Chapter 23
Viewers 4k

🏡 Chapter 23

ပိုက်ဆံရှာခြင်း



“အစ်မလီယွင် ဘာလို့ကျွန်တော့်ကို စောစောမနှိုးတာလဲ…”

ဖုန်းရီက ကျန်းလီယွင်တစ်ယောက်တည်း ဖက်ထုပ်နှစ်အိုး လုပ်ပြီးသွားသည်ကို မြင်သောအခါ မေးလိုက်သည်။


ယမန်နေ့က သူတော်တော်ပင်ပန်းသွားပြီး ‌အိပ်ရာပေါ်ခေါင်းချလိုက်ရုံဖြင့် တန်းအိပ်ပျော်သွားကာ ယခုကျန်းလီယွင်လာနှိုးမှသာ နိုးလာခဲ့ခြင်းဖြစ်သည်။ ကျန်းလီယွင်ကတစ်ယောက်တည်းအစောကြီးထကာ ဖက်ထုပ်များလုပ်ထားမည်ဟု မထင်ထားခဲ့ပေ။


ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။

“ငါ မနေ့ညက အရမ်းစိတ်လှုပ်ရှားနေလို့ထင်တယ် ဒီနေ့အစောကြီးနိုးလာတာ… နင်က အစောကြီးလိုက်ထစရာ မလိုပါဘူး…”


ယမန်နေ့က ပင်ပန်းသည့်အလုပ်အများစုကို ဖုန်းရီတစ်ယောက်တည်းလုပ်ခဲ့ရခြင်း ဖြစ်သည်။ သူ ကောင်းကောင်းနားရန်လိုအပ်သည်။


“ကျွန်တော်က စောစောထချင်လို့ပါ…”

ဖုန်းရီက ပြန်ပြောလိုက်သည်။


“ဟုတ်ပါပြီ နောက်နေ့ကျနှိုးပေးမယ်…”

ကျန်းလီယွင်က ပြုံးကာပြောလိုက်ပြီး ဖုန်းရီကို မနက်စာစားရန် ခေါ်သွားလိုက်သည်။


အဖေကျန်းကထုံးစံအတိုင်း ဆန်ပြုတ်(ယာဂု)တစ်အိုးလုပ်ထားသည်။


ကျန်းလီယွင် ပြန်လည်မမွေးဖွားလာမီက သူတို့မိသားစုမှာ မနက်တိုင်း၌ ဆန်ပြုတ်နှင့် ဆားစိမ်အရွက်များကိုသာ စားခဲ့ကြသည်။ စားစရာများက အလွန်ပင် ချွတ်ခြုံကျနေခဲ့သည်။


ကျန်းလီယွင် ပြန်လည်မွေးဖွားလာပြီးနောက် ၎င်းကို သည်းမခံနိုင်တော့ပေ။


သူ့မိခင်နှင့်ညီမက ကျန်းမာရေးမကောင်းပေ။

အဲလိုစားစရာတွေပဲ စားနေမယ်ဆိုရင် ဘယ်လိုများအာဟာရပြည့်မှာလဲ…


သူမ တောင်းဆိုထားသည့်အတိုင်း ‌ဤနေ့ရက်များတွင် သူတို့က နေ့တိုင်းကြက်ဥစားကြပြီး ရံဖန်ရံခါတွင် အသားပါ ပါတတ်သည်။


ယနေ့အတွက်မူ ကျန်းလီယွင်က ဖက်ထုပ်မှ အသားအဆာသွပ်အချို့ဖယ်ကာ ကြက်ဥနှင့်ရောကြော်ထား၏။


ထို့နောက် အသားအဆာသွပ်နည်းနည်းထပ်ယူပြီး ဆားရည်စိမ်အရွက်များနှင့် ကြော်လိုက်သည်။


အသားကြက်ဥမွှေကြော်နှင့် အသားအရွက်ကြော်တို့ကြောင့် ကျန်းလီယွင်နှင့် ဖုန်းရီတို့က အတော်လေး စားခဲ့ကြသည်။


အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့က မနက်စာမစားမီတွင် ကျန်းလီယွင်နိုးသည်အထိ စောင့်ကြလေသည်။


အမှန်တွင် အဖေကျန်းတို့က ဤသို့စားခြင်းကို အလွန်လက်ဖွာသည်ဟုထင်ကြ၏။ ပုံမှန်ဆိုလျှင် သူတို့က စကားနည်းနည်းပြောမည်ဖြစ်သော်လည်း ယနေ့တွင်ဖုန်းရီလည်းရှိနေ၏။


