Chapter 16
Viewers 1k

👊Chapter (16) 

အသက်ရှင်ဖို့တစ်ခုတည်းအတွက်နဲ့ မရှင်သန်နိုင်ဘူး




ကျန့်ချောင်က ရိဂ်၏ခက်ထန်သည့်အပြစ်တင်ခြင်းကြောင့်လန့်သွား၏။ လျင်မြန်စွာလက်ကိုရုတ်၍ အနောက်သို့ ဆုတ်လိုက်သည်။ 


“အရှင်...အရှင့်ရဲ့မိန်းမငယ်လေးကို စော်ကားမိသွားရင်တောင်းပန်ပါတယ်...သူမကိုရည်ရွယ်ချက်ရှိရှိ မရိုမသေပြုတာမဟုတ်ပါဘူး” 


သူက တောင်းပန်တိုးလျှိုးလျက်ပြောလိုက်သည်။ 


သူမကိုမရိုမသေပြုတယ်? သူမက ညစ်ပတ်တဲ့ပြည့်တန်ဆာကွ...။ မင်း သူမရဲ့ ခေါင်းကိုတောင် မကိုင်သင့်တာ...မင်းကသာ မရိုမသေအပြုခံနေရတာကွ...။


ရိဂ်တွင် ပြောချင်သည့်စကားများစွာရှိသည့်တိုင် ပြည့်တန်ဆာမလေးအရှေ့တွင် ထုတ်မပြောနိုင်ချေ။ သူ၏ပညာရေးက အခြေခံလူကြီးလူကောင်းအပြုအမူများအား ထိန်းသိမ်းရန်လိုအပ်ကြောင်း အသိပေးနေ၏။


ပြည့်တန်ဆာမလေးတော့ ပြိုလဲသည်အထိ ငိုနေလေသည်။ 


ဆိုင်၏ဝန်ထမ်းနှစ်ယောက်က သူမဆီသို့ချဥ်းကပ်လာကာ သူမကိုချော့မော့ရန်ကြိုးစားကြပြီး အစက်အပျောက်ကင်းသည့် အဖြူရောင်လက်ကိုင်ပုဝါလေးကိုထုတ်ပေးလာကြသည်။ 


ပြည့်တန်ဆာမလေးလက်ကိုင်ပုဝါကိုယူလိုက်မှသာ သူမလက်တွင် ပန်းရောင်ကျောက်တုံး‌လေးနှင့်အတူ အနီရောင်၊ အဖြူ‌ရောင်နှင့် အနက်ရောင်အစင်းကြောင်းများရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအစင်းကြောင်းများက သူမမျက်နှာကိုလိမ်းကျံလာသည့်နံ့သာမှုန့်များ၊ ပါးနီ၊ နှုတ်ခမ်းနီနှင့် မျက်ခုံးကိုလိမ်းကျံထားသည့် ကျောက်မီးသွေးတို့ထံမှဖြစ်သည်။ 


ဤအချင်းအရာမှ သူမမျက်နှာသည်မျက်ရည်များဖြင့် ညစ်ပတ်ပေကျံနေသည်ကို ပြောနိုင်၏။


ဝန်ထမ်းက တစ္ဆေသရဲကိုမြင်သကဲ့သို့ သူမအား ကြောက်လန့်နေသည့်အမူအရာဖြင့် ကြည့်လာသည်မှာ အံံဩစရာမရှိချေ။ 


ပြည့်တန်ဆာမလေး “အား” ဟုအော်လိုက်၏။ ထို့နောက် သူမ၏မျက်နှာကိုကွယ်ကာ လက်ဝတ်ရတနာဆိုင်ထဲမှ ပြေးထွက်သွားတော့သည်။ သူမက စက်ဆုပ်ခံရခြင်း၊ အလှောင်ပြောင်ခံရခြင်းနှင့် တက်အနင်းခံရခြင်းတို့ကိုပင် အသားကျနေသော်လည်း အရှင်မြို့စားအရှေ့တွင်တော့ သူမကိုယ်သူမ အရူးတစ်ယောက်ဖြစ်အောင် မပြုလုပ်ချင်ပေ။ နည်းနည်းတောင်မှ မဖြစ်စေချင်ပေ။ 


