွင် စက်ရုံအလုပ်သမားများက ဖုန်းရီအား ပိန်ပါးသေးညှက်သောကြောင့် သူအလုပ်မလုပ်နိုင်လျှင် မိမိတို့ ဝန်ပိုမည်ဖြစ်သောကြောင့် မနှစ်သက်ကြသော်လည်း နောက်ပိုင်းတွင် ဖုန်းရီက အလုပ်ကြိုးစားကြောင်းတွေ့လာရကာ မနှစ်သက်ဘဲ မနေနိုင်ကြပေ။


ထိုစက်ရုံအလုပ်သမားများထဲမှ အချို့က အဆက်အသွယ်ဖြင့် အလုပ်ဝင်လာကြသူများ ဖြစ်ရာ အလုပ်ကို ဖြစ်မြောက်အောင် မလုပ်ဘဲ ရေသာခိုလေ့ရှိသည်။


နှိုင်းယှဉ်ကြည့်ပါက ဖုန်းရီက အလုပ်ကြိုးစားကာ ဉာဏ်ရည် ထက်မြက်သည်။


ဖုန်းရီက အလွန်ပိန်ပါးက နံရိုးများပင် ငေါထွက်နေသောကြောင့် ထိုစက်ရုံလုပ်ဖော်ကိုင်ဖက်များက သူ့အား ကူညီရန် စိတ်အားထက်သန်လာကြသည်။


ဖုန်းရီက သူ့နှုတ်ခမ်းမှ အပြုံးကို ဖိနှိပ်၍ ပြန်ဖြေခဲ့သည်။

“ဘာမှ မဟုတ်ပါဘူး...”


ဖုန်းရီက သူ့အိပ်ရာပေါ်တက်၍ ခေါင်းအုံးထဲ၌ ဖရုံစေ့များ ဝှက်ထားလိုက်သည်။ အိပ်ရာအောက်တွင် ခွက်ကို နေရာချလိုက်သည်။


ကြွေခွက်ပေါ်တွင် “ချောင်းထိုရွာ ဆိုဖာစက်ရုံ” ဆိုသော စာပါသောကြောင့် ဖုန်းရီက ပုဝါလေးဖြင့် ဖုံးအုပ်လိုက်သည်။ 


မကြာမီတွင် ခွက်ကို တစ်ခါထုတ်၍ ကြည့်ပြန်သည်။



🏡🏡🏡