အဆုံးတွင် သူတို့က ဘာမှမပြောတော့ဘဲ အကြံပေးရုံသာလုပ်လိုက်ကြသည်။

“လီယွင် အခုကစပြီး အဖေနဲ့အမေက မနက်ပိုင်းမှာဖက်ထုပ်လုပ်ဖို့ ကူညီပေးမယ် အမေတို့က ပုံမှန်ဆိုစောစောနိုးနေကျလေ…”


ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီလေ ဒါဆိုညနေကျရင် ဖက်ထုပ်ရွက် ဘယ်လိုလိပ်ရမလဲ သင်ပေးမယ်…”


ဖက်ထုပ်များကို ရောင်းမည်ဖြစ်သဖြင့် ပုံသေအရွယ်အစားတစ်ခုရှိရန် လို၏။ သူမက သူတို့ကိုသင်ပေးရန် လိုသည်။


“ကောင်းပြီလေ…”

ဝူရှောင်ချွန်းက‌ ပြုံးပြလိုက်သည်။


ကျန်းလီယွင်က ရုတ်တရက်ပင် ဆိုင်တစ်ဆိုင်ဖွင့်ရန် အလုပ်ထွက်ခဲ့၏။ သူမအမေက သဘောမကျသော်လည်း ကျန်းလီယွင်က လုပ်ပြီးပြီဖြစ်သည်။ သူတို့အနေဖြင့် သူမကိုကူညီပေးရန်သာ အကောင်းဆုံးလုပ်ရတော့မည်။


ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ကျန်းလီယွင်က မြို့ထဲတွင် လိုက်စုံစမ်းနေခဲ့ပြီး လူများကို လွတ်လွတ်လပ်လပ်ဆိုင်ဖွင့်ခွင့်ပေးထားကြောင်း သိလိုက်ရသည်။ သို့သော်နေရာကောင်းတစ်ခုရရန်အတွက်မူ စောစောသွားပြီးနေရာယူထားရန်လို၏။


ဟင်းသီးဟင်းရွက်ရောင်းသူများအတွက် နေရာကောင်းတစ်ခုရခြင်းက များများရောင်းနိုင်မည့်အဓိပ္ပါယ်ဖြစ်သည်။သို့သော် ကျန်းလီယွင်ကမူ ဖက်ထုပ်ရောင်းမည်ဖြစ်သဖြင့် နေရာက အလွန်အရေးမကြီးပေ။


သို့သော် ပစ္စည်းမျိုးစုံပါသောကြောင့် သူမက နေရာကျယ်ကျယ်ကို လိုအပ်၏။


သူတို့က ငါးနာရီကျော်တွင် အိမ်မှထွက်လာခဲ့ကြပြီး မြို့ပေါ်ရောက်သောအချိန်၌ ခြောက်နာရီထိုးတော့မည်ဖြစ်သည်။


ကံကောင်းစွာဖြင့် ကျန်းလီယွင်က ကျောက်မီးသွေးမီးဖိုကို အိမ်တွင်မီးမွှေးခဲ့ပြီးသားဖြစ်သည်။


ကျောက်မီးသွေးမီးဖိုအောက်တွင် အောက်စီဂျင်ဝင်ရန်တံခါးပေါက်လေးတစ်ခုပါ၏။ သူမက ထိုအပေါက်လေးကိုဟကာ မီးသွေးများဖြည်းဖြည်းချင်းလောင်နေပြီး ငြိမ်းမသွားအောင်လုပ်ထားလိုက်သည်။


ကျန်းလီယွင် ရောက်သောအခါ မြို့ထဲ၌မနက်ခင်းဈေးက ဟင်းသီးဟင်းရွက်ရောင်းသူများဖြင့် စည်ကားနေပြီဖြစ်သည်။ ကံကောင်းစွာဖြင့် သူမမျက်စိကျထားသောနေရာ၌ လူအနည်းငယ်သာ ရှိလေသည်။


လူသွားလူလာအများဆုံးလမ်းပေါ်တွင် လမ်းဆုံတစ်ခုရှိသည်။ ၎င်း၏ဘေး၌ ဘတ်စကတ်ဘောကွင်းဟောင်းတစ်ခုရှိကာ မျက်နှာချင်းဆိုင်တွင် မြို့၏အလုပ်သမားရုံးရှိသည်။ရှေ့ထပ်သွားပါက မြို့၏မူလတန်းကျောင်းရှိသည်။