ဤလမ်းက လူများပျားပန်းခတ်နေသည့် လက်ဝတ်ရတနာလမ်းဖြစ်သည်။ ဤနေရာကို လာရောက်ရန် နှစ်သက်ကြသည့်သူများမှာ မျိုးရိုးမြင့်အမျိုးသမီးများနှင့်ပြည့်တန်ဆာများသာမကဘဲ ဓားပြများနှင့်သူခိုးများလည်းပါသည်။ သူတို့က တစ်ယောက်တည်းဖြစ်နေပြီး မျိုးရိုးမြင့်ဟုမထင်ရသည့် မိန်းမများကို ကြိုက်နှစ်သက်သည်။ သို့မှသာ ပြဿနာမရှိဘဲ သူတို့ချမ်းသာလာနိုင်မှာဖြစ်သည်။ 


ငိုယိုကာပြေးထွက်သွားသည့် ပြည့်တန်ဆာမလေးက ပြီးပြည့်စုံသည့်ပစ်မှတ်တစ်ခုဖြစ်၏။


ရိဂ်ကလက်မြှောက်၍ ကျန့်ချောင်ကိုအလျင်အမြန်ရှင်းပြလိုက်သည်။ 


“မင်းတောင်းပန်ဖို့မလိုပါဘူး...ငါမင်းကို အပြစ်တင်လိုက်တာမဟုတ်ဘူး...မင်းကိုဘယ်လိုရှင်းပြရမလဲမသိဘူး....ဘာပဲဖြစ်ဖြစ် ငါစိတ်ဆိုးမနေသလို၊ သူမကလည်း ငါ့ရဲ့ မိန်းမငယ်လေးမဟုတ်ဘူး...ငါ သူမနဲ့ဘယ်လိုဆက်ဆံရေးမှမရှိဘူး” 


ထိုစကားများကို ပြောပြီးနောက် သူလည်းလျင်မြန်စွာ ပြေးထွက်သွားတော့သည်။ 


သူရဲကောင်းတစ်ယောက်အနေနှင့် ထိုမိန်းကလေး၏လုံခြုံရေးကို စောင့်ရှောက်ရမည်။ 


ကျန့်ချောင်သတိပြန်ဝင်လာချိန်တွင် ဆိုင်၏တံခါးကပိတ်နေပြီဖြစ်ပြီး တံခါးအပေါ်တွင်ဆွဲထားသည့် ဆည်းလည်းလေးက သာယာသည့်အသံလေးကိုထုတ်ကာ တစ်ယောက်ယောက်ဝင်ထွက်သွားကြောင်း ဖော်ပြနေသည်။ 


“သူတို့ဘာဖြစ်သွားတာလဲ” ကျန့်ချောင် တံခါးကိုညွှန်ပြ၍ မေးလိုက်သည်။ 


ဝန်ထမ်းနှစ်ယောက်က ပခုံးများကိုတွန့်ကာ မျက်နှာများကလည်း တူညီစွာ ရှုပ်ထွေးနေကြ၏။


......


ရိဂ်က ပြည့်တန်ဆာမလေးအား လမ်းအဆုံးရှိ မှောင်မိုက်နေသည့်လမ်းကြားတစ်ခုတွင်ငိုနေသည်ကို ရှာတွေ့လိုက်သည်။ သူမက ဒဏ်ရာရနေသည့်ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ သူမကိုယ်သူမ ဘောလုံးလေးတစ်နှယ် ကွေးနေကာ လက်ထဲတွင် တန်ဖိုးမဲ့သည့်ကျောက်တုံးလေးကိုကိုင်ထား၏။ 