ဘတ်စကတ်ဘောကွင်းနားမှ နေရာလွတ်က ပုံမှန်အားဖြင့်ဆိုင်များမရှိတတ်ပေ။


ကျန်းလီယွင်က ထိုနေရာ၌ တွန်းလှည်းကိုရပ်လိုက်ကာ ပစ္စည်းမျိုးစုံကိုချလိုက်ပြီး မီးသွေးမီးဖိုမှအပေါက်လေးကိုဖွင့်ကာ မီးထပ်မွှေးလိုက်သည်။


ဆိုင်းဘုတ်လည်း ထောင်ရပေမည်။ ကျန်းလီယွင်က လွန်ခဲ့သည့် ရက်အနည်းငယ်ကဝယ်ခဲ့သည် ခေါက်စားပွဲတစ်လုံးနှင့် ပလက်စတစ်ခုံအနည်းငယ်ကို အနား၌ထုတ်ခင်းလိုက်သည်။ စားပွဲပေါ်တွင် ရှာလကာရည်ပုလင်းတစ်လုံးကိုလည်း တင်လိုက်သည်။


တစ်ယောက်ယောက်က ဖက်ထုပ်ကြော်ထိုင်စားချင်ပါက ရသော်လည်း လူအနည်းငယ်သာ ထိုင်နိုင်၏။ ဝယ်သူအများစုက ဆိုင်မှဝယ်ကာ အိမ်ပြန်ယူသွားရလိမ့်မည်။


ဖုန်းရီက ဖက်ထုပ်ကြော်ပထမအသုတ်ကို စလုပ်နေပြီဖြစ်သည်။


အစပိုင်းတွင် ကျန်းလီယွင်က အနည်းငယ်စိုးရိမ်နေခဲ့သော်လည်း ခဏခန့်စောင့်ကြည့်ပြီးနောက် စိတ်ချသွားသည်။


ဖုန်းရီက ဘာမဆိုလေ့လာရာ၌ လျင်မြန်ပြီး ယခုတွင်လည်း ကောင်းကောင်းလုပ်နေပေသည်။


“ဖုန်းရီ ဖက်ထုပ်က မကျက်တာထက် နည်းနည်းကြွပ်ကြွပ်လေးဖြစ်တာ ပိုကောင်းတယ်…”

ကျန်းလီယွင်က သူ့ကိုသတိပေးလိုက်ပြီးနောက် ပန်းကန်နှင့်သူမကြိုပြင်ထားသည့် အခြားအရာများကို ထုတ်လိုက်သည်။


သူတို့ ဖက်ထုပ်ပထမအသုတ်ကို ကြော်နေချိန်တွင် လူတစ်ယောက်က လာမေး၏။

“အရှေ့မြောက်ပိုင်းဖက်ထုပ်ကြော်ဆိုတာက ဘာလဲ…”


ဖက်ထုပ်လုပ်ရင်း အလုပ်များနေသည့် ကျန်းလီယွင်က သူ့အား သူမလက်ထဲမှ ဖက်ထုပ်များကို ပြလိုက်သည်။

“ဒါက ဖက်ထုပ်ပါ မြောက်ပိုင်းသားတွေက ပွဲတော်တို့၊အခါကြီးရက်ကြီးကာလတွေမှာ ဖက်ထုပ်စားရတာကြိုက်ကြတယ်… ဖက်ထုပ်အိုးကပ်ကြော်ဆိုတာကလည်း ဖက်ထုပ်တစ်မျိုးပါပဲ… ကျွန်မက အရှေ့မြောက်ပိုင်းသားတစ်ယောက်ဆီက သင်ခဲ့တာ…”


“ဘယ်လိုရောင်းလဲ”


” တစ်ယွမ်ဖိုးကို ၁၀ခုပါ၊ ဆင့်ငါးဆယ်ဆို ၆ခု၊ ၁၂ခု ယူရင်လည်း တစ်ယွမ်ပါပဲ…”

ကျန်းလီယွင်က ပြုံးကာပြန်ဖြေလိုက်သည်။


ဖက်ထုပ်ကြော်အနံ့က ဒယ်ပြားထဲတွင်ပျံ့လာ၏။ ထိုလူကချက်ချင်းပြန်ပြောလိုက်သည်။

“တစ်ယွမ်ဖိုးဝယ်မယ်…”


“ကောင်းပါပြီ ဒါပေမယ့် ဖက်ထုပ်ကြော်က မရသေးတာမို့ ခဏလောက်တော့ စောင့်ပေးရပါမယ်…”


ပထမဆုံးလူရောက်ပြီး မကြာမီမှာပင် ဒုတိယလူ ရောက်လာသည်။


အကယ်၍ ကျန်းလီယွင်သာ သာမာန်ပေါက်စီ သို့မဟုတ် ပေါင်မုန့်ပေါင်းများ ရောင်းနေပါက မြို့ထဲတွင် ထိုသို့ရောင်းသည့်ဆိုင်များစွာရှိသဖြင့် လူများက အလွန်စိတ်ဝင်စားမည်မဟုတ်ပေ။


သို့သော် ဖက်ထုပ်အိုးကပ်ကြော်ဆိုသည်မှာ သူတို့တစ်ခါမှမမြင်ဖူးသောအရာ ဖြစ်နေသည်။


ဖက်ထုပ်ကြော်နေသောသူက ဒယ်ပြားကြီးတစ်ခုကို မီးဖိုပေါ်တွင်လှုပ်ရှားနေသည်မှာ ကြည့်နေရရုံဖြင့်တင် စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်သည်။


‌ဤအချိန်တွင် လူအများစုက အိမ်တွင်မနက်စာစားကြတော့မည်ဖြစ်သည်။ အများစုက ဆန်ပြုတ်ချက်ပြီးနောက် စားစရာများဝယ်ရန် ထွက်လာကြခြင်းဖြစ်သည်။ ယခုသူတို့ တစ်ခါမှမစားဖူးသည့် ဖက်ထုပ်ကြော်များကိုမြင်လိုက်ရသောအခါ...


ဘယ်လိုပဲဖြစ်ဖြစ် ဈေးမှသိပ်မကြီးတာ၊ ဆင့် ၅၀ဖိုးလောက်ဝယ်ပြီး အိမ်ကမိသားစုကို မြည်းကြည့်ခိုင်းတာက ဘာမှမဖြစ်ပါဘူး…


ဒီဖက်ထုပ်ကြော်တွေမှာ အသားအဆာသွပ်ထည့်ထားတာနဲ့တင် အတော်လေးကောင်းနေပြီ…


ဖက်ထုပ်ကြော်ပထမအသုတ် ရသောအခါ ဖုန်းရီက ဒယ်ပြားထဲမှဆယ်ထုတ်ပြီး ကြွေဇလုံကြီးထဲသို့ ထည့်လိုက်သည်။


သူက အလွန်မကျွမ်းကျင်သဖြင့် ဖက်ထုပ်ကြော်အချို့က အောက်ခြေတွင် အနည်းငယ်ကြွပ်ကာ အချို့က မကြွပ်ပေ။


ဖုန်းရီက ရှက်သွားသော်လည်း ကျန်းလီယွင်က စိတ်ထဲမထားပေ။ သူမကပြုံးကာ သူမရှေ့မှဝယ်သူကို မေးလိုက်သည်။

“ဖက်ထုပ်ကြော်ရပါပြီ နည်းနည်းကြွပ်တာလိုချင်လား… မကြွပ်တာလိုချင်လား…”


“ငါက ကြွပ်တာလိုချင်တယ်…”


“ငါက မကြွပ်တာလိုချင်တယ်…”


“ငါ ဖက်ထုပ်ကြော်တစ်ယွမ်ဖိုးဝယ်ချင်တယ်…”


“ဖက်ထုပ်ကြော် ဆင့်၅၀ဖိုးလောက်…”


...


လူများက တစ်ယောက်ပြီးတစ်ယောက် ဖက်ထုပ်ကြော်များဝယ်လာကြသည်။


ကျန်းလီယွင်က ဆင့် ၅၀လျှင် ၆ခုဟု ရေးထားသဖြင့် မည်သူကမှ တစ်ခုတည်းမဝယ်ကြဘဲ အကုန်လုံးက ဆင့်၅၀ဖိုးမှ စဝယ်ကြသည်။


လူများဝယ်နေချိန်တွင် ကျန်းလီယွင်နှင့်သိသည့်သူများလည်း ရောက်လာသည်။ အချို့က အုတ်နှင့်ကြွေပြားစက်ရုံအလုပ်သမားများ၏မိသားစုများ ဖြစ်သည်။