“ထတော့...ပြန်လိုက်ပို့ပေးမယ်” ရိဂ်က လျှောက်လှမ်းလာကာ အသံတွင် စိတ်မရှည်မှုများဖြင့် ပြည့်နေသည်။ 


ဤမိန်းမအပေါ်တွင် စိတ်ဝင်စားမှုနည်းနည်းလေးမှမရှိသောကြောင့် သူမဘာကြောင့်ငိုနေရသလဲကို မေးရန်လုံးဝစိတ်ကူးမရှိချေ။ 


“ကျွန်မအမေကိုလွမ်းတယ်” တစ်ဖက်တွင်တော့ ပြည့်တန်ဆာမလေးက တစ်ယောက်ယောက်ကို ယုံကြည်အားထား၍ ဖွင့်ပြောရန် လိုအပ်နေသည်။ 


သူမက စကပ်၏အနားခေါက်ထားသည့်အစကို မ၍ ပန်းရောင်ကျောက်တုံးလေးအား အဖိုးမဖြတ်နိုင်သည့်ရတနာတစ်ခုကဲ့သို့ ပွတ်သပ်ရင်း သူမ၏ပန်းနှင့်တူနေသည့်မျက်နှာကို သုတ်ကာ ငိုရှိုက်လိုက်သည်။ 


“ကျွန်မရဲ့မိသားစုက အမြဲဆင်းရဲခဲ့တယ်...အထည်စတစ်စလေးကိုတောင် မတတ်နိုင်ခဲ့ကြဘူး...ဒီတော့ ကျွန်မအမေက ကျွန်မကို စကပ်ချုပ်ပေးဖို့ အမှိုက်ပုံကအဝတ်စုတ်တွေ လိုက်ကောက်တယ်...အရှင်သိလား...ကျွန်မငယ်ငယ်လေးတည်းက စကပ်အသစ်တစ်ထည်မရခဲ့ဖူးဘူး...ကျွန်မရဲ့ အဝတ်အစားတွေက အဖာအစပ်တွေနဲ့အမြဲပြည့်နေတာ...ထူးဆန်းပြီးကြည့်မကောင်းဘဲ အဆက်အစပ်မရှိတဲ့ အဖာအစပ်တွေ...အဲ့ဒီစကပ်တွေနဲ့ကျွန်မက ဖားပြုတ်တစ်ကောင်လိုပဲ ရုပ်ဆိုးတယ်...လူတိုင်းက ကျွန်မကို ပြက်ရယ်ပြုကြတိုင်း ကျွန်မအိမ်ကနေထွက်ပြေးပြီး ပုန်းဖို့နေရာတစ်နေရာရှာလေ့ရှိတယ်...


အဲ့လိုဖြစ်လာတိုင်း ကျွန်မအမေက ကျွန်မကိုရှာပြီးထွေးပွေ့ပေးတယ်...ပြီးတော့ ကျွန်မနားထဲကို တိုးတိုးလေး ပြောလေ့ရှိတယ်: အမေ့ရဲ့ ဂျန်နီလေး...အမေ့ရဲ့မျက်လုံးထဲမှာတော့လေ သမီးကကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးပဲ...ပျော်ပျော်နေပါ သိုးငယ်လေး....သမီးပျော်တဲ့အခါ သမီးကြောင့် နေရောင်ခြည် တောက်ပလာလိမ့်မယ်တဲ့”


ထိုသို့ပြောပြီးနောက် ပြည့်တန်ဆာမ‌လေး၏ မျက်ရည်များဖြင့်ပြည့်နေ‌သောမျက်နှာတွင် ပျော်ရွှင်မှုများဖြင့် တောက်ပလာသည်။ 


သူမ၏မျက်လုံးများက ပြန်ပြောနေချိန်တွင် ငူငိုင်နေ၏။ “အရင်က ကျွန်မကိုနှစ်သိမ့်ဖို့ သူမပြောခဲ့တဲ့စကားတွေကို ကျွန်မအလေးမထားခဲ့ဘူး...ဘာလို့ဆို ကျွန်မက ကမ္ဘာပေါ်မှာအလှဆုံးမိန်းကလေးမဟုတ်မှန်း သိနေခဲ့လို့ပဲ...ကျွန်မပြုံးပြုံး၊ မပြုံးပြုံး ကောင်းကင်ကြီးက အမြဲ တိမ်ထူထပ်နေမှာ...နွေးထွေးတဲ့နေရောင်ခြည်က ကျွန်မအပေါ် တောက်ပလာမှာမဟုတ်ဘူး...ကျွန်မက နိမ့်ကျပြီးသေးနုပ်တဲ့ သာမန်လူတစ်ယောက်ပါပဲ”


သူမကလက်ထဲရှိ ကျောက်တုံးလေးကိုမ၍ အိပ်မက်ဆန်သည့်အသံဖြင့် ပြောလာ၏။ 


“ဒါပေမယ့် အခုတော့ ကျွန်မအမေပြောခဲ့သမျှစကားလုံးတိုင်းက မှန်တယ်ဆိုတာ ကျွန်မသဘောပေါက်သွားပြီ...သူမက ကျွန်မကို ချစ်လို့ သူမမျက်လုံးထဲမှာ ကျွန်မကအလှဆုံးမိန်းကလေးဖြစ်နေခဲ့တာပဲ...သူမကကျွန်မကိုချစ်လို့ ကျွန်မပျော်ရွှင်တိုင်း သူမရဲ့ကောင်းကင်ကြီးကြည်လင်သွားတယ်...ကျွန်မက သူမရဲ့ အလင်းရောင်နဲ့နွေးထွေးမှုပဲ...


သူမကျွန်မကို အရမ်း၊ အရမ်းချစ်ခဲ့တာ...ဒါပေမယ့် ကျွန်မကဆင်းရဲခဲ့လို့ အိမ်ကနေထွက်ပြေးခဲ့ပြီး ဒီနွံထဲမှာ လာနစ်နေရတာပဲ...ကျွန်မအရမ်းနောင်တရတယ်...ကျွန်မသာ အရှင်မြို့စားကိုစောစောတွေ့ခဲ့ပြီး သူပြောခဲ့စကားတွေကို ကြားခဲ့မယ်ဆိုရင်...”


ပြည့်တန်ဆာမလေးက ပန်း‌ရောင်ကျောက်တုံးလေးအား မျက်နှာနှင့်ထိကပ်၍ အထိန်းအကွပ်မရှိငိုတော့သည်။ ထိုအခါမှသာ လူတစ်‌ယောက်မြင့်မြတ်သည်၊ မမြင့်မြတ်သည်က အခြားသူများအပေါ်တွင်မဟုတ်ဘဲ သူတို့ကိုယ်သူတို့အပေါ်တွင်သာမူတည်နေကြောင်း သူမနားလည်သွားရသည်။ 


တစ်ဖက်တွင် သူတို့ကိုယ်သူတို့ ကျော်ကြားမှုနှင့်ကြွယ်ဝမှုများထံလိုက်နေသည့်သူများကတော့ ဖုန်မှုန့်များသဖွယ် နှိမ့်ချခံရလိမ့်မည်။ 


အဆုံးတွင် သူတို့ကတန်ဖိုးမရှိဖြစ်လာကြလိမ့်မည်။ 


ရိဂ်က ကိုက်ခဲနေသည့်မျက်ခုံးများကိုနှိပ်နယ်၍ အသံနက်နက်ဖြင့်မေးလိုက်သည်။ 


“အိမ်ပြန်ချင်လား...မင်းကိုပြန်ခေါ်သွားဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်...ငါဒီမှာရှိနေသရွေ့ အဲ့မိန်းမကြီးမင်းကို ဒုက္ခမပေးရဲစေရဘူး” 


ပြည့်တန်ဆာမလေးက မျက်ရည်များဖြင့်ပေကျံနေသည့်မျက်နှာကိုမော့ကာ ပြင်းထန်သည့် နာကျင်မှုများဖြင့် ပြောလိုက်သည်။ 