စွင်းစွေ့စွေ့က စွင်းကျင်ရှန်း၏ညီမဖြစ်သည်။


စွင်းကျင်ရှန်းက စက်ရုံတွင်မနေဘဲ အိမ်တွင်နေ၏။ သူ ယမန်နေ့က အိမ်ပြန်ရောက်သောအခါ ကျန်းလီယွင်၏ဖက်ထုပ်ကြော်များက မည်မျှအရသာရှိကြောင်းဆက်တိုက်ပြောနေခဲ့၏။ သူက စွင်းစွေ့စွေ့ကိုပင် ပိုက်ဆံ ၂ယွမ်ပေးလာပြီး သူမ မနက်ဖြန်မြို့ထဲသွားပါက တစ်မိသားစုလုံးစားနိုင်အောင် ဝယ်‌ခဲ့ပေးရန်ပြောလာသည်။


စွင်းစွေ့စွေ့က ၎င်းကိုမှတ်မိနေသဖြင့် မြို့ထဲသို့ရောက်သောအခါ ဖက်ထုပ်ကြော်ဆိုင်ကို ရှာလိုက်သည်။

ကံမကောင်းစွာဖြင့် သူမရှာတွေ့သွားသောအချိန်တွင် ဖုန်းရီက ပထမအသုတ်ကို ရောင်းကုန်သွားသဖြင့် နောက်တစ်သုတ်ကို စောင့်ရတော့မည်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သူမကလည်းအလျင်မလိုသဖြင့် စောင့်လိုက်သည်။ ဖက်ထုပ်ကြော်ရသောအခါ သူမကကမန်းကတန်း ကြွေဇလုံလေးကိုလှမ်းပေးပြီး ပြောလိုက်သည်။

“ကျွန်မကို ဖက်ထုပ်ကြော် ၂ယွမ်ဖိုးလောက်…”


ဤတစ်ခေါက်တွင် ဖက်ထုပ်ရောင်းသောသူမှာ ဖုန်းရီဖြစ်သည်။ ကျန်းလီယွင်က ဖက်ထုပ်ကြော်ရာ၌ ဖုန်းရီနှင့်အမှီမလိုက်နိုင်သဖြင့် သူဖက်ထုပ်ကြော်နေချိန်တွင် သူမကအနောက်၌ ဖက်ထုပ်ရွက်ထုပ်နေလိုက်သည်။


ဖက်ထုပ်အိုးကပ်ကြော်များကို နေရာတွင်တန်းကြော်ခြင်းဖြစ်သဖြင့် အချိန်အချို့လို၏။ သူတို့ဆိုင်ရှေ့၌ စောင့်နေသည့်သူများ အမြဲရှိနေလေသည်။


လူအများစုက လူအုပ်ကြီးကိုမြင်သောအခါ ဝင်တန်းစီလာကြပြီး စားစရာအသစ်တစ်ခုရောင်းနေကြောင်းသိသွားသောအခါ ဝယ်စားချင်လာကြသည်။


၎င်းက ကျန်းလီယွင်၏စီးပွားရေးကို အလွန်ကောင်းမွန်သွားစေသည်။


စွင်းစွေ့စွေ့က ဖက်ထုပ်ကြော်24ခုဖြင့် လူအုပ်ကြားမှထွက်လာကာ စိတ်အေးသွားသည်။


ငါ့ အစ်ကိုက မနေ့ကတင် ကျန်းလီယွင်နဲ့ ဖုန်းရီတို့ဖက်ထုပ်ကြော်တွေ မရောင်းရမှာကို စိုးရိမ်နေသေးတာ… 


ယခုတွင်မူ သူမအစ်ကိုက အလဟဿစိုးရိမ်နေခြင်းဟု သူမ ထင်လိုက်သည်။


သူတို့စီးပွားရေးက စည်ကားနေရော…


ပြီးတော့ ဒီဖက်ထုပ်ကြော်တွေကလည်း တကယ်ကိုအရသာရှိတယ်…


စွင်းစွေ့စွေ့က မနက်ပိုင်းထွက်လာချိန်တွင် မနက်စာမစားရသေးပေ။ သူမက မနေနိုင်တော့ဘဲ ဖက်ထုပ်ကြော်တစ်ခုကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။


ဖက်ထုပ်ကြော်များက ကြက်ဥထမင်းကြော်နှင့် ခေါက်ဆွဲကြော်များလိုပင် ငြင်းရက်စရာမရှိသည့် ဆီများသော စားစရာဖြစ်သည်။


ဖက်ထုပ်အပြင်သားက ကြွပ်ရွနေပြီး အထဲမှဝက်သားအဆာသွပ်က စွင်းစွေ့စွေ့ကို အူမြူးသွားစေ၏။