“အရှင့်ရဲ့ကြင်နာတဲ့စကားလုံးတွေအတွက်ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်မဘယ်တော့မှ ပြန်မသွားနိုင်တော့ဘူး...ကျွန်မအမေကသေသွားပြီ...ကမ္ဘာပေါ်မှာ ကျွန်မကိုအချစ်ဆုံးလူကမရှိတော့ဘူး”


ရိဂ်ကြောင်အမ်းသွား၏။ သူ့အာဏာမည်မျှကြီးမားနေပါစေ၊ သေသူများကိုတော့ ပြန်ရှင်အောင် လုပ်မပေးနိုင်ချေ။ 


ဤသနားစဖွယ်မိန်းကလေးအား မည်သို့နှစ်သိမ့်ပေးရန် သူ့ဦးနှောက်အား အလုပ်ပေးနေချိန်၌ ပြည့်တန်ဆာမလေးက သူမ၏စကပ်အနားစကိုမ၍ မျက်ရည်များကိုသုတ်လိုက်သည်။ 


သူမကခေါင်းလေးလှည့်လာ၍ ကြည်လင်သည့်မျက်လုံးတစ်လုံးကိုဖော်ပြကာ ကျိန်ဆိုလာ၏။


 “အရှင်...ကျွန်မကောင်းကောင်းရှင်သန်ပါ့မယ်...ကျွန်အမေက ကျွန်မကို ချစ်ခဲ့တယ်...အဲ့ဒါက သူမမျက်လုံးထဲမှ, ကျွန်မက ရတနာလေးတစ်ခုလို့ ဆိုလိုတာပဲ...ကျွန်မရဲ့ကိုယ်ပိုင်မျက်လုံးထဲမှာလည်း ကျွန်မက ရတနာဖြစ်သင့်တယ်...အခြားသူတွေက ကျွန်မကိုနင်းချေနိုင်ပေမယ့် ကျွန်မကိုယ်ကျွန်မတော့ မနင်းချေနိုင်ဘူး...နေ့တိုင်းကို လှလှပပနဲ့ပျော်ပျော်ရွှင်ရွှင်နေရမယ်...ဈေးအကြီးဆုံးအရာကို ရွေးမယ့်အစား ကျွန်မကြိုက်တာကိုရွေးချယ်ချင်တယ်”


သူမကမျက်လုံးမှမျက်ရည်များကိုသုတ်လိုက်ပြီးနောက် နံရံကိုကိုင်၍ ခက်ခက်ခဲခဲရပ်လိုက်သည်။ 


“နောက်ကျမှနားလည်သွားရတာတော့ နှမြောမိတယ်” သူမက အောက်ငုံ့၍ လက်ထဲမှပန်းရောင်ကျောက်တုံးလေးကိုကြည့်ကာ အသံမှာဆို့နင့်လာပြန်သည်။ 


ရိဂ်ကခေါင်းခါ၍ပြောလိုက်သည်။ “မဟုတ်ဘူး...နောက်မကျပါဘူး...ဒီလိုအသိကပ်ပုံနဲ့ဆို တစ်နေ့ကျရင် ပြည့်တန်ဆာတစ်ယောက်အနေနဲ့ အောင်မြင်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုရှိလာမယ်လို့ ငါထင်တယ်”


ပြည့်တန်ဆာမလေး: “...”