နောက်နှစ်30ကျော်တွင်ဆိုပါက စွင်းစွေ့စွေကဲ့သို့ မိန်းမငယ်လေးများက ဖက်ထုပ်ကြော်မစားမီ ကယ်လိုရီ ဦးစွာတွက်မိကြမည်ဖြစ်သည်။ သို့သော် ယခုက လူများ၏ဗိုက်တွင် ဆီငတ်နေသည့်1980ကာလများဖြစ်သည်။


စွင်းမိသားစုက ချမ်းသာသော်လည်း အသား အလွန်မစားရပေ။ ဖက်ထုပ်တစ်ခုစားလိုက်ပြီးနောက် စွင့်စွေ့စွေ့က မထိန်းနိုင်ဘဲ နောက်တစ်ခုထပ်နှိုက်လိုက်သည်။ 


ထို့နောက် သုံးခုမြောက်၊လေးခုမြောက်၊ ငါးခု...


ကျေးလက်မှမိန်းကလေးများမှာ အစားကြီးကြ၏။ စွင်းစွေ့စွေ့က တစ်ခါတည်းနှင့် ဖက်ထုပ်ကြော်12ခုလောက်စားပစ်လိုက်သည်။ ထို့နောက်မှသာ သူမက စိတ်ကျေနပ်သွားပြီး တစ်ဖန်ပြန်တန်းစီကာ ဖက်ထုပ်ကြော်တစ်ယွမ်ဖိုး ထပ်ဝယ်လိုက်သည်။


ငါ ခုဏက စားလိုက်‌တာကို ကိုယ့်ကိုကိုယ်ဝယ်ကျွေးတယ်ပဲ မှတ်ယူလိုက်မယ်…


ဖက်ထုပ်ကြော်များဖြင့် စက်ဘီးစီးကာပြန်‌သွားသောလမ်းတွင် စွင်းစွေ့စွေ့က တစ်လမ်းလုံးလေတက်သွား၏။


ကျောက်ဟိုင်က မြို့၏အလယ်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သည်။ သူက နယ်ခံမဟုတ်သဖြင့် လက်တလောတွင် ဆရာအဆောင်၌ တစ်ယောက်တည်းနေရလေသည်။


သူတို့ကျောင်းက နေ့လယ်စာနှင့်ညစာကို ကန်တင်းတွင်ကျွေးသော်လည်း မနက်စာမရှိပေ။ ကျောက်ဟိုင်က မနက်စာကို မြို့ထဲမှဝယ်လေ့ရှိသည်။


ပုံမှန်ဆိုလျှင် သူက ပေါက်စီနှင့်ပဲနို့ကို မနက်စာစားသော်လည်း ယနေ့တွင် သူပေါက်စီဆိုင်သို့မရောက်မီမှာပင် ဆိုင်သေးသေးလေးတစ်ဆိုင်ကို စိတ်ဝင်စားမိသွားသည်။


အရှေ့မြောက်ပိုင်းက ဖက်ထုပ်ကြော်တဲ့လား…အနံ့က တော်တော်လေးကောင်းလိုက်တာ…


ကျောက်ဟိုင်က အသင့်အတင့်စားချင်စိတ်ရှိသည့်ပညာတတ်တစ်ယောက်ဖြစ်သဖြင့် ဖက်ထုပ်ကြော်အရွယ်အစားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆင့်၅၀ဖိုးသာ ဝယ်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်ခွက်လေးဖြင့် ပေါက်စီဆိုင်သွားကာ ဆယ်ဆင့်ဖြင့် ပဲနို့တစ်ခွက်ထပ်ဝယ်လိုက်သည်။


ကျောင်းသို့ရောက်သောအခါ သူက ပဲနို့တစ်ငုံ ဦးဆုံးသောက်လိုက်ပြီးမှ တူကိုထုတ်ကာ ဖက်ထုပ်ကြော်တစ်ခု ယူလိုက်သည်။


ဒီဖက်ထုပ်ကြော်က အရမ်းမွှေးတာပဲ… ပြီးတော့ ပုံမှန်အသားပေါက်စီ‌တွေထက်တောင် အရသာရှိသေးတယ်…


“‌ဆရာကျောက် ဘာတွေစားနေတာလဲ…”

စပ်စုတတ်သည့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဖက်ထုပ်ကြော်ကို တစ်ခါမှမမြင်ဖူးသဖြင့် မေးလိုက်သည်။


ကျောက်ဟိုင်က ပြန်ဖြေလိုက်သည်။

“ဒါက ဖက်ထုပ်ကြော်လေ ‌အရှေ့မြောက်ပိုင်းစာလို့ပြောတာပဲ…”


တရုတ်ဘာသာဆရာက ဝင်ပြောလာသည်။

“ကျွန်တော် ဆောင်းပါးနဲ့စာစီစာကုံးတွေထဲမှာ ဖက်ထုပ်အကြောင်းပါတာကိုတော့ ဖတ်ဖူးတယ်… အဲ့ဒီကတည်းကကျွန်တော် ဖက်ထုပ်ကို တော်တော်လေးမြည်းစမ်းကြည့်ချင်နေခဲ့တာ… ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ သိမနေဘူး မနက်ဖြန်ကျမှ နည်းနည်းလောက်သွားဝယ်ရမယ်…”


“ငါလည်းသွားဝယ်ပြီး စားကြည့်ဦးမယ်…”


“ဆရာကျောက် ဘယ်ကဝယ်လာတာလဲ…”


...


ရုံးခန်းထဲမှ ဆရာအားလုံးက သိချင်နေကြကာ တစ်ခုပြီးတစ်ခုမေးလာကြသည်။


သူတို့၏ အဓိကအစားအစာက ဆန်ဖြစ်ကာ အများစုက ဂျုံအစားအစာများ မည်သို့လုပ်ရမည်ကို မသိကြပေ။


သို့သော် သူတို့က ပုံမှန်လူများထက် ပိုသိထားပြီး မြောက်ပိုင်းတွင် နှစ်သစ်ကူးကာလ၌ ဖက်ထုပ်စားသည့်ဓလေ့အကြောင်းကို ကောင်းကောင်းသိထားပေသည်။


အခုဖက်ထုပ်ကို မြို့ထဲတွင်ရောင်းလာရာ သူတို့က စမ်းစားကြည့်ချင်နေကြသည်။


×××××


မြေဩဇာစက်ရုံ၏ဝန်ထမ်းအိမ်ရာတွင် အသက်၅၀ကျော်မိန်းမကြီးက ဖက်ထုပ်ကြော်တစ်ထုပ်ဖြင့် အိမ်ပြန်ရောက်လာသည်။


သူမ၏အဖိုးတန်မြေးလေးက ဆန်ပြုတ်မကြိုက်သဖြင့် သူတို့မိသားစုက မနက်စာကို ကြက်ဥထမင်းကြော်စားကြ၏။သို့သော် ညက သူတို့အမျိုးများဆီ သွားလည်ကာ ဘာမှမချက်ခဲ့မိသဖြင့် ယနေ့မနက်တွင် ထမင်းကြော်ရန် ထမင်းကြမ်းရှိမနေပေ။


အစက သူမ မနက်စာအတွက် ပေါက်စီအချို့ဝယ်ရန် လုပ်ထားသော်လည်း ဖက်ထုပ်ကြော်များကိုမြင်သောအခါ ဆင့်၅၀ဖိုးဝယ်ခဲ့လိုက်ပြီး စားနေကျပေါက်စီနှင့် ပေါင်မုန့်ပေါင်းများကိုလည်း ဝယ်ခဲ့လိုက်သည်။


“ကလေးလေးရေ မနက်စာစားရမယ့်အချိန်ရောက်ပြီ…”

ထိုမိန်းမကြီးက အိမ်ထဲရောက်ရောက်ချင်းပင် သူ့မြေးအားမနက်စာစားရန် အော်ခေါ်လိုက်သည်။ အိမ်ထဲမှအခြားသူများကမူ ထိုမှလောက်အရေးမကြီးပေ။


သူမမြေးက ပြေးထွက်လာ၏။

“အဖွား သား အသားပေါက်စီစားချင်တယ်…”


“‌အသားပေါက်စီဝယ်ခဲ့တာပေါ့… အဲ့ဒါအပြင် အဖွားကဖက်ထုပ်ကြော်လည်းဝယ်ခဲ့တယ်… အချစ်လေး စားကြည့်မလား…”


“ဖက်ထုပ်ကြော်လား…”

ယခုမှ မူကြိုတက်နေသည့်ကလေးက သိချင်သွားကာ ဖက်ထုပ်ကြော်ကို တစ်ကိုက်ကိုက်ကြည့်လိုက်သည်။

“အဖွား ဒါကအရမ်းအရသာရှိတာပဲ… မနက်ဖြန်ကျရင်လည်း သားထပ်စားချင်တယ်…”


“ဟုတ်ပြီ ဟုတ်ပြီ မနက်ဖြန်ကျရင်လည်းအဖွားသွားဝယ်ပေးမယ်…”