အကြောင်းအရာအချို့ကြောင့် သူမသည်တစ်ယောက်ယောက်ကို ရိုက်ချင်သည့်စိတ်များ ရုတ်တရက် ပေါ်လာသည်။ 


အတော်ကြာအောင်ရပ်နေပြီးမှ သူမပြောလာ၏။ “အရှင်ရိဂ်...အရှင့်ရဲ့ ကြင်နာတဲ့စကားလုံးတွေအတွက် ကျွန်မကျေးဇူးတင်သင့်လား” 


ရိဂ်ကလမ်းအပြင်ဘက်ကိုညွှန်ပြ၍လောဆော်လိုက်သည်။ “ကျေးဇူးတင်ဖို့မလိုဘူး...ငါ့အစေခံတွေ ဒီကိုရောက်နေကြပြီ...သူတို့မင်းကိုပြန်ခေါ်သွားကြလိမ့်မယ်...မင်းအခုသွားသင့်ပြီ...ငါလုပ်စရာရှိသေးတယ်”


ပြည့်တန်ဆာမလေးက လမ်းကိုမျှော်ကြည့်လိုက်ရာ အရပ်ရှည်ရှည်သူရဲကောင်းများနှင့် လှည်းတစ်စီးကိုတွေ့လိုက်ရသည်။ ထိုအခါ မျက်ရည်များကိုသုတ်၍ လှည့်မကြည့်ဘဲ သူမထွက်သွားတော့သည်။ အလွန်အင်အားကြီးပြီးအံ့ဩဖွယ်ကောင်းလောက်အောင်ချမ်းသာကာချောမောသည့် ဤလူအတွက် သူမနောင်တမရချေ။


ဖလားဝါးဗေးလ်မြို့စားနှင့်ယှဥ်လျှင် ကမ္ဘာပေါ်မှမျိုးရိုးမြင့်များအားလုံးသည် အမှိုက်များသာဖြစ်၏။ 


ရိဂ်က ပြည့်တန်ဆာမလေး၏နောက်ကျောကို ခဏကြည့်နေပြီးနောက် ခေါင်းထပ်ခါလိုက်ကာ ကျန့်ချောင်၏ လက်ဝတ်ရတနာဆိုင်သို့ ပြန်သွားလိုက်သည်။ 


“အာ...ပြန်ရောက်လာပြီ...မိန်းကလေးဘယ်လိုနေလဲ...သူမဘာဖြစ်သွားတာလဲ” 


ကျန့်ချောင်က ရိဂ်ပြန်လာသည်ကို မြင်သောအခါ ချက်ချင်းမေးလာသည်။ 


“မင်းရဲ့ပူညံပူညံလုပ်တာတွေက သူမအမေကို သတိရသွားစေတာလေ” ရိဂ်က လှောင်ပြောင်နေသည့် အသံဖြင့် ပြောလိုက်၏။


“ဒီတော့ သူမအမေကိုလွမ်းလို့ပေါ့” ကျန့်ချောင်၏မျက်လုံးများမှအလင်းရောင်မှာ ချက်ချင်းပျောက်ကွယ်သွား၏။


မိခင်မေတ္တာက သူ မဆွေးနွေးချင်ဆုံးအကြောင်းအရာဖြစ်သောကြောင့် ကျန့်ချောင်က ရိဂ်၏အာရုံကိုဆွဲဆောင်ရန် ကောင်တာပေါ်မှ ကတ္တီပါသေတ္တာနှစ်လုံးကိုညွှန်ပြလိုက်သည်။ 


“ဒီလက်စွပ်နှစ်ကွင်းကို လိုချင်သေးလား”


“သေချာတာ‌ပေါ့...ဘယ်လောက်လဲ” ရိဂ်က ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။ 


ကျန့်ချောင်က အလွန်မြင့်မားသည့်ပမာဏတစ်ခုထုတ်ပြောလိုက်သည့်တိုင် ရိဂ်က မျက်တောင်တစ်ချက်ခတ်၍ လက်မှတ်ထိုးလိုက်သည်။ ထို့နောက် သူမေးလိုက်၏။


 “အဲ့မဟူရာကျောက်ကို မရောင်းချင်တာသေချာလား”


ကျန့်ချောင်သည် သေတ္တာကိုဖဲကြိုးလေးဖြင့်ချည်၍ ငြင်းဆန်လိုက်၏။ “ရောင်းဖို့မဟုတ်ပါဘူး” 


ရိဂ်က နှာခေါင်းရှုံ့၍ မနှစ်သက်သည့်အသံဖြင့် ပြောလိုက်သည်။ “တကယ်တမ်း မင်းလည်းပိုင်ဆိုင်ဖို့ မထိုက်တန်ပါဘူး”


“ဘာရယ်” ကျန့်ချောင်သည်ခေါင်းမတ်၍ စူးစိုက်ကြည့်လာသည်။ 


“ငါပြောတာ မင်းနဲ့လည်းမတန်ဘူးလို့” ရိဂ်က အကြည့်များစူးစိုက်၍ အသံနက်နက်ဖြင့်ထပ်ပြောလိုက်သည်။


 “မင်းပြောတော့ အဲ့ဒါ သက်မဲ့ပေမယ့် သူကိုယ်တိုင်ကကမ္ဘာတစ်ခုဖြစ်တည်နေတယ်ဆို...အဲ့ဒါက ကမ္ဘာမြေကြီးရဲ့ အမှောင်ထုထဲမှာ တည်ရှိနေပြီး သူ့ကိုနားလည်နိုင်၊ အသိအမှတ်ပြုနိုင်၊ မြတ်နိုးတန်ဖိုးထားမယ့်လူကို စောင့်နေတာဆို...မင်းက သူ့ရဲ့ မျှော်လင့်ချက်တွေကို မှီဖို့လုံးဝကျဆုံးနေတာကို...မင်းက သူ့ကိုတူးပြီး ချောမွေ့အောင်အချောသတ်ပြီး သူ့ရဲ့အလှကိုဖော်ထုတ်ခဲ့တယ်...ဒါပေမယ့် မင်းကသူ့ကို ထပ်ပြီးသေးငယ်မှောင်မိုက်တဲ့နေရာမှာ ပိတ်လှောင်ထားပြန်တယ်လေ...အဲ့လိုဆိုမှတော့ သူ့ရဲ့တည်ရှိမှုရဲ့ ရည်ရွယ်ချက်ကဘာလဲ...ငါသာဆို ငါအချစ်ရဆုံးရတနာကို ဘယ်တော့မှ အဲ့လိုဆက်ဆံမှာမဟုတ်ဘူး” 


ကျန့်ချောင်၏နှလုံးသားလေး ခုန်လှုပ်သွားရသည်။ သူမမေးဘဲမနေနိုင်တော့ချေ။


 “ဒီတော့ အရှင်ဘာလုပ်မလဲ”


“ငါကတော့ အဲ့ဒါကို ရင်ဘတ်မှာအမြဲဆင်ထားမှာ...သူ့ရဲ့အထိအခိုက်မခံတာကိုသိနေမှတော့ သူ့ကိုကာကွယ်ပေးမယ်...သူ့ရဲ့ အလှအပကိုတန်ဖိုးထားမှတော့ သူ့ကိုပွင့်လန်းခိုင်းမယ်...ငါနဲ့ဆိုရင် သူကလုံးဝလွတ်လပ်နေလိမ့်မယ်”


ရိဂ်က ကျန့်ချောင်ကိုလက်ညှိုးထိုး၍ဆက်ပြောလာ၏။


 “မင်းအရင်ကပြောခဲ့တာကိုပြန်ပြောရရင် ငါတို့ချစ်တဲ့အရာတွေအပေါ် ဆက်ဆံတဲ့ပုံစံက ငါတို့ကိုယ်ငါတို့ဆက်ဆံတဲ့ပုံစံကို ရောင်ပြန်ဟပ်တယ်တဲ့...ဒီတော့ ဒီမဟူရာကျောက်ကို ဘယ်သူမှမမြင်အောင်သိမ်းထားတာက မင်းလည်းမင်းရဲ့နှလုံးသားကို ပိတ်လှောင်ထားပြီး ဘယ်သူ့ကိုမှအနားကပ်မခံတာကိုပြနေတာပဲမလား...