မနက်ဖြန်ကျလျှင် ကျန်သည့်သူများက ဆန်ပြုတ်စားမည်ဖြစ်သဖြင့် သူမမြေးလေးကို ဖက်ထုပ်ကြော်ကျွေးလိုက်ပေမည်။


တူညီသည့်မြင်ကွင်းများက တစ်မြို့လုံးတွင်ဖြစ်ခဲ့၏။ တစ်မနက်အတွင်းမှာပင် လူများစွာက ဖက်ထုပ်ကြော်များအကြောင်းသိသွားကြသည်။


ကျန်းလီယွင်က ပါဝင်ပစ္စည်းများစွာကိုပြင်ဆင်ခဲ့၍ ဖက်ထုပ်ကြော် အခု800စာလောက်အထိ လုံလောက်ပေသည်။


သူမက လိုအပ်လျှင် မနက်မှနေ့လယ်အထိ ဖြည်းဖြည်းချင်းရောင်းရန် စီစဉ်ထား၏။


ဤအချိန်တွင် မြို့ထဲ၌နေသူမရှိလှသော်လည်း တစ်ချက်လောက်သတင်းပြန့်သွားရုံဖြင့်ပင် ဖက်ထုပ်ကြော်အခု800ခန့် ရောင်းနိုင်မည်ဟု တွေးထားခဲ့သည်။


သို့သော် သူမ မထင်မှတ်ထားသည်မှာ ဖက်ထုပ်ကြော်အခု800လုံးက ရှစ်နာရီကျော်ကျော်လေးတွင် အားလုံးရောင်းထွက်သွားသည်။


ရှစ်နာရီကျော်မှ ကုန်ရခြင်းမှာ ဝယ်သူနည်းခြင်းကြောင့်မဟုတ်ဘဲ ဖက်ထုပ်များကို အလျင်မှီအောင် မထုပ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။


ဖက်ထုပ်ကြော်အခု800လေ…


ကျန်းလီယွင်ရဲ့လက်တွေက ထုပ်ရလွန်းလို့ကြွက်တောင်တက်တော့မယ်… 


အဖေကျန်းက စိတ်ပူလို့ဆိုပြီး ကျန်းလီယွီကိုခေါ်ပြီး ကူညီ‌ဖို့မရောက်လာခဲ့ရင် ကျန်းလီယွင်က ဖုန်းရီနဲ့အတူ အခုထိ ဖက်ထုပ်လုပ်နေရလောက်တယ်…


ကျန်းလီယွင်က အတွေ့အကြုံရှိသဖြင့် ဖက်ထုပ်ထုပ်ခြင်းနှင့် ဖက်ထုပ်ရွက်လိပ်ရာတွင် လျင်မြန်စွာလုပ်နိုင်၏။သို့သော် ဖက်ထုပ်ရွက်လိပ်စရာမလိုလျှင်ပင် သူမကမနားတမ်းလုပ်ပါက တစ်နာရီတွင် ဖက်ထုပ်အခုသုံးရာသာ ထုပ်နိုင်‌သည်။


သူမက ဖက်ထုပ်ထုပ်ရန် အဖေကျန်းနှင့်ဝူရှောင်ချွန်းတို့၏အကူအညီကို လိုနေခဲ့၏။ သူမနှင့်ဖုန်းရီချည်းသာ ဆိုပါက အနည်းငယ်ဝန်များလေသည်။


ဖက်ထုပ်များ‌ကုန်သွားသောအခါ ကျန်းလီယွင်က အနည်းငယ်ပင်ပန်းနေသော်လည်း အိမ်ချက်ချင်းပြန်ရန်မလုပ်ပေ။ ထိုအစား သူမက ယနေ့မနက်ရခဲ့သည့် ပိုက်ဆံများကို ရေတွက်လိုက်သည်။


မနက်က ဝယ်သူများအား အကြွေပြန်ပေးရန်အတွက် အကြွေယွမ်20ဖိုးယူခဲ့၏။ ယခုပိုက်ဆံပုံးထဲမှ ပိုက်ဆံများကို ရေတွက်လိုက်သောအခါ စုစုပေါင်း ၈၉ယွမ်နှင့် ဆင့် ၃၀ရှိသည်။


တစ်နည်းပြောရလျှင် သူတို့ကဖက်ထုပ်ကြော် ၆၉ယွမ်ဖိုးနီးပါးရောင်းနိုင်ခဲ့လေသည်။



🏡🏡🏡