အရာအားလုံးမှာ စိတ်ဝိညာဥ်ရှိတယ်လို့ မင်းပြောခဲ့တယ်...အဲ့လိုဆိုရင် အမှောင်ထဲမှာ ပိတ်လှောင်သိမ်းဆည်းထားတဲ့ မဟူရာကျောက်ကို နားနားကပ်ပြီးနား‌ထောင်သင့်တယ်...သူ့နှလုံးသားနဲ့ ထိစပ်မိတဲ့အချိန်ကျရင် သူငိုနေတာကို မင်းကြားရလိမ့်မယ်လို့ထင်တယ်”


ရိဂ်က ခေါင်းညိတ်၍ဖိပြောလိုက်၏။


 “အဲ့ဒါ‌ကြောင့် မင်းက အဲ့ကျောက်ကိုပိုင်ဆိုင်ထားဖို့ မထိုက်တန်ဘူး...လူတွေက အသက်ရှင်ဖို့တစ်ခုတည်းအတွက်နဲ့ ရှင်သန်နေလို့မရဘူး...ဖြစ်တည်နေတဲ့အရာအားလုံးမှာ ရည်ရွယ်ချက်ရှိတယ်...မင်းနားလည်ရဲ့လား”


ထိုစကားများကိုပြောပြီးနောက် သူကလက်စွပ်နှစ်ကွင်းကိုယူကာ ဆိုင်ထဲမှထွက်သွားတော့သည်။ အရှင်မြို့စားအမြဲတမ်းတပ်ဆင်ထားသည့် ညင်သာမှုမျက်နှာဖုံးကို သူမုန်းသည်။ ‘အဲ့ဒီမျက်နှာဖုံးက မီးခံသေတ္တာနဲ့ ဘာများကွာနေလို့လဲ’


တံခါးမှဆည်းလည်းလေးသည်တစ်ခုနှင့်တစ်ခု တိုက်မိသောအခါ သာယာသည့်အသံလေးဖြစ်ပေါ်လာသည့်တိုင် ကျန့်ချောင်၏အတွေးများထဲကိုတော့ မဝင်ရောက်နိုင်ချေ။ 


သူ့အတွေးမှပြန်လည်နိုးထလာပြီး အချိန်အတော်ကြာမှ မီးခံသေတ္တာကိုအလျင်အမြန်သွားကာ သော့ခတ်ထားသည်ကိုဖွင့်၍ သစ်မွှေးသေတ္တာကိုဖယ်လိုက်သည်။ 


ထို့နောက် ဂရုတစိုက်ဖြင့် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးတို့ပါဝင်နေသည့် မဟူရာကျောက်ကိုထုတ်၍ သူ့နားကိုကပ်ကာ နား‌ထောင်လိုက်သည်။ 


ဆိုင်ထဲတွင် တိတ်ဆိတ်မှုသာကြီးစိုးနေသည်။ လူတိုင်းက အရှင်မြို့စားကိုထူးဆန်းသည့်မျက်လုံးများဖြင့် ကြည့်နေကြ၏။ ကျောက်တုံးမှ မူမမှန်သည့်တစ်ခုခုကြားနေရသည့်အလား သူ၏အပြုအမူများက အလွန်ထူးဆန်းနေသည်။ 


အရာအားလုံးက ရိဂ်ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေဆိုတာ မသိဘူးလား...။


သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန့်ချောင်သည် မျက်လုံးများကိုမှိတ်၍ တီးတိုးဆိုလာသည်။


 “တကယ်ကိုငိုနေတာပဲ”


သူက နားနားသို့ကပ်ထားသည့်မဟူရာကျောက်ကိုချ၍ လက်ထဲတွင် အုပ်ကိုင်ကာ မကြားနိုင်သည့်အသံဖြင့် တိုးတိုးလေးပြောလာသည်။ 


“ငါနဲ့ဆိုရင် ဒီကျောက်ကမလွတ်လပ်ဘူးပဲ”




👊